News @ M-Media

Blog

  • တောင်စွန်း တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်စေရန် လုပ်ကြံဖန်တီး လှုံ့ဆော်မှုများ ဖြစ်ပေါ်နေ

    တောင်စွန်း တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်စေရန် လုပ်ကြံဖန်တီး လှုံ့ဆော်မှုများ ဖြစ်ပေါ်နေ

    M-Media
    နေသစ်ထွန်း

    ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာတွင် တရားပွဲအမည်ခံ အဓိကရုဏ်းလှုံဆော်ရေးဟောကြားမှုများ ၁၃ရက် ဆက် တိုက်ကျင်းပခဲ့ပြီးနောက် အစ္စလာမ် ဘာသာဝင်များအပေါ်ရန်လိုမှု ၊ ပဋိပက္ခဖြစ်ပေါ်စေရန် အကွက်ချ ဖန်တီးမှု တစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ “ ဇန်န၀ါရီလ မှာ ၉၆၉ မိတ်ဆက်ပွဲကို ဘုန်းကြီးငါးပါး နဲ့ ကျင်းပတယ်။ အဲဒါပြီးနောက် တောင် စွန်းက လူငယ်တွေ အဖွဲ့ဖွဲ့ပြီး မွတ်စလင် ဆိုင်တွေမှာ ဈေးမ၀ယ်ရေး ၊ ဆက်ဆံရေး မလုပ်ရေး စတာတွေ ကို လိုက်လံ လှုံ့ဆော် ပါတယ်။ ဇန်န၀ါရီ ၂၄ရက်နေ့ကစတင်ပြီး ၁၃ရက်ဆက်တိုက် တရားပွဲလုပ်တယ်။ အဲဒီတရားပွဲမှာ သိမ်ဇရပ်က ဆရာ တော် ဦးပညာဝရ က ရခိုင်ကိစ္စတွေ ၊ အစ္စလာမ် ဘာသာ နဲ့ ပတ်သက်လို့ ဆိုးဆိုးဝါးဝါး တိုက်ခိုက် ဟောပြော ခဲ့တယ်။ ” ဟု တောင်စွန်းမြို့ခံ တစ်ဦးက ပြောပါသည်။

    ယင်းတရားပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးနောက် အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင်များအကြား အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍  လုပ်ကြံဖန်တီးမှု တစ်ရပ်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

    “ကုလားဗလီကျောင်း အိမ်သာမှာ ဗုဒ္ဓဘာသာ သင်္ကေတ ၉၆၉ ကို ကုလားဗလီ ကျောင်းအိမ်သာ မှာ ရိုင်းရိုင်းစိုင်းစိုင်း ရေးထားတယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့မနက်မှာ မမှန် သတင်းလွင့်တယ်။ ဒီတော့ မြို့ခံတွေလည်း စုရုံး ၊စုရုံးဖြစ်ကုန်ကြ တယ်။ တကယ် တော့ အဲဒီစာကို ဗလီ မဒ်ရဆာ ကျောင်းအိမ်သာမှာ ရေးထား တာမဟုတ်ပဲ ဗလီနားက မွတ်စလင် အိမ် တစ်အိမ်ရဲ့ အိမ်သာမှာ ရေးထားတာကို တွေ့ တယ်။ ဒါနဲ့ ရဲတွေက အဲဒါကို ဓါတ်ပုံရိုက် ၊ မှတ်တမ်း တင်ပြီး အိမ်ပိုင်ရှင် မွတ်စလင်ကောင်လေး ကိုခေါ်စစ်တယ်။ နောက် တော့ ပြန်လွတ်ပေးလိုက်တယ်။ မွတ်စလင် ကောင်လေးက အဲဒါကို သူလုပ်တာမဟုတ် ဘူး။  အဲဒီစာကို တွေ့ တာက လည်း မနက် အစောကြီး ဗုဒ္ဓ ဘာသာကောင်လေး တစ်ယောက် တွေ့ တာပါ။  မြို့ခံ တွေကတော့ မွတ်စလင် နဲ့ ဗုဒ္ဓ ဘာသာအကြား ပဋိပက္ခဖြစ်အောင် ဒီလိုမျိုး အကွက်ချစီစဉ်တာဆိုတာ သိ နေကြတယ်။ ”ဟု ၄င်းမြို့ခံ ကပြောပါသည်။

