News @ M-Media
Blog
  • မင်းပြားမြို့နယ်တွင် ရိုဟင်ဂျာလူမျိုး(၆)ဦး အသတ်ခံရ
    မင်းပြားမြို့နယ်တွင် ရိုဟင်ဂျာလူမျိုး(၆)ဦး အသတ်ခံရ
    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃
    M-Media
    မင်းပြား  ။          ။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ပေါက်တောမြို့နယ်သို့ ၉.၂.၂၀၁၃ တွင် ဈေးဝယ်ရန်ထွက်ခွာသွားသော ရိုဟင်ဂျာ(၆)ဦးသည် ၁၁.၂.၂၀၁၃ နေ့တွင် စက်ကဲပြင်ကျေးရွာ အနီး၌ ရခိုင်အကြမ်းဖက်သမား တစ်စု၏ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရကြောင်း သတင်းရရှိသည်။
    ဖြစ်ပွားပုံမှာ ၂၀၁၂ ခု အောက်တိုဘာလက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် အကြမ်းဖက်မှုများကြောင့် မင်းပြားမြို့နယ်ရှိ ရိုဟင်ဂျာလူမျိုးများ အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ရှိသွားပြီး ဘက်ပေါင်းစုံတွင် ဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသည့် အပြင် စားနပ်ရိက္ခာအခက်ကြုံနေရသည်။ ထို့ကြောင့် မိမိ အသက်အန္တရာယ်ကိုပင် မငဲ့ကွက်နိုင်တော့ပဲ မိသားစုဘဝ စားဝတ်နေရေးအတွက် ဈေးဝယ်ရန် မင်းပြားမြို့နယ် နာဂါရာ (ခ) ဖောက်ဆဲဖာရွာမှ ရိုဟင်ဂျာ လူမျိုး(၇)ယောက်သည် ဟွန်ဒါစက်တပ်လှေငယ်ဖြင့် ပေါက်တောမြို့နယ်သို့ ဈေးဝယ်ရန် မင်းပြားမှ ၉.၂.၂၀၁၃ နေ့ ညနေ ၅း၀၀နာရီခန့်မှာ ထွက်ခွာခဲ့ကြောင်း၊ ယင်းသို့ ထွက်ခွာခဲ့ပြီးနောက် ၁၁.၂.၂၀၁၃ နေ့ မနက် ၄း၀၀ နာရီခန့်တွင် ပေါက်တောမြို့နယ်ရှိ ရိုဟင်ဂျာ လူမျိုးများနေထိုင်သော စစ်ကဲပြင်ကျေးရွာအနီး မရောက်မီ ရခိုင်လူမျိုးများနေထိုင်သော ကြင်ရှင်ရွာမှ ရခိုင်အကြမ်းဖက်လူတစ်စုသည် ယင်းရိုဟင်ဂျာများ၏ လှေငယ်နောက်သို့ မော်ဘုတ်ဖြင့် လိုက်လာပြီး ဓါးများနှင့် ခုတ်ကြောင်း၊ ယင်းသို့ ဓါးဖြင့် လိုက်လံခုတ်မှုကြောင့် ဟွန်ဒါစက်လှေငယ်ပေါ်ရှိ ရိုဟင်ဂျာလူမျိုး(၇)ယောက်မှ မပြေးနိုင်ဘဲ အကြမ်းဖက်သမားတစ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ထိုသို့အဖမ်းခံနေရစဉ်တွင်ပင် ကိုဟာဘီအာလာမ်(ဘ)ဦးမာဘူး (၃၅)နှစ်သည် စွန့်စားပြီး ရေထဲခုန်ဆင်း၍ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ကျန်သော ရိုဟင်ဂျာ(၆)ယောက်မှာမူ ရခိုင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှု ခံလိုက်ရကြောင်းသိရသည်။
    ထိုထွက်ပြေးလွတ်မြောက်လာသော ကိုဟာဘီအလာမ်က အနီးအနားရှိ လုံခြုံရေးစစ်တပ်ကို အချိန်မီသတင်းပေးပို့ခဲ့သော်လည်း စစ်တပ်မှအချိန်မီ သွားရောက် အရေးယူမှု မရှိကြောင်းနှင့် အသက်ဘေးမှ လွတ်မြောက်လာသူ ကိုဟာဘီးအာလာမ် ကိုလည်း ယခုအခါ စစ်တပ်မှ ဖမ်းဆီးထားကြောင်းသိရသည်။
    ရခိုင်အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရသော ရိုဟင်ဂျာ(၆)ယောက်မှာ
    (၁) နာဂါရာရွာမှ နူရုလ်အာမိန့်  (ဘ) နူရ်ဆော်လာမ်          အသက်(၃၀)၊
    (၂) နဂါရွာမှ အဒူကာဒိရ် (ဘ) အီမာန်ဟူဆန် အသက်(၁၈)နှစ်၊
    (၃) လက်မရွာမှ အဒူမာဘူ (ဘ) ဒိလ်မိုဟာမာတ် အသက်(၃၀)နှစ်၊
    (၄) ဘေလာလ် (ဘ)နော်ဘီဟူဆာန်  အသက်(၁၈)နှစ်
    (၅)မော်နီအမာတ် (ဘ)ဂျော်လာလ်အမာတ် အသက်(၂၂)နှစ်၊
    (၆) ချော်ဘူလ္လာ (ဘ) မိုဟာမာတ်ဟူဆာန် အသက်(၂၈)နှစ် တို့ဖြစ်ကြောင်းသိရသည်။
  • “အနီရောင် ပြက္ခဒိန် တစ်ခုပေါ်က အမည်းစက်များ” (ကဗျာ)
    ဖေဖော်ဝါရီ ၁၄ ၂၀၁၃
    M-Media
    အိမ်ဝေးသူ
    xxxxxx
    •       တကယ်ဆို ဖေဖော်ဝါရီဟာ..
