News @ M-Media

Blog

  • အစ္စလာမ် ဆန့််ကျင်ရေး လုပ်ဆောင်မှုများကို တားဆီးပေးဖို့ ကရင်ပြည်နယ် အစိုးရအား တိုင်ကြားထား

    အစ္စလာမ် ဆန့််ကျင်ရေး လုပ်ဆောင်မှုများကို တားဆီးပေးဖို့ ကရင်ပြည်နယ် အစိုးရအား တိုင်ကြားထား

    ဇန်နဝါရီ ၂၅၊ ၂၀၁၃
    M-Media
    သောင်းထိုက်

    ကရင်ပြည်နယ် အတွင်း အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတဲ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု့များကို ကာကွယ်တားဆီးပေးဖို့ တိုင်ကြားလွှာ စာတစောင်ကို ပြည်နယ် အစ္စလာမ်ဘာသာရေး အဖွဲ့ (၃) ခုမှ  လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ်အစိုးရ ထံသို့  ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်ပေးပို့လိုက်ကြောင်း သတင်းရရှိပါသည်။

    တိုင်ကြားလွှာတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစ္စလာမ်ဘာသာကို လုပ်ကြံဖန်တီးထားသည့် စာပေများ ဖြန့်ဝေခဲ့သည့် အကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့နှင့် ဆက်ဆံမှုမပြုရန်၊ အစ္စလာမ်ဆန့်ကျင်ရေးဟောပြောပွဲ ရုပ်သံခွေများကိုပြည်နယ် အနှံ့အခမဲ့ဖြန့်ဝေခဲ့ကြောင်း၊ ဇန်နဝါရီ(၂၀) ရက်နေ့မှာ ဘားအံမြို့မဈေးနှင့်ဈေးကြီး ပတ်ဝန်းကျင်တွင် အစ္စလာမ်ဘာသာဝင်တို့ရောင်းချသည့် ဆိုင်များတွင်ဈေး မဝယ်ရန်၊ ဈေးဝယ်နေသူများကို ဆိုင်တွင်းမှဆွဲထုတ်ခြင်း၊ ဝယ်ပြီးသား ပစ္စည်များကို ငွေပြန်အမ်းခိုင်းခြင်း၊ ပစ္စည်များ ပြန်ပေးခိုင်းခြင်း၊ နောက်ရက်များတွင် သံဃာအချို့နှင့် (လူမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့) စာတမ်းပါ လူငယ် အမျိုးသား/အမျိုးသမီး(၂၀) ခန့်  အစ္စလာမ်ဘာသာဝင်တို့ ထံမှာ ဈေးမဝယ်ရန် ဝယ်ယူလျှင် အရေးယူမည့် ဟု ခြိမ်းခြောက်ပြောဆို မှုများလုပ်ဆောင်ခဲ့ကြောင်း ပါရှိသည်။

    kayin case
    ပြည်နယ်အစိုးရသို့ ပေးပို့ထားသော တိုင်ကြားလွှာ အပြည့်အစုံ

    ပြည်နယ်အတွင်း အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြခြင်းကို ပျက်ပြားအောင် သွေးခွဲ လုပ်ဆောင်နေသည့် အဖွဲ့အား အရေးယူ ဆောင်ရွက်ပေးဖို့နှင့် လူနည်းစု အစ္စလာမ် ဘာသာဝင်များကို ကာကွယ်စောင့်ရှောက်ပေးရန် ထည့်သွင်းရေးသား ထားပါသည်။

    အဆိုပါ တိုင်ကြားလွှာကို ကရင်ပြည်နယ် အိုလမာ-အစ္စလာမ့် သာသနာပညာရှင်များအဖွဲ့၊ ပြည်နယ်အစ္စလာမ် သာသနာရေးကောင်စီ အဖွဲ့၊ ပြည်နယ် မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ တို့ လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ် အစိုးရသို့ ပေးဖို့ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။

    မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် လှုံဆော်သည့် စာရွက်များ ဖြန့်ဝေပြီးနောက် ယခုကဲ့သို့ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ဆောင်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခြင်းဖြစ်သည်။

