News @ M-Media

Blog

  • လူသားတွေ မကြာခင် ပင်လယ်ရေကို သောက်လို့ရတော့မည်

    လူသားတွေ မကြာခင် ပင်လယ်ရေကို သောက်လို့ရတော့မည်

    မေ ၂၉၊ ၂၀၂၄

    M-Media 


    -ပင်လယ်ရေကနေ ဆားဓာတ်ဖယ်ရှားကာ သောက်သုံးရေအဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းသစ်တစ်ခုကို နယူးယောက်မြို့ အင်ဂျင်နီယာကျောင်း NYU Tandon School of Engineering က ထုတ်ဖော် ပြသလိုက်ပါတယ်။ 

    ဒေါက်တာ အန်ဒရေ တေလာ ဦးဆောင်တဲ့ သုတေသနအဖွဲ့ ဖန်တီးထားတဲ့ နည်းလမ်းသစ်ဟာ ဘက်တ္ထရီငုတ်တွေကနေ ဓာတုဗေဒ ဓာတ်ပေါင်းတွေ အရည်ထဲပျော်၀င်စေကာ ဆားဓာတ်ဖယ်ရှားတဲ့ နည်းလမ်းဟောင်း RFD ကို ဆန်းသစ်ထားတာဖြစ်ပါတယ်။ 

    နည်းလမ်းဟောင်းထက် ၂၀ ရာခိုင်နှုန်းပိုပြီး ဆားဓာတ်ဖယ်ရှားပေးနိုင်မယ့် အခုနည်းလမ်းသစ်ဟာ စွမ်းအင်သုံးစွဲမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ 

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လွယ်လွယ်ကူကူနဲ့ ရေရှည်အသုံးပြုလို့ရမယ့် နည်းလမ်းမျိုး ဖော်ဆောင်ဖို့ပါ။ ဒီနည်းလမ်းဟာ ရေချိုလိုအပ်ချက်ပမာဏ မြင့်မားနေမှုကို ဖြေရှင်းနိုင်ရုံသာမကဘဲ၊ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးနဲ့ ပြည့်ဖြိုးမြဲစွမ်းအင် ပေါင်းစပ်အသုံးပြုနိုင်ရေးတွေမှာလည်း ရှေ့တန်းကနေ အထောက်အကူပြုနိုင်ရပါမယ်”လို့ ဒေါက်တာ တေလာက ပြောပါတယ်။ 

    ဒေါက်တာတေလာနဲ့အဖွဲ့ရဲ့ အခုနည်းလမ်းသစ်ဟာ ပုံမှန် ဓာတ်အားလိုင်းကနေ ဓာတ်အား ဆွဲယူသုံးစွဲဆရာမလိုဘဲ လေစွမ်းအင်၊ နေစွမ်းအင်လို ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေကို အသုံးပြုနိုင်မှာပါ။

    နည်းပညာသစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် နောက်ထပ် လေ့လာစမ်းသပ်မှုတွေ ထပ်မံလိုအပ်မှာ ဖြစ်ပါတယ်။ 

    Ref: Interesting Engineering

  • ထိုင်းနိုင်ငံက ကွန်ဒိုစျေးကွက်ကို စိုးမိုးထားတဲ့ မြန်မာ

    ထိုင်းနိုင်ငံက ကွန်ဒိုစျေးကွက်ကို စိုးမိုးထားတဲ့ မြန်မာ

    မေ ၂၉၊ ၂၀၂၄

    M-Media 


    -၂၀၂၄ ခုနှစ် ပထမ ၃ လပတ် ထိုင်နိုင်ငံတစ်၀ှမ်း နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်း ၀ယ်ယူမှု မြင့်တက်လာခဲ့ပြီး ဒါဟာ တရုတ်၊ မြန်မာနဲ့ ရုရှားနိုင်ငံတို့က ၀ယ်လက်တွေကြောင့် ဖြစ်တယ်လို့ ထိုင်း အိမ်ခြံမြေ စောင့်ကြည့်ရေးအဖွဲ့ REIC က ထုတ်ပြန်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် ပထမ ၃ လပတ်မှာ ထိုင်းနိုင်ငံတစ်၀ှမ်း နိုင်ငံခြားသားတွေ ကွန်ဒို၀ယ်ယူမှုနှုန်းဟာ ၄ ဒဿမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဒီနှစ်မှာ ၅ ဒဿမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ 

