News @ M-Media
Blog
  • MMSY Foundation မှ Scholarship Seminar (ပညာရေး ဆွေးနွေးပွဲ) ပြုလုပ်မည်
    ဇန်န၀ါရီ ၂၇၊ ၂၀၁၃
    M-Media
    သတင်း – အမ်တူးအေ
    IDOL
    ရန်ကုန်  ။      ။     MMSY Foundation ၏ Scholarship Project နှင့် IDOL Training Provider တို့ ပူးပေါင်း၍ Education Seminar တစ်ရပ်ကို ၂၀၁၃-ခု ဖေဖော်ဝါရီလ ၂-ရက် (စနေနေ့)တွင် ရန်ကုန်မြို့ IDOL Training Provider ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
    MMSY မိသားစုဝင်များအတွက် Seminar နှစ်ခုပြုလုပ်မည်ဖြစ်ပြီး Program (1) အနေဖြင့် Accounting, Finance & Management နှင့် Program (2) အနေဖြင့် An Introduction to Networking စသည့် Seminar (ပညာရေးဆွေးနွေးပွဲ)ကို ကျင်းပပြုလုပ်မည်ဖြစ်၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်းနှင့် MMSY အဖွဲ့ဝင် မဟုတ်သော်လည်း စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ကြောင်းသိရသည်။
    Seminar ပြုလုပ်မည့် အစီအစဉ်မှာ 2.2.2013 (စနေနေ့)၊ Seminar (1) : Accounting, Finance & Management — (10:00 – 11:00 am), Seminar (2) : An Introduction to Networking — (2:00 – 4:00 pm) ဖြစ်ပြီး ပြုလုပ်မည့်နေရာမှာ IDOL Training Provider, No.(256/266), Room(8-B), Seikkanthar Street (Upper Block), Kyauktadar Township, Yangon ဖြစ်ကြောင်း သိရပါသည်။
    Seminar တက်ရောက်မည့်သူများသည် Form ဖြည့်သွင်းရမည်ဖြစ်သောကြောင့်  Seminar (1) အတွက် နံနက် (9:30)နာရီ , Seminar (2) အတွက် နေ့လည် (1:30)နာရီ အချိန်အရောက်လာပေးပါရန်လိုအပ်ကြောင်းနှင့် တက်ရောက်လိုသူများအနေနှင့် ကြိုတင် စာရင်းပေးသွင်းပေးရန်နှင့် ၃၁.၁.၂၀၁၃ ရက်နေ့ နောက်ဆုံးထား၍ ဖုန်းနံပါတ် 09-401540820 , 09-73209966 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါကြောင်း ထပ်မံ သိရှိရပါသည်။
    “ဒီပညာရေးဆွေးနွေးပွဲက တစ်ဆင့် IT, Accounting တို့နဲ့ သက်ဆိုင်တဲ့ Advanced Level တန်းတွေကို တက်ရောက်နိုင်မယ့် အခြားပညာရေး စကောလားရှစ် အခွင့်အလမ်းများလည်း ရရှိနိုင်အောင် စီစဉ်ထားပါတယ်”လို့ MMSY Foundation ၏ Seminar ဖြစ်မြောက်အောင် စီစဉ်သူတစ်ဦးမှ ပြောပြပါတယ်။
  • အစ္စရေးအား နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် တရားစွဲရန် ပါလက်စတိုင်း စီစဉ်နေ
    ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
    M-Media
    israel-palestine-map
    ၁၉၆၇ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ သိမ်းယူခဲ့သည့်နေရာဒေသများနှင့် အထူးသဖြင့် E-1 ဟုခေါ်သည့် ဂျေရုစလင်မြို့ဆင်ခြေဖုံးရှိ အငြင်းပွားနေသော နေရာ၌ ဆောက်လုပ်နေသော အစ္စရေး၏ တည်ဆောက်ရေးလုပ်ငန်းများကို ရပ်တန့်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC)တွင် တရားစွဲရန် စီစဉ်လုပ်ဆောင်သွားမည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး Riad Malki က ဆိုသည်။
    “အကယ်၍ အစ္စရေးဘက်က E-1 လုပ်ငန်းနဲ့ ဂျေရုစလင် တ၀ိုက်မှာလုပ်နေတဲ့ အစီအစဉ်တွေကို ပြီးစီးအောင် ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တိုင်ကြားသွားမှာပါ။ ကျနော်တို့မှာရွေးချယ်စရာမရှိပါဘူး။ အစ္စရေးရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတယ်။”ဟု သူက ဆိုသည်။
    ထိုကိစ္စနှင့် ပက်သက်၍ အစ္စရေး တာဝန်ရှိသူများကလည်း လျင်မြန်စွာပင် ပြန်လည်တုံ့ပြန်ခဲ့သည်။
    “ဘယ်လို ကြိုတင်သတ်မှတ်ချက်မျိုးမှ မပါဘဲနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုတွေကို ပြန်လုပ်ဖို့ အစ္စရေးက ဆက်လက်ဆောင်ရွက်သွားပါမယ်။ အကယ်၍ ပါလက်စတိုင်းက တစ်ဖက်သက် ရန်လိုတဲ့ လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင်တော့ သူတို့အနေနဲ့ ရှေ့ဆက်ရမယ့် ဘယ်လိုအခွင့်လမ်းမျိုးကို မဆို အခြေပျက်စေဖို့ ဆောက်ရွက်နေတာမျိုးသာ ဖြစ်မှာပါ။” ဟု အစ္စအရေးစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mark Regev က ပြောကြားခဲ့သည်။
    နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တိုင်ကြားရန်မှာ နိုဝင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ကုလအဖွဲ့ဝင် မဟုတ်သည့် လေ့လာသူနိုင်ငံအဖြစ် ပါလက်စတိုင်းကို အဆင့်မြှင့်တင်ပေးပြီး နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ အစ္စရေးဘက်ကလည်း လက်တုန့်ပြန်သည့် အနေဖြင့် E-1 ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် အရှေ့ဂျေရုစလင်နှင့် Ma’ale Adumim မြို့အကြားရှိ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ပြန်လည် ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
