News @ M-Media

Blog

  • ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အမှတ်တရ စာစဉ် အခမ်းအနားတွင် အခမဲ့ဝေမည်။

    ဇန်နဝါရီ ၁၉ ၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနားကို (၂၀-၁-၂၀၁၃)ရက်နေ့၊ညနေ(၃း၀၀)နာရီမှာ ရန်ကုန်မြို့၊ဆိပ်ကမ်းသာ လမ်းရှိ The Strand Hotelမှာ စည်းကားသိုက်မြိုက်စွာကျင်းမှာဖြစ်ပါတယ် ။ ဆရာ ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင် ရေးခဲ့တဲ့ စံပယ်ကြူ ပန်ချင်သူကောက်မြဲ စာအုပ် အမှတ်တရ စာစဉ် ကို အခမ်းနား တက်ရောက်လာသူများကို အခမ်းအနားမှာ ဝေငှမှာဖြစ်ပါတယ်။ ဦးရာဇတ်ပုံ အထိမ်းအမှတ် ရင်ထိုးလဲ မေတ္တာလက်ဆောင်ပေးမည် သိရပါတယ်။ အခမ်းအနားမှာ Skynet ရုပ်မြင်သံကြားမှ လာရောက် ရိုက်ကူးမှာ ဖြစ်ပါတယ်။ စန္ဒယား မောင်လှအေး အဖွဲ့နဲ့ တေးသံရှင် ရန်ပိုင်စိုး၊ ခင်ညွန့်ရည်၊ စိုးစန္ဒာထွန်းစတဲ့ အဆိုတော်များက အမျိုးသားရေး တေးသီချင်းများ သီဆို ဧည့်ခံမှာ ဖြစ်ပါတယ်။ ကိုသူရ ရိုက်ကူးတဲ့ ဗီဒီယို(၁၀)မိနစ်စာခန့် ဇာတ်လမ်းတိုလည်း ပြသမယ်လို့ သိရပါတယ်။ အဆိုပါ အမှတ်တရ စာစဉ်တွင် အောက်ဖော်ပြကဏ္ဍများပါဝင်မည် ဖြစ်ကြောင်းလဲ သိရှိရပါတယ်။

    sapal kyu lin

    • – ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိအကျဉ်း
    • – သခင်မြ၏အတ္ထုပ္ပတ္တိအကျဉ်း
    • – ဒီးဒုတ်ဦးဘချို၏အတ္ထုပ္ပတ္တိအကျဉ်း
    • – ဦးရာဇတ်၏အတ္ထုပ္ပတ္တိအကျဉ်း
    • – မန်းဘခိုင်၏အတ္ထုပ္ပတ္တိအကျဉ်း
    • – မိုင်းပွန်စောဘွားကြီးစပ်စံထွန်း၏အတ္ထုပ္ပတ္တိအကျဉ်း
    • – ဦးဘ၀င်း၏အတ္ထုပ္ပတ္တိအကျဉ်း
    • – ဦးအုန်းမောင်၏အတ္ထုပ္ပတ္တိအကျဉ်း
    • – ရဲဘော်ကိုထွေး၏အတ္ထုပ္ပတ္တိအကျဉ်း
    • – လူထုဒေါ်အမာ၏အမှာ
    • – စာရေးသူ(၀မ်းအိုဝမ်း-ကျော်ဝင်းမောင်)၏အမှာ စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ
    • – ဆရာကြီးဦးရာဇတ်၏ထူးခြားတဲ့ဝိသေသများ
    • – ပါဠိနဲ့အင်္ဂလိပ်ဘာသာမှာစွယ်စုံတော်သူ
    • – ဗုဒ္ဓဘာသာမှာ ၀င်ဆန့်တဲ့သူ
    • – နေရှင်နယ်ကျောင်းဆရာ
    • – တို့ကျောင်းက ငြိမ်းချမ်းရိပ်သာ
    • – လွတ်လပ်ရေးရချင်လျှင် အင်္ဂလိပ်စာသင်
    • – နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်မွေးပေးသူ
    • – ဘုရားမရှိခိုးလျှင် ကြိမ်စာပဲ
    • – လူမှုရေးတာဝန်တွေကိုလည်း တာဝန်ယူခဲ့ခြင်း
    • – ပြောင်မြောက်တဲ့ နိုင်ငံရေးအမြင်
    • – ကျောင်းသားအရေးတော်ပုံမှ ပြည်သူ့အရေးတော်ပုံ
    • – ဂျပန်အကျဉ်းသမား
    • – တိုင်းပြည်အတွက် သေချင်သေပါစေတဲ့
    • – မန္တလေးခရိုင် ဖဆပလဥက္ကဋ္ဌအတွက် သံဃာတော်များက ဆန္ဒပေးခြင်း
    • – အစ္စလာမ့်လမ်းစဉ်နဲ့အညီ
    • – သံဃာတော်၊ဆရာတော်များရဲ့ ဆန္ဒနဲ့အညီ ၀န်ကြီးဖြစ်လာခြင်း
    • – ပြည်မြို့မှ အတုယူစရာတစ်ခု
    • – သမိုင်းအစဉ်အလာရှိခဲ့တဲ့ ဗမာမွတ်စ်လင်မ်များ
    • – ထမ်းပိုးနှစ်ထပ်အောက်က မျိုးနွယ်
    • – စံပြ ဆရာကြီး ဦးရာဇတ်
    • – အစ္စလာမ့်အ၀တ်အစားရယ်လို့မရှိ
    • – (၁၉၄၁)ခုနှစ်၊မေလ(၄)ရက်၊ယင်းတော်မြို့၌ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဖရင့်(ဒုတိယ)တွင် ဆရာကြီးဦးရာဇတ် မိန့်ကြားခဲ့သော သဘာပတိမိန့်ခွန်း
  • သန်လျင်မြို့ နေဇာမွလ် အစ္စလာမ်ကျောင်းကြီး နှစ် (၁၀၀) ပြည့် အခမ်းနား ကျင်းပခဲ့

