News @ M-Media
Blog
  • တတိယမြောက် ပန်းသီးတစ်လုံး၏ ဘဝ အချိုးအကွေ့ များ – ၁ (M-Media Blog ကဏ္ဍ)
    ဇန်နဝါရီ ၂၉၊ ၂၀၁၃
    M-Media- Blog ကဏ္ဍ
    အိမ်ဝေးသူ
    ” သင်..သေပြီး ပုပ်ဆွေးသွားတာနဲ့ သင့်ကို အများက မေ့လျော့ သွားတာမျိုး  ဖြစ်စေချင်ရင် ဖတ်သင့်ဖတ်ထိုက်တာ.. .ရေးသင့်ရေးထိုက်တာ… လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ခဲ့ပါ ” ( Benjamin Franklin )
    ကမ္ဘာသမိုင်းမှာ အကြီးအကျယ် အခမ်းအနားဆုံး ပန်းသီးသုံးလုံး ရှိခဲ့ပါတယ်….တနည်းအားဖြင့် ကမ္ဘာကြီးကို ပြောင်းလဲ စေတဲ့ ပန်းသီး သုံးလုံး ဆိုလည်း မမှားပါဘူး…အဲဒီ ပန်းသီး သုံးလုံးကတော့…
    •     ကမ္ဘာဦး ဖခင်ကြီး အာဒမ်ရဲ့ ပန်းသီး… (ဘာသာရေး ရှူ့ ထောင့်မပါ)
    •     နယူတန်ရဲ့ ပန်းသီး…
    •     Steve Jobs ရဲ့ ပန်းသီးပါပဲ…
    ပန်းသီး သုံးလုံးထဲက နောက်ဆုံး တစ်လုံး ဖြစ်တဲ့ Steve Jobs အကြောင်းနဲ့ ဆက်စပ်တာတွေကို တင်ပြလိုပါတယ်… Apple Computer နဲ့ Pixar Animation Studios မှာ CEO အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့အကျော်ကြားဆုံး ( တတိယမြောက် ပန်းသီး ) လူသားဖြစ်တဲ့ Steve Jobs က ၂၀၀၅ ဇွန်လ ၁၂ရက် နေ့ မှာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ဖြစ်တဲ့ Stanford University မှာ ပြောကြားခဲ့တဲ့ မိန့် ခွန်းပါ… သူက အဲဒီ မိန့် ခွန်းမှာ သူ့ ဘဝရဲ့  အဓိကကျတဲ့ အချိုးအကွေ့ သုံးခု အကြောင်းနဲ့ အဲဒီ အချိုးအကွေ့ တွေ အပေါ် သူ ဘယ်လို လက်ခံ ကျင့်သုံးခဲ့တဲ့ အကြောင်း ရှင်းပြသွားပါတယ်….အဲဒီ အချိုးအကွေ့ သုံးခုကတော့…
    (၁) ဆက်စပ်ပုံဖော်ခြင်း ( Connecting the Dots )
    (၂) ချစ်ခြင်းနှင့် ဆုံးရှုံးမှု ( Love & Loss )
    (၃) သေခြင်းတရား ( Death )
    Steve-Jobs-dates
    မိန့် ခွန်း
    ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံ စကားပြောခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ကျွန်တော် ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်တဲ့အပြင် ဒီနေ့ လို ဘွဲ့နှင်းသဘင် အခမ်းအနားဆိုတာ ဒါ ပထမဆုံး တက်ဖူးခြင်းပါ။ ဒီနေ့ အခမ်းအနားမှာ ကျွန်တော့်ဘဝ မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ သုံးခုကို ပြောပြချင်ပါတယ်… မိန့်ခွန်း အရှည်ကြီးလည်း မဟုတ်ပါဘူး. ကြီးကျယ်တဲ့ အကြောင်းတွေလည်း မဟုတ်ရပါဘူး…
    ရိုးရိုးရှင်းရှင်း ဇာတ်လမ်းသုံးပုဒ် ထဲပါ။
    ဇာတ်လမ်း (၁) ဆက်စပ်ပုံဖော်ခြင်း (Connecting the Dots )
    တကယ်တော့ Reed ကောလိပ် မှာ ကျွန်တော် ကျောင်းတက်ခဲ့တာ ခြောက်လထဲပါ…ပြီးတော့ ကျောင်းထွက်ခဲ့ပါတယ်.. ဒါပေမဲ့ ကျောင်းကမခွါနိုင်သေးပဲ နောက်တစ်နှစ်ခွဲလောက် အတန်းတွေဆက်တက်ခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ???
