News @ M-Media
Blog
  • စင်ကာပူ လွှတ်တော်ဥက္ကဌ အဖြစ် မွတ်စလင်မ် အမျိုးသမီးတဦးအား ဝန်ကြီးချုပ်မှ အမည်တင်သွင်း
    ဇန်န၀ါရီ ၈ ၊ ၂၀၁၃
    M-Media
    Halimah Yacob
    စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း သည် Community Development, Youth and Sports  ဝန်ကြီးဌာန ဝန်ကြီး ဟာလီမာ ဟာကွဘ် (Halimah Yacob) ၏ အစိုးရအဖွဲ့ ညီလာခံများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်မှုများကြောင့်  လွှတ်တော်ဥက္ကဌ အဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်ကြောင်းနှင့် သူမ၏လုပ်ဆောင်ချက်များ အတွက်လည်း ကျေးဇူးတင်ကြောင်း  တနင်္လာနေ့က လွှတ်တော်အတွင်း ပြောကြားခဲ့ပါသည်။
    အသက် (၅၈) ရှစ်နှစ်ရှိပြီဖြစ်သော Madam Halimah သည် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်မည်ဆိုပါက သူမ၏ ယခုလက်ရှိ အစိုးရအဖွဲ့ ဝန်ကြီး တာဝန်အား ဇန်န၀ါရီ (၁၃)ရက်နေ့မှာ  နှုတ်ထွက်သွားမည် ဆိုသည်ကို ၀န်ကြီးချုပ်က  ထည့်သွင်းပြောကြားခဲ့ပါသည်။
    သူမသည် လွန်ခဲ့သော နှစ်နှစ်ကျော်အတွင်း Community Development, Youth and Sports ၀န်ကြီး အဖြစ်လည်းကောင်း ၊ လူမှုရေး နှင့် မိသားစု ဖွံဖြိုးရေး ၀န်ကြီး အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါသည်။
    “ညီလာခံအတွင်းမှာဆိုရင်  Halimah က လက်တွေ့ကျသော ကိုယ်ချင်းစာတရားရှိသော အသံနဲ့ အမြဲပြောဆိုခဲ့ပါတယ်။ အဲဒီလို သူမ၏ အဆိုပြုချက်များသည် ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုအတွက် အမှန်တကယ် ထိရောက်သော နိုင်ငံရေးပေါ်လစီများကို ပုံဖော်ဖို့ ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟု ၀န်ကြီးချူပ် လီရှန်လွန်းက ဖော်ပြပြောကြားခဲ့ပါသည်။
    Halimah Yacob 2
    “Halimah က အိမ်တွေ နဲ့ အိမ်တွင်း အသက်ကြီးသူများအား စောင့်ရှောက်မှု တွေကို ဘယ်လိုကောင်းမွန်အောင် လုပ်ရမလဲဆိုတာ ကြိုတင်သိမြင်ခန့်မှန်းတယ်၊ ပြီးတော့ ဘိုးဘွားရိပ်သာများနဲ့ အိမ်တိုင်ယာရောက် သက်ကြီးရွယ်အို စောင့်ရှောက်မှု အဖွဲ့အစည်းတွေကို သူမရဲ့ အတွေးအမြင်သစ်တွေကို အစပျိုးပေးခဲ့ပါတယ်၊ သူမက ဆင်းရဲသားများကို ဘယ်လို စောင့်ရှောက်ရမယ် ပြီးတော့ မိသားစုစောင့်ရှောက်မှုနဲ့ ကင်းကွာနေသူ ကလေးငယ်များနဲ့ မိသားစုဝင်များကို ဘယ်လိုအားပေး ကူညီရမလဲ ဆိုတာတွေကို မြှင့်တင် လုပ်ဆောင်ခဲ့ပါတယ်။ Halimah သည် အမျိုးသမီးများ စီးပွားရေး နှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေရာရလာစေရန်လည်း  အမျိုးသမီးထုအတွင်း ပါဝင်လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်  ” ဟု ၀န်ကြီးချူပ် လီရှန်လွန်းက ထပ်လောင်းပြောကြားခဲ့ပါသည်။    ။
    ဝန်ကြီးချုပ် လီရှန်လွန်း၏ အမည်တင်သွင်းမှုအတိုင်း ဟယ်လ်လီမာဟ်အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် အတည်ပြုရွေးချယ်ဖြစ်ပါက သူမသည် စင်ကာပူလွှတ်တော်၏ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌ ဖြစ်လာမည်ဟု သိရှိရသည်။ ဟယ်လ်လီမာဟ်အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းကြောင်းကို ဝန်ကြီးချုပ် လီရှန်လွန်း၏ Facebook နှင့် Twitter စာမျက်နှာတို့တွင် ရေးသားဖော်ပြသည်။
    Ref: Straitstimes
  • သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် စောင့်ရှောက်ရေး အဖွဲ့မှ အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့
    ဇန်န၀ါရီလ၈၊၂၀၁၃ခုနှစ်
    M-Media
    သတင်း-ဆောင်းနှင်းမှုံ
    ဇန်န၀ါရီလ ၇ရက်နေ့က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ ပထမကြိမ်မြောက် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ရွှေဂုံတိုင်၊တော်ဝင်နှင်းဆီ(သီရိခန်းမ) ၌ နေ့လည် ၁း၀၀ မှ ၃း၀၀ထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
    P1071237-1
    အလှူရှင်တစ်ဦးအား နာယက ဦးဝင်းတင်မှ ဂုဏ်ပြုလွှာ ပေးအပ်နေပုံ