    ပင်လုံညီလာခံကြောင့် လှပခဲ့ဖူးပါတယ်
    အောင်ဆန်းဇာနည် ဖွားမြင်မှုကြောင့် တောက်ပခဲ့ဖူးပါတယ်
    ခုတော့လည်း…
    လောကပါလတရားနဲ့ ဝေး
    လောဘတရားများနဲ့ အရေခွံခြုံသူတစ်ချို့ ကြောင့်
    ဖေဖော်ဝါရီရဲ့ အလှ စွန်းထင်းရတော့မယ်နဲ့ တူပါရဲ့ ။။။
    •       ညီမလေးရဲ့ အပျိုစင် ကျင့်ဝတ်တွေ…
    ညီလေးရဲ့ လူငယ်တစ်ယောက် စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ
    ချောကလက်တစ်တောင့်နဲ့ နှင်းဆီတစ်ပွင့်
    “Happy Valentine’s Day”ဆိုတာလောက်နဲ့ 
    Discount ပေးပစ်လိုက်ရမယ်ဆိုရင်
    ဟောဒီ..ပြက္ခဒိန်က ၁၄ရက်နေ့ ဆိုတာကို
    ငါ..ဆုတ်ဖြဲလိုက်ချင်တော့တယ်…။။။
    •       ငါ့ရဲ့ ချစ်လှစွာသော ကောင်မလေးရေ…
    ကမ္ဘာ့တောင်ဖက်ခြမ်းက
    လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံ ရိုက်ခတ်သံကြောင့်
    ကမ္ဘာ့မြောက်ဖက်ခြမ်းမှာ မုန်တိုင်းတစ်ခု ဖြစ်နိုင်သေးရင်
    ကမ္ဘာတစ်ဖက်ခြမ်းမှာနေတဲ့
    မင်းနဲ့ ငါရဲ့ ကိုယ်ကျင့်တရားစောင့်ထိန်းမှုကြောင့်
    ကမ္ဘာတစ်ဖက်ခြမ်းက လူသားမျိုးနွယ်စုအတွက်
    သာယာလှပတဲ့ ရာသီဥတုကို ပိုင်ဆိုင်ခွင့်ရကြတဲ့အတွက်
    မင်း..ဂုဏ်ယူတတ်စမ်းပါကွာ…။။။
    •       ငါ့ရဲ့ ချစ်လှစွာသော ဆည်းလည်းချိုလေးရေ…
    ငါ့ရင်ထဲက Valentines ပန်းတွေ
    မင်းအတွက် နေ့ စဉ် ပွင့်ခဲ့ဖူးပါတယ်
    ငါ့ရဲ့ စောင့်ထိန်းတတ်မှုကို လည်း
    မင်း…မှတ်ကျောက်တင်ကြည့်ခဲ့ဖူးပါတယ်…
    မတရားတာ လုပ်မိနိုင်ပေမယ့်
    မသမာတာ..ငါမလုပ်တတ်ဘူးဆိုတာလည်း
    မင်းနှလုံးသားက သက်သေထူခဲ့ဖူးပါတယ်…။။။
    •       ဒါနဲ့ များတောင်..
    ချစ်သူများနေ့ ခေါင်းစဉ်အောက်
    လက်တစ်ဖျစ်စာ နွေးထွေးမှုအတွက်
    ငါ့ကို…မကျေနပ်ဘူးဆိုရင်
    ချစ်သူများနေ့ လို့ လည်း ငါ..နာမည်မတပ်ဘူး
    မုန်းသူများနေ့ ဆိုပြီးလည်း ငါ..ငို မနေတော့ဘူး
    လွင်တီးခေါင်မှာ..ရေငတ်ခံဗုံတီး
    ငါ့ ကံကြမ္မာလို့ နာမည်တပ်ရင်း
    Mr..Valentine ကိုပဲ.. အပြစ်တင်လိုက်တော့မယ်…။။။
    •       ဘယ်လိုပြောပြော
    အကောင်း..အဆိုး အချိုးချရင်
    ဆိုးကျိုးများတဲ့…ချစ်သူများနေ့ 
    သွေးသား ဖလှယ်ရေးကို
    အသားပေးလာတဲ့…ချစ်သူများနေ့ 
    ဘူးသီး…သီးတော့မှ
    လက်ညှိုးထိုးချင်ကြတဲ့…ချစ်သူများနေ့ 
    လူ့ အခွင့်အရေး ခေါင်းစဉ်အောက်မှာ
    လူသားတွေရဲ့ ကိုယ်ကျင့်တရားတွေ
    အဖျက်အစီးခံရတဲ့ ချစ်သူများနေ့ .
    တစ်ရက်တည်းနဲ့ လူခြောက်သိန်းကို
    HIV ရောဂါသည်အသွင်ပြောင်နိုင်စွမ်းရှိတဲ့…ချစ်သူများနေ့ …။။။
    •       ကဲ…
    ဘယ်သူတွေ ဘယ်လိုပဲ ပြောကြစမ်းပါစေ
    အဲဒီနေ့ ရဲ့ မလှပမှုအောက်မှာပဲ
    ရူးတယ်ဆိုတာ
    မရူးတဲ့လူတွေရဲ့ လက်သုံးစကားတစ်ခုဆိုရင်
    ချောကလက်မစားတတ်တဲ့ အရူးတစ်ယောက်က
    ထန်းလျက်ခဲကိုပဲ တရှိုက်မက်မက်စားသုံးရင်း
    ရူးချင်ယောင်ဆောင်နေတဲ့အကြောင်း
    ငါ့..ရဲ့ ချစ်လှစွာသော ကောင်မလေးကို
    ပြောပေးကြပါကွယ်…။။။
    အိမ်ဝေးသူ (KZ)
  • ၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဟောပြောပွဲ
    ဖေဖော်ဝါရီ ၁၃ရက်၊၂၀၁၃
    M-Media
    သတင်း-ပသီဆောင်းနှင်းမှုံ
      33
    ၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဟောပြောပွဲ အခမ်းအနားတစ်ခုကို သန်လျင်မြို့ (၁၅)ပေ အခမဲ့ရွာ (သဘာဝတရားရိပ်သာ) တွင် နံနက် ၁၁နာရီမှ ညနေ၅း၃၀ ထိကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါပွဲတွင် အမိ နိုင်ငံတော် ငြိမ်းချမ်းရေး အတွက် လည်းကောင်း၊ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေး အတွက် လည်းကောင်း ကိုယ်စီ ကိုယ်စီ ယုံကြည် သက်ဝင်ရာ ဘာသာအလိုက် တစ်မိနစ် ငြိမ်သက်၍ ဆုတောင်း မေတ္တာ ပို့သခြင်းငြ့် အခမ်းအနားကို စတင် ဇွင့်လှစ်ခဲ့ကြောင်း သိရသည်။
