News @ M-Media

Blog

  • လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဖို့ အခြေခံဥပဒေနှင့်  နိုင်ငံသား ဥပဒေ ပြင်ဆင် ကြပါစို့

    လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဖို့ အခြေခံဥပဒေနှင့် နိုင်ငံသား ဥပဒေ ပြင်ဆင် ကြပါစို့

    ဒီဇင်ဘာ ၇ ၊ ၂၀၁၂
    M-Media
    မောင်သမာဓိ

    လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေတွေကို ပြင်ဆင်ရေးဆွဲ ကြပါစို့

    Alternative Headings

    (A) လူသား သယံဇာတ နှင့် သဘာဝ သယံဇာတ အပြန်အလှန် အကျိုးပြုမှသာ တိုင်းပြည်တစ်ခုသည် တည်ငြိမ်စွာ ရေရှည် ဖွံ့ဖြိုးနိုင်မည်။

    (B) သင်္ဃန်းကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံ အိတ်ဖွင့်ပေးစာ

     

     

     

     (က)။ လူ့ စွမ်းအား အရင်းအမြစ် တစ်ခုတည်း ဖွံ့ဖြိုးရုံမျှနှင့် ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံ တစ်ခု ဖြစ်နိုင်သည်။

            လူ့ စွမ်းအား အရင်းအမြစ် ဟူသောစကားရပ်ကို သက်ဆိုင်ရာ လုပ်ငန်းအလိုက် နည်းပညာများကို ကျွမ်းကျင် ပိုင်နိုင်သည့်အပြင် ကိုယ်တိုင် လုပ်ဆောင်နိုင်သူများ ဟု ကိုယ်ပိုင် အဓိပ္ပါယ် (Definition) ဖွင့်ဆို ချင်သည့် အပြင် လူသား သယံဇာတ ဟူ၍ တင်စား ခေါ်ဝေါ်ချင်ပါသည်။

    သောက်ရေကိုပင် အိမ်နီးချင်းနိုင်ငံများမှ ဝယ်ယူသောက်ရသည့် သယံဇာတရှားပါးသော စကာင်္ပူ နိုင်ငံသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး၍ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး စာရင်းဝင် နိုင်ငံတစ်ခု  ဖြစ်၏။ ကိုလိုနီ အဖြစ် ချဲ့ထွင်စရာ မြေမရှိတော့ မြန်မာနိုင်ငံမှ သဲများကို ဝယ်ယူပြီး (Man-made) ကျွန်းလုပ်ကာ နယ်မြေ ချဲ့ရသည့် အထိ တိုးတက်ကုန်၏။

    သဘာဝ သယံဇာတဆိုလို့ ကျောက်မီးသွေး တစ်မျိုးသာ ထွက်သော ဂျပန်နိုင်ငံ၏ ဒုတိယကမ္ဘာစစ်ကြီး အပြီးအံ့မခန်းတိုးတက်မှုသည်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် အဓိက မူတည်၏။

    မြန်မာနိုင်ငံလောက် မြေပေါ် မြေအောက် သယံဇာတ မကြွယ်ဝသော ကိုရီးယား နိုင်ငံသည်လည်း ဒုတိယ ကမ္ဘာစစ်အပြီး လူ့စွမ်းအားအရင်းအမြစ်ကြောင့်ပင် တိုးတက်၏။ အနုပညာဖက်တွင်လည်း ကိုရီးယား အဆိုတော် Psy (စိုင်း)၏ Gangnam Style နှင့် K-pop သည် ကမ္ဘာကြီးကို ကိုင်လှုပ်သောကြောင့် သင်ကိုယ်တိုင် လက်နှစ်ဖက်ကို လက်ကောက်ဝတ် နေရာတွင် ယှက်လျှက် ရှေ့သို့ဆန့်တန်းကာ ကလေးငယ်များ မြင်းစီး သည့်သဏ္ဍန် ဆတ်တောက် ဆတ်တောက်ပြုရင်း ခြေနှစ်ဖက်ကား၍ ကွတတ နေအထားဖြင့် ဘယ်ညာ တစ် လှည့်စီ ခုံဆွခုံဆွ လုပ်ကြည့်ဘူးပါလိမ့်မည်။

    အထက်ပါ နိုင်ငံတွေဟာ လူ့စွမ်းအား အရင်းအမြစ်တွေကို ပြည်တွင်းဖြစ်နဲ့ မလုံလောက်လို့ ပြည်ပကပါ မှာယူတင်သွင်းနေချိန်မှာ မြန်မာနိုင်ငံကတော့ ခွဲခြားဆက်ဆံမှု နည်းမျိုးစုံသုံးပြီး ပြည်တွင်းက လူ သယံဇာတ တွေကို ပြည်ပကို မထွက် ထွက်အောင် တစိုက်မတ်မတ် လုပ်နေကြတယ်ခင်ဗျာ့။ မြန်မာဘုရင်များခေတ်က လူ သယံဇာတ၊ လူ့ စွမ်းအင် အရင်းအမြစ်နဲ့ ပညာရှင်တွေကို စစ်တိုက်ပြီး ရှာဖွေစုဆောင်းခဲ့ကြရတယ်။

    ကောင်းပြီ……..ဒါဆိုရင် သူတို့လို ချမ်းသာတဲ့  နိုင်ငံတွေလိုမျိုး လူသားသယံဇာတ ပေါကြွယ်ဝအောင် ဘာတွေလုပ်ရင် ကောင်းမလဲ။ ရှေးက ဗမာဘုရင်များလို စစ်တိုက် နိုင်တဲ့ စွမ်းရည်တွေလည်းမရှိလေတော့ အခြားနည်းလမ်းများ စဉ်စားကြည့်ကြရအောင်။

    (ခ)။ ပြန်ပြည့်မြဲ လူ သယံဇာတ (Renewable Human Resources)                             

            လူတွင် သင်ကြား၍ ရသူနှင့် သင်ကြား၍ မရသူ ဆိုပြီး နှစ်မျိုးသာ ရှိကြောင်း အမေစု ပြောဘူးပါသည်။ ခေတ်မီနည်းပညာများကို ပြည်တွင်းနှင့် ပြည်ပတို့တွင် နည်းစံနစ်ကျစွာ လေ့ကျင့်ပေးပြီး လူတော် သယံဇာတ များ မွေးထုတ် နိုင်ပါသည်။ အသစ်အသစ်သော နည်းပညာတွေကို သင်ပေးနိုင်လို့၊ Recrew လုပ်လို့ ရတဲ့ အတွက် လူ သယံဇာတတွေကို ပြန်ပြည့်မြဲ အရင်းအမြစ် (Renewable Resources)  လို့ ကျနော့် စိတ်ကြိုက်  နာမည် ပေးလိုက်မိပါတယ်။

    အသားအရောင်၊ ဘာသာ၊ လူမျိုး၊ ကပြား၊ သွေးနှော စသည်ဖြင့် ခွဲခြားဆက်ဆံမှု မပြုဘဲ၊ လွတ်လပ်စွာ ယှဉ်ပြိုင်စေခြင်းဖြင့်သာလူတော်၊ လူကောင်းများကို ရွေးချယ် နိုင်ပါလိမ့်မည်။ သမ္မတ အိုဘားမား ပြောသကဲ့ သို့ မြန်မာနိုင်ငံ၏ ကွဲပြားခြားနားမှုများ (Diversities) ကို အားအဖြစ် ပြောင်းကာ ရှေ့သို့  ၂ ဆတိုးကာ အမြန်ချီ မှ နှစ် ၅၀ နောက်ကျနေလျှင် နှစ် ၅၀ အကြာတွင် တန်းတူရည်တူ ဖြစ်နိုင်သည်။

    အလျှင်းသင့်၍ နမူနာအနေဖြင့် ပြောပြချင်သေးသည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်လေ့ရှိသည့် ကျောင်းသား စုံညီပွဲတော်သို့ စေလွှတ်ရန် မြန်မာ ကိုယ်စားလှယ် ကျောင်းသား လူငယ်များ ရွေးချယ်ရာတွင် မွတ်ဆလင် ကျောင်းသားများကို မရွေးချယ်ရန် ညွှန်ကြားထားကြောင်း ကြားသိရပါသည်။ ကောလဟာလ ဖြစ်ပါစေဟုသာ ဆုတောင်းနေမိပါသည်။

    တစ်နည်းအားဖြင့် Citizen Right အပြည့်အဝ ပေးရန်လို၏။ အိုဘားမား မိန့်ခဲ့သည့် အတိုင်း ဥပဒေ အောက်တွင် နိုင်ငံသားအားလုံး အညီအမျှ ဖြစ်ရာ၏။ ဘက်မလိုက်သင့်ပါ။ သို့မှသာ လူ့စွမ်းအား အရင်းအမြစ် များနှုင့် လူတော် သယံဇာတများ အမှန်တကယ် ဖွံ့ဖြိုးနိုင်မည် ဖြစ်၏။

    (ဂ)။ ဘူးသီးအပွေးသတ် လူသားအရင်းအမြစ် ပိုင်ဆိုင်ရသည့် အကြောင်းရင်းများ။

            ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို ပြန်ပြောင်းပြောပြချင်ပါသေးသည်။ တနေ့သောအခါ မော်စီတုံး၏ စီမံ ခန့်ခွဲမှု ညံ့ဖျင်းသောကြောင့် ထမင်းရည် သောက်ရလောက်အောင် ဆင်းရဲတွင်းနက်နေသော တရုတ်ပြည်မှ ငယ်သူငယ်ချင်း ၂ ဦးသည် သင်္ဘောံအတူစီးကာ အရှေ့တရုတ်ပင်လယ်မှ ထွက်ပြေးခဲ့ကြလေ၏။ လမ်းစားရိတ် လုံလုံလောက်လောက် မပါသော ဆင်းရဲသည့် သူငယ်ချင်း ဖြစ်သူသည် စင်္ကာံပူဆိပ်ကမ်းတွင် ဆင်းကျန် နေရစ် ခဲ့ရပြီး၊ လမ်းစားရိတ် ပိုက်ဆံအနည်းငယ် ပို၍ပါသော ကျန်တစ်ဦးမှာ ထိုအချိန်က စီးပွားရေး အခွင့်အလမ်းများ ပိုမိုကောင်းမွန်သော မြန်မာပြည်သို့ အရောက် သင်္ဘောံကို ဆက်လက်စီးနင်းခွင့်ရလေ၏။

