News @ M-Media
Blog
  • ဘာသာပေါင်းစုံမှ လူငယ်များ English Access Students အဖွဲ့ အိုဘားမား မိန့်ခွန်းပြောကြားပွဲသို့ တက်ရောက်ခွင့်ရခဲ့
    ဘာသာပေါင်းစုံမှ လူငယ်များ English Access Students အဖွဲ့ အိုဘားမား မိန့်ခွန်းပြောကြားပွဲသို့ တက်ရောက်ခွင့်ရခဲ့
    နိုဝင်ဘာ ၂၀၊၂၀၁၂
    M-Media
    မောင်လျှောက်(မြယာမြေ)
    ဘာသာပေါင်းစုံမှ လူငယ်များပါဝင်သော English Access Students အဖွဲ့
    ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၊ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့  အလုပ်သဘော ၁ ရက်တာ လာရောက်လည်ပတ်ခဲ့သည့်  ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် အမေရိကန်-မြန်မာချစ်ကြည်ရေးမိန့်ခွန်းပြောကြား သွားသော အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား မိန့်ခွန်းပြောကြားပွဲအခမ်းအနားသို့ ရန်ကုန်မြို့မှ ဘာသာပေါင်းစုံလူငယ်များပါဝင်သော ကျောင်းသားများတက်ရောက်ခဲ့ကြသည်။
    အဆိုပါကျောင်းသားလူငယ်အဖွဲ့သည် English Access Program ကိုတက်ေ၇ာက်နေသော Wisdom Villa Access Group မှဖြစ်ပြိး မြန်မာမွတ်စလင်မ်လူငယ် မောင်မယ်များက ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
    မစ္စတာ ဘားရက်အိုဘားမားမိန့်ခွန်းပြောကြားမှုအပြိး Wisdom Villa Access Group မှ လူမှုရေးလုပ်ငန်းများလိုက်ပါ ဆောင်ရွက်ပေးနေသူ ကိုဘီလာဟ်(ခေါ်) ကိုဌေးဝင်းက M-Media သို့ ယခုလိုမှတ်ချက်ပြုပြောဆိုသွားပါတယ်။
    “Mr. OBAMA IS MY MOST ADMIRABLE PRESIDENT. President Obama Speech was fascinating. it has a lot of messages for Muslims.He mentioned about the top most issues which is mainly concern in Myanmar as the current situation. Stating about Rohinga is also one the key issue which can shake the whole world was also mentioned in his speech and i feel really impressed and so interested about How Myanmar Official. Authorities will make changes ans work hand in hand with The US.”