    ပါလက်စတိုင်းနိုင်ငံနှင့် ထိစပ်နေသည့် အဆောက်အဦးများဆောက်လုပ်ခြင်းမှာ လုံးဝ မဖြစ်နိုင်ဟုဆိုပြီး မြောက်ဘက်ရှိ ရာမာလာဒေသမှ တောင်ဘက်ရှိ ဘက်သလင်ဟန်သို့ သွားလာလှုပ်ရှားမှုကို ဟန့်တားထားသည်ဟု ပါလက်စတိုင်းက ဆိုသည်။ အစ္စရေးကပြုလုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှလည်း ထင်ထင်ပေါ်ပေါ် ဝေဖန်ပြောဆိုထားသည်။
    နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တွင် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား တရားစီရင်လေ့ရှိသည်။ ပါလက်စတိုင်းအနေဖြင့် ပထမဦးစွာ ခုံရုံးနှင့် ဆက်သွယ်ရန် လျှောက်ထားရမည်ဖြစ်ပြီး ခုံရုံးက လက်ခံပါက အစ္စရေးနိုင်ငံအား တရားစွဲရမည်ဖြစ်သည်။
    အနောက်ဘက် ကမ်းခြေတစ်လျှောက်ရှိ အစ္စရေးမှ ဆောက်လုပ်လျက်ရှိသော တံတိုင်းကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC) က တရားမ၀င်ဟု သတ်မှတ်ထားပြီးဖြစ်သည်။ ထိုတံတိုင်းကို အစ္စရေးက security barrier (လုံခြုံရေး အဆီးအတား) ဟု ခေါ်ပြီး ပါလက်စတိုင်းက wall (နံရံ) ဟု ခေါ်သည်။ အဆိုပါ တံတိုင်း တည်ဆောက်ရန် ပါလက်စတိုင်းနယ်မြေကို အစ္စရေးက သိမ်းပိုက်ထားကာ ပါလက်စတိုင်း၏ လွတ်လပ်စွာလှုပ်ရှားမှုကို ဟန့်တားထားသည်ဟုလည်း ICC က ဆိုသည်။
    အစ္စရေးနိုင်ငံကမူ နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမရှိဘဲ တည်ဆောက်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
    “အဲဒီတံတိုင်း ဒါမှမဟုတ် E-1 နဲ့ ပက်သက်တဲ့ (ICC က) ဆုံးဖြတ်ချက်တောင်မှ သက်ရောက်မှုမရှိပါဘူး။ ဒါဟာ ထင်ရှားတဲ့ သာဓကပါပဲ” ဟု Birzeit တက္ကသိုလ်မှ ပါလက်စတိုင်း သမိုင်းပညာရှင် Saleh Abd Al-Jawad က ဆိုသည်။
    “အဲဒါ(ICC တွင်တရားစွဲဆိုခြင်း) ဟာစိတ်ကူးကောင်း တစ်ခုလို့ ကျနော်ထင်ပါတယ်။ စိတ်ကူးယဉ် အိပ်မက်တစ်ခု ဖြစ်တယ်ဆိုရင်တောင်မှ တခုခုတော့ ပြောင်းလဲမှာပါ” ဟု အနောက်ဘက်ကမ်းခြေရှိ အစ္စရေး၏ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီမှ အထူးအစည်းအဝေး ကျင်းပပြီးနောက် Malki က ပြောဆိုခဲ့သည်။ အဆိုပါအစည်းအဝေးမှာ ကုလသမ္မဂ္ဂမှ ပါလက်စတိုင်းအား အဆင့်မြှင့်တင်ပေးပြီးနောက် ပထမဦးဆုံးကျင်းပသည့် အစည်းအဝေးဖြစ်သည်။
    Ref:http://www.arabnews.com/
  • မြန်မာပြည်ကို ရည်စူး၍ “၀” သူပုန်များအား တရုတ် လျှို့ဝှက်စွာ ထောက်ပံ့
    M-Media
    ဇန်န၀ါရီ ၂၇၊ ၂၀၁၃
    Ref: www.voanews.com မှ ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
    986C542B-BC23-4391-8E3A-9209CB1322BB_w640_r1_s_cx0_cy1_cw0
    ရှမ်းပြည်နယ်မှ အရှေ့တောင်အာရှတွင် မူးယစ်ဆေးဝါးအမှုများနဲ့ ပတ်သတ်မှုအများဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “၀” လက်နက်ကိုင် တပ်မတော်
    မြန်မာမြောက်ပိုင်းက တရုတ်ဘော်ဒါ တလျောက်မှာ မြန်မာစစ်တပ်က ကချင် လက်နက်ကိုင်တပ်တွေကို တိုက်ခိုက်နေစဉ် ဘေဂျင်းကတော့ တရုတ်ဘော်ဒါမှာပဲ အခြေစိုက်တဲ့ “၀” တပ်မတော်ကို အဆင့်မြင့်လက်နက် ကိရိယာတွေ တိတ်တဆိတ်ရောင်းချနေတယ်လို့ လုံခြုံရေးလေ့လာ သုံးသပ်သူတွေ က ပြောဆို လိုက်ပါတယ်။ “၀”တပ်မတော် ကတော့ မြန်မာပြည်ထဲက လက်နက်ကိုင် တပ်တွေထဲမှာ အကြီးမားဆုံးလည်းဖြစ်သလို အရှေ့တောင်အာရှ မှာတော့ မူးယစ်ဆေးဝါးမှုတွေနဲ့လည်း အကြီးကျယ်ဆုံး ပတ်သက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲမှာ မြန်မာစစ်တပ်က ကချင်သူပုန်တွေကို လေကြောင်းကနေ တနည်း၊ မော်တာတွေပစ်ပြီးတော့ တဖုံ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာကြောင့် မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်း လှုပ်ရှားမှုတွေ နဲ့ ပတ်သတ်ပြီး နိုင်ငံတကာက အာရုံစိုက်လာကြပါတယ်။
    ကချင်လက်နက်ကိုင် တပ်မတော် ကေအိုင်အေနဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး တည်ဆောက်ထားနိုင်ခဲ့ပေမယ့် ၂၀၁၁ မှာတော့ ပျက်ပြယ်ခဲ့ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေး ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ ယခုတကြိမ် မြောက်ပိုင်း စစ်ဆင်ရေးကတော့ အကြီးကျယ်ဆုံး စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။