    နောင်အနှစ် ၃၀ အကြာ လူသားအရင်းအမြစ် အမှန်တကယ် ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသော စင်္ကာံပူနိုင်ငံတွင် ဆင်းကျန်ရစ်ခဲ့ရသည့် သူငယ်ချင်းသည် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းနှင့် ကုမ္ပဏီများ တည် ထောင်ကာ ချမ်းသာနေချိန်တွင် နောင်များ မကြာမီ ဘူးသီးအပွေးသတ် လူသားသယံဇာတများ ဖန်တီးမွေးထုတ် တော့မည့် မြန်မာနိုင်ငံ၌ ဆိုက်ဆိုက် မြိုက်မြိုက် အခြေချမိသည့် ကျန်တယောက်မှာမူ တရုတ်ပြည်တွင် နေခဲ့ ရသော ဘဝထက်စာလျှင် ပိုမို ကောင်းမွန်သော်လည်း လူတန်းစေ့နေနိုင်ရုံသာရှိလေ၏။

    (မှတ်ချက်။     ။ မြန်မာနိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုများနှင့် လူသား သယံဇာတအပါအဝင် ကုန်လုပ် အရင်းအနှီးများ ဘူးသီး အပွေးသတ် ဖြစ်ခဲ့ရပုံကို ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ၏ မှားလို့ မှားမှန်း မသိခဲ့သော အမှားများ ဆောင်းပါးတွင် စောင့်မျှော် ဖတ်ရှုပါရန်။)

    ကမ္ဘာပေါ်တွင် ကိုလိုနီဖြစ်ခဲ့ဘူးသော နိုင်ငံများနှင့်သော် လည်းကောင်း ဒုတိယ ကမ္ဘာစစ် စစ်မီးတောက် ခဲ့သော နိုင်ငံများနှင့်သော် လည်းကောင်း၊၊ မြန်မာနိုင်ငံနှင့် လွတ်လပ်ရေး တပြိုင်နက် ရသော နိုင်ငံများ နှင့်သော် လည်ကောင်း၊  မြန်မာနိုင်ငံ ထက် လွတ်လပ်ရေး နောက်ကျ၍ ရသောနိုင်ငံများနှင့်သော် လည်းကောင်း၊ နောက်ဆုံး အိမ်နီးနားချင်း နိုင်ငံများနှင့်သော် လည်းကောင်း၊  မြန်မာနိုင်ငံကို နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံ၏ အထွေထွေ ခေတ်နောက်ကျမှုသည် ဒုတိယကမ္ဘာစစ်နှင့် ကိုလိုနီ သမိုင်း အမွေဆိုးကြောင့်ဟု သမိုင်းကို မှားယွင်းစွာ သုံးသပ် သောကြောင့် သမိုင်း သင်ခန်းစာအမှန် ဖြစ်သော လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အဘက်ဘက်တွင် အားနည်းချွတ်ချော်သော စီမံခန့်ခွဲမှုများရှိနေသည်ကို မျက်ကွယ်ပြုရာရောက်၏။

    ထင်ရှားအောင်ပြောရလျှင် ခေတ်အဆက်ဆက်မှ ယနေ့တိုင် တိုင်းပြည်အရေး ဆုံးဖြတ်ပိုင်ခွင့်ရှိသူ အများစုသည် မနာလို ဝန်တိုစိတ်ဟူသော မောဟ ကြီးသူများဖြစ်၍ တရားမျှတမှုကို မမြင်နိုင်ကြသောကြောင့် ရေလိုက်လွဲနေ ကြရသည်။၂၀၁၂ ခုနှစ် အတွက် ကမ္ဘာပေါ်မှာ အဂတိ အကင်းဆုံး(အကျင့်ပျက် ချစားမှု အနည်းဆုံး) နိုင်ငံများ စားရင်းတွင် အောက်ဖက်မှ ပြန်ကြည့်လျှင် ၅ နိုင်ငံမြောက် နေရာတွင်ရှိနေသော မြန်မာနိုင်ငံတွင် တရားမျှတမှုများ မလွဲမသွေ ကင်းမဲ့နေပါလိမ့်မည်။

             ၁၉၈၂ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ပြန်မပြင်လျှင် တတိယမျိုးဆက်ကျမှသာ နိုင်ငံသားဖြစ်ခွင့် ရှိသည်ဆိုသည့် ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံကမျှ မကျင့်သုံးသော ကန့်သတ်ချက်ကြောင့် လူသား သယံဇာတကောင်း မြောက်မြားစွာ ဆုံးရှုံး နေပါ ဦးမည်။ ခွဲခြားဆက်ဆံမှုများသည် လူ့စွမ်းအား အရင်းအမြစ်ကို မဖွံ့ဖြိုးစေသည် သာမက လူသယံဇာတကို ပြုန်းတီးစေ၏။ တစ်နည်းအားဖြင့် ဦးနှောက်ကို ယိုစီးစေ၏။

             လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို အားပေး ခွင့်ပြုမှသာ လူတော် သယံဇာတများကို ရမည်။ တော်မည် ထင်သူ များကို ဘေးဖယ်၍ ညံ့သူများ အချင်းချင်းသာ ပြိုင်စေပါက အနူတောမှ လူချောများသာ ရမည်။ နိုင်ငံတော် ယန္တရားကို အနူတောမှ လူချောများနှင့် အနှစ် ၅၀ ခန့် လည်ပတ်စေပြီးသောအခါ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသို့ ဆိုက်ရောက်သွားကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရ၍ အကြိမ်ကြိမ် နောင်တရသင့်ကြပါပြီ။

    ယ္ခင် တွေ့ကြုံခဲ့ဘူးသော ပိတ်ဆို့မှု (Sanction) အသီးသီးသည် မြန်မာနိုင်ငံ ပြည်တွင်းမှ စတင်သည်ဟု ပြောရမလောက်ပင် ဖြစ်၏။ ပိတ်ဆို့၊ ခွဲခြားရေးကရိယာများမှာ အခြားမဟုတ်၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း ပုဒ်မ ၁၂၀ (ခ) (ဃ)၊ ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ၊ ကပြား၊ သွေးနှော၊ ဘာသာခြား၊ ရိုဟင်ဂျာလူမျိုး၊ တိုင်းရင်းသား သူပုန်နှင့် နိုင်ငံရေးသမားဟူ၍ ဖြစ်ပါသည်။

    အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဟု ဗုဒ္ဓဟောသော မေတ္တာသုတ်ကဆို၏။  နိုင်ငံတွင်းရှိ လူမျိုးစုံတို့အကြား အပြန်အလှန် အသိအမှတ်ပြုမှု၊ နားလည်မှုနှင့် အပြန်အလှန်လေးစားမှု ရှိသော လူ့အဖွဲ့အစည်း နှင့် ထိုအရာများမရှိသော အဖွဲ့အစည်း ဘယ်သင်း (ဒင်း) က တိုးတက် သာယာအေးချမ်း မည်နည်း။ ထို့ကြောင့် ကျနော် စကားပြောဆိုရာတွင် အခွင့်အခါသာတိုင်း ကျဉ်းမြောင်းသော အဓိပ္ပါယ်ရှိသည့် တိုင်းပြည် နှင့် လူမျိုး အတွက်ဟု မသုံးနှုံးဘဲ တိုင်းပြည်နှင့် နိုင်ငံသားများ အတွက် အလုပ်လုပ်ပါသည်ဟု သုံးနှုံးလေ့ ရှိပါသည်။

    လွန်ခဲ့သော ၃၅ နှစ်ခန့်က မှားယွင်းစွာ ရေးဆွဲထားသော ဥပဒေများဖြင့် ဝိုင်းပယ်ခြင်း၊ တပ်နှင့် အရပ် သား ခွဲခြားဆက်ဆံ ခံရခြင်း၊ မထိုက်တန်သော လုပ်ခလစာများကြောင့် ပြုံးတီးခဲ့ရသည့်ကျနော့် ပတ်ဝန်းကျင် သေးသေးလေးတွင် ရှိသော လက်လှမ်းမီသမျှ လူသားသယံဇာတ(၇) မျိုး အကြောင်းကို ပြောပြ ချင်ပါ သေးသည်။

    (၁) ပထအဆုံး တင်ပြချင်တဲ့ အချက်က နိုင်ငံရေးလုပ်လို့ သို့မဟုတ် နိုင်ငံရေး သမားနှင့်အမျိုးတော်လို့ သို့မဟုတ် နဝတ အစိုးရရဲ့ မေးခွန်း ၃၀ ကို အာဏာပိုင်များ အကြိုက် မဖြေမိလို့ လူ့ အရင်းအမြစ် အများအပြား ပြုန်းတီး ခဲ့ရတဲ့ အကြောင်းများနှင့် စချင်ပါသည်။

    ခေတ်အဆက်ဆက် ဆန္ဒပြရာတွင် ပါဝင်သူများသည် အပြစ်ဒဏ် ကျခံပြီးသော်လည်း ကျောင်းအသီးသီး တွင် ဆက်လက် ပညာသင်ခွင့်ကို ပိတ်ပင်ခြင်း ခံခဲ့ကြရ၏။ သခင်ဗသိန်းတင်နှင့် ညီအစ်ကို ဝမ်းကွဲတော်လို့ နိုင်ငံခြားသို့ Study Tour သွားရန် ငြင်းပယ်ခြင်းခံရသူ ကျနော်၏ ဆရာရင်း OG ပါမောက္ခ တစ်ဦး ရှိခဲ့ဘူးပါသည်။

    အမျိုးသမီး တစ်ဦးသည် နိုင်ငံတစ်ခုကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ပါမည်လားဟု မေးလာသော မေးခွန်းကို သိချင်ရင် သမ္မတအဖြစ် အစမ်းခန့်ကြည့် လိုက်ပါဟု ဖြေဆိုသော ဆေးသုတေသန ဦးစီးဌာန ဝန်ထမ်း ဆရာဝန်တစ်ဦး အလုပ်ဖြုတ်ခံရသည်။

    Code of conduct ကို မချိုးဖေါက်သော်လည်း နိုင်ငံရေုးလုပ်လို့ဟု အကြောင်းပြကာ ဆမ အသိမ်းခံရသော ဆရာဝန်များ ထုနှင့်ဒေး ရှိ၏။ ကျနော်အပါအဝင်ဖြစ်သော ဆရာဝန်များကိုယ်တိုင်က ဘဝတူ ဆရာဝန်များ၏ အခွင့်အရေး ချိုးဖေါက်ခံနေရမှုကို လက်ပိုက်ကြည့်နေခဲ့ခြင်းက Hell hound at large ဖြစ်စေတော့တာပါဘဲ။ ကိုယ့်အလှည့် ဘယ်အချိန် ရောက်လာလေ မလဲ မှန်းဆရင်း ထိုင်စောင့် နေခဲ့ကြရတယ်။