    အခမ်းအနားမှူးအဖြစ် ဆရာလေး ခန္တီမှ ဆောင်ရွက်ခဲ့ပြီး ဘာသာအသီးသီးမှ ဆရာတော်များက  ငြိမ်းချမ်းရေး တရားများကို ဟောကြားခဲ့သည်။
    အခမ်းအနားတွင် ဆရာတော် ဦးဝဏ္ဍဝံသ ( Phd Thesis) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)မှ ငြိမ်းချမ်းရေး သြ၀ါဒ မိန့်ကြားချက်တွင် “ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် အားလုံးဟာ လူသားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိတယ်။လူသား အားလုံးဟာ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ သူတွေကြီးပဲ။ကိုယ့်ရဲ့ ဘာသာတရားကို တန်ဖိုးထားသလို အခြားသော ဘာသာတွေကိုလည်း တန်ဖိုးထားရမယ်၊လေးစားရမယ်။ဘာမဟုတ်တဲ့ ဟာကို ပုံကြီးချဲ့ပြီး ရန်ပွဲတွေ၊စစ်ပွဲတွေ ဖြစ်နေတာဟာ လုံးဝမကောင်းဘူး။ဘာသာဝင် အသီးသီးဟာ ကိုယ်ချင်းစာ တရား ထားရှိရမယ်။မေတ္တာ တရား ထားရှိရမယ်။ ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ အားလုံး ညီညီညွှတ်ညွှတ် မေတ္တာထားပြီး သာယာအေးချမ်းတဲ့ လူ့ဘောင်ကြီးကို သွားကြပါစို့လို့ ”ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ဟိန္ဒူဘုန်းတော်ကြီးများ ဗဟိုအဖွဲ့ချုပ် ဥက္ကဌ ဆရာတော် စရီ ဦးမောင်မြင့်မှ ငြိမ်းချမ်းရေး စကားမြတ်ကြားရာတွင်“ရန်ဖြစ်ရင် အရှုံးပေးပါ။ ဓမ္မကို မသိလို့ ရန်ဖြစ်တာဖြစ်တယ်။ဘုရားသခင်ကို ခေါင်းစဉ်ပြုလုပ်ပြီးလူပေါင်းများစွာ အသက်ပေါင်းများစွာ ကိုရန်ရှာနေခြင်းဟာ ကိုယ့်ဘာသာ သာသနာကို ညှိုးနွမ်းအောင် ပြုလုပ်ခြင်းပဲ”ဟု ထည့်သွင်းပြောကြားခဲ့သည်။
    သဘာဝကျတဲ့ သဘာဝထမင်းဝိုင်းလေးအကြောင်း ခေါင်းစဉ်ဖြင့် ဟောကြားခဲ့သူ စင်္ကာပူနိုင်ငံ မြောက်ပိုင်း ဓမ္မာဥယျာဉ် မြန်မာကျောင်းမှ ကြွရောက်လာသော ဆရာတော် အရှင်ပဏ၀ါစာရ မှ“ဘာသာရေး အနှစ်သာရမှာ တစ်ဘာသာထဲကောင်းဖို့ လုပ်ကြဖို့လို့ ဘယ်ဘာသာမှ မဟောထားဘူး။နေရောင်အောက်ကို ထွက်လာတဲ့ လူတိုင်းဟာ ညီမျှတဲ့ အလင်းရောင်ကို ရကြရမယ်။ကိုယ်စီ ကိုယ်မျှ  ညီညီမျှမျှ ရကြသလိုပဲ ။သန်းပေါင်း ၆၀ကျော်ရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကလည်း လူ့အခွင့်အရေးတွေကို ရကြရမယ် အတ္တနေရာမှာ မေတ္တာတည်း ဟူသော ဓမ္မနဲ့ အစားထိုးဖို့ လိုတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ခရစ်ယာန်သာသနာတော်မှ ဘုန်းတော်ကြီးFr. Geroge Shwe Tun မှလည်း ညီညွှတ်ခြင်းနှင့် ငြိမ်းချမ်းရေး တရား မြွတ်ကြားရာတွင်“ခရစ်ယာန်ပဲ ဖြစ်ပါစေ ခရစ်ဟန် တော့ မဖြစ်ပါစေနဲ့။သာသာတိုင်းမှာ ဘာသာရေး မာန်တော့ ရှိကြတယ်။မာန်တော့ရှိပါရဲ့ ဟန်ပဲရှိတယ်ဆိုတာမျိုး မဖြစ်ပါစေနဲ့။ညီညွှတ်ခြင်းနှင့် ငြိမ်းချမ်းရေးဟာ တစ်တွဲတည်း ဖြစ်တယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
    25
    ဆရာတော် အရှင်ဦးဥတ္တမသာရ (သဘာဝ တရားရိပ်သာ)မှ ငြိမ်းချမ်းရေး တရားမြွတ်ကြားရာတွင် “ကိုယ့်ဘာသာရဲ့ တန်ဖိုးကို မြတ်နိုးရင် သူများဘာသာကို အပြစ်မပြောနဲ့။ အခြားဘာသာတွေကို ကောင်းတာတွေပဲပြော၊မသိတာကို မပြောနဲ့။လူသားအားလုံးကို လူ့လို့မြင်တဲ့ မေတ္တတရားကို အစားထိုး၍ ငြိမ်းချမ်းသော ဘ၀တွေကို တည်ဆောက်နိုင်ကြပါစေ။မြန်မာနိုင်ငံရေးရဲ့ မြောက်မြားစွာသော စစ်ပွဲတွေမှ အလျှင်မြန်ဆုံး ငြိမ်းချမ်းကြပါစေ”ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အစ္စလာမ် သာသနာတော်မှ ဆရာတော် အလ်ဟာဂ်ျ ခလီဖာဟ် ဦးအေးလွင် (Msc)“ပြဿနာတွေကို ဖန်တီးတဲ့ မသမာသူတွေဟာ ကိုယ်လည်း သေချာမသိတဲ့ သာသာတရားအကြောင်းတွေကို လုပ်ကြံပြောဆိုကြတယ်.