    ထို အခမ်းအနားသို့ ဂူဗိမာန် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ နာယကကြီး ဟံသာဝတီ ဦးဝင်းတင်၊ဥက္ကဌ ဦးမောင်မောင်ခင်၊ဦးမိုးဝင်း၊ဦးဝင်းသူ၊စာရေးဆရာမ ခင်ဆွေဦး နှင့် အလှူရှင်များ၊ဖိတ်ကြားထားသော ဧည်သည့်တော်များ၊သတင်းမီဒီယာများ စုံညီစွာ တက်ရောက် ခဲ့ကြောင်း သတင်း ရရှိသည်။
    ထို အခမ်းအနားသို့ ပေးပို့သော ဆရာ ဒဂုန်တာရာ၏ သ၀ဏ်လွှာကို တွဲဖတ် အတွင်းရေးမှူး ဒေါက်တာ လှမြင့် ကဖတ်ကြားခဲ့ကြောင်း သိရသည်။
    နာယက ဟံသာဝတီ ဦးဝင်းတင်မှ အခမ်း အနား ကျင်းပ ရခြင်းနှင့် ပတ်သပ်၍ “ဆရာကြီး သခင် ကိုယ်တော်မှိုင်းဟာ မြန်မာပြည်ရဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး၊မြန်မာ စာပေရဲ့ ဖခင်ကြီး၊ပြည်တွင်း ငြိမ်းချမ်းရေးရဲ့ ဖခင်ကြီး၊ကျောင်းသား လူငယ် လူတန်းစား အလွှာ အသီးသီးရဲ့ ခေါင်းဆောင်ကြီး ဖြစ်တဲ့ အတွက် ဆရာကြီးရဲ့ ကျေးဇူးတွေဟာ ကြီးမားပါတယ်။ ဆရာကြီးဟာ ကျောင်းသား လူငယ်တွေ အပေါ်မှာလည်း မကွယ်လွန်ခင် ချိန်ထိ တစ်လျှောက်လုံး ရှေ့ဆောင် ပုဂ္ဂိုလ်ကြီး အနေနဲ့ အမြဲတမ်း ရပ်တည်ခဲ့တယ်။၁၉၂၀ ကျောင်းသား သပိတ်မှာလည်း ကျောင်းသား လူငယ်တွေ အတွက် အမျိုးသား တက္ကသိုလ် ဖွင့်တဲ့ အခါမှာလည်း မြန်မာစာ ပါမောခ အဖြစ် ဆောင်ရွက် ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဆရာကြီး ရဲ့ဂူဗိမာန် အတွက် အလှူရှင်တွေက ၀မ်းပန်းတသာ ပြုလုပ်ပေးတဲ့ အတွက် မုဒီတာ ပွားရပါတယ်။ဒီပွဲလေးဟာ ဆိုရင် ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးကို သိတတ်တဲ့ အလှူရှင်များကို ပြန်လည် ဂုဏ်ပြုချီးမြှင့်တဲ့ပွဲ  ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
    P1071216-1
    ဆရာကြီး ဒဂုန်တာရာ ပေးပို့သော သ၀ဏ်လွှာကို ဒေါက်တာလှမြင့်မှ ဖတ်ကြားနေပုံ
    ဂူဗိမာန် စောင့်ရှောက်ရေး အဖွဲ့မှ အတွင်း ရေးမှူး ဒေါက်တာလှမြင့်(မြန်မာ-မွတ်စလင်မ် တစ်ဦးဖြစ်သည်)မှ “ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး လမ်းစဉ်ကို တစ်နည်း အားဖြင့် သင်ပုန်းချေ လမ်းစဉ်ကို လျှောက်လှမ်း ခဲ့သူပါ။အခု ကျွန်တော်တို့ မြန်မာပြည်သူများဟာ ဆရာကြီးရဲ့ လမ်းစဉ်ကို လျှောက်လှမ်းရမှာ ဖြစ်တယ်။ ဒီခေတ် မျိုးဆက်သစ် လူငယ်တွေ အတွက် ဆရာကြီးရဲ့ စာပေတွေ အဆက်မပြတ် သွားအောင်၊ အလှမ်း မကွာဝေးသွားအောင်လည်း ဆရာကြီးရေးခဲ့တဲ့ စာပေတွေကို ပြန်လည် ဖော်ထုတ်သွားမှာ ဖြစ်တယ်။တိုင်းပြည်အတွက် လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ခဲ့တဲ့ သူတွေရဲ့ ဂူဗိမာန်တွေကို အခုလိုမျိုး ထိန်းသိမ်း စောင့်ရှောက် ထားသင့်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
    ထို အခမ်းအနား ကျင်းပရာ တော်ဝင်နှင်းဆီ ခန်းမအား ပိုင်ရှင် ဦးစိုးညွှန့်မှ မေတ္တာဖြင့် အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။ ပန်းချီ ဆရာ မောင်ညှိဝင်းမှလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပုံတူ ပန်းချီများကို မေတ္တာဖြင့် ရေးဆွဲ ပေးခဲ့ကြောင်း၊အလှူရှင် အများ အပြားမှလည်း အဘက်ဘက်မှ ကူညီ ပံ့ပိုးပေးခဲ့ကြောင်း စုံစမ်း သိရှိရသည်။
    P1071222-1
    နာယကကြီး ဦးဝင်းတင်မှ အမှတ်တရ စကား ပြောကြားနေပုံ
    P1071201-1
    ပန်းချီဆရာမောင်ညှိထွန်း ရေးဆွဲထားသော ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ပုံတူပန်းချီကားများအား ပြသထားပုံ
    P1071224-1
    အခမ်းအနားသို့ တက်ရောက်လာသူများ
    M-Media-001
  • “ခေတ်အဆက်ဆက် ကျွန်တော်တို့ လယ်သမားတွေဟာ ခံစားခွင့်ဘာမှ မရှိခဲ့ပါဘူး”
    ဇန်န၀ါရီလ ၈၊၂၀၁၃
    M-Media
    သတင်း -ဇာဇာလှိုင်
    ဇန်န၀ါရီလ ၇ရက်နေ့က မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၏ ပါတီ မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊တော်ဝင်နှင်းဆီ ခန်းမ၌ နံနက် ၁၀း၀၀မှ ၁၂း၀၀ နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီ ခေါင်းဆောင်များ