    ကချင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်ဖို့ တရုတ်ကနှိုးဆော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘေဂျင်းကတော့ မြန်မာပြည်က အခြားသော လက်နက်ကိုင် အဖွဲ့ ယူနိုက်တက် “၀” တပ်မတော်ကို တိတ်တဆိတ် လက်နက် တွေ ရောင်းနေတာပါလို့ လုံခြုံရေးလေ့လာသူတွေက ပြောကြားပါတယ်။
    ဗြိတိသျှအခြေစိုက် IHS Jane’s Intelligence Review လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို စုံစမ်းထောက်လှမ်းပြီး စိစစ်လေ့လာကာ အစီရင်ခံ တင်ပြလေ့ရှိတဲ့ Jane’s Information Group ရဲ့ ဒီဇင်ဘာလ အစီရင်ခံစာမှာတော့ တရုတ်က ပြီးခဲ့တဲ့နှစ်အတွင်း ကာကွယ်ရေး စနစ်တွေ တည်ဆောက်ဖို့အတွက် “၀” တပ်မတော်ကို အဆင့်မြင့် လက်နက်တွေ ရောင်းချခဲ့တယ်လို့ ဖော်ပြလိုက်ပါတယ်။ အဲဒီထဲ မှာတော့ လေယဉ်ပစ် အမြောက်တွေ၊ တင့်ကားဖျက်လက်နက်တွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ် အစင်းပေါင်း အနည်းဆုံး ၁၂ စင်းထိ ပါရှိကြောင်း အစီရင်ခံစာက ဆိုပါတယ်။ တင့်ကားဖျက် လက်နက်တွေ တပ်ဆင်ထားတဲ့ မော်တော်ယဉ်ပုံစံမျိုးကို ပထမဆုံး အကြိမ်ရောင်းချခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
    ထိုင်းနိုင်ငံအခြေစိုက် လုံခြုံရေးလေ့လာ သုံးသပ်သူနဲ့ IHS Jane’s Intelligence Review ကို ရေးသားသူ အန်တိုနီ ဒေးဗစ္စကတော့ “ဘေဂျင်းက ၀တွေနဲ့ ဆက်ဆံလာတဲ့ သမိုင်းဝင်၊ ယုံယုံကြည်ကြည် ဆက်ဆံမှု အခြေအနေကို ချိန်ခွင်လျှာညီမျှဖို့ ကြိုးစားနေသလို၊ မြန်မာအာဏာပိုင်တွေနဲ့ အဆက်အဆံကိုလည်း အဲဒီလို ညီမျှဖို့ ကြိုးစားနေတယ်” လို့ ဆိုပါတယ်။
    “တရုတ်က သူတို့နယ်နိမိတ်စည်းပေါ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို လစ်လျူရှုလို့ မဖြစ်နိုင်သလို၊ တချိန်တည်းမှာပဲ မြန်မာပြည်က ဗဟိုအစိုးရ ကိုလည်း လျစ်လျူရှုဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တရုတ်က လက်နက်ပစ္စည်းတွေကို တိုက်ရိုက်ထောက်ပံ့နေတယ်လို့ ဆိုနိုင်ပြီလား ? မဆိုနိုင်ပါဘူး။ ဒီလိုမျိုး လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတဲ့သူဟာ အစိုးရထဲက စီနီယာကြီးတွေ အထိ ဖြစ်နေနိုင်တယ်ဆိုတာ သိသာပေမယ့်၊ သူတို့ ဟာ ငွေရေးကြေးရေးမှာတော့ တိုက်ရိုက် ပါဝင်နေတယ်လို့တော့ ပြောလို့မရဘူး။ ဒီနေရာမှာ သူတို့အနေနဲ့ (စွပ်စွဲလာရင်) ငြင်းနိုင်ဖို့ (ထွက်ပေါက်) အခွင့် အလမ်းလေးတွေလည်း ထားရမယ်လေ။” ဟု အန်တိုနီ ဒေးဗစ္စက ဆိုပါတယ်။
    တရုတ်နိုင်ငံခြားရေးဌာနကတော့ IHS Jane’s Intelligence Review နဲ့ပတ်သတ်ပြီး တစုံတရာမှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
    “၀” လက်နက်ကိုင်အဖွဲ့ကတော့ မြန်မာပြည်မှာ အကြီးဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ “၀” တပ်မှာ တပ်သားပေါင်း ၃ သောင်းထိ ရှိနေသလို အချိန်ပိုင်း တပ်သားတွေလည်း ပါဝင်နေပါတယ်။ တရုတ်ကတော့ သူရဲ့ ၀င်ရောက် မစွက်ဖက်ရေးပေါ်လစီကြီး ရှိနေပေမယ့် ၀တွေကို အကြီးမားဆုံး၊ တရားမ၀င် လက်နက်ထောက်ပံ့ပေး နေတယ်လို့ စစ်ရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။
    ယေးလ်တက္ကသိုလ်ရဲ့ ပီအိပ်ခ်ျဒီ စာတမ်းပြုစုနေသူ ဂျော့ရှ် ဂေါ်ဒန်ကတော့ တရုတ်နဲ့ ၀တွေ အနီးကပ် အဆက်အဆံရှိနေတယ်လို့ ဆိုပါတယ်။ သူက “၀တွေသည် တရုတ် စကားပြောသူတွေဖြစ်တယ်၊ ၀တွေက အနည်းနဲ့ အများဆိုသလို တရုတ်ရဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်” လို့ ဆိုပါတယ်။
    ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မြန်မာအစိုးရနဲ့ ၀တွေအကြား အပစ်အခတ်ရပ်ဆဲဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲဒီကနေတဆင့် ၀တွေဟာ ရှမ်းပြည် အရှေ့မြောက်ပိုင်းက သူတို့နေတဲ့ဒေသကို သူတို့ကိုယ်တိုင် အုပ်ချုပ်ခွင့်ရခဲ့တယ်။ သူတို့ဟာ အဲဒီဒေသကြီးကို အာရှရဲ့ အကြီး ဆုံးသော မီသာဖီတာမင်း ထုတ်လုပ်တဲ့ ဒေသကြီးအဖြစ် အသွင်ပြောင်းပစ်လိုက်တယ်။ အဲဒီဒေသကို မူးယစ်ဆေးဝါးမှုနဲ့ ပတ်သတ်တဲ့ အကြီးဆုံးဒေသ ကြီးလို့လည်း စဉ်းစားနိုင်တယ်။
    အမေရိကန်ရဲ့ U.S. Drug Enforcement Agency ကတော့ ၂၀၁၁ ခုနှစ်မှာတော့ ထိုင်းနိုင်ငံထုတ် မှုခင်းသတင်းတွေထဲမှာ ၀လက်နက် ကိုင်ခေါင်းဆောင် Wei Hsueh Kang ကို အလိုချင်ဆုံး သူပုန်(most wanted) အဖြစ် ဓာတ်ပုံထည့်သွင်းဖော်ပြခဲ့ပါတယ်
