News @ M-Media

Blog

  • သမိုင်းဟူသည် ဤသို့တည်-၅ [အိန္ဒိယ နှင့် ထေရဝါဒ- တန္တရ မန္တရ အယူဝါဒ]

    သမိုင်းဟူသည် ဤသို့တည်-၅ [အိန္ဒိယ နှင့် ထေရဝါဒ- တန္တရ မန္တရ အယူဝါဒ]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။

    တဆက်ထဲမှာ ယခု ရက်ပိုင်းအတွင်း News Watch ဂျာနယ်တွင် သမိုင်းဆိုင်ရာ အချက်အလက် အမှားများစွာနှင့် အစ္စလာမ်သာသနာအား တဖက်သက်တိုက်ခိုက် ရေးသားထားသည့် ရေးသားသူ သရ၀ဏ် (ပြည်) ဆိုသူရဲ့ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း –  ပါ အကြောင်းအရာများကို ယှဉ်တွဲဖတ်ရှု့ကြပါရန်။

     

    အိန္ဒိယ နှင့် ထေရဝါဒ

    ကုသိနာရုံမှာ ဗုဒ္ဓဘာသာရဟန်းတော်တွေကို မွတ်စ်လင်မ်တွေက ဂူပေါက် ပိတ်မီးပူဇော်ခဲ့တယ်လို့  ဘယ်ကမ္ဘာကျော် သမိုင်းကျမ်းမှာ ပါရှိသလဲ ဆိုတာကိုတော့ မသိပါ။ တစ်ကယ်လို့ အဲဒီလိုဖြစ်ရိုး မှန်ခဲ့ရင်လည်း အဲဒီရဟန်းတွေ ဟာထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ လုံးဝမဖြစ်နိုင်ပါဘူး။ကုသိနာရုံ (Kushinagar) ဟာ အိန္ဒိယရဲ့ မြောက်ပိုင်းပြည်နယ်ဥတ္တရပရာဒေ့ရှ်မှာတည်ရှိပါတယ်။ အိန္ဒိယပြည် မြောက်ပိုင်းနဲ့ နောက် မြောက်ပိုင်းတွေမှာထေရဝါဒဗုဒ္ဓဘာသာဟာ (သာသနာနှစ် ၆၀၀၊ အေဒီ ၁၀၀ခန့်) က တည်းကိုက ကွယ်ပခဲ့ပြီ ဖြစ်ကြောင်း၊ အဓမ္မဝါဒီ ဂိုဏ်းကွဲတွေဖြစ် ကြတဲ့မဟာသံဃိကဂိုဏ်း နဲ့သဗ္ဗတ္ထိဂိုဏ်းဝါဒ တွေသာလွှမ်းမိုးခဲ့ကြောင်း မောင်အံ့ မဟာ ဝိဇ္ဇာ (ဘုံဘေ) က သူ့ရဲ့ ဗုဒ္ဓ သာသနာတော် ၂၅၀၀ ခရီး စာမျက်နှာ ၈၂၊ ၈၃ မှာ ရေးသားထားပါတယ်။

    ထေရဝါဒဗုဒ္ဓသာသနာပြု အသောကမင်းကြီးရဲ့ မောရိယမင်းဆက် နောက် ပိုင်းမှာသုင်္ဂမင်း (သုင်္ဂပုရှာမိတြ)ဟာမဂဓအင်ပါယာကို စိုးစံခဲ့ပါတယ်။ အဲဒီမင်းဟာ ဗုဒ္ဓဘာသာဂိုဏ်းကွဲတိုင်း ကိုပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့တဲ့ဗြာဟ္မဏ(ဟိန္ဒူဘာသာဝင်) မင်းဖြစ်ပါတယ်။ ဘုန်းကြီးခေါင်း တစ်လုံးဖြတ်ဆက်သလျှင် ဆုငွေ (၁၀၀၀) ပေးမည် လို့ ကြေညာပြီး  နှိပ်ကွပ်ခဲ့တဲ့ဘုရင်ပါ။ ထေရဝါဒ ဗုဒ္ဓဘာသာ နဲ့ ထေရဝါဒ ရဟန်း တော်တွေဟာ ဗြာဟ္မဏဘာသာဝင် သုင်္ဂပုရှာမိတြ ရဲ့ သုင်္ဂမင်းဆက် လက်ထက် မှာတင် အိန္ဒိယ မှာ ကွယ်ပခဲ့ပြီဖြစ်ကြောင်း၊ အေဒီ ၁ ရာစု အတွင်း မှာ ထေရဝါဒ ဗုဒ္ဓဘာသာဟာ အိန္ဒိယမှာ လုံးဝမရှိတော့ဘဲ သီဟိုဠှ် နဲ့ သုဝဏ္ဏဘူမိ သထုံပြည် တို့မှာ သာ ကျန်ရှိတော့ကြောင်း၊ ဟိန္ဒူဗြာဟ္မဏ ဘာသာဝင် ဘုရင်တွေ ဟာ ဗုဒ္ဓ ဂယာ က မဟာဗောဓိ ပင်ကို အကြိမ်ကြိမ် ခုတ်ထစ်တူးဖော် မီးရှို့ခဲ့ကြကြောင်း ဦးစိန် ထွန်း (မာမက-သုတေသီ) က သူ့ရဲ့ ကမ္ဘာပတ်၍ ဘုရားရှာခြင်းစာအုပ်၊စာမျက်နှာ (၂၄၂၊ ၂၄၃) မှာ အခိုင်အမာရေးပြထားပါတယ်။

    အေဒီ ၃ ရာစု မှ ၄ ရာစုအတွင်း ပေါ်ပေါက်လာခဲ့တဲ့ မဟာယနဂိုဏ်းဟာ အိန္ဒိယမြောက်ပိုင်းဒေသတွေမှာ ထွန်းကားနေခဲ့ပြီး ပင်မထေရဝါဒဟာတော့ သီဟိုဠှ် နဲ့ မြန်မာပြည်ဘက်မှာ ထွန်းကားနေခဲ့ တယ်လို့ရေစကြိုအရှင်ဧသိက က သူ့ရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာစာအုပ် စာမျက်နှာ (၃၁) မှာ အခိုင်အမာ ရေးသားထား ပါတယ်။ ဒီလောက်ဆို သမိုင်း အထောက်အထားတွေနဲ့ သေသေချာချာ သိရတာက အာဖဂန် ဘုရင် စူလ်တန်မဟ်မူဒ် အိန္ဒိယ ကို ဝင်ရောက် တိုက်ခိုက်တဲ့အချိန်၊ အိန္ဒိယမြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းတွေမှာ ထေရဝါဒ ဗုဒ္ဓသာသနာဟာ ကွယ်ပနေခဲ့ပြီးဖြစ်ကြောင်းနဲ့ မဟာသံဃိက အစရှိတဲ့ အဓမ္မ ဝါဒီဂိုဏ်းကွဲတွေ နဲ့ မဟာ ယန အယူအဆတွေသာကြီးစိုးနေခဲ့တယ်ဆိုတာပါ။

    မဟာယန အယူအဆ တွေကြီး စိုးနေတယ်လို့ ဆိုရာမှာလည်း အဓိက ကြီးစိုးနေခဲ့တာက မဟာယနအသွင်ကို ဆောင်ထားတဲ့ တန္တရ မန္တရ အယူဝါဒသာဖြစ်ပါတယ်။ အဲဒီ တန္တရ မန္တရအယူကို ဝဇီရယာနလို့လည်း ခေါ်ပါတယ်။