    ထို အခမ်းအနားသို့ ကြံ့ခိုင် ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဗိုလ်ချုပ် အောင်သိန်းလင်းနှင့် အတူ နိုင်ငံရေး ပါတီ အသီးသီးမှ ခေါင်းဆောင်များ၊ဧရာဝတီတိုင်းဒေသကြီး မြို့နယ် အသီးသီးမှ တောင်သူ လယ်သမားများ၊ဖိတ်ကြားထားသော ဧည်သည်တော်များနှင့် သတင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားသို့ တက်ရောက်လာသူ လယ်သမားများထဲမှ ဧရာဝတီတိုင်း ဒေသကြီး တွံ့တေးမြို့နယ် ကန့်ဘဲကျေးရွာမှ အသက်၅၀ကျော် လယ်သမားကြီး ဦးတင်ရှိန်မက“ကျွန်တော်တို့လယ်သမား တွေဟာ သက်ဦး ဆံပိုင် ခေတ်ကတည်းက ခံစားပိုင်ခွင့် မရှိခဲ့ပါဘူး။ကိုလိုနီခေတ်တုန်းကည်း လယ်သမားတွေက ချစ်တီး တွေဆီကနေ အတိုးတွေနဲ့ ယူရတယ်။ပြန်မဆပ်နိုင်ရင် လယ်ယာသိမ်း ခံရတယ်။ဖဆပလ အစိုးရ လက်ထက်တုန်းကလည်း  ဒီအတိုင်းပဲ ပြည်တွင်းမှာ လွတ်လပ်စွာ ရောင်းချခွင့် ရှိပေမယ့် လည်း အစိုးရက ၃ကျပ်နဲ့ ၀ယ်တယ်။အဲဒီအချိန် နိုင်ငံခြား တိုင်းပြည်ကို ဂျပန်က ၅ဒေါ်လာနဲ့ရောင်းတယ်။တော်လှန်ရေး အစိုးရ လက်ထက် တုန်းကလည်း  သူသတ်မှတ်တဲ့ ဈေးနှုန်းနဲ့ရောင်းရတယ်၊ ခံစားခွင့် ဆိုတာ မရှိခဲ့ဘူး။အခု မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီက ကျွန်တော်တို့ တောင်သူ လယ်သမားတွေရဲ့ ဘ၀ ကို တိုးတက် ချမ်းသာအောင် ပြုလုပ်ပေးမယ် ဆိုတော့ အရမ်းပဲ ၀မ်းသာ အားရ ဖြစ်မိ ပါတယ်။ကျွန်တော်ဆိုရင် ဟိုးဘိုးစဉ် ဘောင်ဆက် လယ်ယာစိုက်ပျိုးတဲ့ မိသားစုက မွေးလာပြီး အရွယ်ရောက်တဲ့ အချိန်ကြတော့လည်း ဒီ လယ်ယာစိုက်ပျိုးခြင်း အလုပ်ကိုပဲ လုပ်ကိုင်ခဲ့တာပါ။ဒါပေ့မယ် စီးပွားဖြစ် မဖြစ်တော့ မမေးပါနဲ့။ကျွန်တော့် အဖိုးတွေ လက်ထက်က ရှိခဲ့တဲ့ မြေယာတွေ ကျွန်တော့်လက်ထက်မှာ ကုန်ပြီ။မိသားစု တ၀မ်းတခါ  အတွက် အဆင်မပြေလို့ ရောင်းချလိုက်ရတာပါ”ဟု M-Media သို့ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဌဦးကျော်စွာစိုး
    မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဌဦးကျော်စွာစိုး
    မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဌ ဦးကျော်စွာစိုးမှ“ကျွန်တော်တို့ပါတီက လယ်သမားတွေရဲ့ ဘ၀တွေ တိုးတက် ဖွံဖြိုးရေး  တစ်ခုတည်း အတွက် ကိုသာ တစိုက်မတ်မတ် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်” ဟုM-Media သို့ပြောကြားခဲ့သည်။
    အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးမူဟာမတ်ဆော်လာမ်
    အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးမူဟာမတ်ဆော်လာမ်
    အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးမူဟာမတ် ဆော်လာမ်မှ“အားနည်းတဲ့ တောင်သူဦးကြီး တွေဘက်ကရပ်တည်ပြီး သူတို့တွေရဲ့ ဘ၀ကို ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်ပေးမယ် ဆိုတာ အင်မတန် ကောင်းတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်တာဖြစ်တဲ့ အတွက် အရမ်းပဲ ၀မ်းသာပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
    တက်ရောက်လာကြသော မြို့အသီးသီးမှ တောင်သူလယ်သမားများ
    တက်ရောက်လာကြသော မြို့အသီးသီးမှ တောင်သူလယ်သမားများ
    M-Media-001
  • ရိုဟင်ဂျာများအတွက် ဆူဒန်မှ ဒေါ်လာ ၂ သိန်း ကူမည်
    ရိုဟင်ဂျာများအတွက် ဆူဒန်မှ ဒေါ်လာ ၂ သိန်း ကူမည်
    ဇန်နဝါရီလ ၀၈ ၊၂၀၁၃
    မဇ္ဈိမသတင်းဌာန
    နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုး ရင်ဆိုင်ကြုံ တွေ့ နေရသူ မြန်မာ မူဆလင် ရိုဟင်ဂျာများအတွက် ဆူဒန်နိုင်ငံ အဖွဲ့အစည်းနှစ်ခုက အမေရိကန်ဒ်ါလာ နှစ်သိန်း ကူညီပေးမည်ဟု သိရှိရသည်။
    ထိုအကူအညီကို ပထမအရစ်အနေနှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အမျိုးသား လူ့အခွင့်အရေးအဖွဲ့ (ရိုဟင်ဂျာ) ၏ ဥက္ကဋ္ဌ Ibrahim Abdul-Haleem အား ကိုးကား၍ မလေးရှားအခြေစိုက် BERNAMA သတင်းတရပ်တွင် ရေးသား
    ထားသည်။
    ၎င်းတို့အဖွဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနှင့် တူရကီနိုင်ငံသို့သွားရောက်ကာ နွမ်းပါးသူ ကူညီရေးအဖွဲ့တခုနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခုသို့လည်း သွားရောက်ခဲ့သည်ဟု ဆို
    သည်။
    ဆူဒန်အနေဖြင့် မြန်မာနိုင်ငံရှိ မူဆလင်များအား အဆင့်တိုင်းတွင် ဆက်လက် ကူညီပေးသွားမည်ဖြစ်ကာ ဖြစ်သလို သူတို့ရဲ့ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိသည့်တိုင်အောင် နိုင်ငံတကာ ဆွေးနွေးပွဲများတွင် ထည့်သွင်း
    ဆွေးနွေးမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသည်ဟု သတင်းစာက ဖော်ပြထားသည်။
  • မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အနာဂါတ်စိန်ခေါ်မှုများနှင့် အလားအလာများ (By မောင်ဇာနည်)
    M-Media
    2012 ခုနှစ် နိုဝင်ဘာလ တွင် Aljazeera သတင်းဌာန၌ ဖော်ပြခဲ့သည့်  မြန်မာ့အရေး လေ့လာသူ ဒေါက်တာဇာနည် ရဲ့ Reforms in Myanmar: Challenges and prospects အမည်ဖြင့် ဆောင်းပါးကို M-Media စာဖတ်ပရိတ်သတ်အတွက် ဘာသာပြန် တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။
    U Thein Sein
    မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ နိုင်ငံသားများဘဝ သာယာဝပြောရေးထက် စစ်တပ်၏ အကျိုးစီးပွား ရေရှည် တည်တံ့ ခိုင်မြဲရေး ကိုသာ အဓိက လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
    နောက်တစ်ပါတ်ခန့် အတွင်း သွားရောက်ရန် ရှိတဲ့ အမေရိကန် သမ္မတ ဘာရက် အိုဘားမား၏ အာရှ ခရီးစဉ်မှာ ကမ္ဘာ့ အဟော့ဆုံးခရီးဟု ပြောရမယ့် မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ တကယ်တမ်း အိုဘားမား မြင်သင့်တာကတော့ အပေါ်ယံ ပြုပြင်ပြောင်းလဲမှုများအောက်
    ဖုံးကွယ်ထားတဲ့ ကြေကွဲ ငိုကြွေးနေရသော ရိုဟင်ဂျာ မွတ်စလင်မ် များနှင့် ကချင် ခရစ်ယျာန်များ ကဲ့သို့ မြန်မာများ ဖြစ်ပါတယ်။
    ဒီရက်ပိုင်းမှာ လူပြောများနေတဲ့ပွဲကတော့ သမ္မတဦးသိန်းစိန်အစိုးရရဲ့  ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်မှုတွေပါပဲ။ ရာစုနှစ်တဝက်စာ နိုင်ငံတကာနှင့် အဆက်ဖြတ်ပြီး နေခဲ့တဲ့ အထီးကျန်နိုင်ငံဘဝကို အဆုံးသတ်ခဲ့တာပါ။ စစ်တပ်က အာဏာသိမ်း အုပ်ချူပ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်မှစ၍  စံနစ်ဆိုးကြောင့် ဆင်းရဲမွဲတေမှုတွေ၊ ပြည်တွင်း မငြိမ်သက်မှုတွေ၊ နိုင်ငံတကာနှင့် အဆက်သွယ်ဖြတ်မှုတွေနဲ့ လူ့အဖွဲ့အစည်း ပျက်စီးမှုတွေ  ဖြစ်ပေါ်ခဲ့ရပါတယ်။ စစ်ဗိုလ်ချုပ်များကတော့ အာဏာကိုတင်းကြပ်စွာ ချုပ်ကိုင်ထားပေမယ့် သူတို့စိတ်မှာတော့  လုံခြုံလှပြီဆိုပြီး ပြည့်ပြည့်ဝဝ မယုံကြည်ကြပါဘူး။ ကျားနာတစ်ကောင်ပေါ် ခွစီးထားရသူလို  အမြဲတစေ ခံစားနေကြရ ပါတယ်။
    သူတို့ အနေနဲ့ ကာလရှည်ကြာ အနိုင်မယူနိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံပေါ် ခေါ်ယူလိုက်ခြင်းသည်သာ သူတို့အတွက် နဲ့ သူတို့ထိန်းမရတဲ့ လူထုအတွက် နောက်ဆုံး ရွေးချယ်ရာ ဖြစ်လာခဲ့ပါတယ်။
    ကြိုဆိုမှု၏ သင်္ကေတေအဖြစ် လွတ်လပ်သော အနောက် ကမ္ဘာ၊ မလွတ်လပ်သော အရှေ့ကမ္ဘာ နှင့် တစ်စိတ်တပိုင်း လွတ်လပ်သော အရှေ့ကမ္ဘာတို့မှ ခေါင်းဆောင်များသည် မြောက်ကိုရီးယား ဒီဇိုင်း မြေအောက် လျို့ဝှက်လှိုဏ်ခေါင်းများ ပါဝင်တည်ဆောက်ထားသော နေပြည်တော်သို့ အပြေးအလွှား လာရောက်ကြသည်။ လာရောက်သူ အားလုံးအနက် အမေရိကန် သမ္မတ ဘာရက် အိုဘားမား၏ ခရီးစဉ်မှာ အထူးခြားဆုံး ဖြစ်သည်။
    ရုံးခန်းသစ်များ လာရောက် ဖွင့်လှစ်လာကြသည်။ ခဏတာ ဖြစ်စေ ရေရှည် ဖြစ်စေ လာရောက်လည်ပတ်သူများသည် နိုင်ငံ၏ လူ့အဖွဲ့အစည်း လူ့စွမ်းအား မြင့်တင်ပေးရေး တွင် ပါဝင် အားဖြည့်ကြပါတယ်။ ရင်းနှီးမြုတ်နှံသူများ ကုသိုလ်ပြုသူများ အားလုံး ပျော်ရွှင်ဖွယ်ပင်။ ကဲ… မြန်မာနိုင်ငံ ကြွရောက်လာပါပြီ။
    မြန်မာနိုင်ငံ၏ယေဘုယျ အနာဂါတ်
    တကယ်ဆိုရင် ဘယ်လို အရာတွေကများ ဒီလို အပြောင်းအလဲတွေလုပ်ဖို့  တွန်းပို့ခဲ့လဲ ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဘယ်လို အလားအလာတွေ၊ စိန်ခေါ်မှုတွေ၊ တွေကြုံရမလဲ ဆိုတာတွေ တွက်ဆပြီးတော့ပေါ့။ အဓိကအားဖြင့်ကတော့ ပြုပြင်ပြောင်းလဲမှုများက ပြည်သူလူထုဖြစ်သော တိုင်းရင်းသားလူများစု  ဗမာရယ်၊ တိုင်းရင်းသား လူနည်းစု တွေဖြစ်တဲ့ မြောက်ပိုင်းမှာ ကချင်၊ အနောက်မှာ ရိုဟင်ဂျာ၊ အရှေ့က ရှမ်းနဲ့ ကရင်တို့ရဲ့ ဘဝများပေါ်သက်ရောက်မှုဖြစ်ပါတယ်။
    သမိုင်းကြောင်းအရ ဆိုရင် စစ်ဗိုလ်ချူပ်တွေအဖို့  ၈.၈.၈၈ လိုမျိုး လူထုအုံကြွမှုကြောင့် သူတို့ ရာစုနှစ်တဝက်လောက် ချူပ်ကိုင်ထားတဲ့ အာဏာတွေ ချမ်းသာကြွယ်ဝမှုတွေ ကို လက်လွှတ် ဆုံးရှုံးရမှာ ကိုအရမ်း ကြောက်ပါတယ်။  ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း ရာစုနှစ် လေးပုံတပုံခန့်အကြာမှာတော့ သူတို့ရဲ့ ကြောက်ရွံ့မှုကြောင့်ပဲ အပြောင်းအလဲ တွေလုပ်ရပါတော့တယ်။ မူဝါဒဆိုင်ရာ နှင့် အုပ်ချူပ်ပုံ စံနစ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိလာပါတယ်။ အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးရွှေမန်းက စစ်ဗိုလ်ချုပ်တွေရဲ့ ကြောက်ရွံ့မှုအကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ သန်းရွှေလက်ထက် အစိုးရမှာ တတိယ အာဏာအရှိဆုံး ဖြစ်ခဲ့သူ ဦးရွှေမန်းဟာ ၂၀၁၂ဒီဇင်လာလထဲမှာ ဟီလာရီကလင်တန်နဲ့ လွှတ်တော်မှာတွေဆုံစဉ်က မြန်မာ ဂျာနယ်လစ်တွေကို ပြောခဲ့တာကတော့ ”ကျနော်တို့ အာရပ်တိုင်းပြည်တွေက အာဏာရှင်တွေလို အဆုံးမသတ်ချင်ပါဘူး။ ဒီနေ့ အာဏာအပြည့်ရှိနေပေမယ့် နောက်တစ်ရက်ရောက်တော့ ရှက်စရာပုံစံနဲ့ သေရနိုင်တာမျိုးပါ။”
    ဝါရှင်တန်ရဲ့  နည်းဗျူဟာချိန်ခွင်လျှာ အရှေ့ဘက်ကို ဦးလှည့်လာတာကလည်း စစ်ဗိုလ်ချူပ်တွေကို ကတုတ်ကျင်းထဲက  ထွက်လာစေတဲ့ အကြောင်းတစ်ချက်ပါပဲ။ အမေရိကန်က သူတို့ရဲ့ ပထဝီဗျူဟာသဘောအရ မြန်မာနိုင်ငံကို တရုတ်လွှမ်းမိုးမှုအောက်က ထွက်လာစေချင်တဲ့ ဆန္ဒရှိနေပါတယ်။ မြန်မာလူမျိုးတွေ အဖို့မှာတော့ မြန်မာနိုင်ငံကို တရုတ်ရဲ့ နို့ပြတ်အောင်လုပ်ပေး နိုင်မယ့် ဝါရှင်တန်ကို ကျေးဇူးတောင် တင်ကြပါသေးတယ်။ ဒါကတော့ မြန်မာနဲ့ အမေရိကန်ရဲ့ အပြန်အလှန် အမှီသဟဲ ပြုမှု အလားအလာကောင်းပဲ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံသားတို့ရဲ့ သမိုင်းကြောင်းအသိတွေကို အခြေခံထားတဲ့အမြင်မှာတော့  နိုင်ငံခြားသားတွေမြင်သလို လှပတဲ့ ပြုပြင်ပြောင်းလဲရေးလို့ လက်မခံနိုင်သေးပါဘူး။ နိုင်ငံတကာရဲ့ လက်လွတ်စပါယ် အကောင်းမြင်မှုတွေကိုလည်း သဘောမတူကြပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ဗိုလ်ချူပ်တွေရဲ့ နိုင်ငံတော်သစ်ကြီးတည်ဆောက်ရေး အိပ်မက်ဆိုးတွေက ခြောက်လှန့်နေဆဲကြောင့် ဖြစ်ပါတယ်။
    ၁၉၆၂ ခုနှစ်ကစပြီး မြန်မာစစ်တပ်ဟာ ပထမ ပိုင်းမှာ ဆိုရှစ်လစ်တပ်သားတွေ အဖြစ်ပြောင်းလဲပြီး ဆိုရှယ်လစ် စီးပွားရေးကို တည်ထောင်ပါတယ်။ နောက်တော့ လည်း အရင်းရှင် ဒီမိုကရက်တွေ အဖြစ် ပြောင်းလဲပြီး တင်းကြပ်တဲ့ အုပ်ချူပ်ရေးကို ကျင့်သုံးပြန်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၅၀ ခန့်က ဗိုလ်ချူပ်နေဝင်းဟာ နိုင်ငံရဲ့  ပါလီမန်ဒီမိုကရေစီ စံနစ်ကိုဖျက်သိမ်းကာ ဆိုရှယ်လစ် နိုင်ငံတော်ကြီး တည်ထောင်ခဲ့ပါတယ်။ နေ့ချင်းညချင်းပဲ စစ်တပ်အရာရှိတွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစည်ပါတီ ကေဒါတွေ ဖြစ်လာကြပါတယ်။ အဲ့ဒီ ဆိုရှယ်လစ် စမ်းသပ်မှုကြီးဟာ နောက်ဆုံးမှာတော့ ပြိုလဲသွားရပါတော့တယ်။ စံနစ်ဆိုးရဲ့ရလဒ်အဖြစ် နိုင်ငံရဲ့ လူသားအရင်းအမြစ်ဆိုင်ရာ၊ လူထု ကျန်းမာရေးဆိုင်ရာ၊ တိုင်းရင်းသား အရေးနှင့် စီးပွားရေး ယဉ်ကျေးမှု ပိုင်းဆိုင်ရာ အားလုံး  ပြက်သုန်းခဲ့ရပါတယ်။  ဆိုရှယ်လစ်ခေတ်အပြီး ၂၅နှစ်တာ စစ်အဏာရှင်စံနစ်က တိုင်းပြည်ကို ထပ်ပြီး နွံ့နစ်စေပြန်ပါတယ်။
    ဗိုလ်ချုပ်နေဝင်းရဲ့ ဆိုရှယ်လစ်စံနစ်ကြီး ပြိုလဲပြီး နောက် နှစ်၅၀ အကြာမှာ ဗိုလ်ချူပ်မှူးကြီး သန်းရွှေက ”စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး” စီမံကိန်းကြီး အတွက် ပြဇာတ် ဒါရိုက်တာ တစ်ယောက်လို သူရဲ့ စစ်တပ်ကလူတွေကို အုပ်ချူပ်ရေး နေရာအသီးသီးမှာ နေရာချထား သရုပ်ဆောင်ခိုင်းသွားပါတယ်။
    မျောက်ပြ ဆန်တောင်းသည့် နည်းလမ်း
    နေပြည်တော်ရဲ့ပြဇာတ်သစ်မှာ စစ်သားတွေက ဒီမိုကရေစီဖေါ်ဆောင်သည့် ကျောရိုးမကြီး အဖြစ် သရုပ်ဆောင်ကြပြီး တိုးတက်တဲ့ အနောက်တိုင်းပညာတတ်  အမျိုးသားရေးဝါဒီတွေကို အကြံပေးတွေ အဖြစ် သရုပ်ဆောင်စေပါတယ်။ သရုပ်ဆောင်တွေထဲမှာတော့ ဒေါ်စုဟာလည်း အရေးကြီးတဲ့ အခန်းမှာ ပါလာပါတယ်။ ဒေါ်စုရဲ့ ဖခင်ဖြစ်တဲ့ အာဇာနည်ခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်းဟာ တပ်မတော်ကို တည်ထောင်ခဲ့သူ ဖြစ်တယ်ဆိုဆဲ့ အချက်ကို စစ်ဗိုလ်ချုပ်များက စစ်တပ်စည်းရုံးရေးမှာ အသုံးချနိုင်ပါတယ်။ အမှန်တကယ်မှာတော့ ဒီအချက်ဟာ သူတို့ကို ကမ္ဘာကလက်ခံလာနိုင်မယ် တစ်ခုတည်းသော အချက်မို့ အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် အဖို့မှာတော့ စစ်ဗိုလ်ချုပ်တွေရဲ့ ပြဇာတ်သစ်ကို ကမ္ဘာကို ရောင်းချရာမှာ ခမ်းခမ်းနားနား ပါဝင်ပေးခဲ့ရပြီး တဖက်မှာ တော့ စစ်တပ်ကကျူးလွန်နေတဲ့ ကချင်ပြည်နယ်မှ စစ်ရာဇဝတ်မှုများ၊ ရခိုင်ပြည်နယ်မှ လူမျိုးသုန်းသတ်ဖြတ်မှုများနှင့် လယ်သမားများ၏ လယ်ယာမြေများကို စစ်တပ်နှင့် စီးပွားရေးကုမ္ပဏီများမှ သိမ်းယူနေမှုတွေကိုတော့ တိတ်တဆိတ် နှုတ်ပိတ်နေခဲ့ရပါတယ်။
    ရှင်းနေတာကို ထပ်ရှင်းရမယ်ဆိုရင်တော့ စစ်တပ် အရာရှိဟောင်းတွေနဲ့ လက်ရှိစစ်တပ်အရာရှိတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအားလုံးမှာ လက်ဝါးကြီးအုပ်ထားတာပါပဲ။ ဒီအသွင်ကူးပြောင်းမှု ကာလကြီးမှာ အစိုးရအဖွဲအစည်း အဆင့်ဆင့်တိုင်းနဲ့ လွှတ်တော်နှစ်ရပ် အပါအဝင် တရားရေ၊ အုပ်ချုပ်ရေး၊ စီးပွားရေး စတဲ့ ကဏ္ဍပေါင်းဆုံမှာ သူတို့ပဲ ဘောင်းဘီဝတ် ပုံစံနဲ့ဖြစ်ဖြစ် ဘောင်းဘီကျွတ်ပုံစံနဲ့ ဖြစ်ဖြစ် လွှမ်းမိုးထားပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ ပါတ်သတ်လို့ ဆုံးဖြတ်ချက်အာဏာကို ပိုင်ထားတာလည်း သူတို့ပါပဲ။
    နိုင်ငံရဲ့ ဝင်ငွေအားလုံးဟာ စစ်ဗိုလ်ချုပ်ကြီးများရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲ ရောက်သွားပြီး နိုင်ငံပြန်လည် ထူထောင်ရေးမှာ လိုအပ်တဲ့ အသုံးစရိတ်များကို ကမ္ဘာ့ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အလှူရှင် ဘဏ်များ နိုင်ငံများဆီက ရယူနေပါတယ်။ ဥပမာ တခု အနေနဲ့ ပြရရင် နေပြည်တော်မှာပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ အဆိုအရ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ကြားဝင် ညှိနိုင်းသူတွေအတွက် ဟိုတယ် ကုန်ကျစရိတ်တောင် အစိုးရကမပေးပါဘူး။
    နေပြည်တော် အတွက် ဝင်ရောက် ဆောင်ရွက်ပေးသူကတော့ အော်စလိုမှရောက်ရှိလာတဲ့ ယခင်ကသီရိလင်္ကာ ငြိမ်းချမ်းရေး ဆောင်ရွက်ခဲသူများ နှင့် မြန်မာနိုင်ငံမှ ခရိုနီ အဖွဲ့အစည်း ဖြစ်သော ထောက်လှမ်းရေးအဖွဲ့၏ ကြားခံ Myanmar Egress တို့ ဖြစ်ပါတယ်။ ဒီကိစ္စမှာပါဝင်သူ အားလုံးအဖို့ကတော့ စစ်ပွဲပြီးဒေသတွေမှာ ဖြစ်ပေါ်လာမယ့် ဒေါ်လာသန်းချီတန်မယ့် အထူးစီးပွားရေးဇုံများမှ စီးပွားရေး နဲ့ ဗျူဟာ ဆိုင်ရာ အသီးအပွင့်တွေကို ရိတ်သိမ်းရဖို့က အဓိကဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ တိုင်းရင်းသား သူပုန်များအား လက်ပ်တော့ပ် နှင့် လက်နက် လဲလှယ် နိုင်မယ်လို့ ကဗျာဆန်ဆန် ပြောသွားပါတယ်။
    အဓိကအားဖြင့်ကတော့ စစ်ဗိုလ်ချုပ်တွေအနေနဲ့  ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက် လွဲနေသလိုပါပဲ။ သူတို့ရဲ့  ရည်ရွယ်ထားတာက  သူတို့ရဲ့  ရေရှည်ရှင်သန်နိုင်ရေး၊ စစ်တပ်မိသားစုများအတွက် အာဏာကိုဆွဲကိုင်ထားနိုင်ရေး ပဲ ဖြစ်ပါတယ်။ ဒီလို နောက်ခံတွန်းအားတွေကြောင့်ပါပဲ။ အဲဒီလို စိတ်ကူးမျိုးနဲ့  ပြောင်းလဲခဲ့တဲ့အတွက် တကယ်တမ်းလိုအပ်တဲ့ ပြည်သူလူထု ဘဝ သာယာဝပြောရေး ၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေး ၊ ဒီမိုကရေစီအရေး တို့ကို မြှင့်တင်ပေးရမယ်ဆိုတဲ့အချက်တွေကို ကြိုတင်ပြင်ဆင်ထားခြင်း မရှိပါဘူး။
