News @ M-Media

Blog

  • ကျူလီယာ မုစ်လင်မ် အသင်းမှ ဖွင့်မည့် ပညာဒါန သင်တန်းများ လူမျိုးမရွေး ဘာသာမရွေး တတ်နိုင်

    ကျူလီယာ မုစ်လင်မ် အသင်းမှ ဖွင့်မည့် ပညာဒါန သင်တန်းများ လူမျိုးမရွေး ဘာသာမရွေး တတ်နိုင်

    ဇန်နဝါရီ ၇ ၊ ၂၀၁၃
    M-Media

     

    ကျူလီယာ မုစ်လင်မ် သာသနာ့ ရံပုံငွေအဖွဲ့မှ ဦးစီးသော အဖွားများ သုခရိပ်သာတွင် စတုတ္ထအကြိမ်မြောက် ပညာဒါန အခမဲ့ ကွန်ပျူတာ သင်တန်း နှင့် စက်ချုပ်သင်တန်းများကို လူမျိုးမရွေး ဘာသာမရွေး တက်ရောက်နိုင် ရန်အတွက် ဖွင့်လှစ်သွားမည် ဖြစ်သည်။ သင်တန်း စတင်မည့် နေ့မှာ ၂၁. ၁. ၂၀၁၃ ဖြစ်သည်။

    ၁။ ကွန်ပျူတာသင်တန်းများ

    • Windows
    • Mcrosoft Office
    • Page Makers
    • Corel Draw
    • Email
    • Internet
    • Abode Photoshop
    • Adobe Illustrator
    • Adobe InDesign

    ၂။ စက်ချုပ်သင်တန်းများ

    သင်တန်းတည်နေရာ

    အဖွားများ သုခရိပ်သာ

    အမှတ် (၁)၊ သုခလမ်း၊ ခ-ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

    ဖုန်း- ၀၁-၅၇၇၄၇၃၊ ၈၅၅၁၁၉၁၊ ၀၉၇၃၀၃၇၅၃၂

     

    M-Media-001

  • ဘုံးအိုး အာရဗီ တက္ကသိုလ် ကျောင်းအုပ် ဆရာကြီးနှင့် အင်တာဗျူး

    ဇန်နဝါရီ ၇ ၊ ၂၀၁၃
    M-Media

    အမ်တူးအေ

    DSCN0957
    မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာရှိ အာရဗီတက္ကသိုလ်ကျောင်း

    မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာရှိ အာရဗီ တက္ကသိုလ်ကျောင်း မှ ကျောင်းအုပ်ဆရာကြီးကို M-Media မှ မေးမြန်းခွင့် ရရှိခဲ့ပါတယ်။

    M-Media – ဆရာ့နာမည်လေး ပြောပြပေးပါဦး
    ဖြေ – ကျွန်တော့် အာရဗီနာမည်က ဟကင်။ မော်လ၀ီဟကင်ပါ။ မြန်မာနာမည်ကတော့ ဦးအောင်သန်းပေါ့။

    M-Media  – ကျောင်းရဲ့ အကြောင်းလေး ပြောပြပေးပါ ဆရာ။
    ဖြေ – ၁၉၄၇-ခုနှစ်က ဒီကျောင်းကို စတင်တည်ထောင်ခဲ့ပြီး ၁၉၆၄-ခုနှစ်မှာ ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ စတင် တည်ထောင်ကတည်းက ဒီနေရာမှာပါပဲ။ စစချင်းတုန်းကတော့ အဆောက်အဦးက ခပ်သေးသေးပေါ့။ အခန်း ၄-၅ခန်းလောက်ပဲ ရှိခဲ့တာ။ အဲဒီကနေ နောက်ပိုင်း repair လုပ်ရင်း အခု အဆောက်အဦးတွေဖြစ်လာတာပါ။ အခုတော့ ကျောင်းသားက ၂၀၀-ကျော်ရှိတယ်။ ဆရာက (၁၄)ယောက်၊ ဘော်ဒါအုပ်(၁)ယောက်နဲ့ ထမင်းချက်သူရယ် အကူရယ်ဆိုတော့ စုစုပေါင်း (၁၈)ယောက်လောက်ရှိပါတယ်။ ကျောင်းနာမည်ကတော့ တစ်ခြားမရှိပါဘူး။ အာရဗီတက္ကသိုလ်လို့ပဲ ရေးထားပါတယ်။ ဘုံးအိုး အာရဗီတက္ကသိုလ်ပေါ့။

    DSCN0915
    ဘုံးအိုး အာရဗီတက္ကသိုလ် ကျောင်းအုပ်ဆရာကြီး

    M-Media – အာရဗီကျောင်း စာသင်ကြားမှုနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ နည်းနည်းလောက်ပြောပြပေးပါ။
    ဖြေ – ကျွန်တော်တို့ ဒီက အစ္စလာမ်ဘာသာဝင်တွေမှာ အားနည်းချက်နဲ့အတူ အယူသည်းမှုဆိုတာ တချို့ရှိနေတယ်။ အဲဒါတွေက ကျွန်တော်တို့တွေကို ဖိစီးခံနေရတာ။ ဘာသာရေး စာပေသင်ပြီးရင် အင်္ကျီ အရှည်ဝတ်ပြီး နေတာထိုင်တာမှ မွတ်စလင်မ်လို့ အောက်မေ့ကြရတာလည်း ရှိနေတယ်။ ကျွန်တော်တို့တွေ အဲဒီလောက်တော့ အယူမသည်းပါဘူး။ စာပေတစ်ခုကို တတ်မြောက်ဖို့သာ အဓိကပါ။ အလ္လာဟ်ကို အေဗာဒသ်(၀တ်ပြုမှု) လုပ်ဖို့ အကောင်းဆုံးစံရှိပြီးသားပါ။

    ဒီကလေးတွေလည်း ပညာရေးနဲ့ပတ်သက်ပြီး အများကြီးနိမ့်ကျတယ်။ တကယ်ကတော့ အာရဗီတစ်ခုပဲ ကျွန်တော်တို့  သင်ပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့ စာသင်နေတဲ့ အထဲမှာလည်း အင်္ဂလိပ်စာကျွမ်း ကျွမ်းကျင်ကျင်တတ်တဲ့သူ မရှိဘူး။ ကျန်တဲ့ ခေတ်ပညာ ကျွမ်းကျွမ်းကျင်ကျင် တတ်တဲ့သူက နည်းတဲ့အခါကျတော့ ကိုယ်သင်ခဲ့တဲ့ ပညာနဲ့ ပြန်လည် သင်ကြားပေးရတဲ့ပုံစံပါ။ ဒါကြောင့် အခုဆို ကျောင်းဆောင်တွေလည်း နောက်ထပ် လိုအပ်လို့ နိုင်ငံတော်ကို တင်တာလည်း ခွင့်မရသေးပါဘူး။ ကျောင်းသားတွေအတွက် အဆောင်တွေ ထပ်လိုပါတယ်။

    ကလေးတွေကို ခေတ်ပညာ သင်ပေးဖို့အတွက်က ဥပမာ – အာရဗီဘာသာရပ်ကို တစ်နေ့ ၂-နာရီပြမယ်ဆို သင်္ချာက ၁-နာရီပြ၊ အင်္ဂလိပ်က ၁-နာရီ၊ မြန်မာက ၁-နာရီ ဒါမျိုးဖြစ်သင့်တာပါ။ အဲလိုလည်း ဖြစ်စေချင်တယ်။ ကျွန်တော်တို့ အရင်က သင်ခဲ့တဲ့ ကျောင်းတွေမှာလည်း ဒါမျိုးတွေ ရှိခဲ့ဖူးပါတယ်။

