News @ M-Media

Blog

  • နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမူအဖွဲ့(10D) မှ နိုင်ငံရေးသုံးသပ်ချက်နှင့် သဘောထားကြေညာချက် ထုတ်ပြန်

    နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမူအဖွဲ့(10D) မှ နိုင်ငံရေးသုံးသပ်ချက်နှင့် သဘောထားကြေညာချက် ထုတ်ပြန်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၂
    ရန်ကုန်
    ဇာဇာလှိုင်

    ‘၂၁နှစ်မြောက်၊ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခြင်းနှင့် ထောက်ခံ ဆန္ဒပြခဲ့သော ကျောင်းသား လူငယ်များ (10D)’ အမှတ်တရ အခမ်းအနားကို  ဒီဇင်ဘာ ၁၀ရက်နေ့ က ရန်ကုန်မြို့ ယုဒဿန် ရိပ်သာ၊ မာလာဆောင်တွင် နံနက်၉နာရီမှ ၁၁း၀၀နာရီထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် နိုဗယ် ငြိမ်းချမ်းရေး လှုပ်ရှားမူ အဖွဲ့(10D) မှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး သုံးသပ်ချက်နှင့် သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

    ထို အခမ်းအနားသို့ NLD ပါတီဌာနချုပ် နာယက သူရဦးတင်ဦး၊ ဦးကိုကိုကြီး၊ ဦးမြင့်ဆွေ၊ ဦးဇေယျ၊ ကိုသိန်းဆွေ (NLD အမတ်လောင်း)တို့နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်၊၊

    အဆိုပါ အခမ်းအနားတွင် ကိုသန်းထိုက်ဝင်းနှင့် ကိုဆန်းမြိုင်(သားလေး)တို့မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဦးတင်ဦးမှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ဦးမြင့်ဆွေမှ သဘောထား ကြေညာချက် စာတမ်းနှင့် ကိုဇေယျမှ လက်ရှိနိုင်ငံရေး အခြေအပေါ် သုံးသပ်တင်ပြချက် စာတမ်းကို ဖတ်ကြားခဲ့သည်။ဆက်လက်၍ ကိုသိန်းဆွေမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

    အခမ်းအနားတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများအား ဖြေရှင်းရန် အဓိက လိုအပ်ချက်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြန်အလည် ပေါ်ပေါက် ထွန်းကားရန် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်ရန် လိုအပ်ကြောင်း နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမူ အဖွဲ့(10D)က သုံးသပ် ပြောကြားခဲ့သည်။

     

  • အစ္စလာမ့်အဖွဲ့အမည် မှားယွင်းဖော်ပြမှု့ မြန်မာ သံတော်ဆင့် မှ ပြင်ဆင်ချက် မထည့်ပေးသေး

    အစ္စလာမ့်အဖွဲ့အမည် မှားယွင်းဖော်ပြမှု့ မြန်မာ သံတော်ဆင့် မှ ပြင်ဆင်ချက် မထည့်ပေးသေး

    ဒီဇင်ဘာ၁၁၊၂၀၁၂
    ရန်ကုန်
    ဇာဇာလှိုင်

    ၁.၇.၂၀၁၂ နေ့ထုတ် အတွဲ(၁) ၊အမှတ်(၃၈) ၊ မြန်မာ သံတော်ဆင့် ဂျာနယ် မျက်နှာဖုံးတွင် ” မွတ်စလင်မ် ဘာသာရေးခေါင်းဆောင် ၂ ဦးအား ရခိုင်စုံစမ်းရေး ကော်မရှင် အဖွဲ့မှ ထုတ်ပယ်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းထဲတွင် ထည့်သွင်းဖော်ပြထားသော ထုတ်ပယ်ခံသူ နှစ်ဦးမှ   မြန်မာမွတ်စလင် အဖွဲ့ချုပ် ဥက္ကဌနှင့် အတွင်းရေးမှူး ဟု ဖော်ပြပါရှိသည်။ အဆိုပါ ထုတ်ပယ်ခံရသူ (၂) ဦးမှာ  မြန်မာမွတ်စလင် အဖွဲ့ချုပ် ဥက္ကဌနှင့် အတွင်းရေးမှူး မဟုတ်ဘဲ အစ္စလာမ်သာသနာ ရေးရာ ကောင်စီ ဌာနချုပ်မှ ဖြစ်ပါသည်။