    ဘတ်ငွေ ၁၈ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး ကွန်ဒိုအခန်းပေါင်း ၃၉၃၈ ခန်း နိုင်ငံခြးသားတွေကို လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ 

    ဒီမြင့်တက်မှုဟာ တရုတ်၊ မြန်မာနဲ့ ရုရှားနိုင်ငံသားတွေရဲ့ ၀ယ်လိုအားကြောင့်ဖြစ်တယ်လို့ REIC ရဲ့ အကြီးအကဲ ဗီချိုင် ဗီရက်ကာပန်က ပြောပါတယ်။ 

    “ပြည်တွင်းက ၀ယ်လိုအားက ကျလာပါတယ်။ နိုင်ငံခြား ၀ယ်လိုအားသာ မရှိဘူးဆိုရင် ကွန်ဒိုတိုက်ခန်း ရောင်းချရမှုနှုန်း ကျဆင်းလာမယ်ဆိုတဲ့ သဘောပါ”

    ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ်ကတည်းက စတင်ပြီး နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်း ၀ယ်ယူမှု မြင့်မားလာတာ ဖြစ်ပါတယ်။ 

    မြန်မာနိုင်ငံသားတွေ အများဆုံး၀ယ်ယူတဲ့ နေရာတွေကတော့ ဘန်ကောက်၊ စမွတ်ပရာကန်၊ ချွန်ဘူရီ၊ ချင်းမိုင်နဲ့ တာ့က်ခရိုင်တို့မှာ ဖြစ်ပါတယ်။

    Ref: Bangkok Post 

  • လကမ္ဘာတွင် တစ်ကိုယ်ရေ တပ်ဆင်နေထိုင်နိုင်မည့်တဲများ စတင်ထုတ်လုပ်နေပြီ

    လကမ္ဘာတွင် တစ်ကိုယ်ရေ တပ်ဆင်နေထိုင်နိုင်မည့်တဲများ စတင်ထုတ်လုပ်နေပြီ

    မတ် ၂၈၊ ၂၀၂၄

    M-Media 


    -လကမ္ဘာမှာ လူသားတွေ လွယ်ကူကူ ကိုယ်တိုင် တပ်ဆင်နေထိုင်နိုင်မယ့် ရွှေ့ပြောင်းလွယ် တဲတွေကို မက်ဆာချူးဆက်သိပ္ပံအသင်း (MIT) က ဖန်တီးထုတ်ပြလာပါတယ်။ 

    အဲဒီတဲတွေကို MOMO လို့ အမည်ပေးထားပြီး၊ အမေရိကန်အာကာသအေဂျင်စီ (နာဆာ)၊ SpaceX နဲ့ Brookhaven National Laboratory တို့လို အာကာသ စူးစမ်းရှာဖွေရေး ကုမ္ပဏီတွေ ပူးပေါင်းဖန်တီးထားတာပါ။ 

    MOMO ကို ဗိသုကာပညာ၊ အာကာသအင်ဂျင်နီယာ ပညာရပ်၊ မီဒီယာနည်းပညာတွေနဲ့ အချိုးကျကျ ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ 

    ပိုလီအီသိုင်းလင်း အပြားတွေ၊ အလူမီနီယံ ဖရိန်တွေနဲ့ ဖန်တီးထားတဲ့ MOMO တဲတွေကို လကမ္ဘာသွားမယ့် Starship ယာဥ်တွေမှာ အလွယ်တကူ သယ်ဆောင်သွားနိုင်ရေး၊ လကမ္ဘာက ရာသီဥတု အခြေအနေအမျိုးမျိုးကို ခံနိုင်ရည်ရှိရေး၊ ဘက်စုံအသုံးပြုနိုင်ရေး စတဲ့ အချက် ၃ သုံးချက်နဲ့ ကိုက်ညီအောင် တည်ဆောက်ထားပါတယ်။ 