    M-Media– ဟုတ်ကဲ့ပါ ဆရာ၊ ဆရာတို့အနေနဲ့ ဘာသာရေးစာအပြင် တခြား အတန်းကျောင်းပညာရော သင်ပေးဖို့ ဘယ်လိုစိတ်ကူးရှိပါသလဲ။
    ဖြေ – ဟုတ်ပါတယ်။ ကျွန်တော်တို့သာ ဘာသာရေးစာအပြင် ခေတ်ပညာကိုပါ သင်ခွင့်ရပြီဆိုရင် ပြောင်းလဲလာမှာပါ။ ကလေးတွေအနေနဲ့ ၀တ်စားဆင်ယင်ပုံကအစ  ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။  ကျွန်တော်တို့က ဗမာ့ ယဉ်ကျေးမှုနဲ့ ကျောင်းသားတွေ အကုန်လုံး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ကျောင်းသားတွေဖြစ်အောင် ဘက်စုံတတ်တဲ့ကျောင်းသားတွေဖြစ်အောင် လုပ်ပေးသင့်တယ်။ တစ်နေ့ ဒီကတတ်သွားလို့ရှိရင် ဗလီဆရာ ကျောင်းဆရာ လုပ်ကြတယ်။ ဒီဗလီဆရာ ကျောင်းဆရာက အလုပ်တစ်ခုမဟုတ်ဘူး။ တစ်ခြားအလုပ်လုပ်စား။ ဒါ ဘာသာရေး မဟုတ်ဘူး။ မင်းတို့ ထိန်းဖို့ရာအတွက် သာသနာရေးကိစ္စနဲ့ ပတ်သက်ပြီး မသိတဲ့သူကို သင်ပြနိုင်ဖို့ရာအတွက်ပါ။ ဒီကျောင်းက ထွက်တာဟာ အလုပ်ပညာမဟုတ်ပါဘူး။ ဒီအတွက် ကျွန်တော်တို့လည်း လက်လှမ်းမီသလောက် ကြိုးစားရပါမယ်။

    ကျွန်တော်တို့အားနည်းချက်က မွတ်စလင်မ်ကလေးတွေကိုလည်း သူတို့ဘ၀ အာမခံချက်ရှိအောင် သဘောပေါက်အောင် လုပ်ပေးဖို့ ၀ိုင်းဝန်းကူညီပါ။ အခုတော့ အပြင်စာမတတ်တော့ နုံချာလာတယ်။ ဒါကို တတ်အောင် လုပ်ပေးရမယ်။ တချို့မိဘတွေကျတော့ ဆင်းရဲလို့ မိဘမဲ့ကျောင်းပို့တဲ့ သဘောအဆင့်လောက်ဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ အဲဒါမျိုးမဖြစ်စေချင်ဘူး။ ကျောင်းလာနေတဲ့ ကျောင်းသားတွေ ကိုယ်တိုင်က ပညာကို လိုလားပြီး သင်ယူတဲ့ သားသမီးတွေ များများဖြစ်စေချင်တယ်။ သူတို့အတွက် သင်လည်း သင်ပေးမယ်ဆိုရင် သူတို့ဘ၀ အာမခံချက်လေးတွေ ရသွားမယ်။

    တဘက်က အာရဗီပညာရဲ့ သဒ္ဒါ သဂြိုဟ်ကစပြီးတော့တောင် သင်နိုင်သေးတာပဲ  မြန်မာစာပေလည်း တတ်သင့်ပါပြီ။ ခေတ်နဲ့ လျော်ညီစွာ သင်ကြားပေးနိုင်ဖို့ မွမ်းမံပြင်ဆင်ဖို့ရာအတွက် အများရဲ့အားနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ ဖြစ်လာမှာပါ။ ကျွန်တော်တို့ ငယ်ငယ်က ၇-တန်း ၈-တန်းပေမယ့် အင်္ဂလိပ်စာ ကောင်းကောင်းဖတ်နိုင်တယ်။ သင်္ချာလည်း သိပ်အရေးကြီးတယ်။ သင်္ချာမရှိလို့ မရဘူး။ အမွေခန်းတွေဘာတွေ ရောက်လာရင်လည်း သင်္ချာတတ်မှ ဖြေရှင်းပေးနိုင်မယ်။
    လုပ်ငန်းခွင်ဝင်ပြီဆိုရင်လည်း သင်္ချာက လိုအပ်လာပြီ။

    မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ကတော့ ပုံမှန်သင်ပေးဖို့စိတ်ကူးရှိထားတယ်။ တကယ်လို့ ခုနက ပြောသလို အပြင်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ဗဟုသုတရအောင် လာပြီးပြောပြပေးတဲ့ အစီအစဉ်လေး လုပ်ပေးမယ်ဆိုရင်လည်း လုပ်စေချင်ပါတယ်။

    M-Mediaဟုတ်ကဲ့ပါဆရာ။ ကျောင်းသားတွေအနေနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေအတွက်ရော ဘာတွေများလုပ်ပေးသင့်တယ်လို့ ထင်ပါသလဲ ဆရာ။

    ဖြေ – ကျောင်းမှာတင်မဟုတ်ပဲ ပြင်ပလောက အသိုင်းအ၀ိုင်းထဲမှာလည်း လူပေါင်းဆန့်နိုင်အောင် သင်ကြားပေးသင့်တယ်။ ဘာသာပေါင်းစုံချစ်ကြည်ရေးကိစ္စတွေကိုလည်း လုပ်စေချင်တယ်။ ကျွန်တော်တို့တွေလည်း အပြင်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် ဘုန်းတော်ကြီးတွေနဲ့ အမြဲတွေ့ဆုံ ပြောဆိုနေကြရတာပါ။ ဟုတ်ပါတယ် ကျွန်တော်တို့တွေက အာရဗီစာ၊ ဘာသာရေးစာကို အဓိက သင်ကြားပေးနေရတော့ တခြားအပိုင်းတွေမှာ မသင်ကြားပေးနိုင်တာတွေ ရှိပါတယ်။ အဲဒါတွေအတွက် တခြားအကြောင်းအရာတွေကို အပြင်ကလာရောက် သင်ကြားပေးကြမယ်ဆိုရင် တော်တော်လေးကောင်းပါမယ်။ အဲဒါလေးကိုလည်း စီမံချက်နဲ့ လစဉ်တစ်လ အကြိမ်ဘယ်လောက်လုပ်မယ်ဆိုတာမျိုး ရှိထားမယ်ဆိုရင် ကောင်းတယ်။

    M-Media- မြန်မာမွတ်စလင်မ်တွေအနေနဲ့ အခုအချိန်ခါမှာ ဘယ်လို အခြေအနေမှာ ရှိနေသင့်ပါလဲ ဆရာ။
    ဖြေ – ဒီနေ့ အချိန်အခါမှာ မွတ်စလင်မ်တွေကလည်း မွတ်စလင်မ်တွေအားလုံး ဖြစ်ပျက်နေတာတွေကို မသိဘူးလေ။ ဒီလို ကျောင်းက ကျောင်းသားတွေမပြောနဲ့ ရွာထဲမှာရှိတဲ့ လူကြီးတချို့တွေတောင် မသိကြဘူး။ သူတို့လည်း ကိုယ့်အလုပ်နဲ့ကိုယ် တခြားဘာမှမဖြစ်ဘူးဆိုတဲ့အသိနဲ့ နေနေကြတာပါ။ ဒီလို သဘောတွေကိုလည်း အားလုံးသဘောပေါက် နားလည်အောင် ရှင်းပြနိုင်တဲ့ ပုဂ္ဂိုလ်တွေ လိုအပ်ပါတယ်။

    မြန်မာနိုင်ငံက မွတ်စလင်မ်တွေရဲ့ သမိုင်းနဲ့ပတ်သက်ပြီးလည်း အများကြီး သိကြဖို့လိုပါတယ်။ မြန်မာမွတ်စလင်မ်တွေအတွက် ပသီဦးကိုကိုလေးတို့ ဟိုတလောကဆုံးသွားတဲ့ ၀မ်းအိုဝမ်းကျော်ဝင်းမောင်တို့ရဲ့ သမိုင်းတွေ သိဖို့လိုပါတယ်။ မြန်မာမွတ်စလင်မ်တွေလည်း နေထိုင်တာ ၀တ်စားဆင်ယင်တာက အစ သတိထားဖို့လိုပါတယ်။ အဲဒါတွေအားလုံးကို ကိုယ်နဲ့မဆိုင်ဘူးလို့ လစ်လျူမရှုထားပဲ သိရှိအောင် လေ့လာသင့်ကြပါတယ်။

    M-Mediaဟုတ်ကဲ့ပါဆရာ။ ဆရာဖြေပေးတာလည်း တော်တော်လေး ပြည့်စုံနေပါပြီ။ ဆရာ့အနေနဲ့ တစ်ခြား ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
    ဖြေ – တစ်ခြားတော့ ပြောစရာမရှိပါဘူး။ ဘာသာပေါင်းစုံ အပြန်လှန်လေးစားမှုနဲ့အတူ ကိုယ့်မွတ်စလင်မ်တွေဘ၀ တိုးတက်မြင့်မားလာအောင် ကြိုးစားကြဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိနေပါတယ်။ ဒါကြောင့် အခုလို လက်လှမ်းမီရာကနေစပြီး ကြိုးစားကြပါလို့ အားလုံးကို ပြောချင်ပါတယ်။ အခုလို လာရောက်လေ့လာပြီး ကျောင်းရဲ့ လိုအပ်ချက်လေးကို တပိုင်တနိုင် ဖြည့်စွက်ပေးကြဖို့ စဉ်းစားပေးတာအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။