    မြန်မာ သံတော်ဆင့် ဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့သူ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးခင်မောင်ဆွေ၏ ပြောကြားချက်များကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင် အဖွဲ့ချုပ် မှ မြန်မာ သံတော်ဆင့် ဂျာနယ်သို့ ၁၉.၁၁.၁၂ နေ့က တစ်ကြိမ်၊ ၁၇.၁၁.၁၂နေ့က တစ်ကြိမ်၊ ၂၃.၁၁.၁၂နေ့က တစ်ကြိမ် သုံးကြိမ်တိတိ ဖုန်းနှင့် ပြင်ဆင်ချက် ထည့်ပေးပါရန် ပြောကြားခဲ့ကြောင်းကို မြန်မာမွတ်စလင် အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

    သို့သော် ယင်းဂျာနယ်မှ ယနေ့ထိ ပြင်ဆင်ချက် မထည့် ပေးသေးကြောင်း စုံစမ်းသိရှိရသည်။

    အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဌဦးညွှန့်မောင်သျှိန်နှင့် အတွင်းရေးမှူးတို့ကို  ရခိုင်စုံစမ်းရေး ကော်မရှင်အဖွဲ့မှ မည်သည့် အကြောင်းချက်ဖြင့်  ထုတ်ပယ်ခံခဲ့သည့်ကို ယနေ့တိုင် ကံယံကံရှင်များသို့ တိတိကျကျ အကြောင်းကြားစာပေးပို့ခြင်း မရှိသလို သမ္မတမှထုတ်ပယ်ကြောင်း သတင်းထုတ်ပြန်ချက် တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။

    ရခိုင်ပြည်နယ်အတွင်း မေလ နှင့်ဇွန်လ မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အဖွဲ့ဝင် (၂၇) ဦးပါသော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအဖွဲ့တွင် အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်မှ (၂) ဦး၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချူပ်(မအဖ) ဌာနချုပ်မှ (၂)ဦး၊  မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့မှ (၂)ဦး စုစုပေါင်း အစ္စလာမ်ဘာသာရေးအဖွဲများမှ (၆) ဦးပါဝင်ခဲ့သည်။

  • လက်ပံတောင်းတောင် သပိတ် ဖြို့ခွင်းမှု့ မျိုးဆက်သစ် လူငယ်အဖွဲ့ (GW) ဆန္ဒပြ

    လက်ပံတောင်းတောင် သပိတ် ဖြို့ခွင်းမှု့ မျိုးဆက်သစ် လူငယ်အဖွဲ့ (GW) ဆန္ဒပြ

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၂
    M-Media

    Photo M-Media

    ယနေ့ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့တွင့် ရန်ကုန် အခြေစိုက် မျိုးဆက်သစ် လူ့ငယ်များမှ ( Generation Wave) မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရမှု့နှင့် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများ အားလုံးကို  အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု့ တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။

    အဆိုပါ ဆန္ဒပြမှု့ကို ယနေ့ နံနက် ၁၀း၃၀ ခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့မှ စတင်ပြီး မဟာဗန္ဓုလ ပန်းခြံနှင့် ဆူးလေစေတီတို့အား လှည့်ပတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    “ကျွန်မတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်မကျေမှာလဲ စိုးရိမ်တယ်။ တရားမျှတစွာနှင့် အမြန်ဆုံးဖြေရှင်းပေးရယ်၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို တောင်းဆိုပါတယ်” လို့ (GW) မှ တာဝန်ရှိ လူငယ်တစ်ဦးက ပြောကြားပါတယ်။

    အဆိုပါ ဆန္ဒပြပွဲတွင် လူငယ်တစ်ရာခန့် ပါဝင်ပြီး အချက် (၄) ချက်ပါဝင်သော ကြေငြာချက် တစ်စောင်ကို ထုတ်ပြန်ကာ နေ့လည် ၁၁း၃၀ ခန့်တွင် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါတယ်။

    Generation Wave ယနေ့ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်

    ယနေ့ ဆန္ဒပြပွဲကို မျိုးဆက်သစ် လူ့ငယ်များ ( Generation Wave) မှ တရားဝင် ဆန္ဒပြ ခွင့်ပြုမိန့်ဖြင့် ကျင်းပခဲ့တာဖြစ်ကြောင်းသိရပါတယ်။

  • Genocide အသုံးအနှုန်းကို ကမ္ဘာ့ရှေ့နေများနှင့် တိုင်ပင်ပြီးမှ သုံးခဲ့တာဟု Hidden Genocide ရိုက်ကူးခဲ့သူ Mr.Phil Rees ပြော

    Genocide အသုံးအနှုန်းကို ကမ္ဘာ့ရှေ့နေများနှင့် တိုင်ပင်ပြီးမှ သုံးခဲ့တာဟု Hidden Genocide ရိုက်ကူးခဲ့သူ Mr.Phil Rees ပြော

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၂
    M-Media

    Hidden Genocide ဖုံးကွယ်ထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလို့ အမည်ပေးထားတဲ့ ရခိုင်ပြည်နယ် ပဋ္ဋိပက္ခဆိုင်ရာသတင်း မှတ်တမ်းကားကို ဒီကနေ့ကစလို့ အယ်လ်ဂျာဇီယာ ရုပ်မြင်သံကြားက နေထုတ်လွင့်ပြသနေပါပြီ။

    အယ်လ်ဂျာဇီယာ ရုပ်မြင်သံကြားဌာနရဲ့ အဆိုအရ ရခိုင်ဒေသမှာ ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီ မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ အဲ့ဒီသတင်း မှတ်တမ်းကားနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြန်မာအစိုးက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။ ဒီတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒီ သတင်းမှတ်တမ်းတင်ကားကို ရိုက်ကူးခဲ့သူ  Phil Rees ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ….

    Phil Rees  ။     ။ ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်း ကို သုံးရတာကတော့ လူမျိုးတစ်ခုပျက်စီးရာ ပျက်စီးကြောင်း အသေချာစီစဉ်ပြီး ဆောင်ရွက်တဲ့ ကိစ္စဆိုလို့ရှိရင် ဒီသဘော အဓိပ္ပာယ် သက်ရောက်တယ်ဆိုပြီးတော့ ဂျီနိုဆိုက်ကွန်ဗင်းရှင်း သဘောတူစာချုပ်တွေမှာ ပါသလို ရှေ့နေရှေ့ရပ်တွေနဲ့လည်းပဲ တိုင်ပင်ပြီးတော့မှ ဒီလိုသုံးရတာဖြစ်ပါတယ်။ လူတွေကို အစုလိုက်အပြုံလိုက်သတ်တဲ့ ကိစ္စမျိုး ဥပမာ ဂျာမဏီမှာ ဂျူးတွေကိုသတ်တဲ့ ကိစ္စမျိုးကျမှ ဂျီနိုဆိုက်လို့ပြောတာမဟုတ်ပါဘူး။ ရခိုင်ပြည်ရဲ့ ပြသနာကိုကြည့်မယ်ဆိုရင် ရိုဟင်ဂျာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လူဦးရေမတိုးအောင်လို့၊ လူသားအဖြစ်ရည်တည်မှု မရအောင်လို့ ၊ခရီးသွားလာခွင့် ကန့်ကွက်တာတွေ၊ ပညာရေးအရ ဖိနှိပ်တာတွေ ဒါတွေဟာသူတို့ရဲ့ ရှင်သန်ခွင့်ကို ပိတ်ပင်တားမြစ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ရှေ့နေတွေကလည်းပဲဂျီနိုဆိုက်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုက်ညီတယ်  ဒီအခု ကျွန်တော်တို့တင်ပြတဲ့ documentary ထဲမှာလည်း ကျွန်တော်မေးတဲ့ ရှေ့နေကရှင်းပြထားပါတယ်။

    ဇွန်လ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် စခန်းရောက်ခဲ့ရတဲ့ ရိုဟင်ဂျာ ကလေးငယ် ကူလ်ဆွမ်း ဘီဘီဟာ ပြိးခဲ့ စက်တင်ဘာလအတွင်းမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

    BBC ။   ။ ဒါပေမယ့် ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဖက်က ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။ ဒီတော့ ဒီကားရိုက်ကူးစဉ်တုန်းကရောဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဖက်ကို မေးမြန်းတာတွေ လုပ်ခဲ့သေးလားရှင့် ။

    Phil Rees  ။     ။ ကျွန်တော့အနေနဲ့ ၇ခိုင်အစိုးရဖက်က အာဏာပိုင်တွေနဲ့ စကားပြောဖြစ်ပါတယ်။ အခုတကယ်ဖြစ်နေတာက ၁၉၈၂ ခုနှစ်နိုင်ငံသားဥပေဒေအရ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့ကိစ္စက နေ စတယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ ရခိုင်ပြည်မှာလက်ရှိအာဏာရနေတဲ့ ပါတီတွေကလဲပဲ အမျိုးသားရေးပါတီတွေဖြစ်သလို သူတို့ကလဲ ဒီကိစ္စတွေကြီးထွားလာအောင် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်နေပါတယ်။ အစိုးရကလဲပဲ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေကို အကာအကွယ်မပေးပါဘူး။ အခုရိုဟင်ဂျာတွေထွက်ပြေးတဲ့အတွက် ပင်လယ်ထဲမှာ သေဆုံးတာတွေအများအပြားရှိတယ် ။ဘယ်လောက်သေတယ်ဆိုတာ အတိအကျမပြောနိုင်သလို အစိုးရရဲ့ ကိန်းဂဏန်းတွေကိုလဲပဲ အတည်ယူလို့မရပါဘူး။ ဘင်္ဂလားဒေရှ့် နိုင်ငံမှာကိုပဲ ဒီဒုက္ခသည်ပေါင်း လေးသောင်းလောက်ရောက်နေတဲ့အတွက် ဒီနေရာမှာ ပြသနာမရှိပဲသူတို့ဘယ်လိုမှ ထွက်ပြေးမှာမဟုတ်ပါဘူး။ ကျွန်တော့အနေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးရောက်ရှိလာတဲ့ မျက်မြင်သက်သေဆယ့်နှစ်ယောက်ကို မေးမြန်းပြီးတော့ ဒီဇာတ်လမ်းတွဲထဲမှာ သူတို့ရဲ့ ဖြစ်စဉ်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။

    BBC ။   ။  ရခိုင်ဒေသကို ကုလသမဂ္ဂ၊ အိုအိုင်စီ စတဲ့ နိုင်ငံတကာအဖွဲ့တွေကိုလဲ လွတ်လွတ်လပ်လပ် ၀င်ခွင့်ပြုခဲ့တာမျိုးတွေ့ရပါတယ်။ ဒီတော့ သူတို့ကရော ရခိုင်ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုပြီးတော့ ဘာကြောင့်စွပ်စွဲပြောဆိုတာမျိုးမတွေ့ရတာပါလဲရှင့်။

    ကျွန်တော် ယူအန် ကတာဝန်ရှိတဲ့ အကြီးအကဲ တစ်ယောက်နဲ့ စကားပြောကြည့်ပါတယ်။ သူကတော့ ဘယ်သူဆိုတာ အမည်ဖော်လိုတဲ့ သဘောမရှိပါဘူး။ သူ့အနေနဲ့ ဒီမျိုးနွယ်စုတွေကို ဖယ်ရှားစေလိုတဲ့ စစ်ရာဇ၀တ်မှုသဘောလို့သူမြင်တယ်တဲ့။ နောက်တခါ အန်ဂျီအိုလို့ခေါ်တဲ့ ရခိုင်ဒေသမှာသွားရောက်အလုပ်လုပ်ကိုင်နေတဲ့ တာဝန်ရှိသူအချို့ကို မေးမြန်းတဲ့အခါမှာလဲ ကျွန်တော်ပြောသလို ဂျီနိုဆိုက်လို့တော့ သူတို့ကမသုံးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ကမ္ဘာကစောင့်ကြည့်နေတယ်။ အဲ့ဒီအပြောင်းအလဲတွေကို ထိခိုက်ပျက်စီးမှာကိုလဲ မလိုလားဘူး။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုဟာဆိုလို့ရှိရင် ဒီအာရှ ပစိဖိတ်ဒေသထဲမှာ သူတို့ကွန်ယက်ကိုချဲ့ထွင်နေတဲ အချိန်မှာ မြန်မာကလဲ အရေးကြီးတဲ့ မဟာမိတ် အဖြစ်သူတို့ ရှုမြင်ကျတယ်။ ဒါကြောင့်မို့လို့ ပွင့်ပွင့်လင်းလင်း ဂျီနိုဆိုက်ဆိုပြီး ဝေဖန်စွပ်စွဲမှုတွေ မလုပ်ဖူးလို့ ကျွန်တော်ထင်ပါတယ်။

    အဲ့ဒါကတော့ Hidden Genosce သတင်းမှတ်တမ်းကား ရုပ်ရှင်ရိုက်ကူးခဲ့သူ Phil Rees ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

    BBC ။   ။   တခါ ရခိုင်ဒေသမှာရှိတဲ့ ဘင်္ဂလီမွတ်စလင်တွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား မျိုးနွယ်ထဲမှာ မပါကြောင်း သမိုင်း အထောက်အထားတွေနဲ့အတူ အဲ့ဒီသတင်း မှတ်တမ်းကားထဲမှာ ထောက်ပြပြောဆိုခဲ့သူ ဂျပန်နိုင်ငံ ခန်းဒ တက္ကသိုလ်က သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းကတော့ ဒီမှတ်တမ်းကားနဲ့ ပတ်သက်လို့ အခုလို ဝေဖန်ထောက်ပြထားပါတယ်။

    ဒေါက်တာအေးချမ်း။    ။ သူတို့ရိုက်ပြတဲ့ အချက်ပေါ့လေ။ ကျွန်တော် အားနည်းချက်တွေ အများကြီးတွေ့ပါတယ်။ ဥပမာအားဖြင့် ကျောက်နီမော်မှာ မသီတာထွေး မုဒိမ်းကျင့်ခံရတဲ့ ကိစ္စ၊ တောင်ကုတ်မှာ မွတ်စလင် တွေအသတ်ခံရတဲ့ ကိစ္စ ပေါ့လေ။ ဒါပေမယ့် ဒါတွေက တကယ်တမ်း ဟိုဟာဖြစ်မယ်ဆိုလို့ရှိရင် ရာဇ၀တ်မှုတွေပါပဲ။ မောင်းတောမှာ စပြီးတော့ ဖြစ်တဲကိစ္စကို သူတို့ကအပေါ်ယံရှပ်ပြီးတော့ ပြောသွားတယ်လေ။ မောင်းတောမှာက တကယ်တော့ အဲ့ဒီမှာ ဗလီဆင်းတဲ့ အချိန်နဲ့ မြို့ထဲမှာ တစ်ခါထဲ အကုန်လုံး လူတွေစုပြီးတော့ ပေါက်ကွဲပြီးတော့ ရခိုင်အိမ်တွေကို တိုက်ခိုက်၊ ဒီရပ်ကွက်တွေကို တိုက်ခိုက်၊ ရခိုင်တွေကို သတ် အဲ့ဒလို လုပ်တာပေါ့။ နောက်တစ်ချက်က အဲ့မှာ ပြောသွားတဲ့ အချက်က ဒီရခိုင်တွေကပဲ မောင်းတောဆေးရုံကို တိုက်ခိုက်သလိုလို အဲ့လိုပြောသွားတယ်လေ။ အဲ့ဒါလုံးဝမှားတယ်။ အဲ့ဒီမောင်းတော ဆေးရုံကို ၀င်ပြီးတော့ တိုက်ခိုက်တာဟာ ဘင်္ဂလီတွေက ၀င်ပြီးတော့ တိုက်ခိုက်တာ။     အဲ့ဒီမှာ ဘင်္ဂလီ အမျိုးသမီးက သူဆေးရုံတက်နေတဲ့ အချိန်မှာ ရခိုင်တွေက ၀င်တိုက်တယ်လို့ပြောတယ်ဆိုတာ မဟုတ်ဖူးလေ ကျွန်တော်တို့ ကြားရသလောက်။ နောက်တစ်ချက်က ဘာလဲဆိုရင် သူရိုက်ပြနေတဲ့ဟာက မိသားစု တစ်ခုထဲကိုပဲ ရိုက်ပြနေတာ ဖြစ်နေတယ်လေ။ ဖြစ်နေတဲ့ အခါကျတော့ ဒီမိသားစုက ဘယ်မှာနေတာလဲ။ မောင်းတောမှာ နေတာလား၊ စစ်တွေမှာ နေတာလား၊ နောက်တစ်ခု အဲ့ဒီ ဘင်္ဂလီ စင်တာ ပရိုဂရမ်လို ဖြစ်နေတာ ။ ဒီဘင်္ဂလီတွေကိုပဲ ဗဟိုပြုပြီးတော့ ရိုက်ပြတဲ့အစီစဉ်လိုဖြစ်နေတယ်။