ရိုးသားသူတွေက ဒါကို အဟုတ်လို့ ထင်ကြတယ် တမန်တော်မြတ်ကြီးရဲ့ သြ၀ါဒ တစ်ခုဖြစ်တဲ့ မိမိနှလုံးသားထဲမှာရှိတဲ့ လောဘ ဒေါသ မီးတွေကို ငြိမ်းအောင် လုပ်ကြ၊ မသေမီမှာ သေကြည့်ကြလို့ မိန့်တော် မူခဲ့ပါတယ်။လူသားတစ်ဦးချင်းစီရဲ့ နှလုံးသားကို ငြိမ်းအေးအောင် လုပ်ရင်း အမိ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ”ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့မှ နာယကတစ်ဦးဖြစ်သော ဦးဇော်ဝင်း(ကဗျာဆရာ ငြိမ်းချမ်းရေး အောင်ဖုန်းဇော် မှ“ဘာသာပေါင်းစုံက လူငယ်တွေစုပြီးမေတ္တာဆိုတဲ့ campain ကို ၂၀၁၀ခုနှစ် စလုပ်ခဲ့တယ်။အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန် တို့ကလည်း အမျိုးသားရင်ကြားစေ့ရေးကို ကြွေးကြော်ခဲ့တယ်။နောက် ကျွန်တော်တို့လည်း ဒီထက် ပိုကျယ်ပြန့်အောင် ဘာသာပေါင်းစုံက ဆရာတော်တွေကို နယက အဖြစ်ထားပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ကို ဖွဲ့ခဲ့ပါတယ်။မြန်မာပြည်မှာ ငြိမ်းချမ်းရေးဆိုတာကို နှုတ်နဲ့ပဲ ပြောလို့မရဘူး။တကယ့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ငြိမ်းချမ်းရေးနှင့် မေတ္တာတရားဟာ အတူယှဉ်တွဲနေတယ်။ဒါကြောင့် ဒီလို ကျေးရွာတွေထိ ဆင်းပြီး အခမ်းအနားပြုလုပ်ရခြင်း ဖြစ်တယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
    63
    21
    ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့မှ ဦးဆောင်သူ တစ်ဦးဖြစ်သော ဦးအေးညို(အဘညို)က “အဖွဲ့အစည်း ပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းပြီး နားလည် ခွင့်လွှတ်မူတွေနဲ့ အတူပူပေါင်းလုပ်ဆောင်ကြတယ်။ပါတီတွေ လူမူရေး အဖွဲ့တွေ ဘယ်နှစ်ပါတီရှိရှိ  ဘယ်နှစ်ဖွဲ့ပဲရှိရှိ အတူပူးပေါင်း ဆောင်ရွက်မှသာ ခရီးရှည် လမ်းကြောင်း ချီတက်ပွဲကြီးကို ရောက်မှာဖြစ်တယ်။လူမျိုးဘာသာ မရွေး ငြိမ်းချမ်းရေး အတွက် တရားပွဲတွေ ပြုလုပ်တာ ဒါနဲ့ဆို ၆ပွဲရှိပါပြီ။ရှိရှိသမျှ ပွဲတွေဟာ ရန်ကုန်မှာပဲ လုပ်ဖြစ်တာ များနေတယ်။နယ်တွေမှာ ပိုပြီး လုပ်သင့်တာကြောင့် အခုလို ပွဲစီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
    နောက်ဆက်လပ်၍ ကဗျာဆရာ ငြိမ်းချမ်းရေး အောင်ဘုန်းကျော်မှ “ဒို့ပြည်ကြီး ငြိမ်းချမ်းစေချင်”ကဗျာကို ရွက်ဆိုပြီးနောက် ၊ကရင်ဒုံးယိမ်း အကဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားသို့ ဒေသခံများအပါအ၀င် ၊ဧည့်သည်တော်များ၊မီဒီယာများ စုစုပေါင်းလူအင်အား ၁၅၀၀နီးပါး တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
    ဓါတ်ပုံ – ချစ်ဦးမောင်
  • အစ္စလာမ် ဆန့်ကျင်ရေး စာအုပ်ရေးခဲ့သူ ဟိန္ဒူ ပညာရှင်ရဲ့ အစ္စလာမ်အပေါ် ပြောင်းလဲသွားတဲ့ အမြင်
    ဖေဖော်ဝါရီ ၁၀ ၂၀၁၃
    M-Media
    “အစ္စလာမ်သာသနာသည် အံသြဖွယ်ကောင်းသော သာသနာဖြစ်ပြီး၊ တမန်တော် မုဟမ္မဒ်သခင်သည်လည်း လူ့သမိုင်းတစ်လျှောက်တွင် အမြင့်မြတ်ဆုံးသော လူသားဖြစ်သည်။”
    ဤ သက်သေခံချက်မှာ မွတ်စလင်တစ်ယောက်၏ ထွက်ဆိုချက်မဟုတ်ဘဲ အိန္ဒိယနိုင်ငံမှ ကျော်ကြားသော ဟိန္ဒူပညာရှင်၏ ထွက်ဆိုချက်ပင်ဖြစ်သည်။ အစ္စလာမ်သာသနာကို သင်ယူလေ့လာရန်နှင့် နားလည်စေရန်အတွက် တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုသက်ရောက်ပါစေ)၏ သွန်သင်မှုများနှင့် တမန်တော်၏ ထေရုပ္ပတ္တိသည် အကောင်းဆုံးသော အရင်းအမြစ်ဖြစ်သည်ဟု သူကဆိုသည်။