    “မြန်မာမြောက်ပိုင်းမှာတော့ တရုတ်က မီးစထိုးပေးတဲ့သူ မဟုတ်ပါဘူး။ “၀” တွေကို အင်အားဖြည့်တင်းပေးတာက (တရုတ်အနေနဲ့) စစ်ရေးဆိုင်ရာ အကာအကွယ်ကို အင်အားဖြည့်တင်းလိုက်တာပါပဲ။ ခင်ဗျားက အဲဒါကို ကြိုက်မယ်ဆိုရင်၊ (ဒီလိုမျိုးလည်း တွေးနိုင်ပါတယ်။) အဲဒီဒေသမှာ နှစ်ပေါင်း ၂၀ လောက် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတာကို ဆက်လက်ပြီးတည်တံ့ဖို့ တရုတ်က လုပ်ဆောင်လိုက်ခြင်းဖြစ်သလို အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတာ ကလည်း တရုတ်အတွက် အကောင်းဘက်ဆောင်ပါတယ်။” ဟု ဒေးဗစ္စက ဆိုပါတယ်။
    စစ်တပ်က ဆယ်စုနှစ်များစွာ အုပ်ချုပ်နေတဲ့ကာလမှာ အနောက်နိုင်ငံတွေက မြန်မာကို ပိတ်ဆို့ထားပါတယ်၊ အဲဒီအချိန်မှာ တရုတ်က မြန်မာပြည်ရဲ့ အရင်းအမြစ် သယံဇာတတွေအပေါ် အင်အားကြီးစွာ လွှမ်းမိုးခဲ့ပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပိတ်ဆို့မှုတွေ ပြေလျော့ခဲ့တယ်၊ တရုတ်ရဲ့ လွှမ်းမိုးမှုကိုလည်း ယိမ်းယိုင်စေခဲ့ပါတယ်။
    ဒေးဗစ္စကတော့ ၀တွေကို လက်နက်ထောက်ပံ့ခြင်းဟာ တရုတ်အနေနဲ့ သူရဲ့ နိုင်ငံရေးဆိုင်ရာ အလှည့်အပြောင်းတစ်ခုအဖြစ် တုန့်ပြန် လိုက်ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။
    မြန်မာသမ္မတရုံးက ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွတ် ကတော့ IHS Jane’s Intelligence Review နဲ့ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ ပယ်ချခဲ့ပါတယ်။
    သူက “ကျနော်တို့မှာ ဒါနဲ့ပတ်သက်ပြီး ဘာသတင်းမှမရှိဘူး၊ ဒါပေမယ့် အချိန်တိုင်းဆိုသလို တရုတ်အစိုးရက ကျနော်တို့ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက် ဖက်ဘူးဆိုတာ ကတိပြုပါတယ်။ ဒီတော့ ကျနော်တို့က သူတို့ရဲ့ ကတိက၀တ်ကို လက်ခံပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
    ကချင်အရေးသာမက နယ်နိမိတ်အရေး ကိစ္စတွေပါ ဆွေးနွေးဖို့အတွက် တရုတ်က ယခုလအတွင်း အဆင့်မြင့်ကိုယ်စားလှယ်တွေကို မြန်မာဘက် ကို စေလွှတ်ခဲ့ပါတယ်။ မြန်မာ အစိုးရထုတ် မြန်မာ့အလင်းသတင်းစာက တရုတ်အနေနဲ့ မြန်မာပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ဖို့ သဘောတူကြောင်း ဖော်ပြခဲ့ပါတယ်။
  • ဆောင်းရတု တရားသဘင်
    ဇန်နဝါရီ ၂၅၊ ၂၀၁၃
    M-Media
    သန့်စင်အေး
    3
    Photo Credit-Myanmar Muslim Net
    စာရေးသူတို့တိုင်းပြည်မှာ လမ်းကိုပိတ်ပြီးဟောတဲ့တရားပွဲတွေ များပြားမြိုင်ဆိုင် လှပြီး အားလုံးနီးပါးကတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဟောပြောသော ဗုဒ္ဓဘာသာ တရားပွဲများဖြစ်ပါတယ်။ စာရေးသူတို့လည်း ဒီလို တရားပွဲမျိုးတွေကို ကိုယ်ကိုယ်တိုင် လုပ်ဖို့ အခက်အခဲအမျိုးမျိုးရှိနေတာကြောင့် မလုပ်နိုင်ပေမယ့် လုပ်နိုင်တဲ့သူတွေ လုပ်နေတာကို ကြည့်ပြီး မုဒိတာပွားရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်ကတော့ စာရေးသူရဲ့ Facebook စာမျက်နှာမှာ တရားပွဲဖိတ်စာတစ်ခုကို တွေ့လိုက်ရပါတယ်။ စတင်သတိထားမိတာက ဖိတ်စာရဲ့ အထက်နားမှာ ဘာသာကြီး(၄)ခုရဲ့ အထိမ်းအမှတ် အလံတော်များကို တွေ့လိုက်ရခြင်းပါပဲ။ ပြီးတော့ဟောပြောမယ့် သံဃာတော်၊ ဆရာတော်တွေကလည်း ဗုဒ္ဓဘာသာ သံဃာတော်တွေအပြင် ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာများမှ ဘုန်းတော်ကြီးများအပါအ၀င် အစ္စလာမ် ဘာသာမှ ဓမ္မကထိကများ၊ သာသနာ့ပညာရှင်များပါ ပါဝင်တဲ့ပွဲဖြစ်နေတာကြောင့် အံ့သြပြီးသေချာဖတ်ကြည့်မိပါတယ်။ ဟုတ်ပါတယ်။ ဘာသာပေါင်းစုံ “ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းရေးတရားပွဲ”ပါ။ စာရေးသူနားလည်သလိုပြောရရင်တော့ “INTERFAITH ” တရားပွဲပေါ့။ ဟာ…ဒီလိုတရားပွဲမျိုး တွေကို အရင်တုန်းကတော့ NGO အချို့နဲ့ လူမှုအဖွဲ့အစည်းအချို့က စီစဉ်တဲ့ပွဲတွေမှာတော့ တွေ့ဖူး၊ သိဖူးတာပေါ့။ အဲဒီပွဲတွေကတော့ သင့်တော်တဲ့ခန်းမဆောင် တစ်ခုခု၊ ဒါမှမဟုတ်လည်း ဟိုတယ်တစ်ခုခုမှာ များသောအားဖြင့် ကျင်းပကြပါတယ်။ ဒါပေမယ့် အခုလိုမျိုး လမ်းမှာ လမ်းပိတ်စင်ထိုးပြီးဟောပြောမယ့်၊ ရပ်ကွက်၊ ပတ်ဝန်းကျင်ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ပြီး ဟောပြောကြမှာဆိုတော့ အံ့သြ ၀မ်းသာဖြစ်မိသွားပါတယ်။ ဒီလိုပွဲမျိုး ငတ်နေတာကြာပြီကိုး။ ပိုပြီးတော့စိတ်ဝင်စားမိသွားတာက ဖိတ်စာပါခေါင်းစီးက “ကူဝသွလ် အစ္စလာမ်ရာသစ်ဗ်အဖွဲ့က ဦးစီးကျင်းပသော” “(၁၄၈၇)နှစ်မြောက် မဟာတမန်တော်မြတ် ဖွားသန့်စင်နေ့အထိမ်းအမှတ်”လို့ ခေါင်းစီးတပ်ထားပြီး ခေါင်းစီးရဲ့ဘေးနားမှာလည်း “မေတ္တာ Campaign” အဖွဲ့ရဲ့ Logo လေးပါ တွေ့လိုက် ရတာကိုး။
    ဟုတ်ပါတယ်။ ဒီတရားပွဲကို အတိအကျဖော်ပြရရင်တော့…