    ပြီးခဲ့သည့် ၂၀၁၂ နှစ် တန်ဆောင်တိုင်လပြည့်နေတွင်လည်း ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာတွင် အလားတူ မမှန် သတင်း ထုတ်လွင့်မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းဘုန်းရန် စီစဉ်ထားသော အိုးခွက်ပန်းကန် များကို မွတ်စလင်တစ်ဦးမှ ပစ်ခွဲသွားသည်ဟု လုပ်ကြံသတင်းလွင့်ခဲ့သည်။ ယင်းကိစ္စအား နှင်းပုလဲ နှင့် ဘီးလင်း အခြေစိုက် နယ်မြေခံ ရဲတပ်ဖွဲ့မှ အချိန်မှီဖြေရှင်းပေးခဲ့ရကြောင်းသိရသည်။

  • ရခိုင်ရောက် MSF ခြိမ်းခြောက်ခံရ

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၃
    VOA

    4
    ဟော်လန် နိုင်ငံ အခြေစိုက် INGO တစ်ခုဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့
    (AZG)က ရခိုင်ပြည်နယ် စစ်တွေမြို့ မိဇံရပ်ကွက်တွင် အသစ်ဖွင့်လှစ်မည့် ရှုခင်း သာ ဆေးခန်းကို ရခိုင်လူမျိုးများ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉နာရီတွင် ကန့်ကွက်နေစဉ်။ (ဓါတ်ပုံ The Voice)

    ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အကူအညီပေးနေတဲ့ MSF လို့ခေါ်တဲ့ နယ်စည်းမထား ဆရာဝန်များ အဖွဲ့က လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ ကြုံနေရတာကြောင့် အစိုးရကရော ပြည်သူလူထုကပါ ၀ိုင်းဝန်းကူညီကြပါရန် တိုက်တွန်းလိုက်ပါတယ်။  ရခိုင်ဒေသခံလူတချို့က MSF ၀န်ထမ်းတွေကို ခြိမ်းချောက်တာ၊ ရန်လိုတာ၊ ဘက်လိုက်တယ်လို့ စွပ်စွဲတာ စသဖြင့် နှောက်ယှက်ခံနေရတာကြောင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ အဆင်မပြေဖြစ်နေရတယ်လို့ MSF ရဲ့ မြန်မာပြည်ရုံးအကြီးအကဲ Peter Paul de Groote က ဒီကနေ့ပြောဆိုလိုက်ပါတယ်။  ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

    MSF ခေါ်နယ်စည်းမထား ဆရာဝန်များအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း Mobile Clinic လို့ခေါ်တဲ့ နယ်လှည့်ဆေးခန်း ၂၀ကျော်နဲ့ ဒုက္ခသည်တွေရဲ့ ကျမ်းမာရေးကို ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ အဲ့ဒီ့နယ်လှည့်ဆေးခန်းတွေနဲ့ မူစလင်ဒုက္ခသည်စခန်း ၁၅ခုနဲ့ ရခိုင်ဒုက္ခသည် စခန်း ၅ခုကို အကူအညီပေးနေတာပါ။ ဒီနယ်လှည့်ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျမ်းမာရေးဝန်ထမ်းတွေရဲ့ လတ်တလောရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့  MSF ရဲ့ မြန်မာနိုင်ငံရုံး အကြီးအကဲ Peter Paul de Groote က VOA ကို အခုလိုပြောပြပါတယ်။

