News @ M-Media

Blog

  • မြန်မာမီဒီယာများ မေ့လျော့နေသည့် နိုင်ငံ့ ဂုဏ်သိက္ခာနှင့် တာချီလိတ် နယ်စပ်သတင်း

    မြန်မာမီဒီယာများ မေ့လျော့နေသည့် နိုင်ငံ့ ဂုဏ်သိက္ခာနှင့် တာချီလိတ် နယ်စပ်သတင်း

    M-Media

    နိုဝင်ဘာ ၂၄ ရက်၊ ၂၀၁၂

    www.mmtimes.com

    ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ

    တာချီလိတ်မြို့တွင် ရှမ်းတိုင်းရင်းသားတစ်ဦးထံမှ လက်နက်များဖမ်းဆီး ရမိ ခဲ့သော် လည်း ထိုလက်နက်များသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ တာချီလိတ်သို့ အလည်လာရောက်မည့် ခရီးစဉ်နှင့် ပတ်သတ် ဆက်နွယ်ခြင်းလုံးဝ မရှိကြောင်း ရှမ်းပြည်နယ်၊ နယ်စပ်၏ တာဝန်ခံ စီနီယာရဲအရာရှိ တစ်ဦး က ပြော ကြား လိုက်ကြောင်း မြန်မာတိုင်းမ်စ်က သတင်းဖော်ပြသည်။

    တာချီလိတ်တွင် လူတစ်ဦးအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် သတင်း ထွက်ပေါ်လာအပြီးတွင် သက်ဆင်ကလည်း သူ၏ တာချီလိတ်ခရီး စဉ်ကို ဖျက်သိမ်းခဲ့ သည်။ သက်ဆင်၏ ကိုယ်ရေးအရာရှိကမူ ထိုသို့ အလည်အပတ် ခရီးစဉ် ဖျက်သိမ်းရခြင်းမှာ အသက်အန္တရာယ်ထိခိုက်စေနိုင် သည့် ကောလဟလ များကြောင့်ဖြစ်ကြောင်း ပြောဆိုသည်။

    သက်ဆင်ခရီးစဉ်ဖျက်သိမ်းခဲ့၍ တာချီလိတ်သို့ လာရောက်စောင့်ဆိုင်းနေကြသည့် သက်ဆင်အားထောက်ခံသည့် ထိုင်းနိုင်ငံသားတို့အတွက် စိတ်ပျက်ဖွယ်ဖြစ် ခဲ့သည်။ သက်ဆင်၏ ကိုယ်ရေးအရာရှိ မစ္စတာပတ္တမာက အောက်တိုဘာ ၂၁ တွင် ရှမ်းတိုင်းရင်း သား တစ်ဦး ကို လောင်ချာတစ်လက်၊ အမ်-၁၆ စက်သေ နတ်တစ် လက်တို့ကို လောင်ချာ ပစ်ကျည် များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုရှမ်းအမျိုး သား မှာ လက်နက်များကို ထိုင်းနိုင်ငံ မှနေ၍ မြန်မာပြည်တွင်း သို့ တရားမ၀င် မှောင်ခိုသယ်ဆောင်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုသတင်းကြောင့် သက်ဆင်အား လုပ်ကြံဖို့ အစီအစဉ်ရှိသည်ဟု ယူဆ ရကြောင်း ပြောကြားသည်။

    သို့သော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တပ်ဖွဲ့မှ ဗိုလ်အောင်ကျော်စိုးကမူ သူ့အနေဖြင့် ထိုလက်နက်များသည် သက်ဆင်နှင့် တစ်စုံတစ်ရာဆက်နွယ်နေ သည်ကို မယုံကြောင်း ပြောကြားခဲ့သည်။ ထိုတပ်ဖွဲ့မှ ၂၀၁၁ တွင် ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် မူးယစ်ဆေးဝါးသယ်ဆောင်ဖို့ ကြိုးစားသည့်အမှုပေါင်း ၅၆ မှုကို ကိုင်တွင်ဖြေရှင်းခဲ့ရပြီး ၂၀၁၂ တွင်မူ လက်ရှိအချိန်ထိ အမှုပေါင်း ၈၄ ခုထိ ဖြေရှင်းခဲ့ရပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်နှစ်ကုန်တွင် နယ်စပ် ရှိ မူးယစ်ဆေးဝါးအမှုများမှာ ယမန်နှစ်ကထက် တ၀က်တိတိတိုးမြင့်လာဖို့ရှိကြောင်း မြန်မာတိုင်းမ်စ်က ဆိုသည်။

    ဗိုလ်အောင်ကျော်စိုးကမူ ၄င်းတို့အနေဖြင့် မြန်မာပြည်တွင်းမှ မူးယစ်ဆေးဝါးကို ထိုင်းနိုင်ငံထဲသို့ ပို့ပြီး ထိုင်းနိုင်ငံမှလက်နက်များ မြန်မာပြည်တွင်းသို့ သွင်းယူနေ သည့် အမှုများကို (အချို့သော ကိစ္စကြီးများတွင် ထိုင်းရဲများက ကူညီကြသော်လည်း) ထိန်းချုပ်ဖို့ အင်အား မလုံလောက် သေး ကြောင်း ပြောကြား ခဲ့သည်။

    တာချီလိတ်မြို့ခံတစ်ဦးကမူ မြို့တွင်းတွင် လူအများက သူတို့ကိုယ်ကိုယ်ကာကွယ်ဖို့ လက်နက်ဝယ်ယူရန် မူးယစ်ဆေးဝါးများ တရားမ၀င်ကူး သန်းရောင်း ၀ယ်နေကြသည်ဟု ပြောကြားခဲ့သည်။ ထိုသူကို မြန်မာတိုင်းမ်စ်က ထိုလက်နက်များ မည်သည့်နေရာမှ ၀ယ်ယူရရှိနေကြသလဲဟုမေးမြန်း ခဲ့ရာ ထိုသူက ထိုင်းနယ်စပ်မှဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပင် အဖြေပေးခဲ့သည်။

    ကုလ၏ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု၊ နှစ်စဉ်အစီရင်ခံစာအရ မြန်မာပြည်တွင် (အထူးသဖြင့် ရှမ်းပြည်နယ်တွင်) မူးယစ်ဆေးဝါး စိုက်ပျိုးမှုပေါင်း ၁၆ စီအထိ မြင့်တက်လာကြောင်း၊ မူးယစ်ဆေးဝါး အများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့မှ ထွက်ရှိနေကြောင်း၊ ထိုမူးယစ်ဆေးဝါးများကို ထိုင်း၊ တရုတ်နှင့် အင်ဒိုတို့သို့ တင်ပို့နေကြောင်း သိရသည်။

    ရှမ်းပြည်နယ်မှ နိုင်ငံရေးသမား ဦးခွန်ထွန်းဦးကမူ ယင်းသို့ မူးယစ်ဆေးဝါးပြဿနာဖြစ်ပျက်နေရခြင်းမှာ မြန်မာအစိုးရနှင့် လက်နက်ကိုင်သမားများ အကြား ခက်ထန်တင်းမာ မှုများကြောင့်ဖြစ် သည်ဟု ပြောဆိုခဲ့သည်။ မြန်မာပြည်တွင် ၂၀၁၁ ခုနှစ်တစ်ခုထဲ၌ ဘိန်းစိုက်ပျိုးခင်းပေါင်း ၁၇ ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂမှ တရားဝင်ပြောကြားလိုက်သည်ဟု လော့အိန်ဂျလိစ်တိုင်းမ် သတင်းမှလည်း သိရှိရသည်။