    ဒီ အကြောင်းကိုပြောရရင် ကျွန်တော်မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျွန်တော့်ကို ကိုယ်ဝန် ရှိတဲ့ အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့်ကို မွေးစားမယ့် မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့်ကို “အူဝဲ”ဆိုပြီး မွေးလိုက်တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီး သန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာရင်းထဲက ကျွန်တော့်မိဘများကို ဖုံးဆက်ခဲ့ပါတယ်။
    “ဒီမှာ မမျှော်လင့်ဘဲ ယောက်ျားလေး တစ်ယောက် ရထားတယ်။ ယူမလား…” တဲ့။ မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။
    အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့်ရဲ့ အမေဟာ ဘွဲ့ရပညာတတ်မဟုတ်တာ၊ ကျွန်တော့်ရဲ့ အဖေဟာလဲ အထက်တန်းကျောင်းတောင်မှ မအောင်တာကို ကျွန်တော့် မွေးမိခင်က သိသွားတာပါ။  မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့်ရဲ့ မိဘတွေက
    ကျွန်တော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။
    နောင် ၁၇ နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အဆင်အခြင် ကင်းမဲ့စွာနဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ တတ္ကသိုလ် ပညာရေးအတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေ အားလုံးကို ကျွန်တော် သုံးမိရက်သား ဖြစ်သွားပါတယ်။  နောက်ခြောက်လ အကြာမှာတော့ ဒီပညာ ရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျွန်တော် မထင်တော့ပါဘူး။
    အဲဒီအချိန်က ကျွန်တော့်မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့်ရဲ့ ဘဝ ရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့ မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေကို တက္ကသိုလ်မှာလာပြီး ဖြုန်းနေတာပါပဲ။
    ဒါနဲ့ ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့  ဆုံးဖြတ်လိုက်တယ်… အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။  အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။
    ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုပါ။ ကျောင်းက ထွက်လိုက်တာနဲ့ ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာ မလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသား လုပ်ခဲ့ပါတယ်။
    steve6ဒီဇာတ်လမ်းမှာ ကဗျာဆန်တာတွေရော ကဗျာမဆန်တာ တွေရော ပါပါတယ်။ ကျွန်တော့်မှာ နေစရာ အခန်းမရှိတော့ပါဘူး။ ဒီတော့ ကျွန်တော့် သူငယ်ချင်းတွေရဲ့အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ ဆင့်ဆိုတဲ့ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူဘုရားကျောင်းမှာ ထမင်းတနပ် အဝ သွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။
    စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ် နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတစ်ခု အနေနဲ့ ပြောပြရရင်တော့….
    အဲဒီ အချိန်က Reed ကောလိပ် မှာရှိတဲ့ စာလုံးအလှရေးနည်း သင်တန်းဟာ တစ်နိုင်ငံလုံးမှာ အကောင်းဆုံး သင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ခြယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျွန်တော်ဟာ စာလုံးအလှ ရေးနည်း သင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံးနဲ့ တစ်လုံးကြားမှာ ဘယ်လို အနီး အဝေးခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။
    စာလုံးရေးနည်း ပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့ မရတဲ့ ပညာပါ။ဒီပညာရပ်က ကျွန်တော့်ကို ညှို့ယူ ဖမ်းစားခဲ့ပါတယ်။ ဒါတွေကို ကျွန်တော့်ဘဝမှာ ဘယ်လို လက်တွေ့ အသုံးဝင်မလဲဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။
    ဒါပေမဲ့ နောင် ၁၀ နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။ ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှတွေ သုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော် မတက်ခဲ့ရင် Macintosh ကွန်ပျုတာ မှာ အင်မတန် သေသပ်ပြီး အစိပ်အကျဲ အချိုးကျ လှပတဲ့ စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်း ပြောနိုင်ပါလိမ့်မယ်။
    ကျွန်တော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာ မဟုတ်ပါ။ ဒီသင်တန်းကို ကျွန်တော် မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှ ရှိမှာပါ။ မှန်ပါတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုး အကြောင်းတွေကို ဆက်စပ် ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။
    နောင် ၁၀ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။ ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေ ဘယ်လို ဆက်စပ်ပုံပေါ်လာမယ်ဆိုတာကို ကျွန်တော်တို့ မမြင်နိုင်ပါ။ နောက်ပြန် ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရ မောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေ ဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည် ထားရပါလိမ့်မယ်။ ဘွဲ့ရ မောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံ တယ်ဆိုတာ ယုံပါ။ ကံ၏ အကျိုးဆိုတာ ယုံပါ။ ( ဒီနေရာမှာ ကံဆိုတာ အလုပ် ကို ကိုယ်စားပြုပါတယ် )
    တစ်ခုခုကိုတော့ ယုံပါ။ ဒီယုံကြည်ချက်ကြောင့် ကျွန်တော် ချောက်ကျခဲ့ရတယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့ပါ။ ကျွန်တော့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည်ချက်ကြောင့်ပါပဲ။
    Sources:
    http://news.stanford.edu/news/2005/june15/jobs-061505.html
    http://www.productdesignfunda.com/chit-chat/624-three-apples-which-changed-the-world-adam-eve-newton-steve-jobs
    ————————————————————————————————————————-
    ဆက်စပ်ပုံဖော်ခြင်း နှင့် အတွေး အပိုင်းအစ များ
    (၂)  ၁၇ နှစ်အရွယ်မှာ တက္ကသိုလ်ကျောင်းသား ဖြစ်ခဲ့ပေမယ့် ရွေးချယ်စရာ လမ်းကြောင်း ပျောက်နေခဲ့တယ်….ဝါသနာ မပါတာကိုတော့ အတင်း ဇွတ်မလုပ်နေခဲ့ဘူး… ပြီးတော့ အလေမလွင့်ခဲ့ဘူး..အပေအတေ မလုပ်ခဲ့ဘူး… အနည်းဆုံး သူဝါသနာပါရာတွေတော့ လုပ်နေခဲ့တယ်…အဲဒီလို ဝါသနာ ပါရာကို သင်ကြားခဲ့ခြင်း သူ့ ဘဝကိုသာ မက လူ့ သမိုင်းကိုပါ အကြီးအကျယ် ပြောင်းလဲစေခဲ့တယ်….