    “ကံမကောင်း အကြောင်းမလှဘူးလို့ဘဲ ပြောရမှာပါ။ လူနည်းနည်းဘဲပါပေမယ့်လည်း အသိုင်းအ၀ိုင်းမှာ သြဇာရှိတဲ့ လူတစ်ချို့ရဲ့ ခြိမ်းခြောက်အကျပ်ကိုင်တာတွေကို ကျနော်တို့ရဲ့ ၀န်ထမ်းတွေ ရင်ဆိုင်နေကြရပါတယ်။ ကျန်းမာရေးအကူအညီ လိုအပ်နေတဲ့ လူတွေဆီကို ကျွန်တော်တို့ ၀န်ထမ်းတွေ အရောက်သွားနိုင်ဖို့ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရပါတယ်။”

    ဒီလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပေမဲ့ ထိထိရောက်ရောက် အကူအညီတွေ မပေးနိုင်တာတွေကိုလည်း Mr Groote က အခုလိုရှင်းပြပါတယ်။

    “ကျွန်တော်တို့ ဒီလိုအခက်အခဲတွေ့တိုင်းမှာ ဒေသခံ အာဏာပိုင်တွေကို အကူအညီတောင်းပါတယ်။ ပြည်နယ်အဆင့်၊ နေပြည်တော် အဆင့်ထိတောင် ကျွန်တော်တို့ ပန်ကြားနေပါတယ်။ သူတို့အားလုံးကလည်း ပူးပေါင်းပံ့ပိုး ပေးနေတာပါပဲ။ ဒါပေမဲ့ ကျွန်တော် မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ထိရောက်အောင် လူသိရှင်ကြား အကူအညီပေးဖို့ပါ။ MSF တစ်ဖွဲ့တည်းအတွက် မဟုတ်ပါဘူး။ တခြားလူမှုရေးအကူအညီပေးနေတဲ့ အဖွဲ့ တွေအတွက်လည်း အကျိုးရှိမှာပါ။ အခုတွေ့နေရတာက တကယ့်လက်တွေ့မှာ လိုအပ်ချက်နဲ့ ကျွန်တော်တို့ ပံ့ပိုးပေးနိုင်တဲ့ အကူအညီက သိပ်ကိုကွာဟနေတာပါပဲ။ ဒါကို ပြေလည်အောင် အစိုးရက အကူအညီပေးဖို့ လိုပါတယ်။”

    ရခိုင်ပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း လက်ကမ်းစာစောင်တွေနဲ့တမျိုး၊ လူမှုကွန်ရက်တွေကတဆင့် ဘက်လိုက်တယ်လို့ စွတ်စွဲပြောဆိုနေ တာတွေကြောင့် နိုင်ငံတော် အစိုးရကရော၊ ပြည်သူလူထုကပါ ဝိုင်းဝန်း ကူညီပံ့ပိုးပေးဖို့လိုပါတယ်လို့ Mr Groote က ပြောပါတယ်။

    “ကျနော်တို့ MSF ဆိုတာဟာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဘယ်လိုပဋိပက္ခမျိုးမှာ မဆို ဘယ်ဖက်ကမှ မလိုက်ဘဲ မျှမျှတတ ကြားနေ ရပ်တည်တဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် လူထုရဲ့ အကူအညီလည်း လိုအပ်ပါတယ်။ ရှင်းရှင်းပြောရ ရင်တော့ အကူအညီ အပူတပြင်း လိုအပ်နေတဲ့ လူတွေ ရှိနေတဲ့အတွက် သူတို့ဆီ အရောက်သွားပြီး အကူအညီပေးနိုင်ဖို့ အစိုးရကိုမေတ္တာ ရပ်ခံနေတာဖြစ်ပါတယ်။”

    ရခိုင်ပြည်နယ်မှာ ၂၀၁၂ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူပေါင်း ခုနှစ်သောင်းခွဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို၊ အောက်တိုဘာလမှ ထပ်မံဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူလေးသောင်းခန့်ဟာလည်း ယာယီစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ MSFရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

  • သမိုင်းဟူသည် ဤသို့တည်-၉ [“ဒါကာ” နှင့် “ဓားကာ” အလွဲ- လူတို့သဘာဝ]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်