    M-Mediaဟုတ်ကဲ့ပါဆရာ ကျေးဇူးအများကြီးတင်ပါတယ်။ အတ်စလာမု အလိုင်ကွမ်း (အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအဖြာဖြာ အသင့်အပေါ်သို့ ကျရောက်ပါစေ။)
    ဖြေ – ၀အလိုင်ကွမ်း စလာမ် (အသင့်အပေါ်သို့လည်း အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအဖြာဖြာ အသင့်အပေါ်သို့ ကျရောက်ပါစေ။)

     

    M-Media-002

  • လူထု ကျန်းမာရေးနဲ့ လူတစ်စု ကျန်းမာရေး

    ဒေါက်တာမြတ်ထူးရာဇတ်

    via  http://www.myanmarij.com

    ဆေးရုံအများစုသည် ဆေးဝါး၊ ဆရာဝန် လုံလောက်မှု မရှိခြင်း ခံစားရဆဲ ဖြစ်သည်
    ဆေးရုံအများစုသည် ဆေးဝါး၊ ဆရာဝန် လုံလောက်မှု မရှိခြင်း ခံစားရဆဲ ဖြစ်သည်

    လူထုဆိုတာ လူတစ်ဦး လူတစ်စုစီ ပါဝင်ပေါင်းစည်းမှုကြောင့် ဖြစ်လာတာပါ။  လူတစ်ဦး လူတစ်စုစီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေဟာ လူထု ရဲ့ကောင်းကျိုးဆိုးကျိုးတွေနဲ့ တစ်နည်းမဟုတ် တစ်နည်းနဲ့ မှီခိုဒွန်တွဲနေ ပါတယ်။ လူတစ်ဦး လူတစ်စုစီရဲ့ ကျန်းမာရေး အခြေအနေတွေဟာ လူထုရဲ့ ကျန်းမာရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ဦး လူတစ်စုစီရဲ့ ကျန်းမာရေး ကောင်းမွန်လာဖို့ ကြိုးစား ဦးစားပေးနေချိန်မှာ အများလူထုရဲ့ ကျန်းမာရေးကိုလည်း အာရုံစိုက်ကြဖို့ အရေးကြီးပါတယ်။

    ငွေရှိအာဏာရှိတဲ့ လူတစ်ဦး လူတစ်စုစီရဲ့ ကျန်းမာရေးကိုပဲ ဦးစားပေးပြီး အများလူထုရဲ့ ကျန်းမာရေးကို လျှစ်လျှူရှု ထားမယ်ဆိုရင် တိုင်းပြည်ရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာမှာပါပဲ။ ဘယ်လောက် ချမ်းသာတဲ့ နိုင်ငံမှာပဲဖြစ်ဖြစ် ကျန်းမာရေး စနစ်ဟာ အများလူထုရဲ့ ကျန်းမာရေးကို ဦးစားမပေးဘူး ဆိုရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်နေခဲ့တာတွေ ကို တွေ့နေကြရပါတယ်။ ကျန်းမာရေး ကုန်ကျစရိတ် များလေလေ ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးသုံးစွဲစရိတ်ရှိမှု နည်းလေလေပဲ ဖြစ်ပါတယ်။

    အမေရိကန် ပြည်ထောင်စုကို ဥပမာ ကြည့်လို့ရပါတယ်။ ထိပ်တန်း ဆေးကုသမှုတွေပေးနေနိုင်တဲ့ နိုင်ငံ တစ်ခု ဖြစ်ပေမယ့် ၂ဝ၁၁ ခုနှစ်မှာ လူဦးရေ ၄၈.၆ သန်း(၁၅.၇ ရာခိုင် နှုန်း)ဟာ ကျန်းမာရေး အာမခံမှု မရှိပါဘူး။ ၂ဝ၁ဝ ခုနှစ်မှာ ကျန်းမာရေး ကုန်ကျစရိတ်ဟာ နိုင်ငံ  GDP ရဲ့ ၁၇.၉ ရာခိုင်နှုန်း (US $ ၂.၆ Trillion) ဖြစ်ပါတယ်။ ဆေးရုံနဲ့ ဆရာဝန် စရိတ်ဟာ ကုန်ကျစရိတ်ရဲ့ ၅၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကျန်းမာရေး စနစ်ကို တိုးတက်ပြောင်း လဲနိုင်အောင် ကြိုးစားနေကြတာ ကြာပြီဖြစ်ပေမယ့် အယူအဆ ကွာခြားမှုနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ လမ်းကြောင်း မတူညီတာတွေကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျန်းမာရေး လုပ်သားတွေ၊ ပြည်သူတွေဟာ ဆက်လက်စကား စစ်ထိုးပွဲတွေ ဆင်နွှဲနေရင်း ကျန်းမာရေး ကုန်ကျ မှုတွေ ပိုများလာတာကို ရင်ဆိုင်နေ ရပါတယ်။ အခုအတည်ပြုခံရပြီ ဖြစ်တဲ့ “အိုဘားမားကဲ” (Obama Care) ဥပဒေကြောင့် ဝင်ငွေနဲ့ မိသားစုရော အများလူထုပါ ကျန်းမာရေး အာမခံချက်တွေ ပိုရလာကြမယ် လို့ မျှော်လင့်ရပါတယ်။

    လုပ်သားထု ကျန်းမာရေး မကောင်းရင် ကုန်ထုတ်လုပ်မှု ကျဆင်းလာပြီး လုပ်ငန်းရှင်တွေ ဝင်ငွေနည်းလာ၊ တိုင်းပြည်ဝင်ငွေ နည်းလာပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ဆရာ၊ ဆရာမ တွေ ကျန်းမာရေး မကောင်းရင် ပညာရေး တိုးတက်မှုတွေ ထိခိုက်နိုင်ပါတယ်။ ရဲနဲ့ တပ်မတော်သားတွေ ကျန်းမာရေး မကောင်းရင် တိုင်းပြည် ကာကွယ်ရေး ထိခိုက်နိုင်ပါတယ်။ဒါတွေကိုကြည့်ရင် လူထုကျန်းမာရေး မကောင်းတဲ့ အခါ လူနာမိသားစု အိတ်စိုက် ငွေကုန်ခံရတာ အပြင် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးမှုတွေ ထိခိုက်နေနိုင်တာတွေကို မြင်နိုင်ပါတယ်။

    နေမကောင်းတဲ့ လူနာ တစ်ယောက် ဆေးရုံ၊ ဆေးခန်းမှာ တစ်နာရီကျော် စောင့်ပြီးမှ ဆရာဝန်က ၂ မိနစ် မပြည့်အောင် ကြည့်ပေးတာကို ကျေးဇူးတင်နေရတဲ့ ဘဝ ၊ ပြည်သူ့ဆေးရုံ၊ ဆေးခန်းတွေမှာ လူတကာရဲ့ ဟိန်းဟောက်မှုတွေကို သည်းငြီးခံပြီး နေမကောင်းတဲ့ လူနာကို ကြည့်ပေးဖို့မျက်နှာချို သွေးနေရတဲ့ မိသားစုရဲ့ ဘဝ၊ ဆေးရုံတွေမှာ ဆေးမရှိ လို့ ဆေးဆိုင်တွေမှာ ဈေးကြီးပေးပြီး ဆေးရှာဝယ် နေရတဲ့ လူနာရှင်တွေရဲ့ဘဝတွေ ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုက လူအများစု ကြုံတွေ့နေရတဲ့ ဘဝတွေပဲ ဖြစ်ပါတယ်။

    တစ်ချိန်ထဲမှာပဲ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုက ငွေရှိ အာဏာရှိသူတွေနဲ့ သူတို့ရဲ့မိသားစုတွေ ကတော့ ခေတ်မှီ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ သာမကပဲ တိုင်းပြည်ပြင် ပက ဈေးကြီးပေးရတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာပါ ကျန်းမာရေး ကုသမှုကို ခံယူလေ့ရှိကြပါတယ်။ ငွေ၊ အာဏာရှိသူတွေ ပုဂ္ဂလိက ဆေးရုံ၊ ဆေး ခန်းတွေ၊ နိုင်ငံခြား တွေမှာ သွားပြီး ဆေးကုကျ လေလေ ပြည် သူ့ဆေးရုံ၊ ဆေးခန်းတွေကို အစိုးရ က ပံ့ပိုးမှု ကျဆင်းလာ လေလေပဲ ဖြစ်ပါတယ်။

