News @ M-Media

Blog

  • မြန်မာနိုင်ငံ၏ ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ

    မြန်မာနိုင်ငံ၏ ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ

    ဒီဇင်ဘာ ၁၁ ၊ ၂၀၁၂
    M-Media
    မောင်သမာဓိ

    Hidden Rival Government of Myanmar မြန်မာနိုင်ငံ၏ ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ

    ၁။ Aljazeera Investigation ၏တွေ့ရှိချက်နှင့် ကျွန်ုပ်၏ အမြင်။

    တကယ်ဆိုရင် ပြုပြင်ပြောင်းလဲရေး သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် အယ်လ်ဂျာဇီးရား သတင်းဌာနကို ကျေးဇူးတောင် တင်ရဦးမယ်။ သမ္မကြီး ကိုယ်တိုင်ခန့်ထားတဲ့ ရခိုင်အရေး စုံစမ်းရေး ကော်မရှင် နှစ်ရပ်ထက် စောလျှင်စွာ ရခိုင်အရေးကို အချက်အလက် စုံစုံလင်လင် ခိုင်ခိုင်မာမာနဲ့ အစီရင်ခံစာတင်သွင်းနိုင်ခဲ့တဲ့အပြင် ဒီလုပ်ငန်းအတွက် နိုင်ငံတော်က ကုန်ကျစာရိတ် တစ်စုံတစ်ရာ ငွေကြေး တစ်ပြားတစ်ချပ်မှ ပေးစရာလိုလို့ပါ။ လာမယ့် လွတ်လပ်ရေးနေ့မှာ အယ်ဂျာဇီးရား ရုပ်-သံ ကို မီဒီယာ လူမှုထူးချွန်ဆု ပထမအဆင့် ပေးဖို့ အဆိုကို လည်း တခါတည်း တင်သွင်းချင်ပါတယ်။

    အယ်လ်ဂျာဇီးရား သတင်းဌာနက သူ့ရဲ့ စုံစမ်းတွေ့ရှိချက် ရလဒ်ကို ခေါင်းစဉ်အဖြစ်  ထိထိမိမိ လိုတိုရှင်း ရွေးပေးလိုက်ပုံက Hidden Genocide တဲ့ဗျား။ ရုပ်ရှင်ထုတ်လုပ်သူက သူ့ရုပ်ရှင်ကို ကြည့်ပြီးရင် စောဒက တက်ခွင့်လည်း ပေးထားလေတော့ တရားမျှတတယ်လို့မြင်ပါတယ်။

    လက်ရှိရခိုင် အရေးအခင်းကြီးဟာ လူမျိုးရေး၊ ဘာသာရေးတွေ ကြောင့်မဟုတ်ဘဲ၊ လူအုပ်စုနှစ်ခု အကြား ဒေါသကြောင့်ဖြစ်တဲ့ သာမန် ရန်ပွဲမျှသာဖြစ်တယ်လို့ မြန်မာအစိုးရက တချိန်လုံး ပြောနေခဲ့တာ မဟုတ် လား။ ဒါကြောင့် ခေါင်းစဉ်ကို ကြားရုံနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုတင်ကန့်ကွက်ခဲ့ပြီး၊ ဒီရုပ်ရှင်ကို ကြည့်ပြီး ရင်လည်း လိုအပ်ရင် ချေပမယ်လို့ နယ်စပ်ဝန်ကြီး ဦးသိန်းဌေးက ပြောတယ်ခင်ဗျာ့။ အခုအထိတော့ ဘာမှပြော သံမကြား ရသေးပါဘူးခင်ဗျာ့။

    မြန်မာပြည်က မီဒီယာအများစုက လူမျိုးရေးအထိကရုံးတွေ ဖန်တီးဖို့ တဖက်လှည့်နဲ့ ကြိုပမ်းနေကြခိုက် အဓိကရုဏ်း အကဲသိ ကမ္ဘာ့မီဒီယာကြီးတစ်ခုက တာဝန်ကျေစွာ၊ မီဒီယာ ပီသစွာ တိတ်တိတ်ကလေး မှိတ်ထားတဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကြီးကို ဘွားကနဲဖေါ်ထုတ်လိုက်တော့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ များသာမက ရခိုင် အရေး စုံစမ်းရေး ကော်မရှင်နှစ်ရပ်ရဲ့ အဖွဲ့ဝင်များနှင့် တကွ မြန်မာပြည်က ဂျာနယ်မျိုးစုံရဲ့ အယ်ဒီတာချုပ်ဆိုသူ တွေ ကို တကယ်ပင် ငုတ်တုတ် မေ့စေခဲ့ပါတယ်။

    မီဒီယာများ အတွက်ကလည်း သနားစရာပါခင်ဗျာ။ လောလော ဆယ်ဆယ်မှာ ဘာလုပ်လို့ ဘာကိုင် ရမှန်း မသိ ယောင်ချာချာ ဖြစ်နေကြလို့ ခေါင်းခံပြီး တစ်စုံတစ်ရာ စတင်ပြောမယ့်သူကို စောင့်မျှော် နေကြ လေရဲ့။ မီဒီယာ လွတ်လပ်ခွင့်ကို တစ်စာစာ အော်နေကြတဲ့ မီဒီယာသမားတွေ ဒီရုပ်ရှင် ဇာတ်လမ်းကို ဘယ်ဂျာနယ်မှာမှ ဖေါ်ပြတာမတွေ့ရသေးဘူး။ စဉ်းစား စရာလေးတွေကို ထောက်ပြတာပါ။

    တကယ်တော့ ဒီရုပ်ရှင်က မြန်မာပြည် စင်ပြိုင်အစိုးရရဲ့ အဖွဲ့ဝင်တွေကို ထုတ်ဖေါ်ပြသ  သွားတာသာ ဖြစ်လို့ Hidden Genocide ဆိုတဲ့ Documentary Film ရဲ့ခေါင်းစဉ်ကို ကျနော်အနေဖြင့် (Hidden Rival Government of Myanmar) မြန်မာနိုင်ငံ၏ ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ လို့သာ ပေးလိုက် ချင်ပါတော့ တယ်။