    တန္တရ မန္တရ အယူဝါဒ

    ဒီနေရာမှာ အလျဉ်းသင့်တဲ့ အတွက် တန္တရ မန္တရ အယူဝါဒ ဘာလဲ ဆိုတာ ကို အကျဉ်းတင်ပြလိုပါတယ်။ တန္တရ မန္တရ အယူဝါဒ ဆိုတာကို ပညာရှင်အချို့က ဗုဒ္ဓဘာသာနဲ့ပတ်သက်ဆက်နွှယ် ရေးသား ကြပေမဲ့၊ တစ်ကယ်တော့အဲဒီအယူဝါဒ ကျင့်စဉ် ယုံကြည်ချက်တွေဟာ ဂေါတမ ဗုဒ္ဓရဲ့ အဆုံးအမ တွေနဲ့ ဖီလာဆန့်ကျင် လျှက်ရှိပါတယ်။ တန္တရ မန္တရအယူဝါဒ ရဲ့ အဓိကကျင့်စဉ် တွေက မန္တန်၊ အင်းအိုင် ခါးလှဲ့လက်ဖွဲ့ အစီအရင် တွေ အပေါ်အခြေခံပြီး၊ အဲဒီလိုကျင့်စဉ် တွေကျင့်ခြင်း အားဖြင့် နိဗ္ဗာန်ကိုရောက်တယ်လို့ အယူရှိကြသူတွေဖြစ်ပါတယ်။ ဒီ တန္တရ မန္တရ အယူဝါဒရှင်တွေဟာ အိန္ဒိယပြည် ဂုပ္ပတမင်းဆက် အစပိုင်း (အေဒီ ၃၂၀)မှ ဟဿဝဒ္ဓနမင်း လက်ထက် (အေဒီ ၆၀၆) အထိ ကာလအတွင်း မန္တရားကျမ်း အတော်များများကိုရေးသားပြုစုခဲ့ကြပါတယ်။ အဲဒီကျမ်းတွေ ထဲမှာ  မန္တရား၊ အင်း အိုင်၊ လက်ဖွဲ့အစီအရင်တွေ အကြောင်း၊ အရက်သောက်ခြင်း၊ မေထုန်မှီဝဲခြင်း စသည့်အကြောင်း တွေကို ဖော်ပြထားတဲ့အပြင်၊ လုယက်ခြင်း၊ လိမ်လည်ခြင်း၊ ခိုးခြင်း၊သူတစ်ပါးမယား ကြာခိုခြင်း စတဲ့ ယုတ်ညံ့တဲ့လုပ်ရပ်တွေကိုပါ ထောက်ခံ အားပေးထားတယ်လို့ဆိုကြပါတယ်။

    အဲဒီ တန္တရ မန္တရ အယူဝါဒရှင်တွေ ရဲ့ ဂိုဏ်း ဟာ ဝဇီရယာန ဂိုဏ်းလို့ကျော်ကြားပါတယ်။ သူတို့ ဟာမဟာယန ရဟန်း အသွင်ကို ဆောင်ထားပြီး အယုတ်ညံ့ဆုံး လုပ်ရပ်တွေကို လုပ်တဲ့လူတွေ ဖြစ်ပါ တယ်။သူတို့ရဲ့ အယူဝါဒဟာ တစ်ဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး အဲဒီခေတ်က ဘုရင်တွေတောင် စစ်ထွက် စစ်ချီတဲ့ အခါ တန္တရ မန္တရမန်းမှုတ်တတ်သူတွေကို ခေါ် ပြီး စစ်ချီလေ့ရှိပါတယ်။ တန္တရ မန္တရ အယူဆရာကြီးတွေဟာ ဘုရင့်သမီးထံက ကာမ အလှုခံတဲ့အထိ ခေတ်စားလာခဲ့ပါတယ်။

    အေဒီ (၈၀၀) ခန့်မှာ အိန္ဒိယမှာရှိတဲ့ မဟာယန တွေဟာ တန္တရ မန္တရ အယူဝင် မဟာယနတွေသာ ဖြစ်တယ် လို့ ဦးစိန်ထွန်း (မာမက-သုတေသီ) က သူ့ရဲ့ကမ္ဘာပတ်၍ဘုရားရှာခြင်းစာအုပ်၊ စာမျက်နှာ(၂၆၈) မှာရေးသားထားပါတယ်။ ဒီ တန္တရ မန္တရ ဝဇီရယာန အယူဝါဒ ဟာ ဂေါတမဗုဒ္ဓကိုယ်တော်ရဲ့ တရားတော် အဆုံးအမတွေနဲ့ဖီလာဆန့်ကျင်နေရုံမက၊ ဂေါတမဗုဒ္ဓကိုယ်တော်ရဲ့ သာသနာကို အလွန်ဆိုးဆိုးရွားရွားဖျက်ဆီးတဲ့ အယူဝါဒသာဖြစ်ပါတယ်။ တန္တရမန္တရဝဇီရယာန အယူဝါဒကို မြန်မာနိုင်ငံ ပုဂံသမိုင်း မှာ အရည်းကြီးဝါဒ လို့လူသိများပါတယ်။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [နာလန္ဒ နှင့် တက္ကသိုလ်ကြီးများ ထေရဝါဒလား?-နာလန္ဒ နှင့်တူရကီ]

  • တရုတ်နိုင်ငံ၏ သတို့သမီး ရှားပါးမှု မြန်မာသမီးပျိုများအား လူကုန်ကူးခြင်းဖြင့် ဖြည့်စီးနေ

    တရုတ်နိုင်ငံ၏ သတို့သမီး ရှားပါးမှု မြန်မာသမီးပျိုများအား လူကုန်ကူးခြင်းဖြင့် ဖြည့်စီးနေ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၂
    M-Media

    ဆင်းရဲသား မိသားစုမှ မွေးဖွားလာသော အသက် ၁၇ နှစ်အရွယ် သဇင်* ၊မြန်မာနိုင်ငံ၏ အကြီးဆုံးသော ရန်ကုန်မြို့တော်ကြီးရဲ့ ဆင်ခြေဖုန်းမှ ပျံကျ ဈေးသည်လေးတယောက် မမျှော်မှန်းရဲလောက်သော ၀င်ငွေရမည့် တရုတ်နိုင်ငံ အထည်ဆိုင်ကြီးတခုမှာ အလုပ်သွားလုပ်ရတော့မယ်လို့ သူမ ထင်ခဲ့သည်။

    မြန်မာပြည် အလယ်ပိုင်းမှ နောက်တယောက်မှာတော့ သူမသည် မြန်မာအမျိုးသားတဦးနှင့် လက်ထပ်ကာ ရက်စက်သော ဖခင်ထံမှ ကယ်တင်ခံ ရတော့မည်ဟု ထင်ခဲ့သည်။ တတိယ တရုတ်ပြည်နယ်စပ်မှ ကချင်မလေးမှာမူ ၀င်ငွေကောင်းတဲ့ အလုပ်ရမယ်ဆိုသဖြင့် မိသားစုအတွက် ဆန်ဝယ်နိုင်ရန် အိမ်နီးချင်းနောက် လိုက်ခဲ့ပါသည်။

    တရုတ်ပြည်သို့ ရောက်သောအခါ သူတို့သုံးဦးမှာ သူတို့တခါမျှ မမြင်ဘူးသော တရုတ်လူမျိုးများထဲမှ လယ်သမား၊ ဆောက်လုပ်ေ၇းလုပ်သား၊ အလုပ်ကြမ်းသမား စသောသူများနှင့် သတို့သမီးကြေး အနည်းငယ်သာရပြီး အတင်းအကြပ် လက်ထပ်ခိုင်းခြင်း ခံရပါတော့သည်။ တရုတ်နိုင်ငံ၏ တအိမ်ထောင် ကလေးတယောက် မူဝါဒနှင့် ယဉ်ကျေးမှုအရ သားကိုသာ ဦးစားပေး မွေးဖွားခဲ့ကြသူများကြောင့် ဆယ်စုနှစ်များစွာ ကြာသောအခါ တရုတ်ပြည်တွင် သတို့သမီး ရှားလာသည့် အခြေအနေ ရင်ဆိုင်နေရသည်။

    သို့သော်လည်း မြန်မာနိုင်ငံ၏ လေးပုံတပုံခန့်ရှသေိာ တနေ့ကို ၁ ဒေါ်လာမျှနှင့်သာ ရပ်တည်နေရသည့် ဆင်းရဲသားများထဲမှ မယားရှာဖွေပေးသော ပွဲစားများကိုမူ သူတို့အစား ငွေအမြောက်အများပေးရသည်။