    စစ်ဗိုလ်ချုပ်များ၏ ပြုပြင်ပြောင်းလဲရေး နှင့် ဆိုးကျိုးများ
    တကယ်တမ်းဆိုတော့ အခုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ ကွဲရှလွယ်တယ် ၊ နောက်ပြန်သွားနိုင်တယ်၊ ၀ိရောဓိတွေ ရှိနေတယ် လို့ပြောနိုင်ပါတယ်။ ရင်းနှီးမြှပ်နှံမှုနဲ့  စီးပွားရေးဥပဒေတွေ ၊ လွတ်လပ်စွာပြောဆိုခွင့်တွေကို ထိန်းချုပ်ကန့်သတ်နေဆဲပါပဲ။  ဒီကိစ္စတွေက အရင်းရှင်စီးပွားရေးသမားတွေနဲ့  လူလတ်တန်းစား ပညာတတ် ပွင့်လင်းလွတ်လပ်သူတွေအတွက် အရေးပါပါတယ်။ နောက်ပြီး ဒီပြုပြင်ပြောင်းလဲရေးဟာ ပဋိပက္ခရှိရာဒေသတွေ ၊ ဗျူဟာမြောက်ကြားခံနယ်မြေတွေ ၊ သယံဇာတကြွယ်ဝတဲ့ မြေလွတ်တွေကို ပြောင်းလဲစေပါတယ်။
    နိုင်ငံရဲ့  စီးပွားရေးအရရော ဗျူဟာအရရော အရေးကြီးတဲ့နယ်စပ်ဒေသတွေဖြစ်တဲ့ လူဦးရေ၄၀% ရှိရာ တိုင်းရင်းသား ကချင်လူမျိုး ၊ ရခိုင်လူမျိုး ၊ ရှမ်းလူမျိုး ၊ ကရင်လူမျိုး ၊ မွန်လူမျိုး နဲ့  ကရင်နီ လူမျိုးတို့ရဲ့  ဒေသတွေမှာတော့ ပြုပြင်ပြောင်းလဲရေးဆိုတာဟာ နယ်မြေပြောင်းရွေ့ ခံရတာတွေ ၊  စစ်တပ်ပိုမိုလွှမ်းမိုးလာတာ၊ စစ်ပြေးဒုက္ခသည် တိုးပွားလာတာတွေသာ ဖြစ်နေပါတယ်။ တိုက်ဆိုင်မှုတစ်ခု မဟုတ်နိုင်တာကတော့ အကြမ်းဖက်အဓိကရုဏ်းတွေနဲ့  စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ လူနည်းစု တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေဟာ စီပွားရေးစီမံကိန်းများ ၊ သယံဇာတထုတ်ယူမှုများ ၊ အထူးစီးပွားရေးဇုန်များ ၊ စက်မှုနဲ့ စိုက်ပျိုးရေး ဖြစ်ထွန်းရာ ဒေါ်လာ ဘီလီယံချီ တန်တဲ့ ဒေသများ ဖြစ်နေပါတယ်။
    ပြောရရင် တရုတ်နိုင်ငံရဲ့  ကီလိုမီတာ ၂၈၀၀ကျော် ရှည်တဲ့ ပိုက်လိုင်းနှစ်ခုရဲ့  အစနဲ့  အဆုံးဒေသတွေဟာ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခံရတဲ့ ရခိုင်ကမ်းရိုးတမ်း နဲ့  တရုတ်နယ်စပ်ပိုင်း စစ်ပွဲတွေဖြစ်ပွားရာ ကချင်ပြည်နယ် ကုန်းမြင့်ဒေသတွေ ဖြစ်ပါတယ်။ ယနေ့ထိ ခန့်မှန်းချေ ရိုဟင်ဂျာ တစ်သိန်းခန့်ဟာ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်စခန်းတွေမှာ ပိတ်လှောင်ခံထားကြရပြီး ကချင်စစ်ပြေးဒုက္ခသည် အရေအတွက် ဟာလည်း တစ်သိန်းခန့်ရှိနေပါတယ်။ နိုင်ငံရဲ့  အရှေ့ ဘက် ထိုင်း-မြန်မာ နယ်စပ်မှာတော့ DFID (Britiain’s Department for International Development)  နဲ့  အိမ်ရှင်နိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံတို့ဟာ ကရင်စစ်ပြေးဒုက္ခသည် တစ်သိန်းခွဲခန့်ကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေပင်မဲ့ ကရင်ပြည်နယ်မှာ ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်ဆဲရေး ၊ ငြိမ်ချမ်းရေးဆိုတာ မရှိသေးပါဘူး။
    အခုကို စစ်ပွဲတွေဟာ ပဋိပက္ခတွေရှိတဲ့ဒေသတွေကို UN နဲ့  အခြားအကူအညီပေးရေးအဖွဲ့ တွေ မရောက်နိုင်တာကြောင့် အခုလို မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေး အမှောင်ဘက်ခြမ်းကို သာမန်အားဖြင့် မမြင်နိုင်ခဲ့ကြပင်မဲ့ အမေရိကန်စောင့်ကြည့်ရေး ဂြိုလ်တုများကတော့ ကျောက်ဖြူမြို့ ရဲ့  ဗျူဟာမြောက် ရေနက်ဆိပ်ကမ်းစီမံကိန်း ရှိရာ အနီးတ၀ိုက်လုံး ပြာပုံဖြစ်သွားခဲ့တာကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။ အခုလို အမုန်းခံနေရတဲ့ လူနည်းစု ဘာသာခြား တိုင်းရင်းသားများကို ပင်လယ်ထဲမောင်းထုတ်ပြီး အိမ်တွေကို မီးတင်ရှို့ပစ်လိုက်တဲ့အတွက်လည်း ဘာအလျော်အစားမှ ပေးရန် မလိုပြီ မဟုတ်ပါလော။ ယခုလို အစိုးရကိုယ်တိုင် ကြိုးကိုင်ဖန်တီးခဲ့တဲ့ ရာဇ၀တ်မှုတွေဟာလည်း နိုင်ငံတကာက တဖွဲဖွဲရောက်လာနေတဲ့ ဂုဏ်သရေရှိပညာရှင်တွေနဲ့  နိုင်ငံ့ခေါင်းဆောင်းတွေရဲ့  မျက်ကွယ်ဘက်များ ရောက်ရှိနေပါတယ်။
    နိုင်ငံရဲ့  ဒီမိုကရေစီသင်္ကေတလို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပင်လျှင် လူနည်းစုတိုင်းရင်းသားတွေရှိတဲ့ စစ်မြေပြင်ကို သွားရောက်ခြင်းမရှိပဲ စစ်ဗိုလ်ချုပ်တွေရဲ့  ဆိုးကျိုးများတဲ့ ပြုပြင်ပြောင်းလဲရေးကို အနောက်နိုင်ငံတွေရဲ့  အလယ်မှာ ဈေးကွက်မြှင့်တင်ပေးနေပါတယ်။