  • ဦးသောင်းညွန့် (သတင်းထောက် သောင်းညွန့်-ဖျာပုံ) ကွယ်လွန်

    ဦးသောင်းညွန့် (သတင်းထောက် သောင်းညွန့်-ဖျာပုံ) ကွယ်လွန်

    ဇန်နဝါရီ ၂၄၊ ၂၀၁၃
    M-Media
    သောင်းထိုက်

    အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်တွင် ဗဟိုအန်ဆွာရီနှင့် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ  သတင်းထောက် ဦးသောင်းညွန့်(ဖျာပုံ) သည် ယနေ့ ဇန်နဝါရီ ၂၄ ရက် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်သွားကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ် (IRAC) ရဲ့ Facebook စာမျက်နှာမှာ သတင်း ထုတ်ပြန်ထားကြောင်း တွေ့ရှိရပါသည်။

    ကိုယ်ရေးအကျဉ်းချူပ်

    အဖ ဦးတင်မောင်၊ အမိဒေါ်စိန်တို့မှ ၁၉၄၈-ခုနှစ် မတ်လ(၅)ရက်နေ့တွင် အမှတ်-၁၀၈၊ ၁၁-လမ်း၊ ၁၀-ရပ်ကွက် ဖျာပုံမြို့၌မွေးဖွားသည်။ ဖျာပုံမြို့ အ.ထ.က(၃)တွင် အထက်တန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၆၆-ခုနှစ်တွင် ရန်ကုန်သတင်းစာ၊ မြန်မာ့သတင်းစာ၊ ဗိုလ်တထောင်သတင်းစာ၊ ကြေးမုံသတင်းစာ၊ ဂါဒီယန်သတင်းစာများနှင့် သတင်းဂျာနယ်တို့၌ သတင်းနှင့် သတင်းဆောင်းပါးများ စတင်ရေးသားပြီး စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။ နိုင်ငံသားစိစစ်ရေး အမှတ်မှာ (၁၄/ဖပန(နိုင်) ၀၆၁၉၈၈)ဖြစ်ပြီး စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင် အမှတ်-၀၁၇၆ ဖြစ်သည်။

    ၂၀၀၃-ခုနှစ်အတွက် စာပေဗိမာန် စာမူပြိုင်ပွဲတွင် “အမျိုးသမီးများသိမှတ်ဖွယ်ရာ ဥပဒေရေးရာ”စာမူဖြင့် သုတပဒေသာ(၀ိဇ္ဖာပညာရပ်) ပထမဆု၊ ၂၀၀၄-ခုနှစ် “စာပေရေးသားခြင်း ဆိုင်ရာ ဥပဒေရေးရာ”စာမူဖြင့် သုတပဒေသာ(၀ိဇ္ဖာပညာရပ်) ဒုတိယဆု၊ ၂၀၀၅-ခုနှစ်အတွက် “ထင်ပေါ်ကျော်ကြားမြန်မာ သတင်းစာ ဆရာကြီးများ” စာမူဖြင့် စာပဒေသာ ဒုတိယဆုရရှိခဲ့သည်။မြန်မာ့အလင်း သတင်းစာတွင် သတင်းထောက်အမှတ်-၃၇၉ ဖြင့်လည်းကောင်း၊ကြေးမုံသတင်းစာတွင် သတင်းထောက် အမှတ်-၁၆၈ ဖြင့် လည်းကောင်း သတင်းများ ရေးသားလျက်ရှိပြီး ဂျာနယ်အချို့တွင် သတင်းများ ရေးသားခဲ့သည်။

    အမည်ရင်းမှာ ဦးသောင်းညွန့်ဖြစ်ပြီး ကလောင်အမည်မှာ သတင်းထောက်သောင်းညွန့်(ဖျာပုံ)ဖြစ်ပါသည်။ နေရပ်လိပ်စာမှာအမှတ်(၁၀၈)၊ ၁၁-လမ်း၊ ၁၀-ရပ်ကွက်၊ ဖျာပုံမြို့နယ် ဖြစ်ပါသည်။

    သတင်းထောက် ဦးသောင်းညွန့်(ဖျာပုံ)သည်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်တွင် -ဗဟိုအန်ဆွာရီနှင့် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

    ကိုးကား ။ ။

    • သတင်းထောက်သောင်းညွန့်(ဖျာပုံ)၏ အမျိုးသမီးများသိမှတ်ဖွယ်ရာ ဥပဒေရေးရာ (ဒုတိယအကြိမ်)
    •  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် (IRAC) ရဲ့ Facebook စာမျက်နှာ
  • ဖြိုးဝေအောင်၏ပန်ကြားလွှာကို အာရှ လူ့အခွင့်အရေး ကော်မရှင်က လွှတ်တော်ကော်မတီ ၄ ခုသို့ပေးပို့