    “(၄၄)ကြိမ်မြောက် ကူဝသွလ်အစ္စလာမ်ရာသစ်ဗ်အဖွဲ့မှ ဦးစီးကျင်းပသော”
    “ (၁၄၈၇)နှစ်မြောက် မဟာတမန်တော်မြတ် ဖွားသန့်စင်နေ့အထိမ်းအမှတ် ဘာသာပေါင်းစုံ ညီညွတ်ခြင်းနှင့်ငြိမ်းချမ်းရေးတရားပွဲ”
    ဟောပြောကြမည့် သံဃာတော်၊ ဆရာတော်များကတော့
    • – ဘဒ္ဒန္တအရိယာဝံသာဘိဝံသ
    • – အရှင်ဥာဏိက
    • – Rev. FR. George Shwe Tun
    • – ဆရာတော် အလ်ဟာဂ်ျ ခလီဖွှဟ် ဦးအေးလွင်
    • – ဆရာတော် စရီ ဦးမောင်မြင့်
    • – ဆရာတော် အလ်ဟာဂ်ျ ဦးလှရွှေ
    တို့ပဲ ဖြစ်ကြပါတယ်။
    “ကူဝသွလ်အစ္စလာမ်ရာသစ်ဗ်အဖွဲ့”နဲ့ “မေတ္တာ Campaign” မှ ပူးပေါင်းစီစဉ် ကြတာ ဖြစ်ပြီး ၂၅-၁-၂၀၁၃ ၊ ည(၈း၃၀)နာရီတွင် ရှမ်းကုန်းလမ်း၊ မြေနီကုန်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းမြို့နယ်မှာ ကျင်းပတာဖြစ်ပါတယ်။
    IMG_20130125_231639
    ဆောင်းရာသီရဲ့ အေးချမ်းလှတဲ့ ညအခါသမယမှာ ယခုလို ငြိမ်းချမ်းခြင်း အေးချမ်းခြင်း နဲ့ ညီညွတ်ခြင်းတရားတွေဟောပြောကြမယ့် တရားသဘင်ဖြစ်လို့ အေးချမ်းမှု အပေါင်းဝေဖြာတဲ့သဘောဆောင်တဲ့ တရားသဘင်ဖြစ်တဲ့ “ဆောင်းရတု တရားသဘင်”ကို သွားဖို့ စာရေးသူ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ အင်ရှာအလ္လာဟ်…
    သွားမယ်ဆိုတော့ စာရေးသူတို့နေတဲ့ရပ်ကွက်နဲ့ အနည်းငယ် အလှမ်းဝေးတာက တစ်ကြောင်း၊ နောက်ပြီးတော့ ဒီတရားပွဲသတင်းကို မိတ်ဆွေတွေကို မျှဝေချင်တာတစ်ကြောင်း ကြောင့် ဒီတရားပွဲဖိတ်စာကို facebook မှာလည်း share ပေးခဲ့ပြီးတဲ့နောက် ကိုယ်ကိုယ်တိုင် လည်း လူကိုယ်တိုင်တစ်မျိုး၊ ဖုန်းနဲ့တစ်ဖုံ လက်လှမ်းမီသမျှ မိတ်ဆွေတွေကို အကြောင်းကြား ပြီး တရားပွဲသွားဖို့ စီစဉ်ပါတော့တယ်။ ဒီလိုနဲ့နောက်ဆုံး စာရေးသူရဲ့သူငယ်ချင်းတစ်ယောက် ရယ်၊ ဆရာသမားစုံတွဲရယ်ကပါ “ငါတို့လည်းသွားမယ်” ဆိုပြီး ဖြစ်လာပါတယ်။
    အဲဒီတော့ စာရေးသူတို့အဖွဲ့လည်း လူစု၊ တက္ကစီငှားပြီး တရားပွဲကျင်းပမည့် မြေနီကုန်း၊ ရှမ်းကုန်းလမ်းကို ထွက်လာခဲ့ကြပါတယ်။
    ၎င်းတရားပွဲသို့ ရွှေဝါရောင်သံဃာတော်များနှင့် မေတ္တာ Campaign မှ သံဃာတော်များ၊ အခြားခရစ်ယာန်၊ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများမှ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ အစ္စလာမ်ဘာသာဝင် ဆရာတော်များတက်ရောက်ခဲ့ကြပြီး တရားနာပရိသတ်မှာလည်း ဘာသာ ပေါင်းစုံမှလာကြသည်ကို ကြည်နူးဖွယ်တွေ့မြင်ခဲ့ပါသည်။ အချို့ပရိသတ်များကတော့ “ငါတို့ ဒီလိုမျိုး ဘုန်းကြီးတွေရော၊ မွတ်စလင်မ် ဆရာတွေရော၊ ဘာသာအစုံက ဆရာတွေဟောတဲ့တရားပွဲ တစ်ခါမှမကြုံဘူးလို့ လာကြည့်တာ၊ ဒီလိုပွဲမျိုးကြည့်ရဖို့ဆိုတာ လွယ်တာမှတ်လို့” ဆိုတဲ့သူများကိုလည်း တရားနာ ပရိသတ်ထဲမှာ တွေ့မြင်ခဲ့ရပါသေးတယ်။ ပွဲစီစဉ်သူများကိုလည်း ကျေးဇူး အထူးတင်မိပါသည်။
    ဖြစ်ချင်တော့ အဲဒီနေ့က အဲဒီရှမ်းကုန်းလမ်းမှာပဲ ရှမ်းကုန်းလမ်းမိသားစုကကျင်းပ ပြုလုပ်တဲ့ တရားပွဲနဲ့လည်း သွားတိုက်ဆိုင်နေပါတယ်။  အဲဒီတော့ ဒီဘက်က ဘာသာပေါင်းစုံ တရားပွဲကျင်းပမယ့် လမ်းနေရာကို ဟိုဖက်တရားပွဲကဘုန်းတော်ကြီးက တရားဟောပြီးသွားလို့ ပြန်ကြွရင် ဖြတ်သွားမယ်ဆိုတော့ စာရေးသူတို့လည်း ရုတ်တရက်နေရာ မရသေးတော့ ခဏလောက်တော့စောင့်နေလိုက်ရပါတယ်။ ဟိုဘက်ပွဲက တရားဟောတဲ့ ဘုန်းကြီးပြန်ကြွသွား တော့ ဒီဘက်က စာရေးသူပြောချင်တဲ့ “Interfaith တရားပွဲ” စပါပြီ။
    44
    Photo Credit-Myanmar Muslim Net
    Interfaith တရားပွဲများ၏သဘော
    ဒီနေရာမှာ စာရေးသူ ဖြည့်စွက်မျှဝေချင်တာကတော့ Interfaith တရားပွဲများရဲ့ သဘောပါပဲ။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးတရားပွဲဆိုတာ အဓိကအားဖြင့် ဘာသာကြီး(၄)ခု ဗုဒ္ဓ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာကြီးများမှ သံဃာတော်များ၊ ဆရာ တော်များက ကြွရောက်ပြီး ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ တရားများ ဟောကြားတော်မူအပ်သော တရားပွဲပဲဖြစ်ပါတယ်။ ဒီတော့ ဒီနေရာမှာ စာရေးသူသိထား သလောက်ကတော့ မတူတာတွေကိုဖယ်ပြီး တူတာတွေကိုဟောကြတာပါ။ တစ်ဘာသာနဲ့ တစ်ဘာသာ အပြိုင်အဆိုင် debate လုပ်တဲ့ပွဲမဟုတ်ပါဘူး။ ဒါကိုတော့ အမြင်ရှင်းဖို့လိုအပ် ပါတယ်။ အဲဒီအချိန်မျိုးမှာ ကိုယ်က ကိုယ့်ဘာသာကို ကိုယ်ဘယ်လောက် ယုံကြည်ကြောင်း၊ ဘယ်လောက်လေးစားကြောင်းနှင့် ကိုယ့်ဘာသာရဲ့ မွန်မြတ် စစ်မှန် သန့်စင်လှတဲ့ အကြောင်း အရာတွေကို ယဉ်ကျေးသိမ်မွေ့စွာနဲ့ ပညာရှိဆန်စွာ ဖော်ပြရမှာဖြစ်သလို  သူများ ဘာသာကိုလည်း ဘယ်လို တန်ဖိုးထားကြောင်း၊ ဘယ်လိုရိုသေကြောင်းအစရှိသည်ဖြင့် ကောင်းမြတ်တဲ့ စံနမူနာပုံစံကို ထုတ်ဖော် ပြသ ရမှာပဲဖြစ်ပါတယ်။ ဒါကတော့ Interfaith တရားပွဲများရဲ့ သဘောသဘာဝပဲဖြစ်ပါတယ်။