    ကျန်းမာရေးကောင်းဖို့ ဆိုရင် ရောဂါကုသမှု တစ်ခုတည်းကို အဓိက ထားလို့ မရပါဘူး။ ရောဂါဖြစ်၊ ရောဂါ ပိုဆိုးလာမှ ဆေးရုံ၊ ဆေးခန်းသွားရင် ငွေ ပိုကုန်တာ သာမက အချိန်ကုန် လူပန်းပြီး ထိရောက်မှု နည်းတာတွေ ကိုလည်း တွေ့ရတတ်ပါတယ်။ ရောဂါဝေဒနာ ဖြစ်မလာအောင် ကြိုတင်ကာ ကွယ်တားဆီးရေး၊ ထိရောက်စွာ ကုသရေး၊ ဆက်လက်ပြုစုစောင့် ရှောက်ရေးနဲ့ ကျန်းမာရေးမြှင့်တင် ရေးအစရှိတဲ့ ကဏ္ဍအားလုံးကို မှန်ကန်ထိရောက်စွာနဲ့ တိုးတက် လာအောင် ဝိုင်းဝန်းလုပ်ကိုင်ကြရပါ တယ်။ ဒီကဏ္ဍတိုင်းဟာ လူတစ်ဦး လူတစ်စုအတွက် ရောလူထုအတွက် ပါ အရေးကြီးပါတယ်။

    ရောဂါကာကွယ်တားဆီးရေး ကို ထိရောက်စွာဦးစားမပေးခဲ့ရင် ရောဂါဖြစ်မှုများလာတာနဲ့အမျှ ကုသစရိတ်တွေ ပိုမိုကုန်ကျလာ ပါတယ်။ ဥပမာပေးရမယ်ဆိုရင် ကာကွယ်ဆေးပြည့်စုံစွာ မရရှိထား တဲ့ ကလေးတွေဟာ ကာကွယ်ဆေး ရထားတဲ့ ကလေးတွေထက် ရောဂါဖြစ်နှုန်း ပိုများတတ်ပါတယ်။

    ရောဂါကို ထိရောက်စွာ ကုသမှု ဟာလည်း ရောဂါပျောက်ကင်းအောင်၊ ဆက်လက် မဆိုးရွားစေအောင် သာမကပဲ တချို့ရောဂါတွေ ဆက်လက် မပြန့်ပွားအောင်ပါ လုပ်ဆောင် နိုင်ပါတယ်။ အဆုတ်တီဘီရောဂါ ကို ဥပမာပေးပါရစေ။ တိကျပြည့်စုံစွာ ကုသမှုကို ရရှိထားတဲ့ တီဘီရောဂါ ရှင်ဟာ မိမိရဲ့ရောဂါ သက်သာ ပျောက်ကင်းတာ သာမကပဲ တခြားသူတွေကို မိမိထံမှရောဂါ ကူးစက်စေနိုင်မှုကို တားဆီးကာ ကွယ်နိုင်ပါတယ်။

    တချို့ရောဂါ ကျန်းမာရေးချို့ ယွင်းမှုတွေဟာ ထိရောက်စွာ ဆက်လက်ပြုစုစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ ဥပမာ ခြေလက် ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေက  အရိုးဆက်၊ ဖြတ်တောက်မှုတွေ လုပ်ပေးရုံနဲ့ မပြီးပါဘူး။ သူတို့ အတတ်နိုင်ဆုံး ပုံမှန်ပြန်လည်လှုပ် ရှားလာနိုင်ဖို့၊ လူထုကြားမှာ သွား လာလှုပ်ရှားနိုင်ဖို့တွေဖြစ်လာအောင် အားလုံးက ဝိုင်းဝန်းကြိုးစားပံ့ပိုး ကူညီကြရပါမယ်။

    ကျန်းမာရေးမြှင့်တင်မှု ကတော့ လူတိုင်း ကိုယ့်ကျန်းမာရေးကိုကိုယ် ပိုမိုကောင်းမွန်လာအောင် ထိန်းချုပ် လုပ်ကိုင်နိုင်ခွင့် ရရှိလာရေးဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတစ်ဦးချင်း စီသာမကပဲ လူထုနဲ့ ပတ်ဝန်းကျင်တိုးတက်ကောင်းမွန် လာအောင်လည်း လုပ်ဆောင်ကြရ ပါတယ်။ ဥပမာပေးရရင် ကျန်းမာရေး ဗဟုသုတ တိုးတက်လာပြီး ကိုယ့်ကျန်းမာရေး ပိုကောင်းလာ အောင် အစားအသောက် အနေအထိုင် ဆင်ခြင်တာတို့၊ မိခင်နဲ့ ကလေး ကျန်းမာရေး၊ ကျောင်းကျန်းမာ ရေး၊ အလုပ်ခွင် အန္တရာယ်ကင်း ကျန်းမာရေးတို့ ပိုမို တိုးတက်လာ အောင် ကြိုးစားပံ့ပိုးမှုတွေပါပဲ။

    တိုင်းပြည် တစ်ခုရဲ့ လူထု ကျန်းမာရေးကို အစိုးရက အဓိက တာဝန်ယူကြရပါတယ်။ ကျန်းမာရေး လုပ်သားများ ရဲ့  ကျင့်ဝတ် မှန်ကန်စွာနဲ့ ကုသစောင့်ရှောက်မှု၊ ပညာ အတွေ့အကြုံပြည့်စုံမှု၊ စေတနာနဲ့ နွေးထွေးစွာ ပြုစုမှုတွေ ဟာ ပြည်သူတွေရဲ့ မှန်ကန်တဲ့ ရပိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေး လုပ်သားများမှာလည်း လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်း ပံ့ပိုးပြည့်စုံမှု၊ ထိုက်တန်တဲ့ ဝင်ငွေနဲ့ ရပိုင်ခွင့်ရှိမှု၊ ပညာ အတွေ့အကြုံ ဆက်လက် သင်ယူပိုင်ခွင့်ရှိမှုတွေ ရှိရပါတယ်။ အာဖရိကန် နိုင်ငံ တချို့မှာ ဆိုရင် ရပ်ရွာဒေသ အသီးသီးမှာ အရည်အချင်း ပြည့်ဝစွာနဲ့ လူထု ကျန်းမာရေးကို ထိရောက်စွာ ထမ်းဆောင်ကြမယ့် ဆရာဝန် အပါအဝင် ကျန်းမာရေး လုပ်သားကောင်း များစွာ မွေးထုတ်ရုံ သာမကပဲ ပြည်တွင်းမှာ ဆက်လက် တာဝန် ထမ်းဆောင်ဖို့ အခြေအနေတွေ ပံ့ပိုး တည်ဆောက်ပေးနေတဲ့ စီမံကိန်းတွေကို အကောင် အထည်ဖော်နေ ကြပါပြီ။ ဒီစီမံကိန်းတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက် တင်ပြမှုတွေ နဲ့ အရေးပေါ် လိုအပ်ချက်တွေပေါ် မူတည်ပြီး အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရဲ့တာဝန်ယူ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။

    တိုင်းပြည် ကျန်းမာရေးအတွက် အစိုးရနဲ့ ကျန်းမာရေးလုပ်သားများ တာဝန်ကြွေပန်ဖို့လိုသလို အများပြည်သူတိုင်း မှာလည်း ကိုယ့်တာဝန်ကိုယ် ကြေပြွန်ကြဖို့ လိုပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း ပိုင်ရှင်များရဲ့ ကျင့်ဝတ် ထိန်းသိမ်းမှုနဲ့ မှန်ကန် သင့်တော်တဲ့ ဈေးနှုန်းသတ်မှတ်မှု၊ ဆေးဝါးနဲ့ ဆေးပစ္စည်း ကုမ္ပဏီပိုင်ရှင်တွေနဲ့ ကိုယ်စားလှယ် အေးဂျင့်တွေရဲ့ ကျင့်ဝတ်မှန်ကန်မှု၊ စာနယ်ဇင်းနဲ့ မီဒီယာတွေရဲ့ မှန်ကန်ပြီး အပြုသဘော ဆန်တဲ့ ဝေဖန်တင်ပြမှု၊ ဥပဒေ ပညာရှင်တွေနဲ့ တရားသူကြီးတွေရဲ့ မျှတပြတ်သားစွာ အကြံပေးဆုံးဖြတ်မှု၊ ရှေ့နေတွေ ရဲ့ ကျင့်ဝတ် မှန်ကန်စွာနဲ့ တင်ပြလျှောက်လဲမှု၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား ပညာရှင်တွေရဲ့ စေတနာမှန်ကန်စွာနဲ့ တာဝန်ထမ်းဆောင်မှု၊ ပြည်သူ တွေရဲ့ ကိုယ်တိုင်ကြိုးစားပါဝင်မှု အပြင် ကိုယ်နဲ့ ကိုယ့်မိသားစု ရပ်ရွာ ရဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို သက်ဆိုင်သူတွေကို အပြုသဘောနဲ့ တုံ့ပြန် အကြံပေးမှုတွေဟာ မရှိမဖြစ်တဲ့ တာဝန်တွေပါပဲ။