    မစ္စတာ အိုဘာမားက ကျွန်တော် အလေးစားရဆုံး သမ္မတကြီးပါပဲ။ သမ္မတကြီးရဲ့ မိန့်ခွန်းက အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မွတ်စလင်တွေအတွက် အချက်အလက်တွေ အများကြီးပါပါတယ်။ သမ္မတကြီးက မြန်မာနိုင်ငံမှာ အဓိကကျတဲ့ အရေးကြီးဆုံးကိစ္စရပ်တွေကို ဖော်ပြသွားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေတဲ့ အဓိက အရေးတစ်ခုဖြစ်တယ်ဆိုတာကိုလည်းပဲ သူ့မိန့်ခွန်းမှာ ပြောသွားပါတယ်။ ကျွန်တော် တကယ်ကိုပဲ အထင်ကြီးလေးစားမိပါတယ်။ ဒါကြောင့် မြန်မာအာဏာပိုင်တွေ အနေနဲ့ ပြောင်းလဲမှုတွေကို ဘယ်လိုပြုလုပ်မယ်၊ အမေရိကန်နဲ့ ဘယ်လိုလက်တွဲ သွားမယ်ဆိုတာကိုလည်း စိတ်ဝင်စားမိပါတယ်။
    ဘာသာပေါင်းစုံမှ လူငယ်များပါဝင်သော English Access Students အဖွဲ့
    အလားတူ အဖွဲ့မှမိန့်ခွန်းပြောကြားပွဲအခမ်းအနားသို့တက်ရောက်ခဲ့သူမြန်မာမွတ်စလင်မ်အမျိုးသမိးတစ်ဦးက “အိုဘားမားမိန့်ခွန်းနှင့် ပတ်သက်ပြီး အင်အားကြီးနိုင်ငံရဲ. ခေါင်းဆောင် အနေနဲ. မြန်မာပြည်အရေးနှင့် အဲလိုထောက်ပြပေးတာ အရမ်းကို ကောင်းတယ်ပေါ. ” ဟု  M-Media ကို ပြောဆိုပါတယ်။
    ” အိုဘားမားလိုလူမျိုးကဒီလိုမြန်မာနိုင်ငံကိုလာပြီးပြောတဲ့အတွက်အတိုင်းမသိဝမ်းသာမိပါတယ် နောက်လည်း ဒီလိုမျိုးအလုပ်တွဲလုပ်သွားဖို့ ဆန္ဒတွေရှိပါတယ် အရင်တုန်းကမှေးမှိန်နေတဲ့ မျှော်လင့်ချက်တွေက အခုအချိန်မှာပြန်ပြီးနိုးကြားလာသလိုပါပဲ၊တကယ်ဆို ဒီလိုမျိုး အမေရိကန်သမ္မတရဲ့မိန့်ခွန်းကိုနားထောင်ရမယ်ဆိုတာ အိမ်မက်တောင် မမက်ခဲဘူးတဲ့ကိစ္စပါ၊ အရမ်းလည်း အံ့သြခဲ့သလို အရမ်းလည်း ၀မ်းသာအားရခဲ့ပါတယ် ကိုယ့်ကိုယ်ကိုလည်းဂုဏ်ယူမိပါတယ် သမ္မတရဲ့မိန့်ခွန်းကိုကြားနေချိန်မှာ ဆိုရင်တော့ စိတ်ထဲမှာ တကယ်ပဲကျေနပ်မိပါတယ်” ဟုမြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်တစ်ဦးဖြစ်သူ ကိုဥာဏ်လင်းထက်ကမှတ်ချက်ပြုပါတယ်။
    အဆိုပါကျောင်းသားလူငယ်အဖွဲ့ English Access Students များသည် မြန်မာပြည်တွင်းတွင် English ဘာသာစာပေကိုသင်ယူနေသူများဖြစ်ပြီး လူမှုကူညီရေးလုပ်ငန်းများကို English Access ကျောင်းသားဟောင်းများနှင့် လက်တွဲကာပူးပေါင်းဆောင်ရွက်နေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
    ဘာသာပေါင်းစုံမှလူငယ်များပါဝင်သော English Access Microscholarship Program ကို ဘာသာပေါင်းစုံမှဆ၇ာ ဆရာမများက အားဖြည့် ကူညီပေးလျက်၇ှိသည်။
  • တတိယကြိမ် အကြမ်းဖက်မှု့ဖြစ်လျှင် အိုဘားမားတာဝန် ဟု Dr အေးမောင် ခြိမ်းခြောက်ပြောဆို
    တတိယကြိမ် အကြမ်းဖက်မှု့ဖြစ်လျှင် အိုဘားမားတာဝန် ဟု Dr အေးမောင် ခြိမ်းခြောက်ပြောဆို
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၂
    M-Media