    လက်ရှိ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ဟင်္သာံတမြို့ကို အုပ်ချုပ်ချိန်ကဖြစ်၏။ အော်တို တယ်လီ ဖုန်း ၅  လုံးကို ချိတ်ပိတ်တင်ဒါခေါ်ရာ ဆရာဝန်တစ်ဦးသည် ကျပ်ငွေ ၇၁၀၀၀ (ခုနှစ်သောင်း တစ်ထောင်) နှင့် ဖုန်းတစ်လုံးတပ်ဆင်ခွင့် ဒုတိယ အများဆုံး တင်ဒါအောင်သောကြောင့် ဘဏ်သို့ငွေ ပေးသွင်း ရ၏။ နောက် တနေ့တွင် ဆရာဝန်၏  အစ်မ သည် ၈ လေးလုံး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ဘူး၍ ဖုန်းတပ်ဆင်ခွင့် မရှိပါဟု အကြောင်းကြားကာ အခွန်ဦးစီးမှ ငွေပြန်ထုတ်အမ်း ပေးပါသည်။ ထိုဆရာဝန်လေး၏ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု စွမ်းရည် လျှော့ခဲ့ရပါသည်။

    (၂) ဒုတိယ ခွဲခြားဆက်ဆံပုံက ထင်ရှားသည်။ ကရင့်တော်လှန်ရေးကြောင့် ကရင် တိုင်းရင်းသားများ တပ်တွင်း ရာထူး မတက် တော့ပါ။

    (၃) ရေးဖြေနှင့် ကြံ့ခိုင်ရေး ဖြေဆိုမှုများတွင် ဒုတိယ အမှတ် အများဆုံးဖြစ်သော်လည်း DSA တက်ခွင့် စားရင်းတွင်မပါ၍  စုံးစမ်းကြည့်ရာ ကိုးကွယ်သည့် ဘာသာကို အစ္စလာမ်ဟု ရေးထားသောကြောင့်ဟု အကြောင်းပြန်၏။ တပ်သား စုဆောင်းရေး ဌာနများတွင်မှု မွတ်ဆလင် လူငယ်များကိုမူ ပုံစံစာရွက်တွင် ဗုဒ္ဓ ဘာသာဟု ဖြည့်သွင်းစေကာ တပ်သားသစ်အဖြစ် လက်ခံစုဆောင်း၏။

    ကျန်းမာရေးဝန်ကြီး ဦးဖေသိန်းခေတ် မွတ်ဆလင်ဖြစ်၍ Professor ရာထူးမပေးသောကြောင့် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသော ခန္ဓာဗေဒ ကထိက ကျနော့်ဆရာ PhD Dr. John လှခိုင်သည် မလေး ဆေးကျောင်းတွင် Professor ရာထူး တန်း၍ ခန့်အပ်ခြင်းခံရ၏။

             (၄) ရိုဟင်ဂျာလူမျိုးဖြစ်၍ အထက်တန်းလွန် ပညာရပ်များ သင်ယူခြင်း ပိတ်ပင်ခံရ၏။ ကြုံကြိုက်တုံး ရိုဟင်ဂျာ တယောက်အကြာင်း ပုံပြင်တပုဒ်ပြောပြချင်ပါသေးတယ်။ တက္ကသိုလ်မှာ ဆက်လက်ပညာသင်ခွင့်ကို ဦးနေဝင်းအစိုးရက ပိတ်ပင်ခဲ့လို့ အမေရိကားကို ထွက်ပြေး ပြီး ပညာသင်ခဲ့ရတဲ့ ရိုဟင်ဂျာတယောက်ဟာ နျူးကလီးယား ပညာရှင် ဖြစ်သွားတယ် ခင်ဗျာ့။ ဘယ်သွားသွား Escort သုံးယောက် ပါတယ်။ နိုင်ငံရဲ့ အဖိုးတန် လူသယံဇာတ၊ ဦးနှောက် တစ်လုံး ယိုစီးသွားတာပေါ့။ ဒီဇာတ်လမ်းမှာ နစ်နာ သွားတာ ရိုဟင်ဂျာ မဟုတ်ဘူး။ မြန်မာပြည်သာ နစ်နာသွားတာပါ။

           (၅) သွေးနှော(One FRC) ဖြစ်လို့ အသက်မွေးဝမ်းကြောင်း တက္ကသိုလ် တက်ခွင့်မရသူ၊ ဘွဲ့လွန် သင်တန်းများ တက်ခွင့် မရသူတွေ အနတ္တဂ္ဂမ။ နောက်ဆုံး ပွဲစား၊ ဈေးသည်နဲ့ ကျူရှင်ဆရာတွေ ဖြစ်ကုန်ကြ၏။

             မှတ်ချက်။      ။ One FRC = ကိုယ်တိုင် မွေးရာပါ နိုင်ငံသားဖြစ်ပေမဲ့ မိဘတစ်ဦးဦးက နိုင်ငံခြားသားလက်မှတ် (FRC) ကိုင်ဆောင်သူ၊ တနည်း အားဖြင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေအရ ဒုတိယ မျိုးဆက်ဖြစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ်ပင် ရွေးကောက်ခံ ပိုင်ခွင့် မရှိသော်လည်း စစ်မှုထမ်းရန် တာဝန်ရှိသူ။

           (၆) All FRC ( ကိုယ်တိုင်က မြန်မာပြည်မှာ မွေးပေမဲ့ မိဘနှစ်ဦးစလုံး နိုင်ငံခြားသား လက်မှတ် ကိုင်ဆောင်သူ) ဖြစ်လို့ ဆေးကျောင်းက ကျောင်းထုတ်ခံရတဲ့ ကျောင်းသူ တစ်ယောက် ထိုင်ဝမ်မှာ ကျောင်းပြန်တက်ပြီး ဆရာဝန်ဖြစ်ကာ ထိုင်ဝမ်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်ပေးနေပါတယ်။

    All FRC ဖြစ်လို့ပညာရေး တက္ကသိုလ် တက်ခွင့်မရတဲ့ ကျောင်းသူတယောက်လည်း တိုင်ဝမ်မှာ ဆရာဖြစ် လက်မှတ် ၄ စောင်ရ စာသင်ကျွမ်းကျင်တဲ့ ဆရာမ ဖြစ်လို့နေပါပြီ။

    ဒါပေမဲ့ အဲ့ဒီ All FRC ကလေးကို နိုင်ငံသား မိဘ နှစ်ဦးက တရားဝင် စာချုပ်စာတန်းနဲ့ မွေးစားလိုက်ရင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် (Institute) တွေတက်ခွင့်၊ ဘွဲ့လွန် တက်ခွင့်တွေ ရပြန်ရောဗျ။ တော်တော်များများက ဒီအချက်ကို မသိလေတော့ အပေါ်က အမျိုးသမီး နှစ်ယောက်ဆိုရင် တရုတ် စာတွေ ကြိုးစားသင်ပြီး တိုင်ဝမ်ကိုသွားလို့ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ကြရတယ်။

    ကျနော့်နားထဲမှာ ကြားယောင်နေတာက လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ဆိုတဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတော်များ ရွတ်ဆိုတဲ့ ရှင်ကြီး ဂေါတမရဲ့ မေတ္တာသုတ်ကိုပါ။

           မှတ်ချက် ။     ။ သွေးနှောများကို အနှစ် ၅၀ ခန့် ပိတ်ဆို့ထားသော ဥပဒေကြောင့် ဖုံးမရ ဖိမရ ပေါ်လာတဲ့ ကိစ္စနက ကပြား (သွေးနှော) များကို နိုင်ငံသားများ အဖြစ် အသိအမှတ် မပြုတဲ့ နိုင်ငံတော်ကြီးက နိုင်ငံခြားတိုင်းပြည် အသီးသီးသို့ ပညာတော်သင် စေလွှတ်လိုက်ပြီး လုံးဝ ပြန်မလာတဲ့ သူများစာရင်း (Black List) ကိုလေ့လာကြည့်လိုက်တော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း ပုဒ်မ (၁၂၀) အပိုဒ်ခွဲ (ခ) မှာ ပြဌာန်းထားတဲ့ အတိုင်း အားလုံးဟာ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံ သားများသာ ဖြစ်နေပါတော့တယ်။ ဒါကြောင့် ဥပဒေပြုသူများ ရွတ်ဆိုရန် ဆောင်ပုဒ်လေးတစ်ခု ရေးပေး လိုက်ပါတယ်။ “ သွေးနှော ကင်းကွာ မရှိပါ ”။ ဌာနမှကင်းကွာ ဝန်ထမ်းကို အတိုကောက် ကင်းကွာဟု ခေါ်လေ့ ရှိကြပါသည်။

           (၇) တက္ကသိုလ် ကျောင်းဆရာမ တစ်ဦးသည် အလုပ်ထွက်၍ စင်္ကာံပူတွင် အိမ်ဖေါ်သွားလုပ်၏။        မြန်မာပြည်တွင် လုပ်ခလစာနည်း၍  (3 Ds) အလုပ်များ ဖြစ်သော ပန်းကန် ဆေးခြင်းနှင့် အခြားသော အလုပ်ကြမ်းမျိုးစုံ ကိုမြန်မာပြည်မှ ဆရာဝန်နှင့် အင်ဂျင်နီယာ ဘွဲ့ရများ ဂျပန်ပြည်သို့ အလုအယက် သွားရောက် လုပ်ကိုင်ခြင်းတို့ ခေတ်စားလာသည်အထိ ပြောင်းဆန် အောင်ဖြစ်နေပေမဲ့  အုပ်ချုပ်သူများ အနေဖြင့် ၎င်းတို့၏ Policy အမှားများကို ပြင်ရကောင်းမှန်း မသိလောက် မောဟတွေ ဖုံးနေခဲ့ကြ၏။ ဦးနှောက်မယိုစီးရန် ပညာရှင် များကို လုပ်ခလစာ ထိုက်ထိုက်တန်တန် ပေးရန်လိုပါသည်။ နှိမ်လို့ရတိုင်း မနှိမ်သင့်ပါ။

    အထက်ပါ ခွဲခြားဆက်ဆံခြင်း ဝါဒကို အနှစ် ၅၀ ခန့် စွဲစွဲမြဲမြဲ ကျင့်သုံးပြီးသောအခါ တိုင်းပြည်အဖို့ လူ့စွမ်းအား အရင်း အမြစ်များလေလွင့် ပြုံးတီး ယိုစီးသောကြောင့် အဆင်းရဲဆုံးနိုင်ငံ အဖြစ်ကြေငြာခဲ့ရရုံမက အကြွေး မဆပ် နိုင်သော နိုင်ငံအဖြစ် မှတ်တမ်း ဝင်သွားပါတော့သည်။