    (၃)  စာလုံးအလှရေးနည်းသင်တန်းမှာ သင်ခဲ့တဲ့   စာလုံးအလှတွေကို Mac မှာ အံဝင်ခွင်ကျ ဆက်စပ်ပြီး သုံးနိုင်တာကို ကြည့်ခြင်းအားဖြင့် သူ့ ရဲ့ ဆက်စပ်ချတတ်မှုက ချီးကျူးစရာလို့ ပြောလို့ ရပါတယ်…
    (၄)  သူက သူဘာလုပ်ရမလဲ ဆိုတာကို သိနေခဲ့တယ်…ပြီးတော့ သူလုပ်မယ့် အလုပ် အောင်မြင်ရမယ်လို့ ယုံကြည်မှု ရှိတယ် အခြေအနေနဲ့ လိုက်ပြီး ပြောင်းလဲတယ်…ပြောင်းလဲဖို့ အတွက် ကြောက်ရွံ့  မနေခဲ့ဘူး…တွန့် ဆုတ်မနေခဲ့ဘူး…. ယုံကြည်ချက် ပြင်းပြင်းပြပြ ဆိုတာမျိုးကို အသက် ၂၀ မတိုင်ခင်ကတည်းက တိတိကျကျ ရှိနေခဲ့ပြီးသား ဖြစ်တယ်…
    (၅)  အသက်၂၀ မပြည့်ခင် အရွယ်မှာ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ပေမယ့် အသက် ၂၃ နှစ်မှာ ဒေါ်လာ ၁ သန်းတန်တဲ့ လူ…  အသက် ၂၄ နှစ်မှာ ဒေါ်လာ ၁၀ သန်းကျော်တန်တဲ့ လူဖြစ်ခဲ့ပြီး…အသက် ၂၅ နှစ်မှာတော့ ဒေါ်လာ သန်း ၁၀၀ တန်တဲ့ လူ အဖြစ်.. ကိုယ့်ကိုယ်ကို သတ်မှတ်နိုင်ခဲ့ပါတယ်…. ကျွန်တော်တို့ ရော…ကိုယ့်လက်ရှိ ရောက်နေတဲ့ အသက်အရွယ်မှာ ကိုယ့်ကိုယ်ကို ဘယ်လောက်တန်ပြီလဲ လို့ သတ်သတ်မှတ်မှတ် ပြောနိုင်ပြီလား…???
    (၆)  တကယ်တော့ ဆက်စပ်ပုံဖော်ခြင်းဆိုတာ အတိတ်က အခြေအနေ တစ်ခုနဲ့ လက်ရှိ ပစ္စုပ္ပန် အခြေအနေတို့ကို ခြားနားလိုက်ခြင်းတစ်မျိုးလို့ ပဲကျွန်တော် နားလည်မိတယ်… အဲဒီနှစ်ခုကို ခြားနား လိုက်တာနဲ့ အနာဂတ်ဆိုတာကို အနည်းဆုံးတော့ ရေးရေးလေးမဆို ပုံဖော်နိုင်မယ်လို့ ယူဆလို ပါတယ်… ခြားနား သုံးသပ်ပြီးသွားလို့ ကိုယ့်အခြေအနေကို ကိုယ်တိတိကျကျ သိရလို့ အတိတ်မှာ ကောင်းတဲ့ လုပ်ဆောင်မှုမျိုး ရှိခဲ့ရင်..ကောင်းတာကို ဆက်လက် ထိန်းသိမ်းပြီး.. ပြုပြင်သင့်တာမျိုး ဆိုရင်..အချိန်မဆိုင်းဘဲ ပြုပြင်သင့်ပါတယ်..အဲဒီမှာ တစ်ချို့ က… စဉ်းစားတွေးခေါ် သုံးသပ်ခြင်းမရှိဘဲ လုပ်ကိုင်ကြတယ်… တစ်ချို့ ကတော့….  အတွေးနဲ့ တင်အချိန်ကုန်သွားတယ်…အတွေးရဲ့ နောက်က အလုပ်(Action) ဆိုတာ လုံးဝ ပါ..မလာဘူး…
    (၇)  နောက်ဆုံးတစ်ချက်ကတော့ Steve အနေနဲ့  မတူညီတဲ့ အခြေအနေတိုင်းမှာ ပိုင်ဆိုင်နေရတဲ့ ဘဝပေး ဆိုတာကို ကျေကျေနပ်နပ် လက်ခံတတ်တယ်.. ဆိုလိုချင်တာက တက္ကသိုလ်ကျောင်းသား တစ်ယောက်အနေနဲ့   မရပ်တည်ခဲ့ရလို့ ဝမ်းနည်းမနေဘူး..အသိတရားနဲ့ အရှိတရား ကို ရင်ဝယ်ပိုက်ပြီး လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်တယ်.. လက်ရှိအခြေအနေဆိုတာကို လက်မခံတတ်ရင် ( မိအေးနှစ်ခါ နာ ) ဆိုသလို နှစ်ခါ ရှုံးတတ်တယ်ဆိုတာကို သဘောပေါက်ပြီးသားဖြစ်တယ်…
    ကျွန်တော်တို့ ရော လက်ရှိ အခြေအနေ ဆိုတာကြီးကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်သလား..?