    ၂။ အမေရိကန်နိုင်ငံ LA မှာ ပြောခဲ့တဲ့ အမေစု စကားတွေကို English Version ပြောင်းရန်လိုသည်။

    ဒီရုပ်ရှင်ထဲတွင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်လို့ အမေစု အသံတိတ်လွန်းသည်ဟု စွပ်စွဲထားပါတယ်။ တကယ်တော့ လုံးဝ ရေငုံနေတာမျိုးတော့ မဟုတ်ပါ။ အပြန်အလှန် လူ့အခွင့်အရေးတွေ မချိုးဖေါက်ကြဖို့ အမေစု တိုက်တွန်းခဲ့ရုံမက လူများစုဟာ လူနည်းစုကို ညှာတာရမယ်လို့ ပြောခဲ့သလို  ရိုဟင်ဂျာတွေကို ဥပဒေမဲ့ ဟိုနိုင်ငံ ပို့မယ်၊ ဒီနိုင်ငံပို့မယ် ဆိုတာကို လုံးဝလက်မခံနိုင်သည့်အပြင် အထောက် အထား ခိုင်လုံအောင် ပြသနိုင်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးရမယ် ဆိုပြီး လော့စ် အိန်ဂျယ်လိစ်မှာ အမေစု ပြောခဲ့တာ တွေက မြန်မာဘာသာနဲ့ ဆိုတော့ အနောက်နိုင်ငံ မီဒီယာတွေကို မပေါက်လို့သာ အသံတိတ်လွန်းတယ်လို ပြောနေကြ တာပေါ့။

    အမေစု မိန့်ခွန်းပြောအပြီး LA ရှိ မြန်မာပရိတ်သတ်က အမေစုသာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်ရင် ရိုဟင်ဂျာအရေးကို ဘယ်လို ဖြေရှင်းပေးမှာလဲ ဆိုတဲ့ ပထမဆုံး မေးတဲ့ မေးခွန်ကို ဖြေတဲ့မြန်မာလို အဖြေ တွေပါတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ် VCD အမှတ် ၆ ကို အင်္ဂံလိပ်လို  စာတမ်းထိုးပြီး Aljazeera News Agency သို့ပို့ကာ ထုချေသင့်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။

    သူများမကြိုက်တဲ့ ကုလားဆိုတဲ့ အမည်ကို မခေါ်ဖို့နဲ့၊ ဒီလိုမခေါ်ဖို့ကို ဆရာသမားနဲ့ မိဘများက တပည့်နဲ့ သားသမီးတွေကို သင်ကြားပေးဖို့ လိုတယ်လို့ LA မှာပြောဆို ခဲ့တဲ့ အကြောင်းကိုလည်း မပါ ပါအောင်ထဲ့သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်ထဲမှာ ဆရာတော်က ကုလားဆိုတဲ့စကားကို မိုးမွှန်အောင် ခေါ်သွားလို့ပါ။

    ဒါမှမဟုတ် ဒီရုပ်ရှင်ကို ကြည့်ပြီးလို့ တစ်စုံတစ်ရာ ပြောစရာရှိပါက အချိန်မရွေး ပြောနိုင်ကြောင်း၊ စောဒကတက်နိုင်ကြောင်း ဗြိတိသျှ ရုပ်ရှင်ထုတ်လုပ်သူက တံခါးဖွင့်ထားတဲ့အတွက် အမေစုအနေဖြင့် ဖုန်းဆက် ဖြေရှင်းသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။

    ၃။ Aljazeera News Agency အနေဖြင့် ဦးဝင်းမရ ကိုလည်း View ဖို့လိုသည်။

    အယ်ဂျာဇီးရား သတင်းဌာန အနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမရ ကို တွေ့ဆုံ မေးမြန်းခဲ့ပါလျှင် ပိုမိုပြည့်စုံသည့် Documentary Film ဖြစ်သွားနိုင်ပါသည်။ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကတော့ Aljazeera သတင်းထောက်ကို အတွေ့မခံဘဲရှောင်နေခဲ့ တယ်လို့ဆိုတယ် ခင်ဗျာ့။

    ၂၀၁၂ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြိုတွင် ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်း ခံခဲ့ရသော မြန်မာမွတ်စလင်မ် (၁၀)ယောက် တွင် (၈) ယောက်၏ ကိုယ်ရေး အချက်အလက် အကျဉ်း၊ ၄င်းတို့ ၈ ယောက်မှာ ရခိုင်ပြည်နယ်မှ မဟုတ်ဘဲ ပြည်မ တွင်နေတိုင်သော နိုင်ငံသား မွတ်စလင်မ်များဖြစ်ကြသည်

    ၄။ ပါဏာတိပါတာကို ဝစီကံဖြင့် အားပေးသော ရခိုင်ဆရာတော်။

    Hidden Genocide  သတင်းဗီဒီယို ထဲတွင် ဆရာတော်ကမိန့်ပါသည်။ ကုလားလူမျိုးတွေ မသွားရလို့ အမိန့်ထုတ်ထားတဲ့ နေရာကိုမှ ကုလား (၁၀ ) ဦးက တမင်တကာ ဟန်ရေးပြပြီး သွားလို့အသတ်ခံရတာပါဟု မိန့်၏။

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၅၅ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌ မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်ဟု အတိအလင်းပြဌာန်းထားပါသည်။

    သံတွဲ တောင်ကုတ်လမ်းကို အစ္စလာမ်ဘာသာဝင်များ မသွားရဟူသော ဥပဒေကို မည်သည့်အစိုးရ အဖွဲ့က ပြဌာန်းပြီး မည်သည့်လွှတ်တော်က အတည်ပြုထားပါသနည်း။

    ရခိုင်ပြည်နယ်တွင် စင်ပြိုင်အစိုးရ တရပ်ရှိခြင်းကြောင့်သာ ဥပဒေထုတ်ခွင့်၊ မွတ်ဆလင် ခရီးသည် များကို အရေးယူသည့် အနေဖြင့် အုပ်စုဖွဲ့သတ်ခွင့်၊ လူသတ်မှု ကျူးလွန်သူများကိုလည်း စင်ပြိုင်အစိုးရ အမိန့်ကို အကောင်အထည်ဖေါ်သူများဖြစ်၍ ဗဟိုအစိုးရ၏ ဥပဒေအထက်တွင် နေခွင့်များရနေခြင်းဖြစ်သည်။

    ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ ကျိန်းသေပေါက်ရှိ၏။

    ၅။ တတိယလှိုင်း ဒေါက်တာ အေးမောင် (3rd Wave Dr. Aye Maung)

    ဒေါက်တာ အေးမောင် သည် အမေရိကန်သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ပြောသော မိန့်ခွန်းတွင် ရိုဟင်ဂျာဟု သုံးနှုံးသောကြောင့် ရခိုင် ရိုဟင်ဂျာ အဓိကရုဏ်း တတိယအကြိမ် ဖြစ်နိုင်သည်ဟု အတ်ချမတ်ချ ပြောနိုင်၍ မြန်မာနိုင်ငံ နိုင်ငံရေးလောကတွင် နာမည်ကျော် ထင်ရှားသူဖြစ်၏။ ထိုတတိယလှိုင်းဖြစ်ခဲ့လျှင် အိုဘားမား၏ တာဝန်သာဖြစ်သည်ဟု လည်း ပြစ်တင် ဝေဖန်ဘူးသူဖြစ်၏။

    Hidden Genocide  သတင်းဗီဒီယိုထဲတွင် စစ်တွေမြို့ အောင်မင်္ဂံလာရပ်ကွက်သား တစ်ဦးက ရိုဟင်ဂျာအိမ်များကို မီးရှို့ရန်နှင့် ရိုဟင်ဂျာများကိုသတ်ရန် RNDP ဒေါက်တာအေးမောင်က အနယ်နယ် အရပ်ရပ်မှ ၎င်း၏ ပါတီဝင်များကို စစ်တွေမြို့သို့ ဆင့်ခေါ်ခဲ့သည်ဟု အခိုင်အမာပြော၏။ ဒေါက်တာအေးမောင်နှင့် မျက်နှာချင်းဆိုင် စကားပြောရန် ထိုရိုဟင်ဂျာထံတွင် သက်သေ အထောက်အထားများ ခိုင်ခိုင်လုံလုံ ရှိသည်ဟု ဆို၏။

    ထို့အပြင် RNDP ဒေါက်တာအေးမောင်၏ နောက်လိုက်နောက်ပါများသည် ရိုဟင်ဂျာ ဒုက္ခသည်များကို ရိက္ခာနှင့် ဆေးဝါး ဖြတ်တောက်ရန် ဥပဒေ ထုတ်ခွင့်ရှိသည့်အပြင် ရိုဟင်ဂျာများနှင့် ဆက်သွယ်သော ပြစ်မှု ကြောင့် ရခိုင်အချင်းချင်း လည်ပင်းတွင် သစ္စာဖေါက်ဟု ရေးထားသော စာကိုချိတ်ဆွဲကာ အရပ် တကာလှည့်၍ အရှက် ခွဲခွင့် များ ရှိနေခြင်း သည်လည်း ရခိုင်ပြည်နယ်တွင် ဦးသိန်းစိန်၏ ဗဟိုအစိုးရ အာဏာနှင့် ယှဉ်လျှင် စင်ပြိုင်အစိုးရ၏ အာဏာက ပိုမို သက်ရောက်လွှမ်းမိုး နေသော ကြောင့် ဖြစ်၏။

    ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ ကျိန်းသေပေါက်ရှိ၏။

    ၆။ သမိုင်းဆရာ ဒေါက်တာ အေးချမ်း

    Hidden Genocide  သတင်းဗီဒီယို တွင် သမိုင်းဆရာ ဒေါက်တာ အေးချမ်းဆိုသူက အချုပ်အခြာအာဏာ (Sovereignty) ကိုထိပါးလာသော ရိုဟင်ဂျုာများကို လူ့အခွင့်အရေးချိုးဖေါက်ခွင့် ရှိသည်ဟု ဆင်ကန်းတောတိုး ပြောသွား ပါသည်။

    မြန်မာနိုင်ငံ တစ်ခုလုံး အပြင်နှင့် အနောက်ဖက်နယ်စပ်၏ အချုပ်အခြာ အာဏာကို မြန်မာအစိုးရနှင့် မြန်မာပြည်သူများ ကသာ ထိန်းသိမ်းရပါမည်။  မြန်မာနိုင်ငံ၏  အနောက်ဖက် နယ်စပ်ကို ကာကွယ်ရန် ရခိုင်များ၌သာ တာဝန်ရှိသည်ဟု ရခိုင်လူထုကို ထင်မှတ်မှားအောင် ကိုယ်ယောင်ဖျောက် စင်ပြိုင် အစိုးရအဖွဲ့က ဖြားယောင်း သိမ်းသွင်း သွေးထိုးထားကြ၏။

    ရခိုင့် စင်ပြိုင်  အချုပ်အခြာအာဏာ (Arakan Rival Sovereignty) ရှိ၍ ရခိုင်များကိုယ်တိုင် ကာကွယ် ပေးနေသယောင် မျက်နှာထိ မျက်နှာထားနှင့် ပြောသွားပုံကို စာဖတ် ပရိတ်သတ် အနေဖြင့် ဂရုပြု၍ နောက်တကြိမ် ပြန်ကြည့်ပြီး သုံးသပ်စေချင်ပါတယ် ခင်ဗျား။

    ပြသမည့်အချိန် ။      ။ ဒီဇင်ဘာ ၁၁ ရက် အင်္ဂါံနေ့ ညနေ ၆း၃၀

    ဒီဇင်ဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့ နံက် ၇း၃၀

    ဒီဇင်ဘာ ၁၃ ရက် ကြသပတေးနေ့ နေ့လည် ၁၂း၃၀

    ၂၃၊ ၉၊ ၂၀၁၂ နေ့ နံနက် ၁၁း၀၀ နာရီခန့်တွင် နေပြည်တော်ရှိ MICC ခန်းမ Room(1) တွင်ပြောကြားခဲ့သော ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် နှင့် ရခိုင်ပြည်နယ် တာဝန်ခံ ဦးမောင်ဦး( ယခင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချူပ်မောင်ဦး) ၏ ရခိုင်ပြည်နယ်အစိုးရအပါ် သုံးသပ်ချက်
    —————–
    လက်ရှိ စစ်တွေမြို့ ပေါ်မှာ ဒီ Local Government ရဲ့အာဏာအပေါ်မှာ နောက်လွှမ်းမိုးနေတဲ့ အဖွဲ့အစည်းတစ်ခုရှိ တယ်။ဒါ မ ပြော မဖြစ် လို့ ကျွန် တော် ပြောရတာပါ။ပါတီတွေ၊နိုင်ငံရေးတွေ ကျွန်တော်မပါဘူး။ လက်တွေအစိုးရအနေနဲ့သူ့ ဟာသူလွတ် လွတ် လပ်လပ်လုပ်လို့မရအောင် လွှမ်းခြုံထားနောက်က xxxxxxxxxx ရှိနေလို့ ကျွန်တော်ပြောရတာပါ။
    Report အပြည့်အစုံဖတ်လိုလျှင် http://goo.gl/FPIbo

    ဒေါက်တာ အေးချမ်းသည် သမိုင်းဘာသာရပ်တွင် ဆရာဖြစ်သော်လည်း နိုင်ငံတကာ ဥပဒေများကို လုံးဝမသိသူဖြစ်၏။ မြန်မာ နိုင်ငံတွင် မဲပေးခွင့်ကို ပိုင်ဆိုင်သော ရိုဟင်ဂျာများသည် မြန်မာပြည်၏ အချုပ်အခြာ အာဏာ (Myanmar Sovereignty) ကို  ထိပါး ကျူးကျော် အခြေချနေထိုင်သူ (Invaders)  များမဟုတ်ပါ။ နိုင်ငံသား ရိုဟင်ဂျာများမှာလည်း  မြန်မာပြည်၏  အချုပ်အခြာ အာဏာကို ကာကွယ်ပေးရန် တာဝန်ရှိပြီးသူများသာ ဖြစ်သည်။

    အချုပ် အခြာ အာဏာကို ထိပါး သောကြောင့် စစ်ဖြစ်သည်ထားဦး။ မိလာသော သုံ့ပန်းတို့ကို ဂျနီဗာ သဘော တူညီချက် (Geneva Convention) အရသာ ဆက်ဆံပိုင်ခွင့်ရှိ၏။ လက်ရှိ ရိုဟင်ဂျာများကို လက်လွတ် စံပါယ် (လက်လွတ် ဇပယ်) ဆက်ဆံမှုသည် Arakan Rival Government Convention အရ ဆက်ဆံနေတာများလား ဟု စေ့ငုနေမိသည်။

    အနှစ်ချုပ်ရရင် ဒေါက်တာအေးချမ်းက ရခိုင်နိုင်ငံတော်ကြီးတွင် သီးသန့်  အချုပ်အခြာအာဏာ (Arakan Sovereignty) ရှိသည်ဟု  ကမ္ဘာကိုရော မြန်မာကို အသိပေးကြေငြာသွားခြင်းဖြစ်သည်ဟု မြင်ပါသည်။ တစ်နည်းအားဖြင့် သူကိုယ့်သူ စင်ပြိုင်အစိုးရ အဖွဲ့ဝင်လို့ ကြေငြာလိုက်တာ နဲ့ အတူတူပါဘဲ။

     

    ၇။ ရခိုင်နိုင်ငံ တော်ကြီးကို များမကြာမီ ကြေငြာပါအံ့။

    နိုင်ငံတစ်ခုအဖြစ် ကြေငြာနိုင်ဖို့ လိုအပ်သော အချက်များ။

    (က) နယ်မြေ (Territory)

    (ခ)  လူဦးရေ (Population)

    (ဂ)  အစိုးရ   (Government) နှင့်

    (ဃ) အချုပ်အခြာအာဏာ (Sovereignty)

    ဟူသော လက္ခဏာ ၄ ခုရှိရမည်ဟု ဆိုသော ကြောင့် ထိုအရာ ၄ ခုစလုံး ပိုင်ဆိုင်သော ရခိုင်သားတို့သည် ရခိုင်နိုင်ငံတော်ကြီး အဖြစ် ကြေငြာကာ မြန်မာနိုင်ငံမှ ခွဲထွက်ရန်သာ လိုပါတော့သည် ခင်ဗျား။

    ၈။ စင်ပြိုင် အစိုးရကို ဖေါ်ထုတ်ဖမ်း စီးမလား။ လူမျိုးတုံး သတ်မှုနဲ့ အရေးယူခြင်းခံမလား။

    မြန်မာအစိုးရအဖွဲ့ကို မေးချင်ပါသည်။ ဒီပြိုင်ပွဲကို နိုင်ငံတကာ စောင့်ကြည့်မှုအောက်မှာ ဆက်ပြီး ကစား မလား။ နားမလား။ တစ်ခုလေးသတိပေးချင်တာက ရခိုင်တွေ ရခိုင်ပြည်ကို သိမ်းပိုက်အုပ်ချုပ်ရင် ပြည်သူတွေ အတွက် ကတော့ တော်လှန်ရေးတရပ် ဆင်နွဲကြရုံပေါ့။ ဦးသိန်းစိန်ရဲ့အစိုးရ အဖွဲ့ဝင်တွေကတော့ စင်ပြိုင်အစိုးရ ထောင်ခွင့်ပြုထားတဲ့ ပုဒ်မနဲ့ ထောင်နန်း အရင်စံရမှာကို မြင်ယောင်ရင်း သတိပေး တင်ပြလိုက်ပါတယ် ခင်ဗျား။

       မှတ်ချက်။      ။ Hidden Genocide ကို နောက်တစ်ကျော့၊ နှစ်ကျော့ ပြန်ကြည့်ပြီးနောက် Rival Government of Myanmar (New Version) ကို တင်ပါဦးမည်။ စောင့်မျှော် ဖတ်ရှုပြီး လိုအပ်သည်များကို မန့်ပေးကြပါခင်ဗျား။

