News @ M-Media

Blog

  • ဘာသာရေး၊ လူမျိုးရေး နှိပ်ကွက်မှုများ ဆွေးနွေးမည့် CHRO (ချင်း)အဖွဲ့၏ ပြည်ပခရီးစဉ်

    မတ်လ၊ ၁၈ ၊ ၂၀၁၃
    M-Media

    rpchro
    ယခုရက်သတ္တပတ်အတွင်း ချင်းအမျိုးသား လူ့အခွင့်အရေးအဖွဲ့ – The Chin Human Rights Organization (CHRO) သည် အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမှ လွှတ်တော်အမတ်များ၊ ဥပဒေပြုအဖွဲ့ဝင်များ၊  အရာရှိများနှင့် ရက်ရှည်ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားမည်။

    CHRO အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၌ ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတို့လက်ရှိ ရင်ဆိုင်နေရသော ဘာသာရေးပြဿနာများကို အထောက်အထားများနှင့် တစ်ကွ တင်သွင်းဆွေးနွေးမည် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသားတို့အပေါ် မတရား ဆက်ဆံခံရမှုများအကြောင်း မှတ်တမ်းတင်ထားသော “ ကျွန်ုပ်တို့ဌာနီမှ ခြိမ်းချောက်ခံရမှုများ ” အမည်ရှိ အစီရင်ခံစာ စာတမ်းဖြင့် အခြေပြုဆွေးနွေးကြမည်။

    ထို့ပြင် ယင်းရက်သတ္တပတ်ကြာ အမေရိကန်ခရီးစဉ် အတွင်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဌာနအဖွဲ့ဝင်များနှင့် လည်းကောင်း၊ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းများနှင့် လည်းကောင်း တွေ့ဆုံရန် ရှိသည်။

    လွန်ခဲ့သောလက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ နှင့် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အခြား အာဏာပိုင်များထံ ချင်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်လက်ဖြစ်ပေါ်နေကြောင်း CHRO ကိုယ်စားလှယ်အဖွဲ့မှ တင်ပြခဲ့ကြသည်။

    CHRO မှ တင်ပြသည့်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏လက်ရှိ အစိုးရသစ်လက်ထက်၌ ခရစ်ယာန်တို့အထွဋ်အမြတ်ထားရာ လက်ဝါးကပ်တိုင် သင်္ကေတကြီး လေးခုထက်မနည်း ဖျက်ဆီးခံရခြင်း၊ ချာ့ခ်ျနှင့်ဘာသာရေး အဆောက်အဦများ ဆောက်လုပ်ခွင့်ကို ပိတ်ပင်ကန့်သတ်ခြင်း၊ ဒေသတွင်းရှိ ပညာသင်ကျောင်း တစ်ခုမှ ချင်းကလေး သူငယ်များအား ဗုဒ္ဓဘာသာဝင် အဖြစ် အလိုမတူ အဓမ္မသွတ်သွင်းကြခြင်း အကြောင်းအရာတို့ ပါဝင်သည်။

    မြောက်အမေရိကသို့ထွက်ခွာမည့်ခရီးစဉ်နောက်ဆုံးအဆင့်တွင် CHRO အသင်းသည် အဖွဲ့ပေါင်းစုံမှ MP များနှင့်လည်းကောင်း၊ ရှေ့လာမည့် အပတ်တွင် ကနေဒါရှိ The Canadian International Development Agency မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း တွေ့ဆုံရန် စီစဉ်ထားသည်။

    ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်အခြေစိုက် ချင်းအမျိုးသား ချာ့ခ်ျများ၊ ချင်းလူမျိုးလူ့အသိုင်းအ၀ိုင်းများကိုတွေ့ဆုံ၍ မြန်မာနိုင်ငံရှိ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် နှင့် တွေ့ရှိချက်အကြောင်းအရာများအား အသိပေးတင်ပြသွားမည်ဖြစ်သည်။

    သို့သာမက ချင်းတိုင်းရင်းသားတို့အပေါ် ဘာသာရေး၊ လူမျိုးရေးအခြေခံ ရည်ရွယ်ချက်ရှိရှိခွဲခြားနှိမ့်ချဆက်ဆံမှုအကြောင်းကို မတ်လ ၁၉ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ လူ့အခွင့်အရေးဆိုင်ရာ ဥရောပပါလီမန်ဆပ်ကော်မတီထံသို့ ထွက်ဆိုတင်ပြသွားရန် CHRO မှ သီးသန့်ပြင်ဆင်ထားပါသည်။

    Ref: http://www.chinlandguardian.com

  • ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင် – အိဗ်နု အလ် ဟိုင်သမ် (Alhazen)

    မတ်လ ၊ ၁၉ ၊ ၂၀၁၃
    M-Media
    စုစည်းတင်ပြသူ – ဂျူလိုင်ရဲရင့်

    ကမ္ဘာကျော် မွတ်စလင်များ ကဏ္ဍ

    ibn_al-haythamအတိတ်ခေတ်က မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေအကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့ရဲ့ ထက်မြက်မှု၊ ကျွမ်းကျင်လိမ္မာစွာ အကောင်အထည်ဖော်မှု၊ ပညာမျှဝေပေးမှုတွေက ကမ္ဘာကြီးကို ခေတ်မှီသွားစေတာကို တအံ့တသြကြီး တွေ့ကြရပါလိမ့်မယ်။ သူတို့ တစ်ဦးချင်းစီဟာ ဒီနေ့ခေတ်ကာလ နဲ့ သူတို့ခေတ်ကာလကို ကမ္ဘာ့အပြောင်းအလဲဖြစ်သွားစေတဲ့ အမွေတစ်ရပ်စီ ထားရစ်ပေးခဲ့ကြတယ်။ ဒီလို သမိုင်းမှတ်တိုင်ထူခဲ့ကြတဲ့သူတွေထဲက သိပ္ပံပညာရှင်တစ်ဦးရှိတယ်။ သူကတော့ စူးစမ်းတီထွင်ပညာရှင်ကြီး အိဗ်နု အလ် ဟိုင်သမ် ( ၉၆၅ – ၁၀၄၀) ပါဘဲ။

    အဘ္ဘာစစ် ခလီဖာမင်းဆက်ကာလ၊ အီရတ်နိုင်ငံက ဘဆ်ွရာမြို့မှာ သူ့ကို မွေးဖွားခဲ့တယ်။ ဘဂ္ဂဒက်မြို့မှာ ပညာ့ဗိမာန် တည်ထောင်ပြီး နှစ်ပေါင်း ၁၀၀ နီးပါးမှာပေါ့။ သူ့ဘ၀အစောပိုင်းမှာ အဲ့ဒီအချိန်က မွတ်စ်လင်မ် ကမ္ဘာမှာရှိနေတဲ့ လေ့လာရေး၊ တိုးတက်ရေး ယဉ်ကျေးမှုတွေကို တော်တော် အထင်ကြီးခဲ့တယ်။ အစ္စလာမ့်ရေးရာပညာရပ်တွေသင်ကြားပြီး သိပ်မကြာခင် ဘဆ်ွရာရဲ့ မြို့တော်ဝန် ဖြစ်လာခဲ့တယ်။ မြို့တော်ဝန်ဘ၀မှာလဲ သူဟာ သိပ္ပံနဲ့အခြား လက်တွေ့ကျတဲ့ဒဿနိကဗေဒ ဘာသာရပ်တွေကို လေ့လာ မပျက်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ မွတ်စ်လင်မ်ဒေသ တစ်နေရာရောက်သွားပြီး ပြင်ပလောကနဲ့ခေတ္တ အဆက်ပြတ်သွားရာကနေ ကြီးကျယ်မှုတွေ ပွင့်ထွက်လာပါတော့တယ်။