    Swami Lakshmi Shankaracharya
    “ကျနော်တို့ တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုသက်ရောက်ပါစေ) အကြောင်း ပြောကြဆိုကြတယ်။ ပြီးတော့ သူဟာ သမိုင်းမှာ အကြီးကျယ်ဆုံး လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ စိတ်ထဲမှာ မှတ်ယူထားသင့်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က အစ္စလာမ်အကြောင်း သိချင်တယ်ဆိုရင် တမန်တော်ရဲ့ ဘ၀ဖြစ်စဉ်နဲ့ သင်ကြားမှုတွေအရသာ သာသနာကို အကဲဖြတ်သင့်ပါတယ်။” ဟု ဟိန္ဒူပညာရှင်ဖြစ်သူ ဆွာမိ လက်ရှ်မီ ရှန်ကာရာချာယ (Swami Lakshmi Shankaracharya) က ဆိုသည်။
    ပြီးခဲ့သည့်လက Bihar ပြည်နယ်တွင် ကျင်းပသည့် “Seerat-un-Nabi” (တမန်တော်၏ ဖြောင့်မတ်သော ဓလေ့) ဟု အမည်ရသည့် အခမ်းအနားတွင် ပြောကြားသော မိန့်ခွန်း၌ ငြိမ်းချမ်းမှုနှင့် လူသားဝါဒမှာ အစ္စလာမ့်သင်ကြားမှု၏ အနှစ်သာရဖြစ်ပြီး၊ ကံမကောင်းစွာပင် အစ္စလာမ်သာသာဝင်အများစုမှာ သာသာနာ၏ သွန်သင်ချက်များကို လိုက်နာမှုမရှိ၊ တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုသက်ရောက်ပါစေ) ၏ ဘ၀ဖြစ်စဉ်များမှလည်း သင်ယူမှုနည်းပါသည်ဟု သူက ဆိုသည်။
    ၎င်းအပြင် “သာသနာတော်ရဲ့ သွန်သင်ချက်အရ လူသားဝါဒကို ကာကွယ်ထိန်းသိန်းဖို့ဟာ မွတ်စလင်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုသက်ရောက်ပါစေ) ဟာ သူရဲ့ရန်သူကို အမြဲတမ်း ခွင့်လွှတ်ခဲ့တယ်၊ အခြားသူတွေက သူ့ကို နာကျင်အောင် လုပ်ရင်တောင် ခွင့်လွှတ် သည်းခံခဲ့တယ်။ ဒါတွေဟာ အစ္စလာမ်ကို နိုင်ငံတကာ ဘာသာတစ်ခုဖြစ်အောင် ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားတွေပါပဲ။” ဟု သူက ပြောဆိုသွားသည်။
    ထပ်မံ၍ သူက မက္ကာမြို့ကို အောင်နိုင်ခြင်း(Makkah Conquer) ဖြစ်စဉ်ကို ကိုးကားပြောဆိုခဲ့လေသည်။ ထိုအချိန်က အစ္စလာမ့် ရန်သူများဖြစ်ကြသည့်မက္ကာမြို့သားများမှာ စစ်သုံ့ပန်းများဖြစ်နေလင့်ကစား မွတ်စလင်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့လေသည်။ ၄င်းအပြင် အကြမ်းဖက်ဝါဒ၊ အပြစ်မဲ့များအား သတ်ဖြတ်ခြင်းသည် ဂျီဟတ်နှင့် ဘာမှမဆိုင်ဟူ၍ သူက ရှင်းပြခဲ့သည်။
    မွတ်စလင်တို့အား လက်နက်ကိုင်တွန်းလှန်ရန် ပထမဦးဆုံးခွင့်ပြုချက်ပေးခြင်းကို ကုရ်အာန်ကျမ်းတော်မြတ် ကဏ္ဍ ၂၂ ပါဒတော် ၃၉ တွင် ဤသို့ တွေ့မြင်နိုင်သည်။
    “(ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စလင်တို့သည်) ခုခံတိုက်ခိုက်ခွင့်ရရှိလေပြီ။ အကြောင်းမူကား ၎င်းတို့ နှိပ်စက်ညှင်းပန်းခြင်းကို ခံခဲ့ကြရလေသည်။” (ကုန်အာန် ၂၂၊ ၃၉)
    ၎င်းအပြင် ကုရ်အာန်၏ အခြားတစ်နေရာတွင် “အလ္လာဟ်အရှင်မြတ်အလို့ငှာ အသင်တို့ကို တိုက်ခိုက်သူများအား ပြန်လည် ခုခံတိုက်ခိုက်ကြ။ သို့ရာတွင် လွန်ကျူးခြင်းမပြုကြနှင့်” ဟူ၍ မိန့်ဆိုထားလေသည်။
    အစ္စလာမ်နှင့်ပက်သက်၍၊ ဂျီဟတ်နှင့် ပတ်သက်၍ လွန်စွာ ဝေဖန်ပုတ်ခတ်ခဲ့သော သူတစ်ဦးက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုမှုမှာ စိတ်ဝင်စားစရာဖြစ်သည်။ သူက ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒ၏ အရင်းအမြစ်မှာ အစ္စလာမ်သာဖြစ်သည်ဟု ယခင်က ယူဆခဲ့သည်။ မွတ်စလင်တစ်ချို့၏ အပြုအမူများ၊ အစ္စလာမ်သာသနာအပေါ် အဆိုးမြင်သည့် အချက်အလက်များကို လေ့လာမှုများကြောင့် သူ၏ စိတ်နှလုံးတွင် ထိုကဲ့သို့ အယူအဆများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
    သူသည် အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ သမိုင်း (The History of Islamic Terrorism) ဟုခေါ်သည့် စာအုပ်တစ်အုပ်ကိုလည်း ရေးသားခဲ့သေးသည်။ သို့သော်လည်း အစ္စလာမ်သာသနာကို မူလ အရင်းအမြစ်များမှ လေ့လာရန် တိုက်တွန်းခံရသောကြောင့် ဆွာမိသည် ကုရ်အာန်ကျမ်းတော်မြတ်ကို အစမှ အဆုံးတိုင် ဖတ်ရှုလေ့လာခဲ့သည်။ ၎င်းအပြင် တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုသက်ရောက်ပါစေ) ၏ ထေရုပ္ပတ္တိကိုလည်း လေ့လာခဲ့ပြီး နောက်ဆုံးတွင် သူသည် အစ္စလာမ်အပေါ် နားလည်မှု လွဲမှားနေခြင်းဖြစ်ကြောင်း အသိတရားရလာခဲ့သည်။ သူ၏အမှားကို လက်ခံခဲ့ပြီး အစ္စလာမ်နှင့်ပက်သက်သည့် အဆိုးမြင် အချက်အလက်များကို ပြန်လည်ဖြေရှင်းရန် (Islam – Terror or Ideal Path ) ဟု အမည်ရသည့် စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။
    ထိုစာအုပ်တွင် ဂျီဟတ်၏ အဓိပ္ပါယ်အစစ်အမှန်နှင့် အစ္စလာမ်သည် ငြိမ်းချမ်းရေး သာသနာဖြစ်ကြောင်း ရှင်းလင်းတင်ပြထားသည်။ နိဂုံးချုပ်အနေဖြင့် အစ္စလာမ်သာသနာက မွတ်စလင်များအား အကြမ်းဖက်မှုကို အားပေးရန်မဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် တိုက်ခိုက်ခွင့် ပေးထားခြင်းသာဖြစ်သည်ဟု သူက ရေးသားထားသည်။
    Seerat-un-Nabi အခမ်းအနားကို Bihar ပြည်နည်ရှိ Jamaat-e-Islami Hind အဖွဲ့က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွဲ့၏ အကြီးအကဲဖြစ်သူ နေယာရွတ်ဇမန် (Nayyaruzzaman) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ သဘာပတိက စစ်မှန်သည့် အစ္စလာမ့် ဗဟုသုတများ၊ တမန်တော်မြတ်ကြီး၏ နောက်လိုက် တပည့်သာဝကကြီးများ၏ လက်တွေ့ကျင့်ဆောင်ချက်များကို ရှာမှီးခြင်းနှင့်ပတ်သက်၍ အလေးထားပြောဆိုသွားခဲ့သည်။
    Ref:http://abna.ir
  • ကျွန်ုပ်နှင့် ပွဲပျက်သွားသော ဂျင်ဂလိစံ
    ကျွန်ုပ်နှင့် ပွဲပျက်သွားသော ဂျင်ဂလိစံ
    မားဆိုး
    satireဤသို့ဖြင့် ကျွန်ုပ်တို့မိတ်ဆွေနှစ်ဦးသည် ဓာတ်ရထားအား သက်တောင့်သက်သာစီးနင်းလိုက်ပါလာခဲ့ရာ ဂျူဗလီဟော ခန်းမကြီးသို့ ရောက်ရှိခဲ့ချေသည် တမုံ့။ ဂျူဗလီဟောကြီးသည် လွန်စွာမှ ခန်းနားလှပလှချေ၏။ များစွာသော မင်းပရိသတ်များဖြင့်လည်း စည်ကားလျက်ရှိချေ၏။ ခန်းမကြီး၏ ဝင်ပေါက်တွင်မူ ကဗျာဆရာကြီး ဂျင်ဂလိစံ၏ ပုံတူပန်းချီကားကြီးကို ဗီနိုင်းပိုစတာကြီးဖြင့် ချိတ်ဆွဲထားလေရာ ကဗျာချစ်သူလူအများက ရပ်တန့်ငေးမောလျက် ရှိချေသတည်း။
    ကဗျာဆရာကြီး ဂျင်ဂလိစံ မှာ အရပ်အမောင်းခပ်ပြတ်ပြတ်ဖြင့် လွန်စွာမှ ယောင်္ကျားပီသသောရုပ်ရည်ကို ပိုင်ဆိုင်လေ၏။ သူသည် ဂျပန်ရိုးရာ ဟိုက္ကူကဗျာအမျိုးအစားကိုသာ တစိုက်မတ်မတ်ရေးဖွဲ့တတ်ပြီး ကမ္ဘာ့အလည်တွင်လည်း ထင်ရှားသောအနုပညာရှင်တစ်ဦးဖြစ်ချေ၏။ တစ်ကြိမ်က သူရေးဖွဲ့ခဲ့သော ဟိုက္ကူကဗျာတစ်ပုဒ်ကြောင့် ဥရောပတိုက်ရှိ တွေးခေါ်ပညာရှင် အသိုင်းအဝိုင်းတွင် များစွာမှ ဂယက်ရိုက်သွားခဲ့ဖူးပေ၏။ အနှီကဗျာနှင့်ပတ်သက်ပြီး မျိုးစိတ်တို့၏ မူလအစ ဟူသည့် ကျမ်းကြီးကို ရေးသားဖော်ထုတ်ကာ Revolution Theory ကို ချပြခဲ့သည့် ချားလ်းဒါဝင်က အလွန်တရာနှစ်သက်လှသောကြောင့် မွန်ပါနာဆေ၌ ညစာဖြင့် ဂုဏ်ပြုဧည့်ခံသည်ဟူ၏။ (ကဗျာကို အောက်တွင်ရှု )
     ကြောက်မနေပါနဲ့
    မျောက်ရယ်လို့ ဖြစ်လာမှတော့
    ငှက်ပျောသီးဘဲစား။
    ဂျင်ဂလိစံ (အေဒီ ၂၀)
    ကျွန်ုပ်နှင့် ဆားပုလင်းယင်ကောင် တို့နှစ်ဦးသည် စီအိုင်ဒီ ပုလိပ်အဖွဲ့ကြီး၏ အထူးကိုယ်စားလှယ်တော်များဖြစ်သည်နှင့်အညီ ရှေ့ဆုံးတန်းပွဲကြည့်ခုံရှိ VIP ခုံများတွင် နေရာရကြလေ၏။ ခမ်းမကြီးထဲတွင်ကား နိပွန်နိုင်ငံထုတ် မစ်ဆူရှီဘီ လေအေးပေးစက်များ တပ်ဆင်ထားသောကြောင့် ဆောင်းတွင်းတမြအေးမြလှပေတော့သည်။ ထိုင်ခုံများ၏ လက်တန်းပေါ်တွင် စက်ဝိုင်းပေါက်လေး ဖောက်ထားသော သစ်သားပြားတစ်ခုစီ ရှိလေ၏။ ထိုစက်ဝိုင်းပေါ်က်လေးများအတွင်း၌ လက်ဖက်ရည်ကြမ်းတစ်ခွက်၊ ကွာစိလှော်တစ်ခွက်တို့ကို ချထားရာ ၊ ကျွန်ုပ်တို့လည်း အခြားပရိသတ်များနည်းတူ ကွာစိလှော်အား ဖျောက်ခနဲ ဝါး၊ လက်ဖက်ရည်ကြမ်းကို ရှုးးခနဲ မှုတ်သောက်လိုက်ကြပေ၏။
