News @ M-Media
Blog
  • အိုဇေးလ် (ရီးယဲလ်/ဂျာမဏီ)
    မတ်လ ၁၅ ၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- ဝေဇင်
    အိုဇေးလ် (ရီးယဲလ်/ဂျာမဏီ) [နာမည်ကျော် မွတ်စလင် အားကစားသမားများ ကဏ္ဍ]
    ozil2
    အမည်အပြည့်အစုံ        မီစု အိုဇေးလ်(Mesut Özil)
    မွေးသက္ကရာဇ်             ၁၅. ၁၀. ၁၉၈၈
    ကစားသည့်နေရာ        အလယ်တန်း
    လက်ရှိကလပ်            ရီးယဲလ်မက်ဒရစ်
    နိုင်ငံ                       ဂျာမနီ
     လူငယ်ဘဝ
    ozil young
    မီစု အိုဇေးလ်ကို ဂျာမနီနိုင်ငံ ဂယ်လ်ဆင်ကေးရှန်း(Gelsenkirchen) မြို့တွင်မွေးဖွားခဲ့ပြီး တတိယမြောက် တူရကီ-ဂျာမန်မျိုးဆက်ဖြစ်သည်။ သူ၏ လူငယ်ကစားသမားဘ၀ကို ဂယ်လ်ဆင်ကေးရှန်းမြို့ရှိ အသင်းများတွင် ကျင်လည်ခဲ့ရပြီး Rot-Weiss Essen ကလပ်တွင် ငါးနှစ်ကြာကစားခဲ့သည်။
    ၂၀၀၅ခုနှစ်တွင် ရှော်ကေးအသင်း၏ လူငယ်ဌာနသို့ပြောင်းရွှေ့ခဲ့သည်။ မကြာမီမှာပင် အသင်းကြီးသို့ခေါ်ယူခြင်းခံခဲ့ရပြီး ၂၀၀၈ ခုနှစ် ဇန်န၀ါရီလတွင် ၀ါဒါဘရီမင်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
    ရီးယဲလ်မက်ဒရစ်
    ozil 3
    ၂၀၁၀ ကမ္ဘာဖလားတွင် ဂျမနီအသင်းနှင့်အတူ ခြေစွမ်းပြခဲ့ခြင်းကြောင်း ဘာစီလိုနာ၊ အာဆင်နယ်၊ မန်ယူ စသည့် ဥရောပ ထိပ်သီးကလပ်များက ခေါ်ယူရန် စိတ်ဝင်စားခြင်းခံခဲ့ရပြီး နောက်ဆုံးတွင် ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ခဲ့သည်။ ရီးယဲသို့ ပြောင်းရွှေ့ခြင်းနှင့် ပက်သက်ပြီး သူက..
    “ရီယဲလ်အသင်းမှာ ကစားဖို့ ကမ်းလှမ်းလာတဲ့အခါမှာ ဆုံးဖြတ်ချက်ချစရာကို မလိုပါဘူး။ ရိုးရိုးသားသားပြောရအောင်….. ခင်ဗျားဆိုရင်လည်း ဒီကလပ်(မှာ ကစားဖို့) ကို ငြင်းမှာမဟုတ်ပါဘူး။ ကျနော် ၀ါဒါဘရီမင်ကနေ အလျင်စလို ထွက်ခွာဖို့မရှိပေမယ့် (ဒီအသင်းဟာ) ခေါင်းငြိမ့်ရမယ့် အသင်းမျိုးပါ။ သူတို့ဟာ  ထူးခြားတဲ့သမိုင်း၊ (ခမ်းနားတဲ့) ကစားကွင်း၊ ကမ္ဘာအဆင့် ကစားသမားတွေ အသင်းပြည့်ရှိတဲ့ ကလပ်တစ်ခုပါ။ ဘာနေဗျူး(ရီးယဲအသင်း၏ ကွင်း) မှာ ကစားရမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ သိပ်ကို အံသြစရာပါ။” ဟု သူက ဖွင့်ဟခဲ့သည်။
    ozil-mom
    ၂၀၁၀-၂၀၁၁ ဘောလုံးရာသီ
    ပွဲဦးထွက်အဖြစ် သြဂုတ်လ ၂၂ ရက်နေ့ ဟာကျူလီ(Hércules)အသင်းနှင့်ကစားသည့် ခြေစမ်းပွဲတွင် ပွဲထွက်ခွင့်ရရှိခဲ့သည်။ အိုဇေးလ်၏ ကျောနံပါတ်များမှာ ပြောင်းလဲမှုများ ရှိခဲ့လေသည်။ ရာသီမစမီတွင် ကျောနံပါတ်မှာ ၂၆ ဖြစ်ခဲ့ပြီး ပထဦးဆုံး ပွဲထွက်ရာတွင် နံပါတ် ၁၉ ဂျာစီကို ၀တ်ဆင်ကစားခဲ့သည်။ ရီးယဲလ်အသင်းသို့ တော့တင်ဟမ် ကစားသမား ရာဖေး ဗန်ဒါဗတ်(Rafael van der Vaart) ရောက်ရှိလာပြီးနောက် အိုဇေးလ်သည် နံပါတ် ၂၃ ဂျာစီကို ၀တ်ဆင်ခဲ့သည်။
    ရီးယဲလ်အသင်းတွင် ဘရာဇီးလ်ကစားသမား ကာကာ၏နောက် ဒုတိယ ကစားသမားအဖြစ်ရှိနေခဲ့ပြီး၊ ကာကာ ခွဲစိတ်ကုမှုခံယူနေစဉ်အတွင်းတွင် သူသည် အသင်း၏ ပထမကစားသမား ဖြစ်လာခဲ့သည်။ မာယော့ကာ အသင်းနှင့်ကစားသည့် လာလီဂါပွဲစဉ်တွင် ဒီမာရီယာ အစား လူစားဝင်ကစားခဲ့ပြီး သူ၏ ပထမဆုံး လာလီဂါ ပွဲဖြစ်ခဲ့သည်။ ရီးယဲအသင်းနှင့် ချန်ပီယံလိဂ် ပထမဆုံးပွဲအဖြစ် စက်တင်ဘာ ၁၅ ရက်နေ့ အေဂျက်အသင်းနှင့် ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး အသင်းဖော် ဟီဂူအင် ဂိုးသွင်းနိုင်ရန် ဖန်တီးပေးခဲ့လေသည်။ လာလီဂါ ပထမဆုံးဂိုးကို ၂၀၁၀ အောက်တိုဘာ ၃ ရက်တွင် ကစားသည့် ဒီပို့တီဗို အသင်းနှင့်ပွဲစဉ်တွင် သွင်းယူပေးခဲ့ပြီး၊ အောက်တိုဘာ ၁၉ ရက် အေစီမီလန်အသင်းနှင့် ကစားသည့်ပွဲတွင် ချန်ပီယံလိဂ် ပထမဆုံး ဂိုးကို သွင်းယူခဲ့သည်။