    ဇန်နဝါရီ ၁၇ ၊၂၀၁၃

    via myanmarij

    ထောင်တွင်းနှိပ်စက်ခံရမှု ဒဏ်ရာများနှင့် လုံလောက်တဲ့ ဆေးကုသမှု့ မရခဲ့သဖြင့် အသဲကင်ဆာနှင့် အခြားရောဂါများ ကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ ကိုဖြိုးဝေအောင် (Photo DVB)
    ထောင်တွင်းနှိပ်စက်ခံရမှု ဒဏ်ရာများနှင့် လုံလောက်တဲ့ ဆေးကုသမှု့ မရခဲ့သဖြင့် အသည်းကင်ဆာနှင့် အခြားရောဂါများ ကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ ကိုဖြိုးဝေအောင် (Photo DVB)

    ကွယ်လွန်သူ ကိုဖြိုးဝေအောင် ၏ ၂ဝ၁ဝ ဧပြီ မြန်မာ့ နှစ်သစ်ကူးပွဲတော် ဗုံးခွဲမှုနှင့် ပတ်သက်၍ မှားယွင်းစွာ စွပ်စွဲခံရမှု၊ ဖြောင့်ချက်ပေးရန် နှိပ်စက် ညှဉ်းပန်းခံရမှုနှင့် ရာဇဝတ်မှုဖြင့် မမှန်မကန်ပြစ်ဒဏ် ချမှတ်ခံရမှုကို ပြန်လည် စိစစ်သုံးသပ်၍ ပျက်ယွင်းခဲ့ရသော နာမည်ကို ရှင်းလင်းပေးရန် ပန်ကြားလွှာကို အလေးထား ဆောင်ရွက်ရေး အတွက် ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် ညွှန်ကြား ရေးမှူး ဘီဂျိုဖရန်စစ် ထံမှ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ အမျိုးသားလွှတ်တော် တိုင်ကြားလွှာနှင့် အသနား ခံလွှာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းနှင့် အမျိုးသား လွှတ်တော် နိုင်ငံသား အခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တို့ ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့သည်။

    အဆိုပါစာတွင် ၂ဝ၁၂ အောက်တိုဘာ ၉ ရက်တွင် ကိုဖြိုးဝေအောင်၏ အယူခံလွှာကို တရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးမြင့်အောင်နှင့် ဦးမြင့်ဟန်တို့က ရှင်းလင်းမှု မရှိဘဲ ပယ်ချခဲ့ပြီး သေဒဏ်ကို အတည်ပြုခဲ့သဖြင့် ယင်းက လူကြီးမင်းတို့၏ ကော်မတီများထံ အကူအညီ တောင်းခံခဲ့ကြောင်း၊ မိမိအနေဖြင့် ပုဂ္ဂိုလ် ရေးအရ ကိုဖြိုးဝေအောင်နှင့် ၂ဝ၁၂ ဒီဇင်ဘာတွင် ဆေးရုံပေါ်၌ တွေ့ဆုံ ခဲ့ရာ မှားယွင်းစွာ ပြစ်ဒဏ် စီရင်ခံရမှုကို ရှိသမျှ ခွန်အားဖြင့် တိုက်ခိုက်၍ ပျက်စီးခဲ့ရသော မိသားစု ဘဝကို ပြန်လည် တည်ဆောက်ရန် ကြိုးစားရင်း ထိုစွပ်စွဲချက်များမှ သူ့နာမည်ကို ရှင်းလင်းပြီး မိသားစုအပေါ် ဖိစီးမှုကိုလည်း ဖယ်ရှားပစ်နိုင်ရန် မျှော်လင့်နေသော သူ့ကိုမြင်တွေ့ခဲ့ ရကြောင်း၊ သို့သော် သူ့အမည်ကို ရှင်းလင်း၍ မိသားစုကို ပုံမှန် ပျော်ရွှင်ဖွယ် ဘဝသို့ ပြန်လည် ရောက်ရှိအောင် မစွမ်းဆောင်နိုင်မီ တွင် ၂ဝ၁၃ ဇန်နဝါရီ ၄ ရက်က ကွယ်လွန်သွားခဲ့ရသည် ဟု ဝမ်းနည်း ကြေကွဲစွာ ကြားသိခဲ့ရကြောင်း ဖော် ပြထားသည်။

    ဆက်လက်ပြီး ကိုဖြိုးဝေအောင်နှင့် တွေ့ဆုံမှုအပြင်၊ လွန်ခဲ့သော သုံးနှစ်ကျော်ကာလအတွင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ဆောင် ရွက်ခဲ့သည့် မှတ်တမ်းမှတ်ရာ အများအပြားအရ သူ၏ အပြစ်ကင်းစင်မှု ကို တရားဝင် ရှင်းလင်း ဖော်ပြနိုင်ရုံသာမက၊ မြန်မာနိုင်ငံ အထူးသတင်း တပ်ဖွဲ့နှင့် တရားစီရင်ရေး ယန္တရား၏ လုပ်ရပ်များကိုလည်း အပြည့်အစုံ ထုတ်ဖော်နိုင်မည်ဟု မိမိယုံ ကြည်ကြောင်း၊ သူကွယ်လွန်သွား ခြင်းက သူ့အပေါ် ပြုလုပ်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှု၊ နည်းမျိုးစုံဖြင့် အဖွဲ့အစည်းအလိုက် မတော်မတရား ပြုမူ ဆက်ဆံမှုအချက်အလက်များ ကို ပြောင်းလဲသွားစေမည်မဟုတ် ကြောင်း ရေးသား ထားသည်။

    ထို့ကြောင့် အမှုကို ပြန်လည် စစ်ဆေး၍ ကိုဖြိုးဝေအောင်အပေါ် ချမှတ်ခဲ့သော ရာဇဝတ်မှု ပြစ်ဒဏ်ကို ဖျက်သိမ်းရန် သူ့သေဆုံးမှု သာမက သူ့အပေါ် စွဲဆိုခဲ့သော အမှု ဖြစ်စဉ် တစ်လျှောက်တွင် သူ့မိသားစု အပေါ် ဖိစီးခဲ့သော ဆုံးရှုံးနစ်နာမှု များကိုပါ မျှတအောင်စီစဉ်ပေးရန်၊ ဤအမှုအတွင်း ကျူးလွန်ခဲ့သော လူ့ အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သူအားလုံးကို စုံစမ်းစစ်ဆေးရန်၊ သက်ဆိုင်ရာ ကော်မတီများမှ ကိုင်တွယ် ဆောင်ရွက်ပေးပါ ရန် တိုက်တွန်း ရေးသားထားသည်။

    နိဂုံးချုပ်အနေဖြင့် ကိုဖြိုးဝေအောင်အတွက် တရားမျှတမှု ပြုလုပ်ရန် အခွင့်အရေးကို ယူပါရန်နှင့် သူ၏ လူကြီးမင်း တို့ထံ အကူအညီ တောင်းခံသော နောက်ဆုံးစာပါ အချက်အလက်များကို အလေးထား လေးစား ပါရန် မိမိတို့ တိုက်တွန်း အားပေးကြောင်း၊ မိမိတို့အနေဖြင့် လည်း ဤအမှုကို တရားနည်းလမ်း တကျ ဖြစ်စေရုံ သာမက မြန်မာနိုင်ငံ တွင် ဤကဲ့သို့သော နိုင်ထက်စီးနင်း ဖမ်းဆီးချုပ်နှောင်မှု၊ ညှဉ်းပန်းမှု၊ အဓမ္မ ဝန်ခံခိုင်းမှု၊ တရားစီရင်မှု ရေးရာ မဟုတ်မတရားပြုမှု၊ ကြံစည်မှု များကို အပြီးသတ် ချုပ်ငြိမ်းနိုင်ရေး အတွက် ဤအမှုကို ပြည်တွင်းရော နိုင်ငံတကာအတိုင်းအတာထိပါ ရောက်ရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

    Ref: An Open Letter from the Asian Human Rights Commission to the chairpersons of four parliamentary committees. Asian Human Right Commission, Hong Kong

  • ရာဇ၀တ်မှုများ တိုးပွားလာခြင်းကို ထရီနီဒက် မွတ်စလင်များ ဆန့်ကျင်ဆန္ဒပြ

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၃
    M-Media

    Trinidad Muslims March Against Crime

    ကိုင်ရို။ ။ ကာရစ်ဘီယံကျွန်းစု၏ တောင်ဘက်ပိုင်းကျသော ထရီနီဒက်နိုင်ငံရှိ မွတ်စလင်များကနိုင်ငံအတွင်း ရာဇ၀တ်မှုများမြင့်တက်လာမှုကို ဆန့်ကျင်သောအနေဖြင့် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ငြိမ်းချမ်းမှုနှင့် သဟဇာတဖြစ်စွာနေထိုင်ရန် ဘာသာအယူဝါဒ အားလုံးမှ ဘာသာဝင်များကို ဆော်သြခဲ့ကြသည်။

    “ကောင်းမှုတွေကို ပူးပေါင်းဆောက်ရွက်ဖို့နဲ့ မကောင်းမှုတွေ၊ အကျင့်ပျက်ချစားမှုတွေမှာ မပါဝင်ဖို့ အစ္စလာမ်က သွန်သင်ပါတယ်” ဟု Regional Council of the Anjuman Sunnat-ul Jamaat Association (ASJA) ၏ ဥက္ကဌဖြစ်သူ Imam Raffaic Mohamed က ထရီနီဒက်ဂါးဒီးယန်းသတင်းစာသို့ ဇန်န၀ါရီ ၂၂၊ အင်္ဂါနေ့က ပြောကြားခဲ့သည်။

    နိုင်ငံတောင်ဘက်ပိုင်းရှိ မွတ်စလင်များသည် ဗလီဝတ်ကျောင်းတော် ၁၀ခုတွင် စုဝေးခဲ့ပြီး San Fernando မြို့ Mucurapo လမ်းရှိ Jama ဗလီဝတ်ကျောင်းတော်မှ စတင် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

    အဆိုပါ ချီတက်ဆန္ဒထုတ်ဖော်မှုကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း ရာဇ၀တ်မှုများ တိုးပွားလာခြင်းကို သတိပေးရန် ရည်ရွယ်သည်ဟု Mohamed က ဆိုသည်။ ပိုမိုလုံခြုံသောနိုင်ငံဖြစ်လာရန်နှင့်၊ ရာဇ၀တ်မှုများကို ကိုင်တွယ်အရေးယူရန် မည်သည့်ဆောက်ရွက်မှုမျိုးကိုမဆို ထောက်ပံ့ပေးသွားမည်ဟုလည်း Mohamed က ထပ်လောင်း ပြောကြားသွားသည်။

    “ရာဇ၀တ်မှုတွေကို ရပ်တန့်စေဖို့ ဘယ်လို ဆောင်ရွက်မှုမျိုးကိုမဆို ကျနော် အားပေးပါတယ်။” ဟု သူက ဆိုသည်။

    ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံတစ်ဝှမ်းတွင်း ရာဇ၀တ်မှုများနှင့် ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်မှုများမှာ ယခင်ကတည်းက ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်အထိ အငြင်းပွားဖွယ်ရာ ကဏ္ဍတစ်ခုအဖြစ် ရှိနေသည်။

    ဒုစရိုက်ဂိုဏ်းများ၏ တိုက်ခိုက်သတ်ဖြတ်မှုများမှာ ၁၉၉၉ နှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ် တိုးပွားလျက်ရှိပြီး ၂၀၀၈ ခုနှစ်အတွင်း လူပေါင်း ၅၅၈ ဦး အသတ်ခံခဲ့ရကာ တစ်နှစ်အတွင်း အမြင့်ဆုံး ပမာဏဖြစ်ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ရဲအရာရှိများ၏ လုပ်ငန်းတာဝန်များ တိုးမြှင့်ခြင်း၊ မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးမှုများ တိုးချဲ့အသုံးပြုခြင်း၊ CCTV ကင်မရာများ တိုးချဲ့တပ်ဆင်ခြင်း၊ ထိုနည်းတူစွာ နိုင်ငံရပ်ခြားမှ ပညာရှင်များအား ငှားရမ်းအသုံးပြုခြင်း စသည်တို့ကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ချီတက် ဆန္ဒထုတ်ဖော်မှုမှာ ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံရှိ အခြား ဘာသာဝင်အုပ်စုများအတွက် နမူနာတစ်ခုဖြစ်လာစေရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ရဲတပ်ဖွဲ့က ရာဇ၀တ်မှုများကို ထိန်းချုပ်ရာ၌ အကူအညီပေးရန် ဆော်သြမှုတစ်ခုအဖြစ် မွတ်စလင်များက စီစဉ်ခဲ့ခြင်းဖြစ်သည်။