    မြန်မာသမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့မှ ရွှေတြိဂံဒေသအနီးရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ၂၀၁၁ ၌ ငြိမ်းချမ်းရေးရ ရှိပြီးဖြစ်သော် လည်း ဂယ်ရီလီဝစ်ကမူ မြန်မာနိုင်ငံတွင်းပဋိပက္ခများမှာ ဘိန်းစိုက်ပျိုးမှုနှင့် ခိုင်မာစွာဆက်နွယ်ပတ်သတ်နေကြောင်း၊ ၄င်းဒေသတွင်း မပြေလည်မှုများ ဆီမှ ဘိန်းစိုက်ပျိုးမှု ကို အသုံးချကာ လက်နက်ခဲယမ်းများဝယ်ယူနေခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့သည်ဟု စင်ကာပူ တူဒေးသတင်း က ရေးသားထားပြန်သည်။

    သို့သော် အံ့သြဖွယ်ကောင်းလှသည်မှာ မြန်မာအစိုးရနှင့် ရှမ်းနယ်စပ်ဒေသလက်နက်ကိုင် ခွဲထွက်ရေးသမားများအကြား ဆက်ဆံရေး ခက်ထန်တင်းမာ သည့်အကြောင်းကို သာမက လက်နက်ကိုင် ခွဲထွက်ရေးသမားတို့၏ နိုင်ငံသိက္ခာ ကျအောင် မူးယစ်ဆေးဝါးအမြောက်အမြား ထုတ်လုပ်နေမှုအကြောင်း များ ကို မြန်မာပြည်ရှိ ခေါင်းဆောင်မီဒီယာကြီး များမှ ကြောက်စရာကောင်း လှသည့် ကိစ္စရပ်အဖြစ် ယူဆခြင်းမရှိသလို သတင်းထုတ်ပြန်ခြင်းလည်း မရှိကြပေ။

     

     

     

  • လက်ပတောင်းတောင် စီမံကိန်းအား စုံစမ်းစစ်ဆေးတော့မည်

    လက်ပတောင်းတောင် စီမံကိန်းအား စုံစမ်းစစ်ဆေးတော့မည်

    M-Media

    နိုဝင်ဘာ ၂၄ ရက်၊ ၂၀၁၂

     

    လက်ပတောင်းတောင် ကြေးနီစီမံကိန်းချဲ့ ထွင်ရေး အတွက် ခွင့်ပြုသင့် မပြုသင့်အား စုံစမ်းဖို့ လွတ်လပ် သည့် ကော်မရှင်တစ် ရပ်ဖွဲ့စည်း ရန်အဆို ကို ပြည်သူ့ လွှတ်တော်က ချွင်းချက်မရှိ အတည်ပြု ခဲ့ကြောင်း နေပြည်တော် သတင်း ရပ်ကွက်က သိရှိရသည်။

    ထိုကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေ ကြသည်မှာ လပေါင်းများစွာကြာမြင့်နေပြီဖြစ်သလို စီမံကိန်းကြောင့် လယ်မြေဧကပေါင်းများစွာမှာ စတေးခံဖြစ်နေရသည်။ ဆန္ဒပြမှုများကြောင့် စီမံကိန်းကို ရပ်ဆိုင်းထားရသလို နိုဝင်ဘာ ၂၃၊ သောကြာနေ့က အန်အဲလ်ဒီပါတီမှ စစိကိုင်းတိုင်း၊ ပုလဲနယ်မြေကိုယ်စား လှယ် ဒေါ်ခင်ဆန်းလှိုင်က ထိုစီမံကိန်းနှင့်ပတ် သတ်သော ထူးခြားသည့် လုပ်ငန်းစဉ်တရပ်ကို ပါလီမန်တွင်အဆိုပြုခဲ့သည်။

     
    ထိုအဆိုကို ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဆွေးနွေးရာ၌ စီမံကိန်းတွင်ပါဝင်နေသည့် ကုမ္ပဏီ၏ တိုက်ရိုက်ခြယ် လှယ်နေမှုများ အပေါ် အကာအကွယ်ပြု သွားခဲ့သည်။ ၄င်းက စစ်တပ်ပိုင် Union of Myanmar Economic Holdings Limited (UMEHL) လည်း ပါဝင်နေသည့် စီမံကိန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများကို အကာအကွယ်ပေး၍ ဆွေးနွေးခဲ့သလို လွှတ်တော်အနေဖြင့် လွတ်လပ်သည့်စုံ စမ်းရေးကော် မရှင် ဖွဲ့စည်းဖို့ မလိုကြောင်း တင်ပြခဲ့သည်။

     
    လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သတ်သော ထူးခြားသည့် လုပ်ငန်းစဉ်က နိုင်ငံတော်အဆင့် လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန်၊ ထိုအထဲတွင် နိုင်ငံတကာ ကျွမ်းကျင်သူများနှင့်အဖွဲ့အစည်းများပါဝင်ရန်၊ ထိုကော်မရှင်က ကြေးနီစီမံကိန်းချဲ့ထွင်ရေးလုပ်ငန်းများကိုသာမက လက်ရှိ ရှိနေ သည့် စပယ်တောင်နှင့် ကျီးစင်တောင်တို့မှ မိုင်းတွင်းများကိုလည်း စုံစမ်းစစ်ဆေးရန် လှုံဆော်ထားသည်။ စုံစမ်းစစ်ဆေး အပြီး တွေ့ရှိချက် များ ကို ပြည်သူလူထုသို့ တင်ပြဖို့လည်း ပါရှိသည်။

     
    ထို့ပြင် ယင်းလုပ်ငန်းစဉ်က နိုင်ငံတော်သမ္မတကိုယ်တိုင် ယင်းစီမံကိန်းအား ဆက်လက်ပြုလုပ်ရန်၊ မပြုလုပ်ရန်နှင့်ပတ်သတ်သည့် ကိစ္စအား ၀င်ရောက်ဆုံးဖြတ်ပေး ဖို့ ပြည်သူ့လွှတ်တော် အား တောင်းဆိုထားသည်။

     

  • အပစ်အခတ်ရပ်ဆဲရေး သဘော တူညီချက်ရအပြီး အစ္စရေးတို့ ပါလစ္စတိုင်း လူငယ်တစ်ဦးကို ပစ်သတ်

    အပစ်အခတ်ရပ်ဆဲရေး သဘော တူညီချက်ရအပြီး အစ္စရေးတို့ ပါလစ္စတိုင်း လူငယ်တစ်ဦးကို ပစ်သတ်

    M-Media

    နိုဝင်ဘာ ၂၄၊ ၂၀၁၂

    www.guardian.co.uk

    ဂါဇာနယ်စပ်ရှိ အစ္စရေးခံတပ်မှ စစ်သားများ

    အီဂျစ်တို့ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှိခဲ့သော ဟားမတ်စ်နှင့် အစ္စရေးတို့အကြား အပစ်အခတ်ရပ်ဆဲရေး သဘောတူညီ မှုနောက်ပိုင်း အစ္စရေးဘက်မှ ပါလစ္စတိုင်း အရပ်ဘက်တစ်ဦးကို အပစ်အခတ်ကင်းမဲ့ဇုံအတွင်း ပစ်သတ်ခဲ့ကြောင်း ဂါးဒီးယန်း သတင်းက ဖော်ပြသည်။ အစ္စရေးတို့ ပစ်ခတ်မှုကြောင့် အခြား ၇ဦး လည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

     

    အသတ်ခံခဲ့ရသူမှာ အသက်နှစ်ဆယ် အရွယ်ကျော်ရှိသည့် အန်ဝါရ် ကုဒီးယာဆို သူဖြစ်ပြီး ၄င်းသည် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရရှိအပြီး ဥယျာဉ်ခြံစိုက် ပျိုးရေး ပြန်လည် လုပ်ကိုင်ဖို့ ဆွေမျိုးများထံသို့ ပြန်အလာတွင် ကြမ္မာငင်ခဲ့ ရခြင်းဖြစ်သည်။ သို့သော် အခြားသတင်းတစ်ခုအရမူ သူသည် ဟားမတ်စ်အလံအား အစ္စရေးအကာအကွယ် ခံတပ်တစ်ခု အနီးတွင် စိုက်ထူဖို့ ကြိုးစားသဖြင့် ၄င်းအား ပစ်သတ် ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