    သဇင်က သူမအနေဖြင့် အခြေအနေ အမှန်ကို သိသည့်အခါ ပွဲစားများ ကို ငိုယို တောင်းပန်ကြောင်း၊ သို့သော်လည်း သူမကို ငွေပေး လက်ထပ်ထားသည့် ထို လူတစိမ်းထံမှ မလွတ်မြောက်နိုင်ခဲ့ကြောင်း ပြောပါသည်။ “ကျမ ဘယ်ကို ပြေးရမှန်းလဲ မသိဘူး။ ပြန်ဖန်းမိရင်လဲ သတ်မှာ ကြောက်ရသေးတယ်။” ဟု ပြောသေးသည်။

    သူမသည် တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်၏ ကျေးရွာတရွာတွင် ၅ နှစ်ကြာမျှနေထိုင်ခဲ့ပြီး မလွတ်မြောက်ခင်ထိ ကလေး ၂ယောက် မွေးဖွား ခဲ့ကြောင်း၊ ထိုဒေသ၏ အခြားသော ရွာများတွင်လည်း ထိုသို့ အတင်းအကြပ် လက်ထပ်ထားသော မြန်မာအမျိုးသမီးများ များစွာ ရှိကြောင်း ပြောပြသည်။

    မြန်မာအစိုးရ၏ လူကုန်ကူးမှု ဆန့်ကျင်ရေး နှစ်ပတ်လည် တိုးတက်မှု အစီရင်ခံစာတွင်လည်း ၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးမှု (၁၀) မှုတွင် (၇) မှု့မှာ “မြန်မာအမျိုးသမီးများအား တရုတ်အမျိုးသားများနှင့် အတင်းအကြပ် လက်ထပ်စေရန် ရည်ရွယ်ချက် သက်သက်ဖြင့် ကျူးလွန်သော ပြစ်မှုများ” ဖြစ်ကြောင်း ဖေါ်ပြသည်။

    တရုတ် နှင့် မြန်မာ ၂နိုင်ငံ လူကုန်ကူးခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၀၉ ခုနှစ်က လက်မှတ်ရေးထိုးသော်လည်း မည်သို့ အရေးယူမည်ကို ယခုထိ အပြီးသတ် သတ်မှတ်နိုင်ခြင်းမရှိသေးပေ။ ပီကင်း၏ လူမှုရေးအဖွဲ့အစည်းများအပေါ် လုပ်ဆောင်ရန် နောက်တွန့်နေခြင်းမှာလည်းပြဿနာ တခုပင်ဖြစ်သည်ဟု အထောက်အကူပြုလုပ်သားများနှင့် ဆန့်ကျင်လှုပ်ရှားသူများ က ဆိုသည်။

    ကချင်ပြည်နယ်တွင်း အစိုးရစစ်တပ်နှင့် ကချင်သူပုန်တို့၏ အပစ်အခတ်များကြောင့် မတည်ငြိမ်မှုကို ကြာရှည်ခံစားနေရသည့် ရ၅၀၀၀ ခန့်ရှိ ပြည်သူများ သည်လည်း အမျိုးသမီးနှင့် မိန်းကလေးများ စွန့်စားကုန်ကူးမှု ကို ကြီးထွားစေခဲ့သော အကြောင်းတရပ်ဖြစ်သည်။

    မိန်းကလေး ရှားပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့၏ မိတ်ဆက်

    တရုတ်အစိုးရ၏ ၂၀၁၂ ခုနှစ် ဇွန်အတွင်း ထုတ်ပြန်သော စာရင်းဇယားတွင် တရုတ်နိုင်ငံ၏လူဦးရေ သန်းပေါင်း ၁၃၀၀ ကျော် ရှိသည့်အနက် နှစ်ပေါင်းများစွာ ကျင့်သုံးလာသည့် တအိမ်ထောင် ကလေးတယောက်၏ အကျိုးဆက်အဖြစ် အမျိုးသမီး (၁၀၀) လျှင် အမျိုးသား (၁၁၇.၇၈) ယောက်ရှိကြောင်း၊ ၂၀၂၀ တွင် အိမ်ထောင်မရှိ တကိုယ်ရေ တရုတ်အမျိုးသားများ (၂၄)သန်းမှ သန်း(၃၀)ထိ ဖြစ်ဖွယ်ရာရှိကြောင်း ဖေါ်ပြသည်။

    မြန်မာနိုင်ငံမှ ဆင်းရဲမှု၏ အခြေခံဖြစ်သော အလုပ်အကိုင် ရှားပါးမှုကြောင့် အားနွဲ့သော အမျိုးသမီးများနှင့် မိန်းကလေးများမှာ လူကုန်ကူးသူများ၏ ဓါးစာခံများ ဖြစ်လာကြသည်။ တရုတ် အမျိုးသားများအတွက် သတို့သမီးများအဖြစ် ကုန်ကူးခံရသောမြန်မာအမျိုးသမီး အများစုသည် မမှန်မကန် သွေးဆောင် ဖျားယောင်းကာ တရုတ်ပြည်သို့  အခေါ်ခံခဲ့ကြရခြင်း ဖြစ်သည်။

    မြန်မာအစိုးရက လွန်ခဲ့သည့် ၃ နှစ်အတွင်း စုစုပေါင်း ၃၁၅ ယောက် အတင်းအဓမ္မ လက်ထပ်ခဲ့ရကြောင်း၊ အများစုမှာ တရုတ်ပြည်တွင်ဖြစ်ပွားသည်ဟု ယုံကြည်ကြောင်း မှတ်တမ်းတင်ခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ အဆိုအရ အဓိက ဦးတည်သည့် နေရာများမှာ ယူနန်ပြည်နယ် တောင်ပိုင်း ဒေသများ ဖြစ်သည့် ဖူဂျီယန်၊ ဟိုင်နန်၊ စီချွမ်နှင့် အန်းဟူတို့ဖြစ်သည်။

    ကုလသမဂ္ဂ လူကုန်ကူးမှုဆန့်ကျင်ရေး ဌာန UNIAP မှ ၂၀၁၂ ခုနှစ် ပထမ(၈) လအတွင်း အမျိုးသမီး ၁၀၃ ယောက် တရုတ်ပြည်သို့ လူကုန်ကူးမှု ခံခဲ့ရကြောင်း၊ အချို့ ထွက်မပြေးနိုင်သော၊ ထုတ်ဖေါ်ပြောရန် ၀န်လေးသော၊ အကူအညီ ရရှိနိုင်မှန်း သတိမပြုမိသော ဒုက္ခသည်များ ရှိသဖြင့် အမှန်တကယ် အရေအတွက်မှာ ထို့ထက် မြင့်မားဖွယ်ရာရှိသည် ဟု ဖေါ်ပြသည်။

    “တခါတရံမှာ ဒုက္ခသည်တွေက သူတို့တွေ အသုံးချခံခဲ့ရမှုအတွက် အမှုဖွင့်နိုင် ခွင့်ရှိကြောင်း မသိကြဘူး” ဟု သဇင့်အား ကူညီခဲ့သည့် လူကုန်ကူးမှု ဆန့်ကျင်ရေး အစီအစဉ်၏ ကမ္ဘာ့လုံးဆိုင်ရာ အထောက်အကူပြု အဖွဲ့အစည်းမှ မန်နေဂျာ ဒေါ်ခင်မျိုးသန့်က ပြောပါသည်။ “သူတို့က ဒါကို သူတို့ အတိတ်ဘ၀က ကံကြမ္မာလို့ ထင်ကြတယ်။”

    “မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ အောင်မြင်စွာ ပြုပြင်နိုင်ရေးအတွက် ချီးမွမ်းခံထိုက်ပေမဲ့ လူမှုရေး ကာကွယ် စောင့်ရှောက်မှု၊ လူမှုဘ၀ အခြေခံ လိုအပ်ချက်တွေ အတွက်တော့  ထုတ်ဖေါ်ချီးမွမ်း လို့ မရလောက်သေးဘူး” ဟု အာရှဆိုင်ရာ ကလေးသူငယ်များ ကယ်တင်စောင့်ရှောက်ရေး အရာရှိ ဒေးဗစ် ဘာကလေ ဘလူးမား က ပြောပါသည်။ ခက်ခဲသော အချိန်များတွင် မိန်းကလေးများသည် မိသားစု စီးပွားရေး အတွက် တာဝန် ရှိသည် ဆိုသော အသိအမြင်သည် ၄င်းတို့အား အခြားနိုင်ငံများသို့ သွားရောက်ခြင်းကို အားပေး ဦးတည်သည်။