    မကြာမီတွင် အခမ်းအနားမှူး မှ နိပွန်ဘာသာဖြင့် တစ်စုံတစ်ခုကို ကြေငြာလေရာ ကျွန်ုပ်မှာ နားမလည်နိုင်သဖြင့် နိပွန်ဘာသာစကား တတ်ကျွမ်းသော ကိုယင်ကောင့်ကိုပင် မေးရလေသည်။
    ကျွန်ုပ် ။ ။ “ အိုင်ဆေး ကိုယင်ကောင်၊ ယူးဝါရှုးဝါး အီးရှုးဝါ .. အာဂျီနိုမိုတို .. ဆိုပါလားဗျ။ ဘယ့်နှယ့်အဓိပ္ပာယ်ကြီးတုန်း”
    ကိုယင်ကောင် ။ ။ “ ပိတ်တတ်ကြီးအားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းသော ညနေခင်းပါ လို့ ဆိုလိုတယ်အိုင်ပီ”
    နုပ် ။ ။ “ ရွှေ့ … နိပ်ဟ။ အံမယ်.. အံမယ် .. ပြောနေပြန်ပြီ ။ နိပွန် ဘီရုမာ အိုးနားဂျိ ၊ အိုးနားဂျိ ဆိုပါ့လား။ လင်းပါဦး ကိုယင်ကောင်”
    ကိုယင်ကောင် ။ ။ “နိပွန် နဲ့ ဗမာ အတူတူဘဲ ၊ ညီအကိုတွေလို ချစ်ချစ်ခင်ခင်နေကြမယ်လို့ ဆိုလိုပါတယ် အိုင်ပီ ”
    ဤမျှလောက်ဆိုလျှင် ကျွန်ုပ်သည်လည်း နိပွန်စကားကို နားရည်ဝပြီမို့ ကိုယင်ကောင့်အား အနှောက်အယှက်မပေးချင်တော့ပါ။ အခမ်းအနားမှူး ပြောသည့် နိပွန်စကားအား မိမိကိုယ်တိုင် ဖြည့်စွက် နားလည်ရချေသည်တမုံ့ ။ ထိုအခိုက် အခမ်းအနားမှူးမှ “ဂျင်ဂလိ .. စံ …. ” ဟူ၍ အသံပြဲကြီးနှင့် အော်လိုက်ရာ ကျွန်ုပ်တို့ ပရိသတ်ကြီးကာ ဘာမသိ၊ ညာမသိ နှင့် လက်ခုပ်သြဘာပေးကြချေ၏။
    ထို့နောက် နိပွန်ကဗျာဆရာကြီး ယာရာတိုဝါ ဂျင်ဂလိစံ စင်ပေါ်တက်လာပြီး ပရိသတ်ကြီးအား နှုတ်ခွန်းဆက်လေသည်။
    ဂျင်ဂလိ ။ ။ “ ယူးဝါ ရှုးဝါ အီးရှုးဝါ အာဂျီနိုမိုတို ။ အာရိဂသော ဂိုဇိုင်းမက်၊ ဘန်ဇိုင်း ဘန်ဇိုင်း .. ”
    ( မြန်မာပြန် – ပရိသတ်ကြီး မင်္ဂလာပါ ။ ကျနော်ကတော့ ဂျင်ဂလိစံ ဖြစ်ပါတယ်။ အခုချိန်က စပြီး ဟိုက္ကူကဗျာများကို ရွတ်ပါတော့မယ်)
    ကျွန်ုပ်တို့ ။ ။ “ယောရောရှိ ၊ ယောရောရှိ ”
    ( ကောင်းပါပြီ … ရွတ်ပါတော့ဗျိုး။ )
    ဂျင်ဂလိ ။ ။ “ ဒီလို ပိတ်တတ်ကြီးရေ။ ကျနော်ဒီနေ့မနက် ဘုရားကအပြန် ဗျိုင်းရေအိုးစင်လမ်းအတိုင်း လမ်းလျှောက်လာတုန်း လမ်းဘေးတစ်နေရာမှာ .. သောက်ရေအိုးစင်ကလေးတစ်ခုဗျာ။ ယိုင်နဲ့နဲ့လေး ။ ပြုပြင်မယ့်သူ မရှိရှာဘူးထင်ပါ့။ အဲ့တာ မြင်မကောင်းတာနဲ့ဘဲ ရေတစ်ခွက်သောက်ပြီး တွန်းလှဲပစ်ခဲ့တယ်။ အဲ့တာလည်း ပါဖောင်းမန့်စ်တစ်ရပ်ပေဘဲ မဟုတ်လားခင်ဗျ။ ဒူးချမ့်ရဲ့ သေးခွက်ကြီးတောင် ဆယ်ပေါင်တူနဲ့ အထုခံရသေးတာဘဲ။ အဲ့ဒီအချိန်မှာဘဲ ကျနော့်ရင်ထဲမလည်း ကဗျာတစ်ပုဒ် မွေးဖွားခဲ့ပါရောဗျာ။ ”
    အရိပ်
    ____
    ဖုန်တထောင်းထောင်းထ
    လှည်းလမ်းမနေပူပူမှာ
    သောက်ရေအိုးစင်လေး။
    ကျွန်ုပ်တို့ ။ ။ “ ရွှီးး .. ဖြောင်း .. ဖြောင်း။ အင်မတန် ကြီးမြတ်တဲ့ အနုပညာတစ်ရပ်ပေဘဲ ။ ယောရောရှိ၊ ယောရောရှိ ။ ”
    ဤသို့ ကျွန်ုပ်တို့ ပရိသတ်ကြီးမှ လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် သြဘာပေးလိုက်သောအခါ ကဗျာဆရာကြီး ဂျင်ဂလိစံ မှ ဦးညွှတ်၍ အရိုအသေပေးလေသည်။ ထို့နောက် ဟိုက္ကူတစ်ပုဒ် ထပ်ရွတ်ပြန်သည်။
    ဂျင်ဂလိ ။ ။ “ဒီတစ်ပုဒ်ကိုတော့ ခင်ဗျားတို့ရဲ့ မဟာရန်ကုန်မြို့ကြီးမှာ ၂ ညတာ နေထိုင်တုန်း မီးပျက်တဲ့ ဒွတ်ခ၊ ရေမလာတဲ့ ဒွတ်ခ၊ ခြင်ကိုက် ဖုံထူ အိပ်မရတဲ့ညတွေမှာ ခံစားပြီးရေးဖွဲ့ခဲ့ရတာပါ။ နားထောင်ကြည့်ပါဦး ”
    မဟာရန်ကုန်
    _________
    မီးမပျက်ပါဘူး
    မှောင်နေတာဘာဖြစ်လို့လဲ