    ၂၀၁၀-၂၀၁၁ ဘောလုံးရာသီအပြီးတွင် အိုဇေးလ်သည် အသင်းဖော်များ ဂိုးသွင်းရန် ၂၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ဥရောပ အမှတ်ပေးပြိုင်ပွဲအားလုံးတွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ မီဒီယာများ၊ အသင်းဖော်များ၊ ရီးယဲလ်အသင်း၏ ပရိတ်သတ်များကလည်း သူ၏ စွမ်းဆောင်မှုများအတွက် ချီးကျူး သြဘာပေးခဲ့ကြသည်။
    ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ
    ၂၀၁၁-၂၀၁၂ ဘောလုံးရာသီတွင် အိုဇေးလ်သည် နံပါတ် ၁၀ ဂျာစီကို ၀တ်ဆင်ကစားခဲ့သည်။ နည်းပြ မော်ရင်ဟိုက သူအား အသင်း၏ ကွင်းလယ် ဖန်တီးရှင်အဖြစ် သုံးစွဲခဲ့သည်။ ရီးယဲအသင်းတွင် ခြေစွမ်းပြမှုကြောင့် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီအတွက် ယူအီးအက်ဖ်အေမှ ချီးမြှင့်ပေးအပ်သည့် ရွှေဘောလုံးဆု ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။
    ozil
    ဂျာမနီ မဂ္ဂဇင်း ကစ်ကာ(kicker)နှင့်  အင်းတာဗျူးတွင် သူက……
    “ကျနော့်ရဲ့ ကစားသမားဘ၀ကို ရီးယဲလ်မက်ဒရစ်မှာပဲ အဆုံးသတ်ချင်ပါတယ်။ အရှေ့မှာ ကျနော် အချိန်တွေအများကြီးရှိသေးတယ်၊ လူငယ်ကစားသမား အများအပြားနဲ့၊ ကစားသမားကောင်းတွေလည်း ရှိနေဦးမယ်၊ ဒါကြောင့် ဒါဟာ ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော် (အသင်း) အနာဂတ်ရဲ့ အစိတ်အပိုင်းဖြစ်ချင်ပါတယ်။ ကျနော့်ရဲ့ လုပ်နိုင်စွမ်းကို ကျနော်သိပါတယ်။ ပြီးတော့ ရီးယဲအသင်းမှာ နှစ်ပေါင်းများစွာ ရှိနေမယ်လို့ ကျနော် ယုံကြည်ပါတယ်။” ဟု သူ၏ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။
    အိုဇေးလ်သည် ၂၀၁၂ မေလ ၂ ရက်နေ့တွင်ကစားသည့် ဘီဘာအိုအား သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲတွင် ရီးယဲလ်အသင်း၏ ပထမဂိုးကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူခဲ့သည်။ ထိုပွဲအနိုင်ကြောင့် ရီးယဲအသင်းသည် ၃၂ ကြိမ်မြောက် လာလီဂါ ချန်ပီယံ ဖြစ်ခဲ့လေသည်။
    ၂၀၁၁-၂၀၁၂ ဘောလုံးရာသီအပြီး လာလီဂါ၏ ဘောလုံးဖန်တီးပေးပို့နိုင်မှု ဇယားတွင် ၁၇ ကြိမ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ရီးယဲလ်အသင်းနှင့် ဂျာမနီလက်ရွေးစင်အသင်းတွင် သူ၏ စွမ်းဆောင်ချက်များကြောင့် ယူအီးအက်ဖ်အေမှ ချီးမြှင့်သည့် ဥရောပ အကောင်းဆုံးဘောလုံးသမားဆု ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။
    နိုင်ငံလက်ရွေးစင် ကစားသမားဘဝ
    လူငယ်
    oezil_mesut_
    ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် အိုဇေးလ်းအား ဂျာမနီ ၁၇ နှစ်အောက် လူငယ်အသင်းမှ ခေါ်ယူခဲ့သည်။ ၂၀၀၇ ခုနှစ်မှစ၍ ၂၁ နှစ်အောက်လူငယ်အသင်းမှ ကစားသမားတစ်ဦးဖြစ် လာခဲ့လေသည်။ ၂၀၀၉ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ကစားသည့် ၂၁ နှစ်အောက် ဥရောပဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အင်္ဂလန်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ပွဲစဉ်အတွင်း အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
    လက်ရွေးစင်အသင်းကြီးသို့
    ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်နေ့ နော်ဝေအသင်းနှင့် ကစားသည့် ခြေစမ်းပွဲတွင် အိုဇေးလ်သည် ဂျာမနီ လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံး ကစားခွင့်ရခဲ့သည်။ တောင်အာဖရိက အသင်းနှင့် စက်တင်ဘာ ၅ ရက်နေ့တွင် ကစားသည့် ခြေစမ်းပွဲတွင် လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူပေးခဲ့သည်။ ထိုပွဲမှာ သူ၏ လက်ရွေးစဉ်ကစားသမားဘ၀ ၃ ပွဲမြောက်ဖြစ်လေသည်။
    ဂျာမနီ လက်ရွေးစင်အသင်းတွင်ကစားရန် ရွေးချယ်ခဲ့ခြင်းနှင့်ပက်သက်၍ သူက….