     

    အခြားသော ရာနှစ်ချီသည့် ပါလစ္စတိုင်းများကလည်း အစ္စရေးတို့ကိုအံတုကာ ကိုက် ၃၀၀ ကန့်သတ်ဇုံသို့ဝင်ရောက်ခဲ့ကြသည်။ နှစ်ဘက်စလုံးက တဘက်နှင့် တဘက် အပြန်အလှန် အပစ်အခတ်ရပ်ဆဲရေးသဘောတူညီထားချက် ကို ချိုးဖောက်သည်ဟု စွပ်စွဲနေကြသည်။ အစ္စရေးစစ်တပ် ၏ ပြောခွင့် ရပုဂ္ဂိုလ် အဗီတဲလ် လိုင်ဘိုပစ်ခ်ျကမူ ဂါဇာခံတပ်ကို ဖြတ်ပြီး အစ္စရေးဘက်သို့ ၀င်ရောက်ဖို့ ကြိုးစားခြင်းသည် အပစ်အခတ်ရပ် ဆဲရေး သဘောတူ ထားချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသည်။

     

    ဟားမတ်စ်တို့ကမူ အစ္စရေးတို့၏ ဂါဇာဘက်သို့ ပစ်ခတ်မှုကသာလျှင် သဘောတူညီချက်အား ချိုးဖောက်ခြင်းမည်ကြောင်း၊ သို့သော် အပစ်အခတ်ရပ် ဆဲရေးသဘောတူထားချက်ကို ထိမ်းသိမ်းရ မည်ဖြစ်ပြီး ကြားဝင်စေ့စပ်ပေးသည့် အီဂျစ်ကိုလည်း ယခုကဲ့သို့သော အဖြစ်အပျက်မျိုး ထပ်မံဖြစ်မ လာစေဖို့ သတိပေးကြောင်း ပြောကြားသည်။

     

    အစ္စရေးစစ်တပ်က ယခုကဲ့သို့ပင် အစ္စရေးဘော်ဒါသို့ချဉ်းကပ်သည့် ဂါဇာဘက်တွင်ပင်ရှိနေသေးသော အရပ်သားများကို ပစ်ခတ်လေ့ရှိသည်ဟု ဂါးဒီးယန်းက ဖော်ပြသည်။ အစ္စရေးကမူ အကြမ်းဖက်သမားများ အစ္စရေးသို့ဝင်မလာစေဖို့ ကာကွယ်ခြင်းဖြစ်သည်ဟု အကြောင်းပြပြောဆိုသည်။

     

    ပါလစ္စတိုင်းလူငယ်အချို့က နယ်စပ်ဒေသရှိ အစ္စရေးခံတပ်များကို မခံချင်အောင်ပြောဆိုမှုများရှိကြောင်း၊ ထို့အတွက် အစ္စရေးစစ်တပ်က ပစ်ခတ်မည် ဟု ခြိမ်းခြောက်သော်လည်း ၄င်းတို့က ဆက်လက်ပြုလုပ်ကြသဖြင့် ယင်းသို့သော လူသေမှုဖြစ်လာကြောင်း အေပီသတင်းအရသိရသည်။ ဟားမတ်စ် တို့ကမူ ပါလစ္စတိုင်းတို့အား နယ်စပ်အနီးတွင် မနေကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

  • သဘောထားကြီးကြီး တရားမျှမျှ

    သဘောထားကြီးကြီး တရားမျှမျှ

    နိုဝင်ဘာ ၂၄ ၊၂၀၁၂
    M-Media
    အမ်.အေ.ဂနီ(ကမ္ဘာ့အလင်း)

    အထူးသတိပြုရန် ။     ။   ဤဆောင်းပါးကိုဖတ်ရှုသော မွတ်စလင်မ်တိုင်သည် ‘နဗီကိုယ်တော်မြတ်’ဟူသော ရေးသားချက်ကိုတွေ့ရတိုင်း ‘ဆွလ္လလ္လာဟု အလိုင်းဟေးဝစလ္လာမ်’ ဟု တွဲဖက် ဖတ်ရွတ်ပါရန် သတိမူစေလိုပါသည်။( တမန်တော်အပေါ်သို့ မေတ္တာပို့သခြင်း)

    “အို မုအ်မင်န်၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်(၏ နှစ်သက်တော်မူရန်)အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကို မပြုပနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုးတွင်မဆို) တရားမျှတကြကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကျဉ်ရှောင်ခြင်းနှင့် အနီးကပ်ဆုံးပင်တည်း။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ရိုကျိုးကြောက်ရွံ့ကြကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုသမျှကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူချေသတည်း။” (ကျမ်းတော်မြတ်ကုရ်အာန် ၅း၈)

    အဆိုပါအာယသ်တော်သည် လူမျိုးတိုင်းနှင့်လည်းကောင်း၊ ဘာသာဝင်အသီးသီးနှင့်လည်းကောင်း ဆက်ဆံရာတွင် မွတ်စလင်မ်တို့အား လမ်းညွှန်အပ်သော ပညတ်၊ ပြဌာန်းချက်ပင်ဖြစ်သည်။ သို့အလျောက်လည်း နဗီကိုယ်တော်မြတ်လက်ထက်တော်မှစ၍ အစ္စလာမ်သမိုင်းစဉ်တလျှောက်လုံးတွင် ဘာသာတိုင်း၊ လူမျိုးတိုင်းနှင့်ဆက်ဆံရာတွင် မွတ်စလင်မ်တို့သည် သဘောထားကြီးစွာထား၍ တရားမျှတပုံကို ပြောင်မြောက်စွာ သမိုင်းက သက်သေထူလျက်ရှိပေသည်။

    အနောက်နိုင်ငံ ပါမောက္ခကြီး ဒန်ကန်ဂရင်းလစ်က ဖွင့်ဟ ၀န်ခံထားသည်မှာ – “The nobility and broad tolerance of Islam, which accepts as God inspired all the real religions of the world, will always be a glorious heritage for mankind. On it could in deed be built a perfect world religoan. The Gospel of Islam.” [Duncan Greenless M.A. (oxon)]

    အစ္စလာမ်တရားတော်က ပြဋ္ဌာန်းပညတ်ထားသည့်အလျောက် နဗီကိုယ်တော်မြတ်သည် မက္ကာမြို့တော်တွင်လည်းကောင်း၊ မဒီနဟ်မြို့တော်တွင်လည်းကောင်း၊ ခိုင်ဘရ်တွင် လည်းကောင်း၊ လူမျိုးစုံ၊ ဘာသာပေါင်းစုံတို့နှင့် ဆက်ဆံရာတွင် လက်တွေ့ကျင့်သုံးပြသတော်မူသော ဆောင်ရွက်ချက်များမှာ ကမ္ဘာ့သမိုင်းတွင် တုနှိုင်းစရာမရှိသော အချက်ပင်ဖြစ်သည်။