    ကျေနပ်နိုင်သလား..?
    ဒါမှ မဟုတ်ပိုမို ကောင်းမွန်တဲ့ အခြေအနေ တစ်ခုဆီကို ဦးတည် ကြိုးစားနေသလား…?
    ဒီအချက်တွေကတော့ ကျွန်တော် ဆင့်ပွား တွေးမိသလောက်ကို မျှဝေပေးခြင်းပါ…မည်သူမဆို လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်.. ယူဆပိုင်ခွင့် ရှိပါတယ်….
    (၂) ချစ်ခြင်းနှင့် ဆုံးရှုံးမှု ( Love & Loss ) နဲ့ 
    (၃) သေခြင်းတရား ( Death ) ဆိုတာကိုလည်း ဆက်လက်ဖော်ပြပေးချင်ပါတယ်…
    ( အိမ်ဝေးသူ )
  • “မမလ” အဖွဲ့က ဦးစီးတဲ့ ၁၁ ကြိမ်မြောက် မွန်မြတ်လှတဲ့ ဘာသာပေါင်းစုံ သွေးလှူပွဲ ကျင်းပ
    ဇန်န၀ါရီလ၂၇၊၂၀၁၃၊
    M-Media
    သတင်း-ပသီဆောင်းနှင်းမှုံ
    ရန်ကုန်။     ။ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး) အဖွဲ့မှ ကြီးမှူး၍ ပုံမှန်ကျင်းပမြဲ ဖြစ်သော (၁၁)ကြိမ်မြောက် ဘာသာပေါင်းစုံ သွေးလှူဒါန်းပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၂၇ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသား သွေးလှူဌာန၌ နံနက် ၈း၃၀မှ ၁၂း၀၀ ထိကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    DSCF7734
    ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၂၂မြို့နယ်၊ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အပါအ၀င် စုစုပေါင်း သွေးလှူဒါန်းရှင် (၃၁၇)ယောက် သွေးလှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
    “မမလ”ဌာနချုပ်မှ သွေးလှူဒါန်းဖြစ်မြောက်ရေးတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သော မချို(ခ)ဒေါ်စမ်းစမ်းအေးမှ“မမလ ဌာနချူပ် အနေနဲ့ သွေးလှူဒါန်းဖို့ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ပထမဆုံးအကြိမ်မှာပဲ ညီနောင်ဘာသာပေါင်းစုံကည်း အတူ ပူပေါင်းဆောင်ရွက်ခဲ့တဲ့ အတွက် စုစုရုံးရုံး ညီညီညတ်ညွှတ် သွေးလှူဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ရှိတဲ့တိုင်းရင်းသား အစ္စလာမ် ဘာသာဝင်တွေဟာလည်း မျိုးချစ်စိတ်ရှိပြီး ကိုယ့်ရဲ့သွေးနဲ့ တပါးသူကို ကူညီနိုင်ရမယ် ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ကျင့် တရားကို စောင့်ထိန်းနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကုသိုလ်တစ်ခုထဲကို ကြည့်ပြီး သွေးလှူကြခြင်းဖြစ်ပါတယ်။ ဒီလို ပရဟိတစိတ်ထက်သန်တဲ့ လူငယ်တွေကြီးပဲဖြစ်လာဖို့ အတွက် ငယ်ငယ်လေးထဲက ကလေးတွေကို ပရဟိတ စိတ်ဓာတ်လေးတွေ ရှင်သန်ဖွံ့ဖြိုးလာဖို့အတွက် အသိပညာတွေပေးချင်တယ်။ ပရဟိတ စိတ်ရှိတဲ့ လူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ကျွန်မတို့အနေနဲ့ ဒီလိုပွဲကြီးဖြစ်မြောက်ဖို့အတွက် စရိတ်တွေ ထုတ်သုံးနိုင်ရုံနဲ့ ပံ့ပိုးပေးနိုင်ရုံနဲ့ ဒီလိုမွန်မြတ်တဲ့ သွေးလှူဒါန်းပွဲဟာ အထမြောက် အောင်မြင်လာမှာ မဟုတ်ပါဘူး။သွေးလှူရှင်တွေရဲ့ စေတနာထက်သန်တဲ့ လှူချင်တဲ့စိတ်၊ သူတို့ရဲ့ ကျန်းမာရေးတွေ ကောင်းမွန်လို့သာ ဒီပွဲကြီး အောင်မြင်တာ ဖြစ်ပါတယ်။သွေးလှူရှင်တွေကို အာဟာရကျွေးမွေး ပြုစုပြီး လက်ဆောင်တွေ ပြန်ပေးသော်ဌာလည်း သူတို့ရဲ့ သွေးတွေကတော့ ဘယ်လိုအရာတွေနဲ့မှ တန်ဖိုး မဖြတ်နိုင်လောက်အောင် မွန်မြတ်လှပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
    DSCF7798
    “မမလ”ဌာနချုပ်မှ ဒုဥက္ကဌဦးအောင်ထွန်း (မင်းသီဟ-ဥယာဉ်မှူး)က “ကျွန်တော်တို့  “မမလ” ဌာနချုပ်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေကို အကျိုးပြုနိုင်တဲ့ လုပ်ငန်းတစ်ခု လုပ်မယ်လို့ဆွေးနွေး တိုင်ပင်ကြတဲ့ အခါမှာ သွေးလှူဒါန်းပွဲလုပ်ကြမယ်လို့ ဆုံးဖြတ်ချက် အဖြေထွက်ခဲ့ပါတယ်။ အဲဒီကနေစတင် အကောင်အထည် ဖော်တဲ့အချိန်မှာပဲ ဘာသာပေါင်းစုံက ပူးပေါင်း ဆောင်ရွက်လာတာ အခုဆိုရင် ၂နှစ်အတွင်းမှာ (၁၁)ကြိမ်မြောက် ရှိပါပြီ။ ကိုယ်လှူလိုက်တဲ့သွေးတွေဟာ ဘယ်ဘာသာဝင်ရဲ့ အသက်ကို မဆို ကယ်တင်နိုင်ပါတယ်။ NND ကလည်း အယောက် ၃၀ ၊ ၄၀လောက် ရောက်လာပါတယ်၊ ဒါကတောသူတို့က လာလှူတာနဲ့ ကျွန်တော်တို့နဲ့ လာပြီးတိုက်ဆိုင်သွားတဲ့အတွက် လုပ်ငန်းတူချင်း အတူပူးပေါင်းဆောင်ရွက်လိုက်တဲ့သဘောပါပဲ။အခြားအခြားသော လူမူရေးအဖွဲ့အစည်း ဘာသာရေးအဖွဲ့အစည်း ဘယ်အဖွဲ့အစည်းမဆိုနဲ့မဆို ပရဟိတ လုပ်ငန်းတွေမှာ အတူပူပေါင်းဆောင်ရွက် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
    DSCF7807
    “သွေးနဲ့ပတ်သက်ပြီး ဒုက္ခရောက်နေတဲ့ အချိန်နဲ့ တပြေးညီသွေးလိုအပ်နေတဲ့ သူတွေအတွက် သွေးလှူဒါန်းလိုက်တဲ့ အတွက်သွေးလှူဘဏ်မှာ သွေးတွေ အဆင့်သင့် ရှိနေတယ်ဆိုရင် လူတွေ အများကြီးရဲ့ အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ လူငယ်တွေ အနေနဲ့လည်း သွေးလှူဒါန်းမူ အပါအ၀င် အခြားသော လူမူရေးလုပ်ငန်းတွေကိုပါ ထဲထဲဝင်ဝင်လေ့လာပြီး ပူးပေါင်းပါဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သွေးလှူဒါန်း ပါတယ်။သွေးလှူဒါန်းခြင်းနဲ့ပတ်သက်ပြီး လက်ကမ်းစာစောင်တွေ၊ ဂျာနယ်တွေမှာ ပြောပြထားပေမယ့်လို့ သွေးလှူရှင် တစ်ဦးချင်းစီကလည်း ကိုယ့်နီးစပ်ရာ အချင်းချင်း မှာ သွေးလှူဒါန်းခြင်းရဲ့ အကျိုးကြောင့် ကိုယ်တိုင်ခံစားရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပြောပြပေးပါ။ ဒါမှသာ သွေးလှူချင်ပေ့မယ် တစ်ခါမှ မလှူဘူးသူတွေဟာ စိုးရိမ်မူကင်းဝေးပြီး ဒီလို မွန်မြတ်လှတဲ့ သွေးလှူတဲ့ ကုသိုလ်ပွဲကြီးမှာ သူတို့ကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်ကြမှာ ဖြစ်ပါတယ်” “မမလ” အဖွဲ့ တိုင်းဥက္ကဌ အနေနဲ့ရော ဌာနချုပ်အနေနဲ့ပါ သွေးအလှူရှင်ရဖို့အတွက် စည်ရုံးကြိုးပမ်းဆောင်ရွက်သူ တစ်ဦးဖြစ်သော ဦးသန်းဝင်းမှ M-Media သို့ပြောကြားခဲ့သည်။
    မေတ္တာရှင်အဖွဲ့မှ သွေးလှူရှင်တစ်ဦးဖြစ်သော ဦးစိုးမြင့်(စာရေးဆရာ မင်းဇေယျာ-ကျောင်းကုန်း)မှလည်း “ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် မေတ္တာမွန် ဂရုဏာရှင်လသွေးလှူရှင်အဖွဲ့မှ သွေးလှူရှင် တစ်ဦးပါ။ကျွန်တော် သွေးလှူဒါန်းတာ (၃၃)ကြိမ်ရှိပါပြီ။ “မမလ” ဌာနချုပ်နဲ့ အတူလပူးပေါင်းပြီးလှူတာကတော့ အခုကြိမ်နဲ့ဆိုရင် ၁၁ကြိမ်ရှိပါပြီ။လကျွန်တော်အနေအထားက လှူနိုင်တာဆိုလို့ ခွန်အားနဲ့ အသွေးအသားပဲရှိပါတယ်။ဒီအသွေးအသားကို လှူတာဟာ မွန်မြတ်တယ်၊ ပါရမီဖြည့်တာလည်း ရောက်ပါတယ်။ “မမလ” ဌာနချုပ် အနေနဲ့ လူမျိုးမရွေး ဘာသာမရွေး လာရောက်လှူဒါန်းတာကို လိုလိုလားလားရှိတဲ့ အတွက် ကျွန်တော်က ဗုဒ္ဒဘာသာဝင် တစ်ဦးဖြစ်ပေမယ် “မမလ”ခေါင်းစဉ်အောက်မှာပဲ စုပေါင်းသွေးလှူဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။“မမလ” အနေနဲ့သွေးလှူရှင်တွေကို