    တရားပွဲကိုတော့ ကျမ်းမြတ်ကုရ်အာန်ကို ဖတ်ရွတ်ပြီး စတင်ဖွင့်လှစ်ခဲ့ကာ အစ္စလာမ့် ရင်သွေးငယ်များမှ တမန်တော်နေ့အထိမ်းအမှတ် ကစီဒါရွတ်ဖတ်ခဲ့ကြပြီး ခလီဖွှဟ် ဦးမောင်မောင်စိုးမှ အဖွင့်မိန့်ခွန်းစကား မိန့်ကြားပါတယ်။
    ၎င်းနောက်မှာတော့ ဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသ က ဗုဒ္ဓဘာသာရှုထောင့်မှ နေ ငြိမ်းချမ်းရေးတရားကို မိန့်ကြားပါတယ်။ ဗုဒ္ဓဟောကြားတော် မူခဲ့သော ကာလာမသုတ်မှ ဗုဒ္ဓ၏  မိန့်မှာချက်များကိုလည်း ဟောကြားတော်မူပါတယ်။  ကျမ်းထဲမှာပါလို့လည်းမယုံနဲ့၊ ငါဘုရားဟောလို့လည်း မယုံနဲ့၊ ဆရာသမားများ ပြောလို့လည်းမယုံနဲ့။ ကိုယ့်ရဲ့ဆင်ခြင်ဥာဏ်နဲ့ ကိုယ့်ဘာသာစဉ်းစား။ ဘယ်ဘာသာမှ လူသတ်ဖို့၊ အနိုင်ကျင့်ဖို့၊ မုသားပြောဖို့ မသင်ကြား ကြပါဘူး။ ငြိမ်းချမ်းရေးကိုသင်တယ်။ ယဉ်ကျေးလိမ္မာဖို့ကိုသင်တယ်။ တမန်တော်မုဟမ္မဒ်(ဆွ)၊ ဂေါတမမြတ်စွာဘုရား၊ သခင်ယေရှု၊ ဟိန္ဒူမှ ဂုရုကြီးများ အစရှိသည် ဖြင့်ပေါ့။ ဘယ်ပုဂ္ဂိုလ်ကမှ မကောင်းတာမသင်ခဲ့ပါဘူး။ ကောင်းတာတွေကိုပဲ သင်ခဲ့ပါတယ်… အစရှိသည်ဖြင့် ကျွန်တော်တို့ နာယူခဲ့ကြရပါတယ်။
    နောက်ထပ်အစီအစဉ်မှာတော့… ဆရာတော် အလ်ဟာဂ်ျ ဦးလှရွှေမှ တရားဟောကြား တော်မူပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်အာယတ်တော်များ၊ တမန်တော်(ဆွ)၏ ဟဒီးဆ် သြ၀ါဒတော်များကိုလည်း ဟောကြားခဲ့ပါတယ်။ တမန်တော်မြတ်(ဆွ)ရဲ့ ဟဒီးဆ်တော် တစ်ခု မှာ ပါရှိတာက “သူများကို နှုတ်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း နာကျင် စေသူသည် မွတ်စလင်မ်မဟုတ်”အစရှိသည့် ဟဒီးဆ်တော်များကို ဟောကြားတော်မူခဲ့ပြီး ဘာ သာအားလုံး ငြိမ်းချမ်းကြဖို့၊ အယူမသည်းကြဖို့၊ ဘာသာတိုင်းတွင် တူညီသည့်အချက်မှာ မေတ္တာပင်ဖြစ်ကြောင်း၊ ဘာသာဝင်တိုင်း မေတ္တာပို့ကြပါကြောင်း အစရှိသည့်ဖြင့်လည်း စာရေး သူတို့ မှတ်သားခဲ့ရပါတယ်။
    ၎င်းနောက် ဆရာတော် စရီဦးမောင်မြင့်မှ ဟောကြားတော်မူခဲ့ပါတယ်။ ဘာသာရေး ခေါင်းဆောင်များ ညီညွတ်ကြဖို့လိုကြောင်း၊ ဘာသာရေးခေါင်းဆောင်များ ညီညွတ်ကြပါလျှင် နောက်လိုက်များလည်း ငြိမ်းချမ်းစွာနေနိုင်ကြမည်ဖြစ်ကြောင်း၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓ အစရှိသည့်ဘာသာ အားလုံးက ငြိမ်းချမ်းစွာ နေထိုင်ဖို့ကိုဟောကြားပါကြောင်းကို ကျမ်းဂန် အထောက်အထားများနှင့်တကွ ဟောကြားတော်မူခဲ့ပါသည်။
    ထို့နောက်တွင် ဆရာတော် အရှင်ဥာဏိက ဟောကြားတော်မူရာတွင် “ဆရာတော်မှ ယနေ့တရားနာပရိသတ်အတွက် ပန်းသီးလေးများယူလာကြောင်း၊ ထိုပန်းသီးလေးများ အားလုံးမှာ ငြိမ်းချမ်းရေး ပန်းသီးလေးများဖြစ်ကြောင်း၊ သို့သော် ထိုပန်းသီးများသည် တစ်လုံးနှင့် တစ်လုံးအရောင်မတူကြကြောင်း၊ အစ္စလာမ်က အစိမ်း၊ ဗုဒ္ဓက အ၀ါ၊ ခရစ်ယာန် က အပြာစသည်ဖြင့် အရောင်မတူကြောင်း၊ ထို့ကြောင့် ဆရာတော်မှ ထိုပန်းသီးလေးများအား တရားနာပရိသတ်သို့ ဝေငှရာတွင် အခွံချွတ်ပြီးမှ ဝေငှမည်ဖြစ်ကြောင်းအစရှိသည့် “ပန်းသီး ဥပမာ”ဖြင့် အတ္တမကြီးဖို့၊ အတ္တကြီးလာလျှင် မာန၀င်လာကြောင်း၊ ထိုမာနက လောဘ၊ ဒေါသ၊ မောဟ စသည်တို့ကို ခေါ်လာပြီး အလုံးစုံပျက်စီးခြင်းကိုဖြစ်စေကြောင်း၊ ထို့ကြောင့် အတ္တမလွန်ကဲသင့်ကြောင်းကို ဟောကြား တော်မူပါသည်။
    ပြီးလျှင် Rev. FR. George Shwe Tun မှ ဟောကြားတော်မူပါတယ်။ လက်ခုပ်သံ ကြားလျှင်အားရှိကြောင်း၊ ဤတရားပွဲလာပရိသတ်များအနေဖြင့် ဤတရားပွဲကို ကြိုက်နှစ် သက်သည်ဆိုလျှပ် လက်ခုပ်တီးပေးကြစေလိုကြောင်း၊ ပရိသတ်များ လက်ခုပ်တီးပြီးလျှင် FR. မှ ပရိသတ်ကို လက်ခုပ်တီးလျှင် လက်ဘယ်နှစ်ဖက်နဲ့တီးရသလဲဟုမေးရာ ပရိသတ်က လက်နှစ်ဘက်ဖြင့် တီးပါကြောင်းဖြေကြားရာ FR. မှ “လက်ခုပ်ကိုလက်နှစ်ဘက်ဖြင့်တီးမှမြည်သည့် ဥပမာ”ပေး၍ မျှတသည့်အမြင်မျိုးရှိကြရန် ဆုံးမခဲ့ပါသည်။ ထို့နောက် ပွဲမစခင်က ဟိုဘက်တရားပွဲမှ ဘုန်းတော်ကြီး ပြန်ကြွလာမည်ဖြစ်သဖြင့် နေရာရှင်းပေးထားရန်ပြောသော် လည်း အချို့သောတရားနာပရိသတ်မှာ မိမိဦးထားသောနေရာပျောက်သွားမည် စိုးသဖြင့် နေရာမရွှေ့ပေးလိုသည့်အတွက် တာဝန်ရှိသူများမှ အထပ်ထပ်အခါခါ ပြောဆိုရသည်ကို မိမိ တွေ့မြင်နေရကြောင်း၊ အတ္တမကြီးရန်လိုကြောင်း၊ အတ္တလွန်ကဲပါက ငြိမ်းချမ်းရေးတည် ဆောက်ရန် ခက်ခဲတတ်သည့်အကြောင်းများပြောဆိုပါသည်။ ထို့နောက် တမန်တော်မုဟမ္မဒ် (ဆွ) ၏ မူးယစ်သောက်စားကင်းသည့် မွန်မြတ်သန့်စင်လှသည့် အကျင့်စာရိတ္တကို ချီးမွမ်းပြောဆိုပြီး “ကိုယ်နှင့်ယှဉ်၍ သူများကို စာနာစိတ်ထားရန်” မိန့်ကြားတော်မူခဲ့ပါသည်။