    ဇန်န၀ါရီလ ၊၁၇၊ ၂၀၁၃
    M-Media
    ဆောင်းနှင်းမှုံ

    သန်လျှင်။       ။နှစ်၁၀၀  တိုင်ခဲ့ပြီဖြစ်သော သန်လျင်မြို့ နေဇာမွလ် အစ္စလာမ်ကျောင်းကြီး  ရာပြည့်အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ငယ်စဉ်က ပညာဆည်းပူး သင်ယူခဲ့ကြသော ကျောင်းသူကျောင်းသားဟောင်းများက  ၂၀၁၂နှစ် ကုန်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။

    4
    တက်ရောက်လာသူများ

    နေဇာမွလ် အစ္စလာမ်ကျောင်း၏ ကျောင်းသူကျောင်းသားဟောင်းများ ဦးစီးသော ၁၉၁၂-၂၀၁၂ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ရက်နေ့က နံနက် ၈း၃၀ မှ ၁၂း၀၀ နာရီအထိ သန်လျင်မြို့ လမ်းမတော်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။

    အခမ်းအနားသို့ အာလင်မ်သာသနာ့ပညာရှင်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ စာရေးဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသူကျောင်းသားဟောင်းများ၊ မြို့မိမြို့ဖများနှင့် သတင်းမီဒီယာများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

    ထိုအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဦးတင်လင်းက ဆောင်ရွက်ခဲ့ပြီး သဘာပတိ အဖြစ် အလ်ဟဂ်ျ အက်စ်အမ် ဦးခင်မောင်ကိုမှ မိန့်ခွန်းပြောကြားခဲ့သည်။

    အခမ်းအနားကို ကျမ်းမြတ်ကုရ်အာန် အာယတ်ဖတ်ရွတ်၍ အခမ်းအနားကို စတင်ပြီး သဘာပတိဦးခင်မောင်ကိုမှ သဘာပတိ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းဆရာများအား ဂုဏ်ပြုသော တေးသီချင်းများကို စုပေါင်းသီဆိုခြင်း၊ ဦးမောင်ကို ဂဖါရီ (ကမ္ဘာအလင်း-အယ်ဒီတာချုပ်)မှ ပညာရေး နှင့်ပတ်သက်၍ ဟောပြောခြင်း၊ ကျောင်းသူကျောင်းသားများ ကိုယ်စား ဟာဂျီဦးခင်မောင်သိန်း မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားပြီးနောက်၊ ဆရာဦးမောင်ကို ဂဖာရီ မှ ဆုမွန် ဒိုအာ တောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