    ဒါတွေဟာ ကျွန်တော်နိုင်ငံ တချို့မှာ ပြီးခဲ့တဲ့အနှစ် ၂ဝ ကျော် အတွင်း ကြုံတွေ့ခဲ့ရတာတွေကို ပြန် လည်ဖလှယ်မိတာပါ။ တချို့ အခြေ အနေတွေက မြန်မာပြည်က လက်ရှိ အခြေအနေတွေနဲ့ တူကောင်းတူနိုင် ပေမယ့်  မြန်မာပြည်မှာ ဘာလုပ် သင့်တယ် ဘာဖြစ်သင့်တယ်ဆိုပြီး ဆရာလုပ်နေတာမဟုတ်ပါဘူးဆို တာကို လေးစားစွာမေတ္တာရပ်ခံပါ ရစေ။

    တိုင်းပြည်ကနေ အခြေအနေ အကြောင်းကြောင်းကြောင့်ထွက်ခဲ့ရ တာ ၂၄ နှစ်ရှိနေခဲ့ပေမယ့် ကိုယ့် ကို လူဖြစ်လာအောင် အဘက် ဘက်က ဆက်လက်ပညာပေးသွန် သင်ပံ့ပိုးနေတဲ့ တိုင်းပြည်နဲ့ သင် ဆရာမြင်ဆရာကြားဆရာတွေကို ဘယ်နေရာရောက်ရောက် ကျေးဇူး တင်စွာနဲ့ သတိရနေမြဲဖြစ်ပါတယ်။ ပြည်တွင်းမှာ အခက်အခဲ များစွာ ကြားက လူမှုရေးကျန်းမာရေး လိုအပ်ချက်တွေကို ကျရာနေရာ ကနေ ထိရောက်စွာ ကိုယ်ထူကိုယ်ထ တာဝန်ယူ ထမ်းဆောင် ပံ့ပိုးနေတဲ့သူတိုင်း ကိုလည်း အင်မတန် အားရ၊ အားကျ၊ အားကိုးကြောင်းလေးစားစွာ ပြောကြားပါရစေ။

    နိုင်ငံတိုင်းမှာ လူထုကျန်းမာရေး တိုးတက်ကောင်းမွန်လာအောင် လုပ် ဆောင်နေချိန်မှာ အခက်အခဲပေါင်း မြောက်များစွာကို ရင်ဆိုင်နေရ သလိုမြန်မာပြည်ဟာလည်း အခက်အခဲ များစွာကို ကျော်ဖြတ်ရမှာပါပဲ။ ဒါပေမယ့် တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်၊ သတ္တိ၊ အရည်အချင်းနဲ့ ညီညွတ်စွာ လုပ်ကိုင် ချက်တွေကြောင့် ပြည်နယ်တိုင်းဒေသ အားလုံးမှာ လူထု ကျန်းမာရေးမျှတစွာ တိုးတက် လာမယ်နေ့တွေဟာ သိပ်မဝေးတော့ ဘူးလို့ မျှော်လင့် ယုံကြည် မိပါတယ်။

    ဒေါက်တာ မြတ်ထူးရာဇတ် (ဆရာကြီးဦးရာဇတ်၏ မြေး)

    (http://www.myanmarij.com/?p=8732   တွင် ဖော်ပြထားသည်ကို ကူးယူဖော်ပြပါသည်။

    (ဒေါက်တာ မြတ်ထူးရာဇတ်သည် အာရှနှင့် အာဖရိကအတွင်း HIV/AIDS ဆိုင်ရာ သုတေသနလုပ်ငန်း၊ ကုသ အကူအညီပေးခြင်းနှင့် ကျန်းမာရေးလုပ်သားများ အရည်အချင်းမြှင့်တင်ပေးသော နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာဆရာဝန်တဦးဖြစ်သည်။ ၂၀၀၉ မှစ၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးနှင့် ကျန်းမာရေးစနစ်များ တိုးတက်ကောင်းမွန်စေရေး လုပ်ကိုင်လျက်ရှိသည်။)

  • MMSY Foundation မှ မန္တလေးမြို့ ဘုံးအိုး အာရဗီ တက္ကသိုလ်ကျောင်းတွင် ဆေးကုသပေး

    MMSY Foundation မှ မန္တလေးမြို့ ဘုံးအိုး အာရဗီ တက္ကသိုလ်ကျောင်းတွင် ဆေးကုသပေး

    ဇန်န၀ါရီ ၆၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    MMSY ၆နှစ်ပြည့်အထိမ်းအမှတ် MMSY Foundation မှ မန္တလေးမြို့တွင်လည်း ပြုလုပ်

    မန္တွလေး ။     ။     MMSY ရဲ့ ၆-နှစ်ပြည့် အထိမ်းအမှတ်တစ်ခုကို MMSY Foundation မှ ရန်ကုန်မြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နဲ့အတူ ကျင်းပပြုလုပ်ခဲ့သည့်နည်းတူ မန္တလေးမြို့တွင်လည်း မနေ့ ၂၀၁၃-ခု ဇန်န၀ါရီလ ၆-ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာရှိ အာရဗီ တက္ကသိုလ်ကျောင်းတွင် ဆေးကုသမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

    08
် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာရှိ အာရဗီတက္ကသိုလ်ကျောင်း
    04
    ဆေးကုသမှု့ ခံယူရန် စောင့်ဆိုင်းနေသည့် ကျောင်းသားလေးများ

     

    ဘုံးအိုးကျေးရွာရှိ အာရဗီ တက္ကသိလ်ကျာင်းတွင် မော်လ၀ီ၊ ဟာဖိဇ် ကျောင်းသားစုစုပေါင်း ၂၀၀ ကျော်ရှိသည့်အနက် ဟာဖိဇ်ဖတ်နေသော ကလေးငယ်များနှင့် မော်လ၀ီဖတ်နေသော ကျောင်းသားများထဲမှ ကျန်းမာရေး မကောင်းသည့် ကျောင်းသားများကို MMSY အဖွဲ့ဝင် ဆရာဝန်များနှင့် ကျန်အဖွဲ့သားများမှ ဆေးကုမှုပြုလုပ်ပြီး လိုအပ်သော ဆေးဝါးများပေးခဲ့ကြောင်းလည်း သိရသည်။

    “ဆေးကုသရန် ဘုံးအိုးကျေးရွာသို့ ရောက်ရှိသောအခါ မထင်မှတ်သော အခက်အခဲတစ်ခုနှင့် ကြုံတွေ့လိုက်ရသော်လည်း အာရဗီတက္ကသိုလ်ကျောင်းသို့ ဆေးကုသခွင့်ရရှိသော အခါတွင် လွန်စွာမှ ကျေနပ်အားရဖွယ်ဖြစ်ရပြီး နောင်တစ်ခေတ် မြန်မာနိုင်ငံရဲ့ အစ္စလာမ်သာသနာရေးတွင် ခေါင်းဆောင်ဖြစ်လာမည့် ကလေးငယ်များအတွက် MMSY ရဲ့ ရည်ရွယ်ချက်များအတိုင်း မွတ်စလင်မ်များဆက်လက် လုပ်ဆောင်ပေးနိုင်မည့် အခွင့်အရေးတစ်ခု ရရှိလာတယ်လို့ မြင်မိပါတယ်”လို့ အစီအစဉ်တွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးမှ ပြောပြပါတယ်။