    “ဆက်လက်၍ မိသားတစုမှာ ယောကျာင်္းလေးနဲ့ မိန်းကလေးရွေးရလျှင် ဘယ်သူ့ကို အရင် သွားဖို့ အားပေးမလဲ။ အမြဲတမ်းလိုလို မိန်းကလေးဘဲ။ ကျောင်းထွက်စရာရှိရင်လဲ မိန်းကလေးက ယောကျာင်္းလေးထက် အရင်ထွက်ရတာဘဲ။ ဒါကမြန်မာနိုင်ငံ တခုတည်းမဟုတ်ဘူး။ အရှေ့တောင်အာရှ တခုလုံးလိုလိုမှာဘဲ။”ဟု ၄င်းကဆက်လက်ပြောသည်။

    ဆက်စပ်နေသော တောင်းဆိုမှု

    မြန်မာပြည်မှပြဿနာများဖြစ်သော မြေသိမ်းမှု၊ အတင်းအကြပ် ခိုင်းစေမှု၊ ဘာသာရေးဖိနှိပ်မှုများနှင့် နယ်စပ်ဒေသစစ်ပွဲများသည်လည်း “အမျိုးသမီးများကို အေးချမ်းသော နယ်မြေသစ် ရှာဖွေစေသည်” ဟု တိုင်းပြည်ကိုစွန့်ခွာပြေးရသော လူမျိုးစု အဖွဲ့များက ဆိုသည်။

    ကချင် အမျိုးသမီး အဖွဲ့အစည်း ထိုင်းနိုင်ငံ (KWAT) မှ တာဝန်ယူဆောင်ရွက်နေသော တရုတ်-မြန်မာ နယ်စပ် ဒေသတွင်လည်း တနှစ်အတွင်း လူကုန်ကူး ခံရသည့် ဒုက္ခသည်  ၆၀ မှ ၈၀ ကိုကယ်တင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် ဇွန်မှစတင်ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင်း ဖြစ်ပွားသည့် စစ်ပွဲများမှ ဒုက္ခသည် အမျိုးသမီးများအား လိုအပ်သလို ကာကွယ် နေရာချထား ပေးခဲ့ပြီးဖြစ်ကြောင်း KWAT လူကုန်ကူးမှုဆန့်ကျင်ရေး အဖွဲ့မှ ပူးပေါင်းပါဝင်ဆောင်ရွက်သူ ဂျူလီယာ မာရစ်က ပြောသည်။

    “နေရာချထားမှုတွေများလာပြီး ထောက်ပံ့မှုတွေ နည်းလာတဲ့အခါ သူတို့ဘ၀ ရပ်တည်ရေးအတွက် ၀င်ငွေရှာဖို့ မလွဲမသွေ လုပ်ရတော့တယ်။” ဟု သူမက ထရပ်လောသို့ပြောသည်။

    “အဓမ္မ လက်ထပ်ခြင်းများကို ရပ်တန့်စေရန် ကုန်ကူးမှုကွင်းဆက်ရဲ့ အစ၂ဘက်စလုံးကိုအာရုံစိုက်ရမယ်” ဟု အထောက်အကူပြု လုပ်သားများက ပြောသည်။ “ကျမတို့ ဒီကိစ္စကို ကိုင်တွယ်ချင်ရင် ဒီ ကိစ္စဖြစ်အောင် စေ့ဆော်တဲ့ အကြောင်းအရာတွေကို လည်း ကိုင်တွယ်ဖို့လိုပါတယ်။” ဟု ဒေါ်ခင်မျိုးသန့်က ဆိုသည်။

    “ဒါပေမဲ့ တရုတ်ပြည်မှာက အဓမ္မ လက်ထပ်ခြင်းလို့ မတွေးဘူး။ သူတို့အတွက် က သတို့သမီးရှာတာဟာ ကြီးမားတဲ့ ပြသနာ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှု အမြင်နဲ့ အမျိုးသမီးတွေ အတွက်ကတော့ မဖြစ်သင့်ဘူး။”ဟု သူမကဆက်လက်ပြောပါသည်။

    စိန်ခေါ်မှုများ

    မြန်မာပြည်တွင် ၂၀၀၅ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေ ပြဌာန်းခြင်း၊ အကျိုးသက်ရောက်စေခြင်းဖြင့် လူကုန်ကူးမှုကို ချေမှုန်းရန် စတင်ခဲ့သည်။

    ဇွန်လအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သူ၏ လူကုန်ကူးမှုဆိုင်ရာ နောက်ဆုံးအစီရင်ခံစာတွင်  မြန်မာနိုင်ငံကို ၂၀၀၀ ခုနှစ်ကတည်းက ချိုးနှိမ်စွာ သတ်မှတ်ထားခဲ့သည့် အနိမ့်ဆုံး အဆင့် ၃မှ အဆင့် ၂သို့ အဆင့်မြှင့်ပေးခဲ့သည်။

    ပြောင်းလဲမှု အရှိန်အဟုန် ဆိုသည်မှာ အာဏာပိုင် အဖွဲ့အစည်းများမှ ၄င်းတို့ချမှတ်ထားသည့် အစီအစဉ် များကို ထိထိရောက်ရောက် အကျိုးသက်ရောက်မှု ရှိရန် ကျိန်းသေ ရုန်းကန် လှုပ်ရှားနေသည် ဆိုသည်နှင့် ဆက်နွယ်လျှက်ရှိနေသည်။ ဝေဖန်သူများက အစိုးရအနေဖြင့် လမ်းဘေး ကြော်ငြာ စိုက်ထူခြင်း၊ ပိုစတာများ ချိတ်ဆွဲခြင်းတို့ဖြင့် ဂရုစိုက်မှုမြင့်တင်သည်မှာ ကောင်းသော်လည်း စီမံကိန်းများ၌ အကျိုးသက်ရောက်မှု အတိုင်းအတာ နည်းပါးကြောင်း၊ အဓိက ကိုယ်စားလှယ်အဖွဲ့များနှင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့  ပူးပေါင်းပါဝင် ဆောင်ရွက်မှု အားနည်းကြောင်း ဝေဖန်ပြောဆိုသည်။

    လာဘ်ပေး လာဘ်ယူမှုသည်လည်း အာဏာပိုင်များအနေဖြင့် လူကုန်ကူးသူများကို အထူးသဖြင့် နယ်စပ်ဒေသများတွင် လစ်လျူရှုရန် အဓိကအချက် တခု ဖြစ်သည်။ ထိုအချက်က ဒုက္ခသည်များကို ရှေ့ဆက် လုပ်ဆောင်ရန် တွန့်ဆုတ်စေပြီး၊ စွဲချက်တင် ဆောင်ရွက်စေရန် နှောင့်နှေးစေသည်။

    “တခါတလေ ကျမတို့ ဒုက္ခသည်တွေဆီက ဖုန်းရလို့ သူတို့ကို ကူညီနိုင်မဲ့ လူကုန်ကူးမှုဆန့်ကျင်ရေး ရဲဆီ သွားဖို့ပြောပေမဲ့ သူတို့မသွားရဲဘူး။” ဟု UNIAP ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားစီမံကိန်း မှ ဥမ္မာအိအိချောက ပြောသည်။ ဆက်လက်၍ “အာဏာပိုင်တွေကို ကြောက်ရွံ့မှုနဲ့ မယုံကြည်မှုက ခုထိရှိနေတုန်းဘဲ။ ဒီတော့ သူတို့ အမှုဖွင့်ဖို့ကော အကူအညီတောင်းဖို့ကော ကြောက်ကြတယ်” ဟု ပြောသည်။

    ဒုက္ခသည်များမှာ လွတ်မြောက်အောင် ကြံဆောင်နိုင်သည့်တိုင် ၄င်းတို့၏ ခက်ခဲသည့်စမ်းသပ်ပွဲမှာ မပြီးဆုံးနိုင်သေးပေ။ ပြန်လည် ထူထောင်ရေးနှင့် မိသားစုများနှင့် ပြန်လည်ပေါင်းစပ်ပေးရန် ကူညီမှုတို့မှာ ကြီးမားသော စိန်ခေါ်မှုများ ဖြစ်ပြီးပြန်လာသူ အများစုမှာ ကောင်းမွန်သော ၀င်ငွေဖြင့် အခြေတကျ အလုပ်ရှာဖွေရန် အခက်အခဲများရှိကြသည်။

    “နည်းလမ်းနဲ့ မူဝါဒတွေအရတော့ အားလုံးက နေရာတကျဘဲ။ ဒါပေမဲ့ တကယ်ကူညီဖို့ လိုအပ်တဲ့  ပြန်လည်ကောင်းမွန်လာရေးနဲ့ ပြန်လည်ပေါင်းစည်းရေး အတွက်ကျတော့ ကျမတို့ လူသားအရင်းအမြစ်တွေ၊ ကျွမ်းကျင်မှုတွေ၊ ငွေကြေးထောက်ပံ့မှုတွေ နဲ့ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတွေ လိုအပ်ပါသေးတယ်။ ဒါတွေအားလုံး အားနည်းနေသေးတယ်။” ဟု ဥမ္မာကဆိုသည်။

    အိမ်ပြန်ရန် ခရီးဝေးကြီးကို လျှောက်လှမ်းလာသည့် သဇင်မှာတော့ သူမ၏ မုဆိုးဖို အဖေမှာဆုံးပါးခဲ့ပြီး မောင်လေးများ တကွဲတပြား ဖြစ်နေတာကိုသာ တွေ့ရပါသည်။ သူမအနေဖြင့် လူကုန်ကူးသူများကိုရှာဖွေတွေ့လျှင် ဖမ်းဆီးစေချင်ပါသည်။

    “ကျမဖြစ်ခဲ့သလို ဘယ်သူ့ကိုမှ မဖြစ်စေချင်ပါဘူး” ဟု သဇင်ကပြော၏။

    *  ဒုက္ခသည်ကို ကာကွယ်ရန်အတွက် အမည်ပြောင်းလဲထားပါသည်။

    http://www.trust.org/trustlaw/ မှ Myanmar’s trafficked brides fill China’s shortage of women ဆောင်းပါးကို M-Media မှ ဆီလျောက်အောင် ဘာသာပြန်ဆိုပါသည်။

  • ပြည်မြို့ မွတ်စလင်သုဿာန် အဟောင်းတွင် မြှုပ်နှံ့မှုကြောင့် တရားစွဲခံရသူ ထောင်ဒဏ်ချမှတ်ခံရ

    ပြည်မြို့ မွတ်စလင်သုဿာန် အဟောင်းတွင် မြှုပ်နှံ့မှုကြောင့် တရားစွဲခံရသူ ထောင်ဒဏ်ချမှတ်ခံရ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၂
    M-Media
    ထွန်းတောက်

    နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိ ပြည်မြို့မှ မွတ်စလင်မ်သုဿာန် ဟောင်း

    ပြီးခဲ့သည် ဇူလိုင် (၂၄)ရက်နေ့က ပြည်မြို့မွတ်စလင်မ်သုသာန် အဟောင်းတွင် မြှုပ်နှံခဲ့သော သေဆုံးသူ၏ မိသားစုဝင်များအား တရားစွဲဆိုထားရာမှ မနေ့က ၁၁.၁၂.၁၂ နေ့တွင် ပြည်မြို့တရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

    ပြည်မြို့ မွတ်စလင်မ်သုဿာန် အဟောင်းတွင် မြှုပ်နှံမှုကြောင့် သေဆုံးသူ၏ မိသားစုဝင် (နာရေးရှင်)များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်မှ တရားလိုပြုလုပ်၍ ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုထားခဲ့သော အမှုများဖြစ်ပြီး ပြီးခဲ့သည့်လများအတွင်းတွင် ရုံးချိန်းများ မကြာခဏပြုလုပ်လေ့ရှိပြီး တရားခွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တရားခွင်တွင်လည်း တရားလို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်မှ တရားရုံးအား မထေမဲ့မြင်အပြုအမူများ အမြဲတမ်းပြုလုပ်လေ့ရှိသော်လည်း သူ့အား မည်သူမှ တားဆီးခြင်းမရှိခဲ့ကြောင်း၊ ယခု ထောင်ဒဏ်အပြစ်ချခံရသူမှာ ဦးလှသန်း(ခ) ဦးကာစင်နှင့် ကိုဇော်ကိုကိုနိုင်(ခ)ကိုရာဂျူး တို့ဖြစ်ကြောင်းသိရသည်။ ယင်း(၂)ဦးတို့အား အလုပ်မဲ့နှင့် ထောင်ဒဏ်(၁)လ ချမှတ်ခဲ့ပါသည်။

    ပုဒ်မ ၁၈၈ စွဲချက်ဖြင့် တရားစွဲဆိုခံရသူမှာ ကိုတင်ကိုလတ်၊ ဦးလှသန်း၊ ကိုဇော်ကိုကိုနိုင်တို့ (၃)ဦးဖြစ်သော်လည်း ကိုတင်ကိုလတ်သည် သူ၏အမှုအား (၁၀/၁၂)ဖြင့် ဥပဒေနှင့် မညီကြောင်းကို မြန်မာနိုင်ငံ၏ အမြင့်ဆုံး တရားရုံးချုပ်ဖြစ်သည့် ပြည်ထောင်စု တရားရုံးလွှတ်တော်ချုပ်ရုံးသို့ လျှောက်ထားခဲ့သည့်အတွက် ယခုအချိန်ထိ ပြည်ထောင်စုတရားရုံး လွှတ်တော်ချုပ်ရုံးမှ အမိန့်စာပြန် မရရှိသောကြောင့် ပြည်ထောင်စုတရားရုံး လွှတ်တော်ချုပ်ရုံးသို့ မလျှောက်ထားနိုင်ခဲ့သည် (၂)ဦးကိုသာ ပြည်မြို့တရားရုံး၏ မြို့နယ်တရားသူကြီး ဒေါ်သီရိတင်မှ ထောင်ဒဏ်(၁)လ ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။

    အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းရာ “ဒီအမှုက ပုဒ်မ-၁၈၈ နဲ့စွဲချက်တင်ခဲ့တာပါ။ ပုဒ်မ ၁၈၈ က အမိန့်အာဏာကို ဖီဆန်မှုပါ။ ရာဇ၀တ်မှု မဟုတ်လို့ တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့ အမှုဖြစ်ပါတယ်။ စွဲချက်အဆင့် မရှိတာကြောင့် အလုပ်မဲ့နဲ့ ထောင်ဒဏ် (၁)လ ကျခံရတာပါ။ တရားခွင်မှာတော့ တရားခံဘက်ကနေ အပြည့်အ၀ ချေပခွင့်ရခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဟိုအရင် ရုံးချိန်းတွေကတည်းက တရားခွင်မှာတော့ တရားလိုဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က အမြဲတမ်းလိုလို ရန်လိုမှုပုံစံတွေ ကြုံခဲ့ရပါတယ်။ မေးမြန်းနေရင် ရန်ပြုမယ့် ပုံစံပြုတာတို့၊ ဖုန်းလာလို့ ဖုန်းပြောတာတို့၊ ပီကေ၀ါးနေတာတို့ အဲဒါမျိုးတွေလုပ်လေ့ရှိတယ်။ သူ့ကို ဘယ်သူကမှတော့ မတားဆီးခဲ့ပါဘူး။ ဟုတ်ကဲ့ တရားသူကြီးကလည်း မတားဆီးပါဘူး။ တစ်ခြားကြောင့်တော့မဟုတ်ပါဘူး မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်နေလို့ဖြစ်မယ်။ အဲလိုတော့ တရားသူကြီးအနေနဲ့ ဘက်လိုက်တယ်လို့တော့ ကျွန်မ မပြောလိုပါဘူး။ ကျွန်မလည်း တရားခွင်မှာ အမြဲတမ်း အခက်အခဲတွေ့ရပါတယ်။ ဥပဒေအရာရှိရယ်၊ တရားသူကြီးရယ်၊ တရားလိုရယ်နဲ့ ကျွန်မ အမြဲတမ်းလိုလို တော်တော်လေးကို အချေအတင်ပြောရပါတယ်။