    သဘာပတိ အလ်ဟဂ်ျ အက်စ်အမ်ဦးခင်မောင်ကို မှ “စိုင်ယဒ်မဂ်ဘုလ်အဟ်မဒ် သည် အမှတ်(၁၇) လမ်းမတော်လမ်း၊ (ယခုအမှတ်-၅) တွင် နေထိုင်ပြီး (Burma Oil Co) (B.O.C) တွင် (Labour Supply) ကန်ထရိုက်တာအဖြစ် ဆောင်ရွက်နေသူဖြစ်ပါသည်။ ၁၉၁၁ခုနှစ် ဗြိတိသျှအစိုးရ၏ ပညာရေးဆိုင်ရာ မူဝါဒကြေငြာချက်အရ ပညာသင်ကြားရေးကိုခွင့်ပြုခဲ့ရာ သန်လျှင်မြို့ တွင်မွတ်စလင် ကလေးများ ဘာသာရေးပညာ သင်ကြားရန် ကျောင်းမရှိသဖြင့် ကျောင်းတည်ထောင်ရန် ကြိုးပမ်းခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် သန်လျှင် မွတ်စလင် အသင်း (Syria Muslim Association) ဖွဲ့စည်းခဲ့ပြီး Anjuman Muslim (Muslim Association) and Madressa Nizamiah ဟူ၍ဖြစ်ပေါ်လာသည်။ အတွင်းရေးမှူးမှာ စိုင်ယဒ်မ်ဘုလ်အဟ်မဒ် ဖြစ်သည်။ သန်လျှင်မြို့ပေါ်ရှိ မွတ်စလင် တို့ ၏ သာရေးနာရေး ကိစ္စအ၀၀ကို ဆောင်ရွက်ပေးသော အသင်းဖြစ်သည်။ ဤကျောင်းခန်းမ တွင် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ အလုပ်သမားရေး အစည်းအဝေးများကို ထိုအချိန်မှ စ၍ ယနေ့တိုင် ကျင်းပလေ့ရှိသော ကျောင်းခန်းမ ဖြစ်သည်။ အပတ်စဉ် မော်လူးဒ်ရာသစ် ဖတ်လေ့ရှိသည်။ တမန်တော်နေ့အခမ်းအနားကို ဤကျောင်းမှ ဦးဆောင်၍ မြို့ထဲစီတန်းလှည့်လည်ပွဲများကို ကျင်းပလာခဲ့သည်။ စိုင်ယဒ်မဂ်ဘုလ်အဟ်မဒ် သည် မိမိ၏သားဖြစ်သူ SM ရှဖီးအား ၁၉၄၆ ခုနှစ်တွင် ကျောင်းအုပ် အုပ်ချုပ်မှုတာဝန်များကို ကျောင်းအုပ်အဖြစ်မိမိ နှင့် အတူပူးတွဲပြီး တာဝန်ပေးဆောင်ရွက်စေခဲ့သည်။

    ၁၉၆၅ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့တွင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တစ်ရပ်ကိုဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပေးပြီးနောက် ၁၉၅၇ခုနှစ် ဒီဇင်ဘလ (၁၃) ရက်နေ့ သောကြာနေ့၊ ၁၁နာရီ အချိန်တွင် အလ္လာဟ်အရှင်မြတ် အမိန့်ကို ခံယူခဲ့သည်။ ဒါရ်ဂါဝင်းအတွင်းရှိ ဥယျာဉ်တွင် အစရ်အပြီး ညနေ ၅နာရီတွင် ဒဖနာပြုလိုက်သည်။  စိုင်ယဒ်မ်ဘုလ်အဟ်မဒ်သည် ၁၉၁၂ခုမှ ၁၉၅၇ခုအထိ နှစ်ပေါင်း၄၅နှစ် သာသနာ့ပညာ ပြန့်ပွားရေး ကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ခဲ့ပြီး ၎င်း၏ သားကြီးဖြစ်သူ ဟာဂျီ SM ရှဖီးမှာလည်း ၁၉၄၆ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ နှစ်ပေါင်း ၆၀ခန့် သာသနာ့ပညာ ပြန့်ပွားရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဟာဂျီ SM ရှဖီးမှ ၃၁-၅-၂၀၀၆ နေ့တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွားသည်။ ၁၉၇၁-၇၂ ခုနှစ်တွင် ကျောင်းသူ၊ကျောင်းသား ဟောင်းများနှင့် စိတ်ဝင်စားသူ မွတ်စလင် လူငယ်များပါဝင်သည့် “နေဇာမွလ်အစ္စလာမ်” ကျောင်းနှစ်၆၀ အထိမ်းအမှတ်အဖြစ် သန်လျှင်မွတ်စလင် သမိုင်းပဏာမ စာတမ်းကို ၂၃-၁၂-၇၂ နေ့တွင် ထုတ်ဝေခဲ့သည်။ ယခု ၂၃-၁၂-၁၂ နေ့တွင် ကျွန်တော်တို့ကျောင်းသူ၊ ကျောင်းသားဟောင်းများက နေဇာမွလ် အစ္စလာမ်ကျောင်းနှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ် ” ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    5
    သဘာပတိ ဦးခင်မောင်ကို မှမိန့်ခွန်ပြောကြားစဉ်

    “ဒီကျောင်းကြီးဟာ သမိုင်းအစဉ်အလာအရ အင်မတန်ကြီးမားတယ်။ သမိုင်း အစဉ်အလာကြီးတဲ့ ကျောင်းကြီးကို ကျောင်းသူကျောင်းသားတွေက အခုလို အထိမ်းအမှတ်ပွဲကြီးတွေ ကျင်းပတာကို အရမ်းဝမ်းသာတယ်။ အခုနှစ် ၁၀၀ တိုင်မှ သည် နောင်နှစ်ပေါင်းများစွာလည်း အဓွန့်ရှည်အောင် ဆက်လက်ထိန်းသိမ်းသွားပါ။ ဒီကျောင်းကြီးမှာ ဆရာလုပ်သွားတဲ့ ဆရာတွေကိုပါတွဲဖက်ပြီး ဂုဏ်ပြုပွဲလေး လုပ်ပေးသွားပါလို့ အကြံပြုအပ်ပါတယ်” ဟု ၀ါးခယ်မမောင်မင်းနိုင်မှ M-Media သို့ပြောကြားခဲ့သည်။