    အီဂျစ်ပြည်ရောက် အိဗ်နု အလ် ဟိုင်သမ်

    သူ ဘဆ်ွရာမြို့တော်ဝန်ဖြစ်နေချိန် အီဂျစ်ပြည်မှာ ဖာသွိမိုဒ် ခလီဖာ က အလ် ဟကီးမ် ဖြစ်တယ်။ သူဟာ အီရတ်က စွန္နီမွတ်စ်လင်မ် အဘ္ဘာစစ်မင်းတွေရဲ့ ပြိုင်ဖက် အစ္စမာအီလီ ရှီအဟ် ခလီဖာခေါင်းဆောင် ဖြစ်တယ်။ အလ် ဟကီးမ်က အိဗ်နု အလ် ဟိုင်သမ်ဟာ နိုင်းလ်မြစ်ကို ပိတ်ဆို့နိုင်တဲ့ အကြံကောင်း ရှိနေတယ်လို့ ကြားရတယ်။ သူဟာ ရှေ့နောက်မညီ အငြင်းသန်လွန်းသူတစ်ဦး၊ ရှီအဟ်ဝါဒအစဉ်အလာကနေခွဲထွက်လာတဲ့ အစ္စမာအီလီဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ပေမယ့် မိမိနယ်မြေအတွက် အကျိုးပြုသူမှန်သမျှကို လက်ကမ်းကြိုဆိုတတ်သူဖြစ်တယ်။ နိုင်းလ်မြစ်ကို ပိတ်မယ့်အတွေးအမြင်နဲ့ပတ်သက်ပြီး ချဉ်းကပ်ဖို့ အလ် ဟကီးမ်က အိဗ်နု အလ်ဟိုင်သမ်ကို အီဂျစ်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ အလ်ဟိုင်သမ်ဟာ နိုင်းလ်မြစ် တစ်လျှောက် လေ့လာပြီးတဲ့အခါ အဲ့ဒီခေတ်ကာလက နည်းပညာနဲ့ အထမြောက်အောင်ဆောင်ရွက်လို့မဖြစ်နိုင်ကြောင်း ရိပ်စားမိသွားတယ်။ ဒါက ပြဿနာ တက်ရပါပြီ။ အလ် ဟကီးမ်ဟာ အဆင်ခြင်မဲ့ ရက်စက်တတ်သူ ၊ စိတ်မမှန်ဘဲ ရူးသွပ်စွာပြုမူဆက်ဆံတတ်သူလို့ ကျော်ကြားတယ်။ ဒီတော့ သူ့အန္တရာယ်ကလွတ်အောင်
    အလ်ဟိုင်သမ်ဟာ အဲ့ဒီပုဂ္ဂိုလ်ထက် ပိုပြီး ရူးနှမ်းသူအဖြစ် ဟန်ဆောင်ပစ်လိုက်တယ်။ အဲ့ဒီလို ရဲရဲတောက် ရူးချင်ယောင်ဆောင်လိုက်တဲ့အခါ အသက်ဘေးက သီသီလေး လွတ်သွားရပေမယ့် ကိုင်ရိုမြို့မှာ အကျယ်ချုပ်အကျဉ်းစံဘ၀ ရောက်သွားခဲ့တယ်။ အဲ့ဒါ အလ်ဟိုင်သမ်ရဲ့ နောက်ဆုံး ဘ၀သက်တမ်း ၁၀ နှစ်ပါဘဲ။

    ထက်မြက်လှတဲ့ သိပ္ပံပညာရှင်ကြီးဟာ အဲ့ဒီ ၁၀ နှစ်တာကာလကို ဒုက္ခလို့ မမြင်ခဲ့ဘူး။ သူလုပ်ချင်နေတဲ့ သူ့ရဲ့သုတေသနအလုပ်တွေကို ငြိမ်းချမ်းစွာ တိတ်တဆိတ်လုပ်ခွင့် ရသွားလို့လေ။ အဲ့ဒီအတော အတွင်း အလင်းနဲ့ပတ်သက်ပြီး စူးစူးစိုက်စိုက် လေ့လာပါတော့တယ်။ အလင်း /အလင်းရောင်ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ဆောင်ချက်တွေရှိလဲ၊ အရာဝတ္ထုတွေကို လူသားတွေက ဘယ်ပုံဘယ်နည်းနဲ့မြင်တွေ့ရတာလဲ ဆိုပြီး သူ သိချင်ခဲ့တယ်။ သူ့ရဲ့လေ့လာမှုနဲ့ရှာဖွေတွေ့ရှိမှုတွေဟာ အပြောင်းအလဲတစ်ရပ်သာဖြစ်ပေမယ့် သူ သုတေသနပြုလိုက်တဲ့လမ်းကြောင်းဟာ အကြီးမားဆုံး အထောက်အကူပြုပညာရပ်ကြီးတစ်ရပ် ဖြစ်သွားခဲ့ပါတယ်။

    သိပ္ပံနည်းကျ ပညာရပ်

    ဘယ်အရာမဆို သက်သေပြချက်ရှိရမယ်ဆိုတဲ့အချက် ကနေ့သိပ္ပံပညာသင်ကြားသူတိုင်း နားလည်ထားပြီးသားပါ။ လက်တွေ့စမ်းသပ်ချက် မပါဘဲ ယူဆချက်သက်သက်ကိုသာ အခြေခံပြီး သိပ္ပံဆိုင်ရာ သီအိုရီများကို ဖော်ထုတ်တင်ပြလို့ မရနိုင်ပါဘူး။ အိဗ်နု အလ်ဟိုင်သမ်ရဲ့ အလျင်က ဒီအချက်ဟာ အရေးပါအရာရောက်မှု မရှိခဲ့ပါဘူး။ ရှေးခေတ် ဂရိတွေရဲ့ သိပ္ပံအတွေးအခေါ်တွေက အားကောင်းနေခဲ့တယ်။ ဂရိတွေဟာ သိပ္ပံ အချက်အလက်ကို ဆင်ခြင်တုံတရားအားဖြင့် ရှာဖွေနိုင်တယ် သို့တည်းမဟုတ် နတ်ဘုရားတွေရဲ့ ဆောင်ရွက်ပေးမှုလို့ယုံကြည်ခဲ့ကြတယ်။ ဒါကို အိဗ်နု အလ်ဟိုင်သမ် ကောင်းကောင်းနားလည်ထားပါတယ်။ ဒီကြားထဲကနေ အချက်အလက် အသစ်တစ်ရပ်အတွက် သက်သေပြချက်ပေးနိုင်ရမယ် ဆိုတဲ့ သိပ္ပံနည်းကျပညာရပ်အဆိုကို ချပြခဲ့တာကတော့ ရာဇ၀င်မှာ အိဗ်နု အလ်ဟိုင်သမ်က ပထမဆုံးသောသိပ္ပံပညာရှင် ဖြစ်ခဲ့တယ်။

    ဒီလို သိပ္ပံနည်းကျပညာရပ်သမိုင်းနဲ့ပတ်သက်လာယင် ကနေ့ခေတ် အနောက်တိုင်းသင်ရိုးစာအုပ်တွေထဲမှာ မဆိုစလောက်လေးသာဖော်ပြ တတ်ကြတယ်။ ရှေးဂရိ အတွေးအခေါ်တွေကိုသာ ပုံကြီးချဲ့ထားကြတယ်။ ခေတ်သစ်သိပ္ပံဟာ ရော်ဂျာဘေကဲန်၊ ဂလီလီယို ဂါလီလေး နဲ့ အိုင်းဇက် နျူတန် တို့ကြောင့် ဖြစ်လာသယောင်ယောင်နဲ့ပေါ့။ သူတို့မေ့လျော့နေတဲ့ အမှန်တရားတစ်ခုရှိတယ်။