    ဆောင်းပါးရှင်ရဲ့ အမြင်နှင့် အာဘော်သာဖြစ်ပါတယ်။

  • နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမူအဖွဲ့(10D) မှ နိုင်ငံရေးသုံးသပ်ချက်နှင့် သဘောထားကြေညာချက် ထုတ်ပြန်

    နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမူအဖွဲ့(10D) မှ နိုင်ငံရေးသုံးသပ်ချက်နှင့် သဘောထားကြေညာချက် ထုတ်ပြန်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၂
    ရန်ကုန်
    ဇာဇာလှိုင်

    ‘၂၁နှစ်မြောက်၊ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခြင်းနှင့် ထောက်ခံ ဆန္ဒပြခဲ့သော ကျောင်းသား လူငယ်များ (10D)’ အမှတ်တရ အခမ်းအနားကို  ဒီဇင်ဘာ ၁၀ရက်နေ့ က ရန်ကုန်မြို့ ယုဒဿန် ရိပ်သာ၊ မာလာဆောင်တွင် နံနက်၉နာရီမှ ၁၁း၀၀နာရီထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် နိုဗယ် ငြိမ်းချမ်းရေး လှုပ်ရှားမူ အဖွဲ့(10D) မှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး သုံးသပ်ချက်နှင့် သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

    ထို အခမ်းအနားသို့ NLD ပါတီဌာနချုပ် နာယက သူရဦးတင်ဦး၊ ဦးကိုကိုကြီး၊ ဦးမြင့်ဆွေ၊ ဦးဇေယျ၊ ကိုသိန်းဆွေ (NLD အမတ်လောင်း)တို့နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်၊၊

    အဆိုပါ အခမ်းအနားတွင် ကိုသန်းထိုက်ဝင်းနှင့် ကိုဆန်းမြိုင်(သားလေး)တို့မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဦးတင်ဦးမှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ဦးမြင့်ဆွေမှ သဘောထား ကြေညာချက် စာတမ်းနှင့် ကိုဇေယျမှ လက်ရှိနိုင်ငံရေး အခြေအပေါ် သုံးသပ်တင်ပြချက် စာတမ်းကို ဖတ်ကြားခဲ့သည်။ဆက်လက်၍ ကိုသိန်းဆွေမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

    အခမ်းအနားတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများအား ဖြေရှင်းရန် အဓိက လိုအပ်ချက်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြန်အလည် ပေါ်ပေါက် ထွန်းကားရန် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်ရန် လိုအပ်ကြောင်း နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမူ အဖွဲ့(10D)က သုံးသပ် ပြောကြားခဲ့သည်။

     

  • အစ္စလာမ့်အဖွဲ့အမည် မှားယွင်းဖော်ပြမှု့ မြန်မာ သံတော်ဆင့် မှ ပြင်ဆင်ချက် မထည့်ပေးသေး

    အစ္စလာမ့်အဖွဲ့အမည် မှားယွင်းဖော်ပြမှု့ မြန်မာ သံတော်ဆင့် မှ ပြင်ဆင်ချက် မထည့်ပေးသေး

    ဒီဇင်ဘာ၁၁၊၂၀၁၂
    ရန်ကုန်
    ဇာဇာလှိုင်

    ၁.၇.၂၀၁၂ နေ့ထုတ် အတွဲ(၁) ၊အမှတ်(၃၈) ၊ မြန်မာ သံတော်ဆင့် ဂျာနယ် မျက်နှာဖုံးတွင် ” မွတ်စလင်မ် ဘာသာရေးခေါင်းဆောင် ၂ ဦးအား ရခိုင်စုံစမ်းရေး ကော်မရှင် အဖွဲ့မှ ထုတ်ပယ်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းထဲတွင် ထည့်သွင်းဖော်ပြထားသော ထုတ်ပယ်ခံသူ နှစ်ဦးမှ   မြန်မာမွတ်စလင် အဖွဲ့ချုပ် ဥက္ကဌနှင့် အတွင်းရေးမှူး ဟု ဖော်ပြပါရှိသည်။ အဆိုပါ ထုတ်ပယ်ခံရသူ (၂) ဦးမှာ  မြန်မာမွတ်စလင် အဖွဲ့ချုပ် ဥက္ကဌနှင့် အတွင်းရေးမှူး မဟုတ်ဘဲ အစ္စလာမ်သာသနာ ရေးရာ ကောင်စီ ဌာနချုပ်မှ ဖြစ်ပါသည်။

    မြန်မာ သံတော်ဆင့် ဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့သူ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးခင်မောင်ဆွေ၏ ပြောကြားချက်များကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင် အဖွဲ့ချုပ် မှ မြန်မာ သံတော်ဆင့် ဂျာနယ်သို့ ၁၉.၁၁.၁၂ နေ့က တစ်ကြိမ်၊ ၁၇.၁၁.၁၂နေ့က တစ်ကြိမ်၊ ၂၃.၁၁.၁၂နေ့က တစ်ကြိမ် သုံးကြိမ်တိတိ ဖုန်းနှင့် ပြင်ဆင်ချက် ထည့်ပေးပါရန် ပြောကြားခဲ့ကြောင်းကို မြန်မာမွတ်စလင် အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

    သို့သော် ယင်းဂျာနယ်မှ ယနေ့ထိ ပြင်ဆင်ချက် မထည့် ပေးသေးကြောင်း စုံစမ်းသိရှိရသည်။

    အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဌဦးညွှန့်မောင်သျှိန်နှင့် အတွင်းရေးမှူးတို့ကို  ရခိုင်စုံစမ်းရေး ကော်မရှင်အဖွဲ့မှ မည်သည့် အကြောင်းချက်ဖြင့်  ထုတ်ပယ်ခံခဲ့သည့်ကို ယနေ့တိုင် ကံယံကံရှင်များသို့ တိတိကျကျ အကြောင်းကြားစာပေးပို့ခြင်း မရှိသလို သမ္မတမှထုတ်ပယ်ကြောင်း သတင်းထုတ်ပြန်ချက် တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။

    ရခိုင်ပြည်နယ်အတွင်း မေလ နှင့်ဇွန်လ မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အဖွဲ့ဝင် (၂၇) ဦးပါသော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအဖွဲ့တွင် အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်မှ (၂) ဦး၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချူပ်(မအဖ) ဌာနချုပ်မှ (၂)ဦး၊  မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့မှ (၂)ဦး စုစုပေါင်း အစ္စလာမ်ဘာသာရေးအဖွဲများမှ (၆) ဦးပါဝင်ခဲ့သည်။

  • လက်ပံတောင်းတောင် သပိတ် ဖြို့ခွင်းမှု့ မျိုးဆက်သစ် လူငယ်အဖွဲ့ (GW) ဆန္ဒပြ

    လက်ပံတောင်းတောင် သပိတ် ဖြို့ခွင်းမှု့ မျိုးဆက်သစ် လူငယ်အဖွဲ့ (GW) ဆန္ဒပြ

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၂
    M-Media

    Photo M-Media

    ယနေ့ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့တွင့် ရန်ကုန် အခြေစိုက် မျိုးဆက်သစ် လူ့ငယ်များမှ ( Generation Wave) မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရမှု့နှင့် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများ အားလုံးကို  အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု့ တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။

    အဆိုပါ ဆန္ဒပြမှု့ကို ယနေ့ နံနက် ၁၀း၃၀ ခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့မှ စတင်ပြီး မဟာဗန္ဓုလ ပန်းခြံနှင့် ဆူးလေစေတီတို့အား လှည့်ပတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    “ကျွန်မတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်မကျေမှာလဲ စိုးရိမ်တယ်။ တရားမျှတစွာနှင့် အမြန်ဆုံးဖြေရှင်းပေးရယ်၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို တောင်းဆိုပါတယ်” လို့ (GW) မှ တာဝန်ရှိ လူငယ်တစ်ဦးက ပြောကြားပါတယ်။

    အဆိုပါ ဆန္ဒပြပွဲတွင် လူငယ်တစ်ရာခန့် ပါဝင်ပြီး အချက် (၄) ချက်ပါဝင်သော ကြေငြာချက် တစ်စောင်ကို ထုတ်ပြန်ကာ နေ့လည် ၁၁း၃၀ ခန့်တွင် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါတယ်။

    Generation Wave ယနေ့ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်

    ယနေ့ ဆန္ဒပြပွဲကို မျိုးဆက်သစ် လူ့ငယ်များ ( Generation Wave) မှ တရားဝင် ဆန္ဒပြ ခွင့်ပြုမိန့်ဖြင့် ကျင်းပခဲ့တာဖြစ်ကြောင်းသိရပါတယ်။

  • Genocide အသုံးအနှုန်းကို ကမ္ဘာ့ရှေ့နေများနှင့် တိုင်ပင်ပြီးမှ သုံးခဲ့တာဟု Hidden Genocide ရိုက်ကူးခဲ့သူ Mr.Phil Rees ပြော

    Genocide အသုံးအနှုန်းကို ကမ္ဘာ့ရှေ့နေများနှင့် တိုင်ပင်ပြီးမှ သုံးခဲ့တာဟု Hidden Genocide ရိုက်ကူးခဲ့သူ Mr.Phil Rees ပြော

    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၂
    M-Media

    Hidden Genocide ဖုံးကွယ်ထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလို့ အမည်ပေးထားတဲ့ ရခိုင်ပြည်နယ် ပဋ္ဋိပက္ခဆိုင်ရာသတင်း မှတ်တမ်းကားကို ဒီကနေ့ကစလို့ အယ်လ်ဂျာဇီယာ ရုပ်မြင်သံကြားက နေထုတ်လွင့်ပြသနေပါပြီ။

    အယ်လ်ဂျာဇီယာ ရုပ်မြင်သံကြားဌာနရဲ့ အဆိုအရ ရခိုင်ဒေသမှာ ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီ မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ အဲ့ဒီသတင်း မှတ်တမ်းကားနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြန်မာအစိုးက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။ ဒီတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒီ သတင်းမှတ်တမ်းတင်ကားကို ရိုက်ကူးခဲ့သူ  Phil Rees ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ….

    Phil Rees  ။     ။ ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်း ကို သုံးရတာကတော့ လူမျိုးတစ်ခုပျက်စီးရာ ပျက်စီးကြောင်း အသေချာစီစဉ်ပြီး ဆောင်ရွက်တဲ့ ကိစ္စဆိုလို့ရှိရင် ဒီသဘော အဓိပ္ပာယ် သက်ရောက်တယ်ဆိုပြီးတော့ ဂျီနိုဆိုက်ကွန်ဗင်းရှင်း သဘောတူစာချုပ်တွေမှာ ပါသလို ရှေ့နေရှေ့ရပ်တွေနဲ့လည်းပဲ တိုင်ပင်ပြီးတော့မှ ဒီလိုသုံးရတာဖြစ်ပါတယ်။ လူတွေကို အစုလိုက်အပြုံလိုက်သတ်တဲ့ ကိစ္စမျိုး ဥပမာ ဂျာမဏီမှာ ဂျူးတွေကိုသတ်တဲ့ ကိစ္စမျိုးကျမှ ဂျီနိုဆိုက်လို့ပြောတာမဟုတ်ပါဘူး။ ရခိုင်ပြည်ရဲ့ ပြသနာကိုကြည့်မယ်ဆိုရင် ရိုဟင်ဂျာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လူဦးရေမတိုးအောင်လို့၊ လူသားအဖြစ်ရည်တည်မှု မရအောင်လို့ ၊ခရီးသွားလာခွင့် ကန့်ကွက်တာတွေ၊ ပညာရေးအရ ဖိနှိပ်တာတွေ ဒါတွေဟာသူတို့ရဲ့ ရှင်သန်ခွင့်ကို ပိတ်ပင်တားမြစ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ရှေ့နေတွေကလည်းပဲဂျီနိုဆိုက်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုက်ညီတယ်  ဒီအခု ကျွန်တော်တို့တင်ပြတဲ့ documentary ထဲမှာလည်း ကျွန်တော်မေးတဲ့ ရှေ့နေကရှင်းပြထားပါတယ်။

    ဇွန်လ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် စခန်းရောက်ခဲ့ရတဲ့ ရိုဟင်ဂျာ ကလေးငယ် ကူလ်ဆွမ်း ဘီဘီဟာ ပြိးခဲ့ စက်တင်ဘာလအတွင်းမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

    BBC ။   ။ ဒါပေမယ့် ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဖက်က ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။ ဒီတော့ ဒီကားရိုက်ကူးစဉ်တုန်းကရောဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဖက်ကို မေးမြန်းတာတွေ လုပ်ခဲ့သေးလားရှင့် ။

    Phil Rees  ။     ။ ကျွန်တော့အနေနဲ့ ၇ခိုင်အစိုးရဖက်က အာဏာပိုင်တွေနဲ့ စကားပြောဖြစ်ပါတယ်။ အခုတကယ်ဖြစ်နေတာက ၁၉၈၂ ခုနှစ်နိုင်ငံသားဥပေဒေအရ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့ကိစ္စက နေ စတယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ ရခိုင်ပြည်မှာလက်ရှိအာဏာရနေတဲ့ ပါတီတွေကလဲပဲ အမျိုးသားရေးပါတီတွေဖြစ်သလို သူတို့ကလဲ ဒီကိစ္စတွေကြီးထွားလာအောင် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်နေပါတယ်။ အစိုးရကလဲပဲ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေကို အကာအကွယ်မပေးပါဘူး။ အခုရိုဟင်ဂျာတွေထွက်ပြေးတဲ့အတွက် ပင်လယ်ထဲမှာ သေဆုံးတာတွေအများအပြားရှိတယ် ။ဘယ်လောက်သေတယ်ဆိုတာ အတိအကျမပြောနိုင်သလို အစိုးရရဲ့ ကိန်းဂဏန်းတွေကိုလဲပဲ အတည်ယူလို့မရပါဘူး။ ဘင်္ဂလားဒေရှ့် နိုင်ငံမှာကိုပဲ ဒီဒုက္ခသည်ပေါင်း လေးသောင်းလောက်ရောက်နေတဲ့အတွက် ဒီနေရာမှာ ပြသနာမရှိပဲသူတို့ဘယ်လိုမှ ထွက်ပြေးမှာမဟုတ်ပါဘူး။ ကျွန်တော့အနေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးရောက်ရှိလာတဲ့ မျက်မြင်သက်သေဆယ့်နှစ်ယောက်ကို မေးမြန်းပြီးတော့ ဒီဇာတ်လမ်းတွဲထဲမှာ သူတို့ရဲ့ ဖြစ်စဉ်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။

    BBC ။   ။  ရခိုင်ဒေသကို ကုလသမဂ္ဂ၊ အိုအိုင်စီ စတဲ့ နိုင်ငံတကာအဖွဲ့တွေကိုလဲ လွတ်လွတ်လပ်လပ် ၀င်ခွင့်ပြုခဲ့တာမျိုးတွေ့ရပါတယ်။ ဒီတော့ သူတို့ကရော ရခိုင်ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုပြီးတော့ ဘာကြောင့်စွပ်စွဲပြောဆိုတာမျိုးမတွေ့ရတာပါလဲရှင့်။

    ကျွန်တော် ယူအန် ကတာဝန်ရှိတဲ့ အကြီးအကဲ တစ်ယောက်နဲ့ စကားပြောကြည့်ပါတယ်။ သူကတော့ ဘယ်သူဆိုတာ အမည်ဖော်လိုတဲ့ သဘောမရှိပါဘူး။ သူ့အနေနဲ့ ဒီမျိုးနွယ်စုတွေကို ဖယ်ရှားစေလိုတဲ့ စစ်ရာဇ၀တ်မှုသဘောလို့သူမြင်တယ်တဲ့။ နောက်တခါ အန်ဂျီအိုလို့ခေါ်တဲ့ ရခိုင်ဒေသမှာသွားရောက်အလုပ်လုပ်ကိုင်နေတဲ့ တာဝန်ရှိသူအချို့ကို မေးမြန်းတဲ့အခါမှာလဲ ကျွန်တော်ပြောသလို ဂျီနိုဆိုက်လို့တော့ သူတို့ကမသုံးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ကမ္ဘာကစောင့်ကြည့်နေတယ်။ အဲ့ဒီအပြောင်းအလဲတွေကို ထိခိုက်ပျက်စီးမှာကိုလဲ မလိုလားဘူး။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုဟာဆိုလို့ရှိရင် ဒီအာရှ ပစိဖိတ်ဒေသထဲမှာ သူတို့ကွန်ယက်ကိုချဲ့ထွင်နေတဲ အချိန်မှာ မြန်မာကလဲ အရေးကြီးတဲ့ မဟာမိတ် အဖြစ်သူတို့ ရှုမြင်ကျတယ်။ ဒါကြောင့်မို့လို့ ပွင့်ပွင့်လင်းလင်း ဂျီနိုဆိုက်ဆိုပြီး ဝေဖန်စွပ်စွဲမှုတွေ မလုပ်ဖူးလို့ ကျွန်တော်ထင်ပါတယ်။

    အဲ့ဒါကတော့ Hidden Genosce သတင်းမှတ်တမ်းကား ရုပ်ရှင်ရိုက်ကူးခဲ့သူ Phil Rees ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

    BBC ။   ။   တခါ ရခိုင်ဒေသမှာရှိတဲ့ ဘင်္ဂလီမွတ်စလင်တွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား မျိုးနွယ်ထဲမှာ မပါကြောင်း သမိုင်း အထောက်အထားတွေနဲ့အတူ အဲ့ဒီသတင်း မှတ်တမ်းကားထဲမှာ ထောက်ပြပြောဆိုခဲ့သူ ဂျပန်နိုင်ငံ ခန်းဒ တက္ကသိုလ်က သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းကတော့ ဒီမှတ်တမ်းကားနဲ့ ပတ်သက်လို့ အခုလို ဝေဖန်ထောက်ပြထားပါတယ်။