    ရုံးချိန်းချိန်ရင် တခြားသူတွေကိုဆို အဲလောက် မချိန်းဘူး။ အခုအမှုက တစ်ပတ်မှာ (၅)ရက်ရှိရင် (၄)ရက်လောက်က ရုံးချိန်းနေတာ။ တကယ်တမ်း ဒီအမှုက ဒီလောက်ကြီးကျယ်တဲ့ အမှုမဟုတ်ပါဘူး။ ဘာသာရေး၊ လူမှုရေးတွေနဲ့ ပတ်သက်လို့ ကြီးကြီးကျယ်ကျယ် လုပ်နေတာပါ။

    ဟုတ်ပါတယ်။ တရားစွဲခံရတာက (၃)ယောက်ပါ။ တစ်ယောက်ကတော့ (၁၀/၁၂) ဥပဒေနဲ့ မညီလို့ဆိုပြီး ပြည်ထောင်စုတရားရုံး လွှတ်တော်ချုပ်ရုံးကို လျှောက်ထားပါတယ်။ ဟုတ်ကဲ့ ကျန်တဲ့ (၂)ယောက်က ကာလ စည်းကမ်းချက်နဲ့ မမီလို့ မလျှောက်ထားနိုင်ခဲ့ပါဘူး။ ပြည်ထောင်စုတရားရုံး လွှတ်တော်ချုပ်ရုံးက နေပြည်တော်မှာရှိတာ အဲဒီကို သွားရလာရဆိုတော့ စရိတ် မတတ်နိုင်ကြတာလည်း ပါတယ်။ ဒါကြောင့် အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ ၂-ယောက်က မလျှောက်နိုင်ခဲ့ပါဘူး။” လို့ ယင်းအမှုအား တရားခံများဘက်မှ ရှေ့နေလိုက်ခဲ့သည့် အထက်တန်းရှေ့နေ ဒေါ်အေးသန္တာမှ ပြောပြခဲ့ပါတယ်။

    အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်၊ ဗဟိုအလုပ်အမှုဆောင်(၁၉၉၀)ခုနှစ် လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ရန်ကုန်မြိုနေ ဦးသိန်းဟန်၏ ရုပ်အလောင်းကို ပြည်မြို့ မွတ်ဆလင်များသဂြိုဟ်သည် မြန်မာမွတ်စလင်မ် သုဿန်တွင် (၁၉.၅.၂၀၁၂)နေ့က သဂြိုလ်မှု့အပေါ်စည်ပင်ဥပဒေပုဒ်မ-၇၃အရ ပြည်မြိုနယ် တရားရုံးသို ပြစ်မှုကြီး အမှုအမှတ်-၃၆၆၇/၁၂ဖြင့် ပြည်စည်ပင်အဖွဲ ဒုဦးစီးမှုး ဦးမျိုးဇင်ဝင်းမှ တရားလိုပြုလုပ်ခါ ဆွေမျိုး နီးစပ်တော်သူ ဦးမောင်မောင်ဆိုသူအား အရေးယူ တရားစွဲဆိုသည်ဖြစ်ရပ် ပြည်မြိုနယ်တရားရုံးတွင်ဖြစ်ခဲ့ပါသည်၊

  • ဇေယျာကျော်ထင် ဗိုလ်မှူးဘရှင် (၉၈)နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲ ကျင်းပမည်

    ဇေယျာကျော်ထင် ဗိုလ်မှူးဘရှင် (၉၈)နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲ ကျင်းပမည်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၂
    ရန်ကုန်
    သတင်း – ဇာဇာလှိုင်

        ကမ္ဘာသိ မြန်မာ့သမိုင်း ပညာရှင် ဗိုလ်မှူးဘရှင် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနားကို ရန်ကုန်မြို. တော်ဝင်နှင်းဆီ ခန်းမ၌ ဒီဇင်ဘာ  ၃၀ရက်နေ့တွင် နံနက်(၉)နာရီမှ (၁၂း၀၀)ထိ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

    ဗိုလ်မှူးဘရှင်၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများ၊ တပည့်တပန်းများက စီစဉ်ဆောင်ရွက်နေကြောင်း ကို မွေးနေ့ ဖြစ်မြောက်ရေး ဆော်သြသူများထဲမှ တစ်ဦးက M-Media သို့ပြောကြားပါသည်။

    ခေတ်ဟောင်း မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်သည် ဂျပန်ခေတ် အာရှလူငယ် အစည်းအရုံး၏ ဥာဏဗလ တာဝန်ခံ အဖြစ်လည်းကောင်း၊

    ဗမာ့ ကာကွယ်ရေး တပ်မတော်(BDA)တွင် ပညာရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။မြန်မာ့အလင်း၊ သူရိယစသည့် သတင်းစာများ၌ ယုဒသန်ကောလိပ်  သတင်းထောက် အဖြစ် တာဝန်ယူခဲ့ပြီး သတင်းအများအပြား ရေးသားခဲ့သည်။ဥရောပ စီးပွားရေး ရာဇ၀င်၊ ခေတ်သစ်မာဃ၊ မြန်မာနိုင်ငံတော် သမိုင်း၊ အနော်ရထာ့ အရင်က မြန်မာနိုင်ငံ စသည့်စာအုပ်တို့မှာ ထင်ရှားသည်။

    ဗိုလ်မှူးဘရှင်  မွေးနေ့ ကျင်းပနိုင်ရေး နှင့်အတူ အတ္ထုပ္ပတ္တိစာအုပ် ဖြစ်မြောက်ရေးကိုပါ လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

    ဇေယျာကျော်ထင် ဗိုလ်မှူးဘရှင် အတ္ထုပတ္တိအကျဉ်း

    ၁။ အမည်ရင်း – ဗိုလ်မှူးဘရှင်၊ (အရဗီအမည်မှာ မုဟမ္မဒ်ဒါဝူဒ်ဖြစ်သည်)
    ၂။ မိဘအမည် – ကျောင်းအုပ်ဆရာကြီး ဦးဟိန်း + ဒေါ်စောရင်၊
    ၃။ မွေးသက္ကရာဇ် – ၁၉၁၄၊
    ၄။ မွေးဖွားရာဒေသ – ပျဉ်းမနားမြို့၊
    ၅။ ကလောင်အမည်ခွဲများ – စံအောင်၊ သုတေသီ၊ ဗိုလ်မှူးဉာဏ၊ တိုင်း(၄)ရဲဘော်ဟောင်း၊ ဦးဘရှင်၊ ဒု-ဗိုလ်မှူးကြီး ဘရှင်၊ မောင်ပင်တည်၊ ဝရီစံ၊ ကင်းထောက်မောင်။

    ဗိုလ်မှူးဘရှင်ကို ကျောင်းအုပ်ဆရာကြီး ဦးဟိန်း၊ ဒေါ်စောရင်တို့မှ ၁၉၁၄ ခုနှစ်တွင် ပျဉ်မနားမြို့၌ ဖွားမြင်ခဲ့သည်။

    ဒုတိယ ကမ္ဘာစစ် မတိုင်ခင်တွင် ဝိဇ္ဇာတန်း၌ ကျောက်စာ၊ ပုဂံခေတ် သမိုင်း သုတေသန၊ အရှေ့တိုင်းရာဇဝင် (ရှေးဟောင်း)၊ ဥရောပ-ဗြိတိသျှ အင်ပါရာ
    စသည့် ဘာသာတွဲများကို သမိုင်း (ဂုဏ်ထူး) ဖြင့် အောင်မြင်ခဲ့သည်။ ခေတ်လယ် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် တရုတ်-မြန်မာ ကျောက်စာ သမိုင်းတို့ကို
    သုတေသန ပြုလုပ်ခဲ့သည်။

    • ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းရာဇ၀င်ဌာနတွင် နည်းပြအဖြစ် စတင်အမှုထမ်းသည်။
    •  ၁၉၄၀ ပြည့်နှစ်တွင် လက်ထောက်ကထိကရာထူး တိုးမြှင့်ခံရသည်။
    • ၁၉၄၂-၄၃ တွင် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး၊ ဥာဏဗလတာဝန်ခံ၊
    • ၁၉၃၄ ခုနှစ်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်၌ ဗိုလ်ကြီး၊ တပ်မတော် ပညာရေးအရာရှိ၊
    • ပဲခူးစံပြတပ်မတော်သမိုင်းနည်းပြနှင့် ဂျပန်တော်လှန်ရေးတွင် တိုင်း(၄) မှပါဝင်ခဲ့သည်။
    • ၁၉၄၅-၅၆ တွင် မြန်မာ့တပ်မတော်၌ ဗိုလ်မှူး၊ အင်္ဂလန်တွင် စစ်သံမှူး၊ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
    • ၁၉၆၀ မှ ၇၀ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင် ဆပ်ကော်မရှင်(ခ)အလယ်ခေတ်(အေဒီ၁၃၆-၁၇၅၂) ကျမ်းပြုအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။
    • ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်ကော်မတီ (၁၉၆၅-၆၉)၊မြန်မာစာ ကော်မရှင်အဖွဲ့ဝင်၊
    • ရန်ကုန် တက္ကသိုလ် ဘွဲ့လွန်သင်တန်းများတွင် အထူးကထိက တာဝန်များကို ထမ်းဆောင်ခဲ့သည်။
    • အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အထွေထွေ အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇၀)အဖြစ် ဆောင်ရွက်ခဲ့သည်။
    မြန်မာနိုင်ငံသမိုင်းကော်မရှင်

    သမိုင်း ကော်မရှင်၌ ကျမ်းပြု အရာရှိ အဖြစ် ဆောင်ရွက်နေစဉ် သမိုင်းတံခွန် ဂျာနယ်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာတို့ဖြင့် သုတေသန စာတမ်းများကို  ရေးသားခဲ့သည်။

    ၁၉၆၂ ခုနှစ်၊ လောကထိပ်ပန် စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း၊ ပုဂံ ရှေးဟောင်းခေတ် မင်စာများ အကြောင်း ဖော်ပြသော ပုဂံမင်စာစု  သုတေသနခရီး အစီရင်ခံစာ စာအုပ်ကို ရေးသားပြုစုခဲ့သည်။ မြန်မာ့ စွယ်စုံကျမ်း၌ လူမျိုးစု ဆိုင်ရာ၊ သမိုင်းဆိုင်ရာ အကြောင်း ရေးသားခဲ့သည်။

    တက္ကသိုလ်၊ အုပ်ချုပ်ရေးရုံးမှ ထုတ်ဝေသော ပညာပဒေသာ စာစောင်၊ ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မြန်မာစာ အသင်း၊ သတ္တဗေဒ အသင်း၊ မွတ်စလင်  ကျောင်းသားများ အသင်း စသည်တို့မှ ထုတ်ဝေသော မဂ္ဂဇင်းများ၊ ငွေတာရီ၊ ပညာတန်ဆောင်၊ လုပ်သားပြည်သူ နေ့စဉ် (အင်္ဂလိပ်-မြန်မာ) သတင်းစာများတွင်လည်း သုတေသန ဆောင်းပါးများ ရေးသားခဲ့သည်။

    ဗိုလ်မှူးဘရှင်သည် စံမောင်၊ သုတေသီ၊ ဗိုလ်မှူးဥာဏ၊ တိုင်း ၄ ရဲဘော်ဟောင်း၊ မောင်ပင်တည်၊ ကင်းထောက်မောင်၊ ၀ရီးစံ၊ ဒုဗိုလ်မှူးကြီး ဘရှင်၊ ဦးဘရှင်ဟူသော ကလောင်အမည်များဖြင့်လည်း စာပေရေးသားခဲ့သည်။ ဗိုလ်မှူးဘရှင်ဟူသော ကလောင်အမည်ကို လူသိများထင်ရှားသည်။
    ဗိုလ်မှူးဘရှင်သည် မြန်မာ့စွယ်စုံကျမ်းတွင် ဦးဘရှင်ဟူသော အမည်ဖြင့် တိုင်းသားများအကြောင်း ရေးသားခဲ့သည်။ ကချင်လူမျိုး(တွဲ၁၊ စာ၁၅)၊ ကယားလူမျိုး (တွဲ၁၊ စာ၇၃)၊ ကရင်လူမျိုး (တွဲ၁၊ စာ၁၅၂)၊ ကောလူမျိုး(တွဲ၁၊ စာ၂၆၆)၊ ခမာလူမျိုး(တွဲ၂၊ စာ၂၄၈)၊ ခါစီလူမျိုး(တွဲ၂၊ စာ၂၈၇)၊ ခန္တီးရှမ်း(တွဲ၂၊ စာ၃၂၃)၊ ချင်းလူမျိုး(တွဲ၂၊ စာ၃၈၉)၊ နီဂတိုလူမျိုး(တွဲ၆၊ စာ၁)၊ ပကု(တွဲ၆၊ စာ၁၉၉)၊ ပဒေါင်လူမျိုး(တွဲ၆၊ စာ၂၂၆)၊ ပလောင်နှင့်ပလေး(တွဲ၆၊ စာ၂၆၁)၊ ပိုးကရင်(တွဲ၆၊ စာ၃၈၉)၊ ပျူလူမျိုး(တွဲ၇၊ စာ၉၀-၉၄)၊ မြန်မာနိုင်ငံတိုင်းရင်းဘာသာများ (တွဲ၁၀၊စာ၁၃၁)၊ မြန်မာလူမျိုး(တွဲ၁၀၊ စာ၃၃၇-၃၅၃)၊ ရှမ်းလူမျိုး (တွဲ၁၁၊ စာ၃၆၉-၄၀၈) တို့ကို ပြုစုရေးသားခဲ့သည်။

    ဗိုလ်မှူးဘရှင်သည် မြန်မာ့သမိုင်းသုတေသနနယ်ပယ်တွင်ထင်ရှားပြီး ကမ္ဘာ့အဆင့်မီ မြန်မာသုတေသနပညာရှင်တစ်ဦး ဖြစ်သည်။ ခေတ်ဟောင်းမြန်မာ့သမိုင်း ပါရဂူတစ်ဦးဖြစ်သည့် ပါမောက္ခ G.H. Luce ကိုယ်တိုင်က အထူးချွန်ဆုံးသော မြန်မာ့သမိုင်းပညာရှင်၊ မြန်မာကျောက်စာပညာရှင်တစ်ဦးအဖြစ် ယုံကြည်စိတ်ချ အားထားခဲ့သည်။

    ၁၉၇၀ ပြည့်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီက “အနော်ရထာအရင်က မြန်မာနိုင်ငံ” စာအုပ်ကို နောက်ဆုံး ရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်၌ အစောပိုင်း မြန်မာနိုင်ငံ သမိုင်းကျမ်း ပြုစု ရေးသားနေဆဲ ဖြစ်သည်။
    ဗိုလ်မှူးဘရှင်သည် သင့်ဘဝ၊ ငွေတာရီ၊ မြဝတီ၊ စစ်ပညာဂျာနယ်၊ ပညာပဒေသာ၊ ပညာလောက၊ ပညာတန်ဆောင် ယဉ်ကျေးမှု စာစောင်၊ ခေတ်ကြေးမြင်  နှစ်လည် မဂ္ဂဇင်း၊ ရန်ကုန် တက္ကသိုလ် သတ္တဗေဒ နှစ်ပတ်လည် စာစောင်နှင့် အခြားသော မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသား ခဲ့ပါသည်။

     

    ဖြည့်စွက်ချက်

    ဗိုလ်မှူးကြီးဘရှင် (၉၈) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို. တော်ဝင်နှင်းဆီ ခန်းမ၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ(၁၀) ရက်နေ့တွင် ညနေ ၃း၃၀နာရီမှ ၅း၃၀နာရီထိ ရက်ရွှေ့ပြောင်း ကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။