    အဲ့ဒါကတော့ အဲ့ဒီ ဥရောပသားပညာရှင်တွေဟာ အိဗ်နု အလ်ဟိုင်သမ် (နဲ့အခြား မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေ)ရဲ့ ပုခုံးပေါ်တက်ရပ်ခြင်းဆိုတဲ့ အကြောင်းပါ။ (တစ်နည်းဆိုရယင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်ကြတာပါ)။ တကယ်လို့သာ သက်သေပြနိုင်မှသိပ္ပံသီအိုရီများ ဖြစ်တယ် ဆိုတဲ့ သူ့အိုင်ဒီယာ မရှိလာခဲ့ယင် – အခြေခံသိပ္ပံဆိုတာက ရမ်းတုပ်မှန်းဆမှုတွေ၊ အယူသည်းမှုတွေ၊ သက်သေပြမရတဲ့ဒဏ္ဍာရီတွေဖြစ်နေတဲ့ ခေတ်ဆွေးကြီးထဲ ကျွန်တော်တို့အားလုံး နေထိုင်နေကြရဦးမှာ မလွဲပါဘူး။

    စက္ခုဗေဒကျမ်း

    အိဗ်နု အလ်ဟိုင်သမ်ဟာ သူရဲ့သိပ္ပံဆိုင်ရာတော်လှန်ရေးအမြင်ကို အသုံးပြုပြီး စက္ခုဗေဒပညာရပ်နယ်ပယ်ထဲ တိုးတက်မှုနဲ့ အနားသတ်ပေးနိုင်ခဲ့တယ်။ အလင်းဟာ မျက်စေ့ထဲ ကထွက်ပြီး အရာဝတ္ထုတွေအပေါ်ခုန်ပေါက်ရောက်ရှိသွားတယ်၊ တစ်ခါ မျက်စေ့ထဲ ပြန်ဝင်လာတယ် ဆိုတဲ့ ရှေးဟောင်းဂရိအတွေးအခေါ်ကြီး မှားယွင်းနေကြောင်း သူက ပထမဆုံး သက်သေပြခဲ့သူပါ။ ဒါ့အပြင် မျက်စေ့ရဲ့လုပ်ငန်းစဉ်ကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖော်ထုတ်ခဲ့တယ်။ တစ်ချိန်က ပညာရှင်တို့ရဲ့ဗဟုသုတနဲ့ခွဲခြမ်းစိပ်ဖြာမှုအတတ်ကို အသုံးပြုပြီး မျက်လုံးထဲ အလင်းရောင်ဝင်ရောက်ပုံ၊ အလင်းစုစည်းပုံ၊ မျက်လုံးနောက်ဖက်မှာ ပုံရိပ်ထွက်ပုံကို ပထမဆုံး ရှင်းပြနိုင်ခဲ့တယ်။

    pinhole-camera

    အလားတူစွာဘဲ သူက ကင်မရာရဲ့သဘောသဘာဝကို ပထမဆုံး လေ့လာတင်ပြခဲ့သူလည်း ဖြစ်ပြန်တယ်။ ကင်မရာရဲ့အယူအဆက ရှင်းရှင်းလေးပါ။ ဘူးခွံတစ်ဖက်မှာ အပေါက်သေးသေးလေးဖောက်ထားတယ်။ ဘူးခွံအတွင်းထဲကနေ အပြင်ဖက်အရာတွေကို ခြုံလွှမ်းမြင်တွေ့နိုင်ဖို့သာ ဖြစ်တယ်။ ဒါက ခုခေတ်ကင်မရာတွေရဲ့ အလုပ်လုပ်ဆောင်ပုံ အတိုင်းပါဘဲ။ ခုခေတ်မှာကတော့ မှန်ဘီလူးတွေ ထပ်ဖြည့်ထားတာပဲ ကွာခြားချက် ရှိတာပါ။ ကျွန်တော်တို့သိရှိထားတဲ့ ခေတ်မှီဓါတ်ပုံပညာရပ် မတိုင်မီ နှစ်ရာပေါင်းများစွာကတည်းက ဒီလိုပုံစံမျိုးကို အိဗ်နု အလ်ဟိုင်သမ်က တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။

    ဒါတင်မကသေးပါဘူး။ ရေပြင် သို့မဟုတ် ဖန်သား စတဲ့ ကြားခံနယ်တစ်ခုခုထဲ အလင်းဖြတ်သန်းပုံစံနစ် (အလင်းယိုင်ခြင်း) ကိုလည်း လေ့လာဖော်ထုတ်ခဲ့သူပါ။ ဒီတင်ပြချက်ကနေတဆင့် ဆည်းဆာချိန်မှာ ဘာကြောင့်ကောင်းကင်အရောင်ပြောင်းသွားသလဲဆိုတာကို ရှင်းပြသွားနိုင်ခဲ့ပါတယ် ( နေရဲ့အလင်းတန်းက လေထုကို ထောင့်ချိုး တစ်ခုကနေ ထိခတ်တဲ့အခါ ရောင်ခြည်လမ်းလွဲမှု ဖြစ်သွားစေတယ်)။

    ဒီအချက်ကနေထပ်ဆင့်ပြီးတော့ ကမ္ဘာ့လေထုရဲ့ထုထည်ကို တွက်ပြနိုင်ခဲ့တယ်။ ဒါဟာ အာကာသယာဉ်နဲ့ လက်တွေ့မပြနိုင်ခင် နှစ်ပေါင်း ၁၀၀၀ လောက်က ဖြစ်ပါတယ်။ အဲ့ဒီ စက္ခုဗေဒကျမ်းကို ဘာသာပြန်လိုက်တဲ့ခါ ဥရောပတစ်ခွင် ဟိုးလေးတကျော် ဖြစ်သွားတယ်။ နောက်ပိုင်း ဥရောပသားပညာရှင်တွေက ဒီကျမ်းကို အခြေပြုလို့ အလင်းနဲ့စက္ခု အလုပ်လုပ်ဆောင်ချက်၊ သူတီထွင်ချပြခဲ့တဲ့ ကိရိယာများကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့ကြတာပါ။

    နောက်တစ်ဆင့်တက်ပြီး မျက်ကပ်မှန်တို့၊ မှန်ဘီလူးတို့၊ အဝေးကြည့်မှန်ပြောင်းတို့၊ ကင်မရာတို့ စသဖြင့် တိုးမြှင့်ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အလင်း ၏ အလွန် အလင်းအကြောင်း နဲ့ အလင်းဆိုင်ရာပစ္စည်းပစ္စယတွေအကြောင်း နားမလည်ယင်၊ မသုံးယင် ၂၁ ရာစုမှာ ကျွန်တော်တို့ လူဖြစ်ရကျိုးမနပ်သလို ၊ မပြည့်စုံသလို ဖြစ်နေပါပြီ။ အလင်းဆိုင်ရာ အကြောင်းအရာတင် မကသေးဘူး – အိဗ်နု အလ်ဟိုင်သမ်ဟာ တခြားပညာရပ်နယ်ပယ်တွေမှာ စဦး လမ်းဖောက်သူလည်း ဖြစ်ခဲ့တယ်။

    သူဟာ ၁၀၂၀ နဲက ၁၀၃၀ ခုနှစ်များမှာ အာကာသလေ့လာရေးပညာ (Astronomy) ကျမ်းများစွာကိုလည်း ရေးသားခဲ့တယ်။ ကြယ်၊ ဂြိုလ်တွေ ရွေ့လျားမှု ဆိုင်ရာ တော်လမီရဲ့တွေးလုံးတွေ မှားယွင်းကြောင်း သူက ထောက်ပြခဲ့တယ်။ စကြ၀ဠာအလုပ်လုပ်ပုံစံနစ်ကို ယုတ္တိဆန်တဲ့ အမြင် တစ်ရပ်ကိုလည်း  ချပြနိုင်ခဲ့တယ်။  ကမ္ဘာဂြိုလ်ဟာ စကြ၀ဠာရဲ့ဗဟိုချက်မ ဆိုတဲ့ ဂရိအတွေးအခေါ်ကို ရိုက်ချိုးပစ်လိုက်တာပါ။

    GodfreyKneller-IsaacNewton-1689
    စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့
    ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။

    နက္ခတ္တဗေဒ (Astrology) ဟာ သိပ္ပံပညာရပ် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ချေပခဲ့တယ်။ သက်သေပြချက်လိုအပ်တယ်ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင် သိပ္ပံအတွေးအမြင်ကို မြဲမြံစွာ ဆုပ်ကိုင်လို့ နက္ခတ္တဗေဒဟာ မည်သည့်သိပ္ပံဘာသာရပ်နဲ့ ဆက်နွှယ်မှု မရှိကြောင်း၊နက္ခတ္တဗေဒသမားတွေရဲ့ ထင်လုံးနဲ့ခံစားချက်တွေသာဖြစ်ကြောင်း သုံးသပ်ပြခဲ့တယ်။ ဖန်ဆင်းရှင်သာလျှင် ခပ်သိမ်းသောအရာတွေရဲ့ အကြောင်းရင်းခံဖြစ်တယ် – ဂြိုလ်နက္ခတ်သွားလာလှည့်ပတ်မှုအပေါ် အရင်းမခံဘူး ဆိုတဲ့ အစ္စလာမ့်မဏ္ဍိုင် အယူဝါဒတစ်ခုနဲ့ ပြဿားတစ်လမ်းသံတစ်လမ်း ဖီလာဆန့်ကျင်နေကြောင်း နက္ခတ္တဗေဒပညာအပေါ် ဝေဖန်ခဲ့သူဖြစ်တယ်။

    အလ်ဟိုင်သမ်ရဲ့ကျမ်းတွေကို ဖတ်ထားတဲ့ အိုင်းဇက် နျူတန် ဟာ ဒီအတွေးအခေါ်တွေအပေါ် အတော်ဘဲ အားထားခဲ့တယ်။ နျူတန်ဟာ ကနေ့ အသုံးပြုနေတဲ့ အင်ဂျင်နီယာ ဖော်မြူလာနဲ့နည်းစံနစ်ကို ဦးဆောင်မှုပေးမယ့် Calculus သင်္ချာပညာအခြေခံကို လေ့လာခဲ့တယ်။အရာဝတ္ထုတို့ရဲ့ရွေ့လျားမှုနိယာမ ( နောက်ပိုင်း နျူတန်ရဲ့ တတိယနိယာမ လို့ ကျော်ကြားလာတယ်)၊ အရာဝတ္ထုအချင်းချင်းဆွဲငင်အား (ကမ္ဘာ့ဆွဲအား)ကိုလည်း ရေးထုတ်ခဲ့တယ်။ စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။

    အလ်ဟိုင်သမ်ဟာ အစ္စလာမ့်ပညာရေးမှာလည်း ခေသူ မဟုတ်ခဲ့ဘူး။ တမန်တော်အတုအယောင်များကို ဖော်ထုတ်နည်း၊ မက္ကဟ်မြို့တော်ဖက် မျက်နှာမူဝတ်ပြုနိုင်အောင် လားရာတွက်ချက်မှု ပညာ စာအုပ်များကိုလည်း ကျမ်းပြုရေးသားနိုင်ခဲ့သူပါ။ ခေတ်သစ်စိတ်ပညာရပ်နဲ့ပတ်သက်လို့ လူနဲ့တိရစ္ဆာန်တွေ အပေါ် တေးဂီတအသုံးချ ကုထုံးအကြောင်းကို ရှေ့ပြေး သုတေသနပြုခဲ့သူလည်း ဖြစ်နေပြန်ပါတယ်။

    အမွေအနှစ်

    အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကြိုးပမ်းမှု နဲ့ တင်ပြမှုတွေဟာ ခရီးရှည်ကြီးကို ဖြတ်သန်းနေဆဲပါဘဲ။ သူပြုစုခဲ့တဲ့ကျမ်းဂန်များဟာ ၂၀၀ ကျော်အထိ ရှိခဲ့ပေမယ့် ယနေ့မှာတော့ ကျမ်းပေါင်း ၅၀ ၀န်းကျင်သာ ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာ ယနေ့ကာလတိုင်အောင် ကျွန်တော်တို့ လက်လှမ်းမမီနိုင်လောက်တဲ့အထိ ရှိခဲ့မှာ အမှန်ပါဘဲ။ ကံမကောင်းအကြောင်း မလှစွာနဲ့ သူကွယ်လွန်ခဲ့ပြီးကတည်းက သူ့ရဲ့တင်ပြချက်တွေဟာ လျစ်လျူရှုခံလိုက်ရတယ်။ သူဟာ ပညာရှင်ကြီးတွေနဲ့တွဲလျက်ရှိတတ်တဲ့ ကျော်ကြားလိုမှု၊ သိက္ခာတင်မှုတွေကို လုံးဝ ဂရုမစိုက်ခဲ့သူ ဖြစ်လို့ပါဘဲ။ ဒါကြောင့်လဲ ယနေ့ကမ္ဘာမှာ သူ့ကျမ်းတွေနဲ့ပတ်သက်ပြီး သတိမထားမိကြတာပါ။ အီဗာရီယန်ကျွန်းဆွယ်က မွတ်စ်လင်မ်နယ်မြေတွေကို စပိန်တွေ ကြီးစိုးတော့ သူ့စာအုပ်တွေကို လက်တင်ဘာသာပြန်ဆိုခဲ့ကြတယ်။ ဒါပေမယ့် သူ့နာမည်ရင်းမဟုတ်ဘဲ Alhazen လို့ ဖော်ပြလိုက်ကြတယ်။ ဥရောပ ပညာနိုးကြားရေးခေတ်အတွင်း ထိပ်တန်းမွတ်စ်လင်မ်ပညာရှင်ကြီးတွေရဲ့ အမည်နာမများဟာ ဥရောပလေယူလေသိမ်းအသွင်နဲ့ ပြောင်းလဲလိုက်တဲ့အစဉ်အလာတစ်ရပ် ဖြစ်ခဲ့တယ်။ ဥရောပတိုက်က ခရစ်ယာန်တွေအကြား မွတ်စ်လင်မ်တွေကို ချိုးနှိမ်လိုတဲ့အတွက် -သူတို့ရဲ့တင်ပြချက်တွေကို ဖျောက်ဖျက်လိုတဲ့အတွက်ကြောင့်ပါဘဲ။

    သူ့ရဲ့ထက်မြက်တောက်ပြောင်လှတဲ့ အသိဥာဏ်စဉ်ကို မရေတွက်နိုင်တဲ့လူတွေက ခုတုံးလုပ်ခဲ့ကြပြီးပါပြီ။ သူ့ရဲ့သုတေသန သာ မရှိခဲ့ယင် ဒီကနေ့ ကျွန်တော်တို့ သိရှိကြတဲ့ ခေတ်သစ် သိပ္ပံပညာရပ် နယ်ပယ်ဆိုတာလည်း ဖြစ်ထွန်းလာစရာအကြောင်း ရှိတော့မှာ မဟုတ်တော့ပါဘူး လို့ဘဲ ဆိုချင်ပါတော့တယ်။

    Sources:
    Morgan, M. (2007). Lost History. Washington D.C. : National Geographic Society.
    Masood, E. (2006). Science and Islam. Icon Books.
    “Ibn al-Haytham.” The Columbia Encyclopedia, 6th ed.. 2012.
    Encyclopedia.com:http://www.encyclopedia.com/doc/1E1-IbnalHay.html
    Steffens, B. (2007). Ibn al-Haytham : first scientist. Greensboro, N.C. : Morgan Reynolds Pub.
    http://lostislamichistory.com/ibn-al-haytham-the-first-scientist/

  • တတိယမြောက် ပန်းသီးတစ်လုံး၏ ဘဝ အချိုးအကွေ့ များ ၃( နောက်ဆုံးအပိုင်း )

    မတ်လ၊ ၁၈ ၊ ၂၀၁၃
    M-Media
    အိမ်ဝေးသူ

     ဘဝဆိုတာ အိပ်မက်ထဲမှာ လမ်းလျှောက်ထွက်တာမျိုးဆိုရင်
    သေခြင်းတရားဆိုတာ
    ကိုယ့်အိမ်ကို ပြန်တဲ့…..အပြန်လမ်းခရီးလိုပါပဲ…။။။

    အိပ်မက်မပြီးဆုံးခင်
    အကောင်းဆုံးလမ်းလျှောက်နည်းကိုသင်ယူမယ်လို့ တွေးတောနေစဉ်မှာပဲ….
    အိမ်ပြန်ခရီးအတွက်

    (တကယ့်ကို အဆင်မသင့်သေးပေမယ့်)
    ခြေလှမ်းပြင်ပြီးသားဖြစ်နေတတ်တယ်… ။။။
    ( အိမ်ဝေးသူ )

    ကမ္ဘာသမိုင်းမှာ အကြီးအကျယ် အခမ်းအနားဆုံး ပန်းသီးသုံးလုံး ရှိခဲ့ပါတယ်….တနည်းအားဖြင့် ကမ္ဘာကြီးကို ပြောင်းလဲ စေတဲ့ ပန်းသီး သုံးလုံး ဆိုလည်း မမှားပါဘူး…အဲဒီ ပန်းသီး သုံးလုံးကတော့…

    •     ကမ္ဘာဦး ဖခင်ကြီး အာဒမ်ရဲ့ ပန်းသီး… (ဘာသာရေး ရှူ့ ထောင့်မပါ)
    •     နယူတန်ရဲ့ ပန်းသီး…
    •     Steve Jobs ရဲ့ ပန်းသီးပါပဲ…

    Steve-Jobs-datesပန်းသီး သုံးလုံးထဲက နောက်ဆုံး တစ်လုံး ဖြစ်တဲ့ Steve Jobs အကြောင်းနဲ့ ဆက်စပ်တာတွေကို တင်ပြလိုပါတယ်… Apple Computer နဲ့ Pixar Animation Studios မှာ CEO အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့အကျော်ကြားဆုံး ( တတိယမြောက် ပန်းသီး ) လူသားဖြစ်တဲ့ Steve Jobs က ၂၀၀၅ ဇွန်လ ၁၂ရက် နေ့ မှာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ဖြစ်တဲ့ Stanford University မှာ ပြောကြားခဲ့တဲ့ မိန့် ခွန်းပါ… သူက အဲဒီ မိန့် ခွန်းမှာ သူ့ ဘဝရဲ့  အဓိကကျတဲ့ အချိုးအကွေ့ သုံးခု အကြောင်းနဲ့ အဲဒီ အချိုးအကွေ့ တွေ အပေါ် သူ ဘယ်လို လက်ခံ ကျင့်သုံးခဲ့တဲ့ အကြောင်း ရှင်းပြသွားပါတယ်….အဲဒီ အချိုးအကွေ့ သုံးခုကတော့…

    (၁) ဆက်စပ်ပုံဖော်ခြင်း ( Connecting the Dots )
    (၂) ချစ်ခြင်းနှင့် ဆုံးရှုံးမှု ( Love & Loss )
    (၃) သေခြင်းတရား ( Death )

    death2

    ဇာတ်လမ်း (၃) သေခြင်းတရား ( Death )

    ကျွန်တော့် အသက် ၁၇ နှစ်အရွယ်မှာ အရမ်းကို တန်ဖိုးရှိတဲ့ စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက် ဆိုရင်တော့

    “နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာဖို့ သေချာပါတယ်…”

    ဒီစာသားက ကျွန်တော့စိတ်ကို တော်တော်လေး လွှမ်းမိုးခဲ့ပါတယ်။ အဲဒီစကားစုကို ဖတ်ပြီးချိန်ကစပြီး ၃၃ နှစ်လုံး မနက် အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။

    ” ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မယ့်အလုပ်တွေကို ငါလုပ်ချင်ပါ့မလား…?”

    ကျွန်တော့်မေးခွန်းရဲ့ အဖြေကို ဘယ်လို ရမယ်ထင်ပါသလဲ…? တကယ့်ကိုပဲ မးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက်

    “မလုပ်ချင်ဘူး”

    “မလုပ်ချင်ဘူး”

    “မလုပ်ချင်ဘူး”

    ဆိုတာပဲ ထပ်တလဲလဲဖြစ်နေတယ်….အဲဒါနဲ့ ..မဖြစ်တော့ဘူး… အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါ တယ်။

    နောက်တစ်ခုကတော့….

    ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချရာမှာ အရေးအပါဆုံး အထောက်အပံ့ ကိရိယာအဖြစ် ကျွန်တော် တွေ့ရှိခဲ့တာကတော့

    သေခြင်းတရားဟာ လက်တကမ်းမှာပဲ ရှိတယ်

    လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ… ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေးကြီးတဲ့ အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။

    မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ

    ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာ ဘဲလို့ သတိ ချပ်ခြင်းပါ

    မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။

    အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိတော့ပါ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့်မှာ ကင်ဆာရောဂါရှိတယ်လို့ ဆရာဝန်ကြီးများက တွေ့ရှိခဲ့ပါတယ်။ မနက် ၇ နာရီ ခွဲမှာ ဆေးဓာတ်မှန် ရိုက်ပါတယ်။ ကျွန်တော့်ရဲ့ သရက်ရွက် (Pancreas) မှာ ရှိတဲ့ အကြိတ်ကြီးဟာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ တကယ်ဆို သရက်ရွက်ဆိုတာ ဘာလဲဆိုတာတောင်မှ ကျွန်တော် မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာ ဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျွန်တော့်ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃ လ ကနေ ၆ လ အထိဘဲ နေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။ အဓိပ္ပါယ်ကတော့ ရှင်းပါတယ်…ကျွန်တော့်ရဲ့ ကလေးတွေကို နောင် ၁၀ နှစ် အတွင်းမှာ ပြောပြဖို့ ကြံရွယ်ထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင် ပြောဖို့ ကြိုးစားပါဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ကျန်ရစ်သူ မိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေ အားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။ မိသားစုကို သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။

    တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့်အတွေးတွေကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာတော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္တာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျွန်တော့် လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကို ဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျွန်တော့်ရဲ့ သရက်ရွက်ကို အပ်နဲ့ စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကတော့ မေ့ဆေးအရှိန်နဲ့ မေ့မျောနေခဲ့ပါတယ်။

    ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့ တာက ဒီအသားစကို အဏှုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ “ဟေးကနဲ…” ထပြီး အော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ကင်ဆာဟာ အင်မတန်မှ ရှားပါးပြီးတော့…ခွဲစိတ်ကုသလို့ရနိုင်တဲ့ သရက်ရွက် ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျွန်တော် ခွဲစိတ် ကုသခံခဲ့ရပါတယ်။ အခုဆို ကျွန်တော် နေကောင်းပါပြီ။

    တကယ်တော့ ဒီလိုအဖြစ်မျိုးဟာ ကျွန်တော့်ဘဝမှာ. သေခြင်းတရားနဲ့ အနီးကပ်ဆုံး ရင်ဆိုင်ဖြစ်ခဲ့ခြင်းပါပဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီး နီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင်မယ်တို့ကို သေခြင်းတရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဉာဏ်သိနဲ့ ယှဉ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျွန်တော် ပြောလို့ ရနေတာပါ။

    ဘယ်သူမှ မသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့ သူများတောင်မှ အဲဒီကို ရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံး ဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါတယ်။ မရဏ တရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲ ဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက ဟောင်းဆွေး အိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျို သစ်လွင်မှုတွေနဲ့ အစားထိုး ပေးနေပါတယ်။ ဒီနေ့ ဒီအချိန်အခါမှတော့ ဘွဲ့ရ မောင်မယ်တို့ဟာ နုပျို သစ်လွင်မှုတွေနဲ့ အပြည့်ပါ။

    သို့သော် မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့ အဖယ်ရှား ခံကြရမှာပါ။ စိတ်ထိခိုက်အောင် ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။ ဘွဲ့ရ မောင်မယ်တို့မှာ အချိန်တွေ အများကြီး မရှိတော့ပါဘူး။ ဒီတော့ တစ်ခြားသူတွေ နေသလိုပဲ နေပြီး အချိန်ကို မဖြုန်းပါနဲ့။

    သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေရတဲ့ ဘဝကို

    တရားသေ ဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။

    မိမိရဲ့ အတွင်းစိတ်က နှိုးဆော်သံကို သူတပါးတွေရဲ့

    ထင်မြင်ချက် အနှောင့်အယှက်သံတွေနဲ့  ဖုံးလွှမ်း မသွားပါစေနဲ့။

    ဒီထက်ပိုပြီး အရေးကြီးဆုံး အချက်ကတော့

    ကိုယ့်ရဲ့  နှလုံးသားနဲ့ ရင်တွင်း သိစိတ်တို့က ခေါ်ဆောင် ရာကို လိုက်ပါ

    သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ် ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေ အားလုံးက သာမညအချက်တွေပါ။ ကျွန်တော် ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ Catalogue စာအုပ် တစ်အုပ် ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာ အဲဒီတုန်းက ကျွန်တော်တို့တွေ အတွက်တော့ ကိုးကွယ်စရာ ကျမ်းစာတွေထဲက တစ်အုပ်ပေါ့။ အဲဒီ စာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆိုသူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန် အလှတွေနဲ့ ချယ်မှုန်းပြီး ထုတ်ဝေခဲ့တာပါ။

    ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခု နှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ် တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊ ကပ်ကြေးနဲ့ ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ်အဖြစ် ဖတ်ရသလိုပါဘဲ။ ဒီစာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ် တစ်ခုလုံးလဲ သပ်ရပ်လှပတဲ့ ကိရိယာတွေနဲ့ အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။

    Stewart နဲ့ သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော်တော် များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့ အခါမှာတော့ သူတို့တစ်တွေ နောက်ဆုံး နှုတ်ဆက်ခြင်း စာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ခုဘွဲ့ရ မောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက် စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်က ကားလမ်းလေး တစ်ခုရဲ့ ဓာတ်ပုံပါ။ စွန့်စားခန်း အင်မတန်ကြိုက်သူများ ကားကြုံစီး ခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာ စာတန်းလေးရေးထားပါတယ်။

    “ဆာလောင်မွတ်သိပ်ခြင်း….ရူးသွပ်ခြင်းများဖြင့် ဘဝကို ရှင်သန်နေထိုင်ပါ” တဲ့။

    ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံး နှုတ်ဆက်တဲ့ စကားပါ။ ကျွန်တော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်း တောင်းခဲ့ပါတယ်။ ဘွဲ့ရ မောင်မယ်တို့လည်း ဘဝအသစ်ကို စတင်လျှောက်လှမ်းကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ ကျွန်တော် လေးလေးနက်နက် တောင်းပေးချင်ပါတယ်။

     “ဆာလောင်မွတ်သိပ်ခြင်း….ရူးသွပ်ခြင်းများဖြင့် ဘဝကို ရှင်သန်နေထိုင်ပါ”

    အားလုံးကိုကျေးဇူးတင်ပါတယ်။

    Sources:

    http://news.stanford.edu/news/2005/june15/jobs-061505.html

    http://www.youtube.com/watch?feature=player_embedded&v=D1R-jKKp3NA

    http://www.productdesignfunda.com/chit-chat/624-three-apples-which-…

    http://www.bersin.com/blog/post/The-Real-Succession-Plan-For-Steve-…

    http://www.hebrew4christians.com/About_HFC/Death_Rate/death_rate.html

    ***————————————————————————————————————-***

    သေခြင်းတရား နှင့် အတွေး အပိုင်းအစ များ

    (၁)    ” မိမိရဲ့ အလိုရမက်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး သေပြီးနောက် သွားရမယ့်  ဋ္ဌာနအတွက် ကြိုတင်ပြင်ဆင်သူသာ အလိမ္မာ အပါးနပ်ဆုံးသောသူလို့ ”         နှစ်ဘဝ ကျေးဇူးရှင် တမန်တော်မြတ် (ဆွလ္လလ္လားဟု အလိုက်ဟိ ဝစလ္လာမ်) က မိန့် တော်မူခဲ့ပါတယ်….

    (၂)    ဘဝမှာ အသေချာဆုံးနဲ့ အတိကျဆုံးအမှန်တရားတစ်ခုကို လက်ညှိုးထိုးပြပါလို့ ဆိုရင်…သေခြင်းတရားက နံပါတ် တစ် နေရာကို ယူမှာ အသေအချာပါပဲ….ဒါပေမယ့် ” သေဖို့ အဆင့်သင့် ဖြစ်ပြီလား…သေရဲပြီလား” လို့ တစ်စုံတစ်ယောက်က မေးလာရင် အကြောင်းအမျိုးမျိုးကြောင့် ” အဆင်သင့် မဖြစ်သေးပါဘူးခင်ဗျာ” လို့ ပြောမယ့် လူဦးရေ အရေအတွက်က ပိုများပါလိမ့်မယ် (ကျွန်တော်အပါအဝင်)….

    (၃)    ကျွန်တော်တို့ ငယ်သေးတယ်..စောသေးတယ်လို့ ထင်ရင် ကမ္ဘာ့လူသေနှုန်းကို ကြည့်လိုက်ပါ…အချိန်မရွေး  အဲဒီ စာရင်းထဲမှာ ကျွန်တော်လည်း အပါအဝင် ဖြစ်သွားနိုင်ပါတယ်….

    တစ်မိနစ်မှာ သေတဲ့ လူဦးရေ…၁၀၇ ယောက်

           တစ်နာရီမှာ သေတဲ့ လူဦးရေ…၆,၃၉၀ ယောက်

           တစ်ရက်မှာ သေတဲ့ လူဦးရေ…၁၅၃,၀၀၀ ယောက်

           တစ်နှစ်မှာ သေတဲ့ လူဦးရေ…၅၆ မီလီယံ ယောက်       ဒီမှာ ကြည့်လိုက်ပါ

    (၄)   “အိမ်ဝေးသူ… မင်းပြောခဲ့တုန်းကတော့ လူ့ ဘဝမှာ ဘယ်လို ကြိုးစားရုန်းကန်ပါဆိုတဲ့ သဘောတရားတွေကို အဓိကထားချပြခဲ့ပြီးတော့ အခုမှ မင်္ဂလာမရှိတဲ့ သေခြင်းတရားနဲ့  သေနှုန်းကို အဓိကထားပြီး ပြောနေတယ်” လို့  စောဒက တက်လာရင်လည်း..”ရုန်းကန်ရှင်သန်မှုတွေ..အောင်မြင်မှုတွေနဲ့ အတူ သေခြင်းတရားကိုပါ        တွဲပြီးမှတ်သား၊သတိထားနိုင်ရင်တော့..လူဖြစ်ရကျိုးပိုနပ်ပါလိမ့်မယ်”လို့ …ရိုးရိုးလေးပဲ ဖြေပါရစေ။