    သန်လျင်မြို့ အန်ဂျူမန်နေဇာမွလ် အစ္စလာမ်အခမဲ့ဘာသာရေးကျေုာင်းကို ကွယ်လွန်သူ စိုင်ယမ် မဂ်ဘုလ် အဟ်မဒ် အစ္စလာမ် အာလာဒီက သာသနာ့မျိုးချစ် ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောင်းကြီးမှ သန်လျှင်မြို့နေ ခလေးသူငယ်များ ထောင်ပေါင်းများစွာကို သာသနာ့ အခြေခံပညာ ပညာရပ်နို့ချို တိုက်ကျွေးခဲ့သည်။

    နေဇာမွလ် အစ္စလာမ် အခမဲ့ဘာသာရေးကျောင်း သန်လျင်မြို့ အုတ်မြစ်ချပွဲ အခမ်းအနားကို ဟစ်ဂျရီ ၁၄၀၀ ပြည့်၊ ဂျဟဒီအူလာ (၁၀) ရက်၊ ကြာသာပတေးနေ့ (၂၇-၃-၁၉၈၀) တော်လှန်ရေးနေ့တွင် နေဇာမွလ်ကျောင်းမြေနေရာမှာ ကျင်းပခဲ့သည်။ ထိုအချိန်က သဘာပတိအဖြစ် ဦးအေးမောင် (ဥက္ကဌ) ၊ ဦးသန်းတင် (ဗဟို တရားရုံးချုပ်ရှေ့နေကြီး) ၊ ဧည့်သည်တော်များအဖြစ် ဦးတင်စိုး (ဗိုလ်မှူးကြီး တင်စိုး) ၊ အုတ်မြစ်ချသူ သာသနာ့ အာဇာနည် ဟာဂျီမ ဒေါ်ပု (ပျဉ်းမနား) ၊ ရတုရေး-ဆို ချီးမြှင့်သူ သီရိ-ကိုလေး ၊ မှတ်တမ်းတင်သူ ဦးခင်မောင်ကို (သန်လျင်) တို့ဖြစ်ကြောင်း သမိုင်း မှတ်တမ်းများအရ သိရှိရသည်။

    ထိုအခမ်းအနားသို့ တက်ရောက်လာသူများအား နှစ်၁၀၀ပြည့် အထိမ်းအမှတ် အမှတ်တရ လက်ဆောင်အဖြစ် ၂၀၁၃ခုနှစ် စားပွဲတင်ပြက္ခဒိန် ပေးအပ်ကြောင်းသိရသည်။ ဆက်လက်၍ နေဇာမွလ် အစ္စလာမ်ကျောင်း၊ ရာပြည့်စာစောင်ကို ၂၀၁၃ခုနှစ်၊ မေလအတွင်းထုတ်ဝေသွားမည် ဖြစ်ကြောင်းသိရသည်။ ကျောင်းသူကျောင်းသားဟောင်းများ နှင့်မွတ်စလင်များ ထံမှ ဆောင်းပါး၊ ကဗျာ၊ စာမူများကို ရေးသားပေးပို့ကြရန် ဖိတ်ခေါ် ထားကြောင်းသိရသည်။ အဆိုပါ စာမူများကို ၂၀၁၃ ခုနှစ် ၊မေလ (၃)ရက်နေ့နောက်ဆုံးထား၍ ပေးပို့ကြပါရန် မေတ္တာရပ်ခံထားသည်ကို သိရသည်။

    3
    စာရေးဆရာ ၀ါးခယ်မ မောင်မင်းနိုင် မှ အမှတ်တရ စကားပြောကြားစဉ်
    2
    ဆရာဦးမောင်ကို ဂဖာရီ (ကမ္ဘာ့အလင်း-အယ်ဒီတာချုပ်) မှ ဆုမွန်ဒိုအာ တောင်းနေပုံ
    1
    ကျောင်းသူ ကျောင်းသားဟောင်းများက ထိုကျောင်းကြီး၏ ဂုဏ်ကိုဆောင်သော တေးကဗျာများ ဆုပေါင်းရွက်ဆိုနေပုံ

     

  • ရခိုင် သတင်းဌာန ၂ ခုမှ သတင်း ၃ ပုဒ် မှန်ကန်မှု မရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်