    RNDP ဥက္ကဌ ဒေါက်တာအေးမောင်
    ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်ရောက်ရှိခဲ့သော အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မြန်မာပြည်သူများသို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်း သုံးစွဲခဲ့ခြင်းကြောင် ရခိုင်တွင် တတိယအကြိမ်အကြမ်းဖက် တိုက်ခိုက်မှု့များ ဖြစ်လာခဲ့လျှင် သမ္မတ အိုဘားမား တာဝန် ဟု VOA နှင့် တွေ့ဆုံသည့် အစီအစဉ်တွင် ခြိမ်းခြောက် ပြောဆိုလိုက်ပါသည်။
    အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး အမြင်များ VOA မှ လူထုလူတန်းစားအသီးသီးထံ တွေ့ဆုံ မေးမြန်းခဲ့ရာမှာ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ၊ ပြည်သူလွှတ်တော်အမတ် ဒေါက်တာအေးမောင်က ပြောကြားရာမှာ ” ဒီမိုကရေစီ အရေးနှင့် ပတ်သက်ပြီးပြောကြားချက်များ၊ အပြန်အလှန်ထိန်းကြောင်း ပြုပြင်ရေးနှင့် ပတ်သက်ပြီးပြောကြားချက်များ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပြောကြားချက်များကို ကြိုဆိုပါကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံေ၇းပါတီအချို့နှင့် လူထုအဖွဲ့အစည်း အသီးသီးတို့ကို သီးသန့် ဖိတ်ကြားတွေ့ဆုံသည့် အခမ်းအနားမှာ ရခိုင်ပါတီများကို ဖိတ်ကြားခြင်းမရှိကြောင်း၊
    အိုဘားမားသုံးနှုန်းတဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းအတွက် အိုဘားမားမှာ တာဝန်ရှိကြောင်း၊ ရိုဟင်ဂျာလို့ သုံးနှုန်းလို့ ရခိုင်ပြဿနာဖြစ်တယ်ဆိုတာ မိမိတို့ သုံးသပ်ထားတာရှိကြောင်း၊ ဒုတိယလှိုင်းပြီးခါနီးပြီးဖြစ်ကြောင်း အိုဘားမားရဲ့ အသုံးအနှုန်းကြောင့် တဖက် ဘင်္ဂါလီတွေ စစ်သွေးကြပြီးကာမှ အပြန်အလှန် တုံပြန်လာတာမျိုး ၊ အမေရိကားလို့ တခြားဒေသက အခြေချနေထိုင်လာတဲ့သူတွေ သမ္မတဖြစ်နေတဲ့ခေတ်ကြီးမှာ သူတို့ရည်မှန်းချက်တိုင်းဖြစ်ပြီးကာမှ တတိယလှိုင်းတက်လို့ ပဋိပက္ခဖြစ်ရင် အိုဘားမားတာဝန်ရှိကြောင်း “VOA နဲ့ တွေ့ဆုံသည့် အစီအစဉ်မှာပြောကြားသွားတာဖြစ်ပါတယ်။
  • ဇင်းမယ်မှ မြန်မာ့မွတ်စလင်များ ဘ၀မြင်ကွင်း
    ဇင်းမယ်မှ မြန်မာ့မွတ်စလင်များ ဘ၀မြင်ကွင်း
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၂
    M-Media
    မောင်လူငယ်
    မြန်မာမွတ်စလင်များသည် ပုဂံခေတ်မှ ဗျက်ဝိ၊ဗျတ္တမှ စတင်ကာ ခေတ်အဆက်ဆက် နှစ်ပေါင်းရာချီပြီး မြန်မာပြည်တွင် တမြေတည်းဖွား တအူတုံးဆင် ညီရင်းအကိုကဲ့သို ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့သည်။ အုပ်ချုပ်သူ မြန်မာ သျှင်ဘုရင်မင်းဧကရာဇ် အသီးသီးအပေါ် သစ္စာစောင့်သိရိုသေကြသူများပင်ဖြစ်ကြသလို ဘယ်တုန်းကမှ နိုင်ငံအပေါ်သစ္စာမဖောက်ခဲ့ကြသည်မှာ မြန်မာမွတ်စလင်များ၏ ဂုဏ်တခု ဖြစ်သလို အစဉ်အလာလည်း ဖြစ်ကြသည်။ ဗြိတိသျှ ကိုလိုနီဗမာပြည် ခေတ်ကာလ အတွင်း အမျိုးသားရေး လှုပ်ရှားမှုသမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့ လွတ်လပ်ပြီးခေတ် ပြည်တွင်း ရောင်စုံသူပုန်တို့ကြောင့် ရန်ကုန်အစိုးရဟု ခေါ်ခံရသောခေတ်ကာလ တိုင်းပြည်အတွက် ဗမာတပ်မတော်မှ လိုအပ်နေသော လက်နက်ခဲယမ်းများကို ရယူကြံဆောင် ပေးခဲ့ကြသည်မှာ ထင်ရှားသည်သက်သေပင်ဖြစ်သည်။
    မြန်မာမွတ်စလင်မ် ခေါက်ဆွဲဆိုင် (ဓါတ်ပုံ-မောင်လူငယ်)
    ဗိုလ်နေ၀င်း၏ ၂၆ နှစ်တာ အုပ်ချုပ်မှုနှင့် န၀တ၊ နအဖ စစ်အစိုးရအဖွဲ့၏ ၂၂ နှစ်ကြာ အာဏာ ဆုပ်ကိုင်ထားမှုတို့ကြောင့် မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ၊ မဖွံ့ဖြိုးမတိုးတက်သောနိုင်ငံဘ၀သို့ သက်ဆင်းခဲ့ရလေသည်။ ထို့အချိန်ကာလအတွင်း တိုင်းရင်းသားများရဲ့ လိုအပ်ချက်ကဏ္ဍအသီးသီးတွင် လျစ်လှူရှုကာ ကြံရာမရသည်အဆုံး နိုင်ငံအရေးတွင် လူမျိုးရေး၊ ဘာသာရေးပေါ်လစီ ကျင့်သုံးကာ သွေးခွဲမှု၊ အဓိကရုဏ်းများဖြင့် အုပ်ချုပ်သူအစိုးရအဆက်ဆက်တိုင်း ကျင့်သုံးကြသည်မှာ အစဉ်အလာလို့ ဖြစ်ခဲ့ပေသည်။
    နိုင်ငံ၏ကဏ္ဍအသီးသီးတွင် မြန်မာမွတ်စလင်များကို တဖြည်းဖြည်းနှင့် နေရာမပေးတော့ဘဲ ပစ်ပယ်ထားခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်းများဖြင့်လည်းကောင်း၊ တိုင်းချစ်ပြည်ချစ် ရှိသော မွတ်စလင်များကိုလည်း ရာထူးနှိမ့်ခြင်း၊ တပ်မတော်အတွင်း ၀င်ခွင့်လုံးဝမပြုတော့ခြင်းကို ၀မ်းနည်းဖွယ်ရာတွေ့မြင့်ရလေသည်။ အမျိုးသားမှတ်ပုံတင်တွင်လည်း အရင်က မကြားဖူးခဲ့သော အသုံးအနှုန်းများကို ထည့်သွင်းရေးသား ဖော်ပြထားသည်ကို တွေ့ရသည် အပြင် မြန်မာလူအဖွဲ့အစည်းတွင် သုံးစွဲနေသော စကားလုံးတချို့သည် နှိမ့်ခေါ်သော၊ မတူမတန်သလို ခွဲခြားခေါ်သော အသုံးအနှုန်းများပင်ဖြစ်သည်။ ဥပမာ – လူမျိုးခြား၊ ဘာသာခြား အစ ……. တို့ဖြစ်သည်။ ကျနော်မောင်လူငယ်ရဲ့ ဖခင်က ဗမာ ဗုဒ္ဓဘာသာ၊ မိခင်က ဗမာ အစ္စလာမ့်ဘာသာဝင်တွေပါ။ ကျနော်ရဲ့ မိခင်ဘက်က ဘိုးစဉ်ဘောင်ဆက်က ကုန်းဘောင်မင်းဆက်ဘုရင် အလောင်းဘုရား ဦးအောင်ဇေယျရဲ့ ရွှေဘို မြေဒူးဆက် မြန်မာမွတ်စလင်တွေပါ။ န၀တ၊ နအဖခေတ်မှာ အကြောက်တရား လွှမ်းမိုးနေတော့ ကျနော်ရဲ့ အမျိုးသားမှတ်ပုံတင်မှာတော့ လ၀ကအရာရှိက ဖြေထားတာက လူမျိုးမှာ ဗမာ + ဗမာစွန်နီ၊ ကိုးကွယ်သည်ဘာသာမှာ တော့ ဗုဒ္ဓဘာသာလို့ သူသဘောနဲ့သူထည့်ရေးပါတယ်။ အကြောင်းပြချက်ကတော့ အဖေဘက်ပဲ လိုက်ရမယ်တဲ့။ ကိုယ်ယုံကြည်ရာ နှစ်သက်ရာ ဘာသာတရားကို ရွေးချယ်ပိုင်ခွင့်ပင်မရှိချေ။ အဖေက အဲဒီအချိန်တုန်းက နိုင်ငံဝန်ထမ်းဆိုတော့ အလုပ်ပြုတ်မှာ ကြောက်သလို၊ ကြောက်အောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ထားတဲ့အတွက် လ၀ကအရာရှိက ရီပို့စ် အရှည်ကြီးရေးပြီး ဖတ်ခွင့်မရဘဲ လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် ကျနော် ဘာမှမပြောဘဲ လက်မှတ်ရေးထိုးပြီး သည်းခံခဲ့ပါတယ်။ ကျနော်ကဲ့သို့ အမျိုးသား မှတ်ပုံတင်တွင် အတင်းအကျပ်ပြုလုပ်ခံရ မြန်မာမွတ်စလင်များနဲ့ မှတ်ပုံတင်မရှိဘဲ နိုင်ငံမဲ့များ၊ နိုင်ငံသား ဖြစ်ခွင့်မရသူများ ဒုနဲ့ဒေးပင် ရှိသည်သိရသလို ဇင်းမယ်တွင် မြန်မာမွတ်စလင်များ၏ ဖြစ်ရပ်နှင့် ရင်တွင်းခံစားချက်များကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရပါသည်။
    ခေါက်ဆွဲလာဝယ်နေသော ယိုးဒယား စားသုံးသူများ (ဓါတ်ပုံ-မောင်လူငယ်)
    တချိန်က အာရှရဲ့ ဆန်အိုးကြီးဟု နာမည်ကျော်ခဲ့သော မြန်မာနိုင်ငံသည် အခုအခါ အာဆီယံဟုခေါ်သော အရှေ့တောင်အာရှနိုင်ငံများ၏ နောက်တွင် နောက်ကောက်ကျန်ခဲ့ပြီးဖြစ်သည်မှာ လက်တွေ့အဖြစ်အပျက်ပင်ဖြစ်သည်။ မြန်မာတို့က ယိုးဒယားနိုင်ငံဟု ခေါ်ခဲ့သော ထိုင်းနိုင်ငံသည် မြန်မာတို့ထက် များစွာ ကျော်တက်ကာ တိုးတက်ဖွံဖြိုးသောနိုင်ငံဘ၀သို့ ရောက်ရှိခဲ့ပြီး ၀င်ငွေကောင်းသဖြင့်  မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်သမားများ ထိုင်းလူမျိုးတို့ မလုပ်သော အောက်ခြေသိမ်းအလုပ်များတွင် ၀င်ရောက်လုပ်ကိုင်ကြသည်။ မြန်မာနှင့်ထိုင်းနိုင်ငံမှာ နယ်နမိတ် ထိစပ်မှုရှည်လျားပြီး ရှမ်း၊မွန်၊ကချင်၊ကရင်၊ ကယားပြည်နယ်၊ ပဲခူး၊ မြန်မာပြည်အလယ်ပိုင်းဒေသနဲ့ တနင်္သာရီတိုင်းဒေသမှာ မြန်မာတိုင်းရင်းသားများသည် နယ်စပ်ဝင်ပေါက်မှာတဆင့် တရားဝင်ရော၊ တရားမ၀င်ရော နေ့စဉ်နဲ့အမျှ ၀င်ရောက်နေသည်မှာ မြန်မာပြည်၏ ထင်ရှားသော အမှတ်အသားပင်ဖြစ်သည်။
    ဇင်းမယ်တွင် မြန်မာပြည်မှာ လာသော မွတ်စလင်များကို ကြုံရာကျပန်း အလုပ်များဖြင့် တွေ့မြင်ရပါသည်။ တွေ့ခဲ့ရသူများမှာ မြန်မာပြည်သား ကရင်၊မွန်၊ရခိုင်၊ရှမ်း၊ကချင်၊ဗမာ၊ ရိုဟင်ဂျာနဲ့  တရုတ်လူမျိုး အစ္စလာမ့်ဘာသာ ကိုးကွယ်သူများပင်ဖြစ်သည်။ မြန်မာမွတ်စလင်အမျိုးသားများမှ ပလာတာ ထိုင်းအခေါ် ရိုတီ၊ လက်ဘက်ရည်၊ ထမင်းနှင့် ဟင်းမျိုးစုံ၊ အကင်မျိုးစုံနဲ့ ခေါက်ဆွဲကြော်၊ကြာဇံကြော် လက်တွန်းလှည်းဆိုင်ကယ်များဖြင့် လည်းကောင်း၊ ဈေးထဲတွင် ကြက်သားနဲ့ အမဲသားရောင်းသော ဆိုင်တွင် လည်းကောင်း အမျိုးသမီးများသည် အိမ်ဖော်အလုပ်၊ သန့်ရှင်းရေး၊ စာပွဲထိုး၊ အမဲသားသုတ်နဲ့ ထမင်း၊ ကောက်ညှင်းထမင်း လက်တွန်းလှည်းဆိုင်အပြင် ကွမ်းယာရောင်းခြင်းတို့တွင် မိမိတို့ ဘ၀စားဝတ်နေရေးအတွက် လုပ်ကိုင်ကြသည်ကို တွေ့မြင်ရပါသည်။
    ဘတ် ၂၀ တန် ခေါက်ဆွဲကြော် (ဓါတ်ပုံ-မောင်လူငယ်)
    ကျနော်သည် ဇင်းမယ်တွင် ဂျမုအတ် သောကြာနေ့တွင် ဗလီဝတ်ပြုသွားရာတွင် မြန်မာမွတ်စလင်များနှင့် အမြဲဆုံကြပြီး ကြာလတ်သော အပြန်အလှန် မိတ်ဆက်ပေးကြရာမှာ ရင်းနှီးပြီး သူတို့ရဲ့ ဘ၀အကြောင်းကို စာနာစွာ သိရှိရပါသည်။ ထို့သူများ၏ နာမည်ကို ကျနော်သည် ထုတ်ဖော်မပြောဆိုဘဲ နာမည်ပြောင်းထားလိုက်သည်ကို စာဖတ်သူ ချစ်မိတ်ဆွေများက နားလည်ပေးပါရန်။
    အကင်မျိုးစုံ လက်တွန်းလှည်းလေးနဲ့ ဈေးရောင်းနေတဲ့ မြန်မာမွတ်စလင် တဦးဖြစ်တဲ့ ဦးစောရဲသူ ပြောပြချက်ကတော့ “ကျနော်ကို ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့မှာ မွေးတဲ့ ကရင်လူမျိုး အစ္စလာမ့်ဘာသာဝင်ပါ။ အခု ကျနော်အသက်က ၄၂ ရှိပါပြီး။ ကျောင်းဆိုတာ ကျနော်တောင် မမျှော်မှန်းရဲဘူး။ မိဘတွေက ဆင်းရဲလို့ ကျနော်ကျောင်းမနေခဲ့ရပါဘူး။ မြန်မာလို့ရော ထိုင်းလို့ရော  ပြောတတ်ပါတယ်။ စာတော့မဖတ်တတ် မရေးတတ်ပါဘူး။ ကျနော်နေတဲ့ ဒေသမှာ အလုပ်အကိုင်ရှားပါးပါတယ်။ စားဖို့ သောက်ဖို့ အဆင်တော့မပြေဘူး။ နောက်ပြီး မွတ်စလင်တယောက်ဖြစ်တော့ ဘာသာကိုအကြောင်းပြုပြီး မှတ်ပုံတင်လုပ်ဖို့လည်း အခက်အခဲရှိတယ်။  ပိုက်ဆံလည်းမရှိဘူး။ ဒီလိုဖိနှိပ်မှုတွေရှိတော့ ၁၈ နှစ်သားကတည်း ထိုင်းကို ထွက်လာပြီး ချင်းမိုင်မှာ အလုပ်လုပ်ပြီးနေလာတာ အနှစ် ၂၀ တောင် ကျော်ခဲ့ပြီး ကျနော်မှာ အိမ်ထောင်နဲ့ အတည်တကျဖြစ်ပြီး ကလေး ၂ ယောက်ရှိပါတယ်။ အမျိုးသမီးက မွန်လူမျိုး မွတ်စလင်ပါ။ အိမ်ဖော်လုပ်နေတာပေါ့။ မိသားစုအတွက် ကျနော်တို့ လင်မယား ၂ ယောက် ကြိုးစားရတယ်။ ကျနော်ကလေး ၂ယောက်ကို ထိုင်းမှာ မွေးပြီး ထိုင်းမှာ ကျောင်းထားပေးထားပေးမဲ့ ထိုင်းနိုင်ငံသားတွေ မဟုတ်သလို မြန်မာနိုင်ငံသားလည်း မဟုတ်ပါဘူး။ မြန်မာလူမျိုး ဖြစ်ခွင့်မရတာ ကျနော် ၀မ်းနည်းလို့မဆုံပါဘူး။ အလ္လာဟ်အသျှင် အလိုတော်အတိုင်း တနေနေ့ ကိုယ်မွေးရပ်မြေကို ပြန်နိုင်မှာပါ။” လို့ ပြောသွားပါတယ်။