    “ဘာသာတရားအားလုံးက ခေါင်းဆောင်တွေ အတူတကွ လက်တွဲလုပ်ဆောင်ရပါမယ်။ ပြီးတော့ ကျနော်တို့အားလုံး အချင်းချင်း နားလည်မှုရှိဖို့လည်း လိုပါတယ်။” ဟု ASJA ၏ ဥက္ကဌဖြစ်သူ Mohamed က ဆိုသည်။

    ကာရစ်ဘီယံကျွန်းအတွင်း ရာဇ၀တ်မှုများ တိုးပွားလာခြင်းက လူအများကို ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေသည်ဟု သူက ဆိုသည်။

    ရာဇ၀တ်မှုတွေဖြစ်ပွားနေခြင်းဟာ လူသားအားလုံအတွက်ကောင်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဘာသာရေးခေါင်းဆောင်တွေအဖြစ် ကျနော်တို့အနေနဲ့ လူတွေအပေါ်မှာ သြဇာ သက်ရောက်မှုရှိရမယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့အားလုံးဟာ ဘုရားသခင်က ဖန်ဆင်းထားတဲ့သူတွေဖြစ်တယ်။ ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ကျနော်တို့ နေထိုင်သွားရမယ်” ဟု သူကပြောကြားခဲ့သည်။

    ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံရှိ လူဦးရေ ၁ ဒသမ ၃ သန်း၏ ၅ ဒဿမ ၈ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်ကြသည်။

    Ref : http://www.onislam.net

  • ကုရ်အာန်ကျမ်းတော် အာဂုံဆောင် တရုတ် မွတ်စလင်မ် အမျိုးသမီးငယ်များ

    ဇန်နဝါရီ ၂၃ ၊ ၂၀၁၃
    M-Media

    china girl

    လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကတည်းက တရုတ်ပြည်မကြီးတွင် အစ္စလာမ်သာသနာဝင်၊ မွတ်စလင်များသည် တရုတ်လူမျိုးအသိုင်းအ၀န်းနှင့် သင့်တင့်လျောက်ပတ် ပနံသင့်စွာ နေထိုင်လာခဲ့ကြကြောင်း အချက်အလက်များအရ သိရပါသည်။

    ပုံတွင် တရုတ်ပြည်ရှိ ကုရ်အာန်ကျမ်းတော် အာဂုံဆောင် မွတ်စလင်မိန်းကလေးများကို ဖော်ပြထားပြီး ယင်းမိန်းကလေးများမှာ မိမိတို့၏ မိခင်ဘာသာစကားမဟုတ် သည့် အာရဗီဘာသာစကားဖြင့် ကုရ်အာန်ကျမ်းတော် တစ်အုပ်လုံးကို အလွတ်ကျက်မှတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။

    ကုရ်အာန်ကျမ်းတော်ဆိုသည်မှာ အစ္စလာမ်သာသနာဝင် မွတ်စလင်တို့၏ ကျမ်းစာဖြစ်ပြီး တမန်တော်ချုပ်၊ မုဟမ္မဒ်သခင် (ငြိမ်းချမ်းခြင်း သန္တိသုခအပေါင်း ခညောင်းပါစေ) ထံတော်သို့ ၆၀၉ CE မှ ၆၃၂ CE ထိ ၂၃ နှစ်တိုင်တိုင် ပို့ချပေးသနားခြင်းခံရသည်ဟု မွတ်စလင်တို့က ယုံကြည်ကြသည်။

    အချက်အလက်များအရ ကမ္ဘာပေါ်ရှိဘာသာတရားများ၏ အခြေခံ အုတ်မြစ် ကျမ်းဂန်များတွင် ပြုပြင်ခြင်းမခံရဘဲ မူလအတိုင်းတည်ရှိနေသော တခုတည်းသော ကျမ်းဖြစ်ကြောင်း သိရသည်။

    ကုရ်အာန်ကျမ်းတော်တွင် အခန်းပေါင်း ၁၁၄ ခန်းပါရှိပြီး ယင်းအခန်းကဏ္ဍများကို စူရာဟ်ဟု ခေါ်သည်။ မုက္ခပါတ်တော် စုစုပေါင်းမှာ ၆၂၃၆ ဖြစ်သည်။