    ဝိုင်းပယ် ခွဲခြားဆက်ဆံခြင်း ခံရသူ အများစုမှာမူ အခြေအနေပေးရာ ဒေသနှင့် လောကအသီးသီးသို့ ဝင် ရောက်လုပ်ကိုင်ကြရာ ၎င်းတို့ Crazy ဖြစ်ခဲ့၊ စိတ်ကူးယဉ်ခဲ့ရသော ဘဝများထက် ပိုမို သာလွန် သော အောင်မြင် မှုများကို ရကြသည့် အတွက် အနှိမ်ခံရပေမဲ့ မနိမ့်ကျခဲ့ပါ။ တိုင်းပြည်သာ နစ်နာကျန်ခဲ့၏။

    (ဃ)။ သဘာဝ သယံဇာတများသည် အမွေလော၊ ကျိန်စာလော။

            မြန်မာနိုင်ငံ၏ ပေါများသောဆန်ရေစပါး၊ သစ်တော သယံဇာတ၊ သတ္တုမိုင်းများနှင့် အရောင်ရှိ ကျောက်မျက် (Colour stones) တွင်းတို့ကြောင့် အင်္ဂံလိပ်တို့၏ နှစ် ၁၀၀ ကျော် ကျွန်ပြုခြင်းကို ခံခဲ့ရ၏။

            Blood Diamond နာမည်ကျော် ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးကြပါလိမ့်မည်။ အာဖရိက နိုင်ငံတစ်ခု၏ စိန်တွင်းများသည် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် အရင်းအနှီးများ မဖြစ်ခဲ့ဘဲ စိန်တွင်းလုသည့် ဒုစရိုက်မှုများသာ ထူပြောစေခဲ့သည့်အပြင် နိုင်ငံတော်သမ္မတကိုယ်တိုင် ဟောလီဝုဒ် မင်းသမီးတစ်ဦးကို စိန်တုံးများ လက်ဆောင်ပေးခဲ့၍ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သေးသည်။

    အီရတ်နိုင်ငံသည် ရေနံသိုက်များ ပိုင်ဆိုင်မှုကြောင့် အမေရိကန်နှင့် ဗြိတိသျှတို့၏ ဖျက်အားပြင်း လက်နက် Weapon of Mass Destruction (WMD) ကို ရမယ်ရှာကာ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

    ရာစုနှစ်နှင့်ချီ၍ အတူနေခဲ့သော ရခိုင်နှင့် ရိုဟင်ဂျာတို့သည် ရခိုင်ကမ်းလွန် ရွှေ ရေနံနှင့် သဘာဝ ဓါတ်ငွေ့သိုက် တွေ့ရှိပြီးနောက် အထိကရုံး ဖြစ်ကြ၏။ ထိုင်းနိုင်ငံကို ဓါတ်ငွေ့ရောင်း၍ ရသည့် ဒေါ်လာငွေများ ခွဲဝေသုံးဆွဲ ရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု အမေစုက ဝေဖန်ဘူး၏။ နိုင်ငံတကာ သတင်းဌာနများကမူ မြေအောက်လှိုင်ခေါင်းတူးခြင်းနှင့် နျူကလီးယား လက်နက်ထုတ်လုပ်ရေး စီမံကိန်းတို့အတွက် သုံးဆွဲခဲ့သည်ဟု စွပ်စွဲကြ၏။

    စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု ရပ်တန့်စေလိုသော ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ထားသော သပိတ်စခန်းကို ၂၀၁၂ ခုနှစ် နိုဝင်္ဘာံလ ၂၉ (တန်ဆောင်မုန်း လပြည့်ည သန်းကောင်ကျော်) နံနက် လင်းအားကြီးအချိန်က အာဏာပိုင်များက ဝင်ရောက်ရှင်းလင်းရာ သံဃာ တော်အပါး ၆၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိကာ ဆေးပေါင်းမခဘဲ သွေးပေါင်းခသောည ဖြစ်သွားကြောင်းဆရာတော်တစ်ပါးက RFA တွင်မိန့်၏။

    ထို့ကြောင့်သဘာဝ သယံဇာတသည် အမွေလည်းဖြစ်နိုင်သလို၊ ကျိန်စာလည်းဖြစ်နိုင်ပါသည်။

    (င)။ လူ သယံဇာတ နှင့် သဘာဝ သယံဇာတ သဟဇီဝ (Symbiosis) ဖြစ်ရန်လိုသည်။

    မြစ်ဆုံဆည် တည်ဆောက်ပြီးစီးပါက သဘာဝပတ်ဝန်းကျင်ကြိမ်းသေ ပျက်စီးမည် ဖြစ်ကြောင်း တရုတ် သုတေသနစာတမ်းများက ဆို၏။ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းသည်လည်း တောင်များ ကိုဖြို၍ ကြေးနီထုတ်ယူသည့် နည်းစံနစ်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး၏။ ထို့ကြောင့် ထိုစီမံ ကိန်းနှစ်ခုစလုံးကြောင့် ပျက်စီးရမည့် သဘာဝ ပတ်ဝန်းကျင်များ ကုစားရေး စီမံကိန်းများ တပါတည်း တွဲလျှက် ရေးဆွဲထားသည်ဟု ဆို၏။

    မြစ်ရေချောင်းရေ ညစ်ညမ်းခြင်း၊ ငါးမျိုးတုံးနိုင်ခြင်း၊ လယ်ယာမြေပျက်စီးခြင်းနှင့် သဘာဝ သစ်တော ပျက်စီးမှုတို့ကြောင့် လူ သယံဇာတ၊ လူ့ စွမ်းအားအရင်းအမြစ်၊ လူသားမျိုးနွယ်များ တစ်နွယ်ငင် တစ်စင်ပါ ပျက်စီးနိုင်သောကြောင့် ထိုသို့သော သယံဇာတများကို ထုတ်ယူသုံးဆွဲဖို့ အလွယ်တကူ မဆုံးဖြတ်သင့်ပါ။ တစ်ဖက်ကမ်းပြို တစ်ဖက် သောင်ထွန်းဆိုသော မြန်မာစကားပုံသည် ဤပြဿနာ အတိမ်အနက်ကို ထင်းရှားစေ၏။ လူ့ စွမ်းအား အရင်းအမြစ်များ ကမ်းပြိုမည့် ကိစ္စကို အစကတည်းက လက်ရှောင်သင့်၏။

    လူသား သယံဇာတ နှင့် သဘာဝ သယံဇာတအပြန်အလှန် အကျိုးပျြုမှသာ တိုင်းပြည်တစ်ခုသည် တည်ငြိမ်စွာ ရည်ရှည် ဖွံ့ဖြိုးနိုင်ပါမည်။

    လူ သယံဇာတ၊ လူ့စွမ်းအင် အရင်းအမြစ်များကို ဖွံ့ဖြိုးစေမည့် သဘာဝ သယံဇာတ ထုတ်ယူသုံးဆွဲခြင်း များကိုသာ ဦးစားပေး စဉ်းစားသင့်ပါသည်။ သယံဇာတဟူသည် လူတို့ မဖြုံးတီးဘဲ သုံးစွဲရန်သာဖြစ်သင့်ပြီး လူသားတို့ အတွက် ကျိန်စာ မဖြစ်သင့်ပါ။ ဤဆက်စပ်မှုကို သဟဇီဝ (Symbiosis) ဟု အမည်ပေးချင်သည်။ တနည်းအားဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ပေါ့။

    ယ္ခုအခါ ကမ္ဘာပေါ်မှာ သဘာဝ ပတ်ဝန်းကျင် မပျက်စီးရလေအောင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တွေကို ဦးစားပေး ထုတ်ယူသုံးစွဲနေကြတာကလည်း အတုယူစရာ သဟဇီဝ (Symbiosis) တစ်ခုလို့  ပြောချင်ပါတယ် ခင်ဗျာ။

    (စ)။ Natural resources များအကြောင်း ဇာတ် ပေါင်းရင်း အကြံပြုကြပါစို့။

    အစိုးရတရပ်သည် အမွေရ သူဌေးသားကဲ့သို့ ဘိုးဘွားပိုင် သဘာဝ သယံ ဇာတများကို မဆင်မခြင် ထုခွဲ ရောင်းချကာ တိုင်းပြည်၏ ဝင်ငွေကိုမရှာဘဲ၊ ခွဲခြားဆက်ဆံမူ မရှိသည့်အပြင် ကောင်းမွန် မှန်ကန် မျှတစွာ ရွေးချယ် လေ့ ကျင့် ပေးထားသော လူတော် သယံဇာတ၊ လူ့အရင်းအမြစ်များကိုသာ ဦးစားပေး၊ အခြေခံ အရင်းတည်ပြီးတိုင်းပြည်၏ GDP (Gross Domestic Product) တိုးတက် ရန် ဆောင်ရွက်သင့် ပါသည်။

    သဘာဝ သယံဇာတများကို တိုင်းပြည်၏ အနာဂတ်နှင့် နောင်လာနောက်သားများအတွက် တတ်နိုင်သမျှ ထုတ်ယူမသုံးစွဲဘဲ ထိန်းသိမ်းထားသင့်သည်။ အမေရိကန်နိုင်ငံတွင် ကမ်းလွန်ရေနံ တူးဖေါ် ထုတ်လုပ်ရန် ကိစ္စကို Senate နှင့် Congress က ကန့်ကွက်၏။ တိုင်းပြည်အနာဂတ် အတွက် သယံဇာတ အရန်အဖြစ် ထိန်းသိမ်းထား၏။

    တိုင်းပြည်၏ သယံဇာတများကို ပြည်သူလူထုအတွက် အမွေသာဖြစ်စေပြီး၊ ကြိမ်စာမဖြစ်ရလေအောင်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးရအောင် သတိကြီးစွာဖြင့်၊ ခေါင်းကြီးကြီးနှင့် စဉ်းစားပြီးမှ ထုတ်ယူရန် ဆုံးဖြတ်သင့်ပါသည်။

    မိမိတိုင်းပြည်၏ ပိုင်ဆိုင်သော သယံဇာတများကို သဘာဝ ပတ်ဝန်းကျင် မထိခိုက်ရအောင် ထုတ်ယူ သုံးဆွဲ နိုင်မည့် အဆင့်မြင့် နည်းပညာ အမျိုးမျိုးနှင့် အကျိုးအပြစ်များကို နောကျေအောင် ကြိုတင်လေ့လာ ထားသင့်ပါသည်။ Renewable Enegy များ ထုတ်လုပ်ရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံသင့်သည်။

    နိုင်ငံပိုင် သယံဇာတများကို ရောင်းချ၍ရသော ဘဏ္ဍာငွေများကိုလည်း တိုင်းပြည်နှင့်လူထု အတွက် အကျိုးဖြစ်ထွန်းမည့် ကဏ္ဍများ၌သာ ပွင့်လင်းမြင်သာစွာ သုံးစွဲသင့်ပါကြောင်း အကြံပြု ရေးသားအပ်ပါသည်။

    (ဆ)။ Human resources များအကြောင်း ဇာတ်ပေါင်းရင်း အကြံပြု ကြပါစို့။

    လူသယံဇာတ၊ လူ့စွမ်းအားအရင်းအမြစ်များကို မပြုန်းတီးရအောင်၊ မယို စီးရလေအောင် ဂရုပြုဆင်ခြင်ကာ အဖေ သို့မဟုတ် အမေကိုယ်တိုင် မြန်မာဖြစ်ပါလျှက်နဲ့ တတိယ မျိုးဆက်ကျမှ နိုင်ငံသားဖြစ်ခွင့် ရမယ်ဆိုတဲ့ မည်သည့် နိုင်ငံမှ မကျင့်သုံးသည့် လူဝင်မှု ကြီးကြပ်ရေးဥပဒေကို အမြန်ဆုံး ပြန်လည်ပြင်ဆင် ရေးဆွဲသင့် ပါသည်။ ငကန်းသေ ငစွေပေါ်လိမ့် မည်ဟု တဇောက်ကန်း စိတ်ဓါတ်များ မထားသင့်တော့ပါ။

    ဆိုရိုးစကား တစ်ခုရှိ၏။ ဆရာဝန်မှားလျှင် တစ်ကြိမ်လျှင် လူနာတစ်ဦးသာ သေ၏။ အင်ဂျင်နီယာ မှားလျင် တိုက်ပြို၊ တံတားကျိုး၊ ရထားလမ်းချော်၊ တိုက်တင်းနစ် သင်္ဘောံနစ်မြုပ်ခြင်းနှင့် လေယာဉ်များ ပျက်ကျ နိုင်သောကြောင့် လူရာနှင့်ချီကာ သေနိုင်၏။ နိုင်ငံရေးသမား အနှစ် ၅၀ တိတိ မှားသောအခါ တစ်နိုင်ငံလုံး သေရုံမက တောင်ပိုင်းတွင် မြန်မာများ မဲဆောက် အမှိုက်ပုံသို့ ရောက်ပြီး၊ မြောက်ပိုင်းတွင် ကလေးအငှား မွေးကြရ ကုန်၏။

    မဲဆောက်၊ ရနောင်းတို့တွင် 3D (Difficult, Danger, Danger) အလုပ်များ လုပ်နေကြရသူ မြန်မာ များကို လက်သီးပုန်း စစ်ဝါဒီ (တိုင်းတပါးသားကိုကြောက်ပြီး ကိုယ့်နိုင်ငံသား အချင်းချင်း နှိပ်ကွပ်သောဝါဒီ) တို့က အမေကျော် ဒွေးဒေါ် လွမ်းသူများဟု ကင်းပွန်းတပ်ကာ မသိကျွမ်းကျင် ပြုကြ၏။ လူမျိုးကြီးဝါဒကိုင်စွဲသူ အမျိုးသားရေး ဝါဒီတို့ စားပြီး နားမလည်လုပ်နေကြ၏။ တစ်ချို့အိပ်ချင်ယောင်ဆောင်နေကြ၏။ ဒီလိုအဖြစ်မျိုး တွေ တကယ်ဖြစ်နေသလားဟု တစ်ချို့က ပြည်သူ့တရားရှင် ပေါင်ချိန်၏ လေသံနှင့် မေးကြကုန်၏။

    ကျနော်အားကျသော ဗိုလ်ချုပ်အောင်ဆန်း၏ လေသံဖမ်း၍ ပြောကြည့်ချင်ပါသေးသည်။ လုပ်ချင်ရာတွေ တဇွတ်ထိုးလုပ်ပြီး အချိန်တန်တော့ တာဝန်ယူမဲ့သူမရှိတာ ဗမာအစိုးရ အဆက်ဆက်ရဲ့ ယဉ်ကျေးမှု (ေ_ာက်ကျင့်) ဘဲ ဖြစ်တယ်လို့ ကျနော် ပြောရင် ခင်ဗျားတို့ ကျနော့်ကို စိတ်ဆိုးပါလိမ့်မည်။ နိုင်ငံ ချစ်ဇောနှင့် ပြောသော ပေါက်ကွဲ သံဇဉ်ဖြစ်၍ သည်းခံ ပေးကြပါဟု တောင်းပန်ချင်ပါသည်။

    အာဏာရှင်ခေတ်တွင် ပြည်သူများ နိုင်ငံရေး တာဝန်ကင်းသော်လည်း ဒီမိုကရေစီခေတ်တွင် ပြည်သူ များအနေဖြင့် တိုင်းပြည်အကျိုးပြုမည့် အတွေးအခေါ် ဝါဒ ရှိသူ နိုင်ငံရေးသမားများကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ရန် အထူးလို၏။ နိုင်ငံရေးသမားများကိုလည်း ထိရောက်သော မေးခွန်းများကို အားမနာတမ်း မေးတတ် ရန်၊ မေးရဲရန်လို၏။

    (ဇ)။ သင်္ဃံန်းကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံ အိတ်ဖွင့်ပေးစာ။

             သင်္ဃံန်းကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကို ကြုံကြိုက်တုံး ပြောချင်ပါသည်။ ဥပဒေသမား ဖြစ်ဖြစ်၊ စစ်သားဖြစ်ဖြစ် လူမျိုးကြီး မျိုးချစ်ဝါဒ ဟူသော မောဟအမှောင် ဖုံးနေလျှင် မနာလို ဝန်တိုစိတ်များ အစဉ် တိုးပွားကာ အမှန်ကိုမြင်နိုင်စွမ်း ရှိမည် မဟုတ်ပါ။ ဆေးကုစားတဲ့ ဆရာဝန်အများစု ကတော့ Ethic ရှိလို့ မောဟကင်း ပြီး လူ ကို လူ လို့ဘဲ မြင်တယ်ခင်ဗျာ့။ နိုင်ငံရေးသမား အတွက် ပြဌာန်းထားတဲ့ Ethic မရှိတော့ လုပ်ချင်ရာ လျှောက်လုပ်ပြီး၊ ပြောချင်ရာ စွတ်ပြောလေ့ ရှိကြတယ်။

    ဦးသိန်းညွှန့် အနေဖြင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေကို မောဟမျက်မှန် ချွတ်ပြီး ချဉ်းကပ်စေချင်ပါတယ်။ အခု မြန်မာနိုင်ငံဘွား နိုင်ငံတကာရောက် နိုင်ငံခြားသားတွေကို အမြဲတမ်းနေထိုင်ခွင့် PR (Permanent Resident) ပေးဖို့ ဥပဒေ ပြဌာန်းနေတယ်လို့ ဦးခင်ရီက အသံလွှင့်ဌာန တစ်ခုနဲ့ အင်တာဗျူးရာမှာ ပြောသွား ပါတယ်။

    မြန်မာနိုင်ငံမှာရှိနေတဲ့ မြောက်မြားစွာသော နိုင်ငံမဲ့များ (ဗုဒ္ဓဘာသာဝင် နိုင်ငံမဲ့ များအပါအဝင်) အတွက် ဦးစားပေး မစဉ်းစားဘဲ နိုင်ငံခြားသားတွေကို PR လက်မှတ်ထုတ်ပေးပို့ ကြိုးစားနေကြတာဟာ ကျနော်တို့ မွေးရပ်ဘန်းစကားနဲ့ ပြောရရင် တစ်ပြားကျော်လို့ ခေါ်တယ်ခင်ဗျာ့။ စစ်အစိုးရခေတ် သတင်းစာ အသုံးအနှုံး အတိုင်းပြောရရင် အမေကျော် ဒွေးတော်လွမ်းသူများကို PR ထုတ်ပေးဖို့ ကြိုးစားနေသူများဟာလည်း အမေကျော် ဒွေးတော်လွမ်းသူများဘဲ မဟုတ်ပါလား။

    နောက်တဆင့်တက်ပြီး စဉ်းစားကြည့်ကြပါစို့။ ဦးသိန်းညွန့် အလွန်မြတ်နိုးတဲ့ ၁၉၈၂ နိုင်ငံသား ပြုမှုဥပဒေအရ FRC(ဧည့်နိုင်ငံသား) လို့ သတ်မှတ်ခြင်း ခံရပြီး ပြည်တွင်းခရီး လွတ်လပ်စွာ သွားလာခွင့် ကန့်သတ် ခံနေရတဲ့ သူတွေ PR လျှောက်ရင် ပေးဖို့ ထည့်သွင်း စဉ်းစားထားမှ မျှတတဲ့ PR ဥပဒေဖြစ်လာမယ်။ ဘာကြောင့် လဲ ဆိုတော့ FRC ထက် PR အခွင့်အရေးက အများကြီး ပိုသာနေပါတယ်။

    နိုင်ငံသား အခွင့်အရေးထက်တောင် PR အခွင့်အရေးက လက်တွေ့မှာ ပိုမိုသာလွန်နေလို့ ရိုဟင်ဂျာတွေကို နိုင်ငံသားမပေးဘဲ PR ပေးမယ်ဆိုရင်တောင် အိမ်တွေ မြေတွေ ဝယ်ခွင့်နဲ့ လွတ်လပ်စွာ ခရီးသွားခွင့် တွေရတော့မှာဖြစ်တဲ့အတွက် သူတို့တတွေ ဝမ်းသာလွန်းလို့ ထလို့ ကနေကြမှာကို မြင်ယောင်နေမိ ပါသေး တယ်။

    ဘာသာခြားနှင့် ကပြား (သွေးနှော) များကို နှိပ်ကွပ်လိုသော ရည်ရွယ်ချက် သဘောဆိုးနဲ့ နိုင်ငံတကာ စံများနှင့် ကင်းလွတ်စွာ ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေကို ရေးဆွဲလို့ရနိုင်ပေမဲ့ PR  ဥပဒေကျတော့ မဖြစ်မနေ နိုင်ငံ တကာစံများနှင့် ကိုက်ညီဖို့လိုတယ် မဟုတ်လား။ ဒါမှ မြန်မာပြည်ဘွား နိုင်ငံခြားသားတွေ PR လျှောက်မှာပေါ့။