ဆေးဝါးကအစ အစစအရာရာလိုလေးသေးမရှိပြုလုပ်ပေးပါတယ်။ ဘာသာခြားဖြစ်လင့်ကစား လှူဒါန်းတဲ့နေရာမှာ သဒ္ဒါတရားထက်သန်တယ်။ လူမျိုးရေးခွဲခြားမူ မရှိဘဲ ဒီသွေးတွေကို ဘယ်သူပဲသုံးသုံး လှူဒါန်းနိုင်အောင် ပံ့ပိုးပေးတဲ့အတွက် အင်မတန်မွန်မြတ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။အဲလိုလူမျိုးတွေ တိုင်းပြည်မှာ များများရှိလေ အခြေခံကျန်းမာရေး လုပ်ငန်းတွေ တိုးတက် ထွန်းကားလေဖြစ်တယ်။ ကျွန်တော်တို့ကျောင်းကုန်းကနေ ဒီကိုလာဖို့အတွက်လည်း ကားခစရိတ်တွေကို ကူညီထောက်ပံပေးခဲ့ပါတယ်။ ကျွန်တော်တို့တွေ သွေးလှူဒါန်းခြင်းအားဖြင့် ၄လတစ်ကြိမ် သွေးပုံမှန် စစ်ဆေး သလိုလည်းဖြစ်သွားတယ်။ခန္ဒာကိုယ်မှာရှိတဲ့ ရောဂါ လက္ခဏာတွေကိုလည်း ကြိုတင်ကာကွယ်လို့ရတယ်။
    ကျန်းမာရေးကိုလည်း တစ်ဘက်တစ်လမ်းကစောင့်ရှောက်သလိုလည်း ဖြစ်သွားပါတယ်။ လူငယ်တွေအနေနဲ့လည်း မူးယစ်သောက်စားမူတွေ မလုပ်ဘဲ မိမိသွေးကို အတတ်နိုင်ဆုံး သန့်ရှင်းအောင်ထားပြီး လှူဒါန်းကြဖို့ တိုက်တွန်းလိုပါတယ်။ကျွန်တော်တို့တတွေ အခုလို ပူးပေါင်းဆောင်ရွက်တာကြောင့် ခွဲခြားမူတွေ၊အမြင်စောင်းမူတွေမရှိဘဲ ရင်းနှီးချစ်ခင်လာမူ ယုံကြည်မူတိုးလာမူတွေ ရှိလာပြီး စည်းလုံးလာကြမှာ ဖြစ်ပါတယ်။ဒီလို ပွဲတစ်ခုလုပ်တာ သူတို့ သိန်းလေး ငါးဆယ်လောက် ကုန်ကျပါတယ် ဒါကို သူတို့ ၄လတစ်ကြိမ်ကို မပြတ်ဘူး အမြဲလှူနေတာပဲ၊ကျွန်တော်တို့ ဗုဒ္ဒဘာသာဝင်တွေက ဗျောစီရိုက်ပြီးလှူတာ သူတို့က ဗျောစီမရိုက်ပဲ တကယ့်ကို စိတ်အားထက်ထက် သန်သန်နဲ့သွေးလှူဒါန်းဖို့ လာတဲ့သူတွေကို ၀မ်းပန်းတသာနဲ့ လှူနေတာပါ။အဲဒါလေးက ဂုဏ်ယူဖို့ အင်မတန်ကောင်းပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
    ဓါတ်ပုံများ ကြည့်ရန်။
  • ယခုရက်ပိုင်းအတွင်း သာသနာရေးဝန်ကြီး အသစ်ခန့်အပ်ဖွယ်ရှိ
    ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
    M-Media
    မောင်လျောက် (မြန်မာမြေ)
     လက်ရှိ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် (ဓါတ်ပုံ DVB)
    လက်ရှိ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် (ဓါတ်ပုံ DVB)
    ယခုလက်ရှိကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အသစ်ကို ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။
    ယင်းသို့ခန့်အပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ  ဦးဆန်းဆင့်ကို  နိုင်ငံတော်သမ္မတက အဆိုပြုထားကြောင်း ဇန်န၀ါရီလ ၂၂ရက်နေ့ကပြည်ထောင်စု လွှတ်တော်သို့ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
    သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် အစိုးရသက်တမ်း ဒုတိယနှစ်အတွင်း မကြာခဏဆိုသလို ၀န်ကြီးနေရာများ အပြောင်းအလဲပြုခဲ့ပြီးနောက် မကြာခင်ကတာဝန်မှ အနားယူသွားသော လစ်လပ် ၀န်ကြီးများနေရာတွင် ယခုလို အစားထိုးခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ပါသည်။
    လစ်လပ် လျက်ရှိသော  ၀န်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဂ) နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) တို့အရ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုရယူရမည်ဖြစ်ပြီး သရေစည်သူ ဦးဆန်းဆင့်အနေဖြင့် သာသနာရေးဝန်ကြီး ဖြစ်လာဖွယ်ရှိသည်။