    ယင်းနမူနာတော်များကို စံတင်ကာ အစဉ်တစိုက် မွတ်စလင်မ်များ ကျင့်သုံးလာပုံကို ကမ္ဘာကျော်ပညာရှိ၊ က၀ိသုတေသနပညာရှိကြီး၊ သမိုင်းကျမ်းပြုအကျော်အမော်ကြီးများက ၀န်ခံထားကြပုံမှာ – “ဒုတိယမမြောက်သာဝကကြီး အုမရ်သည် ဂျေရုစလင်ကို အောင်နိုင်သိမ်းပိုက်ပြီး စာချုပ်တစ်ရပ်ချုပ်ဆိုရာတွင် ဂျေရုစလင်ရှိ မွတ်စလင်မ်မဟုတ်သော တိုင်းသူပြည်သားတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာပစ္စည်းနှင့် ဘုရားဝတ်ပြုရာဌာအားလုံးနှင့် ၎င်းဝတ်ပြုဆောင်အားလုံးနှင့် ပက်သက်သောပိုင်ဆိုင်ခွင့်ဟူသမျှကို ကာကွယ် စောင့်ရှောက်ရန်အာမခံသည်။ ၎င်းတို့၏ မြေယာများနှင့် ဘာသာ သာသနာရေးတွင် မည်သို့မျှ စွက်ဖက်ခြင်းမပြု၊ ၎င်းတို့၏ ဘုရားရှိခိုးကျောင်းများကို ဖျက်သိမ်းခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုသော်လည်းကောင်း လုံးဝမပြု။ ၎င်းတို့ဘာသာရေးလှူဒါန်းထားသော ၀တ္တကများကို၊ ဂုဏ်သိမ်မညှိုးစေရန် ထိန်းသိမ်းစောင့်ရှောက်မည်။ ဂျေရုစလင်ပြည်သူပြည်သားများသည် ဘာသာရေးကျင့်သုံးမှုတွင် လုံးဝလွတ်လပ်ခွင့်ရှိပြီး ၎င်းတို့အပေါ် မည်သည့်ကျုးကျော်မှုမျိုးကိုမှ ခါင့်ပြုမည်မဟုတ်”ဟုပါရှိလေသည်။ [The Eclips of Christianity in Asia – By Lawrence]

    ဤကဲ့သို့ စာချုပ်ချုပ်ဆိုရုံသာမဟုတ်သေး၊ သာဝကကြီးသည် လက်တွေ့ကျင့်သုံးခဲ့ပုံကို အစ္စလာမ်အား အမြဲတစေအပြစ်ရှာ အကောင်းမမြင်သော ‘ဆာဝီလျံမြူး’ပင်လျှင် ‘The Caliphate its Rise and fall’တွင် ဂျေရုစလင်ကိုသိမ်းပိုက်ပြီးသော်လည်း သာဝကကြီးအုမရ်သည် နမာ့ဇ်ဝတ်ပြုချိန်ရောက်နေသဖြင့် ဘုန်းတော်ကြီးက ထိုနေရာတွင်ပင် နမာဇ်ဝတ်ပြုရန်ပြောလတ်သော် အုမရ်က အကယ်၍ ကျွန်ုပ် ဤနေရာတွင် ၀တ်ပြုလျှင် ကျွန်ုပ်၏လမ်းစဉ်ဟု နောင်မွတ်စလင်မ်တို့ ထင်မှတ်မှားပြီး ခရာဇ်ယာန်ဘုရားရှိခိုးကောင်းကို မာစ်ဂျီဒ်ဝတ်ကျောင်းတော်အဖြစ် ပြောင်းပစ်မည်ကို စိုးရိမ်သဖြင့် ဤနေရာတွင် နမာဇ်ဝတ်မပြုလိုပါဟု သဘောထားကြီးကြီး အမြင်ကျယ်ကျယ် အဖြေပေးလိုက်လေသည်။

    ယင်းသို့ သာဝကကြီးအုမရ်က ဘာသာရေးသဘောထားကြီးမှုကို ပြောင်မြောက်စွာ ကျင့်သုံးပြသသော ထိုသမယ၀ယ် ကမ္ဘာတစ်ခွင်လုံးတွင် ဘာသာရေးအယူသည်းမှု၊ ဆိုးသွမ်းသံသရာမှာ လွှမ်းမိုးလျက်ရှိပေသည်။ မွတ်စလင်မ်တို့ ဂျေရုစလင်ကို မသိမ်းပိုက်မီ ဟရ်ကလ်ဘုရင်သည် ညှဉ်းပန်းနှိပ်စက်မှု မီးတောက်မီးလျှံကြီးကို ဟုန်းဟုန်းတောက်လောင်စေလျက် ရှိခဲ့ပေ၏။ ပါလက်စတိုင်း၊ ဆီးရီးယား၊ အာရှမိုင်းနားနှင့် အီဂျစ်ပြည်တို့မှ အစ္စရေးဂျူးတို့အား မောင်းနှင်ပစ်ရန်အမိန့်ထုတ်ထားခဲ့သေည်။ ဤှမျှတွင်မက ခရာဇ်ယာန်အချင်းချင်းပင်လျှင် ဟရ်ကလ်ဘုရင်ယုံကြည်သော ဂိုဏ်း – ကလ်စီဒိုနီယန် (Chalcedonian) နှင့် ဆန့်ကျင်လျှင် မညှာမတာ နှိပ်စက်ကလူပြုခြင်းခံရတော့သည်။

    ဂျကိုဘီယန်ဂိုဏ်းဝင်ဘုန်းတော်ကြီးတစ်ပါးက ယင်းရက်စက်မှုများနှင့်ပတ်သက်ပြီး ရေးသားခဲ့သည်မှာ – “ဟရ်ကလ်ဘုရင်သည် မိမိဂိုဏ်းနှင့်လမ်းစဉ်မှတစ်ပါး အခြားဂိုဏ်းဂဏသို့လိုက်သော မည်သည့်ခရာဇ်ယာန်ကိုမဆိုး နား နှာခေါင်းများကို ဖြတ်ပစ်ရမည်။ ၎င်းတို့၏အိမ်များကို အဓမ္မ၀င်ရောက် ဖျက်ဆီးပစ်ရမည်ဟု မိမိနိုင်ငံတစ်ဝန်းလုံးတွင် အမိန့်ထုတ်ပြန်ထားခဲ့လေသည်။ ဂျကိုဘီယန်ဂိုဏ်းဝင် ခရာဇ်ယာန်တို့အား မိမိရှေ့မှောက်သို့ ၀င်ရောက်ခွင့်လည်းမပြုသဖြင့် ၎င်းတို့သည် မိမိတို့၏ နစ်နာချက်များကိုလည်း တင်ပြခွင့်မရှိပေ။ သို့ကြောင့်ပင်လျှင် ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့အား ဤကြမ်းကြုတ်ရက်စက်မှုများမှ ကယ်တင်ရန်၊ အစ္စမာအီလ်၏ အနွယ်ထဲမှ ပုဂ္ဂိုလ်မြတ် (မုဟမ္မဒ်ကိုယ်တော်မြတ်)အား ပွင့်ရောက်စေတော်မူခဲ့၏။ မွတ်စလင်မ်တို့သည် ထိုသို့သော ဒေသများကို အောင်နိုင်သိမ်းပိုက်ပြီးသောအခါ ခရာဇ်ယာန်တို့၏ ဘာသာရေးတွင် မည်သို့မှ စွက်ဖက်ခြင်းမပြုသဖြင့် ကျွန်ုပ်တို့သည် ရောမခရစ်ဇ်ယန်တို့၏ ညဉ်းပန်းနှိပ်စက်မှု၊ သံကွန်ချာအောက်မှ လွတ်မြောက်ကာ အာရဗ်မွတ်စလင်မ်(များ)နှင့် ငြိမ်းချမ်းသာယာဝပြော လွတ်လပ်စွာနေထိုင်ခွင့် ရရှိပေတော့၏။” [Chronique De Michel Le Syrian II. 412-413]