    ဗုဒ္ဓဘာသာဝင်တို့၏ လူမျိုးရေးခွဲခြားမှုနှင့် ပြုပြင်ပြောင်းလဲရေးခေတ်သစ်
    အစိုးရရဲ့  လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့  ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ကျော် အင်္ဂလိပ်ကိုလိုနီဘ၀ကနေ လွတ်လပ်ရေး ရပြီကတည်းက စစ်ဗိုလ်ချုပ်တွေဟာ ငြိမ်းချမ်းရေးစကားပြောတာ သာ ပြောနေပြီး ငြိမ်းချမ်းရေးလမ်းကို တကယ်မလျှောက်ခဲ့ကြပေ။  ဥပမာအနေနဲ့ ပြောရရင် နိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေဖြစ်တဲ့ KIO ၊ KNU တို့နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ပြရမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့  သူတို့ရဲ့ သတ်မှတ်ချက်အတိုင်း ငြိမ်းချမ်းရေးကို လိုက်နာခိုင်းတဲ့ သဘောဖြစ်ပါတယ်။ အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့  အဓိကပြဿနာဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တန်း တူညီမျှခွင့်တွေကို ဆွေးနွေးဖို့ထက် အဲဒီဒေသတွေက သဘာဝသယံဇာတတွေကို အသုံးချဖို့ စီးပွားနဲ့ ဗျူဟာမြောက်လမ်းကြောင်းတွေ ရရှိဖို့ကိုသာ စိတ်ဝင်စားနေပါတယ်။
    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမြအေး ဟာ ကချင်တော်လှန်ရေးခေါင်းဆောင်များနဲ့  ဆွေးနွေးဖို့ ကချင်ပြည်နယ် စစ်ပွဲဒေသတွေကို သွားရောက်ခဲ့ အပြီးမှာ ပြောတာကတော့ “အစိုးရက ငြိမ်းချမ်းရေးအတွက် ဘာတွေပြောင်းလဲရမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သူတို့မလုပ်ချင်ကြဘူး။ အစိုးရက နိုင်ငံတကာရဲ့  အမြင်မှာ ကြည့်ကောင်းဖို့ သက်သက်လုပ်ပြနေတာပါပဲ’’ မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေးဟာ သေချာကြည့်ရင် တိုင်းရင်းသားမျိုးစုံသင့်မြတ်မှုနဲ့  ဘာသာပေါင်းစုံသင့်မြတ်မှု ၊ အများပြည်သူဘ၀ သာယာဝပြောမှုနှင့် ဒီမိုကရေစီအရေး တို့ထက် စစ်တပ်ရဲ့  ရေရှည်အကျိုးစီးပွားနဲ့ စစ်တပ်ခရိုနီများရဲ့  အကျိုးစီးပွားတိုးတက်ရေးများသာ အဓိက ဖြစ်နေပါတယ်။ အနီးကပ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့  တမူထူးခြားတဲ့ပြုပြင်ပြောင်းလဲမှုရဲ့  တောက်ပြောင်မှုတွေ မှေးမှိန်လျော့နည်းလာပါပြီ။ ပြုပြင်ပြောင်းလဲရေး ခေတ်တခုဖြစ်အနေနဲ့  အရပ်သားတစ်ပိုင်းအစိုးရ ပေါ်ထွက်လာခဲ့တာကတော့ ငြင်းမရတဲ့ အချက်ပါပဲ။ ဒါပင်မဲ့ သူတို့ ဦးတည်သွားနေတာကတော့ အရာအားလုံးထက် စစ်တပ် အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ပါပဲ။
    ပြုပြင်ပြောင်းလဲရေးတွေဟာ တိုးတက်မှုရဲ့ နောက်ဆုံး အခြေအနေထိ အရှိန်အဟုန် မြှင့်သွားနေပါတယ်။ ဗိုလ်ချုပ်တွေရဲ့  စီးပွားရေးစွမ်းဆောင်မှု နဲ့  သူတို့ ကျင့်သုံးတဲ့ ဗုဒ္ဓဘာသာလူမျိုးရေးခွဲခြားမှု ၀ါဒ တို့ကလည်း သူတို့အတွက် ရွေးကောက်ပွဲအောင်နိုင်ရေးမှာ အကျိုးရှိလာမှာ ဖြစ်ပါတယ်။ အမြင်ကျဉ်းမြောင်းသော လူ့အဖွဲ့အစည်း ရဲ့  တယူသန် လူမျိုးရေးခွဲခြားမှုဝါဒဟာ ရှင်သန် ထက်မြက် လာနေပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ နဲ့  ယဉ်ကျေးမှုပေါင်းစုံ တန်းတူ ယှဉ်တွဲ ရပ်တည်မှုတွေဟာ မှေးမှိန်လို့ လာနေပါတယ်။
    လက်ရှိပြုပြင်ပြောင်းလဲမှုဟာ ရေရှည်တည်တံ့တဲ့ အကျိုးရှိမယ့် စီးပွားရေးစနစ်တစ်ခု ဖြစ်လာနိုင်ခြေ မရှိပါဘူး။ ၀မ်းနည်းစရာကောင်းတာကတော့ အနောက်နိုင်ငံများနဲ့  အခြားနိုင်ငံတွေဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုရဲ့  ချွတ်ယွင်းချက်တွေကို သတိမမူမိကြပဲ ငိုကြွေးနေရတဲ့ မြန်မာနိုင်ငံတော်သစ်ကို လျစ်လျူရူထားကြတာပါပဲ။
    မောင်ဇာနည် (ဒေါက်တာဇာနည်)သည် Free Burma Coalition(1995-2004) ကို တည်ထောင်သူဖြစ်ပြီး Department of International Development,London School of Economics  ရဲ့  visiting fellow ဖြစ်ပါတယ်။ သူရဲ့  မြန်မာနိုင်ငံအကြောင်းစာအုပ်ကို  Yale  University စာအုပ်တိုက်မှ  ပုံနှိပ်ထုတ်ဝေမှာ ဖြစ်ပါတယ်။
    ဤဆောင်းပါးပါ အကြောင်းအရာများသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။