    နုတ်ထွက်လွှာတင်ပြီး အနားယူသွားသော ယခင် သာသနာရေးဝန်ကြီး  သူရဦးမြင့်မောင် မှ အရင် နအဖ စစ် အစိုးရလက်ထက် ကတည်းက တာဝန်ယူခဲ့သူဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့တွင်လည်း ဆက်လက် တာဝန်ယူခဲ့သည်။
    သူရဦးမြင့်မောင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ယခင် ဆက်သွယ်ရေးဝန်ကြီး တစ်ဦးနှင့်အတူ တာဝန်မှ အနားယူခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဦးဆန်းဆင့် အားအစားထိုးခန့်အပ်ခြင်းရန် လွှတ်တော်သို့ အတည်ပြုချက်ယူခြင်းဖြစ်သည်။
    မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် များအနေဖြင့် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို အထူးတလည်လိုလားပြီး အသစ် ခန့်အပ်ခြင်းခံရသည့်  ပြည်ထောင်စုဝန်ကြီး အနေနှင့်လည်း နိုင်ငံတွင်းရှိ ဘာသာရေးနှင့် ပတ်သက်သည့် ကိစ္စများကို အဓိက ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
    ထိုပြင်မြန်မာနိုင်ငံတွင်းရှိ ဘာသာအသီးသီးမှ ဘာသာဝင်များကလည်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိုတောင့်တလျက်ရှိပြီး အသစ်ခန့်အပ်ခြင်းခံရသည့်  ပြည်ထောင်စုဝန်ကြီး အနေနှင့်လည်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး ကို အထူးအရေးပေး ဆောင်ရွက်ပေးစေလိုကြောင်းသိရသည်။
    နိုင်ငံတော်သမ္မတမှ သာသနာရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ရန်အဆိုပြုထားသော ဦးဆန်းဆင့်မှာလက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူဖြစ်ပြိး ယခင် နအဖ အစိုးရလက်ထက်တွင် စစ်ရာထူးခန့်ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျဉ်းပချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။
  • ၂၆ ကြိမ်မြောက် အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကျင်းပ
    ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
    M-Media
    myriam20130127084604410
    ၂၆ ကြိမ်မြောက် အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်( Mahmoud Ahmadinejad) လည်း တက်ရောက်ခဲ့သည်။
    နှစ်ရက်တာ ကြာမြင့်သော အဆိုပါ အစည်းအဝေးတွင် နိုင်ငံပေါင်း ၁၂၀ မှ စွန္နီနှင့် ရှီအာ တွေးခေါ်သူများစုပေါင်း၍ အစ္စလာမ့် လူ့အဖွဲ့အစည်းအကြား ပေါင်းစည်းညီညွတ်မှု၊ မွတ်စလင် ကမ္ဘာတွင် ရှိနေသော ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။
    “အဲဒီညီလာခံကို တက်ရောက်သူတွေမှာ အလ်-အဇ်ဟာရ် တက္ကသိုလ်က တွေးခေါ်သူတွေ၊ တူနီးရှား၊ ဆီးရီးယား၊ ဆူဒန် စတဲ့နိုင်ငံက မွဖ်သီ ကြီးတွေ၊ ပါကစ္စတန်၊ ပါရှန်း ပင်လယ်ကွေ့နိုင်ငံတွေက တွေးခေါ်ပညာရှင်တွေ အပါအ၀င် အီရန်က တွေးခေါ်ပညာရှင် ၁၀၀၀၊ မွတ်စလင်ကမ္ဘာရဲ့ ထင်ရှားတဲ့ သိပ္ပံပညာရှင်တွေ၊ နိုင်ငံရေး ပညာရှင်တွေနဲ့၊ ယဉ်ကျေးမှု ပညာရှင် ၃၀၀ စသဖြင့် ပါဝင်ကြမှာပါ။” ဟု World Forum for Proximity of Islamic Schools of Thought ၏ အတွင်းရေးမှူးဖြစ်သူ Ayatollah Mohsen Araki က ဆိုသည်။