    “ကျွန်မအားကျတဲ့အရာ တစ်ခုရှိပါတယ်။ မန္တလေးမြို့သစ်မှာ တရုတ်ကျောင်းကြီးမှ အကြီးကြီးပဲ လေးထပ်ဆောင်ကြီးတစ်ခုရှိတယ်။ တရုတ်နဲ့ အင်္ဂလိပ်သင် ဒါပဲသင်တယ်။ ကျွန်မတို့ မွတ်စလင်မ်အာရဗီကျောင်းတွေမှာ အာရဗီတစ်ခုတည်းသင်တာထက်စာရင် ကလေးတွေအတွက် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာနဲ့တကွ တစ်ခြားသော ဗဟုသုတတွေကိုလည်း သင်ပေးသင့်တယ်လို့မြင်တယ်။ ဒါကြောင့် ပညာရေးဘက်ကိုလည်း လုပ်ဆောင်သင့်တယ်။ ကျွန်မတို့တွေ ၀ိုင်းဝန်းကြိုးစားသင့်ပါတယ်။ ကျွန်မတို့တွေ ၀ိုင်းဝန်းကြိုးစားကြပါမယ်။”လို့ MMSY Foundation ရဲ့ Board Member တစ်ဦးဖြစ်တဲ့ မသစ်သစ်မှ ပြောပြခဲ့ပါတယ်။

    “ကျွန်တော်တို့တွေလည်း ဒီမှာ လာနေတဲ့ကလေးတွေက မိဘမဲ့လို့ ဒီအတိုင်းလာနေတဲ့ ကလေးတွေပဲ မဖြစ်စေချင်ဘူး။ သူတို့လေးတွေ မြန်မာစာတတ်ဖို့လည်း လိုပါတယ်။ ဒါတွေကို ခေတ်နဲ့အညီ မွမ်းမံ ပြင်ဆင်ဖို့ရာ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။ MMSY ကလည်း ၀ိုင်းဝန်းပါဝင်ပေးပါ။ ကျွန်တော်တို့ဆီမှာ အခုလိုမျိုး ဆေးကုသမှုကိုလည်း တစ်ခြားဘယ်ကမှ မလာဖူးပါဘူး။ အခုလို MMSY က လာတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်တို့ဆီမှာ လိုအပ်နေတဲ့အပိုင်းတွေကို ၀ိုင်းဝန်းဖြည့်ဆည်းပေးပါ။ ဒီကလေးတွေတိုးတက်ဖို့ တခြားအစီအစဉ်တွေ စဉ်းစားထားပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သွားမှာပါ။ MMSY က ပြောသလို လစဉ် လုပ်ဆောင်မှုလေးတွေလည်း လာလုပ်ပေးပါ။ အခုလို ဆေးလာကုပေးတာကိုလည်း အလွန်ကျေးဇူးတင်ပါတယ်။ အခုကတော့ မထင်မှတ်ပဲ စဖြစ်သွားတယ်။ နောက်ပိုင်းကျရင်တော့ လာဖြစ်မယ့်ရက်ကိုသာ ကြိုပြောထားပါ။ ကျွန်တော်တို့ဘက်ကလည်း လိုအပ်တာတွေ ပြင်ဆင်ထားပေးပါမယ်။” လို့ ဘုံးအိုးအာရဗီ တက္ကသိုလ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဆရာဟကင်မှ M-Media ကို ပြောပြခဲ့ပါတယ်။

     

    02
    MMSY အဖွဲ့ဝင် ဆရာဝန်များမှ ကျန်းမာရေး စစ်ဆေးကုသပေးစဉ်

    12

    07
    ကျန်းမာရေး ပညာပေး
    MMSY အဖွဲ့ဝင် ဆရာဝန်များမှ ကျန်းမာရေး စစ်ဆေးကုသပေးစဉ်
    MMSY အဖွဲ့ဝင် ဆရာဝန်များမှ ကျန်းမာရေး စစ်ဆေးကုသပေးစဉ်

     

    ဓါတ်ပုံများ အသုံးပြုခွင်ပေးတဲ့ MMSY Foundation ကို အထူးပဲ ကျေးဖူးတင်ရှိပါသည်။

    M-Media-002

  • နိုင်ငံသား၊ နိုင်ငံမဲ့ နှင့် ရိုဟင်ဂျာ (အပိုင်း-၁)

    ဇန်နဝါရီ ၇ ၊ ၂၀၁၃
    `….. ဒီထက်ပိုတွေးကြည့်ရင် ဦးသိန်းစိန်ပြောလိုက်တဲ့ စကားဟာ လူမျိုးစုတစ်စုကို နေရပ်စွန့်ခွာ ထွက်ပြေးအောင် အဓမ္မပြုလုပ်တဲ့ ethnic cleansing ကို လမ်းကြောင်းစ ဖေါ်ပေးလိုက်သလို …….´ 
    ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက်မှာ ကျနော်တာဝန် ယူထားတဲ့ မေးလ်ဂရု တစ်ခုမှာ မေးလ်တစ်စောင်ကို ၀င်ရောက်ဆွေးနွေးဖူး ပါတယ်။ ရိုဟင်ဂျာများနဲ့ ပက်သက်ပြီး ဦးသိန်းစိန်က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးကိုပြောခဲ့တဲ့စကားကို `နိုင်ငံတကာမှာ လူရာမ၀င်တဲ့အမြင်´ ဖြစ်တယ်လို့ ကျနော်ဝေ ဖန် လိုက်တော့ တချို့ မိတ်ဆွေများ ကျနော့် အပေါ် ဒေါသ ထွက်ခဲ့ကြပါတယ်။ ကျနော် ဘာကြောင့် ဒီလိုပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ တယ်ဆိုတာနဲ့ ပက်သက်ပြီး သေချာပြန် မရှင်းဖြစ်ခဲ့ပါ။ ဦးသိန်းစိန်ရဲ့ စကားကိုမေ့နေသူ များလည်း ပြန်အမှတ် ရအောင် အဲဒီ သတင်းကို အကျဉ်းချုံးပြန်ရေးပြပါ့မယ်။၂၀၁၂ ဇူလိုင်လ (၁၁)ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး Mr.Antinio Guterres တို့ ရိုဟင်ဂျာ အရေးနဲ့ ပက်သက်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီမှာ သမ္မတ ဦးသိန်းစိန်က ကမ္ဘာကျော်မဲ့ သမိုင်းဝင် စကားတစ်ခွန်း ခုလိုပြောသွားခဲ့ပါတယ်။“ရိုဟင်ဂျာများနှင့် ပက်သက်၍ သူတို့ဟာ တိုင်းရင်းသား မဟုတ်ဘဲ တဘက်နိုင်ငံမှ ခိုးဝင်လာ သူများ ဖြစ်တာကြောင့် လက်ခံရန် မည်သို့ မျှမဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါရိုဟင်ဂျာ များကို ဒုက္ခ သည် စခန်းများတွင် ထားရှိမည်ဖြစ်ပြီး UNHCR မှ ကျွေးမွေးထား ရမှာဖြစ်ကြောင်း၊ တတိယနိုင်ငံ လက်ခံ မည်ဆိုပါက လည်း ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ ဤသည်မှာ ရိုဟင်ဂျာပြဿနာအတွက် ဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း” ပြောခဲ့ပါတယ်။
    1

    သမ္မတပြောခဲ့တဲ့ စကားနဲ့ ပက်သက်ပြီး UNHCR မဟာမင်းကြီး Mr. Antinio Guterres က နေ့ မကူးခင်ဘဲ ချက်ချင်း ပယ်ချ လိုက်ပါတယ်။ (ကျနော်တို့ သမ္မတကြီးရဲ့ ဂုဏ်သိက္ခာကတော့ ပီတိဖြစ်စရာပဲဗျာ)

    UNHCR မဟာမင်းကြီးက ခုလိုအကြောင်းပြပြီး ပယ်ချခဲ့တာပါ။ “UNHCR က တတိယနိုင်ငံတွင်အခြေ ချတဲ့ အစီစဉ်ဟာ နိုင်ငံတစ်နိုင်ငံကနေ အခြေအနေအကြောင်းတစ်ခုခုကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ အတွက် ဖြစ်ပါတယ်။ အခု ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေဟာ UNHCR က သတ်မှတ်တဲ့ဒုက္ခ သည်စာရင်းမှာ မပါဝင်ပါဘူး။ UNHCR က ချမှတ်ထားတဲ့ ဒုက္ခသည် သတ်မှတ်ချက်များနဲ့ ကိုက်ညီမှသာ တတိယနိုင်ငံ ပို့ပေးမှာဖြစ်ပါတယ်။” လို့ ပြန်ရှင်းလင်းပြောကြား ခဲ့ပါတယ်။