    88
    Photo Credit-Myanmar Muslim Net
    ၎င်းနောက် ဆရာတော် အလ်ဟာဂ်ျ ခလီဖွှဟ် ဦးအေးလွင် မှ ဟောကြားရာတွင်…
    အကြောင်းအရာတစ်ခု တင်ပြပြောဆိုရာတွင် အချက်အလက်သည်အရေးကြီးပါ ကြောင်း၊ အချက်အလက်ခိုင်လုံစွာဖြင့် တင်ပြနိုင်မှသာ ပရိသတ်က နားလည်သဘောပေါက် လက်ခံမည်ဖြစ်ကြောင်း၊ ဘာသာရေးအကြောင်းပြောဆိုရာတွင်လည်း မိမိတင်ပြသော အထောက်အထားများ၊ ကျမ်းစာများသည် ခိုင်လုံရန်အရေးကြီးကြောင်းမိန့်ကြားတော်မူ၍ တမန်တော်မြတ်(ဆွ)၏ ဘာသာခြားများနှင့်ဆက်ဆံရေးကို မြွက်ကြားတော်မူရာတွင်…
    တမန်တော်မြတ်(ဆွ)လက်ထက်က အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ် အထားဆုံးနေရာများ အနက် ဒုတိယနေရာဖြစ်သော မဒီနဟ် မတ်စ်ဂျေဒေ့နဗ၀ီ ၀တ်ကျောင်း တော်တွင် ခရစ်ယာန်များနှင့် ဂျူးလူမျိုးများသည် ဘာသာရေး လာရောက်ဆွေးနွေး လေ့ရှိကြောင်း၊ ထိုသို့ဆွေးနွေးနေစဉ်တွင် ခရစ်ယာန်ဘာသာဝင်များ၏ ၀တ်ပြုချိန်သို့ရောက် လာကြောင်း၊ ထိုအခါ တမန်တော်မြတ်(ဆွ)မှ ၎င်းခရစ်ယာန်ဘာသာဝင်များအား မတ်စ်ဂျေဒေ နဗ၀ီတွင်ပင် ခရစ်ယာန်ဘာသာတို့၏ ထုံးတမ်းစဉ်လာအရ ၀တ်ပြုခွင့်ပေးခဲ့ကြောင်း… အစ ရှိသည့် တမန်တော်မြတ်(ဆွ)၏ ဘာသာခြားများနှင့်ဆက်ဆံရာတွင် စံနမူနာပြုထိုက်သော ပြုမူဆောင်ရွက်ပုံကိုတင်ပြပါသည်။ ထပ်မံ၍ တင်ပြပြောဆိုရာတွင် အီဂျစ်နိုင်ငံရှိ ဆိုင်းနိုင်း တောင်တွင် ကော့ပတစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခုရှိခဲ့ကြောင်း၊ တမန်တော် မုဟမ္မဒ်(ဆွ)လက်ထက်တွင် ထိုဘုရားကျောင်းကိစ္စ ပြဿနာ တစ်ခုပေါ်ခဲ့ကြောင်း….. ပြောနေရင်းနှင့်ပင် ဆရာတော် ခလီဖွှဟ် ဦးအေးလွင်၏ အသံတိတ်သွားခဲ့သည်။ ပွဲခင်းတစ်ခု လုံးလည်း မီးအမှောင် ကျသွားခဲ့သည်။ သြော်….မီးပျက်သွားတာကိုး။။။။
    တာဝန်ရှိသူများမှ မီးစက်များဖြင့် ပြန်လည်၍ လျှပ်စစ်မီးရရှိအောင်ပြုလုပ်ပြီး ဆရာတော် ခလီဖွှဟ် ဦးအေးလွင်မှ ဆက်လက်ဟောကြားရာတွင် ထိုခရစ်ယာန်ကျောင်း ပြဿနာတွင် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)နှင့် အီဂျစ်ရှိခရစ်ယာန်ဘုရားကျောင်းမှပုဂ္ဂိုလ်များ ထိုဘုရားကျောင်းအရေးနှင့်ပတ်သက်၍ ချုပ်ဆိုထားသောစာချုပ်မှာ ယခုအချိန်ထိ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိပြတိုက်တွင်ရှိကြောင်း၊ တမန်တော်မြတ်(ဆွ)သက်တော်ထင်ရှားရှိစဉ်ကတည်းက စာရေးစက္ကူများနှင့် စာရေးကိရိယာများပေါ်နေပြီဖြစ်ကြောင်း၊ ထိုစာချုပ်ကို တမန်တော်မြတ် (ဆွ)က ချုပ်ဆိုရာတွင် ထိုအီဂျစ် ဆိုင်းနိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းကိုအန္တရာယ်ပြုဖို့ နေနေသာသာ ၎င်းဒေသရှိ အစ္စလာမ်ဘာသာဝင်များက ထိုဘုရားကျောင်းကို စောင့်ရှောက် ပေးထားရမည်ဖြစ်ပြီး ထိုဘုရားကျောင်းရှိ ဆရာတော်များ၏ ဆွမ်း၊ ကွမ်းကိစ္စများကိုပါ ၎င်းဒေသရှိ အစ္စလာမ်ဘာသာဝင်များမှ တာဝန်ယူ ပေးရမည်ဖြစ်ကြောင်း… အစရှိသည့် တမန် တော်မြတ်(ဆွ)၏ ဘာသာခြားနှင့်ဆက်ဆံရေးကို ဟောကြားတော်မူရာတွင်… စာရေးသူတို့မှာ အေးမြလှသော ဟေမန္တဆောင်း ရာသီတွင် တိုက်ခတ်လေ့ရှိသော မြောက်ပြန်လေအေး များသည် စာရေးသူတို့၏ ခန္ဓာကို ထက်အောက်တိုးဝင် တိုက်ခတ်နေလင့်ကစား ရာသီဥတု၏ အအေးဒဏ်ကိုပင် မေ့လျော့သွားခဲ့ရသည်အထိ ခံစားခဲ့ရပါသည်။ တမန်တော်မြတ်(ဆွ)သို့ လည်း ဆွလ၀သ်စလာမ် အထပ်ထပ်အခါခါ ပို့မိပြန်ပါသည်။ ဆက်လက်ပြီး ဆရာတော် ဦးအေးလွင်ကပင် ယခုအခါ ဘာသာတရားများသည် မသမာသူတို့၏ အသုံးချခံအဖြစ်သို့ ရောက်နေကြောင်း၊ ထိုမသမာသူများသည် ဘာသာတရားများကိုအသုံးချ၍ ဘာသာရေး မှိုင်း တိုက်ကာ ပဋိပက္ခများကို ဖန်တီးနေကြောင်း၊ သို့ဖြစ်ပါသောကြောင့် ယခု ဒီပွဲကို တွဲဖက် စီစဉ်သည့် မေတ္တာ campaign အဖွဲ့သည် မတူညီသောဘာသာဝင်များအကြား အပြန်အလှန် နားလည်မှုတည်ဆောက်ပြီး ငြိမ်းချမ်းစွာဖြင့် အတူယှဉ်တွဲနေထိုင်နိုင်ရန်အတွက် ယခုလို Interfaith ပွဲများကို ကျင်းပနေခြင်းနှင့် အခြားသော Interfaith လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်နေပါကြောင်း၊ ထို့ကြောင့် မေတ္တာ Campaign ၏ ပဓာန နာယကဆရာတော်ကြီး အပါအ၀င် မေတ္တာ Campaign မှ သံဃာတော်များနှင့် ပုဂ္ဂိုလ်များအားလုံးကို အထူးပင် ကျေးဇူးတင်ပါကြောင်းနှင့် မေတ္တာ Campaign အဖွဲ့၏ ရှေ့ဆက်လုပ်ဆောင်ကြမည့် Interfaith အစီအစဉ်များတွင် ပါဝင်ကြပါရန် မိန့်ကြားတော်မူရင်း နိဂုံးချုပ်ခဲ့ပါသည်။