    တဖက်ကလည်း လက်ရှိရေးဆွဲနေတဲ့ PR ဥပဒေကို မြန်မြန် ထက်ထက် အတည်ပြုစေချင်တယ်။ ဒီဥပဒေနှစ်ခုကို ယှဉ်ကြည့်လိုက် တာနဲ့ ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေကို ဖက်တွယ်နေလိုသူတွေရဲ့ သေးသိမ်ပြီး အဆင့်နိမ့်လွန်းတဲ့ စိတ်ဓါတ်နဲ့ နည်းလွန်းတဲ့ ပညာကို ကမ္ဘာ့ခေါင်းဆောင်များနဲ့ နိုင်ငံတကာ ဥပဒေပညာရှင် များ ထင်ထင်ရှားရှား တွေ့မြင် သိရှိနိုင်ပါ လိမ့်မည်။

    ၂၀၀၈ ဖွဲ့စည်းပုံနှင့်သော်၎င်း၊ ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေနှင့်သော်၎င်း၊ ဥပဒေအချင်းချင်း ထိပ်တိုက်ရင်ဆိုင်တွေ့မဲ့ နောက်တစ်ခုက သမ္မတလက်မှတ်ထိုးရင် အတည် ဖြစ်တော့မယ့် စစ်မှုထမ်း ဥပဒေဘဲဖြစ်တယ်။

    ဥပဒေ ပြုသူတွေ လည်ပုံကတော့ ပြောမဆုံးပေါင် တောသုံးတောင်ဟု ဆိုရမလောက်ပင်။ မိမိ မမွေးမီကပင် မိဘနှစ်ပါးစလုံး နိုင်ငံသားဖြစ်ပြီးသူများသာ စစ်မှုထမ်းရမည်လို့ မပါဘူးခင်ဗျာ့။ သွေးနှော (ကပြား) များ အနေ ဖြင့် DSA တက်ခွင့်မရှိ၊ လွှတ်တော်ကိုယ်စားလှယ် လုပ်ခွင့်လည်း မရှိပေမဲ့ အသေခံရမယ် ဆိုရင်  တော့ ရှေ့ဆုံး တန်းက ပါဝင်ရမယ်လို့ တစ်စုံတစ်ရာကို ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ ဥပဒေတွေ ဖြစ်နေ တယ်ခင်ဗျာ့။

    သမ္မတနဲ့ သာမန်လူတယောက်ဟာ ဥပဒေအောက်မှာ အတူတူဖြစ်ရမယ်လို့ အိုဘားမားက အာချောင် ပြီး လျှောက်ပြောသွားတော့ ဟုတ်မယ်မထင်မိပါ။ နိုင်ငံသားတွေရဲ့ တာဝန်နဲ့ ရပိုင်ခွင့်တွေ တန်းတူရည်တူ ဖြစ်ရမယ်လို့ ဆိုလိုရင်း သာဖြစ်တယ်။ မြန်မာပြည်၏ ဥပဒေပြုသူများ ရှက်ဖွယ် ဖြစ်သည်။

    ဦးသိန်းညွှန့်ရဲ့ အဖေနဲ့ အမေ သူ့အကြောင်းနဲ့သူ ညားခဲ့ကြလို့ မွေးလာရတဲ့ ကလေး ဖြစ်သည့် အတွက် မိဘများကို ရွေးချယ်ခွင့် မရှိသူ ဦးသိန်းညွှန့် မှာ တစုံတရာ အပြစ်ရှိပါသလား။ မြန်မာစစ်စစ် ကျနော့် အမေဟာ ဧည့်နိုင်ငံခြားသား (FRC) လက်မှတ်ကိုင်သူ ကျနော့် အဖေကို ရွေးချယ်လက်ထပ်ခဲ့လို့ ဘုမသိ ဘမသိ မွေးလာတဲ့ ကျနော့်ကို အပြစ်ပေးတဲ့အနေနဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ တက်ခွင့် မပေးတာ၊ ဘွဲ့လွန်သင်တန်းတွေ တက်ခွင့်ပိတ်ပင်တာ၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိတာတွေဟာ တရားမျှတပါသလား။ ကိုယ်ရည်ကိုယ်သွေး တိုးတက် အောင်ပြုလုပ်ခွင့်တွေကို ပိတ်ပင်တာဟာ တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ဖျက်ဆီးနေတာဖြစ်လို့ တိုင်းပြည်ဖွံ့ဖြိုးမှုကို နှေးကွေးစေ ပါလိမ့်မည်။ လူ့အခွင့်အရေးတွေကို အကြီးအကျယ်ချိုးဖေါက်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၁၉၈၂ နိုင်ငံသား ပြုမှုဥပဒေတွေ ကို အမြန်ဆုံး ပြန်ပြင်ဖို့လည်း လိုပါတယ်။

             စိတ်ပျက်စရာ အကောင်းဆုံးက သားသမီးများသည် အမိနှင့် အဖကို ရွေးချယ်ခွင့် (လုံးဝ) မရှိ ဆိုတဲ့ အချက်ကို ဥပဒေရေးဆွဲခဲ့သူများနှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် အများစုကြီးက မသိကြတဲ့ အတွက် မိဘ များ၏ လုပ်ရပ်အတွက် သားသမီးဖြစ်သူများကို အရေးယူရန် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ၊ ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများဟာ (လုံးဝ) မှားယွင်း နေပေမဲ့ ယနေ့တိုင် သက်ဆိုးရှည်နေ ရခြင်း ဘဲဖြစ်တယ် ခင်ဗျာ့။

           တစ်ပါးသူကို ပျက်စီးအောင်ကြံဆောင်ခြင်းဟာ မိမိကိုယ်တိုင်ကိုလည်းဘဲ ပျက်စီးစေလိမ့်မယ်လို့ ဂေါတမ ဗုဒ္ဓက ဟောထားလေတော့ မမျှတတဲ့ ဥပဒေကို ပြင်ခိုင်းနေတာ သွေးနှောတွေအတွက် အခွင့်အရေး တောင်းဆို ပေးနေတာမဟုတ်ဘူး။ ပျက်စီးနေတဲ့တိုင်းပြည် နောက်ထပ် ရေမမျောရလေအောင် မမျှတတဲ့ ဥပဒေတွေကို အမြန်ဆုံး ပြင်ဖို့တောင်းဆိုနေ ခြင်းသာဖြစ်ပါတယ်။

    အလျှင်းသင့်တုန်း ကြားဖြတ် Campaign တစ်ခုလုပ်ချင်ပါသေးသည်။ ရန်ကုန် ဘွဲ့နှင်းသဘင် ခန်းမမှာ အိုဘားမား ပြောခဲ့သလို ကွဲပြားခြားနားမှု(Diversity) တွေကို တိုင်းပြည်အတွက် အင်အားအဖြစ် ပြောင်းလဲအသုံးချလိုတဲ့ မဲဆန္ဒရှင်များနှင့် သဘာဝ သယံဇာတကို အနာဂတ် အတွက် အရန်အဖြစ် ထိန်းသိမ်းထားလိုပြီး၊ ပြန်ပြည့်မြဲ (Renewable) ဖြစ်တဲ့ လူကောင်း သယံဇာတ၊ လူ့စွမ်း အား အရင်းအမြစ်များ မှန်မှန်ကန်ကန် အသုံးချကာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ မဲဆန္ဒရှင်များ အနေ ဖြင့် သူ၏ နိုင်ငံသားပြုမှု ဥပဒေဆိုင်ရာ Policy မပြောင်းလဲသရွေ့ သူစိန်ခေါ် ခဲ့သည့်အတိုင်း ၂၀၁၅ ရွေး ကောက်ပွဲတွင် ဦးသိန်းညွှန့်ကို မဲမပေးသင့်ပါ။

    (စ်)။ လူ့ စွမ်းအား အရင်းအမြစ်တွေ ဖြုန်းတီးမလား၊။ ဥပဒေ တွေကို ပြင်မလား။

    ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ မြန်မာခေါင်းဆောင်အများစုရဲ့ Concept and Attitude တွေမကောင်းမှန်း မြန်မာပညာတတ် တစ်ချို့က သိနေပေမယ့် အဆဲခံရမှာ ကြောက်လို့ ထောက်မပြရဲကြဘူး။ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း မိန့်ခွန်းပြောခဲ့တဲ့ အိုဘားမားနဲ့ အမေစု၊ သမိုင်းအမှန်တွေကို ရေးပြခဲ့တဲ့ ဆရာမကြီး ဒေါ်ရီကြိန်နဲ့ ဒေါက်တာသန်းထွန်းတို့တောင် အဆဲခံရသေးရင် မဲမဲမြင်တိုင်း အဆဲခံနေကြရတာ အဆန်း မဟုတ်တော့ဘူးပေါ့။

    တကယ်တော့ ခေတ်မမီတဲ့ ဖွဲ့စည်းပုံနဲ့ နိုင်ငံသားပြုမှု ဥပဒေကြောင့်အပြင် တိုင်းပြည်မတည်ငြိမ်လို့ မကြာခဏ ဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းနဲ့ ဆန္ဒပြပွဲတွေကြောင့် တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းတွေ ခဏခဏ ပိတ်ရ၊ သေသူသေ၊ ထောင်ကျသူ ထောင်ကျ၊ Refugee ဖြစ်သူဖြစ်နဲ့ ကမ္ဘာအနှံ့ ထွက်ပြေးသူပြေးနဲ့ လူ့ စွမ်းအင်အရင်းအမြစ်တွေ ဖိတ်စင်ခဲ့ရတာလည်း မနည်းတော့ဘူး။

    နိုင်ငံအတွက် လူတော် သယံဇာတများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၁၉၈၂ နိုင်ငံသား ပြုမှုဥပဒေကို နိုင်ငံတကာစံများနှင့် အညီ အရင်ဆုံး ပြင်ဆင်ရေးဆွဲဖို့ လိုမယ်ခင်ဗျာ့။ ဒီလိုတစာစာ အော်နေတာဟာ ဘာသာခြား၊ ကပြား (သွေးနှော)နဲ့ ရိုဟင်ဂျာ တွေရဲ့ အကျိုးအတွက် တောင်းဆိုပေးနေတယ်လို့ တလွဲတချော် တွေးမနေနဲ့ဦး။ မမျှတတဲ့ ဥပဒေတွေကြောင့် တိုင်းပြည် နလံမထူ နိုင်အောင် လက်တွေ့မှာ တကယ် နစ်နာနေပြီ ဖြစ်လို့ ဆက်ပြီး ဂျောက်ထဲ မကျရလေအောင် နိုင်ငံသား အချင်းချင်း Sanction လုပ်ထားတဲ့ ဥပဒေ တွေကို ခပ်မြန်မြန်လေး ပြောင်းလဲရေးဆွဲဖို့ ပြောနေရခြင်းသာ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ရ ပါတယ်။

    မောင်သမာဓိ

  • ဖွံဖြိုးဆဲ နိုင်ငံများမှ ကျောင်းသားများ အတွက် ဂျပန်မှပေးအပ်သော စကောလားရှစ် အစီအစဉ်

    ဖွံဖြိုးဆဲ နိုင်ငံများမှ ကျောင်းသားများ အတွက် ဂျပန်မှပေးအပ်သော စကောလားရှစ် အစီအစဉ်

    ဒီဇင်ဘာ ၇ ၊ ၂၀၁၂
    M-Media

    ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများအတွက် Science in Sustainability, Development, နှင့် Peace စသော ဘာသာရပ်များအတွက် မဟာတန်း အဆင့် စကောလားရှစ် ပရိုဂရမ်ကို ဂျပန်နိုင်ငံရှိ United Nations University ISP တွင် ၂၀၁၃ခုနှစ် အတွက်  စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

    လေ့လာနိုင်သည့်ဘာသာရပ်များ..