    BBC ။   ။   ဟုတ်ကဲ့ရှင့်။ အဲ့တော့ သူ့ရဲ့ အဓိကခေါင်းစဉ်ကိုက ဒီဘင်္ဂလီ မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ခံနေရတယ်ဆိုတဲ့ အကြောင်းကို မှတ်တမ်းတင် ရိုက်ပြသွားပါတယ်။ အဲ့တော့ အဲ့သလို သူတို့ စွတ်စွဲပြောဆိုထားသလိုပေါ့လေ လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေမျိုးရော တွေ့ရပါသလား။ အဲ့ဒါကရော ဘယ်လောက် အဖြစ်မှန်နဲ့ နီးစပ်တယ်လို့ တွေ့ရပါလဲရှင့်။

    ဒေါက်တာအေးချမ်း။    ။ ကျွန်တော်တောက်လျှောက်ကြည့်လာတာ ဒီရဲအဖွဲ့ကပဲ ထိန်းသိမ်းသွားတာကို သိရတယ်ပေါ့လေ။ တောက်လျောက် . ပထမအကြိမ်ဖြစ်တဲ့ အခါမှာရော ။ ဒီ န.စ.က က နောက်ကမှ ရံပြီးတော့ ဒီလူကို ရဲအဖွဲ့ကမနိုင်မှ ၀င်တဲ့ အနေထားရှိတယ်ပေါ့လေ။ သူတို့က ဒီ န.စ.က ကပဲ ၀င်ပြီးတော့ ဘင်္ဂလီတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ ပုံစံမျိုး အဲ့လိုရိုက်ပြတယ်ဆိုတဲ့ဟာ တကယ်တမ်း one sided version တဖက်သတ်စကား၊ တဖက်သတ်စွတ်စွဲချက်လိုပဲ ဖြစ်နေတယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲ့တော့ ဒီအပေါ်မှာပြောနေတာကလဲ အကုန်လုံးက ဘင်္ဂလီတွေကပဲ ပြောနေတယ်။ တခြားရခိုင် အရပ်သားတွေ၊ ခံစားနေရတဲ့ ရခိုင် ဒုက္ခသည်တွေကိုကျတော့ သူက ဘာဖြစ်လို့ မမေးနိုင်ရတာလဲ။ အဲ့ဒီဟာက သိပ်ပြီးတော့ ရိုးသားမှုမရှိဘူးလို့ ကျွန်တော်ထင်တယ်။

    ဂျပန်နိုင်ငံ ခန်းဒ တက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကို ဆက်သွယ်မေးခဲ့တာပါ။

  • Al Jazeera မှ တင်ဆက်သည့် ကန့်လန့်ကာအကွယ်မှ မျိုးဖြုတ်သတ်ဖြတ်မှုကြီး ဗွီဒီယိုမှတ်တမ်း

    Al Jazeera မှ တင်ဆက်သည့် ကန့်လန့်ကာအကွယ်မှ မျိုးဖြုတ်သတ်ဖြတ်မှုကြီး ဗွီဒီယိုမှတ်တမ်း

    Al Jazeera မှ တင်ဆက်သည့် ကန့်လန့်ကာအကွယ်မှ မျိုးဖြုတ်သတ်ဖြတ်မှုကြီး ဗွီဒီယိုမှတ်တမ်း (ဒီဇင်ဘာ ၉ တင်ဆက်မှု)

    M-Media Via MMV

    ဒီဇင်ဘာ ၉ ၊ ၂၀၁၂

     

     

     

    Video is the Courtesy of MMV and Al Jazeera.

    ဗွီဒီယိုမှတ်တမ်းဖိုင်ကို MMV မှတဆင့် တင်ဆက်ထားခြင်းဖြစ်ပါသည်။