    ဇန်နဝါရီ ၁၈ ၊ ၂၀၁၃
    M-Media

    Naj
    ရခိုင် သတင်းဌာနများဖြစ်သော Arakan Review သတင်းဌာန မှ သတင်း ၂ ပုဒ် နှင့် ဘင်္ဂလားဒေရှ်အခြေစိုက် နီရဉ္စရာသတင်းဌာနမှ  သတင်းတစ်ပုဒ်တို့မှာ မှန်ကန်မှု့ မရှိကြောင်းကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တရားဝင်သတင်း ထုတ်ပြန်လျက်ရှိသော ရဲဇာနည် FB စာမျက်နှာတွင် ဖော်ပြထားကြောင်းကို တွေ့ရှိရပါသည်။

    ရဲဇာနည် စာမျက်နှာမှ ဖော်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    ။ နီရဉ္စရာသတင်းဌာနမှသတင်းမှာ မှန်ကန်မှုမရှိ

    နေပြည်တော်၊ ဇန်န၀ါရီ ၁၈
    ၁၀-၁-၂၀၁၃ ရက်နေ့ထုတ် နီရဉ္စရာသတင်းဌာနမှ ““နစကတပ်ဖွဲ့ဝင်ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးပျောက်ဆုံး”” ခေါင်းစဉ်ပါ ဖော်ပြချက်အား စိစစ်ခဲ့ရာ ၁၁-၁-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်မှ ၁၇၀၀ အချိန်ထိ မောင်တောမြို့၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင်ပြုလုပ်သည့် အစည်းအဝေးတွင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူးမှ မှန်ကန်မှုမရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

    ၂။ Arakan Review သတင်းဌာနမှသတင်းမှာ မှန်ကန်မှုမရှိ

    ၁၀-၁-၂၀၁၃ ရက်နေ့ထုတ် Arakan Review သတင်းဌာနမှ ““ ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စားဝတ်နေရေးဖယ်ရှားပေး”” ခေါင်းစဉ်ပါ သတင်းအားစိစစ်ခဲ့ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းခွင်တွင် ပင်လယ်ရေအောက်ပိုက်လိုင်း သွယ်တန်းရာ လမ်းကြောင်း တစ်လျောက် ရေအောက်ကြမ်းပြင် ရှင်းလင်းရေးအား ဒေ၀ူးကုမ္ပဏီလက်အောက်ရှိ Dhardi ကုမ္ပဏီမှ ရေအောက်ရှင်းလင်းရေး သင်္ဘောဖြင့် ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ နဂါးမှော်ကျောက်တန်းအထိ ပင်လယ်ကူး သင်္ဘောကြီးများ ၀င်ထွက်မည့်လမ်းကြောင်း ရှင်းလင်းရေးဆောင်ရွက်ရာ အဆိုပါနေရာများတွင် ငါးဖမ်းခြင်းမပြုရန် တားမြစ်ထားခြင်းမရှိကြောင်း၊ ဒေသခံများမှ ငါးဖမ်းလျက်ရှိပြီး ရေလမ်းကြောင်း ပျက်စီးမှုမရှိကြောင်း၊ သန္တာကျောက်တန်းကြီးများ ပျက်စီးမှုမရှိကြောင်း၊ ငါးဖမ်းကွက်များလည်း ပျက်စီးမှုမရှိကြောင်းနှင့် အဆိုပါသတင်းများမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။

    ၃။ Arakan Review သတင်းဌာနမှသတင်းမှာ မှန်ကန်မှုမရှိ

    ၁၃-၁-၂၀၁၃ ရက်နေ့ထုတ် Arakan Review သတင်းဌာနမှ ဖော်ပြပါရှိသည့် ““ ရခိုင်လူမျိုး အစိုးရတပ်သားတစ်ဦးအား ဘင်္ဂလီများ အကြမ်းဖက်တိုက်ခိုက်၊ လက်နက်များလုယူ ထွက်ပြေး””သတင်းတွင် တပ်မတော်သားတစ်ဦးအား ဘင်္ဂလီလူမျိုးမှ ဓါးဖြင့်ခုတ်ခဲ့သည်မှာ မှန်ကန်သော်လည်း လက်နက်များ လုယူထွက်ပြေးသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။

  • ကုရ်အာန်ကျမ်းမှ မုက္ခပတ်တော် တစ်ခုအား ဟားဗတ် တက္ကသိုလ် ဥပဒေဌာန အ၀င်တွင် ချိတ်ဆွဲထား

    ၁၃ ဇန်န၀ါရီ ၂၀၁၃
    M-Media

    Quran verse posted at US Harvard varsity

    အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် ဥပဒေဌာန အ၀င်ဝတွင် သမိုင်းတွင် တရားမျှတစွာ စီရင်ဆောင်ရွက်ခြင်းအတွက် အကောင်းဆုံးသောဖော်ပြချက်ဟုဆိုကာ ကျမ်းတော်မြတ်ကုရ်အာန်၏ မုက္ခပတ်တော် (အာယာသ်တော်) တစ်ခုအား ချိတ်ဆွဲလိုက်သည်ဟု ဆော်ဒီသတင်းမှ တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။