    အီဂျစ်ပြည်တွင်

    အီဂျစ်ပြည်တွင်လည်း ဘာသာရေးညှဉ်းပန်းမှု အထွဋ်အထိပ်သို့ရောက်ချိန်မှာ အစ္စလာမ်က ကယ်တင်ခဲ့ပုံကို အာမေနီယံ ခရာဇ်ယာန်တစ်ဦးဖြစ်သူ အဗူဆွာလေက  “ကိုင်ဇာဘုရင်သည် မူရင်း ခရာဇ်ယာန်ဘာသာဂိုဏ်းဝင်တို့အား လွန်မင်းစွာ ညှဉ်းပန်းနှိပ်စက်၍ မိမိယုံကြည်သောဂိုဏ်းသို့ သွတ်သွင်းရန် ကြိုးပမ်းခဲ့လေသည်။ မူရင်း ခရာဇ်သာသနာတော်ကို လက်ခံထားကြသော ခရာဇ်ယာန်တို့သည် ဟရ်ကလ်နှင့် မကူကာ့စ်တို့လက်ဝယ် အပြင်းထန်ဆုံး နှိပ်စက်မှု ခံကြရကုန်၏။ ညှဉ်းပန်းမှု၊ နှိပ်စက်မှု၊ ကျူးကျော်မှုတို့ အထွဋ်အထိပ်သို့ ရောက်ရှိလာသော အခါ မွတ်စလင်မ်လူမျိုးစုပေါ်ထွန်းလာပြီး ရောမလူမျိုးတို့၏ မာန်မာနကို ချေမှုန်း၍ အီဂျစ်ကို အောင်နိုင်သိမ်းပိုက်ကာ ဂျကိုဘီယံဂိုဏ်းဝင် ခရာဇ်ယာန်တို့အား ရောမလူမျိုးတို့၏ ကျူးကျော်စော်ကားခြင်းတို့မှ ကယ်တင်ခဲ့ပေသည်။” [The Churches And Monastrics of Egypt: P 30-31]

    အီဂျစ်ကို သိမ်းပိုက်ပြီး ၎င်းတိုင်းပြည်ရှိ ဘာသာဝင်များနှင့် သဘောထားကြီးစွာထား၍ ဆက်ဆံပုံကို ဆာအာနိုလ်က ဖော်ကျူးသည်မျာ – “အီဂျစ်ကို အောင်နိုင်သိမ်းပိုက်ပြီးသောအခါ ဂါဗာနာမင်းကြီး အုမရ်ဗင်န်အာဆွိသည် တိုင်းသူပြည်သားအပေါင်းအား အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်လေသည်။ ယင်းကြေညာချက်အရ တိုင်းပြည်ပြည်သားအပေါင်းတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာပစ္စည်းတို့သည် လုံခြုံမှုအပြည့်အ၀ရှိစေရန် ကာကွယ်စောင့်ရှောက်မည်။ ၎င်းတို့ဘာသာ သာသနာရေးသည် အဟန့်အတား မည်သို့မျှမရှိစေပဲ လွတ်လပ်စေရမည်။ ၎င်းတို့၏ ဘုရားဝတ်ပြုကျောင်းများအား မည်သု့မှ နှောက်ယှက်မပြုရ။ ၎င်းတို့အား ရန်သူများက ကျူးကျော် စော်ကားသမှုပြုလာပါက ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ရန် မွတ်စလင်မ်တို့၏ တာဝန်ဖြစ်သည်”ဟူသတည်း [The Preaching of Islam — Sir Arnold]

    စပိန်ပြည်တွင်

    စပိန်ပြည်တွင် ခရာဇ်ယာန်တို့ စိုးမိုးအုပ်ချုပ်နေစဉ်အခါက ရဟူဒီဘာသာဝင် ဂျူးလူမျိုးတို့အား လွန်မင်းစွာ နှိပ်စက်ညှဉ်းပန်းကြလေသည်။ မွတ်စလင်မ်တို့ စပိန်ပြည်ကို သိမ်းပိုက်ပြီးသောအခါ ဂျူးတို့ကို ကယ်တင်ပြီး ဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့သည်။ ခရာဇ်ယာန်တို့အားလည်း မိမိတို့ဘာသာကို လွတ်လပ်စွာ ကျင့်သုံးခွင့်နှင့် ဘုရားရှိခိုးကျောင်းများကိုလည်း လွတ်လပ်စွာ တည်ဆောက်ခွင့်ပြုခဲ့ပေသည်။ [The Preaching of Islam — Sir Arnold]

    အိန္ဒိယပြည်တွင်

    ဂါဇီမူဟမ္မဒ်ဗင်န်ကာစင်၊ အိန္ဒိယပြည် သိန္ဓုနယ်ကို သိမ်းပိုက်သည့်အခါနှင့်ပတ်သက်ပြီး ‘ဆာဝီလျှံမြူး’က “မွတ်စလင်မ်တို့သည် ဟိန္ဒူဘုရားရှိခိုးကောင်းများကို လုံးဝထိပါးခြင်း မပြုကြပေ။ ၎င်းတို့အား ရုပ်တုဆင်းတုကိုးကွယ်မှုမှလည်း အဓမ္မမတားမြစ်ခဲ့ပေ။ ယဟူဒီ၊ ခရာဇ်ယန်၊ မီးကိုးကွယ်သော ပါရ်စီတို့အားလည်း မိမိတို့ဘာသာအလျောက် လွတ်လပ်စွာကျင့်သုံးခွင့်ပြုထားခဲ့ပေသည်။” [Sir Willam Muir —- The Caliphate, P. 365]

    အက္ကဘာဘုရင်မင်းကြီးလက်ထက်က  ဟိန္ဒူဘာသာဝင်များအား မြှောက်စားချီးမြှင့်ပြီး ရာဇာမာန်ဆင်းနှင့် ရာဇာတူဒါမီလ်အး အထွတ်အထိပ်ဆုံးသော ရာထူးဌာနန္တများကိုပင် အပ်ထားခဲ့ပေသည်။

    အောင်ရန်ဇိဗ်ဘုရင် အုပ်စိုးသောအခါက ဗာရာဏသီတွင်း ဗြဟ္မဏအချို့ကို နှိပ်စက်သည်ဟု ကြားတော်မူသည်နှင့် တပြိုင်နက် ဗာရာဏသီဘုရင်ခံ အဗူဟဆန်ထံ ချက်ချင်းပင် “အစ္စလာမ်တရားတော်အရ သူများဘာသာ ဘုရားရှိခိုးကျောင်းကို မဖျက်ဆီးရ။ ၀တ်ပြုသူများကို အနှောက်အယှက်မပြုရဟု ပြင်းထန်စွာပညတ်ထားသည်။ ထို့ကြောင့် ဘာသာဝင်တိုင်းအား သဘောထားကြီးစွာ တရားမျှတစွာ ဆက်ဆံရမည်”ဟု အမိန့်ထုတ်လိုက်လေသည်။

    ဤကား အခြားဘာသာဝင်များနှင့် မွတ်စလင်မ်တို့ သဘောထားကြီးစွာထား၍ တရားမျှတစွာ ဆက်ဆံခဲ့ပုံ မြောက်မြားစွာအနက်မှ အနည်းငယ်မျှကိုသာ တင်ပြရခြင်းဖြစ်ပေသည်။ ယဉ်ကျေးသိမ်မွေ့သောဘာသာတိုင်းသည် အခြားဘာသာ သာသနာဝင်များနှင့် ဆက်ဆံရာတွင် သဘောထား၊ တရားမျှတမှုတို့ကို အထူးရှေ့ရှုကြပေသည်။ ယင်းသို့ သဘောထားကြီးမှု၊ တရားမျှတမှုတို့ကို ဖော်ကျူးထားသော အာသောကဘုရင်ကြီး၏ ကျောက်စာ(၁၂)ကို မြတ်ဗုဒ္ဓဒေသနာကျမ်းတွင် ဖတ်ရှုရပေရာ အတိုင်းမသိ နှစ်ထောင်း ၀မ်းမြောက်ဖြစ်ရပေသည်။ ၎င်းကျမ်း၌ အောက်ပါအတိုင်းရေးသားထားချက်ကို တွေ့ရပေသည်။

    ဗုဒ္ဓ၏မွန်မြတ်လှသော စိတ်ထားကြီးမှု၊ စာနာမှုများကို စံနမူနာပြုပြီး ဘီစီ(၃)ရာစုနှစ်အတွင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ်သော အာသောက ဧကရာဇ်မင်းမြတ်ကြီးသည် ၎င်း၏ကျယ်ပြန့်သော အင်ပိုင်ယာနိုင်ငံတော်ကြီးအတွင်းရှိ အခြားဘာသာဝင်အားလုံးတို့အား နိုင်ငံတော်ကြီးအတွင်းရှိ အခြားဘာသာဝင်အားလုံးတို့အား လေးစားချီးမြှင့်ထောက်ပံ့ခြင်းပြုခဲ့ပေသည်။ ယနေ့တိုင် ဖတ်ရှုနိုင်သော ကျောက်စာအဖြစ်ထုထွင်းထားခဲ့သည်။ ၎င်း၏အမိန့်တော် ရာဇသံတစ်ခုတွင် ဧကရာဇ်ဘုရင်ကြီးက ကြေညာခဲ့သည်မှာ –

    ”မိမိတို့ကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ချုပ်ချယ်ခြင်းကို မပြုလုပ်ရုံသာမဟုတ်သေး။ ဤအကြောင်း ထိုအကြောင်းများကြောင့် အခြားဘာသာဝါဒများကို လေးစားချီးမြှင့်ရပေမည်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် မိမိဘာသာကို ကြီးပွားတိုးတက်စေပြီးလျှင် အခြားဘာသာတို့အားလည်း ကူညီထောက်ပံ့လေသည်။ ဤကဲ့သို့မလုပ်မူ မိမိဘာသာ၏ သင်္ချိုင်းကို မိမိတူးရာရောက်၍ အခြားဘာသာများကိုလည်း အန္တရာယယ်ပြုရာရောက်ပေသည်။ မိမိကိုးကွယ်သ်ည့ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ရှုံ့ချသူများသည် မိမိဘာသကိုကြည်ညိုသည့်စိတ်ဖြင့် ငါ့ဘာသာ ဂုဏ်သိမ်ထွန်းတောက်စေမည်”ဟု တွေးတောယူဆပြီးပြုလုပ်ခြင်းအမှန်ဖြစ်ပေသည်။ သို့ရာတွင် ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းကြောင့် ၎င်း၏ ဘာသာကို ပိုမိုလေးနက်စွာအကျိုးယုတ်ပျက်ပြားစေပါသည်။

    ထို့ကြောင့် သာယာညီညွတ်ခြင်းသည် မွန်မြတ်ပေသည်။ လူအပေါင်းတို့မှ မှတ်သားလိုက်နာကြလော့၊ အခြားသူများ၏ ဘာသာဝါဒများကို လေးစား ကြားနာကြကုန်လော့။ (အာသာကကျောက်စာ – ၁၂)

    ဒေါက်တာ ၀ါလိုလာရာဟုလာရေး What the Buddha Though ကို ဦးကိုလေး(ဇေယျာမောင်) အငြိမ်းစား ဒုတိယ အဓိပတိ မန္တလေး တက္ကသိုလ်၊ မြန်မာဘာသာပြန်ဆိုသည့် မြတ်ဗုဒ္ဓဒေသနာကျမ်း စာမျက်နှာ ၁၀-၁၁။

    ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်တွင်လည်း တစ်ဘာသာနှင့်တစ်ဘာသာ လေးစားမှုရှိကြောင်းကို စာရေးဆရာမန်းတင်၊ ပါကစ္စတန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်၌ ဂုဏ်ပြုဧည့်ခံပွဲတွင် မိန့်ခွန်းပြောသည်မှာ –

    “ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများခင်ဗျား၊ ဒီအထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ခေတ္တခဏရောက်ဖူးတဲ့ သူတွေပါသလို လနဲ့နှစ်နဲ့ချီပြီး နေထိုင်ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း အတော်များများ ပါပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ မြို့လယ်လမ်းမကြီးတွေအနက်က တစ်လမ်းဖြစ်တဲ့ ဆူးလေဘုရားလမ်းမကြီးပေါ်လည်း ရောက်ဖူးကြမှာပဲ။ အဲဒီလမ်းမကြီးအပေါ်ကနေပြီး လမ်းရဲ့ဗဟိုမှာ တည်ရှိနေတဲ့ ရွှေရောင်တ၀င်းဝင်းနဲ့ ဆူးလေစေတီတော်ကြီးကို လှည့်မောင်းသွားတဲ့ မော်တော်ယာဉ်ပေါ်ကဖြစ်စေ ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့်လိုက်မယ်ဆိုရင် တစ်ဘက်တွင် ခရာဇ်ယာန်ဘာသာဝင်တို့ရဲ့ ဘုရားရှိခိုးကောင်းကိုတွေ့မြင်ရမှာဖြစ်ပြီး အခြားတစ်ဘက်မှာတော့ မွတ်စလင်မ်ဘာသာဝင်ရဲ့ ဗလီကြီးကိုမြင်ရမှာဖြစ်တယ်။ စေတီတော်၊ ဗလီကြီးနဲ့ ဘုရားရှိခိုးကျောင်းတို့ရဲ့အရိပ်တွေဟာ တစ်ခုနဲ့တစ်ခု ရောယှက်နေတာ တွေ့ရပါလိမ့်မယ်။ ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ကိုးကွယ်တဲ့ စေတီတော်ကလည်း ဆည်းလည်းသံ၊ ခရာဇ်ယာန်ဘာသာဝင်တို့ရဲ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းထိုးသံ၊ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘုရားဝတ်ပြုရာဗလီစင်ပေါ်က ကြွေးကြော်သံများဟာလဲ တစ်သံနဲ့တစ်သံ မကြာခဏဆိုသလိုပဲ ရောထွေးထွက်ပေါ်လာတာကို သာယာနာပျော်ဖွယ်ကြားကြရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ရှေးရှေးမြန်မာမင်းတွေလက်ထက်ကစပြီး ကိုးကွယ်မှုဘာသာနဲ့ပတ်သက်လို ဘာပြဿနာမှ မရှိဘူး။ ယခုလည်းမရှိဘူး။ နောင်လည်းရှိမှာ မဟုတ်ပါဘူး။” (စစ်ပြန်မဂ္ဂဇင်း)

    အမှန်ပင် ကျွန်ုပ်တို့နိုင်ငံတွင် ဘာသာရေး သဘောထားကြီးမှုသည် စံတင်လောက်အောင် ရှိခဲ့ပေသည်။

    ကျွန်ုပ်တို့ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအင်အားဖြင့် ဆိုရှယ်လစ်ပန်တိုင်းသို့ မမှိတ်မသုန်ချီတက်လျက်ရှိရာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဟန့်တားပျက်စီးစေမည့် ဘာသာရေးအမြင်ကျဉ်း၍ သွေးခွဲမှုဟူသမျှကို အမြော်အမြင်ရှိသူတိုင်း လက်ခံမည်မဟုတ်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်မိပေသည်။

    ပြည်ထောင်စုကြီး ခိုင်မာတောင့်တင်းစွာတည်ဆောက်ရေးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှာ အဓိကကဏ္ဍတွင် ရှိနေသည်။

    သို့ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ တိုင်းရင်းသားတိုင်းသည် အဆိုပါ လမ်းပြညွှန်ကြားချက်များကို အလေးအနက်ခံယူကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် ဘာသာရေး အမြင်ကျဉ်းဖိနှိပ်မှု၊ တစ်ဖက်စောင်းနင်းဖြစ်မှုတို့ကို ရှင်းလင်းဖယ်ရှားပစ်ရမည်မှာ ကျွန်ုပ်တို့တိုင်းရင်းသားတိုင်း၏ တာဝန်တစ်ရပ်ဖြစ်သည်။ တစ်ဘာသာနှင့်တစ်ဘာသာ၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်လေးစားကြ၍ သဘောထားကြီးပြီး တရားမျှမျှ ဆက်ဆံကြကာ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်းအားဖြင့် ဆိုရှယ်လစ်ပန်းတိုင်သို့ အဟုန်ပြင်းစွာချီတက်ကြပါစို့ဟု ဆန္ဒပြုအပ်ပါသည်။

    အမ်-အေ-ဂနီ

    •  ရေးသားခဲ့သည့်ခုနှစ် ရှာဖွေမသိရှိပါ။ လပြည့်ဝန်းမဂ္ဂဇင်း(ခုနှစ်မမှတ်မိ)ပါ မူရင်းဆောင်းပါးအတိုင်း စာလုံးပေါင်းသတ်ပုံအတိုင်းကူးယူဖော်ပြပါသည်။
    • ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ထုတ်ဝေခဲ့သည့် စာအုပ်ဟု ခန့်မှန်းရပါသည်။
  • Horizon International School ရဲ့   သချာင်္ဥာဏ်စမ်းပြိုင်ပွဲ

    Horizon International School ရဲ့ သချာင်္ဥာဏ်စမ်းပြိုင်ပွဲ

    နိုဝင်ဘာ ၂၄၊ ၂၀၁၂

    M-Media

    ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် သချာင်္ဥာဏ်စမ်းပြိုင်ပွဲကြီး၏ စည်းမျဉ်းစည်းကမ်းများ
    အထွေထွေ အချက်အလက်များ
    ၁)Horizon ကျောင်း၏သချာင်္ဌာနမှ ကြီးမှူး၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး နှင့် လားရှိုးမြို့ တို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သချာင်္ဉာဏ်စမ်းပြိုင်ပွဲသည် မတူညီသောအဆင့်များအတွက် မတူညီသော  ဉာဏ်စမ်း ပုစ္ဆာများပါဝင်သော ပြိုင်ပွဲကြီး တစ်ခုဖြစ်ပါသည်။ ကျောင်းသား၊ကျောင်းသူများ၏ ဆန်းစစ် ဝေဖန်ပိုင်းခြားနိုင်သော စွမ်းရည်တိုးတက်လာစေရန်နှင့် သချာင်္ဘာသာရပ်အားစိတ်အားထက်သန်မှု မြင့်တက်လာစေရန် ရည်ရွယ်၍ ဤပြိုင်ပွဲအားကျင်းပရခြင်းဖြစ်ပါသည်။

    ၂)   မည်သူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါသနည်း ?
    အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များမှ မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင် ပါသည်။ ပြိုင်ပွဲအဆင့်များ ခွဲခြားမှုမီမှာအောက်ပါအတိုင်းဖြစ်ပါသည်။

                    အဆင့်                              မွေးသက္ကရာဇ်
            မူလတန်း  ၁ ရက် ဇွန်လ ၂၀၀၁ ခုနှစ် – ၃၁ ရက် မေလ ၂၀၀၄ ခုနှစ်
            အလယ်တန်း  ၁ ရက် ဇွန်လ ၁၉၉၈ ခုနှစ် – ၃၁ ရက် မေလ ၂၀၀၁ ခုနှစ်
            အထက်တန်း  ၁ ရက် ဇွန်လ ၁၉၉၅ ခုနှစ် – ၃၁ ရက် မေလ ၁၉၉၈ ခုနှစ်

    ၃)             ပြိုင်ပွဲအဆင့်တစ်ခုစီတွင် ဉာဏ်စမ်းပုစ္ဆာ (၂၀) စီပါဝင်ပါသည်။ သချာင်္ဘာသာရပ်၏ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား ကိုအခြေခံသော သချာင်္စွမ်းရည်နှင့် ဗဟုသုတ များကိုလေ့လာသိရှိထားရန် လိုအပ် ပါသည်။
    ၄)     အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပြိုင်ပွဲဝင်များအနေနှင့် မိမိတို့၏ အသက်အရွယ်အလိုက် ခွဲခြားထားသောပြိုင်ပွဲအဆင့်များတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ဉာဏ်စမ်းမေးခွန်း များကို အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း ဖော်ပြပေးထားမည် ဖြစ်ပါသည်။
    ၅)        သင်္ချာဉာဏ်စမ်းပြိုင်ပွဲများအား ၁ ရက် နှင့် ၂ ရက် ဒီဇင်ဘာလ ၂၀၁၂ တွင်ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပမည့် အချိန်နှင့်နေရာအား ပြိုင်ပွဲဝင်များ၏ ID ကဒ်တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
    ၆)           ပြိုင်ပွဲအား ယင်းနေ့၏ မနက် (၉း၃၀) တိတိတွင်စတင်မည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များ အားလုံးသည် ပြိုင်ပွဲမစတင်မီ ၄၅ မိနစ်ကြိုစော၍ ရောက်ရှိနေရမည်ဖြစ်ပါသည်။