    (၅)   မေ့လျော့ခြင်းကို အဖော်ပြုပြီး ကျွန်တော်တို့ တတွေ ရှင်သန်နေလိုက်တာများ ဒီနေ့ ဟာ ကျွန်တော်တို့ တတွေရဲ့ နောက်ဆုံး နေ့ ..နောက်ဆုံး ထမင်းတစ်လုတ်…နောက်ဆုံး အောင်မြင်မှု..  နောက်ဆုံး ခရီးတစ်ခု ဆိုတာကိုတောင် သတိမမူမိကြတော့ဘဲ ဖြစ်နေတတ်ပါတယ်…Steve Jobs လို  သေခြင်းတရားကို အနီးကပ်ဆုံး ရင်ဆိုင်ရတာမျိုးတော့ လူတိုင်းမကြုံနိုင်ပါဘူး.

    (၆)    Steve Jobs မေးခဲ့သလို ” ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် “ လို့ များ

    ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ် ဆန်းစစ်ခဲ့ရင်….

    အခုအချိန်က စပြီး ငါ…အကောင်းဆုံးလုပ်မယ်…..

    အခုအချိန်က စပြီး ငါ…အရက်မသောက်တော့ဘူး…

    အခုအချိန်က စပြီး ငါ့ မိဘတွေကို စိတ်ချမ်းသာအောင် ထားမယ်…..

    အခုအချိန်က စပြီး ငါ့ ဇနီး..ငါ့ ခင်ပွန်းကို ပိုပြီး ကြင်ကြင်နာနာ ဆက်ဆံမယ်….

    အခုအချိန်က စပြီး ငါ့ကြောင့် သူတစ်ပါးကို မထိခိုက် မနာကျင်အောင် ဂရုစိုက်မယ်…..

    အခုအချိန်က စပြီး……(အကောင်းဆုံးတွေကိုပဲ ကျွန်တော်တို့ လုပ်မိမှာ..သေချာပါတယ်)

    (၇)    အသက်ရှင်နေထိုင်စဉ်ကာလမှာ မိမိဘဝအလှ နဲ့ မိမိကိုယ်တိုင် ရဲ့ အတွေးအမြင်နဲ့ သာ ဘဝကို ရပ်တည်သင့်တယ်လို့          Steve Jobs က မီးမောင်းထိုးပြထားပါတယ်…ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာက

           မိမိရဲ့ အရည်အချင်းကို သူတစ်ပါးရဲ့ အရည်အချင်းနဲ့ နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲ မခံပါနဲ့ …

           အရာရာတိုင်းမှာ သူ့ အလှတရားနဲ့ သူ ရှိပါတယ်

    တရုတ်ပြည်က တရုတ်တွေ တရုတ်စကားပြောတတ်တာကို အိန္ဒိယက ဟိန္ဒူလူမျိုးတွေက သူတို့ လည်း တရုတ်စကား  မပြောတတ်လို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေလို့ ဘာထူးမှာလဲ? ကိုယ်လုပ်နိုင်တဲ့ လုပ်ရပ်နဲ့  ကျွမ်းကျင်မှုက သေးမွှားပါစေ..ပုံမှန်လုပ်ပြီး…ကိုယ့်မိသားစု..ကိုယ့်ဆွေမျိုးသားချင်း…ကိုယ့်ရပ်ကွက်..မြို့ နယ်…  တိုင်းပြည်..ကမ္ဘာအထိ တဆင့်ဆင့် အကျိုးပြုနိုင်ရင်လုံလောက်ပါတယ်…

    (၈)    ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ထိုင်ခုံ အနေအထားကို မူတည်ပြီးတော့ ကျွန်တော်တို့ တတွေ ယူရတဲ့ တာဝန်လည်း ကွာခြားပါတယ်…Steve Jobs အနေနဲ့ ဆိုရင် သူမသေခင်ကတည်းက သေဖို့ ပြင်ဆင်ခဲ့တဲ့ လူတစ်ယောက်လို့  ပြောလို့ ရပြီး မသေခင် 2008 ခုနှစ်မှာ Apple University (တစ်နည်း) Solution To Apple After Steve Jobs ကို ထူထောင်ခဲ့ပါတယ်…ရည်ရွယ်ချက်ကတော့ သူဟာ တကယ့်ကို အရည်အချင်း ရှိတဲ့ ပညာရှင် တစ်ယောက်ဖြစ်ပြီးခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့အတွက် သူမရှိတော့တဲ့ နောက်ပိုင်းမှာ တက်လာမယ့် အနာဂတ် Apple ခေါင်းဆောင်တွေကို သူဘယ်လို တွေးတော လုပ်ကိုင် ဆောင်ရွက် ခဲ့သလဲ…ပြသနာတွေကို ဘယ်လို        ချဉ်းကပ် ဖြေရှင်းခဲ့သလဲ ဆိုတာတွေကို အသေးစိတ် သင်ပေးချင်တဲ့ ဆန္ဒနဲ့ ပါ….ကျွန်တော်တို့ တတွေရော         အဲလို ပြင်ဆင်ချိန်ရနိုင်ပါ့မလား ?

    (၉)    သေခြင်းတရားဆိုတာ တစ်ခဏတာ ရှင်သန်ရုန်းကန်ရတဲ့ ဘဝနဲ့ ဆန့် ကျင်ဘက် အရာတစ်ခုမဟုတ်ပါဘူး..  ထာဝရ ရှင်သန်ပျော်ရွှင်ခြင်း ဆိုတဲ့ ပန်းတိုင်အတွက် ဆန်းစစ်အဖြေထုတ်ပေးမယ့် စာမေးပွဲတစ်ခုသာ ဖြစ်ပါတယ်… စာမေးပွဲမှာ မေးမယ့် မေးခွန်းတွေလည်းကို အားလုံးသိပြီးသား ဖြစ်ပါတယ်…စာမေးပွဲမှာ      အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့ အတွက်တော့ ကြက်တူရွေး စာအံနည်း သုံးလို့ တော့ မဖြစ်နိုင်ပါဘူး…     ( သေခြင်းတရား စာမေးပွဲအောင်ဖို့ အတွက် ဘဝမှာ ဘယ်လိုပုံစံမျိုးနဲ့  ရှင်သန်နေထိုင်ခဲ့သလဲ )ဆိုတဲ့ မှတ်ကျောက်  အတင်ခံနိုင်မယ်ဆိုရင်တော့ (အောင်မြင်သူ) အဖြစ် လက်ခမောင်းခတ်လို့ ရနိုင်ပါတယ်…  ဒီအချက်တွေကတော့  သေခြင်းတရား ( Death ) နဲ့ ဆက်စပ်လို့ ကျွန်တော် ဆင့်ပွား တွေးမိသလောက်ကို  မျှဝေပေးခြင်းပါ…မည်သူမဆို လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်၊ ယူဆပိုင်ခွင့် ရှိပါတယ်….အပိုင်း (၃) ပိုင်းစလုံးကို         စကားပြေမဟုတ်ဘဲ စကားပြောဟန်ကို အဓိက ထားပြီး သုံးသွားတာကို နားလည်ပေးစေချင်ပါတယ်….အပိုင်း (၃)  အနေနဲ့ ကတော့ ဒီလောက်ပါပဲ..