    MOMO တဲတွေဟာ ခေါက်ရ၊ ဖြန့်ရလွယ်ကူပြီး လူနေထိုင်ဖို့ တစ်ခုတည်းသာမဟုတ်ဘဲ အာကာသခရီးစဥ်တွေက လိုအပ်တဲ့ နေရာတိုင်းမှာ အသုံးပြုနိုင်မှာပါ။ 

    အာကာသကိုထွက်ဖို့ ဆွဲအားညှိပေးတဲ့ အခန်း (airlock)၊ အာကာသပြတင်းပေါက်၊ နေရောင်ခြည်ကနေ လျှပ်စစ်စွမ်းအင် ပြောင်းပေးနိုင်မယ့် PV panel တွေ၊ အလုပ်စားပွဲ၊ လေ့ကျင့်ခန်းလုပ်ရာနေရာ၊ သုတေသနအခန်း စသဖြင့် လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

    MOMO တဲတွေမှာ အိပ်ခန်း၊ ရေချိုးခန်း၊ အနားယူရာနေရာ စတာတွေကိုလည်း အကန့်လိုက် ထည့်သွင်းပေးထားပါတယ်။ တဲတစ်ခုလုံးက အစိတ်အပိုင်းတွေကို ဖြုတ်တတ်နိုင်တာကြောင့် ပျက်ဆီးတဲ့အခါမှာလည်း အလွယ်တကူ လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။ 

    MOMO တဲတွေကို လက်ရှိ အာကာသခရီးစဥ်တွေအတွက် ရည်ရွယ်ဖန်တီးတာမဟုတ်ပါဘူး။ ၂၀၂၆ နှောင်းပိုင်း၊ ဒါမှမဟုတ် ၂၀၂၇ ခုနှစ် အစောပိုင်းမှာ စတင်မယ့် နာဆာရဲ့ Artemis III ခရီးစဥ်တွေအတွက် ရည်ရွယ်ပါတယ်။ 

    Artemis III ခရီးစဥ်မှာ နာဆာဟာ လကမ္ဘာပေါ်ကို လူစေလွှတ်မှာဖြစ်ပြီး အဲဒီနောက် အာကာသအတွင်းပိုင်း စူးစမ်းရှာဖွေရေးမှာ လကမ္ဘာကို တစ်ထောက်နားနေရာအဖြစ် လူသားတွေ အခြေချနေထိုင်ဖို့ စီစဥ်သွားမှာ ဖြစ်ပါတယ်။ 

    MOMO တဲတွေကို ရေအရင်းမြစ် ရှိတယ်လို့ ယူဆထားပြီး၊ လူသားတွေ ရေရှည် နေထိုင်နိုင်တဲ့ အခြေအနေရှိတဲ့ လရဲ့ တောင်၀င်ရိုးစွန်းမှာ ချထားမှာ ဖြစ်ပါတယ်။ 

    Ref: Interesting Engineering 

  • အာဖရိကကို အရည်အသွေးနိမ့်ဆန် တင်သွင်းရန် စီစဥ်မှုကြောင့် ပြဿနာတက်နေတဲ့ ထိုင်း

    အာဖရိကကို အရည်အသွေးနိမ့်ဆန် တင်သွင်းရန် စီစဥ်မှုကြောင့် ပြဿနာတက်နေတဲ့ ထိုင်း

    မေ ၂၈၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ဆန်အဟောင်းဖြင့် ချက်ထားသည့် ထမင်းကို စားပြနေသည့် ထိုင်းဒုတိယ၀န်ကြီးချုပ်)

    -လွန်ခဲ့တဲ့ ၁၀ နှစ်က သိုလှောင်ထားတဲ့ အရည်အသွေးနိမ့်ဆန်တွေ ရောင်းချဖို့ စီစဥ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အာဖရိကနိုင်ငံတွေဟာ ထိုင်းအစိုးရထံကနေ ဖြေရှင်းချက် တောင်းလာကြပါတယ်။ 