    • Science in Sustainability,
    • Development, and Peace (Global Change and Sustainability, Peace and Security and International Cooperation and Development).

    စကောလားရှစ်ပေးအပ်မည့် အဖွဲ့အစည်း – The Japan Foundation

    တက်ရောက်ရမည့်နေရာ-  ဂျပန်နိုင်ငံ

    ဘယ်နိုင်ငံမှသူတွေအတွက်ပေးတာလဲ။– ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကျောင်းသားများ

    ဖောင်ပိတ်ရက်

    • စကာတင် ရွေးချယ်မှု နောက်ဆုံးရက်- 28 February 2013
    • နောက်ဆုံးအကြိမ် ရွေးချယ်မှု နောက်ဆုံးရက်- 30 April 2013

    -အသေးစိတ်အချက်အလက်များအတွက် အောက်ပါလင့်ခ်တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

    http://scholarship-positions.com

  • Aljazeera မှ ပြသမည့် “ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်သည့်” အစီအစဉ် မြန်မာအစိုးရ ကန့်ကွက်

    Aljazeera မှ ပြသမည့် “ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်သည့်” အစီအစဉ် မြန်မာအစိုးရ ကန့်ကွက်

    ဒီဇင်ဘာ ၇ ၊ ၂၀၁၂
    M-Media

    ကာတာနိုင်ငံအခြေစိုက်နာမည်ကြီး အယ်လ်ဂျဇီးရားသတင်းဌာနက ဒီဇင်ဘာလ (၈) ရက်နေ့ကစပြီး (၁၃) ရက်နေ့ထိ The Hidden Genocide လို့ခေါင်းစဉ်တပ်ထားတဲ့ မှတ်တမ်းဗီဒီယို တစ်ခု ပြသမည်ဖြစ်ကြောင်းကို ဒီဇင်ဘာလ (၃) ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

    အဲဒီ ဗီဒီယို မှတ်တမ်းမှာ

    • ဇွန်လကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ၅ ရက်အတွင်း လူ(၂၀၀) ကျော်ကို သတ်ပြီး ကျင်းအကြီး(၂) ခုထဲတွင် မြုပ်နှံ့လက်စဖျောက်ခဲ့တဲ့အကြောင်း၊
    • စစ်တပ်၊ နစက၊ လုံထိန်းတွေကပစ်သတ်လို့သေခဲ့ရတဲ့ ၃၅ ယောက် (ကလေး ၂၅ ယောက်) ကိုမြုပ် ထားတဲ့နေရာ၊
    • သတ်ဖြတ်ခံရတဲ့လူ ၁၀၀ ကျော်ရဲ့အလောင်းတွေကို ကုန်တင်ကားနဲ့သယ်သွားတာကိုမျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့ရတဲ့ မျက်မြင်သက်သေ၊
    • လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေထဲကို ဓါတ်ဆီပုလင်းနှင့် ပစ်ပေါက်ပြီး မီးရှို့တဲ့ အကြောင်း၊
    • ဘာသာရေးပညာရှင် ၄၀ ကိုဗလီထဲကိုခေါ်ပြီး အားလုံးကိုသတ်ပစ်လိုက်တဲ့အကြောင်း၊
    • အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို မောင်နှမ၀မ်းကွဲ ၅ ယောက်ရှေ့မှာ ရဲတွေက မီးပုံကြီးထဲကို မီးရှို့သတ်တဲ့အကြောင်း၊
    • အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး သေတဲ့အထိညှင်းပန်းနှိပ်စက်တဲ့အကြောင်း၊ ရဲစန်းမှာအလောင်း ၆ လောင်းမြင်ခဲ့ရတဲ့အကြောင်း၊
    • အမျိုးသမီး တစ်ယောက်ကို စစ်သား၊ လုံထိန်း၊ နစက အယောက် (၂၀) ယောက်က၀ိုင်းပြီး မုဒိန်း ကျင့်တဲ့ အကြောင်း၊

     စသည်တို့ ပါဝင်မည်ဖြစ်ကြောင်းကို အယ်လ်ဂျဇီးရား သတင်းဌာနရဲ့ ကြော်ငြာမှာ တွေ့ရပါတယ်။

    အဆိုပါ ဗီဒီယို မှတ်တမ်းပြမည့် အစီအစဉ်မှာ အယ်လ်ဂျဇီးရားသတင်းဌာန မှ လုပ်ကြံပုံကြီးချဲ့ပြီး မဟုတ်မမှန် လုပ်ဆောင်မှု ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တဆင့် မြန်မာအစိုးရမှ ပြင်းထန်စွာ ကန့်ကွက်လိုက်တဲ့ ကြေငြာချက်တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။ ကြေငြာချက် အပြည်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန်လုပ်ကြံ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နိုင်ငံခြားရေးဝန်ကြီးဌာန
    သတင်းထုတ်ပြန်ချက်

    ၁။ ကာတာနိုင်ငံအခြေစိုက်  အယ်လ်ဂျာဇီးရားသတင်းဌာနက မြန်မာနိုင်ငံရှိ ၄င်းတို့အခေါ် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သတင်းအစဉ်တစ်ခုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ အာရပ် ဘာသာဖြင့် လည်းကောင်း၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း၊  ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်တွင် ၄င်းတို့အခေါ် ရိုဟင်ဂျာများအား လူမျိုး တုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှုများကို ထည့်သွင်း ဖော်ပြသွားမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။

    ၂။၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း ဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ်အတွင်း ဘင်္ဂ࿿ါလီလူမျိုးစုများနှင့် ဒေသခံရခိုင်တိုင်းရင်းသားများအကြား အကြမ်းဖက် မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် အဆိုပါကိစ္စ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပွင့်လင်း မြင်သာ မှုရှိစွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

    ၃။ အဆိုပါ လူမှုအုပ်စု နှစ်ခုအကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများ ဖြစ်ပွားရာနေရာများသို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သံတမန်များ၊ Muslim Aidအဖွဲ့တို့အား ကိုယ်တိုင်သွားရောက် ကြည့်ရှုခွင့်ပေးခဲ့သည်။ ထိုအပြင် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံများနှင့် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(OIC )မှ နိုင်ငံခြားရေးဝန်ကြီး၊ အဆင့်မြင့် ကိုယ်စားလှယ်များကိုလည်း သွားရောက်ခွင့်ပြုခဲ့သည်။

    ၄။ထို့ပြင် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ ဒုက္ခသည်များအား နေရာချထားပေးရေး၊ ပြန်လည် ထူထောင်ရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် အခြားလူမှုရေးလိုအပ်ချက်များ ပံ့ပိုးပေးရေး စသည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများကိုလည်း ခွဲခြားမှုမရှိဘဲ ထိခိုက်နစ်နာသူ အုပ်စုနှစ်ခုလုံး အတွက် မျှတစွာ ထောက်ပံ့ကူညီပေးအပ်ခဲ့သည်။

    ၅။နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေနှင့ အညီထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး ဤကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ရန် လွတ်လပ် သည့်  စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။

    ၆။ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ်တွင် သတင်းဌာနအချို့နှင့် အဖွဲ့အစည်းအချို့က စွပ်စွဲသကဲ့သို့ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်တို့က ပူးပေါင်းပါဝင်ပတ်သက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်ခြင်းများ လုံးဝမရှိကြောင်းကို ထပ်လောင်းအတည်ပြုဖော်ပြပါသည်။ ဤသို့ ပတ်သက်မှု မရှိကြောင်းကို နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေ ညီလာခံ တွင်း လည်းကောင်း၊ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီး အစည်းအဝေးတွင် လည်းကောင်း ကမ္ဘာသို့ အတိအလင်းထုတ်ဖော်အသိပေးပြောကြားခဲ့ပြီးဖြစ်သည်။

    ၇။သို့ဖြစ်၍ ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန် လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့် ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လိုက်သည်။

    နိုင်ငံခြားရေးဝန်ကြီးဌာန
    နေပြည်တော်။
    ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်။

     

    ကိုးကား- http://www.ministryofinformation.gov.mm/index.php/announcement/1591-2012-12-07-01-22-26.html

    http://aljazeerapressoffice.tumblr.com/post/37105815318/expert-warns-of-rohingya-genocide

    http://burmese.rohingyablogger.com/2012/12/blog-post_3.html

  • အမေရိကန်နိုင်ငံသားတွေရဲ့ အသက်ကယ်နေသည့်  အီရန်ဆေးပညာ

    အမေရိကန်နိုင်ငံသားတွေရဲ့ အသက်ကယ်နေသည့် အီရန်ဆေးပညာ

    ဒီဇင်ဘာ ၃၊ ၂၀၁၂

    M-Media

    အီရန် နိုင်ငံအပေါ် အမေရိကန်ဦးဆောင်သော ဥပဒေမဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှု့များကြောင့် အီရန်နိုင်ငံသား လူနာများ၏ ဘ၀အပေါ် ဆိုးဝါးစွာ အကျိုး သက်ရောက်လျှက် ရှိနေချိန်တွင် အမေရိကန် နိုင်ငံသားများအသက်ကို  အီရန် ဆေးပညာက ကယ်တင်လျှက် ရှိသည်။