    ဥပဒေဌာန ၏ ပင်မ ၀င်ပေါက်ကြီးတွင် တရားမျှတခြင်းအတွက် အကောင်းဆုံးသော စကားလုံးများဖြစ်သည် ဟု စူရာဟ်အလ်နိစာ(အမျိုးသမီးများ ကဏ္ဍ) ၏ အာယာသ်တော် နံပါတ် (၁၃၅) ကို ၀င်ပေါက်နံရံတွင် ရေးသားထားသည်။

    ထိုအာယာသ်တော် ၏ အဓိပ္ပါယ်မှာ

    “အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတမှုကို ထာဝစဉ် တည်တံ့စေသူများ (တနည်း) တရားမျှတမှုအပေါ်၌ မြဲမြံစွာ တည်တံ့သူများ ဖြစ်ကြလေကုန်။ (သက်သေခံရာ၌လည်း)မိမိတို့ ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ ၊ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ ဆွေမျိုးနီးစပ်တို့နှင့် ဆန့်ကျင်သည်ဖြစ်စေ ၊ (အသင်တို့သည်) အလ္လာဟ်အရှင်မြတ်ကိုသာ ထောက်ထား၍ (တိကျမှန်ကန်စွာ) သက်သေခံသူများပင် ဖြစ်ကြလေကုန်။

    အကယ်၍ (အသင်တို့က) ဆန့်ကျင်၍ သက်သေထွက်ဆို ရမည့်သူသည် ချမ်းသာကြွယ်ဝသူပင်ဖြစ်စေ ၊ ဆင်းရဲသူပင်ဖြစ်စေ (မည်သို့ပင်ဖြစ်စေကာမူ) အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထက်) ၄င်းတို့နှစ်ဦးလုံးနှင့် အနီးစပ်ဆုံးသော အရှင် ဖြစ်တော်မူပေ၏ ။ သို့ဖြစ်ပေရာ အသင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားကြရန် စိတ်၏ အလိုဆန္ဒကို မလိုက်နာ မလိုက်စားကြကုန်လင့်။

    သို့ရာတွင် အကယ်၍ အသင်တို့သည် (သက်သေခံရာတွင် လိမ်လည်) ကွေ့ကောက် ပြောဆိုကြပါလျှင် ၊ သို့တည်းမဟုတ် (သက်သေခံခြင်းမှ လုံးဝ) လွှဲဖယ် တိမ်းရှောင်ကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော် မူပေသတည်း။”       ဟု ဖြစ်သည်။

    ဟားဗတ်တက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသော ဆော်ဒီကျောင်းသားတစ်ဦး သည် အာယာသ်တော် အား ဓါတ်ပုံရိုက်ကာ သူ၏ Twitter page တွင် ဖော်ပြခဲ့ခြင်းကို ဆော်ဒီ နေ့စဉ်သတင်းစာ Ajel မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    “ဥပဒေဌာနက တင်လိုက်တဲ့ ဒီ အာယာသ်တော် ဟာ သမိုင်းတစ်လျှောက် တရားမျှတခြင်းနဲ့ ပတ်သက်လို့ အကောင်းဆုံးသော ဖော်ပြချက်ဖြစ်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်” ဟု ထိုကျောင်းသား Abdullah Jumma က ပြောကြားခဲ့ပါသည်။

    ဟားဗတ်တက္ကသိုလ်ကို (၁၆၃၆) ခုနှစ်တွင် အမေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ် ၊ Cambridge မြို့တွင် တည်ထောင်ခဲ့ပြီး အမေရိကရှိ သက်တမ်းအရင့်ဆုံးသော အဆင့်မြင့် တက္ကသိုလ်ဖြစ်သည်။                        ။

    Ref:http://www.emirates247.com/

  • လုံခြုံသော ဘဝအတွက် စွန့်စားမှု နှင့် ဘင်္ဂလား ပင်လယ်အော်မှ အန္တရာယ်များ

    M-Media

    အသက်အန္တရာယ်များသူ ပင်လယ်ပြင်ခရိးစဉ်ကို သက်စွန့် ထွက်ပြေးသူများတွင် ပြိးခဲ့သူ ပဋိပက္ခတွင် အကြမ်းဖက်ခံရသည့် ဒုက္ခသည်အများစုပါဝင်ပေသည်။
    အသက်အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရိးစဉ်ကို သက်စွန့် ထွက်ပြေးသူများတွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အကြမ်းဖက်ခံရသည့် ဒုက္ခသည်အများစုပါဝင်ပေသည်။