    ၂၀၁၄ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းဖြုတ်ချမှုကို ခံလိုက်ရတဲ့ ၀န်ကြီးချုပ် ယင်လပ် ရှင်နာ၀ပ်ထရာလက်ထက်က သိုလှောင်ထားတဲ့ ဆန်တန်ချိန် ၁၅၀၀၀ ကို အာဖရိကနိုင်ငံတွေကို ရောင်းချဖို့ ထိုင်းက စီစဥ်ထားတာ ဖြစ်ပါတယ်။ 

    ဓာတ်ခွဲစမ်းသပ်မှုတွေအရ ဒီဆန်တွေဟာ စားသုံးဖို့ သင့်တော်တယ်လို့ အဖြေထွက်ပေမယ့်၊ သိုလှောင်ထားမှု၊ အရည်အသွေးတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေတာပါ။ 

    အာဖရိကနိုင်ငံတွေကလည်း ဒီကိစ္စအတွက် ထိုင်းအစိုးရထံ မေးမြန်းမှုတွေ ရှိလာတဲ့အတွက် ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနက သံတမန်တွေနဲ့ တွေ့ဆုံ ဖြေရှင်းသွားမယ်လို့ ဒုတိယ၀န်ကြီးချုပ် ဖွန်သမ် ၀ီချာယာချိုင်က ပြောပါတယ်။ 

    နိုင်ငံခြားစျေးကွက်ကို တင်သွင်းမယ့်ဆန်တွေကို ကုန်သွယ်ရေး၀န်ကြီးဌာနက သတ်မှတ်ချက်တွေအတိုင်း အသေအချာ စစ်ဆေးပြီးမှ တင်ပို့တာလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref : Bangkok Post 

  • Safe Zone များကို ဗုံးကြဲကာ စစ်ရာဇတ်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ပြသလိုက်တဲ့ အစ္စရေး

    Safe Zone များကို ဗုံးကြဲကာ စစ်ရာဇတ်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ပြသလိုက်တဲ့ အစ္စရေး

    မေ ၂၈၊ ၂၀၂၅

    M-Media 


    -အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ထောင်နဲ့ချီ နေထိုင်နေတဲ့ စစ်ရှောင်စခန်းတစ်ခုကို အစ္စရေးက တနင်္ဂနွေ့နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ပါတယ်။

    ဂါဇာတောင်ပိုင်း ရာဖာမြို့ တလ်အလ်ဆူလ်တန်ရပ်ကွက်က စစ်ရှောင်စခန်းတွေဖြစ်ပြီး အစ္စရေးကိုယ်တိုင်က ဒီနေရာကို ဘေးကင်းဇုန်(Safe Zone) တွေအဖြစ် သတ်မှတ်ကြေငြာထားတာပါ။ 

    အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၅ ဦးထက်မနည်း ရှိခဲ့ပြီး စခန်းက အဆောက်အဦးတွေ မီးလောင်ပြာကျခဲ့ပါတယ်။ 

    သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူအရေအတွက်ဟာ ၃၆၀၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

    တနင်္ဂနွေနေ့က တိုက်ခိုက်မှုမှာ အရှင်လတ်လတ် မီးလောင်သေဆုံးသူ အများအပြားရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ တိုက်ခိုက်မှုကို အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများက ရှုတ်ချခဲ့ပါတယ်။

    ဒုတိယကမ္ဘာစစ်ကြောင့် ဥရောကနေ ထွက်ပြေးလာရတဲ့ ဂျူးတွေဟာ ဗြိတိသျှအကူအညီနဲ့ လက်နက်ကိုင်အဖွဲ့တွေဖွဲ့စည်းကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ် နယ်မြေသိမ်းပိုက်ပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့ပါတယ်။ 

    အဲဒီအချိန်ကစတင်ပြီး အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေကို နည်းမျိုးစုံနဲ့ ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera