News @ M-Media

Blog

  • ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးတွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးတိုးစမ်း လှုပ်ရှား

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးတွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးတိုးစမ်း လှုပ်ရှား

    နိုဝင်ဘာ ၂၀၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကျခတ်ထောင်း၊ တံတားဦး ၊ အလယ်ရွာ ၊ ချောင်းဝ ရွာများတွင် မွတ်စလင်ဆန့်ကျင်ရေးစာရွက်များ ကို နိုဝင်ဘာ ၁၅ ရက်နေ့မှစ၍ သွေးတိုးစမ်း စဖြန့်နေကြောင်း သိရသည်။ အဆိုပါကျေးရွာများရှိ  ဗုဒ္ဓဘာသာဝင်များထံ မွတ်စလင် ဆန့်ကျင် ရေး စာများပေး ပို့လှုပ်ရှားနေကြောင်း ၊ ယင်းလှုပ်ရှားမှုကို ကြာအင်းဆိပ်ကြီးမြို့ပေါ် မှ လူလတ်ပိုင်း တစ်ချို့ ဦးဆောင်နေကြောင်း သိရသည်။ မွတ်စလင်များနှင့် စီးပွားရေး လူမှုရေး ဆက်ဆံမှု မပြုလုပ်ရန် ၊အစ္စလာမ်ဘာသာအား စော်ကားတိုက်ခိုက်မှု များကို ယင်းအမုန်းတရားလှုံ့ဆော်စာများ တွင်ဖေါ်ပြထားသည်ဟု ဒေသခံ များက ပြောပါသည်။

    ကြာအင်းဆိပ်ကြီးမြို့တွင် ဒေသခံမွတ်စလင်များသည် အေးချမ်းစွာ  နေထိုင်လျက်ရှိကြပြီး အရောင်းအ၀ယ် လုပ်ငန်း အဓိက လုပ်ကိုင်ကြသည်။ မြို့ပေါ်တွင် မွတ်စလင် အိမ်ခြေ ၂၅၀ ခန့် နှင့် ဗလီ ၀တ်ပြုကျောင်းတစ်ခု ရှိကြောင်းသိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အစ္စလာမ် ဘာသာဝင် နှင့် ဗုဒ္ဓဘာသာဝင်များအေးချမ်းစွာ နေထိုင် စည်းလုံး လျက်ရှိ သည် ကို ဖြိုခွဲရန် ကြံစည်လုပ်ဆောင်မှု ဖြစ်သည်ဟု မြန်မာမွတ်စလင် အရေးလေ့လာ စောင့်ကြည့် နေသူ တစ်ဦးက သုံးသပ်သည်။

    အမှတ်(၈၁) အောက်တိုဘာ(၁၉)ရက်နေ့ ၊၂၀၁၂ နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် မျက်နှာဖုံး

    ကရင်ပြည်နယ် ဘားအံမြို့တွင် ဘုန်းကြီးများက ဦးဆောင်၍ မွတ်စလင်များနှင့် စီးပွားရေး ၊လူမှုရေး ဆက်ဆံခြင်းမပြုရန် ၊ ဆက်ဆံပါက ပြစ်ဒဏ်ပေးမည် ဖြစ်ကြောင်းကြေငြာချက်ကို  မြန်မာဂလိုဘယ် ပို့စ် ဂျာနယ်မှ အောက်တိုဘာ ၁၉ရက်နေ့ တွင်ဖေါ်ပြခဲ့သည်။

    အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ရက်နေ့ များတွင် ဒေသခံ မွတ်စလင်များအား ခြိမ်းခြောက်သည့် အနေဖြင့် ကော့က ရိတ်မြို့ ရေနံဆီ ကုန်းဗလီ  ကျုံဒိုးမြို့ဗလီ များ ဗုံးပစ်သွင်းတိုက်ခိုက်မှုခံခဲ့ရသည်။

    ပြီးခဲ့တဲ့ စက်တင်ဘာလ ၅-ရက်နေ့က ကရင်ပြည်နယ် နှစ်ခြင်းရွာမှာ နေထိုင်တဲ့ အဘိုးအိုဟာ ဘားအံ့မှာရှိတဲ့ သမီးဖြစ်သူ ထံ အလည်လာတဲ့အချိန် မနက်စောစော ဗလီဝတ်ကျောင်းတော်သို့ ဝတ်ပြုပြိးပြန်အလာမှာ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတန်းကို ဖြတ်လို့ ဆိုပြီး ဘုန်းကြီးသုံးပါးက ဝိုင်းဝန်းရိုက်နက်မှု့ ကြောင့် နံရိုးကျိုးပြီးပြင်းထန်တဲ့ ဒဏ်ရာများကြောင့် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

  • အစ္စလာမ် မုန်းတီးရေးစာများ ရန်ကုန်မြို့တွင် ဖြန့်ဝေနေ

    အစ္စလာမ် မုန်းတီးရေးစာများ ရန်ကုန်မြို့တွင် ဖြန့်ဝေနေ

    နိုဝင်ဘာ ၂၁၊ ၂၀၁၂
    ရန်ကုန်
    သတင်း – အေးမောင်

    မကြာခင်ရက်များအတွင်းက ရန်ကုန်မြို့တွင် အစ္စလာမ်မုန်းတီးရေးစာများဖြန့်ချီလျက်ရှိသည်ဟု သိရပြီးနောက် ယခုရက်ပိုင်းတွင်လည်း ထပ်မံဖြန့်ဝေနေကြောင်းသိရပါသည်။ ယင်းအစ္စလာမ်မုန်းတီးရေးစာများကို ကမ်းနား၊ ကြည့်မြင်တိုက်ဘက်များတွင် လိုက်လံဖြန့်ဝေနေကြောင်း သတင်းရရှိပါသည်။

    “ဒီစာကို ကျွန်တော် ရခဲ့တာက ကျွန်တော့် သူငယ်ချင်းဆီကပါ။ သူကလည်း သူ့သူငယ်ချင်းက တဆင့်ပေးလိုက်တာ။ ဝေတာက ကြည့်မြင်တိုင်၊ ကမ်းနားဘက်မှာပါ။ ဒီအတိုင်းအားလုံးကို လိုက်ဝေတာမဟုတ်ဘူးဗျ။ သူတို့ စာရွက်တွေဝေနေတဲ့နေရာဘက် နားရောက်လာသူကို ဘာလူမျိုး၊ ဘယ်ဘာသာလဲမေးတယ်။ ကုလားဆိုရင်တော့ မပေးဘူးဗျ။ ကုလားမဟုတ် သူတွေကိုတော့ပေးတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဒီစာရလာတာ။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုစာတွေ မဝေစေချင်ပါဘူးဗျာ။ ဘုန်းတော်ကြီးတွေ အနေနဲ့လည်း မလုပ်သင့်ဘူးဗျာ။”လို့ အစ္စလာမ်မုန်းတီးရေး စာရွက်လက်ခံ ရရှိခဲ့သူ ဗုဒ္ဓဘာသာ လူငယ်က ပြောပြခဲ့တယ်။

    “ကျွန်တော်သူ့ငယ်ချင်းကပြတယ် အဲဒီစာကို။ သူလည်း ရလာလို့ ယူလာတာတဲ့။ အဲဒါတွေက မြို့တွင်းမှာတော့ မဝေဘူး။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာလည်းဝေတယ်။ မဖြစ်သင့်ပါဘူး။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် ရှေ့ရှုရမယ့်အချိန်မှာ ဒီလိုတွေလုပ်နေတာဟာ နိုင်ငံတော် အေးချမ်းတည်ငြိမ်မှုမရှိပဲ ပြဿနာတွေ ပိုကြီးထွားလာအောင် လုပ်နေတယ်။ နိုင်ငံတော် မတည်ငြိမ်အောင်လုပ်နေတဲ့သူတွေကို နိုင်ငံတော်အစိုးရက သေချာလေးအရေးယူသင့်တယ်။ ဘာသာပေါင်းစုံကနေလည်း ဒီလိုလုပ်ရပ်တွေကို ၀ိုင်းဝန်းတားသင့်တယ်။”လို့ အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

     

    အစ္စလာမ်မုန်းတီးရေး ဝါဒဖြန့် လက်ကမ်းစာစောင်များ

    ဖြန့်ဝေနေသည့် အစ္စလာမ်မုန်းတီးရေး ဝါဒဖြန့်စာများ
  • မွန်ပြည်နယ် မွတ်စလင် ဆန့်ကျင့်ရေး လှုပ်ရှားမှု့နှင့် ၈၈မျိုးဆက်အဖွဲ့ ဆက်စပ် ပတ်သက်မည်ကို ဒေသခံများစိုးရိမ်

    မွန်ပြည်နယ် မွတ်စလင် ဆန့်ကျင့်ရေး လှုပ်ရှားမှု့နှင့် ၈၈မျိုးဆက်အဖွဲ့ ဆက်စပ် ပတ်သက်မည်ကို ဒေသခံများစိုးရိမ်

    နိုဝင်ဘာ ၂၁၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    အစ္စလာမ်ဆန့်ကျင်ရေးကို ဆောင်ရွက်နေသော မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်ဆရာတော် အရှင်သဒ္ခမ္မ (မြနန်းဆရာတော်)

    မွန်ပြည်နယ်မုတ္တမမြို့ နန်းဦးကျောင်းတိုက် ဆရာတော် အရှင်သဒ္ခမ္မ  ဦးဆောင်ပြီးဒေသခံ မွတ်စလင်များအား အထင်မြင်မှားယွင်းစေရန် နှင့် ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် မွတ်စလင် ဆန့်ကျင့်ရေး လှုပ်ရှားမှုများကို လွန်ခဲ့သောသုံးနှစ်ခန့်မှ စ၍ အဆင့်ဆင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။

    မုတ္တမဒေသခံစီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ၀က်အသားလိုင်စင် လုပ်ငန်း လုပ်ကိုင်သူဦးမြင့်ဌေး ၊ ချဲထီလောင်းကစားဒိုင် ဦးစိုးမော်၊ မော်လမြိုင်မြို့မှ ကျော်ကြား ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းနှင့် အခြားသော ငွေရှင်ကြေးရှင်များ ထောက်ပံ့ပေးမှုဖြင့် ဒေသတွင်း အတူ ယှဉ်တွဲနေထိုင်လျက်ရှိကြသော ဗုဒ္ဓ ဘာသာဝင် များ နှင့် အစ္စလာမ်ဘာသာဝင်များ အကြား ချစ်ကြည်မှု  ပျက်ပြားကာဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်၍ အစ္စလာမ်ဘာသာအား စော်ကားတိုက်ခိုက်ထားသည့် ၀ါဒဖြန့်စာရွက်များ ဝေငှခြင်း ၊ မွတ်စလင် ဆန့်ကျင်ရေးတရားပွဲများ ကျင်းပခြင်းတို့ကို နန်းဦးကျောင်းတိုက်မှ ၂၀၁၂ နှစ်မှစ၍ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါ သည်။

    (၃၀-၁၀-၂၀၁၂) အဘိဓမ္မာ အခါတော်နေ့ တွင် ကျင်းပသော မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်တွင်ကျင်းပသော တရားပွဲတွင် လူမျိုးရေး/ဘာသာရေး မုန်းတီးမှုစေ့ဆော်သည့် စာရွက်အမြောက်အများ ဤကဲ့သို့ ဖြန့်ဝေခဲ့

    သံဃာဝိနည်းတော်နှင့် မညီသော ၊ တည်ဆဲဥပဒေများကို ချိုးဖောက်ကာ မွတ်စလင်ဆန့်ကျင်ရေးကိုအထင်အရှား လုပ်ဆောင်နေသူ နန်းဦးဆရာတော်ထံသို့ မင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများက နိုဝင်ဘာ ၉ရက် ည ၇နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်တွင် ၀င်ရောက်ဖူးမြော် သြ၀ါဒခံယူခဲ့ကြောင်း မုတ္တမ ဒေသခံ များကပြောပါသည်။မင်းကိုနိုင်၊ မင်းဇေယျာ အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများသည် ယင်းဆရာတော် ထံနိုဝင်ဘာ ၉ရက် ည ၇နာရီ ၁၀မိနစ်ဝန်းကျင်ခန့်တွင် ရောက်ရှိခဲ့ကြောင်း၊ နန်းဦးဆရာတော်မှ ငွေနှင့် ၀ထ္တု ပစ္စည်းများကို ၈၈မျိုးဆက်ကျောင်းသားများထံ ပေးအပ်လှူဒါန်းခဲ့သည်ကိုသိရှိခဲ့ကြောင်းမုတ္တမဒေသခံတစ်ဦး မှပြောကြားပါသည်။

    (၃၀-၁၀-၂၀၁၂)  အဘိဓမ္မာ အခါတော်နေ့ တွင် နန်းဦးကျောင်းတိုက်မှ ဆရာတော် အရှင်သဒ္ခမ္မ  က ၉၆၉ အမှတ်တံဆိပ် အားမိတ်ဆက်သည့် အခမ်းအနားတွင် အစ္စလာမ် သာသနာအားတိုက်ခိုက်သော  ၊ မွတ်စလင်များအား ဆန့်ကျင်သော အမုန်းသွေးကြွ မိန့်ခွန်းများပရိသတ်အားဟောပြောခဲ့သည်။ (သတင်းဖော်ပြပြီး)
    အဲဒီနောက်ရက်ပိုင်းတွေမှာ  မြန်မာမွတ်စလင်များအား ကုလားဟု ရည်ညွှန်းပြီး ကုလားဆိုင်မှ အရောင်းအဝယ်မပြုလုပ်ရန်၊ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုကို ဦးတည်စေသော လှုံ့ဆော်သည့် စာရွက် အရွက်ရေ အမြောက်အမြားကို မုတ္တမမြို့နှင့် အခြားမြို့မှာဖြန့်ဝေခဲ့ကြပါတယ်။

    အလားတူ ၈၈မျိုးဆက်ကျောင်းသားများ မော်လမြိုင်သို့ ရောက်ရှိစဉ်   ၄င်းတို့ ကားတန်းပေါ်မှ ၉၆၉ အမှတ်တံဆပ်များကို မော်လမြိုင်မြို့ခံများကို အခမဲ့ ဝေငှခဲ့ကြောင်း သိရသည်။

    “ဈေးရှေ့ကနေမင်းကိုနိုင်တို့ ဖြတ်သွားတော့ သူတို့ ကားတန်းရဲ့ ငါးစီးမြောက်ကားပေါ်ကနေ ဒီအမှတ်တံဆိပ်တွေ၊ ကြေညာစာတွေကို ဝေငှပါတယ်။ ကျွန်တော် ဆီကိုလည်းအဲဒါတွေ ကမ်းပေးလို့ ယူထားဖြစ်တယ်” ဟုမော်လမြိုင် မြို့မှ အမှတ် ၁ ဈေးအနီး မှ တက္ကဆီဆိုင်ကယ် မောင်းသူတစ်ဦးကပြောပါသည်။ ၈၈မျိုးဆက်ကျောင်းသားများဦးဆောင်သော ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း ၏ မွန်ပြည်နယ်ခရီးစဉ် အဖြစ် နိုဝင်ဘာ ၉ ရက် ၊ ၉နာရီ မိနစ် ၃၀ တွင် သိမ်ဇရပ် မြို့သို့ လည်းကောင်း ၊ နံနက် ၁၀နာရီ ၀န်းကျင် တွင် ကျိုက်ထို မြို့နယ် လက်ပြကျေးရွာသို့ လည်းကောင်း၊ နေ့လည် ၃နာရီ ၂၀ မိနစ်တွင် ဘီးလင်းမြို့ ၊ ကန်သာယာရပ်ကွက် သို့ လည်းကောင်း ၊ ညနေ ၅နာရီ  ၅ မိနစ် အချိန်တွင် သထုံမြို့ သိမ်ကုန်းရပ်ကွက် သို့ လည်းကောင်း ၊ ညနေ ၆နာရီ ၀န်းကျင်တွင် ပေါင်မြို့ ၊ ပေါင်းရပ်ကွက်သို့လည်းကောင်း ၊ ည ၇ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် မုတ္တမ မြို့ နန်းဦးကျောင်းတိုက်သို့လည်းကောင်း ၀င်ရောက်ခဲ့ပြီး ည ၈နာရီ မိနစ် ၂၀ တွင် မော်လမြိုင် မြို့သို့ရောက်ရှိကာကမ်းနားဟိုတယ်တွင် ညအိပ်ရပ်နားခဲ့ကြောင်းသိရသည်။

    နန်းဦးဆရာတော်ထံသို့ မင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများက နိုဝင်ဘာ ၉ရက် ည ၇နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်တွင် ၀င်ရောက်ဖူးမြော် သြ၀ါဒခံယူစဉ်

    နန်းဦးဆရာတော်မှ ဦးဆောင်၍ အစ္စလာမ်ဘာသာနှင့် မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ ကျောင်းသားများအဖွဲ့ မှ မသိခဲ့၍ ယင်းသို့ ပတ်သက်နေခြင်းလား ၊ သိလျက်နှင့် ယင်းသို့ ပတ်သက်ခြင်းလားဆိုသည်ကို ဝေခွဲမရဖြစ် နေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ ၈၈မျိုးဆက်များနှင့် ဆက်စပ် ပတ်သက်မည်ကို စိုးရိမ်နေကြောင်းဒေသခံအစ္စလာမ် ဘာသာဝင်များ ထံမှ သိရသည်။

  • အတိတ်ကာလက မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့သမားတစ်ဦး

    အတိတ်ကာလက မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့သမားတစ်ဦး

    တင်ထွန်း၊စက်မှု-၂၊ငြိမ်း၊
    (ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၁)

    အတိတ်ကာလ မြန်မာ့ဂုဏ်ဆောင် အားကစား သမားတွေထဲမှာ မြန်မာ့လက်ဝှေ့ အားကစားသမား ကျားဘညိမ်း ဆိုတဲ့ ပုဂ်္ဂိုလ်တစ်ဦး ရှိခဲ့ဖူးပါတယ်။

    ကျားဘညိမ်းက ကျွန်တော့် ဖခင်နဲ့ သက်တူ ရွယ်တူပါ။ အချိန်ကာလက ခရစ်နှစ် ၁၉၅၅-၅၆ ဖြစ်ပြီး ရက်တစ်ရက်မှာ အောင်ဆန်း အားကစားပြိုင်ကွင်းကို ကျွန်တော့်ဖခင်နဲ့ လိုက်ပါခဲ့ရင်း (National Fitness Council) လို့ခေါ်တွင်တဲ့ အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီကို ရောက်သွားပါတယ်။ အဲဒီ အဆောက်အအုံရှေ့မှာ အထက် ပန်းဆိုးတန်းလမ်း ရှိပြီးလမ်းရဲ့ မျက်နှာချင်း ဆိုင်မှာ စိန့်ဂျိုးဇက်ကွန်ဗင့် အမျိုးသမီး အထက်တန်းကျောင်း (St. Joseph’s Convent) (အခု အထက ၃ မင်္ဂလာတောင်ညွန့်) ဖြစ်ပါတယ်။ ကျွန်တော်ကတော့ စိန့်အန်ထော်နီ ယောက်ျားကလေး အထက်တန်းကျောင်း (St. Anthony’s High School) အခု အထက ၄ မင်္ဂလာ တောင်ညွန့်မှာ ကျောင်းတက်နေတုန်းကာလ ဖြစ်ပါတယ်။

    ဖခင်နဲ့ ကျွန်တော်တို့ အဲဒီ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီကို ရောက်လာကြတဲ့ အခါ ဖခင်က သူ့မိတ်ဆွေ တစ်ဦးနဲ့ ကျွန်တော့်ကို မိတ်ဆက် ပေးခဲ့ပါတယ်။
    “မင်း ဒီအန်ကယ်လ်ကို သိလား” လို့လည်း ဖခင်က ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်က မသိကြောင်းကို ဦးခေါင်း ခါပြလိုက်ပါတယ်။

    အဲဒီမှာ ဖခင်က ကျွန်တော့်ကို-
    “အဲဒါ မြန်မာ့လက်ဝှေ့ချန်ပီယံ အန်ကယ်လ် ကျားဘညိမ်းပဲ။ မင်း မှတ်ထား၊ နောင်ကိုတွေ့ရင် မင်းက အရင်နှုတ်ဆက်” လို့ ပြောကြားပါတယ်။ ကျွန်တော်လည်း ဖခင်ကို “ဟုတ်ကဲ့”လို့ ပြန်ပြောပြီး  ဦးခေါင်း ညိတ်ပြလိုက်ပါတယ်။ ဖခင်က ကျွန်တော်ဟာ သူ့သား ဖြစ်တယ်လို့ ပြောတဲ့အခါ အန်ကယ်လ် ကျားဘညိမ်းက ကျွန်တော့်ကို ကြည့်ပြီး ပြုံးရယ်ပြပါတယ်။

    အဲဒီအချိန် ကာလက အန်ကယ်လ် ကျားဘညိမ်းဟာ ပြိုင်စံရှားတဲ့ မြန်မာ့ လက်ဝှေ့ကျော် အားကစားသမား တစ်ဦး ဖြစ်ပြီး အန်ကယ်လ် ကျားဘညိမ်းတို့ ခေတ်မှာ ကျွန်တော် သိရှိခဲ့တဲ့ မြန်မာ့ လက်ဝှေ့ အားကစား သမားများမှာ ဘောက်ဆာ (Boxer) မဂျစ်၊ သိန်းမြင့်၊ ဂျိတ်ဘာဝါးနဲ့ နီနီတို့ဖြစ်ကြပြီး ကျွန်တော် မှတ်မိသမျှ ရေးသား တင်ပြတာ ဖြစ်လို့ အဲဒီ အချိန်ကာလက ကျွန်တော့် အသက်အရွယ်ကလည်း ဆယ်ကျော်သက် ဖြစ်နေတာမို့ ကျွန်တော် မမှတ်မိတဲ့ လက်ဝှေ့ အားကစားသမား များလည်း ရှိကြမှာ ဖြစ်ပါတယ်။

    အဲဒီ အချိန် ကာလမှာ နာမည်ကျော် မြန်မာ့ လက်ဝှေ့ကျော် အားကစား သမား တစ်ဦးလည်း ရှိခဲ့ပါတယ်။ သူကတော့ ကြေးစားလက်ဝှေ့ သမားဖြစ်တဲ့ ဘောက် ဆာမောင်သောင်းပါ။ သူက အိနိ္ဒယ နိုင်ငံနဲ့ အနောက် နိုင်ငံတွေမှာ ကြေးစား လက်ဝှေ့ ထိုးသတ် နေချိန်လည်းဖြစ်ပြီး အန်ကယ်လ်ကျားဘညိမ်းလို မြန်မာ့ လက်ဝှေ့ကျော် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ကြေးစား လက်ဝှေ့သမား တစ်ဦးပါ။

    မြန်မာ့လက်ဝှေ့ လောကမှာ အန်ကယ်လ် ကျားဘညိမ်းက မြန်မာ့ လက်ဝှေ့ကို ကမ္ဘာက သိရမယ် ဆိုတဲ့ ခံယူချက်နဲ့ အညီ တစ်ခေတ်မှာ တစ်ခါသာ ပေါ်ထွန်းခဲ့တဲ့ မြန်မာ့ လက်ဝှေ့ အားကစားသမား တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်လွှား လက်ဝှေ့လောကမှာ လူသိများခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

    အန်ကယ်လ်ကျားဘညိမ်းရဲ့ မိတ်ဆွေ ကျွန်တော့် ဖခင်ကလည်း အခြားသူ တစ်ဦး မဟုတ်ပါ။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်ကာလ မြန်မာ့ဘောလုံး လောကမှာ နာမည်ကျော် ဘောလုံး သမားတစ်ဦး ဖြစ်တဲ့ မြန်မာ့ မီးရထား ဘောလုံး အသင်းက နည်းပြ “ဘောဘုရား ဘာဘာ” ဖြစ်ပါတယ်။ ကျွန်တော့် ဖခင်ရဲ့ အဖေ၊ ကျွန်တော့် အဘိုးကလည်း မန္တလေးသား တစ်ဦးဖြစ်ပြီး ကျွန်တော် ငယ်စဉ် ကာလက မန္တလေးကို မကြာခဏ သွားရောက်ခဲ့ပါတယ်။

    ခရစ်နှစ် ၁၉၅၅-၅၆ ၀န်းကျင်ကာလက အောင်ဆန်းကွင်း မြောက်ဘက်ဝင်းမှာ တင်းနစ်ကွင်း နှစ်ကွင်းရှိခဲ့ပြီး ကျွန်တော့်ရဲ့လက်ဦးဆရာ တင်းနစ်နည်းပြက ဆရာ ဦးခင်မောင်သန်း ဖြစ်ပြီး အခုတော့ ကွယ်လွန် သွားရှာခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် အဲဒီကွင်းမှာ တင်းနစ် ကစားပြီးတိုင်း (N.F.C) လို့ခေါ်တဲ့ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီရုံးကို သွားရောက်ပြီး ရေသောက်လေ့ ရှိပါတယ်။ တစ်ခါတစ်ရံမှာ အန်ကယ်လ်ကျားဘညိမ်းနဲ့ တွေ့ဆုံတဲ့ အခါမှာလည်း ကျွန်တော်က လေးလေးစားစား နှုတ်ဆက်တဲ့ အခါ အန်ကယ်လ်ကျားဘညိမ်းကလည်း ကျွန်တော့်ကို ပြန်နှုတ်ဆက်ပြီး သူနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းကိုလည်း ကျွန်တော့် အဖေအား ပြန်ပြောပြဖို့ မှာကြားလေ့ ရှိပါတယ်။

    အန်ကယ်လ် ကျားဘညိမ်းကို အခုခေတ် လူငယ်များက သိရှိကြလိမ့်မယ် မဟုတ်ပါ။ ဒါပေမဲ့ အန်ကယ်လ် ကျားဘညိမ်း အကြောင်းကို ကြားဖူးကြသူတွေ ရှိကြသလို မကြားဖူးသူတွေလည်း ရှိကြပါတယ်။ အန်ကယ်လ် ကျားဘညိမ်းခေတ်ကို မီကြသူ များဟာ ဒီနေ့ ဒီအခါမှာ အသက် ၇၀ ကျော် အရွယ်တွေ ဖြစ်နေပါပြီ။ အဲဒီ အသက် အရွယ်ထက် ငယ်ကြသူတွေကတော့ သိရှိကြသူတွေ ရှိကြသလို၊ မသိရှိကြသူတွေ လည်း အများအပြား ရှိကြမှာပါ။

    အန်ကယ်လ်ကျားဘညိမ်းဟာ မြန်မာ့ထီးနန်း စိုက်ခဲ့ရာ မြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမြို့သား တစ်ဦးဖြစ်ပြီး မျိုးချစ် စိတ်ဓာတ် အလွန်ပြင်းပြသူတစ်ဦးလည်း ဖြစ်ပါတယ်။ “မြန်မာကို ကမ္ဘာက သိရမယ်”ဆိုတဲ့ စိတ်ဓာတ် အရင်းခံပြီး လက်ဝှေ့ ပြိုင်ပွဲများကို ထိုးသတ်လေ့ ရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။ ပြိုင်ပွဲတွေ မှာလည်း လက်သံပြောင်ပြောင် ထိုးသတ်လေ့ ရှိပါတယ်။ နိုင်ပွဲများစွာကိုလည်း အောင်နိုင် ခဲ့ပါတယ်။ အန် ကယ်လ်ကျားဘညိမ်းဟာ မြန်မာ့လက်ဝှေ့ အားကစားဂုဏ်ဆောင် လက်ဝှေ့ သမားတစ်ဦး ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတွင်းမှာသာ မကဘဲ ပြည်ပ နိုင်ငံများ အထိ သူ့ရဲ့ဂုဏ်သတင်းက မွှေးပျံ့ခဲ့ပါတယ်။

    မြန်မာ့ လက်ဝှေ့လောကမှာ အန်ကယ်လ် ကျားဘညိမ်းကို မြန်မာ့ အားကစား ပရိသတ်တွေသာ မကဘဲ အနောက်နိုင်ငံ လက်ဝှေ့ သမားများနဲ့ လက်ဝှေ့ ပရိသတ်တွေကပါ ကြည်ညို လေးစားကြတယ်လို့ လက်ဝှေ့သမား တစ်ဦးက ကျွန်တော့်ကို ပြန်ပြောပြခဲ့ တာမို့ သိခဲ့ရတာလည်း ဖြစ်ပါတယ်။ မြန်မာ့အားကစား ပရိသတ်ရဲ့ သဘော သဘာဝက လက်ရုံးရည်နဲ့ ယှဉ်ပြိုင်ရတဲ့ အားကစားကို အလွန် နှစ်သက်ကြပြီး အထူးသဖြင့် ဘောလုံး ပြိုင်ပွဲနဲ့ လက်ဝှေ့ ယှဉ်ပြိုင် ထိုးသတ်ပွဲတွေကို အလွန် စိတ်ဝင်စားကြပြီး အားပေးလေ့ ရှိတတ် ကြပါတယ်။

    ကျွန်တော် ကိုယ်တိုင်ကလည်း မြန်မာ့ လက်ဝှေ့ပွဲတွေနဲ့ အခြား တိုင်းပြည်မှာ လက်ဝှေ့ ယှဉ်ပြိုင်ပွဲတွေကို ကြည့်ရှုတဲ့ အခါတိုင်း အန်ကယ်လ် ကျားဘညိမ်းကို အထူးလွမ်းဆွတ် သတိတရ ဖြစ်ရပြီး အန်ကယ်လ် ကျားဘညိမ်း ရဲ့ သားတစ်ယောက် ဖြစ်တဲ့ ဆရာ ဦးဝင်းငြိမ်း ဆီကိုလည်း စိတ်က ရောက်သွား တတ်ပါတယ်။

    ဒီအချိန်မှာ ကျွန်တော်ဟာ ၀န်ထမ်း အဖြစ်ကနေ အငြိမ်းစား ယူထားပြီး အသက်ကလည်း ၆၅ အတွင်း ရောက် နေပါပြီ။ ကျွန်တော် ဖြတ်သန်း လာခဲ့ ရတဲ့ အတိတ် ကာလက ဘ၀ အတွေ့အကြုံတွေကို လစဉ်ထုတ် မဂ္ဂဇင်း တစ်ခုမှာ ရေးသားနေရင်း ကျွန်တော့် ဘ၀ရဲ့ နောက်ဆုံး နေ့တွေကို ဖြတ်သန်း နေပါတယ်။

    အန်ကယ်လ် ကျားဘညိမ်းနဲ့ လက်ဝှေ့ အကျော်အမော် ဘောက်ဆာ (Boxer) မဂျစ်တို့ဟာ မင်္ဂလာတောင် ညွန့်မြို့နယ်မှာ ရှိတဲ့ ကျွန်တော့် ဖခင် နေအိမ်ကို မကြာခဏ ရောက်ရှိ လာတတ်ပြီး  အန်ကယ်လ် ကျားဘညိမ်းအကြောင်း ပြောနေတတ်ပါတယ်။ နေစောင်းတော့မှ ပြန်သွား ပါတော့တယ်။ ကျွန်တော်က သူတို့နှစ်ယောက် ပြောကြတဲ့ အကြောင်းအရာတွေကို  ခုထက်ထိ မှတ်မိနေပြီး ပြန်လည် သတိရ အောက်မေ့ပြီး အခုလို အလွမ်းပြေ ပြန်ဖောက်သည် ချနေတာဖြစ်ပါတယ်။
    ကျွန်တော့် ဖခင်ဟာ  အန်ကယ်လ် ကျားဘညိမ်းနဲ့ ရင်းနှီးသလို ဘောက် ဆာ(Boxer) မဂျစ်နဲ့လည်း အလွန်ရင်းနှီး ပါတယ်။ ဒါပေမဲ့လည်း သင်္ခါရ လောကကြီးကို မလွန်ဆန် နိုင်ကြသူတွေ ဖြစ်ကြလို့ သူတို့အားလုံး ခုအချိန်မှာ တော့ လူ့ဘောင် လောကကြီးမှာ မရှိကြ တော့ပါ။ ကွယ်လွန် ကုန်ကြပြီ ဖြစ်ပါတယ်။ သက်ရှိ လူသားတွေဖြစ်ကြတဲ့ လူတွေကတော့ လူ့ဘ၀ဇာတ်ခုံကြီးပေါ် မှာ  ကိုယ့်အခန်းကို ကိုယ်တိုင် ကကြ ရပြီးနောက် မိမိရဲ့ အခန်းပြီးဆုံးတဲ့ အခါမှာ ဇာခန်းဆီး လိုက်ကာကြီး အပေါ်ကနေ ကျလာပြီး တစ်ဘ၀ တစ်ဇာတ်သိမ်း သွားကြရတာပဲ ဖြစ်ကြပါတယ်။

    ဒီ့အတွက် ကျွန်တော့်ဘ၀ မချုပ် ငြိမ်းခင် ကာလမှာ ကျွန်တော်ဖြတ်သန်း လာခဲ့ရတဲ့ အတိတ်ကာလက အမှတ် တရ ဖြစ်ရပ်တွေကို စာပေ ပရိသတ် သိရှိ စေလိုတဲ့ အတွက် ပြန်လည် ရေးသား ဖော်ပြရင်း ကျွန်တော့်ရဲ့ ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။

    ဒီဆောင်းပါးနဲ့ အတူ ၁၉၅၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်ထုတ် မန္တလေး လူထု သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျွန်ုပ်တို့ ကျားကြီး နိုင်ခြင်း သတင်း ဆောင်းပါးကို ပူးတွဲ ဖော်ပြပြီး အန်ကယ်လ် ကျားဘညိမ်း(ဦးကျားဘညိမ်း)ကို ဂုဏ်ပြု လိုက်ပါတယ်။
    (မူရင်းသတ်ပုံ အတိုင်း)

    ကျွန်ုပ်တို့ ကျားကြီးနိုင်ခြင်း

    ရန်ကုန်မြို့ အောင်ဆန်းကစား ကွင်းကြီး၌ ဇန်န၀ါရီလ ၁၆ ရက်နေ့ညက သီဟို လက်ဝှေ့ကျော် ၇ ဦးနှင့် မြန်မာ လက်ဝှေ့ကျော်များ တွေ့ဆ ထိုးသတ်ကြရာ ပွဲ ၇ ပွဲ အနက်တွင် မြန်မာတို့က ၄ ပွဲ နိုင်ပြီး သီဟိုတို့က ၃ ပွဲသာ အနိုင်ရရှိသွားကြောင်း။

    ကြည့်အကောင်းဆုံး ၂ ဘက်စလုံးမှပင် လက်ဝှေ့ စည်းကမ်းနှင့် အညီ အားကြိုးမာန်တက် ထိုးသတ် ကြရာ တချီတချီတွင် ပရိသတ်များ ဟာကနဲ၊ ဟယ်ကနဲ အာမေဍိတ် ပြုကြရသည် အထိ လက်ဝှေ့ပွဲများမှာ စိတ်ဝင်စားဖွယ် ကောင်းလှကြောင်း၊ လက်ဝှေ့ပွဲ များမှာ အသဲ တထိတ်ထိတ် ရင်တဖိုဖိုနှင့် ကြည့်၍ အားမရနိုင် လောက်အောင်ပင် ရှိတော့သည်ဟု ပရိသတ်ထုကြီးက မှတ်ချက် ပြုကြရကြောင်း။

    ပွဲတိုင်း အဆိုင်းတိုင်း လိုလိုပင် လျင်မြန် ဖြတ်လပ်စွာ ထိုးသတ်ကြခြင်းကို တွေ့မြင် ရကြောင်း၊ အထူးသဖြင့်ကား အနိုင်အရှုံးကို စောင့်ကြည့် နေကြသော ပွဲကြည့် ပရိသတ် ထုကြီးကို စိတ်အကျေနပ် စေဆုံး ၀မ်းအမြူးစေဆုံးနှင့် အသဲထိတ် စေဆုံး ပွဲ ၂ ပွဲမှာ မူကား အိုလံပစ်ပြန် မြန်မာ ရွှေမန်းသား (ကျွန်ုပ်တို့၏)ကျားဘညိမ်းနှင့် ပရီမာဒဆား တို့၏ ဗိုလ်လုပွဲနှင့် အေးကိုနှင့် အကီဆီကရား တို့၏ ဗိုလ်လုပွဲ ၂ ပွဲပင် ဖြစ်တော့ ကြောင်း။



    ကျွန်တော် ညံ့သလား ၊ ကျားဘညိမ်း

    ကျားဘညိမ်း၏ လက်ဝှေ့ရည်တွင် ကျင်လည်ပါးနပ်ခြင်းနှင့် အလေ့အကျင့် ရှိခြင်းများက သီဟို လက်ဝှေ့ကျော်ကြီး ပရီမာဒဆားအား အကြီးအကျယ် အခက်အခဲ တွေ့စေသည်ကို ပရိသတ်က တွေ့မြင်ရကြောင်း။

    ကျားဘညိမ်းမှာ ရန်ကုန်သို့ ဆင်းလာသည့်နေ့ မန္တလေး ချမ်းမြသာစီ လေယာဉ် ကွင်းကပင် လိုက်လံအားပေးပို့ဆောင်ကြသော မိတ်ဆွေများအား “ကျွန်တော့် ညံ့သလား”ဆိုတာကို ကြိုးစား၍ အဖြေပေးပါမည်ဟု ပြောဆိုခဲ့သေးပြီး ရန်ကုန်တွင် လည်း တွေ့ဆုံ အားပေးကြသူ မိတ်သင်္ဂဟ အပေါင်းနှင့် သတင်းထောက်များအား “ကျွန်တော် အစွမ်းကုန် ထိုးသတ်ပါမည်ဟု” ဂတိပေးထားသူဖြစ်သဖြင့် ဗမာ့ ပရိဿတ်က အထူးမြှော်လင့် အားထားလျက်ရှိရာ မြှော်လင့်သည့်အတိုင်းပင် ကျားကြီး၏ ထိုးသတ်ပုံမှာ အထူး ကြည့်ကောင်းလှကြောင်း။ ယှဉ်ပြိုင်ထိုးသတ်သူ သီဟို လက်ဝှေ့ ကျော်ကြီးမှာ အထူးလေ့ကျင့်သားရှိသူ၊ ခံနိုင်ရည် ရှိလှသူ ဖြစ်၍သာ မလဲခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကျားဘညိမ်း၏ ပြင်းထန်လှသော လက်သီးချက်များ ခံရသည်မှာ တစ်ဘက်လူ အတွက် မသက်သာလှသည်ကို ပရိဿတ်က တွေ့မြင်ရကြောင်း။

    အားမလို အားမရပွဲ

    သီဟိုရဲအား အလဲထိုးချရန် ကျားဘညိမ်းက အကြိမ်ကြိမ် ကြိုးစားနေသည်ကို ပရိဿတ်ကြီးက အားမလို အားမရ ကြည့်နေရပြီး နောက်ဆုံး၌ အမှတ်နှင့် ကျားဘညိမ်း အနိုင် ရသွားခြင်းကိုသာ ကျေနပ် လိုက်ရတော့ကြောင်း။ ထိုညက အနိုင်ရရှိကြသော ဗမာ့ လက်ဝှေ့ကျော်များမှာ ၁။ ကျားဘညိမ်း။ ၂။ အေးကို။ ၃။ ဗင်ကရပ်။ ၄။ သကြား မဂျစ်တို့ဖြစ်ကြောင်း။

    ၁၉.၁.၅၃ နေ့ထုတ် လူထု သတင်းစာမှ

  • တိုင်းပြည်ကို ပြုပြင် ပြောင်းလဲရန် မြန်မာ ပြည်သူတွေ မညံ့ကြဖို့လိုသည်

    တိုင်းပြည်ကို ပြုပြင် ပြောင်းလဲရန် မြန်မာ ပြည်သူတွေ မညံ့ကြဖို့လိုသည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၂
    M-Media
    ဒေါက်တာအောင်မော်

    နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် သမ္မတ အိုဘားမားက တရားမျှတမှု (Justice) ရှိမှသာ တိုင်းပြည်တစ်ခု ဖွံ့ဖြိုး တိုးတက်နိုင်သည်ဟု ပြောသွားပါသည်။ ထို့ကြောင့် မမျှတမှု၊ မတရားမှုများ ရှိနေသရွေ့ မြန်မာနိုင်ငံကြီး အကောင်းဖက်သို့ ပြောင်းလဲနေပါသည်ဟု မပြောနိုင်ပါ။ မြန်မာနိုင်ငံသည် မဆလ၊ နဝတ၊ နအဖ ခေတ်များကအတိုင်းပင် မပြောင်းမလဲ ရှိနေသေးကြောင်း သက်သေပြပါမည်။

    ၁။ ဥပဒေပုဒ်မ ၄၀၁ (၁) ချင်း တူပေမဲ့ လက်မှတ်မထိုးသူ သာသည်။

            သမ္မတအိုဘားမား၏ မြန်မာပြည်သို့ Working Visit မလာမီ ၃ ရက်ကြိုတင်၍ အကျဉ်းထောင် အသီးသီးမှ ထိုက်သင့်စွာ အပြစ်ဒဏ်ကျခံပြီးသည့် အကျဉ်းသား ၅၁၈ ဦးကို ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ ပြစ်ဒဏ်မှ လွန်ငြိမ်းသက်သာခွင့် ပြုခဲ့ပါသည်။ သို့သော် ကြွေးကျန်ထောင်ဒဏ်များ တင်ရှိနေပါသည်။

    အကျဉ်းထောင်မှ မလွှတ်မီ ပုဒ်မ ၄၀၁ အရ လွတ်ငြိမ်းခွင့်ပြုသည်ကို သိရှိကြောင်းလက်မှတ် ထိုးရန်ငြင်းဆိုသူ အကျဉ်းသားအချို့ကိုလည်း လွှတ်ပေးလိုက်ပါသည်။

    လက်မှတ်မထိုးရန် ငြင်းရဲသူများ အဖို့ ဆပ်ရန် ထောင်ဒဏ်ကြွေးကျန်မရှိပါ။ သိရှိကြောင်း လက်မှတ်ထိုးသူ များသည် နောင်တစ်ချိန် ပြစ်မှုကျူးလွန်ပါက ကျန်ရှိနေသော ထောင်ဒဏ်အကြွေးများကိုပါ ဖြည့်စွက်ကျခံရမည် ဖြစ်၍ တရားမျှတမှုမရှိပါ။

    ၂။ သုံးခေါက်ချိုးကဒ် ပြန်မအပ်သူ သာသည်။

            ခြိမ်းခြောက်မှု အချို့ကို နားယောင်၍ မှတ်ပုံတင် သုံးခေါက်ချိုး ပြန်အပ်ပြီး သံသယကဒ် ကိုင်သူများအနေဖြင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို အသာထားလို့ အစိုးရ အလုပ် လုပ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ခရီးသွားလာခွင့် မရကြ၍ နစ်နာသည်။ (နိုင်) ကဒ်ကို ပြန်လျှောက်၍ ရရန်လည်း မလွယ်ပါ။

    မှတ်ချက်။     ။သမ္မတ အိုဘားမားကိုယ်တိုင် အမေရိကားတွင် မဲပေးခွင့်မရှိသော မိသားစုမှ ဆင်းသက်လာသည်ဟု ၎င်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွား၏။

            လဝက ဝန်ကြီးဦးခင်ရီက ယ္ခင်သုံးခေါက်ချိုးကဒ် ကိုင်ဆောင်သူများသည် နိုင်ငံသားများဖြစ်သည်ဟု များမကြာမီက ကြေငြာခဲ့ပါသည်။ သံသယ တဆင့်နိမ့်ကဒ် ကိုင်ရန် ငြင်းဆန်ပြီး ယနေ့အထိ သုံးခေါက်ချိုး ကိုင်သူ အချို့မှာ (နိုင်) ကဒ်လျှောက်ရန် လွယ်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော် အတွင်းသို့ပါ ဝင်ခွင့်ရသောကြောင့် အခွင့်အရေး ပိုသာသည်။

    မှတ်ချက်။        ။ (နိုင်) ကဒ်တွင် သုံးခေါက်ချိုးကဒ် နံပါတ်အဟောင်းကို မဖြစ်မနေ ရေးသွင်းရန် လိုပါသည်။

    ၃။ ညွှန်ပြသူ ထောင်ကျ၊ လိုက်နာသူ အမြတ်ရ။

    မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ရမယ်လို့ အမေစု ပြောဘူးသည်။ တာဝန်အရဆိုသော ကြိယာ ဝိသေသနကို ဦးဝင်းတင်က ဖြည့်စွက်သည်။ အပြည့်အစုံပြောရရင် မတရားတဲ့ အမိန့်အာဏာတွေကို တာဝန်အရ ဖီဆန်ကြ ဟု တိုက်တွန်းဆော်သြသူ အမေစုနှင့် ဦးဝင်းတင် နှစ်ဦးစလုံး ထောင်ကျသည်။

    မတရားသော အမိန့်အာဏာများကို ဆန့်ကျင်ကာ ကိုယ့်အခွင့်အရေး ကိုယ်တိုင် ကာကွယ်သူများ အမြတ်ရကြ၏။

    အထက်ပါအကြောင်းများကြောင့် ယနေ့ခေတ် အခါသမယသည် မသိသူကျော်သွား သိသူ (ရဲသူ)  ဖေါ်စားခေတ် သို့မဟုတ် ကိုယ်ညံ့ကိုယ်ခံ ခေတ်ဖြစ်လို့ ပြည်သူများ မညံ့ကြရန်နှင့် ပြည်သူများ မညံ့မှသာ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲနိုင်မည်ဟု မှတ်ချက်ပြုရင်း နိဂုံး ချုပ်လိုက်ပါသည်။

     

    ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။