    ၂၅ ကြိမ်မြောက် အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံကိုလည်း ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တီဟီရန်၌ပင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ညီလာခံတွင် အစ္စလာမ့်မစ် နိုးထမှု၊ အာရပ်ကမ္ဘာရဲ့ လူကြိုက်များတဲ့ လူထုလှုပ်ရှားမှုများနှင့် ပက်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။
    The World Forum for Proximity မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အီရန်နိုင်ငံမှ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသည့် မွတ်စလင်များအကြားတွင် စည်းလုံးညီညွတ်မှုကို ပိုမိုဖန်တီးပေးရန်ဖြစ်သည်။
    အဆိုပါ အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံမှာ မွတ်စလင်ပညာရှင်များအတွက် အတွေးအမြင်များကို မျှဝေရန်၊ မွတ်စလင်များ ရင်ဆိုင်နေရသည့် ပြဿနာများကို အဖြေရှာ သုံးသပ်ရန် စသည့် အခွင့်အရေးများကို ဖြစ်ပေါ်စေသည်။
    MYA/MP/MA
    Ref: Press TV
  • MMSY Foundation မှ Scholarship Seminar (ပညာရေး ဆွေးနွေးပွဲ) ပြုလုပ်မည်
    ဇန်န၀ါရီ ၂၇၊ ၂၀၁၃
    M-Media
    သတင်း – အမ်တူးအေ
    IDOL
    ရန်ကုန်  ။      ။     MMSY Foundation ၏ Scholarship Project နှင့် IDOL Training Provider တို့ ပူးပေါင်း၍ Education Seminar တစ်ရပ်ကို ၂၀၁၃-ခု ဖေဖော်ဝါရီလ ၂-ရက် (စနေနေ့)တွင် ရန်ကုန်မြို့ IDOL Training Provider ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
    MMSY မိသားစုဝင်များအတွက် Seminar နှစ်ခုပြုလုပ်မည်ဖြစ်ပြီး Program (1) အနေဖြင့် Accounting, Finance & Management နှင့် Program (2) အနေဖြင့် An Introduction to Networking စသည့် Seminar (ပညာရေးဆွေးနွေးပွဲ)ကို ကျင်းပပြုလုပ်မည်ဖြစ်၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်းနှင့် MMSY အဖွဲ့ဝင် မဟုတ်သော်လည်း စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ကြောင်းသိရသည်။
    Seminar ပြုလုပ်မည့် အစီအစဉ်မှာ 2.2.2013 (စနေနေ့)၊ Seminar (1) : Accounting, Finance & Management — (10:00 – 11:00 am), Seminar (2) : An Introduction to Networking — (2:00 – 4:00 pm) ဖြစ်ပြီး ပြုလုပ်မည့်နေရာမှာ IDOL Training Provider, No.(256/266), Room(8-B), Seikkanthar Street (Upper Block), Kyauktadar Township, Yangon ဖြစ်ကြောင်း သိရပါသည်။
    Seminar တက်ရောက်မည့်သူများသည် Form ဖြည့်သွင်းရမည်ဖြစ်သောကြောင့်  Seminar (1) အတွက် နံနက် (9:30)နာရီ , Seminar (2) အတွက် နေ့လည် (1:30)နာရီ အချိန်အရောက်လာပေးပါရန်လိုအပ်ကြောင်းနှင့် တက်ရောက်လိုသူများအနေနှင့် ကြိုတင် စာရင်းပေးသွင်းပေးရန်နှင့် ၃၁.၁.၂၀၁၃ ရက်နေ့ နောက်ဆုံးထား၍ ဖုန်းနံပါတ် 09-401540820 , 09-73209966 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါကြောင်း ထပ်မံ သိရှိရပါသည်။
    “ဒီပညာရေးဆွေးနွေးပွဲက တစ်ဆင့် IT, Accounting တို့နဲ့ သက်ဆိုင်တဲ့ Advanced Level တန်းတွေကို တက်ရောက်နိုင်မယ့် အခြားပညာရေး စကောလားရှစ် အခွင့်အလမ်းများလည်း ရရှိနိုင်အောင် စီစဉ်ထားပါတယ်”လို့ MMSY Foundation ၏ Seminar ဖြစ်မြောက်အောင် စီစဉ်သူတစ်ဦးမှ ပြောပြပါတယ်။