    Thamine-Hu-the

    “ဒါကာ” နှင့် “ဓားကာ”

    စာမျက်နှာ (၅၃) မှာရေးထားတာကတော့မဂိုဘုရင်ဩရန်ဇစ်မင်းကရခိုင်ဘုရင်တွေပိုင်တဲ့ ဒါကာ မြို့ကို မကြာခဏဝင်ရောက် ကျူးကျော်လေ့ရှိပြီး ရခိုင်တွေက ဓားကိုင်ကာကွယ်ခဲ့တဲ့ အတွက်အဲဒီမြို့ ကို ဓားကာ လို့ခေါ်တွင်ခဲ့ရပါတယ်တဲ့။ အလွဲကြီး မှားနေပြန်ပါတယ်။

    ပထမ အလွဲအမှားကြီးကတော့- ဩရန်ဇစ်မင်းဟာ ဒါကာမြို့ကို ဘယ်တုန်းကမှ မကျူးကျော်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် ဩရန်ဇစ်မင်း မတိုင်ခင်ကတည်းကိုက ဒါကာ ဟာ မဂိုမင်းလက် အောက်မှာ ရှိခဲ့လို့ပါဘဲ။ ဒါကာ ဒေသဟာ ရခိုင်ဘုရင်တွေ လက်ထဲရှိခဲ့တာက ဟိုးပဝေသဏီကပါ။ ရခိုင်ဘုရင်တွေလက်ထဲကနေ အေဒီ ၉ ရာစုမှာ ဟိန္ဒူသေနမင်းတွေ လက်ထဲရောက်၊ သေနမင်း တွေ လက်ထဲကနေ ဘင်္ဂလားဘုရင်တွေ (Delhi Sultanate) လက်ထဲရောက်၊အဲဒီကမှ တစ်ခါ အေဒီ ၁၆၀၈ မှာ မဂိုဘုရင်တွေ လက်ထဲရောက်ခဲ့ တာပါ။ မဂိုဘုရင်တွေက ရခိုင်တွေဆီကနေ တိုက်ရိုက် သိမ်းပိုက်ခဲ့တာလည်းမဟုတ် ပါဘူး။  (ကိုးကား- South Asia: Eastern Himalayan Culture, Ecology and People, Hasna Jasimuddin Moudud. Encyclopaedia of Bangladesh, Nagendra K. Singh. Encyclopaedia of the Muslim World, Taru Bahl & M.H. Syed.)

    အဲဒီ အချိန်က မဂိုမင်းလက်အောက်မှာရှိတဲ့ ဘင်္ဂလားနယ်တွေကို ရခိုင် ဘုရင်တွေက သာလျှင် မကြာခဏ ကျူးကျော် သိမ်းပိုက်လေ့ရှိပါတယ်။ မြောက်ဦး ဘုရင် မင်းခမောင်းဟာ ပေါ်တူဂီတွေနဲ့ ပေါင်းပြီး မဂိုမင်းပိုင် ဘင်္ဂလားနယ်တွေကို ကျူးကျော်တိုက်ခိုက်၊တွေ့သမျှ လူတွေကို ဖမ်းဆီးပြီး ဒတ်ခ်ျတွေထံကျွန်အဖြစ်ရောင်းစားခဲ့တာဖြစ်ပါတယ်။ အဲဒီလို ကျူးကျော်ရင်း မင်းခမောင်းဟာ အဲဒီ အချိန်ကမဂိုမင်းတွေပိုင်တဲ့ ဒါကာ မြို့ကို တောင် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းတွေ ဟာ Ohio University မဟာ ကျောင်းသား Michael W. Charney ကသူ့ရဲ့ မဟာ ဝိဇ္ဇာဘွဲ့ အတွက် ၁၉၉၃ မှာ ပြုစုခဲ့တဲ့ Arakan, Min Yazagyi, and the Portuguese: The Relationship Between the Growth of Arakanese Imperial Power and Portuguese Mercenaries on the Fringe of Mainland Southeast Asia 1517-1617 မှာအကျယ်တဝင့်ပါရှိပါတယ်။