    လမထွက်တဲ့ည။
    ဤတစ်ကြိမ်တွင်တော့ ပရိသတ်ကြီးမှ လက်ခုပ်သြဘာမပေးတော့ပါ ။ မကြာမဏ မီးပျက်လေ့ရှိသော သူတို့၏ ရန်ကုန်မြို့အား သရော်သည့်သဘော၊ ရိ သည့်သဘောဖြင့် “မီးမပျက်ပါဘူး” ဟု လှောင်ပြောင်၍ ကဗျာဖွဲ့ဆိုသော ဂျင်ဂလိစံ အား ပြင်းထန်စွာ ဆဲရေးရှုတ်ချကြလေတော့သည်။
    “ ဟေ့.. တို့မြန်မာပြည်ကို မထိနဲ့၊ မီးပွင့်သွားမကွ။ ဘာမှတ်လဲ။ ”
    “ ဇာတိပုည၊ ဂုဏ်မာန ကွ။ မဟာသာကီနွယ်မျိုး၊ အရှေ့တောင်အာရှမှာ တန်ခိုးထွားခဲ့တဲ့ ရာဇဝင်များရဲ့ သတို့သမီးကွ” ဟု အခြောက်တိုက် ဘဝင်မြင့်ကြကုန်၏။
    “ အမြတ်ခွန်မဆောင်ချင်နေ၊ မြန်မာကိုတော့ မစော်ကားနဲ့ကွ။ မခံနိုင်ဘူး။ ”
    “ တို့မြန်မာ … တို့မြန်မာကွ။ မြန်မာ့သတ္တိ ၊ ကမ္ဘာကသိတယ်။ လာမထိနဲ့ မီးပွင့်သွားမယ် ” ဟူ၍ ပလိန်းကြီး ခွပ်ကြကုန်၏။
    “ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဘူးဟေ့ ” ဟု လက်သီးလက်မောင်းတမ်းကြကုန်၏။
    “ ကမ္ဘာမကြေ … ဗမာပြည် .. ဒါတို့ပြည် ဒါတို့မြေ .. ဒါ ငါတို့မြေ … ” ဟု မဆီမဆိုင် နိုင်ငံတော်သီချင်း ထဆိုကြကုန်၏။
    “ မီးတုတ် မီးတုတ် ၊ ရှို့ ရှို့ ၊ ဂျင်ဂလိ ဂျင်ဂလိ ထု … ထု ” ဟု အခြောက်တိုက် ကြိမ်းဝါးကာ ဘယ်ကဘယ်လို ကောက်လာသည် မသိရသော အုတ်နီခဲများ၊ ကွမ်းသွေးထုပ်များ ၊ ပြောင်းဖူးရိုး၊ ခုံဖိနပ်များဖြင့်ပစ်ပေါက်ရာ ကမ္ဘာတစ်ခွင် ပြဲပြဲစင် မျက်နှာပန်းပွင့်ခဲ့သော ဟိုက္ကူကဗျာဆရာ ဂျင်ဂလိစံမှာ ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် စင်ပေါ်မှ ဆင်းပြေးရလေတော့သတည်း။
    ထိုအချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကဗျာဆရာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဂေါ်ဂေါ်(လပွတ္တာ) သည် စင်ပေါ်သို့ အပြေးအလွှားတက်လာပြီးသကာလ “မလုပ်ကြပါနဲ့ဗျာ … မလုပ်ကြပါနဲ့ဗျာ … ” ဟု မျက်နှာငယ်လေးနှင့် တောင်းပန်လေ၏။
    “အေဘေး ဦးဂေါ်ဂေါ် ၊ ခင်ဗျားကြီး ဖီပါ ( FIPA ) ကမ္ဘာ့ကဗျာအဖွဲ့ချုပ်က အာရကေတွေ မရတော့မှာကြောက်လို့ ကျုပ်တို့ကို လာငိုပြမနေနဲ့။ မြန်မာပြည်ကို စော်ကားတာ ခင်ဗျားခံနိုင်ပေမယ့် ကျုပ်တို့ မျိုးချစ်တွေက မခံနိုင်ဘူး … ” ဟု ဆိုကာ ဥက္ကဋ္ဌကို ခဲ ဖြင့်ဝိုင်းပေါက်ကြလေ၏။ ဥက္ကဋ္ဌ လည်း ထိပ်ပေါက်သွားသဖြင့် စင်ပေါ်မှ ဆင်းပြေးရလေ၏။
    ကဗျာကို အနုပညာဟု မရှုမြင်ဘဲ မြန်မာပြည်အား အသလွတ်စော်ကားသည်ဟု အမြင်ကျဉ်းမြောင်းရှာသော ပရိသတ်အချို့က ဆဲမြဲဆဲလျက်၊ တချို့က အုတ်ကျပ်ခဲဖြင့် ပေါက်မြဲပေါက်လျက် လုပ်လေရာ နောက်ဆုံးတွင် ပွဲပျက်ခြင်းသို့ ရောက်ချေတော့၏။
    သို့ဖြင့် ကျွန်ုပ်နှင့် ကိုယင်ကောင် မှာ ကဗျာရွတ်သံ ကို ဆက်လက်နားဆင်လိုပါသော်လည်း အခြေမလှသည်နှင့် ခဲပျံ၊ ဖိနပ်ပျံ မထိစေခြင်းငှာ ကုပ်ချောင်းချောင်းဖြင့် ပြန်လာရချေ၏။ ဂျူဗလီဟော အပြင်သို့ရောက်သောအခါ အနုပညာဗီဇ မသေးလှသော ဆားပုလင်းယင်ကောင် မှ အောက်ပါ ဟိုက္ကူကဗျာတစ်ပုဒ်အား ဒေါင်းတိမောင်းတိ ရင့်ကျူးလေ၏။
    တလွဲဆံပင်ကောင်း
    တကောင်းအဘိရာဇာတို့
    အလောင်းဘုရားသွေး
    ဘိုးဘေးတို့ထုံးစံ
    ဖိနပ်ပျံငနီဝဲလို့
    ပြေးးနိုင်မှလွတ်မယ်။
    ကျွန်ုပ်မှာ လွန်စွာမှ နှစ်သက်သွားရကား ဆားပုလင်းယင်ကောင်၏မျက်နှာအား တစိမ့်စိမ့်ကြည့်ယင်း မေးခွန်းထုတ်မိချေ၏။
    ကျွန်ုပ် ။ ။ “ အိုင်ဆေး ကိုယင်ကောင်၊ ကဗျာလေးကတော့ ဟက်ထ် ထိ သဗျို။ ခေါင်းစဉ် ဘယ့်နှယ့်ပေးမလဲ”
    ကိုယင်ကောင် ။ ။ “ ဇာတိပုည၊ ဂုဏ်မာန မဟုတ်လား အိုင်ပီရဲ့။ ဗမာ့သွေး လို့ ပေးမဗျား” ဟု ပြန်ပြောလေတော့သတည်း။
    မားဆိုး FB စာမျက်နှာမှ ပိုစ်ဖြစ်ပါသည်။