    တနင်္ဂနွေနေ့က ဝေါစထရိတ်ဂျာနယ်၏ အင်တာနက် အစီရင်ခံစာတွင် အာဖဂန်နစ္စတန်ရောက် နယ်ခြားစစ်တပ်များအား အာရှအလယ်ပိုင်းရှိ မြွေဟောက်ကိုက်ခံရမှုများ၊ ငန်းစောင်းနှင့် အခြားသော အနောက်တောင်အာရှ၏ ထူးခြားသောမြွေ အကိုက်ခံရမှုများကို ကုသရန် အမေရိကန် ကာကွယ်ရေးဌာန အနေဖြင့် အီရန်နိုင်ငံ၏ ဆေးဝါး သုတေသန နည်းပညာနှင့် ဆေးဝါးထုတ်လုပ်မှု လိုအပ်သည် ဟုထုတ်ဖေါ် ပြောခဲ့သည်။

    “အမေရိကန်ဗဟိုမှ ထုတ်ပြန်သော ဆေးပညာ လမ်းညွှန်တွင် အီရန်နိုင်ငံ၏ ရာဇီ မြွေဆိပ်ဖြေဆေးနှင့် သွေးရည်ကြည် သုတေသန အဖွဲ့မှ ထုတ်လုပ်သော ဆေးဝါးများသည် မြွေဆိပ်ကုထုံးပညာတွင် ပထမတန်းစားဖြစ်သင့်သည်။”ဟု အရာရှိတဦး၏ ပြော စကားကို ကိုးကားဖေါ်ပြသည်။

    “အီရန်ရဲ့ မြွေဆိပ်ဖြေဆေးက အကောင်းဆုံးဘဲ” ဟု အာဖဂန်တောင်ပိုင်း အခြေစိုက် အမေရိကန်ရေတပ်နှင့် ကပ်လျှက်ရှိသော ဗြိတိန် ဦးဆောင်သည့် ဘော့စတွန် ယာယီအခြေစိုက် ဆေးရုံ ဆေးဝါးသိုလှောင်ရုံမှ ဆေးပညာ ညွှန်ကြားရေးမှုး ဗိုလ်မှုးကြီး ရော့ဘ်ရပ်စဲလ် က ပြောပါသည်။

    အစီရင်ခံစာတွင်  အမေရိကန်နိုင်ငံ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း (FDA) မှ အသိအမှတ်ပြုသော အမေရိကန်ထုတ် မြွေဆိပ်ဖြေဆေးမှာ “အာဖဂန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြွေကိုက်မှုများအပေါ် မစွမ်းဆောင်နိုင်ကြောင်း” မီးမောင်းထိုးပြခဲ့သည်။

    အမေရိကန် အဖွဲ့အစည်းများအနေဖြင့် အီရန်နိုင်ငံသို့ ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခွင့်မပြုရဟု ပိတ်ပင်ထားသော်လည်း ပို့ကုန်လုပ်ငန်းရှင်များမှာ အထူးလိုင်စင်များ လျှောက်ထားရန် လိုအပ်ပေသည်။  ထိုအမိန့်တို့ စတင်ပေါ်ထွက်လာသည့်အခါ ဘဏ်များမှတဆင့် ငွေလွှဲခြင်းတို့မှာ လျှင်မြန်စွာ ပြုလုပ်ရန် မဖြစ်နိုင်အောင်ရှိနေခဲ့ပြီး အီရန်နိုင်ငံ၏ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတို့ကို နှေးကွေးလေးလံစေပါသည်။ လူနာ သန်းပေါင်းများစွာတွင် အဖြစ်များသည့် ရောဂါများဖြစ်သည့် မွေးရာပါ သွေးအားနည်းရောဂါ၊ သွေးမတိတ်သောရောဂါ၊ အသဲရောင်ရောဂါ၊ အအေးပိုင်း ဒေသတွင်သာ တွေ့ရှိရသော ဦးနှောက်နှင့် အာရုံကျောမကြီး ထူမာသည့်ရောဂါ။ ဆီးချိုရောဂါ နှင့် အခြားသော ရောဂါများအား ကုသရန် အခက်အခဲများတွေ့ကြုံနေပေရသည်။ ထိုသို့သော အမေရိကန်တို့ ဖန်တီးလာခဲ့သည့် ပိတ်ဆို့အရေးယူမှုများကြောင့် အီရန်လူနာများ၏ အသက်အန္တရာယ်ကို ထိခိုက်လာစေသည်။

    အမေရိကန်တို့၏ အီရန်နိုင်ငံအပေါ် ဆန့်ကျင် ချမှတ်ထားသော ပိတ်ဆို့မှု အမိန့်များရဲ့ အကျိုးဆက်ကြောင့် သွေးမတိတ်သည့်ရောဂါ ခံစားနေရသော အီရန် ဆယ်ကျော်သက်အရွယ် တဦးမှာ ဆေးရုံတွင် လိုအပ်သောဆေးဝါး မပြည့်စုံသဖြင့် နိုဝင်ဘာလအတွင်းက အသက်ဆုံးရှုံးခဲ့၇သည်။

    ထင်ရှားကျော်ကြားသော အီရန်စာရေးဆရာ ဒေါက်တာ အစ္စမေးစလာမီက အမေရိကန်တို့ ဖန်တီးယူထားသည့် လူမဆန်သော ပိတ်ဆို့သည့် အမိန့်များအပေါ် မီးမောင်းထိုးပြခဲ့သည်။

    “အီရန်နိုင်ငံအပေါ် တမင်သက်သက် ပြစ်ဒဏ်ချမှတ်သည့် ဥပဒေနှင့်မညီသော ပိတ်ဆို့အမိန့်များသည် အမှန်တကယ် လူနာသန်းပေါင်းများစွာ၏ အသက်ကို ထိခိုက်ဆုံးရှုံးစေသည့် လူမဆန်သော လုပ်ရပ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေကို ဆန့်ကျင်သော လုပ်ရပ်ဖြစ်သလို  လူသားဝိဥာဉ်များအပေါ် လုံးဝမှန်ကန်သော  လူမဆန်သည့် လုပ်ရပ် ဖြစ်သည်” ဟု ဒေါက်တာ စလာမီက အောက်တိုဘာ ၁၉ရက်နေ့က တီဗွီ သတင်းစာ ရှင်းလင်းပွဲ အင်တာနက်စာစောင် တွင် ရေးသားခဲ့သည်။

    ရာဇီ အဆိပ်ဖြေဆေးဌာန၏ သုတေသနခေါင်းဆောင် ဟဒီဇာရာက အီရန်အဆိပ်ဖြေဆေးကို ရည်ညွှန်းလျှက် “ကျွန်တော်တို့က ဒါကိုလူသားများ အသက်ကယ်ဖို့ လုပ်တာပါ။ ဒီတော့ အီရန်နိုင်ငံသား၊ အာဖဂန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသား၊  ဆိုတာတွေက အရေးမကြီးပါဘူး။ အမေရိကန် စစ်သားကို အသက်ကယ်လိုက်တယ် လို့ကြားရတာတောင် ကျွန်တော်တို့ ၀မ်းသာပါတယ်။” ဟုပြောခဲ့သည်။

    အမေရိကန်တို့ ဖန်တီးသည့် ဥပဒေမဲ့ အမိန့်များမှာ အီရန်နိုင်ငံသည် အနုမြူ စွမ်းအင် ပြုလုပ်ရန် ရည်ရွယ်နေသည် ဆိုသည့် အရပ်သားများနှင့်မဆိုင်သော မသေချာသည့် စွပ်စွဲချက်မျးအပေါ် အခြေခံရ်ျ  ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    အီရန်က အနုမြူ မပြန့်ပွားရေး သဘောတူစာချုပ် (NPT) တွင်ပါဝင် လက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း နှင့် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီးဖြစ်ကြောင်း၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် သုံးစွဲနိုင်ခွင့်ရှိကြောင်း လျှောက်လဲလျှက် စွပ်စွဲချက်များအပေါ် ငြင်းဆိုသည်။

    ကိုးကား – http://www.presstv.ir/

  • စစ်တွေတက္ကသိုလ်မှ မွတ်စလင်မ် ကျောင်းသားများ စာမေးပွဲဖြေခွင့် မရ

    စစ်တွေတက္ကသိုလ်မှ မွတ်စလင်မ် ကျောင်းသားများ စာမေးပွဲဖြေခွင့် မရ

    ဒီဇင်ဘာ ၆၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    သက္ကယ်ပြင်။           ။ စစ်တွေတက္ကသိုလ်မှ မွတ်စလင်မ်ကျောင်းသားကျောင်းသူများ တက္ကသိုလ်တွင် စာမေးပွဲဖြေဆိုခွင့်မရကြောင်း၊ သက္ကယ်ပြင်ကျေးရွာ မူလ တန်းကျောင်းတွင် ကြိုတင် အကြောင်းမကြားဘဲ တစ်ရက်တည်းသာပေးဖြေခဲ့သည့်အတွက် မွတ်စလင်မ်ကျောင်းသားများစွာ စာမေးပွဲဖြေဆို ခွင့်မရခဲ့ကြကြောင်းသတင်းရရှိပါသည်။

    ယင်းသတင်းနှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းရာ စစ်တွေ တက္ကသိုလ်မှာ စာမေးပွဲဖြေဆိုခွင့်မရလိုက်တဲ့ကျောင်းသားများ အတွက် ဒီဇင်ဘာ ၂ ရက်နေ့မှာ သက္ကယ်ပြင်ကျေးရွာရှိ GE တပ်အနီးက မူလကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

    ဒီဇင်ဘာ ၂-ရက်နေ့တွင် သက္ကယ်ပြင်၌ စာမေးပွဲပြုလုပ်မည်ကို ကြိုတင်အသိပေးကြေညာထားခြင်း မရှိဘဲ ချက်ချင်းရောက်လာပြီး အခုစာမေးပွဲဖြေရမယ်၊ ကျောင်းသားများကို ခေါ်ပါဟုပြောပြီး ဖြေခိုင်းသည့် အတွက် ကျောင်းသား(၇၅) ဦးခန့်အနက် ထက်ဝက်ခန့်သာ စာမေးပွဲဖြေဆို ခွင့်ရသည်။ ကျန်သည့် ကျောင်းသားသည် နောက်ရက်တွင် စာမေးပွဲသွားဖြေသော်လည်း ဖြေခွင့်မရကြောင်း၊ ယခုလို မကြေညာဘဲ စာမေးပွဲဖြေခိုင်းသည့်အတွက် မွတ်စလင်မ်ကျာင်းသား အများစု စာမေးပွဲမဖြေလိုက်ကြောင်း ဒေသခံတစ်ဦးက M-Media သို့  ပြောသည်။

    ဖြေဆိုခွင့်ရသည့် ကျောင်းသူကျောင်းသားများသည် စာမေးပွဲ ၇-ရက်ဖြေဆိုရမည်ဖြစ်ရာ ယနေ့ထိ စာမေးပွဲဖြေဆိုနေဆဲဖြစ်သည်။