    ရခိုင်ဘုရင်တွေ ကျူးကျော်သိမ်းပိုက်ထား တဲ့ မဂိုပိုင် “ဒါကာ” မြို့ကိုဩရန်ဇစ်မင်းက ပြန်လည် တိုက်ခိုက် သိမ်းယူခြင်းသာဖြစ်ပါလိမ့်မယ်။ ဒါကာ ရဲ့ ရာဇဝင် သမိုင်းကြောင်း သိချင်ရင်၊ မ “အ” ချင်ရင် B.C Allen ရဲ့ Eastern Bengal District Gazetteers: Dacca (၁၉၁၂) ကိုဖတ်ကြည့်ပါလို့ အကြံပေးလိုပါတယ်ခင်ဗျား။

    ဒုတိယ အလွဲအမှားကြီးကတော့- ရခိုင်တွေက ဓားကိုင်ကာကွယ်ခဲ့လို့ ဓားကာ လို့ခေါ်ရင်း ဒါကာ ဖြစ်လာတယ်ဆိုတဲ့ အချက်ပါ။ အဲဒီအဆိုဟာ ပါးစပ် ရာဇဝင်သာဖြစ်ပါ လိမ့်မယ်။ ဘာကြောင့် လဲဆိုရင်”ဒါကာ” ဆိုတဲ့ အမည်ဟာ ဟိန္ဒူနတ်ဘုရားဒေဝီ Dhakeshwari ကို အစွဲပြုဆင်း သက်လာတယ်လို့အချို့ပညာရှင်တွေက ယူဆသလို၊ “ဒါကာ” ဆိုတာ အဲဒီဒေသမှာအမြောက်အများ ရှိတဲ့ “ဒဟ်က်” လို့ ခေါ်တဲ့ အပင် (သိပ္ပံအမည်-Butea Frandosa) ကို အစွဲပြု ဆင်းသက်တာလို့ အချို့ ပညာရှင်တွေက ဆိုကြပါတယ်။ အချို့ ပညာရှင်တွေကတော့ “ဒဟ်က်”ဆိုတာ ဘင်ဂါလီဘာသာ စကားနဲ့ “ဗုံကြီး” ကိုခေါ်တာဖြစ်ပြီး၊ အေဒီ ၁၆၀၈ မှာ မဂိုမင်းရဲ့ ဘုရင်ခံ Shaikh Alauddin Islam Khan က အဲဒီမြို့ကို မဂိုအင်ပါယာရဲ့မြို့တော်အဖြစ်ကြေညာပြီး နယ်နိမိတ်ကိုဗုံကြီးတွေတီးသတ်မှတ် ရာကနေ “ဒါကာ” မြို့လို့ ခေါ်တွင်ခဲ့တာဖြစ်ကြောင်းဆိုကြပါတယ်။ ဘယ်လိုဘဲ ဆိုကြပါစေ၊ သေချာတာကတော့ “ဒါကာ” ဆိုတာ”ဓားကာ” ကနေဆင်းသက်တာမဟုတ်ပါဘူး။ ရှေးခေတ်က မြို့တွေရွာတွေကို ခုခံ ကာကွယ်ရင် ဓား၊ လှံတို့ကို အသုံးပြုရတာပါ။ အဲဒီလို အသုံးပြုရတိုင်းသာ မြို့တွေ ရွာတွေကို အမည် ပေးရရင်ဖြင့် မြန်မာပြည်ကမြို့တိုင်းရွာတိုင်းနီးနီးရဲ့ အမည်ဟာ “ဓားကာ”၊”လှံကာ” တွေဖြစ်ကုန်မှာ ပေါ့။ သမိုင်းကို သမိုင်းလို ရေးရပါတယ်၊ မှတ်တမ်းတင်ရပါတယ်။ ပါးစပ်ရာဇဝင်တွေ၊ လျှာပေါ်လာ တောင်စဉ်ရေ မရတွေလျှောက်ရေးရင် သမိုင်းတွေပျက်ကုန်မှာပါ။ (ကိုးကား-Dacca- a record of Its Changing Fortunes, Dr Ahmed Hasan Dani)