    “ဂျာမနီမှာ ကျနော်ဟာ တတိယမျိုးဆက်ပါ။ ကျနော့်အဖေက ဒီမှာပဲ ကြီးပြင်းခဲ့ပါတယ်။ ကျနော့်အတွက်တော့ တူရကီဟာ အမြဲတမ်း ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေမှာပါ။ ဒါပေမယ့် ဂျာမနီအသင်းအတွက် ကစားဖို့ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော် သံသယ မဖြစ်မိပါဘူး။” ဟု FourFourTwo မဂ္ဂဇင်း နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    ၂၀၁၀ ကမ္ဘာ့ဖလား
    euro2012_002
    အိုဇေးလ်သည် တောင်အာဖရိကတွင် ကျင်းပသည့် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် ဂျာမနီ လက်ရွေးစင်အသင်းတွင် ပါဝင်ခဲ့ပြီး ပွဲစဉ်အားလုံးတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။ ဂျာမနီအသင်းမှာ အုပ်စု ပထမဖြင့် ၁၆ သင်း ရှုံးထွက်အဆင့်သို့တက်ရောက်ခဲ့သည်။ ၁၆ သင်းအဆင့်တွင် အင်္ဂလန်အသင်းကို ၄ ဂိုး ၁ ဂိုး၊ ကွာတားဖိုင်နယ်တွင် အာဂျင်တီးနားအသင်းကို ၄ ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရရှိခဲ့ရာ အိုဇေးလ်မှာ အသင်းဖော်များ ဂိုးသွင်းရန်အတွက် ဖန်းတီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ရွှေဘောလုံးဆုအတွက် ဖီဖာက ထုန်ပြန်သည့် ဆန်ကာတင် ကစားသမား ၁၀ ဦးတွင် ပါဝင်ခဲ့သည်။
    ယူရို ၂၀၁၂
    အိုဇေးလ်သည် ယူရို ၂၀၁၂ ခြေစစ်ပွဲဝင် ဂျာမနီအသင်းအတွက် မောင်းနှင်အားတစ်ခုဖြစ်ခဲ့လေသည်။ ခြေစစ်ပွဲ ၁၀ ပွဲကစားရာတွင် ရှုံးပွဲမရှိခဲ့သော ဂျာမနီအသင်းအတွက် သူသည် ၅ ဂိုးသွင်းယူပေးခဲ့သည်။ တိကျသော ဘောလုံးပေးပို့သူအဖြစ် ကျော်ကြားခဲ့လေသည်။ ၇ ကြိမ်တိုင်တိုင် ဖန်တီးပေးပို့ခဲ့ကာ ယူရို ခြေစစ်ပွဲစဉ်တွင် အမြင့်ဆုံးအဖြစ် ရပ်တည်ခဲ့ပြီး ပွဲစဉ်အတွင်း အကောင်းဆုံးကစားသမားဆုကိုလည်း ၂ ကြိမ်တိုင်တိုင် ရရှိခဲ့သည်။
    အောင်မြင်မှုများ
    ကလပ်
    ရှော်ကေးလ
    ၂၀၀၆-၂၀၀၇ ဂျာမန်ဘွန်ဒစ်လီဂါ (ဒုတိယ)
    ၂၀၀၇ ဂျာမန် ရှုံးထွက်ဖလား (ဒုတိယ)
    ၀ါဒဘရီမင
    ၂၀၀၈-၂၀၀၉ ဂျာမန် ရှုံးထွက်ဖလား (ချန်ပီယံ)
    ၂၀၀၉-၂၀၁၀ ဂျာမန် ရှုံးထွက်ဖလား (ဒုတိယ)
    ၂၀၀၈-၂၀၀၉ ယူအီးအက်ဖ်အေဖလား (ဒုတိယ)
    ရီးယဲမက်ဒရစ်
    ၂၀၁၁-၂၀၁၂ လာလီဂါ (ချန်ပီယံ)
    ၂၀၁၀-၂၀၁၁ လာလီဂါ (ဒုတိယ)
    ၂၀၁၀-၂၀၁၁ စပိန်ဘုရင့်ဖလား (ချန်ပီယံ)
    ၂၀၁၂ စပိန်စူပါဖလား (ချန်ပီယံ)
    ၂၀၁၁ စပိပန်စူပါဖလား (ဒုတိယ)
    နိုင်ငံ
    ၂၀၀၉- အသက်၂၁နှစ်အောက် ဥရောပဖလား (ချန်ပီယံ)
    တစ်ဦးချင်း
    ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု (၂၀၀၉- အသက်၂၁နှစ်အောက် ဥရောပဖလား ဗိုလ်လုပွဲ)
    ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု (၂ကြိမ်) (ယူရို ၂၀၁၂၊ ဂျာမနီနှင့် ပေါ်တူဂီ၊ ဂျာမနီနှင့် ဂရိ)
  • အကြီးမားဆုံး မွတ်စ်လင် ကွန်ဖရင့် သြစတေးလျတွင် လက်ခံ ကျင်းပမည်
    မတ် ၁၂ ၊ ၂၀၁၃
    M-Media
    Australia Largest Islamic Conference Underwayကိုင်ရို။      ။ သြစတေးလျနိုင်ငံမှ မွတ်စ်လင်မ်တို့သည်  အခြားသာသနာဝင်များ၊ လူ့အဖွဲ့အစည်းများနှင့် နားလည်မှု တည်ဆောက်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ အထင်ရှားဆုံး မွတ်စ်လင်မ်ပညာရှင်များအား ပင့်ဖိတ်၍ အကြီးမားဆုံး ကွန်ဖရင့် တစ်ရပ်ပြုလုပ်နိုင်ရန် ဤရက်သတ္တပတ်တွင် ပြင်ဆင်လျက်ရှိသည်။