    မူလက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အခက်အခဲတချို့ကြောင် ရက်ရွှေ့ပြီးကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

  • ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန် ပြည်သူများ သိထားသင့်သည့် အချက်များ

    ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန် ပြည်သူများ သိထားသင့်သည့် အချက်များ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၂
    M-Media
    မောင်လျှောက်( မြယာမြေ)

    ယခုဒီဇင်ဘာလတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အစီအစဉ်များရပ်ကွက်အလိုက် ကျင်းပနေပါသည်။

    ကမ္ဘာကျော် လူမည်း ခေါင်းဆောင်   မဲလ်ကွမ် အိပ်(စ) မှ လူမျိုးရေးခွဲခြားမှုကို တွန်းလှန်တိုက်ခိုက်ခဲ့စဉ်က အမေရိကန်နိုင်ငံသား လူမည်း ပြည်သူများကို အောက်ပါအတိုင်းမိန့်ခွန်း ပြောကြားခဲပါသည်။

    ” လူမည်းတွေမှာ စီးပွားရေးအင်အားက မရှိရှာကြပါဘူး။ ဒါကို တည်ဆောက်ဖို့ယူဖို့ရာက သူတို့အနေနှင့် အချိန်တော့ ယူပါမယ်။ ဒါပေမယ့် အခုအခါမှာ လူမည်းတွေမှာ နိုင်ငံရေး အင်အားက ရှိနေပါပြီ။ တစ်ညတည်းနှင့် မိမိတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားက ရှိနေပါပြိ။ လူမည်းတွေအနေနှင့် လူဖြူတွေဆီမှာ မိမိတို့ရဲ့ အရေးအရာကို သိက္ခာရှိရှိ ဂုဏ်ရှိရှိနှင့် တန်ဖိုးရှိရှိတောင်းဆိုစေနိုင်တဲ့ နေရာကတော့ ဆန္ဒမဲပေးရာနေရာတွေပါပဲ။ အသဲကြားက မဲတစ်ပြားကို လူဖြူတွေလည်း အရေးထားကြတယ်။ လေးစားကြတယ်။ ဆုံးရှုံးမှုကို ကြောက်ကြတယ်။ မဲရရေးအတွက် ချဉ်းကပ်လိုကြတယ်။ လူမည်းတွေကသာ တစ်စုတဝေးတည်းနှင့် တစ်သဘောတည်းရပ်တည်သွားကြမယ်ဆိုလျှင် ရွေးကောက်ပွဲရဲ့ အကျိုးရလဒ်ကို သူတို့တွေဟာ အဆုံးအဖြတ်ပေးလာနိုင်ကြမှာပါ။”

    ဒါကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန် ပြည်သူများ သိထားသင့်သည့် အချက်များကိုတင်ပြလိုက်ပါသည်။

    ၁။ ဒီအရည်အချင်းတွေပြည့်ရင် ရွေးချယ်ခံပိုင်ခွင့်ရှိနေတယ်

    (က)နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူ
    (ခ)အသက်၂၅နှစ်ပြည့်သူ
    (ဂ)သင့်တင့်သောပညာအရည်အချင်းရှိသူ
    (ဃ)စားဝတ်နေရေးဖူလုံမှုရှိသူ၊
    (င)သက်ဆိုင်ရာရပ်ကွက်အတွင်းအနည်းဆုံး(၁၀)နှစ်နေထိုင်လျှက်ရှိသူ၊
    (စ)ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူ
    (ဆ)ကျန်းမာသူ
    (ဇ)နိုင်ငံတော်နှင့်ရပ်ရွာအကျိုးကိုစေတနာထားသူ၊
    (ဈ)အတူနေမိသားစုဝင်များသည်အကျင့်စာရိတ္တကောင်းမွန်သူများဖြစ်ရန်၊
    (ည)တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်၊
    (ဋ)လက်နက်ကိုင်အဖွဲ့အစည်းဝင်မဟုတ်သူ တွေကို ရွေးချယ်နိုင်သည်။

    ၂။ ဆယ်အိမ်စုကိုယ်စားလှယ်ကို ဘယ်လိုရွေးကြမလဲ

    (က)ရပ်ကွက်မှအများကြည်ညို လေးစားသူ ရပ်မိရပ်ဖ (၅)ဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ်ဦးစွားရွေးချယ်ရန်
    (ခ) ကြီးကြပ်ရေးအဖွဲ့မှ အိမ်ထောင်စုစာရင်းကိုကောက်ယူ၍ အများဆုံး (၁၀)စုပါဝင်သည့်ဆယ်အိမ်စုများ ဖွဲ့စည်းရန်၊
    (ဂ)အဆိုပါ၁၀ဦးအနက်မှ ၁-ဦးကိုဆယ်အိမ်စုကိုယ်စားလှယ်အဖြစ် လျှို့ဝှက်ဆန္ဒမဲပေး၍ရွေးချယ်ရန်။ (မှတ်ချက်= ဆယ်အိမ်စုကိုယ်စားလှယ်များသည် ဆယ်အိမ်မှူးများမဟုတ်ပါ)

    {အိမ်ထောင်စု ဆိုသည်မှာ သန်းခေါင်စာရင်းဖြင့်နေထိုင်သူ သို့မဟုတ် ယာယီသန်းခေါင်စာရင်ဖြင့်နေထိုင်သူဖြစ်ရမည်ဖြစ်ပြီး ဧည့်စာရင်းဖြင့်နေထိုင်သူ မပါဝင်ပါ}

    ၃။ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဘယ်လိုရွေးချယ်မလဲ

    ရွေးချယ်ခံထားရသော ဆယ်အိမ်စုကိုယ်စားလှယ်များထဲမှ သင့်လျှော်သူကို အမည်စာရင်းတင်သွင်း၍(၁-ဦးသော်၎င်း၊၃/၄ ဦးသော် ၄င်း) လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ရန်၊

    (၁) ကြီးကြပ်ရေးအဖွဲ့သည်အဆိုပါ ပုဂ္ဂိုလ်များ၏ မဲအများ အနည်းအလိုက် မှတ်တမ်းတင်ထားရှိရန်၊နောင်တွင်လိုအပ်သလို အစားထိုးရွေးချယ်နိုင်ရန်ဖြစ်ပါသည်
    (၂) ဆန္ဒမဲဖြင့်ရွေးချယ်ပြီးသောရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ အမည်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြအတည်ပြုချက်ရယူရန်။

    ၄။ အထူးမှတ်သားရန် အချက်များ

    (က) ထုတ်ပြန်ထားသောဥပဒေများအတိုင်း ဆောင်ရွက်ရန်ဖြစ်၍မည်သည့်ပါတီကြီးတစ်ခုမှ လက်သိပ်ထိုး စည်းဝါးရိုက် ရွေးချယ်မှုမဟုတ်ပါ၊
    (ခ)ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့များကို မည်သည့်ပါတီကမျှလက်ဝါးကြီးအုပ် တင်မြှောက်၍မရပါ၊ရပ်ရွာလူထုမှအများသဘောကျရွေးချယ်ရန်သာဖြစ်ပါသည်။
    (ဂ)ဆယ်အိမ်စုမှူးများရွေးချယ်ရာတွင်လျှို့ဝှက်မဲစနစ် ကျင့်သုံးရန်ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်းအဆိုပါကိုယ်စားလှယ်များမှလျှို့ဝှက် စနစ်ဖြင့်ရွေးချယ်ရန်၊
    (ဃ)ပါတီဝင်များအရွေးချယ်ခံနီုင်သည်၊သို့ရာတွင် ရွေးကောက် တင်မြှောက်ခံရပါကပါတီ လုပ်ငန်းများရပ်ဆိုင်းရန်။

    ယခုရွေးချယ်မှုစနစ်သည်သတ်မှတ်အရည်အချင်းပြည့်မီသူများကိုပြည်သူအကြိုက်ရွေးချယ်တင်မြှောက်နိုင်သည့် စနစ်ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျပါဝင် ရွေးချယ်ပေးကြပါရန် နှိုးဆော်အပ်ပါသည်။