News @ M-Media
Blog
  • ရခိုင် သတင်းဌာန ၂ ခုမှ သတင်း ၃ ပုဒ် မှန်ကန်မှု မရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်
    ဇန်နဝါရီ ၁၈ ၊ ၂၀၁၃
    M-Media
    Naj
    ရခိုင် သတင်းဌာနများဖြစ်သော Arakan Review သတင်းဌာန မှ သတင်း ၂ ပုဒ် နှင့် ဘင်္ဂလားဒေရှ်အခြေစိုက် နီရဉ္စရာသတင်းဌာနမှ  သတင်းတစ်ပုဒ်တို့မှာ မှန်ကန်မှု့ မရှိကြောင်းကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တရားဝင်သတင်း ထုတ်ပြန်လျက်ရှိသော ရဲဇာနည် FB စာမျက်နှာတွင် ဖော်ပြထားကြောင်းကို တွေ့ရှိရပါသည်။
    ရဲဇာနည် စာမျက်နှာမှ ဖော်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    ။ နီရဉ္စရာသတင်းဌာနမှသတင်းမှာ မှန်ကန်မှုမရှိ
    နေပြည်တော်၊ ဇန်န၀ါရီ ၁၈
    ၁၀-၁-၂၀၁၃ ရက်နေ့ထုတ် နီရဉ္စရာသတင်းဌာနမှ ““နစကတပ်ဖွဲ့ဝင်ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးပျောက်ဆုံး”” ခေါင်းစဉ်ပါ ဖော်ပြချက်အား စိစစ်ခဲ့ရာ ၁၁-၁-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်မှ ၁၇၀၀ အချိန်ထိ မောင်တောမြို့၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင်ပြုလုပ်သည့် အစည်းအဝေးတွင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူးမှ မှန်ကန်မှုမရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။
    ၂။ Arakan Review သတင်းဌာနမှသတင်းမှာ မှန်ကန်မှုမရှိ
    ၁၀-၁-၂၀၁၃ ရက်နေ့ထုတ် Arakan Review သတင်းဌာနမှ ““ ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စားဝတ်နေရေးဖယ်ရှားပေး”” ခေါင်းစဉ်ပါ သတင်းအားစိစစ်ခဲ့ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းခွင်တွင် ပင်လယ်ရေအောက်ပိုက်လိုင်း သွယ်တန်းရာ လမ်းကြောင်း တစ်လျောက် ရေအောက်ကြမ်းပြင် ရှင်းလင်းရေးအား ဒေ၀ူးကုမ္ပဏီလက်အောက်ရှိ Dhardi ကုမ္ပဏီမှ ရေအောက်ရှင်းလင်းရေး သင်္ဘောဖြင့် ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ နဂါးမှော်ကျောက်တန်းအထိ ပင်လယ်ကူး သင်္ဘောကြီးများ ၀င်ထွက်မည့်လမ်းကြောင်း ရှင်းလင်းရေးဆောင်ရွက်ရာ အဆိုပါနေရာများတွင် ငါးဖမ်းခြင်းမပြုရန် တားမြစ်ထားခြင်းမရှိကြောင်း၊ ဒေသခံများမှ ငါးဖမ်းလျက်ရှိပြီး ရေလမ်းကြောင်း ပျက်စီးမှုမရှိကြောင်း၊ သန္တာကျောက်တန်းကြီးများ ပျက်စီးမှုမရှိကြောင်း၊ ငါးဖမ်းကွက်များလည်း ပျက်စီးမှုမရှိကြောင်းနှင့် အဆိုပါသတင်းများမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
    ၃။ Arakan Review သတင်းဌာနမှသတင်းမှာ မှန်ကန်မှုမရှိ
    ၁၃-၁-၂၀၁၃ ရက်နေ့ထုတ် Arakan Review သတင်းဌာနမှ ဖော်ပြပါရှိသည့် ““ ရခိုင်လူမျိုး အစိုးရတပ်သားတစ်ဦးအား ဘင်္ဂလီများ အကြမ်းဖက်တိုက်ခိုက်၊ လက်နက်များလုယူ ထွက်ပြေး””သတင်းတွင် တပ်မတော်သားတစ်ဦးအား ဘင်္ဂလီလူမျိုးမှ ဓါးဖြင့်ခုတ်ခဲ့သည်မှာ မှန်ကန်သော်လည်း လက်နက်များ လုယူထွက်ပြေးသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
  • ကုရ်အာန်ကျမ်းမှ မုက္ခပတ်တော် တစ်ခုအား ဟားဗတ် တက္ကသိုလ် ဥပဒေဌာန အ၀င်တွင် ချိတ်ဆွဲထား
    ၁၃ ဇန်န၀ါရီ ၂၀၁၃
    M-Media
    Quran verse posted at US Harvard varsity
    အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် ဥပဒေဌာန အ၀င်ဝတွင် သမိုင်းတွင် တရားမျှတစွာ စီရင်ဆောင်ရွက်ခြင်းအတွက် အကောင်းဆုံးသောဖော်ပြချက်ဟုဆိုကာ ကျမ်းတော်မြတ်ကုရ်အာန်၏ မုက္ခပတ်တော် (အာယာသ်တော်) တစ်ခုအား ချိတ်ဆွဲလိုက်သည်ဟု ဆော်ဒီသတင်းမှ တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။
    ဥပဒေဌာန ၏ ပင်မ ၀င်ပေါက်ကြီးတွင် တရားမျှတခြင်းအတွက် အကောင်းဆုံးသော စကားလုံးများဖြစ်သည် ဟု စူရာဟ်အလ်နိစာ(အမျိုးသမီးများ ကဏ္ဍ) ၏ အာယာသ်တော် နံပါတ် (၁၃၅) ကို ၀င်ပေါက်နံရံတွင် ရေးသားထားသည်။
    ထိုအာယာသ်တော် ၏ အဓိပ္ပါယ်မှာ
    “အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတမှုကို ထာဝစဉ် တည်တံ့စေသူများ (တနည်း) တရားမျှတမှုအပေါ်၌ မြဲမြံစွာ တည်တံ့သူများ ဖြစ်ကြလေကုန်။ (သက်သေခံရာ၌လည်း)မိမိတို့ ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ ၊ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ ဆွေမျိုးနီးစပ်တို့နှင့် ဆန့်ကျင်သည်ဖြစ်စေ ၊ (အသင်တို့သည်) အလ္လာဟ်အရှင်မြတ်ကိုသာ ထောက်ထား၍ (တိကျမှန်ကန်စွာ) သက်သေခံသူများပင် ဖြစ်ကြလေကုန်။
    အကယ်၍ (အသင်တို့က) ဆန့်ကျင်၍ သက်သေထွက်ဆို ရမည့်သူသည် ချမ်းသာကြွယ်ဝသူပင်ဖြစ်စေ ၊ ဆင်းရဲသူပင်ဖြစ်စေ (မည်သို့ပင်ဖြစ်စေကာမူ) အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထက်) ၄င်းတို့နှစ်ဦးလုံးနှင့် အနီးစပ်ဆုံးသော အရှင် ဖြစ်တော်မူပေ၏ ။ သို့ဖြစ်ပေရာ အသင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားကြရန် စိတ်၏ အလိုဆန္ဒကို မလိုက်နာ မလိုက်စားကြကုန်လင့်။
    သို့ရာတွင် အကယ်၍ အသင်တို့သည် (သက်သေခံရာတွင် လိမ်လည်) ကွေ့ကောက် ပြောဆိုကြပါလျှင် ၊ သို့တည်းမဟုတ် (သက်သေခံခြင်းမှ လုံးဝ) လွှဲဖယ် တိမ်းရှောင်ကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော် မူပေသတည်း။”       ဟု ဖြစ်သည်။
    ဟားဗတ်တက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသော ဆော်ဒီကျောင်းသားတစ်ဦး သည် အာယာသ်တော် အား ဓါတ်ပုံရိုက်ကာ သူ၏ Twitter page တွင် ဖော်ပြခဲ့ခြင်းကို ဆော်ဒီ နေ့စဉ်သတင်းစာ Ajel မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
    “ဥပဒေဌာနက တင်လိုက်တဲ့ ဒီ အာယာသ်တော် ဟာ သမိုင်းတစ်လျှောက် တရားမျှတခြင်းနဲ့ ပတ်သက်လို့ အကောင်းဆုံးသော ဖော်ပြချက်ဖြစ်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်” ဟု ထိုကျောင်းသား Abdullah Jumma က ပြောကြားခဲ့ပါသည်။
    ဟားဗတ်တက္ကသိုလ်ကို (၁၆၃၆) ခုနှစ်တွင် အမေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ် ၊ Cambridge မြို့တွင် တည်ထောင်ခဲ့ပြီး အမေရိကရှိ သက်တမ်းအရင့်ဆုံးသော အဆင့်မြင့် တက္ကသိုလ်ဖြစ်သည်။                        ။
    Ref:http://www.emirates247.com/
  • လုံခြုံသော ဘဝအတွက် စွန့်စားမှု နှင့် ဘင်္ဂလား ပင်လယ်အော်မှ အန္တရာယ်များ
    M-Media
    အသက်အန္တရာယ်များသူ ပင်လယ်ပြင်ခရိးစဉ်ကို သက်စွန့် ထွက်ပြေးသူများတွင် ပြိးခဲ့သူ ပဋိပက္ခတွင် အကြမ်းဖက်ခံရသည့် ဒုက္ခသည်အများစုပါဝင်ပေသည်။
    အသက်အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရိးစဉ်ကို သက်စွန့် ထွက်ပြေးသူများတွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အကြမ်းဖက်ခံရသည့် ဒုက္ခသည်အများစုပါဝင်ပေသည်။
    မြန်မာနိုင်ငံ ရခိုင်ဒေသတွင်မကြာမီက ဖြစ်ပွားခဲ့သော လူမျိုးရေး တိုက်ခိုက်မှုများကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးကြရသူများသည် မှောင်ခိုစက်လှေများပေါ်တွင် အန္တရာယ် များကို ရင်ဆိုင်နေရလျက်ရှိ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြီးခဲ့သော သောကြာနေ့ကထုတ်ပြန်ခဲ့သည်။ နှစ်သစ်ကူးပြီးနောက် ရက်သတ္တ တစ်ပတ်အကြာတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ထွက်ပြေးလာကြသော ဒုက္ခသည်များ အရေအတွက်မှာ နှစ်ထောင်ခန့်အထိ ရှိနေပြီး မှောင်ခို စက်လှေများပေါ်တွင် နေထိုင်နေကြရကြောင်း သိရသည်။ သူတို့၏ ဦးတည်ရာမှာ အရှေ့တောင် အာရှနိုင်ငံ တစ်ခုခုသို့ ဦးတည်ပုံရသော်လည်း ရေရေရာရာ မပြောနိုင်ပေ။
    ယခုထွက်လာသော နောက်ဆုံးအစီရင်ခံစာအရ ပင်လယ်ပြင်သို့ စွန့်စား တိမ်းရှောင်လာသူ ဦးရေမှာ မူလက ခန့်မှန်းထားသည့် ၁၃၀၀၀ ထက် ပိုနေပေသည်။ ထိုသူများထဲတွင် မြန်မာနိုင်ငံ ရခိုင်ဒေသတွင် နေထိုင်ကြသော မွတ်စလင်မ်များ နှင့် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သော ဘင်္ဂါလီမွတ်စလင်မ်များ ပါဝင်သည်။ ထိုသို့ ရှောင်တိမ်းလာသူများတွင် အများစုမှာ အမျိုးသားများ ဖြစ်ကြသော်လည်း နောက်ပိုင်းတွင် အမျိုးသမီးများနှင့် ကလေးများပါ ပါဝင်လာသည်ကို တွေ့ရသည်။ ပြီးခဲ့သောနှစ်အတွင်းက ဘင်္ဂလား ပင်လယ်အော်ထဲတွင် ဖြစ်ပွားခဲ့သော စက်လှေတိမ်းမှောက် နစ်မြုပ်မှုတွင် သေဆုံးသူ အနည်းဆုံး ၄၈၅ဦးရှိပြီး ပျောက်ဆုံးနေသူ ၄ဦးရှိကြောင်းသိရသည်။ စာရင်းတွင်မပါဝင်ပဲ သေဆုံး(ပျောက်ဆုံး)နေသူများ မှာ ထိုထက်ပိုနိုင်သည်။
    အတည်မပြုနိုင်သော သတင်းများအရ ပင်လယ်ပြင်တွင်စက်လှေဖြင့် ထွက်ပြေးရန်ကြိုးစားကြသူများအား ထိုင်းနှင့် မလေးရှားနယ်စပ်ရှိ လူမှောင်ခိုဂိုဏ်းများက ထိန်းချုပ် ထားကြောင်းသိရသည်။ ထွက်ပြေးသူများကို ဖမ်းထားပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဆွေမျိုးများထံ ဆက်သွယ်စေကာ ကျန်ခရီးစဉ်အတွက် ငွေတောင်းကြောင်း ငွေမကြေမချင်း ဖမ်းဆီးခံရကြောင်းသိရသည်။ ငွေမပေးနိုင်သူများကို ငါးဖမ်းစက်လှေများ တွင် အလုပ်လုပ်ရန် ရောင်းစားခံရကြောင်း သိရသည်။
    သွားလိုသော ခရီးဆုံးသို့ ဒုက္ခသည် မည်မျှရောက်ရှိသွားသည်ကို မသိနိုင်ပေ။ သူတို့အား အချိန်မရွေးဖမ်းမိ သွားနိုင်ပြီး မြန်မာပြည်သို့ အတင်းအကြပ်ပြန်ပို့ ခံရနိုင်သည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးသည် ထိုသို့ အာဏာပိုင်များ၏ ဖမ်းဆီးမှုကိုခံရပြီး ပြန်ပို့ခံရသူများအားတွေ့ခွင့် ရရေးအတွက် ကြိုးပမ်းလျက်ရှိသည်။
    “မြန်မာပြည်ကနေ ထိုင်းကို ခိုးဝင်လာတဲ့ သူတွေနဲ့ တွေ့ခွင့်ရဖို့ ကျွန်တော်တို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံ ထားပါတယ်..။ သူတို့ဆီက အဖြေကိုစောင့်နေပါတယ်..။ မလေးရှားမှာလည်း ကျွန်တော်တို့က စနစ်တကျတောင်းဆိုပါတယ်..။ အစိုးရကလည်း ရောက်လာတဲ့ လှေတွေဆီကို သွားရောက်ခွင့်ပေးပါတယ်..။ တကယ်လို့ အဲဒီလိုရောက်လာသူတွေဟာ UNHCR ရဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် သူတို့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အခြေအနေကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်ပါတယ်..။” ဟုပြောရေးဆိုခွင့် ရှိသူကပြောသည်။
    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေနှင့် စိုးရိမ်သည့်အချက်မှာ ပြီးခဲ့သောနှစ် ဇွန်လမှ အောက်တိုဘာလအတွင်း ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သော လူမျိုးစုတိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာကြသူ များသည် အန္တရာယ်များလှသော ပင်လယ်ခရီးကိုအသုံးပြု၍ တိမ်းရှောင် ကြခြင်းများ ပိုမိုများပြားလာမည် ကိုဖြစ်သည်။ ဒေသတွင်းတွင် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူပေါင်းမှာ ၁၁၅၀၀၀ ခန့်ရှိနေကြောင်းသိရသည်။
    မြန်မာ၏အိမ်နီးနားချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင်လည်း ၁၉၉၀ ခုနှစ်များဆီကတည်းက မြန်မာနိုင်ငံမှ ထွက်ပြေးသွားသော ဒုက္ခသည်များမှာ မျှော်လင့်ချက်မဲ့စွာ ရှိနေကြဆဲဖြစ်သည်။ တရားဝင်ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းနှစ်ခုတွင် ဒုက္ခသည်ပေါင်း သုံးသောင်းခန့်ရှိနေပြီး ရခိုင်ပြည်နယ်မှ ထွက်ပြေးလာပြီး ဒုက္ခသည် စခန်းများတွင် မနေပဲ ဒေသခံများနှင့်ရောနှော နေထိုင်နေကြသူများလည်းရှိသည်။
    “ဒီလိုလှေတွေနဲ့ သွားလာနေထိုင်နေကြတဲ့ လူတွေရဲ့ အကြပ်အတည်းနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာ ဖြေရှင်းနိုင်ဖို့ တောင်းဆိုနေပါတယ်..။ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာဖွေရာမှာ မြန်မာနိုင်ငံကို ထဲထဲဝင်ဝင် ပတ်သက်ဖို့ လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက  တိုက်တွန်းထားပါတယ်..။”
    “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု နှေးကွေးတာနဲ့ အတူ ဆင်းရဲတွင်းပိုနက်လာပါတယ်..။ လူဦးရေအလိုက် အခွင့်အရေးတွေကို ထိန်ုးသိမ်းစောင့်ရှောက်ပေးမှု နည်းတာကလည်း အကြောင်းအချက်တစ်ခုဖြစ်ပါတယ်..။ ပြီးတော့ ရခိုင်ဒေသတွင်းမှာနေထိုင်ကြတဲ့ လူမျိုးစုတိုင်းရဲ့ စီးပွားရေးအပြန်အလှန် မှီခိုထိန်းကြောင်းမှု တွေကိုလည်း အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်..။”
    တစ်ချိန်တည်းတွင် ဒေသတွင်းရှိနိုင်ငံများအား မိမိတို့၏ ပွင့်နေသော နယ်ခြားများအား ထိန်းသိမ်းစောင့် ရှောက်ရန်နှင့် ၀င်ရောက်လာကြသော ဒုက္ခသည်များအား လူသားဆန်စွာ ဆက်ဆံကြပါရန် UNHCR က တိုက်တွန်းထားသည်။ ထို့ပြင်အဆိုပါဒုက္ခသည်များအနက်မှ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသော သူများအား ကူညီနိုင်ရေးအတွက် UNHCR အားဝင်ရောက်ခွင့်ပေးရန် လည်း တောင်းဆိုထားသည်။
    ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် ကုန်သွယ်ရေကြောင်း သင်္ဘောကပ္ပတိန်များအားလည်း ပင်လယ်ပြင်တွင်တွေ့နိုင်သော ရေမျော ဒုက္ခသည်များအား စောင့်ရှောက် ကယ်တင်ပါရန် မေတ္တာရပ်ခံ ထားသည်။
    မတ်လတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပူးတွဲတာဝန်ယူကျင်းပမည့် ဆွေးနွေးပွဲတစ်ခုရှိသည်။ ထိုအစည်းအဝေးတွင် အာရှပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများအနေနှင့် မိမိတို့ ရေပိုင်နက်အတွင်း ပုံမှန်မဟုတ်သော လှုပ်ရှားမှုများတွေ့ရပါက မည်သို့ကိုင်တွယ်ကြမည် ဆိုသည်ကို ၀ိုင်းဝန်းဆွေးနွေးကြရန် ဖြစ်သည်။ အစိုးရများ၊အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။ ထိုအစည်းဝေး မှ နိုင်ငံတကာ ရေပြင်တွင် တွေ့ရှိဖြစ်ပေါ်နိုင်သည့် ပုံမမှန် လှုပ်ရှားမှုများကို ကိုင်တွယ် ထိန်းချုပ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဖေါ်ထုတ်နိုင်ရန် လမ်းစများ တွေ့လာနိုင်မည်ဟု ယူဆရသည်။
    Source  © UNHCR Myanmar
  • “ဒုက္ခသည်တွေ နေထိုင်ရေး အဆင်ပြေရင် နှစ်ဖက်ယုံကြည်မှု တိုးအောင် လုပ်ပေးဖို့လိုတယ်”
    ဇန်နဝါရီ ၁၇ ၊ ၂၀၁၃
    ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက်  အကူအညီပေးရန် ဇန်နဝါရီ (၁၅) ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာသော အီရန်နိုင်ငံ မှသံအမတ်(Hossien  Kamalian) ဦးဆောင်သည့်  (၁၁) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်နှင့်ဘင်္ဂလီဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီခဲ့သည်။
    Iran emb Hossien Kamalian
    ထိုင်းနိုင်ငံဆိုင်ရာ အီရန်နိုင်ငံ သံအမတ် Hossien Kamalian
     မေး။    ။ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘေးဒဏ်သင့်ဒုက္ခသည်တွေအတွက်ကို အီရန်နိုင်ငံအနေနဲ့  ဘယ်လိုမျိုး အထောက်အပံ့တွေ ကူညီပေးသွားဖို့ရှိပါသလဲ။
    ဖြေ။     ။ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ တကယ်ဒုက္ခရောက်နေကြတဲ့  ပုဂ္ဂိုလ်တွေအတွက် ဒီနိုင်ငံမှာ ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီးတော့  ပူးပေါင်းပြီးတော့ အမှန်တကယ်လိုအပ်ချက်များကို  ဖြည့်ဆည်း ပေးသွားမှာ ဖြစ်ပါတယ်။  အခုလောလောဆယ် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အပြောအဆိုအရ သိရတာက  ဒီမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ အရာက  အဆောက်အဦးတွေ၊  ဒုက္ခသည်တွေ အတွက်နေထိုင်ဖို့ အဆောက်အဦးတွေလိုတယ်။ ဆေးဝါးပစ္စည်းတွေလိုအပ်တယ်၊  အစားအသောက် လိုအပ်တယ် ဆိုတာကို သိရတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဘက်ကနေပြီးတော့  ရွက်ဖျင်တဲလေးတွေကို ယူဆောင်ပေးသွားမှာ ဖြစ်ပါတယ်။  အခုဒီမှာ မီးဖိုဆောင်သုံးပစ္စည်းတွေလဲပါတယ်။ ကျွန်တော်တို့ဟာ လူသားချင်းစာနာတဲ့ အနေနဲ့ကိုယ့်ကိုကိုယ် တာဝန်ရှိပုဂ္ဂိုလ်တယောက်အနေနဲ့ သတ်မှတ်ပြီးတော့  ကူညီနေခြင်း ဖြစ်ပါတယ်။
    မေး။    ။ ရခိုင်မှာ ဖြစ်သွားတဲ့ ပဋိပက္ခဖြစ်စဉ်တွေအပေါ် အီရန်နိုင်ငံအနေနဲ့ ဘာများ ပြောချင်ပါသလဲ။
    ဖြေ။     ။ဒီမှာ ဖြစ်ပေါ်သွားတာတွေဟာ အီရန်နိုင်ငံရဲ့ ခေါင်းဆောင် ပိုင်းဆိုင်ရာမှာကော အီရန်နိုင်ငံသူနိုင်ငံသားအားလုံးအပေါ်မှာ စိတ်ကိုထိခိုက်စေတဲ့ အဖြစ်အပျက်မျိုးတွေရှိခဲ့ပါတယ်။
    ကျွန်တော်တို့အီရန်နိုင်ငံဆိုလို့ရှိရင်  ဒီလိုမျိုးအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ အင်မတန်မှ ရင့်ကျက် နေပြီးသားဖြစ်တယ်။  အဲဒီအတွက်ကြောင့်  ဒုက္ခသည်တွေကို ကူညီဖို့ အတွက် အင်မတန်မှ အဖွဲ့အစည်းကြီးမားတဲ့ အဖွဲ့အစည်းတွေ ကျွန်တော်တို့ ဆီမှာရှိနေပါတယ်။ ဒုက္ခသည်တွေကို ကူညီတဲ့နေရာမှာ ဒီလိုမျိုးနိုင်ငံအတွင်းမှာ အတွေ့အကြုံရှိတာ မဟုတ်ဘဲ နိုင်ငံရဲ့အပြင်ဘက် အာဖကန်နစ္စတန်တွေမှာလဲ ကျွန်တော်တို့ မြောက်များစွာသော အတွေအကြုံတွေ ရင့်ကျက်နေပြီး သားဖြစ်ပါတယ်။
     အဲ့သလိုမျိုးအဖြစ်အပျက်တွေကို ကျွန်တော်တိုနိုင်ငံမှာရှိတဲ့ အကြီးအကဲတွေနဲ့ တွေ့ပြီး ဆုံးဖြတ်ပြီးတဲ့ နောက် ပထမဆုံးလောလောဆယ် ပစ္စည်းအနည်းငယ် ယူဆောင်လာခြင်းဖြစ်ပါတယ်။  အကူအညီဆိုတဲ့နေရာမှာ ပစ္စည်းတွေမျိုးဘဲ ကူညီတာမဟုတ်ဘဲ  တခြားပုံစံမျိုး ဥပမာ အတွေး အခေါ်တွေ  အဲလိုမျိုးအကူအညီတွေလည်း ပါဝင်ပါတယ်။  ကျွန်တော်တို့ကြုံတွေခဲ့ရတဲ့ အတွေ့အကြုံတွေ၊  ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ အဲဒါတွေကို ဒီအစိုးရကို အကူအညီပေးမှာ ဖြစ်ပါတယ်။  အဲလိုမျိုးအရေးအခင်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာတဲ့အခါမှာ ဒါတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကိုလည်း  မြန်မာနိုင်ငံအစိုးရကို အကူအညီ ပေးသွားမှာ   ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ အီရန်နိုင်ငံမှာရှိတဲ့ လူကြီးပိုင်း တော်တော်များများဟာ အင်မတန်ကိုမှ  တကယ်ကို စိတ်ဝင်တစား၊ တကယ်ကို တလေးတစား   အနေနဲ့ အရေးတယူလုပ်ပါမယ်။  ရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည်တွေ အမြန်ဆုံး ငြိမ်းချမ်း သွားအောင် ကျွန်တော်တို့တွေလည်း လောလောဆယ်မှာ  ကျွန်တော်တို့နိုင်ငံရဲ့အစိုးရနဲ့  မြန်မာနိုင်ငံ အစိုးရ အပါအဝင် ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့  ဒုက္ခသည်အားလုံးကို ဘယ်လိုပုံစံနဲ့ အမြန်ဆုံး ဖြေရှင်းလို့ရမယ့်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့စဉ်းစားနေပါတယ်။
    Iran emb Hossien Kamalian at sittwe
     မေး။    ။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးပြဿနာဖြစ်လာတဲ့အခါ အီရန်နိုင်ငံအနေနဲ့ဘယ်လိုမျိုးပုံစံတွေနဲ့ ဖြေရှင်း လေ့ရှိပါသလဲ?။
    ဖြေ။     ။နိုင်ငံတိုင်းမှာ လူမျိုးပေါင်းစုံဆိုတာ ရှိနေပါတယ်။ အဲဒီလူမျိုးပေါင်းစုံရှိနေတဲ့ အပေါ်မှာ သူတို့တွေကို အုပ်ချုပ်ရေးပိုင်းက လူတွေ  သေသေချာချာ အုပ်ချုပ်နိုင်သွားမယ်ဆိုလို့ရှိရင်  အဲဒီလူမျိုးစု ပေါင်းစုံ ရှိနေတာဟာ နိုင်ငံအတွက် ကောင်းတဲ့အကျိုး ကို ဖော်ဆောင်ပါတယ်။ အဲသလိုမျိုးမှ မဟုတ်ဘူး ဆိုလိုရှိရင် သေသေချာချာ မအုပ်ချုပ်ဘူးဆိုလို့ရှိရင် အဲဒီမှာ မျိုးစုံသော ပြသနာတွေ ဟာ  ပေါ်ပေါက် လာမှာဖြစ်တယ်။  လက်ရှိ ဒီမှာ ဘယ်လို ဖြစ်ပေါ်နေတယ်။ အဲဒီအတိုင်းဘဲ  ဖြစ်ပေါ်လာဖို့ရှိပါတယ်။ တရားမျှမျှတတနဲ့  ဆက်ဆံရမှာက  အဖွဲ့တိုင်း သက်ဆိုင်ပါတယ်။  သူတို့တွေကို တကယ်တမ်း ရင်းရင်းနှီးနှီး ရှိချင်တယ်ဆိုလိုရှိရင် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့  အဲဒီပုဂ္ဂိုလ်တွေကို စကားပြောမယ်၊ သိမ်းသွင်းမယ်ဆိုလို့ရှိရင်  ဒါတွေဟာ ရင်းနှီးနေမှာဖြစ်ပါတယ်။ ဆိုတော့ ရှိရှိသမျှ လူအားလုံးဟာ  လူမျိုးစုံအားလုံးဟာ ဘာဆန္ဒရှိကြလဲဆိုလို့ရှိရင် ဒီနိုင်ငံကြီးကို တည်ဆောက်တဲ့ နေရာမှာ  တစ်တပ်တစ်အား ပါဝင်ဖို့အတွက်ကို  ဆန္ဒရှိကြပါတယ်။
    အဲသလိုလုပ်ပေးလိုက်ခြင်းအားဖြင့်ဟာ တစ်ဦးနဲ့တစ်ဦးဟာ၊  တယောက်နဲ့ တယောက် ချစ်ချစ် ခင်ခင် ရှိလာမယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ရှိလာမယ်။ အားလုံးဟာလည်းဘဲ ဒီနိုင်ငံကြီးကို  တိုးတက်အောင် လုပ်ရမယ်ဆိုတာလဲ စဉ်းစားပြီးသားပါ။ ဒါဟာ ကျွန်တော်တို့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။  အီရန်နိုင်ငံမှာရှိနေတဲ့ အတွေအကြုံဖြစ်ပါတယ်။ ဒီတစ်ကမ္ဘာလုံးမှာ ရှိသမျှ နိုင်ငံအားလုံးဟာလည်း ဒီစိတ် အခြေခံရှိမယ် ထင်ပါတယ်။
     မေး။    ။ ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွေအပေါ် မြန်မာအစိုးရ ကိုင်တွယ်ပုံကိုကော ဘယ်လိုမြင်မိပါသလဲ။
      ဖြေ။     ။ ပထမဆုံးအနေနဲ့ ဒါကိုလုပ်ရမှာက  ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ သူတွေကို သေသေချာချာဖြစ်အောင် လုပ်ပေးဖို့ လိုပါတယ်။  လောလောဆယ် ဒီလိုမျိုးအင်မတန်မှ ဒုက္ခရောက်နေတဲ့ ပုံစံမျိုးထားရှိတာဟာ လုံးဝ မသင့်ဘူး။  သူတို့အတွက်ကို အစားအသောက်ဆေးဝါး နေဖို့ထိုင်ဖို့ အဲဒါတွေ အကုန်လုံး သူတို့အတွက်ကို အဆင်သင့်ဖြစ်အောင် လုပ်ထားရမယ်။  ဒုတိယ အဆင့်အနေနဲ့ နှစ်ဘက်စလုံးကို ယုံကြည်မှုတိုးလာအောင်  လုပ်ပေးရမယ်။  အဲဒီကနေပြီးတော့မှ နောက်တစ်ခါ သူတို့တွေကို သူတို့အိမ် တွေမှာအေးအေးချမ်းချမ်းနဲ့ နေထိုင်သွားနိုင်ဖို့ ဆက်ပြီးတော့ လုပ်ပေးရမှာက  ဒါဟာ စစ်မှန်တဲ့သူတို့တွေကို ဖြေရှင်းတဲ့နည်းလမ်း တစ်ခုဖြစ်တယ်။
    (အခုလိုဖြေကြားပေးတဲ့ အီရန်သံမတ် Hossien  Kamalian ကို ကျွန်တော်တို့မြစ်မခ သတင်းအေဂျင်စီက ကျေးဇူးအထူးတင်ပါတယ်)
    မြစ်မခမ ကူးယူဖော်ပြပါသည်။
  • ပဋိပက္ခဖြစ်ပွားရာ ကချင်နှင့် ရခိုင်ရှိ ပြည်သူများအတွက် အကူအညီများ ပိုမိုပေးမည် ဟု ICRC ဥက္ကဌ ပြော
    ဇန်နဝါရီ ၁၇ ၊ ၂၀၁၃
    သမ္မတ ဦးသိန်းစိန် နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဥက္ကဌ Mr. Peter Maurer  နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်
    သမ္မတ ဦးသိန်းစိန် နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဥက္ကဌ Mr. Peter Maurer နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်
    ပဋိပက္ခဖြစ်ပွားနေသော ကချင်နှင့် ရခိုင်ရှိ ပြည်သူများအတွက် အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးအပ်သွားမည် ဟု ICRC ဥက္ကဌ Mr. Peter Maurer က ပြောကြားလိုက်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဥက္ကဌ Mr. Peter Maurer သည် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Micasa Hotel တွင် မီဒီယာများနှင့်တွေ့ဆုံစဉ်အထက်ပါအတိုင်း ပြောကြားခဲ့သည်။
    “ရခိုင်ပြည်နယ်မှာ အထောက်ပံတွေ တိုးမြှင့်ကူညီသွားမှာ ဖြစ်ပါတယ်။ ဆေးဝါးအကူအညီတွေ ရွေ့လျားဆေးခန်းတွေ (Mobile Clinic) တွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။  အရေးကြီးအခြေအနေတွေ့ကြုံနေရတဲ့ ကချင်ပြည်နယ်မှာ လည်း ဆေးဝါးထောက်ပံ့မှုတွေ၊ ကျန်းမာရေးစောင့်ရှောက် မှုတွေ အပါအဝင် လူသားချင်းစာနာထောက် ထားမယ့် အကူ အညီတွေ ပေးသွားမှာ ဖြစ်ပါတယ် ” ဟု ယင်းကပြောကြားသည်။
    အလားတူ ICRC အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းက မီဒီယာများကို ပြောကြားခဲ့သည်။ ICRC ဥက္ကဌသည် ဇန်နဝါရီ ၁၄ ရက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် လည်းတွေ့ဆုံခဲ့သည်။
    ရန်ကုန်တိုင်းမ်