    လူတို့သဘာဝ

    ရခိုင်ပြည်နယ်မောင်းတော ၊ ဘူးသီးတောင်မြို့တွေမှာ ဒေသခံတိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေရှိသလို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလည်းရှိနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ခိုးဝင်ပြီး အခြေချနေထိုင်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း အများကြီးရှိပါတယ်။ တစ်ဖက်နဲ့တစ်ဖက်ခိုးဝင်တယ် ဆိုတာက နယ်စပ်ချင်း ထိစပ်နေတဲ့နေရာတွေရဲ့ သဘာဝပါဘဲ။မြန်မာနိုင်ငံနဲ့နယ်စပ်ခြင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံဖက်ကို ခိုးဝင်ပြီး အခြေချနေထိုင်နေတဲ့မြန်မာတွေရှိသလို၊မြန်မာနိုင်ငံနဲ့နယ်စပ်ခြင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံဖက်ကို ခိုးဝင်ပြီး ရေကြည်ရာမြက်နုရာ အခြေချနေတဲ့ မြန်မာတွေလည်း ဒုနဲ့ဒေးပါ။ မြန်မာနိုင်ငံနဲ့နယ်ချင်း မထိတဲ့ မလေးရှားတို့ စင်ကာပူတို့ အထိတောင် ရောက်အောင်ခိုးဝင်ပြီး အလုပ်လုပ်ကိုင်နေထိုင်သူမြန်မာ လူမျိုးတွေ တစ်ပုံတစ်ပင်ပါ။ ဒါတွေဟာ သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်တွေက မိမိတို့ရဲ့နယ်စပ်တွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံနဲ့ဘဲဆိုင်ပါတယ်။ လူတွေရဲ့သဘာဝကိုက ရေကြည်ရာအရပ်ကို ရှာဖွေနေထိုင် တတ်တာပါ။ မြန်မာစကားမှာ စကားပုံတောင်ရှိပါတယ်၊ “တစ်ရွာမပြောင်းသူကောင်းမဖြစ်” ဆိုပြီး။

    ဒေသတစ်ခုမှာ ဗုဒ္ဓဘာသာများလာရင်စေတီပုထိုး ဘုန်းကြီးကျောင်းဆောက်လာကြမှာပါ။ဒေသ တစ်ခုမှာ ခရစ်ယျာန် ဘာသာဝင်များလာရင် ခရစ်ယျာန်ဘုရား ရှိခိုးကျောင်းတွေဆောက်လာမှာပါ။ ဒေသတစ်ခုမှာ မွတ်စ်လင်မ်များလာလို့ ဗလီဝတ်ကျောင်းတွေဆောက်ချင်တာ၊ဆောက်ခဲ့တာဟာ သမိုင်းစာအုပ်လို့အမည်ခံထားတဲ့ စာအုပ်မျိုးမှာ အထူးတလည်ရေးပြနေစရာ မလိုဘူးလို့မြင်ပါတယ်။မြန်မာနိုင်ငံ အနှံ့အပြားမှာ ခရစ်ယျာန်ဘုရားကျောင်းတွေလည်းအများကြီးပါ။ ဟိန္ဒူဘုရားကျောင်း တွေလည်း အများကြီးပါ။ ဗလီကြီးတွေ ဟီးနေအောင်ဆောက်တယ်ဆိုတာက ဘာသာတရားအပေါ် ထားတဲ့စေတနာပေါ့ခင်ဗျာ။ အဲလို ဟီးနေအောင်ဆောက်တော့လည်း မနာလိုစိတ်ရှိသူ လူဆိုးတွေက ဖျက်လိုဖျက်စီးလုပ်ကြပါရော။

    ဆက်ရန်- သမိုင်းဟူသည်ဤသို့တည် [မွတ်စ်လင်မ်ဆိုတာလူမျိုးလား-မြန်မာနိုင်ငံ နှင့် မွတ်စ်လင်မ်]