    လျှောက်လွှာတင်ရမည့် ပုံစံအစီအစဉ်
    ၇)      ပြိုင်ပွဲဝင်လျှောက်လွှာတင်သူများအနေနှင့် လွန်ခဲ့သောသုံးလအတွင်းက ရိုက်ကူးထားသော ဓါတ်ပုံ(၂)ပုံ နှင့်တကွ ပုံစံဖြည့်၍ ၂၈ ရက် နိုဝင်ဘာလ ၂၀၁၂ ညနေ (၄း၀၀) နောက်ဆုံးထားပြီး ပြန်လည်ပေးပို့ရမည် ဖြစ်ပါ သည်။ လျှောက်လွှာပုံစံများအား Horizon ကျောင်းရုံးခန်းနှင့် www.horizonmyanmar.com တွင် download ယူနိုင်ပါသည်။ လျှောက်လွှာပုံစံများအား မိတ္တူကူးယူ၍လည်း အသုံးပြုနိုင်ပါသည်။
    ၈)    ပြိုင်ပွဲဝင်များ၏ မွေးသက္ကရာဇ်အမှန်ကိုသိရှိနိုင်ရန်အတွက် လျှောက်လွှာတင်သည့်အချိန်တွင် မိမိ၏ နိုင်ငံသားမှတ်ပုံတင်ကဒ်၊ ကျောင်းသားကဒ် (သို့) အခြားသက်သေခံကဒ် တစ်ခုခုအား ယူဆောင်ပြသရမည် ဖြစ်ပါ သည်။
    ၉)            ပြိုင်ပွဲဝင်များသည် လျှောက်လွှာကြေးအတွက် (၁၀၀၀) ကျပ်ပေးဆောင်ရပါမည်။
    ၁၀)         ပြိုင်ပွဲဝင်များသည် သချာင်္ဉာဏ်စမ်းမေးခွန်းဟောင်းများ ပါဝင်သော နမူနာမေးခွန်းနှင့် အဖြေများစာအုပ် ကို ၀ယ်ယူလေ့ကျင့်လိုပါက တစ်အုပ်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် Horizon ရုံးခန်းမှ ၀ယ်ယူရရှိနိုင်ပါသည်။
    ၁၁)        ပြိုင်ပွဲဝင်များ၏ ID ကဒ်များအား နိုဝင်ဘာ ၂၆ မှ နိုဝင်ဘာ၂၉ ရက်အတွင်းထုတ်ပေးမည် ဖြစ်ပြီး ပြိုင်ပွဲ နေ့၌ ယင်း ID ကဒ်ပြသနိုင်မှသာလျှင် စာမေးပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များသည်မိမိ၏ နိုင်ငံသားမှတ်ပုံတင်ကဒ်နှင့် သချာင်္ဉာဏ်စမ်း ID ကဒ်အား စာမေးပွဲနေ့တွင် အတူ ယူဆောင်လာရမည် ဖြစ်ပါသည်။
    ပြိုင်ပွဲဝင်မည့်အချိန်
    ၁၂)          ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ID ကဒ်ပါ ခုံနံပါတ်အတိုင်းနေရာယူရပါမည်။
    ၁၃)        ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲခန်းအတွင်းသို့ စာရွက်စာတမ်းများ၊ ဂဏန်းတွက်စက် များ၊ ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ၊ I-Phone အစရှိသည့် အခြား အီလက်ထရောနစ် ပစ္စည်းများအား ယူဆောင် လာခွင့် မရှိပါ။  ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာ တန်ဆာပလာ နှင့် ခဲဖျက်၊ဖျက်ဆေးမျှသာ ယူဆောင်ရန်ယူဆောင်ရန် ခွင့်ပြုထားပါသည်။
    ၁၄)      ပြိုင်ပွဲဝင်များသည် စာမေးပွဲခန်းအတွင်း လျှောက်သွားခြင်း၊ အခြားသူများနှင့် စကားပြောခြင်း၊ စာရေး ကိရိယာတန်ဆာပလာများအား ငှားရမ်းခြင်း၊ မျှဝေသုံးစွဲခြင်းများ မပြုလုပ်ရပါ။
    ၁၅)      အကယ်၍ မိမိရရှိထားသော မေးခွန်းစာရွက်တွင်စက်ပိုင်းဆိုင်ရာ အမှားအယွင်းတစ်စုံတစ်ရာ တွေ့ရှိခဲ့ပါက မေးခွန်းစာရွက်အသစ်ကိုတောင်းယူခွင့်ရှိပါသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများသည် ဉာဏ်စမ်းပုစ္ဆာ များစတင်မဖြေဆိုမီ မေးခွန်းစာရွက်အားအသေအချာ ဖတ်ရှုရန်လိုအပ်ပါသည်။ သို့မှသာ စာမေးပွဲခန်းစောင့်ဆရာ မှ မေးခွန်းစာရွက်အသစ်အချိန်မီ လဲလှယ်ပေးနိုင်မည်ဖြစ်ပါသည်။
    ၁၆)        ပြိုင်ပွဲဝင်များသည် မေးခွန်းပိုင်းဆိုင်ရာ မရှင်းလင်းသည်များရှိပါက စာမေးပွဲခန်းစောင့် ဆရာအား မိမိလက်ကိုမြှောက်၍ အသိပေးမေးမြန်းနိုင်ပါသည်။ ပြိုင်ပွဲဝင်များသည် မိမိကြောင့် အခြားသူများနှင့် စာမေးပွဲခန်း အားဆူညံစေခြင်းဖြင့် အနှောက်အယှက်မဖြစ်စေရပါ။
    ၁၇)           ပြိုင်ပွဲဝင်များသည် စာမေးပွဲဖြေဆိုပြီးစီးသည်ဖြစ်စေ၊ မပြီးစီးမီဖြစ်စေ ဆရာမှ အဖြေလွှာများ အားလုံး သိမ်းဆည်းပြီးသည် အထိ မိမိ၏ခုံနေရာတွင် ထိုင်နေရမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များသည် မိမိ၏မေးခွန်းစာရွက် အား အိမ်သို့ယူဆောင်သွားခွင့်ရှိပါသည်။
    ၁၈)     ဉာဏ်စမ်းမေးခွန်းတစ်ခုစီ၏ အဖြေမှန်ကန်ခဲ့ပါက မေးခွန်းဘေးတွင်ဖော်ပြပေးထားသော အမှတ် အတိုင်းရရှိမည်ဖြစ်ပါသည်။ အကယ်၍ ပုံဆွဲခြင်းနှင့် ဉာဏ်စမ်းပုစ္ဆာအများဆုံး မှန်ကန်စွာ ဖြေဆိုနိုင်ခြင်း ကိုလည်း ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပါသည်။
    ၁၉)        အကယ်၍ အဆင့်တစ်ခုတွင် ပြိုင်ပွဲဝင်များသည် မေးခွန်းအားလုံးဖြေဆိုနိုင်ပြီး အမှတ်တူရရှိနေ ပါက အသက်အငယ်ဆုံးပြိုင်ပွဲဝင်ကိုသာ ဆုပေးရန်ရွေးချယ်မည်ဖြစ်ပါသည်။
    ၂၀)            ပြိုင်ပွဲအဆင့် တစ်ခုစီအတွက် စာမေးပွဲကြာချိန်မှာ ၁နာရီ နှင့် မိနစ် ၃၀ ဖြစ်ပါသည်။
    ပြိုင်ပွဲပြီးနောက် ဆုပေးပွဲအခမ်းအနား
    ၂၁)          ဆုပေးပွဲအခမ်းအနားအား ပြိုင်ပွဲပြီးနောက် သီတင်း(၂)ပတ်အကြာတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ရန်ကုန်မြို့အတွက်ဆုပေးပွဲအား ၂၂ ရက် ဒီဇင်ဘာ ၂၀၁၂ ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး အခြားမြို့များအတွက် ဆုပေးပွဲများ၏ အချိန်နှင့်နေရာအား နောင်တွင်ကြေငြာပေးမည်ဖြစ်ပါသည်။
    ၂၂)       အောက်တွင်ဖော်ပြထားသည့်ဇယားအတိုင်း အဆင့်(၁)ခုစီတွင် ဆုရရှိသူ (၅) ဦးစီရှိမည်ဖြစ်ပြီး ပထမဆုံး အယောက်(၂၀)စာရင်းဝင်သူများမှာ အထူးဆုရရှိမည်ဖြစ်ပါသည်။

    မူလတန်းအဆင့် အလယ်တန်းအဆင့် အထက်တန်းအဆင့်
    ပထမဆု- ၅၀၀၀၀ ကျပ် ပထမဆု- ၆၀၀၀၀ ကျပ် ပထမဆု- ၈၀၀၀၀ ကျပ်
    ဒုတိယဆု- ၄၀၀၀၀ ကျပ် ဒုတိယဆု- ၅၀၀၀၀ ကျပ် ဒုတိယဆု- ၇၀၀၀၀ ကျပ်
    တတိယဆု- ၃၀၀၀၀ ကျပ် တတိယဆု- ၄၀၀၀၀ ကျပ် တတိယဆု- ၆၀၀၀၀ ကျပ်
    စတုတ္ထဆု- ၂၀၀၀၀ ကျပ် စတုတ္ထဆု- ၃၀၀၀၀ ကျပ် စတုတ္ထဆု- ၄၅၀၀၀ ကျပ်
    ပဉ္စမဆု- ၁၀၀၀၀ ကျပ် ပဉ္စမဆု- ၂၀၀၀၀ ကျပ် ပဉ္စမဆု- ၃၀၀၀၀ ကျပ်

    ၂၃)       ပြိုင်ပွဲဝင်များအနေနှင့် ဆုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်စေရန် အနည်းဆုံးမေးခွန်း (၁၂)ခု၊ မေးခွန်း၏ ၆၀% အားဖြေဆိုသင့်ပါသည်။
    ၂၄)      အကယ်၍ပြိုင်ပွဲဝင်သည် မေးခွန်း၏ ၆၀% ပင်ပြည့်မီအောင် မဖြေဆိုနိုင်ပါက မိမိရရှိသည့်အမှတ် အလိုက်သာ အဆင့်သတ်မှတ်ပေးခြင်းခံရပါမည်။
    ၂၅)             ဆုများအား ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့်ဆုပေးပွဲတွင် ပေးအပ်သွားမည်ဖြစ်ပါသည်။
    ၂၆)             Horizon ကျောင်း၏သချာင်္ဌာနသည် အထက်တွင်ဖော်ပြခဲ့သော စည်းမျဉ်းစည်းကမ်းလိုက်နာဖွယ်ရာ များနှင့် အခြားသောကျင့်ဝတ်များအား ချိုးဖောက်သည့်ပြိုင်ပွဲဝင်အား ပြိုင်ပွဲမှထုတ်ပယ်ပိုင်ခွင့်ရှိပါသည်။
    ၂၇)      ကျောင်းနှင့်အနီးတ၀ိုက်တွင် မလိုလားအပ်သောယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရန် ကျောင်းဝင်း အတွင်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် ကားပါကင်ထိုးခြင်း၊ ကားရပ်နားထားခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံ ပါသည်။
    ၂၈)          ပြိုင်ပွဲဝင်များအားလုံးသည် ပြိုင်ပွဲမ၀င်မီ အထက်ပါစည်းမျဉ်းစည်းကမ်းများအား သေချာဖတ်ရှု လိုက်နာ ရမည် ဖြစ်ပါသည်။

     

    Source: http://www.horizonmyanmar.com/index.php?q=hotlinks&id=9#