    ၎င်းနောက် အခမ်းအနားအစီအစဉ်အရ တရားဟောကြားတော်မူသော သံဃာတော်၊ ဆရာတော်များအား ဂါရ၀ပြုလက်ဆောင်ပစ္စည်းများဆက်ကပ်ခဲ့ပြီး အလ္လာဟ့်အလိုတော်ဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါသည်။
    စာရေးသူတို့အိမ်အပြန်လမ်းတွင်တော့  တမန်တော်မြတ်(ဆွ)အား ဆွလ၀သ်စလာမ် အထပ်ထပ်အခါခါပို့သမိလျက် စာရေးသူ တို့၏ အနာဂတ်လှပဖို့အတွက် အလ္လာဟ့်ထံတွင် ဆုတောင်းရင်း၊ အနာဂတ်လှပဖို့၊ ငြိမ်းချမ်းဖို့ အတွက် ပါဝင်ဆောင်ရွက်နေသည့် ရဟန်းရှင်လူပြည်သူများကိုလည်း မေတ္တာပို့နေ မိပါတော့ သည်။ ။
  • အခြေခံဥပဒေပြင်ရန် စစ်တပ်ထောက်ခံမည်ဟု ဒေါ်စုယုံကြည်၊ လူနည်းစုများ အသက်ရှူချောင်စေဖို့ အခြေခံဥပဒေ ပြင်ရမည်
    အခြေခံဥပဒေပြင်ရန် စစ်တပ်ထောက်ခံမည်ဟု ဒေါ်စုယုံကြည်၊ လူနည်းစုများ အသက်ရှူချောင်စေဖို့ အခြေခံဥပဒေ ပြင်ရမည်
    M-Media
    ဇန်န၀ါရီ ၂၇ ၊ ၂၀၁၃
    CNA
    display_image.phpမြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအား သမ္မတရာထူး သို့ ရောက်ရှိစေနိုင်ရန် နိုင်ငံတော်၏ ဖွဲ့စည်းပုံဥပဒေ ကို ပြင်ဆင်သွားဖို့ စစ်တပ် က ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။
    ပါလီမန်တွင် မြန်မာစစ်တပ်က နေရာအများအပြားရယူထားသော်လည်း ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးကိုမူ ပါလီမန်က အတည်ပြုပေးလိမ့်မည်ဟု သူမမျှော်လင့် မိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
    “ကျမအနေနဲ့ ဒါကိုထူးထူးခြားခြားကြီး စိုးရိမ်နေတာမျိုး မရှိပါဘူး။ မြန်မာစစ်တပ်ထဲက လူတွေကလည်း တခြားနိုင်ငံသားတွေလိုပဲ၊ မြန်မာပြည်ကြီးကို ပိုပြီးတော့ ပျော်ရွှင်နေတာမျိုး၊ ပိုကြီးတော့ ကြံ့ခိုင်လာတာမျိုး၊ ရိုင်ပင်းကူ ညီလာတာမျိုး ကို မြင်ချင်ကြတာချည့်ပဲလို့ ကျမထင်ပါတယ်။” ဟု ဒေါ်စုက “ဘားမား” ဟူသည့် စကားလုံးကို သုံးစွဲ၍ ပြောကြားခဲ့သည်ဟု စီအင်အေက ဆိုသည်။
    “ဒါကြောင့်လည်း ကျမအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သတ်ပြီး ဖြစ်လာနိုင်တဲ့အခြေအနေမျိုးကို စေ့စပ် ဆွေးနွေးပြီး အဖြေထုတ်တဲ့ပုံစံမျိုးကို မပစ်ပယ်ခြင်းဖြစ်ပါတယ်။” ဟု ဒေါ်စုက ဟာဝိုင်အီရှိ East-West စင်တာ၌ သောကြာနေ့က ပြောကြားခဲ့သည်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်လာမည့်သူ၏ သားသမီးများသည် နိုင်ငံခြားသားများဖြစ်မနေစေရဟု ထည့်သွင်းပြဌာန်းထားသည်။
    “တစ်စုံတစ်ယောက် စိတ်ထဲမှာ ရည်ရွယ်ပြီးတော့ ဒီလိုမျိုး တိုင်းပြည်အခြေခံဥပဒေကြီးကို ရေးဆွဲတယ်ဆိုတာ မှန်ကန်တယ်လို့ ကျမမထင်ဘူး၊ (အဲဒီရည်ရွယ်တဲ့ တစ်စုံတစ်ယောက်ကို) နိုင်ငံတော်ရဲ့ (အုပ်ချုပ်ရေး) ရုံးတွေကနေ တသက်လုံးဝင်လာလို့မရအောင် တားဆီးထားတာမျိုး၊ ဒါမှမဟုတ် သူ့ကို နိုင်ငံတော်ရဲ့ (အုပ်ချုပ်ရေး) ရုံးတွေ ဆီ ၀င်လာလို့မရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာမျိုး (ဒါမျိုးတွေက မှန်ကန်တယ်လို့ ကျမ မထင်ဘူး။) ” ဟု ယခင်က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပလဲနံပ သင့်စေမည့် စကားမျိုးများကိုသာ ပြောခဲ့ဖူးသည့် ဒေါ်စုက ဟာဝိုင်အီခရီးစဉ် တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
    တဆက်တည်းသူမက “ဒါမျိုးက လက်သင့်ခံလို့ကို မရဘူး၊ ဒါမျိုးကို ဒီမိုကရေစီလို့ မခေါ်ဘူး၊ ဒါမျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပါလို့လည်း ၀ိသေသ ပြု လို့မရဘူး” ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
    ထို့ပြင် ဒေါ်စုက မြန်မာပြည်ရှိ လူနည်းစု (minorities) များအတွက် အသက်ရှူချောင်စေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြုပြင်ရ မည်ဖြစ်ကြောင်း ပြော ကြားရာ၌ “ဒီလိုမျိုး အသက်ရှူချောင်တဲ့နည်းလမ်းတွေကို မလုပ်ဘူးဆိုရင် ငြိမ်းချမ်းရေးနဲ့ သဟာဇာတဖြစ်ရေးစ တာတွေ အပေါ်မှာ အခြေခံတဲ့ စစ်မှန်ပြီး အဓွန့်ရှည်မယ့် ပြည်ထောင်စုကို တည်ဆောက်ဖို့ ကျမတို့ ဘယ်တော့မှ မျှော်လင့်နိုင်မှာလည်း မဟုတ်ဘူး။” ဟု ပြောကြားခဲ့သည်။
    ဘာမားဟူသည့်စကားလုံးကို ဦးသိန်းစိန်အစိုးရက ကန့်ကွက်နေသော်လည်း ဒေါ်စုကမူ ဆက်လက်သုံးစွဲနေသေးသည်။ ဤသည်နှင့်ပတ်သတ် ၍မူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဟု အများက ခေါ်ဝေါ်သမုတ်နေသည့် ဒေါ်အောင်ဆန်းစုကြည်က “နာမည်က တိုင်းပြည်ကို လုပ်တာမျိုးမဟုတ်ဘူး၊ တိုင်းပြည်ကသာ နာမည်ကို ထုတ်ပေးတာ” ဟု မှတ်ချက်ပေးခဲ့သည်။