    ဒေါက်တာအေးချမ်း။    ။ သူတို့ရိုက်ပြတဲ့ အချက်ပေါ့လေ။ ကျွန်တော် အားနည်းချက်တွေ အများကြီးတွေ့ပါတယ်။ ဥပမာအားဖြင့် ကျောက်နီမော်မှာ မသီတာထွေး မုဒိမ်းကျင့်ခံရတဲ့ ကိစ္စ၊ တောင်ကုတ်မှာ မွတ်စလင် တွေအသတ်ခံရတဲ့ ကိစ္စ ပေါ့လေ။ ဒါပေမယ့် ဒါတွေက တကယ်တမ်း ဟိုဟာဖြစ်မယ်ဆိုလို့ရှိရင် ရာဇ၀တ်မှုတွေပါပဲ။ မောင်းတောမှာ စပြီးတော့ ဖြစ်တဲကိစ္စကို သူတို့ကအပေါ်ယံရှပ်ပြီးတော့ ပြောသွားတယ်လေ။ မောင်းတောမှာက တကယ်တော့ အဲ့ဒီမှာ ဗလီဆင်းတဲ့ အချိန်နဲ့ မြို့ထဲမှာ တစ်ခါထဲ အကုန်လုံး လူတွေစုပြီးတော့ ပေါက်ကွဲပြီးတော့ ရခိုင်အိမ်တွေကို တိုက်ခိုက်၊ ဒီရပ်ကွက်တွေကို တိုက်ခိုက်၊ ရခိုင်တွေကို သတ် အဲ့ဒလို လုပ်တာပေါ့။ နောက်တစ်ချက်က အဲ့မှာ ပြောသွားတဲ့ အချက်က ဒီရခိုင်တွေကပဲ မောင်းတောဆေးရုံကို တိုက်ခိုက်သလိုလို အဲ့လိုပြောသွားတယ်လေ။ အဲ့ဒါလုံးဝမှားတယ်။ အဲ့ဒီမောင်းတော ဆေးရုံကို ၀င်ပြီးတော့ တိုက်ခိုက်တာဟာ ဘင်္ဂလီတွေက ၀င်ပြီးတော့ တိုက်ခိုက်တာ။     အဲ့ဒီမှာ ဘင်္ဂလီ အမျိုးသမီးက သူဆေးရုံတက်နေတဲ့ အချိန်မှာ ရခိုင်တွေက ၀င်တိုက်တယ်လို့ပြောတယ်ဆိုတာ မဟုတ်ဖူးလေ ကျွန်တော်တို့ ကြားရသလောက်။ နောက်တစ်ချက်က ဘာလဲဆိုရင် သူရိုက်ပြနေတဲ့ဟာက မိသားစု တစ်ခုထဲကိုပဲ ရိုက်ပြနေတာ ဖြစ်နေတယ်လေ။ ဖြစ်နေတဲ့ အခါကျတော့ ဒီမိသားစုက ဘယ်မှာနေတာလဲ။ မောင်းတောမှာ နေတာလား၊ စစ်တွေမှာ နေတာလား၊ နောက်တစ်ခု အဲ့ဒီ ဘင်္ဂလီ စင်တာ ပရိုဂရမ်လို ဖြစ်နေတာ ။ ဒီဘင်္ဂလီတွေကိုပဲ ဗဟိုပြုပြီးတော့ ရိုက်ပြတဲ့အစီစဉ်လိုဖြစ်နေတယ်။

    BBC ။   ။   ဟုတ်ကဲ့ရှင့်။ အဲ့တော့ သူ့ရဲ့ အဓိကခေါင်းစဉ်ကိုက ဒီဘင်္ဂလီ မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ခံနေရတယ်ဆိုတဲ့ အကြောင်းကို မှတ်တမ်းတင် ရိုက်ပြသွားပါတယ်။ အဲ့တော့ အဲ့သလို သူတို့ စွတ်စွဲပြောဆိုထားသလိုပေါ့လေ လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေမျိုးရော တွေ့ရပါသလား။ အဲ့ဒါကရော ဘယ်လောက် အဖြစ်မှန်နဲ့ နီးစပ်တယ်လို့ တွေ့ရပါလဲရှင့်။

    ဒေါက်တာအေးချမ်း။    ။ ကျွန်တော်တောက်လျှောက်ကြည့်လာတာ ဒီရဲအဖွဲ့ကပဲ ထိန်းသိမ်းသွားတာကို သိရတယ်ပေါ့လေ။ တောက်လျောက် . ပထမအကြိမ်ဖြစ်တဲ့ အခါမှာရော ။ ဒီ န.စ.က က နောက်ကမှ ရံပြီးတော့ ဒီလူကို ရဲအဖွဲ့ကမနိုင်မှ ၀င်တဲ့ အနေထားရှိတယ်ပေါ့လေ။ သူတို့က ဒီ န.စ.က ကပဲ ၀င်ပြီးတော့ ဘင်္ဂလီတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ ပုံစံမျိုး အဲ့လိုရိုက်ပြတယ်ဆိုတဲ့ဟာ တကယ်တမ်း one sided version တဖက်သတ်စကား၊ တဖက်သတ်စွတ်စွဲချက်လိုပဲ ဖြစ်နေတယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲ့တော့ ဒီအပေါ်မှာပြောနေတာကလဲ အကုန်လုံးက ဘင်္ဂလီတွေကပဲ ပြောနေတယ်။ တခြားရခိုင် အရပ်သားတွေ၊ ခံစားနေရတဲ့ ရခိုင် ဒုက္ခသည်တွေကိုကျတော့ သူက ဘာဖြစ်လို့ မမေးနိုင်ရတာလဲ။ အဲ့ဒီဟာက သိပ်ပြီးတော့ ရိုးသားမှုမရှိဘူးလို့ ကျွန်တော်ထင်တယ်။

    ဂျပန်နိုင်ငံ ခန်းဒ တက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကို ဆက်သွယ်မေးခဲ့တာပါ။