    ယင်းညီလာခံဆိုင်ရာ ၀က်ဘ်ဆိုဒ်က “ သြစတေးလျနိုင်ငံရဲ့ အစ္စလာမ့်သမိုင်းမှာ မကြုံစဖူး အကြီးကျယ်ဆုံး ဖြစ်ရပ် တစ်ခုပါ။ ဒီကွန်ဖရင့်ကို ပြည်တွင်း၊ ပြည်ပ(အပြည်ပြည်ဆိုင်ရာ) ထိပ်တန်းအဆင့် ဟောပြောဆွေးနွေးသူဦးရေ ၂၀ ကျော်နဲ့အတူ မဲလ်ဘွန်းမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အင်န်ရှာ အလ္လာဟ် ( ထာဝရဘုရားသခင် အလိုတော်တူပါလျှင် ) ဒီညီလာခံမှာ အစ္စလာမ့် အဖွဲ့အစည်း အားလုံးနီးပါး စုရုံးတွေ့ဆုံနိုင်ပါလိမ့်မယ် ” ဟု ဆိုသည်။ ဤ သုံးရက်တာ ညီလာခံကြီးသည် အစ္စလာမ့်ရေးရာ သုတေသနနှင့်ပညာရေးအကယ်ဒမီ – The Islamic Research and Educational Academy (IREA) မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ၊ မတ်လ ၁၅ ရက်၊ သောကြာနေ့တွင် စတင်ပါမည်။
    “ သြစတေးလျနိုင်ငံ အစ္စလာမ့်အခြေတည် ငြိမ်းချမ်းရေး ညီလာခံ ” ခေါင်းစဉ်ဖြင့် သြစတေးလျနိုင်ငံအတွင်းရှိနေသော မွတ်စ်လင်မ်များ၊ အခြားသာသနာဝင်များ နှင့် အခြားဆက်စပ်လူ့အဖွဲ့အစည်းများအကြား လစ်ဟာချက်ကွက်လပ်များကို တံတားခင်းနိုင်ရန် ရည်ရွယ်ထားသည်။ “ လူ့အဖွဲ့အစည်းတွေကြားထဲက ကွာဟချက်တွေ ကျဉ်းမြောင်းသွားအောင်၊ ပေါင်းကူးဆက်သွယ်မှု တည်ဆောက်နိုင်အောင်၊ လူထုကို အသိပညာပေးနိုင်အောင် ဆွေးနွေးဖို့ ရှိပါတယ် ” ဟု ယင်းညီလာခံဝက်ဘ်ဆိုဒ်က ပြောသည်။
    ယင်းတွေ့ဆုံပွဲသို့တက်ရောက်ရန် Sydney ၊ Brisbane ၊ Canberra ၊ Adelaide စသည့် မြို့အသီးသီးမှ တက်ရောက်သူများအပါအ၀င် ကမ္ဘာတစ်ဝှန်းရှိ ပညာရှင်များကိုလည်း ဖိတ်ကြားထား၏။
    ဦးဆောင်တက်ရောက်ကြသူများအနက် ဆော်ဒီအာရေဗျ၊ မက္ကဟ်မြို့ဝတ်ကျောင်းတော်ကြီး၏ ရှေ့ဆောင်ဆရာတော် အိမာမ် အဗ်ဒုရ် ရဟ်မာန်း အလ် စုဒိုင်းစ် လည်း အပါအ၀င်ဖြစ်၏။ အခြား ဧည့်သည်တော်များအနက်အချို့မှာ အိန္ဒိယနိုင်ငံ The Islamic Research & Educational Foundation မှ  Br Imran ၊ ကူဝိတ်မှ Sheikh Mishary Alaffasy နှင့် Ahmed Bukhatir ၊ ယူအေအီးမှ Sheikh Mohammed Ismail တို့ ဖြစ်ကြသည်။
    ညီလာခံ၌ဦးဆောင်ဆွေးနွေးသူအဖြစ် Br Imran မှ ဆောင်ရွက်ကာ အစ္စလာမ်ဆိုင်ရာ သိမ်မွေ့သည့်အကြောင်းရပ်များ နှင့် တမန်တော် မုဟမ္မဒ် ( ကောင်းခြင်းမင်္ဂလာနှင့်ငြိမ်းချမ်း မင်္ဂလာ သက်ရောက်ပါစေသား)၏ ငြိမ်းချမ်းရေးသွန်သင်ချက်များကို ဟောပြောသွားမည်ဖြစ်သည်။
    ဗြိတိန်နိုင်ငံမှ PEACE TV တွင် အင်္ဂလိပ်ဘာသာဖြင့်ဟောပြောနေသူ Sheikh Abdulhadi နှင့် Abdullah Rolle ၊ အမေရိကန် နိုင်ငံမှ Sheikh Yusuf Estes နှင့် Sheikh Yasir Qadhi တို့အပါအ၀င် အနောက်တိုင်းမှ  မွတ်စ်လင်မ်ပညာရှင်များလည်း တက်ရောက်ကြမည်။
    မွတ်စ်လင်မ်တို့ သြစတေးလျ၌ နေထိုင်နေသည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ရှိနေလေပြီ။ နိုင်ငံ၏လူဦးရေ သန်း ၂၀ ၌ ၁.၇ % မှာ မွတ်စ်လင်မ်များ ဖြစ်ကြသည်။
    ညီလာခံတွင် ဆွေးနွေးဟောပြောမည့်သူများသည် မိမိတို့စကားနှင့်လုပ်ရပ်ကို နိုင်ငံတော်၏ လူမျိုးရေးနှင့် ဘာသာရေး နားလည်မှု ဥပဒေအရ ကိုယ်စီ တာဝန်ယူရမည်ဖြစ်ကြောင်း၊ စောဒကတက်ငြင်းခုံခြင်းကို ရှောင်ဖို့လိုကြောင်း Multicultural Affairs and Citizenship ၀န်ကြီး Nick Kotsiras မှ ပြောကြားသည်။
    Victorian Multicultural Commissioner ဖြစ်သူ Chin Tan မှ “ ကျွန်တော်တို့ဟာ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံ အတူယှဉ်တွဲနေထိုင်ကြတဲ့ နိုင်ငံက လူတွေဖြစ်တယ်။ လူတစ်ဦးချင်း၊ အဖွဲ့အုပ်စုနဲ့လူ့အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြေပြေလည်လည် နေထိုင်ဆက်ဆံမှုဖက်ကို ကျွန်တော်တို့ ရည်မှန်းဆောင်ရွက်နိုင်ဖို့ လိုပါတယ် ” ဟု ရှင်းလင်းပြောဆိုခဲ့သည်။
    Ref: OnIslam
  • ဓာတ်ပုံအသင်း နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကျင်းပမည်
    မတ်လ ၁၅ရက်၊၂၀၁၃
    M-Media
    ပသီဆောင်းနှင်းမှုံ
    မြန်မာနိုင်ငံဓာတ်ပုံအသင်း နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကျင်းပမည်
    OLYMPUS DIGITAL CAMERA
    မြန်မာနိုင်ငံဓာတ်ပုံအသင်း (၄၉)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲ အခမ်းအနားကို မတ်လ ၁၈၊၁၉၊၂၀ ရက်နေ့များတွင် စင်ထရယ်ဟိုတယ်(ပတ္တမြားခန်းမ) ၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀ထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားတွင် ဟောပြောမည့် သူများမှာ ၁၈ရက်နေ့တွင် နံနက် ၁၀း၃၀ မှ ၁၂း၀၀ထိကို ဆရာဦးဖေမြင့်ဦး၊ နေ့လည် ၂း၀၀ မှ ၃း၃၀ ထိကို ဆရာဦးကျော်ကျော်ဝင်း တို့ဖြစ်ကြောင်း၊ ၁၉ရက်နေ့တွင် နံနက် ၁၀း၃၀ မှ ၁၂း၀၀ထိကို ဆရာပန်းချီစိုးမိုး၊ နေ့လည် ၂း၀၀မှ ၃း၃၀ ထိကို ဆရာအေ၀မ်းသိန်းထွဋ် တို့ဖြစ်ကြောင်း၊ ၂၀ရက်နေ့တွင် နံနက် ၁၀း၃၀မှ ၁၂း၀၀ထိကို ဆရာဦးကျော်ဝင်း(လှဂုဏ်ရည်)၊ နေ့လည် ၂း၀၀ မှ ၃း၃၀ ထိကို ဆရာဦးထိန်ဝင်း တို့ဖြစ်ကြောင်း သိရသည်။
    လူဦးရေ (၆၀)ယောက်သာ ကန့်သတ်ထားသောကြောင့် တက်ရောက်မည့်သူများ အနေဖြင့် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း အတွင်းရေးမှူး စိုင်းခမ်းလင်း ထံ ဖုန်း ၀၁-၃၇၃ ၁၆၇ သို့ဆက်၍ ကြိုတင် စာရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း စုံစမ်းသိရှိရသည်။
  • ရခိုင် စုံစမ်းရေး ကော်မရှင်၏ နောက်ဆုံး အစီအရင်ခံစာ အမှန်အတိုင်း ဖြစ်ရန် ပြည်သူများ လိုလား
    မတ်လ ၁၅ ၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း
    ရခိုင် ပဋိပက္ခ စုံစမ်းရေးကော်မရှင်၏ နောက်ဆုံး အစီအရင်ခံစာ အမှန်အတိုင်းဖြစ်ရန် ပြည်သူများ လိုလား
    ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် ၏  သမ္မတထံ အစီအရင်ခံမည့်ရက်အား  နိုဝင်ဘာ ၁၆-ရက်နေ့မှ မတ်လ ၃၁- နေ့သို့ရွှေ့ဆိုင်းခဲ့ပြီး စုံစမ်းရေးကော်မရှင်အဖွဲ့၏ နောက်ဆုံး တင်ပြမည့် အစီအရင်ခံစာရက် မတ်လ ၃၁-နေ့ သည် တဖြည်ဖြည်းနီးကပ်လာသည်။
    ရခိုင်အရေးနှင့် ပတ်သက်၍ ၇-လကျော်ကြာ လေ့လာ သုတေသန ပြုခဲ့သော နိုင်ငံတော်သမ္မတ ထံတင်ပြမည့် ၄င်းအစီအရင်ခံစာနှင့် ပတ်သက်၍ အမှန်တရား အတိုင်း ဖြစ်စေရန် ပြည်သူများက လိုလားလျက်ရှိသည်။
    IMG_1083
    “ မကြာခင် နောက်ဆုံးအစီအရင်ခံစာ ထွက်မယ်လို့ ကြားရတယ်။ အဲဒီ အစီအရင်ခံစာကို  အမှန် အတိုင်း ဖြစ်စေချင်တယ်။ စုံစမ်းရေးကော်မရှင်က သုတေသနအဖွဲ့ဟာ စက်တင်ဘာ ၁၃-ရက်နေ့က တစ်ကြိမ် ၊ ၂၀၁၃ ဇန်န၀ါရီ လက တစ်ကြိမ် ကျော်နီမော်ကို ရောက်ပါတယ်။ ဗုဒ္ဓဘာသာ ရခိုင် လူမျိုးတွေဘက် နဲ့ အစ္စလာမ် ဘာသာဝင် တွေဘက်က ၂-ယောက်စီက သူတို့ အဖွဲ့နဲ့ တွေ့တယ်။ ရခိုင်တွေ ကတော့ ကျွန်တော် တို့ကို ဘင်္ဂလားကလာတဲ့ ဘင်္ဂလီတွေ လို့ စွပ်စွဲတယ်။ ကျွန်တော်တို့ရဲ့ မူလဇစ်မြစ်ကို အမှန်အတိုင်းသိရအောင် အဲဒီသုတေသန အဖွဲ့ကို ကျွန်တော်တို့က ကျောက်ထရံ ရွာကို ခေါ်သွားတယ်။ အဲဒီမှာ ဗလီကြီးနဲ့ ဗလီချေ ဆိုပြီး ဗလီနှစ်လုံးရှိတယ်။ အဲဒီ ဗလီကြီးတွေ ဆောက်တာ နှစ်ပေါင်း ၈၀၀-လောက်ရှိပြီ။ သူတို့အဖွဲ့ကို ဗလီကြီး ရဲ့ အုတ်ပြား တွေကို ပြ တယ်။ ဓါတ်ပုံရိုက်ခိုင်းတယ်။ အတိအကျသိချင်ရင် ဒီအုတ်ပြားတွေကို ကာဗွန်နည်းနဲ့ စစ်ဆေးနိုင်တယ်လို့ ကျွန်တော် တို့ ပြောပြခဲ့ တယ်။ သုတေသန အဖွဲ့လည်း ကျွန်တော်ပြတဲ့ အထောက် အထား တွေကို မှတ်တမ်းတင်ပြုစုသွား တာတွေ့ရ တယ်။ ကျွန်တော်တို့လည်းအမှန်အတိုင်းရှင်းပြခဲ့တယ် ” ဟု ရမ်းဗြဲမြို့ နယ် ကျောက်နီမော် ဒေသခံတစ်ဦးက ပြောပါသည်။
    ကျောက်နီမော်ကျေးရွာရှိ အစ္စလာမ် ဘာသာဝင်များသည် တိုင်းရင်းသား လူမျိုး ၁၃၅ စုစာရင်းဝင် ကမန် တိုင်းရင်းသားများဖြစ်ကြသော်လည်း နိုင်ငံသား မှတ်ပုံတင်ရာတွင် ကန့်သတ်မှုများနှင့် ရင်ဆိုင်ရသည်။ “မိသားစု ၀င်အားလုံးမှာ နိုင်ငံသားမှတ်ပုံတင်ရှိကြသော်လည်း ကဒ်မရသေးတဲ့ မိသားစုဝင်တချို့ကို အခုနောက် ပိုင်းမှာ နိုင်ငံသား မှတ်ပုံတင် မထုတ် ပေးကြဘူး။ မိဘမှာလည်းနိုင်ငံသားကဒ်ပြားရှိတယ် ၊ အစ်ကိုဖြစ် သူမှာလည်းနိုင်ငံသားကဒ်ပြားရှိတယ်။ ဒါပေ မယ့် ညီဖြစ်သူကျတော့ မထုတ်ပေးတာ တွေရှိနေတယ်။ ဒါဟာ ဥပဒေနည်းလမ်းမကျဘူး ” ဟု ၎င်းဒေသခံက ပြောပါသည်။
    ရခိုင်ပြည်နယ် ပဋိပက္ခအား လေ့လာ စုံစမ်းနေစဉ်ကာလအတွင်း မှာပင် ရခိုင်ပြည်နယ် နေရာများစွာတွင် အစ္စလာမ် ဘာသာဝင် များအား ဒုတိယအကြိမ် ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ခြင်းမရှိခဲ့ချေ။
    ၂၀၁၂၊ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ကျောက်နီမော် တောင်ပိုင်းရပ်ကွက်မှ စက်လှေငယ်တစ်စီးအား ရခိုင်လူမျိုး ၃၀ ပါ ငါးဖမ်းပိုက်ဆွဲ စက်လှေ ကြီးတစ်စီးက ပင်လယ်ပြင်တွင် တိုက်ပစ်နစ်မြုပ်မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။
    ၂၀၁၃ ဖေဖော်ဝါရီ ၆ရက်နေ့ တွင် ကျောက်နီမော်ကျေးရွာ ဟုံးဝရွာရှိ မွတ်စလင်နေအိမ်တစ်လုံးအား မီးကွင်းပစ် ခဲ့သဖြင့် အိမ်ခေါင်းမိုး လောင်ကျွမ်းခဲ့ရသော်လည်း တရားခံအား ဖမ်းဆီးအရေးယူခဲ့ခြင်းမရှိခဲ့ချေ။
    “အကြမ်းဖက်မှုတွေ ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေး ၊ စားဝတ်နေရေးတွေ ခက်ခဲသွားတယ်။ အဓိက က တော့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြတယ်။ ဒုတိယအကျော့ အကြမ်းဖက်ဖို့ ကြိုးပမ်းမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ နောက် မှာပြီးခဲ့တဲ့ ၂-လလောက်က တောင်ကုတ်ဘက် လှေတွေ ကျောက်နီမော်က ငါးဖမ်းလှေတချို့ကို တိုက်ခိုက် ခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ပင်လယ်ပြင်ကို သီးခြား မသွားရဲကြတော့ဘူး။ အုပ်စုလိုက်ပဲ ငါးဖမ်း ထွက်ကြ တော့တယ်” ဟု ဒေသခံများ၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ၎င်းးကရှင်းပြသည်။
    စုံစမ်းရေးကော်မရှင်သည် အဖွဲ့ငယ် ၈-ခုဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခဖြစ် ပွားရသည့် အကြောင်းရင်းများ၊ ပဋိပက္ခဖြစ် ပွား မှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် တခြား ထိခိုက်မှု များ၊ တည်ငြိမ်အေးချမ်း မှု ရရှိစေ ရန်အတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ ကယ်ဆယ်ရေး လုပ်ငန်း များနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင် ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်မှု၊ ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် ရေတို၊ ရေရှည် ဆောင် ရွက်သင့် သည့် အချက်များ၊ ကွဲပြားသော ဘာသာ အယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေ ထိုင်နိုင်မည့် နည်းလမ်းများ၊ ဥပဒေ စိုးမိုးရေး အကြံပြုချက်များ၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုး တက်မှုဆိုင်ရာ အကြံပြုချက်များကို ၇-လကြာ အချိန်ယူလေ့လာ ခဲ့သည်။
    “စုံစမ်းရေးကော်မရှင်ရဲ့ နောက်ဆုံး အစီအရင်ခံစာက ကျွန်တော်တို့အတွက် ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စုံစမ်းမှု လုပ်နေတဲ့အချိန်အတွင်းမှာပဲ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ ဒုတိယအကြိမ် အကြမ်းဖက်မှုတွေ ဖြစ်တယ်။ ဘာမှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ဘူး။ လူတွေပဲ ဒုက္ခသည်စခန်းရောက်သွားတယ်။ ပင်လယ်ထဲထွက်ပြေးခဲ့ရတယ်” ဟု စစ်တွေမြို့နေ ဒေသခံ တစ်ဦးက ပြောပါသည်။
    “ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးကို အခြေခံပြီး တင်ပြမယ်။ ဒါပေမယ့် မွတ်စလင်တွေရဲ့ အခြေ ခံ လိုအပ်ချက်တွေကို ထောက်ပံ့ပေးမယ်လို့ မမြင်ဘူး။ သိပ်အားကိုးလောက်တဲ့ အစီအရင်ခံစာ လို့မမြင်ဘူး” ဟု ရန်ကုန်မြို့မှ ဦးကျော်မင်းက သုံး သပ်သည်။
    IMG_1020
    ကုလသမဂ္ဂ ၊ အိုအိုင်စီ ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ၊ အာဆီယံ စသည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အလယ်တွင် ရခိုင်အရေးနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မျက်နှာမရဖြစ်ခဲ့ခြင်းအပေါ် ရခိုင်ကော်မရှင် မှ  အဖတ် ဆယ်နိုင်ရန် မျှမျှတတ ဖော်ပြနိုင်မည် ဟု အချို့က ယုံကြည်ကြသည်။
    “ကျွန်တော့်အထင်ကတော့ အခုထွက်မယ့် အစီအရင်ခံစာကို ရခိုင်ကရော ၊ ရိုဟင်ဂျာဘက်ကရော သိပ်ပြီး ကြိုက်ကြမှာ မဟုတ်ဘူးလို့ မြင်တယ်။ ရခိုင်တွေရဲ့ လူမျိုးရေး အစွန်းရောက်မှုတွေ ၊အကြမ်းဖက်မှုတွေ ရှိနေ သလို ရိုဟင်ဂျာတွေရဲ့ အားနည်းချက် တွေရှိနေတယ်။ ဒါကို အလယ်လတ်ကျကျ တင်ပြသွားမယ့်ပုံရှိတယ်။ ဘက်လိုက်မှု ရှိမှာ မဟုတ်ဘူး လို့ထင်တယ်။  အထူးသဖြင့် ရခိုင်ကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က နိုင်ငံတကာ အဆင့်ရှိတဲ့ ပညာရှင်ပဲ ”ဟု မော်လမြိုင်မြို့နေ နိုင်ငံရေး လေ့လာသူ တစ်ဦး က သုံးသပ်သည်။
    ၂၀၁၂  သြဂုတ်လ ၁၇ ရက်နေ့ သမ္မတရုံး ထုတ်ပြန်ကြေညာချက်ဖြင့် ဖွဲ့စည်းပေးလိုက်သော အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင် တွင်  အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဥက္ကဋ္ဌ ဟာဂျီ ဦးညွန့်မောင်သျှိန်နှင့် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း တို့အား နိုဝင်ဘာ ၁ရက်နေ့တွင် ခိုင်လုံသည့် အကြောင်းပြချက်မရှိပဲ သမ္မတရုံးအမိန့်ဖြင့် တာဝန်မှ ရပ်စဲခဲ့သဖြင့် ရခိုင်ကော်မရှင်တွင် ကိုယ်စားလှယ် ၂၅-ဦးသာ ကျန်ရှိတော့ သည်။
    IMG_1016
  • ဂျူးဘုရားကျောင်း ပိတ်ရမည့် အန္တရာယ်မှ ကယ်တင်နိုင်ရန် မွတ်စလင်များမှ ဝိုင်းပြီး ကူညီပေး
    မတ် ၇  ၊ ၂၀၁၃
    M-Media
    Ref: (JTA)
    Bradford-synagogue.jpg1_
    ဗြိတိန်နိုင်ငံ ဘရက်ဖို့ဒ်မြို့တွင် ကျန်ရှိနေသော ဂျူးဘုရားကျောင်းတစ်ခုအား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းပြီး၊ လူအများသို့လည်း ဆော်သြပေးမည်ဟု အင်္ဂလန်မြောက်ပိုင်းမှ မွတ်စလင်အဖွဲ့တစ်ခုက ကြေညာခဲ့သည်။
    ဘရက်ဖို့ဒ် ဗလီဝတ်ကျောင်းတော်များကောင်စီမှ ဘရက်ဖို့ဒ် ဂျူးဘုရားကျောင်း ရန်ပုံငွေတိုးပွားရေးအတွက် ဒေသတွင်းရှိ စည်ပင်သာယာရေးအဖွဲ့နှင့် မကြာသေးမီက စတင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နောင်လာမည့် မျိုးဆက်များအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခုအဖြစ် ကျန်ရစ်စေရန် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
    “ဂျူးဘုရားကျောင်း ဥက္ကဌက ဘုရားကျောင်းကို ထိန်းသိမ်းဖို့အတွက် မွတ်စလင်အသိုင်းအ၀ိုင်းကို အကူအညီတောင်းလာတဲ့အခါ၊ ကျနော်တို့ ပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ဟာ ကြန့်ကြာခြင်း မရှိခဲ့ပါဘူး။” ဟု ဘရက်ဖို့ဒ် ဗလီဝတ်ကျောင်းတော်များ ကောင်စီ၏ အတွင်းရေးမှူး ဇွလ်ဖီ ကရင်မ်(Zulfi Karim) က ဆိုသည်။
    ဘရက်ဖို့ဒ်မြို့၏ သိုးမွှေးနှင့် အထည်လိပ် စီပွားရေးအမြင့်ဆုံးအချိန်က ဥရောပမှ ဂျူးလူမျိုး အများအပြားသည် ဘရက်ဖို့ဒ်မြို့သို့ ပြောင်းရွှေ့ အခြေချခဲ့ကြသည်။ မကြာသေးမီ နှစ်များအတွင်း ဘရက်ဖို့ဒ်မြို့ရှိ ဂျူးလူမျိုးအရေအတွက်မှာ တဖြည်းဖြည်းလျော့နည်းလာခဲ့ပြီး ဂျူးဘုရားကျောင်းမှာလည်း ရန်ပုံငွေ နည်းပါးခြင်းကြောင့် ပိတ်ပစ်ရမည့် အန္တရာယ်နှင့် ရင်ဆိုင်လာ ခဲ့ရလေသည်။ ဘီဘီစီ သတင်းဌာန၏ မှတ်တမ်းအရ ၂၀၀၈ ခုနှစ် ဘရက်ဖို့မြို့တွင် ဂျူးလူမျိုး အနည်းဆုံး ၅၀၀ ခန့်ရှိသည်ဟု သိရသည်။
    “ဒေသတွင်းအာဏာပိုင်တွေရဲ့ အကူအညီနဲ့အတူ ဒီ ဂျူးဘုရားကျောင်းကို ထိန်းသိမ်းဖို့အတွက် ကျနော်တို့အားလုံး အတူတကွ လုပ်ဆောင်နေကြပါတယ်။” ဟု ဂျူးဘုရားကျောင်းဥက္ကဌဖြစ်သူ ရူဒီ လိဗ်ဗါ(Rudi Leavor) က ဆိုသည်။
    ၂၀၁၂ ခုနှစ်က ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ အင်္ဂလန်နှင့် ဝေးလ် တွင်ရှိသည့် အခြားနေရာများထက် ဘရက်ဖို့ဒ်တွင် ပါကစ္စတန်နိုင်ငံသား အများပြားရှိသည်ဟု သိရသည်။