    မြန်မာနိုင်ငံ ရခိုင်ဒေသတွင်မကြာမီက ဖြစ်ပွားခဲ့သော လူမျိုးရေး တိုက်ခိုက်မှုများကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးကြရသူများသည် မှောင်ခိုစက်လှေများပေါ်တွင် အန္တရာယ် များကို ရင်ဆိုင်နေရလျက်ရှိ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြီးခဲ့သော သောကြာနေ့ကထုတ်ပြန်ခဲ့သည်။ နှစ်သစ်ကူးပြီးနောက် ရက်သတ္တ တစ်ပတ်အကြာတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ထွက်ပြေးလာကြသော ဒုက္ခသည်များ အရေအတွက်မှာ နှစ်ထောင်ခန့်အထိ ရှိနေပြီး မှောင်ခို စက်လှေများပေါ်တွင် နေထိုင်နေကြရကြောင်း သိရသည်။ သူတို့၏ ဦးတည်ရာမှာ အရှေ့တောင် အာရှနိုင်ငံ တစ်ခုခုသို့ ဦးတည်ပုံရသော်လည်း ရေရေရာရာ မပြောနိုင်ပေ။

    ယခုထွက်လာသော နောက်ဆုံးအစီရင်ခံစာအရ ပင်လယ်ပြင်သို့ စွန့်စား တိမ်းရှောင်လာသူ ဦးရေမှာ မူလက ခန့်မှန်းထားသည့် ၁၃၀၀၀ ထက် ပိုနေပေသည်။ ထိုသူများထဲတွင် မြန်မာနိုင်ငံ ရခိုင်ဒေသတွင် နေထိုင်ကြသော မွတ်စလင်မ်များ နှင့် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သော ဘင်္ဂါလီမွတ်စလင်မ်များ ပါဝင်သည်။ ထိုသို့ ရှောင်တိမ်းလာသူများတွင် အများစုမှာ အမျိုးသားများ ဖြစ်ကြသော်လည်း နောက်ပိုင်းတွင် အမျိုးသမီးများနှင့် ကလေးများပါ ပါဝင်လာသည်ကို တွေ့ရသည်။ ပြီးခဲ့သောနှစ်အတွင်းက ဘင်္ဂလား ပင်လယ်အော်ထဲတွင် ဖြစ်ပွားခဲ့သော စက်လှေတိမ်းမှောက် နစ်မြုပ်မှုတွင် သေဆုံးသူ အနည်းဆုံး ၄၈၅ဦးရှိပြီး ပျောက်ဆုံးနေသူ ၄ဦးရှိကြောင်းသိရသည်။ စာရင်းတွင်မပါဝင်ပဲ သေဆုံး(ပျောက်ဆုံး)နေသူများ မှာ ထိုထက်ပိုနိုင်သည်။

    အတည်မပြုနိုင်သော သတင်းများအရ ပင်လယ်ပြင်တွင်စက်လှေဖြင့် ထွက်ပြေးရန်ကြိုးစားကြသူများအား ထိုင်းနှင့် မလေးရှားနယ်စပ်ရှိ လူမှောင်ခိုဂိုဏ်းများက ထိန်းချုပ် ထားကြောင်းသိရသည်။ ထွက်ပြေးသူများကို ဖမ်းထားပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဆွေမျိုးများထံ ဆက်သွယ်စေကာ ကျန်ခရီးစဉ်အတွက် ငွေတောင်းကြောင်း ငွေမကြေမချင်း ဖမ်းဆီးခံရကြောင်းသိရသည်။ ငွေမပေးနိုင်သူများကို ငါးဖမ်းစက်လှေများ တွင် အလုပ်လုပ်ရန် ရောင်းစားခံရကြောင်း သိရသည်။

    သွားလိုသော ခရီးဆုံးသို့ ဒုက္ခသည် မည်မျှရောက်ရှိသွားသည်ကို မသိနိုင်ပေ။ သူတို့အား အချိန်မရွေးဖမ်းမိ သွားနိုင်ပြီး မြန်မာပြည်သို့ အတင်းအကြပ်ပြန်ပို့ ခံရနိုင်သည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးသည် ထိုသို့ အာဏာပိုင်များ၏ ဖမ်းဆီးမှုကိုခံရပြီး ပြန်ပို့ခံရသူများအားတွေ့ခွင့် ရရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

    “မြန်မာပြည်ကနေ ထိုင်းကို ခိုးဝင်လာတဲ့ သူတွေနဲ့ တွေ့ခွင့်ရဖို့ ကျွန်တော်တို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံ ထားပါတယ်..။ သူတို့ဆီက အဖြေကိုစောင့်နေပါတယ်..။ မလေးရှားမှာလည်း ကျွန်တော်တို့က စနစ်တကျတောင်းဆိုပါတယ်..။ အစိုးရကလည်း ရောက်လာတဲ့ လှေတွေဆီကို သွားရောက်ခွင့်ပေးပါတယ်..။ တကယ်လို့ အဲဒီလိုရောက်လာသူတွေဟာ UNHCR ရဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် သူတို့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အခြေအနေကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်ပါတယ်..။” ဟုပြောရေးဆိုခွင့် ရှိသူကပြောသည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေနှင့် စိုးရိမ်သည့်အချက်မှာ ပြီးခဲ့သောနှစ် ဇွန်လမှ အောက်တိုဘာလအတွင်း ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သော လူမျိုးစုတိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာကြသူ များသည် အန္တရာယ်များလှသော ပင်လယ်ခရီးကိုအသုံးပြု၍ တိမ်းရှောင် ကြခြင်းများ ပိုမိုများပြားလာမည် ကိုဖြစ်သည်။ ဒေသတွင်းတွင် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူပေါင်းမှာ ၁၁၅၀၀၀ ခန့်ရှိနေကြောင်းသိရသည်။

    မြန်မာ၏အိမ်နီးနားချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင်လည်း ၁၉၉၀ ခုနှစ်များဆီကတည်းက မြန်မာနိုင်ငံမှ ထွက်ပြေးသွားသော ဒုက္ခသည်များမှာ မျှော်လင့်ချက်မဲ့စွာ ရှိနေကြဆဲဖြစ်သည်။ တရားဝင်ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းနှစ်ခုတွင် ဒုက္ခသည်ပေါင်း သုံးသောင်းခန့်ရှိနေပြီး ရခိုင်ပြည်နယ်မှ ထွက်ပြေးလာပြီး ဒုက္ခသည် စခန်းများတွင် မနေပဲ ဒေသခံများနှင့်ရောနှော နေထိုင်နေကြသူများလည်းရှိသည်။

    “ဒီလိုလှေတွေနဲ့ သွားလာနေထိုင်နေကြတဲ့ လူတွေရဲ့ အကြပ်အတည်းနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာ ဖြေရှင်းနိုင်ဖို့ တောင်းဆိုနေပါတယ်..။ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာဖွေရာမှာ မြန်မာနိုင်ငံကို ထဲထဲဝင်ဝင် ပတ်သက်ဖို့ လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက  တိုက်တွန်းထားပါတယ်..။”

    “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု နှေးကွေးတာနဲ့ အတူ ဆင်းရဲတွင်းပိုနက်လာပါတယ်..။ လူဦးရေအလိုက် အခွင့်အရေးတွေကို ထိန်ုးသိမ်းစောင့်ရှောက်ပေးမှု နည်းတာကလည်း အကြောင်းအချက်တစ်ခုဖြစ်ပါတယ်..။ ပြီးတော့ ရခိုင်ဒေသတွင်းမှာနေထိုင်ကြတဲ့ လူမျိုးစုတိုင်းရဲ့ စီးပွားရေးအပြန်အလှန် မှီခိုထိန်းကြောင်းမှု တွေကိုလည်း အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်..။”

    တစ်ချိန်တည်းတွင် ဒေသတွင်းရှိနိုင်ငံများအား မိမိတို့၏ ပွင့်နေသော နယ်ခြားများအား ထိန်းသိမ်းစောင့် ရှောက်ရန်နှင့် ၀င်ရောက်လာကြသော ဒုက္ခသည်များအား လူသားဆန်စွာ ဆက်ဆံကြပါရန် UNHCR က တိုက်တွန်းထားသည်။ ထို့ပြင်အဆိုပါဒုက္ခသည်များအနက်မှ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသော သူများအား ကူညီနိုင်ရေးအတွက် UNHCR အားဝင်ရောက်ခွင့်ပေးရန် လည်း တောင်းဆိုထားသည်။

    ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် ကုန်သွယ်ရေကြောင်း သင်္ဘောကပ္ပတိန်များအားလည်း ပင်လယ်ပြင်တွင်တွေ့နိုင်သော ရေမျော ဒုက္ခသည်များအား စောင့်ရှောက် ကယ်တင်ပါရန် မေတ္တာရပ်ခံ ထားသည်။

    မတ်လတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပူးတွဲတာဝန်ယူကျင်းပမည့် ဆွေးနွေးပွဲတစ်ခုရှိသည်။ ထိုအစည်းအဝေးတွင် အာရှပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများအနေနှင့် မိမိတို့ ရေပိုင်နက်အတွင်း ပုံမှန်မဟုတ်သော လှုပ်ရှားမှုများတွေ့ရပါက မည်သို့ကိုင်တွယ်ကြမည် ဆိုသည်ကို ၀ိုင်းဝန်းဆွေးနွေးကြရန် ဖြစ်သည်။ အစိုးရများ၊အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။ ထိုအစည်းဝေး မှ နိုင်ငံတကာ ရေပြင်တွင် တွေ့ရှိဖြစ်ပေါ်နိုင်သည့် ပုံမမှန် လှုပ်ရှားမှုများကို ကိုင်တွယ် ထိန်းချုပ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဖေါ်ထုတ်နိုင်ရန် လမ်းစများ တွေ့လာနိုင်မည်ဟု ယူဆရသည်။

    Source  © UNHCR Myanmar