    ရှင်းရှင်းပြောရရင် `မစ္စတာပြောင် ခင်ဗျား လူလည်မကျနဲ့´ လို့ ပြောလိုက်တာပါ။ ‘လူလည်ကျတယ်’ ဆိုတဲ့စကား ကျနော် ဘာကြောင့်သုံးရသလဲဆိုတာ ရှင်းပါမယ်။ ဒါကိုရှင်းဖို့ အရင်ဆုံး နိုင်ငံမဲ့ဆိုတာကို စာဖတ်သူများ နားလည်လွယ်အောင်လို့ ဥပဒေစကားလုံးများ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးဖြစ်အောင် အတို ချုံးပြီးပြောပါမယ်။

    မည်သူသည် နိုင်ငံသားနည်း။

    နိုင်ငံသားဖြစ်မှုနှင့် ပက်သက်၍ ပြည်တွင်း ဥပဒေပါ အချက် အလက်များနှင့် ကိုက်ညီသဖြင့် အလို အလျောက် နိုင်ငံသားအဖြစ် လက်ခံ စဉ်းစားခြင်းခံ ရသူ(သို့) သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံသားအဖြစ် အပ်နှင်းခြင်းခံရပြီး သူကို `နိုင်ငံသား´လို့ သတ်မှတ်ပါ တယ်။ နိုင်ငံ အများ စုမှာတော့ နိုင်ငံသား ဖြစ်၊မဖြစ် သတ်မှတ်ရာမှာ ယေဘုယျအားဖြင့် ထိုပုဂ္ဂိုလ်မွေး ဖွားရာနိုင်ငံ (jus soli) ၏ ဥပဒေများအရ (သို့) မွေးဖွားချိန်တွင် မိဘများ ၏နိုင်ငံသားဖြစ်မှု ဥပဒေများအရ ( jus sanguinis ) အရ လက်ခံစဉ်းစားတယ်။

    မည်သူသည် နိုင်ငံမဲ့နည်း။

    နိုင်ငံသား အဖြစ်လျောက် ထားရန် ဥပဒေဘောင် အတွင်းကျရောက်သော သူသည် နိုင်ငံသား အဖြစ်လျောက် ထားရာဥပဒေအရ အရည်အချင်းပြည့် မီသော်လည်း ယင်းလျောက်လွှာ ကို ငြင်းပယ် ခံရလျှင် ထိုသူသည် ထိုနိုင်ငံ ၏ ဥပဒေများအရ နိုင်ငံသားမဖြစ်နိုင်ပါ။ မိမိတို့ ၏လျောက်ထားချက်ကို အပြည့် အ၀ စိစစ် လက်ခံ အတည်ပြုပြီး ဥပဒေနှင့်အညီ နိုင်ငံသားအဖြစ် အပ်နှင်းခြင်းမပြုသရွေ့ ယင်းနိုင်ငံ ၏နိုင်ငံသား အဖြစ် ယူဆနိုင် မည်မဟုတ်ပါ။ ထိုအခါ ထိုသူသည် ယင်းနိုင်ငံ တွင် နေ ထိုင်နေသော် လည်း အလိုအလျောက် `နိုင်ငံမဲ့´ ဖြစ်နေပါလိမ့်မယ်။။

    UNHCR က သတ်မှတ်ထားတဲ့ နိုင်ငံမဲ့ နှစ်မျိုးနှစ်စား ရှိပါတယ်။

    (၁) တရားဝင်နိုင်ငံမဲ့
    (၂) အမှန်တကယ် နိုင်ငံမဲ့

    (၁) တရားဝင်နိုင်ငံမဲ့ဖြစ်သူ (de jure stateless) ဆိုတာ အလိုအလျောက် တရားဝင်နိုင်ငံ သားဖြစ်မှု မရရှိသူများ (သို့) နိုင်ငံတစ်နိုင်ငံ၏ဥပဒေများအရ နိုင်ငံသားအဖြစ်ခွင့်ပြုပေးနိုင်သူ အာဏာပိုင်အဖွဲ့၏ ဆုံးဖြတ် ချက်ကြောင့် နိုင်ငံသား အဖြစ် မရရှိသော သူများကို ဆိုလိုပါတယ်။တရားဝင်နိုင်ငံမဲ့ဖြစ်မှုအကြောင်း စာဖတ်သူတို့ အလွယ်တကူမြင်သာအောင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ များနဲ့ ဥပမာပေးပြီး ရှင်းပြပါမယ်။မဆလခေတ်မှ စပြီး မြန်မာအစိုးရ အဆက်ဆက်က ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံက မဟုတ် ဘူး။ ဘင်္ဂလား ဒေ့ရှ် မှ ၀င်လာ သူများဖြစ်တယ်´ လို့ သတ်မှတ်ပြီး တရားဝင်နိုင်ငံ သားအဖြစ် မသတ်မှတ်ဘဲ ဤဒေသ တွင် နေထိုင်ကြောင်း ထောက်ခံစာအဖြစ် စာရွက်အဖြူတစ်ရွက် (သို့) အစိမ်းရောင်ကဒ် တစ်ခု ခုပေး ထားခဲ့ တယ်။ ဒီတော့ ဒီ ရိုဟင်ဂျာတွေဟာ ဒီနိုင်ငံနဲ့ ပက်သက် ဆက်နွယ်မှု ရှိတာ သေချာသော် လည်း၊ ဒီနိုင်ငံ ရဲ့ တရားဝင်နိုင်ငံသားအဖြစ် သတ်မှတ်ခံရသူတွေ မဟုတ်တဲ့အတွက် သူတို့ဟာ `တရား ၀င်နိုင်ငံမဲ့´ တွေ ဖြစ်နေပါတယ်။
    2

    ဒီလူတွေဟာ နိုင်ငံတွင်းမှာနေထိုင်ပေမဲ့ နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးများ မရခြင်း၊ သူတို့နေထိုင် ရာဒေသမှ တခြားဘယ်နေရာကိုမှ လွတ်လပ်စွာသွားလာခွင့် မရှိခြင်း၊ အသက်မွေး ၀မ်း ကျောင်းမှု ပညာသင်ကြားခွင့် မရခြင်း၊ အစိုးရဆေးရုံများတွင် တရားဝင်ဆေးဝါးကုသခွင့် မရှိခြင်း၊ လွတ်လပ်စွာ လက်ထပ်ခွင့် မရှိခြင်း၊ ကလေးမွေးစာရင်း မရရှိခြင်း၊ လွတ်လပ်စွာ စီးပွားရှာဖွေစားသောက် ခွင့်မရခြင်း.. စသဖြင့် သူတို့အတွက် သီးသန့်ဥပဒေများထုတ်ပြီး ကန့်သတ်ချုပ်နှောင်ထားမှုများကြောင့် ရခိုင်ဒေသမှ ရိုဟင်ဂျာများဟာ မြန်မာပြည်တွင်းက အမိုးဖွင့်ထောင်ထဲမှာ နေ နေကြရတဲ့ `တရားဝင်နိုင်ငံ မဲ့များ´ ဖြစ်ပါတယ်။

    3

    ဒီလို တရားဝင်နိုင်ငံ မဲ့များရဲ့ အခက်အခဲများနဲ့ပက်သက်ပြီး UNHCR က လတ်တလော အကူအ ညီမျိုး ကိုသာ ပေးမှာဖြစ်ပြီး ရေရှည်တွင် မိမိနိုင်ငံ၏ နိုင်ငံသားအဖြစ်ရရှိစေပြီး ၊ ထိုနိုင်ငံ၏ ဥပဒေအရ အကာ ကွယ် ပေးမှုအောက် ပြန်ရောက်စေရန်သာ ဦးတည်ဆောင်ရွက် မှာဖြစ်ပါ တယ်။ နိုင်ငံတစ်နိုင်ငံ၏ အာ ဏာပိုင်များ က နိုင်ငံ နယ်နိမိတ်အတွင်း အစဉ်အဆက်နေထိုင်ခဲ့ သူများကို လက်လွတ်စ ပယ်မောင်း ထုတ်သဖြင့် နိုင်ငံမဲ့ ဘ၀ ရောက်သွားသူများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးခြင်းမှာ UNHCR ၏ လုပ်ရိုး လုပ်စဉ်လည်း မဟုတ်ပါ။ နောက်တချက်က UNHCR ၏ ကူညီထောက်ပံ့မှု လိုအပ်သော တရား ၀င်နိုင်ငံမဲ့ဖြစ်နေသူ တွေဟာ `ဒုက္ခသည်များ´ မဟုတ်သည့်အပြင် ခိုလှုံခွင့်ရ ရှိရန် တောင်းဆို ထားသူ များလည်း မဟုတ်ကြပါ။ “ညှင်းပမ်းနှိပ်ကွပ်ခံရမည်ကို အမှန်တကယ် စိုးရိမ်ကြောက်ရွံ့ရမှု” သည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များအဆင့် အခြေအနေဆိုင်ရာ ကွန်ဗင်းရှင်း ပါ `ဒုက္ခသည်´ အဓိပ္ပါယ်ဖွင့်ဆိုချက်၏ အခရာကျသော အချက် ဖြစ်သည်။ တရားဝင်နိုင်ငံ မဲ့ဖြစ်ရခြင်းသည် ပြည်တွင်းဥပဒေများ၏ အားနည်းချက် များနှင့် ခွဲခြားဆက်ဆံမှုများကြောင့် သာ ဖြစ်လာတာဖြစ်ပြီး၊ `ညှင်းပမ်းနှိပ်ကွပ် ခံရခြင်း´ဆိုတဲ့ အဓိပ္ပါယ် မဆောင်ပါ။