    ==================================================================

    ကျွန်တော် တင်ပြခဲ့တဲ့ အပိုင်း (၃) ပိုင်းစလုံးက အဓိက အချက်တွေကို ဆွဲထုတ်လိုက်ရင်…အကျဉ်းချုပ်အားဖြင့်

    ၁။         မိမိလုပ်ချင်တဲ့ အလုပ်…ကိုယ့်ဝါသနာအစစ်အမှန်ကို သိအောင် ကြိုးစားပါ….

    ၂။         မိမိလုပ်မယ့် အလုပ်ကို အောင်မြင်ရမယ်လို့ ယုံကြည်ချက် ခိုင်ခိုင်မာမာ ထားပါ….

    ၃။         မည်သည့် အလုပ်ပင်ဖြစ်စေ စိတ်နှစ်ပြီး ရူးသွပ်စွာ..ပျော်ရွှင်စွာ လုပ်ဆောင်ပါ….

    ၄။         ပြောင်းလဲခြင်းများကို ရှာဖွေလုပ်ဆောင်ပါ။ အသစ် အသစ်များကို ဖန်တီးဖို့ နောက်မတွန့်ပါနဲ့ …

    ၅။         နေ့ တိုင်းကို မိမိရဲ့ နောက်ဆုံးနေ့ အဖြစ်သတ်မှတ်ပြီး အကောင်းဆုံး ကြိုးစားအားထုတ်ပါ….

    ၆။         မိမိ တစ်နေ့သေမယ်ဆိုတာကို မမေ့ဘဲ အကောင်းဆုံးပြင်ဆင်ထားပါ…

    ( အိမ်ဝေးသူ )

    တတိယမြောက် ပန်းသီးတစ်လုံး၏ ဘဝ အချိုးအကွေ့ များ – ၁ ဖတ်ရန်

    တတိယမြောက် ပန်းသီးတစ်လုံး၏ ဘဝ အချိုးအကွေ့ များ – ၂ ဖတ်ရန်

  • မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဓာတ်ပုံပြိုင်ပွဲ ဆုရ အနုပညာ ဓာတ်ပုံပြပွဲ နှင့် ဟောပြောပွဲ ကျင်းပ

    မတ်လ ၁၈ ရက်၊၂၀၁၃။
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    P6150035

    မြန်မာနိုင်ငံဓာတ်ပုံအသင်း မှ ပြုလုပ်သည့် (၄၉)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲအခမ်းအနား ယနေ့ မတ်လ ၁၈ ရက်နေ့မှ စပြီး စင်ထရယ်ဟိုတယ် (ပတ္တမြားခန်းမ)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၌  စတင်ဖွင့်လှစ် ခဲ့ကြောင်းသိရှိရသည်။

    ယနေ့ ဟောပြောပွဲအစီစဉ်အဖြစ်  ဆရာဦးဖေမြင့်ဦးမှ ဓာတ်ပုံရိုက်ကူးနည်းဆိုင်ရာ အသိပညာများကို နံနက်၁၀း၀၀နာရီမှ ၁၂း၀၀အထိ ဟောပြောပို့ချခဲ့သည်။

    ဓါတ်ပုံပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ (၆၆)ယောက်၊ ပြိုင်ပွဲဝင်ပုံပေါင်း (၇၆၅)ပုံ ပြိုင်ပွဲဝင်ခဲ့ကြောင်း သိရသည်။

    ဒီဂျစ်တယ် အထူးပြုလုပ်ချက် ကဏ္ဍ ရူချင်စဖွယ် (အဖြူအမည်း၊ မိုနိုကရိုဏ်း) ကဏ္ဍ၊ ရူချင်စဖွယ် (ဆေးရောင်စုံ)ကဏ္ဍ၊ လူပုံ(ဆေးရောင်စုံ)ကဏ္ဍ၊ သဘာဝလေ့လာချက်  သဏ္ဍာန် တို့ခေါင်းစဉ်အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု(၁)၊  နှစ်သိမ့်ဆု (၂)၊  နှစ်သိမ့်ဆု(၃) တို့ဖြင့် ဆုအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    ထိုပွဲတွင် ၂၀၁၂ခုနှစ်အတွက် အကောင်းဆုံးဓာတ်ပုံပညာရှင်ဆု “THE BEST PHTOGRAPHIC OF THE YEAR 2012” ဆုကို ကိုဇော်မင်း (GTS) AMPS, APPS အသင်းဝင်အမှတ်(၁၀၁၆၆) ရရှိခဲ့သည်။

    P6150013

    ပြိုင်ပွဲဝင် ဓာတ်ပုံများအား အကဲဖြတ်ပညာရှင်များ ဖြစ်သော ဦးမောင်မောင်သောင်း Hon;MPS, Hon;FMPS, AMPS၊ ဦးသီဟသိန်းဥာဏ် Hon:MPS, Hon;FMPS, AMPS ဖရန်ကီထွန်းတင် FMPS၊ ဥက္ကလာထွန်းရွှေ (မြို့တော်သတင်းထောက်ချုပ်) Hon;MPS၊ ဦးမြင့်သိန်းဖေ (ဂုဏ်ပြုအသင်းသား)၊ ဒါရိုက်တာ ပန်ချီစိုးမိုး Hon;MPS၊ ဦးဖေမြင့်ဦး Hon;MPS, FMPS, ARPS၊ ဦးထင်လင်း Hon;MPS, FMPS, PMPS၊ ဦးထင်အောင် PMPS၊ အေကေမိုး (ဦးအောင်ကျော်မိုး) PMPS၊ ဦးအောင်မျိုး PMPS တို့က အကဲဖြတ် ခဲ့ကြောင်းသိရသည်။

    ဆက်လက်၍ ယနေ့ နေ့လည် ၂း၀၀ မှ ၃း၃၀ ထိကို ဆရာဦးကျော်ကျော်ဝင်း ၊ ၁၉ရက်နေ့တွင် နံနက် ၁၀း၃၀ မှ ၁၂း၀၀ထိကို ဆရာပန်းချီစိုးမိုး၊ နေ့လည် ၂း၀၀မှ ၃း၃၀ ထိကို ဆရာအေ၀မ်းသိန်းထွဋ် တို့ဖြစ်ကြောင်း၊ ၂၀ရက်နေ့တွင် နံနက် ၁၀း၃၀မှ ၁၂း၀၀ထိကို ဆရာဦးကျော်ဝင်း(လှဂုဏ်ရည်)၊ နေ့လည် ၂း၀၀ မှ ၃း၃၀ ထိကို ဆရာဦးထိန်ဝင်း တို့မှ ဆက်လက် ဓါတ်ပုံ ဆိုင်ရာ ပညာရပ်များကို ဟောပြောပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

    ဓာတ်ပုံပြိုင်ပွဲ ဆုရ အနုပညာ ဓာတ်ပုံပြပွဲ နှင့် ဟောပြောပွဲ အခမ်းအနားကို မတ်လ ၂၀ ရက်နေ့အထိ ခင်းကျင်းပြသထားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

    More Photo

  • ပန်းဘဲတန်းမြို့နယ် တွင် စာပေဟောပြောပွဲအခမ်းအနား ကျင်းပမည်

    မတ်လ ၁၈ ရက်၊၂၀၁၃။
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    P6150003

    စာပေမြတ်နိုးသူများ စုပေါင်းကျင်းပသည့် ပထမအကြိမ်မြောက် စာပေဟောပြောပွဲ အခမ်းအနားကို ပန်းဘဲတန်းမြို့နယ်၊အမှတ်(၁၁)ရပ်ကွက်၊ ၃၁လမ်းအထက်လမ်း၌ မတ်လ၂၄ ရက်နေ့  ည၇နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါ အခမ်းအနားတွင် စာရေးဆရာ ဖေမြင့်၊ စာရေးဆရာ အော်ပီကျယ်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိင်တို့ ဟောပြောပို့ချမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။