    1

    Dacca sandar lain

  • အမေရိကန်မှာ အစ္စလာမ်ပညာရေး ပေါင်းစပ်သင်ကြားသည့် ပထမဆုံး မွတ်စလင်ကောလိပ်ဖွင့်လှစ်

    ဖေဖော်ဝါရီ ၄ ၊ ၂၀၁၃

    zaytuna
    အမေရိကန်၊ ကာလီဖိုးနီးယားပြည်နယ်က Zaytuna College ကျောင်းဟာ အနောက်တိုင်း ခေတ်ပညာနှင့် အစ္စလာမ် ပညာရေးတို့ကို ပေါင်းစပ်ပြီး သင်ကြား သွားမှာဖြစ်ပါတယ်။

    ယခုလို အစ္စလာမ့်ပညာရေးနှင့် ပေါင်းစပ်သင်ကြားတဲ့ ကောလိပ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးဖြစ်တယ်လိုဆိုပါတယ်။ ယခုဖွင့်လှစ်လိုက်တဲ့ မွတ်စလင်မ် ကောလိပ်ရဲ့ ရည်ရွယ်ချက်က အစ္စလာမ်ပညာရေးစနစ်နဲ့ အနောက်တိုင်း အတွေးအခေါ်တို့ကို ဆက်စပ်သင်ကြားပြီး လွတ်လပ်စွာတွေးခေါ် ဝေဖန်ဆန်းစစ်မှု့ကို ဦးစားပေးဆွေးနွေးမှုကို အားပေးတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

    လတ်တလောမှာ ကျောင်းသား ၃၁ ယောက်နှင့် Baptist ကျောင်းဝန်းထဲက မြေဌားရမ်းပြီး စတင်ဖွင့်လှစ်ထားပါတယ်။


    Source: Al Jazeera

  • ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး ဟောပြောပွဲ သန်လျင်တွင် ပြုလုပ်မည်။

    ဖေဖော်ဝါရီ ၆ရက် ၊၂၀၁၃
    M-Media
    သတင်း- ဆောင်းနှင်းမှုံ

    OLYMPUS DIGITAL CAMERA

    ၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ်၁၂.၂.၂၀၁၃ နေ့၌ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဟောပြောပွဲကို (၁၅)ပေ အခမဲ့ရွာ (သဘာဝတရားရိပ်သာ) သန်လျင်မြို့ (ကျိုက်ခေါက်ဘုရားနှင့် အရှေ့ပိုင်းတက္ကသိုလ်ကြား) တွင် နံနက်၁၁နာရီမှ နေ့လည် ၂နာရီအထိ  ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါပွဲကို မေတ္တာကမ်ပိန်း မှ ဦးဆောင် ဦးရွက်ပြု၍ ကျင်းပခြင်းဖြစ်ကြောင်း နှင့် ဟောကြားသည့် ဆရာတော်များမှာ
    ၁) ဦးဝဏ္ဍဝံသ ( Phd Thesis) အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်
    ၂) အရှင် ဦးဥတ္တမ သာရ  ( သဘာဝတရားရိပ်သာ သန်လျင်မြို့)
    ၃) ဓမ္မကထိက အလ်ဟဂ်ျ ဦးအေးလွင် (M.Sc) (ဦးဆောင် ဆော်သြရေးမှူး အစ္စလာမ် ဓမ္မဗိမာန်)
    ၄)ဆရာတော် စရီ ဦးမောင်မြင့်  (မဟာသိဒိတင် မဟာပဏ္ဍိတဂုရု – အိန္ဒိယ)
    ၅) Rev,Rr. George Shwe Tun  (ကက်သလစ်ဂိုဏ်းချူပ်ကျောင်း ရန်ကုန်မြို့) တို့ ဖြစ်ကြကြောင်းသိရှိရသည်။

    ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်ကို နေ့လည်စာဖြင့် ဧည့်ခင်းကျွေးမွေးမည်ဖြစ်ကြောင်း သိရပါသည်။