    ဒီလောက်ဆိုရင် လက်ရှိရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာများဟာ UNHCR ရဲ့ ကူညီထောက်ပံ့မှုလိုအပ်တဲ့ တရားဝင်နိုင်ငံမဲ့တွေဖြစ်တာ မှန်ပေမဲ့ UNHCR ကသတ်မှတ်ထားတဲ့ `ဒုက္ခသည်များ´ မဟုတ်ဘူးဆိုတာကို စာဖတ်သူများ သဘောပေါက်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီလိုတရားဝင်နိုင်ငံမဲ့များကို ဒုက္ခသည်စခန်းမှာ ထားဖို့ (သို့မဟုတ်) တတိယနိုင်ငံကလက်ခံမယ်ဆိုရင် ပို့ပေးမယ်လို့ ဦးသိန်းစိန်ပြောတာဟာ လူလည် ကျတာလို့ ကျနော်အပေါ်မှာသုံးနှုန်းခဲ့တာဖြစ်ပါတယ်။

    ဒီတော့ ဒုက္ခသည် မဟုတ်တဲ့ဒေသခံ များကို နေရပ်ဒေသမှ အဓမ္မမောင်း ထုတ်ကာ ဒုက္ခသည် မဖြစ် ၊ဖြစ်အောင် လုပ်ပြီး ဒုက္ခသည် စခန်းတွေမှာ ထားမယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့ စကားဟာ ကိုယ့်အရည် အချင်းကို ကမ္ဘာ သိအောင် ဖေါ်ပြလိုက်သလိုသာ ဖြစ်ပါတယ်။ ဒီထက်ပို ရှင်းအောင်ပြော ရရင် နိုင်ငံ တကာမှာ `လူရာမ၀င်တဲ့ အတွေးအခေါ်´ တစ်ခုကို ချပြလိုက်တာပါ။ ဒါကြောင့် လည်း နောက် ပိုင်း သူ့အခြေ အနေ သူသိပြီး အတိတ်မေ့သလိုလို၊ ဒိတ်ပျောက်သလိုလို လုပ်ခဲ့တာပါ။ ဒီလို အဓမ္မမောင်း ထုတ်ခံရ သူများကို တတိယနိုင်ငံတစ်ခုက လက်ခံတဲ့အလုပ်ကလည်း လူမိုက်အားပေး သလို ဖြစ်စေ တဲ့အပြင် လူ့အဖွဲ့ အစည်း တစ်ခုရဲ့ မွေးရပ်မြေပျောက်ဆုံးကာ အစဉ် အဆက် နိုင်ငံ မဲ့လူမျိုးစု တစ်ခုဖြစ်သွားအောင် လုပ်ဆောင် ရာရောက်သဖြင့် ဘယ်နိုင်ငံကမှလည်း ထိုသူများ ကိုနိုင်ငံသား အဖြစ်လက်ခံ မည်မဟုတ်ပါ။ ရှင်းရှင်းပြော ရရင် ကိုယ့်ကိစ္စကို ကိုယ် တရားဥပဒေနှင့် အညီ လမ်းမှန် ကမ်း မှန် ဖြေရှင်းရမှာပါ။

    နောက်ထပ် သိသာစေတဲ့ အချက်တချက်ကို ထောက်ပြပါမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာတွေကို တတိယနိုင်ငံ ပို့ပေးပါလို့ ဘင်္ဂလားဒေ့ရှ်က တခါမှမပြောခဲ့ ဘဲ၊ မြန် မာပြည်က လူတွေဖြစ်လို့ မြန်မာပြည်က ပြန်ခေါ်ဖို့ပဲ ပြောခဲ့ပါတယ်။ တကယ်တမ်း ဘင်္ဂလားဒေ့ရှ် ဘက် က ဒုက္ခသည်စခန်းတွမှာ ရှိနေသေးတဲ့ ရိုဟင်ဂျာများကိုတောင် အကုန်ပြန် လက်မခံရသေးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးတိုင်း ကတိတွေပေးနေရဆဲပါ။ ဒါလက်တွေ့ဖြစ်နေတဲ့ အခြေအနေကို ကျနော်ပြောနေ တာ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂါလီ များ ဖြစ် တယ် လို့ပြောခဲ့ပေမဲ့ ဘာလို့ ဘင်္ဂလားဒေ့ရှ်က ပြန်ခေါ်ပါလို့မပြောဘဲ တတိယနိုင်ငံပို့ ပေးပါလို့ တောင်း ဆိုရတာလဲ စဉ်းစားစရာပါ။ ဒီထက် ပိုတွေးကြည့်ရင် ဦးသိန်းစိန်ပြောလိုက် တဲ့စကားဟာ လူမျိုးစု တစ်စု ကို နေရပ် စွန့်ခွာ ထွက်ပြေးအောင် အဓမ္မပြုလုပ်တဲ့ ethnic cleansing ကိုလမ်းကြောင်း အစ ဖေါ်ပေး လိုက်သလို ဖြစ်နေ ပါတယ်။ လူမျိုးစုနှစ် စုကြား တဘက်ကိုသွေး ဆူအောင်၊ လုပ်ရဲ ကိုင်ရဲရှိ လာအောင် ရဲဆေးတင်ပေး လိုက်သလိုဖြစ်ပြီး၊ကျန်တဘက်ကို မျှော်လင့် ချက်လက်မဲ့နဲ့  ဖြစ်ချင်ရာဖြစ် ပြန်ချ မယ် ဆိုတဲ့ အခြေအနေရောက်အောင် ပြောလိုက်သလိုဖြစ်နေ ပါတယ်။

    ကျနော်ရေး သွားတာတွေ ဖတ်ပြီးတချို့က တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ရခိုင်ပြည် နယ်က ရိုဟင်ဂျာ တွေ လည်း တက္ကသိုလ်တက်ခွင့် ရတဲ့သူတွေ၊ သွားလာ လုပ်ကိုင်ခွင့် ရတဲ့သူတွေ၊ ၂၀၁၀ ရွေးကောက်ပွဲ မှာ မဲပေးခွင့် ရတဲ့သူတွေ အများကြီးရှိတာပဲ၊ ဘာကြောင့် နိုင်ငံမဲ့အဖြစ် သတ်မှတ်ရ တာလဲလို့ တွေးကြလိမ့်မယ် ထင်တယ်။ ဒီအတွက် ကျနော်သေချာထပ်ပြောပါမယ်။ တရားဝင်နိုင်ငံမဲ့ ဖြစ်နေသူတစ်ဦးကို ဥပဒေ အရ နိုင်ငံ သား အဖြစ် တရားဝင် အပ်နှင်းခြင်းမှ လွဲပြီး မည်မျှပင် အခွင့်အရေးများ ပေးအပ် ထားပါစေ အဲဒီ အခွင့်အရေးများသည် နိုင်ငံသားအဖြစ်ရရှိခြင်းနှင့် ထပ်တူပြု၍မရပါ။ ဒီအချက်ကို ကျနော် တို့ သေသေ ချာချာ သိထားဖို့လိုပါတယ်။

    အမှန်တကယ်နိုင်ငံမဲ့ နဲ့ပက်သက်ပြီး (အပိုင်း-၂) ဆက်လက်ဖတ်ရှုပါရန် ..

    Ref:

    • UNHCR – Handbook for Parliamentarians- 2005
    • Human Rights Abuses and Discrimination on Rohingyas 
    • International Crisis Group – Myanmar: A New Peace Initiative – Nov-2011

    ဤဆောင်းပါးပါ အကြောင်းအရာများသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။