    နောက်တယောက်ဖြစ်တဲ့ ထမင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ ကချင်တိုင်းရင်းသား မွတ်စလင်တယောက်ဖြစ်တဲ့ ဦးLနော်ဆိုင်းကတော့ “ကျနော်အသက်ကတော့ ၃၅ ပါ။ ကချင်ပြည်နယ် မိုးညှင်းဇာတိပါ။ မိသားစု ၈ ယောက်ရှိပါတယ်။ ကျနော်က အငယ်ဆုံးပါ။ အဖေက ကချင်လွတ်လပ်ရေးတပ်မတော်မှာ ပါဝင်လှုပ်ရှားခဲ့ဖူးပါတယ်။ အခုတော့ ကွယ်လွန်သွားပါပြီး။ တချို့အကိုနဲ့ အမတွေက မိုးညှင်းမှာရှိသလို အိမ်ထောင်ကျသွားတဲ့သူတွေက တရုတ်ပြည် ရွှေလီ၊ ကူမင်းမှာ နေပါတယ်။ ပညာရေးအနေနဲ့တော့ ၁၀ တန်းထိ နေခဲ့ပါတယ်။ ကျနော်က ချင်းမိုင်မှာ နေလာတာ ၁၀ နှစ်ကျော်ပါပြီး၊ ဒီမှာက နေလို့ကောင်းတယ်။ လူမျိုး၊ဘာသာမခွဲခြားဘူး။ မြန်မာပြည်နဲ့ အတော်ကွာတယ်။ ပြောရမယ်ဆိုရင် ဆီနဲ့ ရေလိုဘဲ။ ကချင်မှာလည်း ကချင်လူမျိုး နတ်ကိုးကွယ်သူ၊ ခရစ်ယာန်တွေနဲ့ အစ္စလာမ့်ဘာသာဝင်တွေ ရှိပါတယ်။ ဒါကို မြန်မာအစိုးရက ကချင် မွတ်စလင်ဆိုတာ မရှိပါဘူးလို့ -င်ပိတ်ငြင်းနေတာရှိတယ်။ ကျုပ်တို့ကတော့ ဒီလူတွေနဲ့ ပြိုင်မငြင်းဘူး။ ကချင်လူမျိုးဆိုတာ လူကြောက်မဟုတ်ဘူးဆိုတာ သူတို့ မသိချင်ယောင်ဆောင်နေကြတာ။ ကျုပ်တို့ဆီက ကျောက်စိမ်းတွေကိုကျတော့ ယူတယ်။ ကျုပ်တို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဘာတခုမှမလုပ်ပေးတဲ့ ကြောင်သူတော် ကြွက်သူခိုးတွေလေ။” ဟု နာကျဉ်းစိတ်ကို ဒေါသသံနဲ့ ပြောသွားတယ်။
    မဲဆောက်ဗလီကြီးတွင်တွေ့ရသည် မြန်မာနှင့်ထိုင်း အစ္စလမ်ဘာသာဝင်များ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
    အပတ်စဉ် တနင်္ဂနွေ ညနေတိုင်း ကျနော်သည် ချင်းမိုင် Riverside Condo နားရှိ ဈေးထဲတွင် အမြဲပင် သွားရောက်လေ့ရှိသည်အပြင် ညနေစာကိုလည်း ဈေးအတွင်းရှိ လခြမ်းနှင့် ကြယ်တံဆိပ် အမှတ်အသားပါသောဆိုင်များတွင် ၀င်ရောက်စားသုံးလေရှိသည်။
    ထိုင်းနိုင်ငံတွင် အစ္စလာမ့် ဘာသာဝင်များ၏ ဆိုင်များတွင် (၇၈၆) အမှတ်အသားပါသည် ဆိုင်များကို ကျနော်မတွေ့ဖူးပါ။ မြန်မာပြည်တွင် အတွေ့ရအများဆုံးပင်ဖြစ်ကြောင့် မှတ်သားမိသည်။ ကျနော်သည် ခေါက်ဆွဲဆိုင်တွင် အပတ်စဉ်တိုင်း စားနေကျဖြစ်သည်အတိုင်း ခေါက်ဆွဲဆိုင်ပိုင်ရှင်နှင့် ရင်းနှီးလာပြီး သူအကြောင်း ကိုယ်အကြောင်း မိတ်ဆက်ကြတော့မှာ မြန်မာပြည်က လာသူဖြစ်မှန်း သိရတဲ့အပြင် ရန်ကုန်ဇာတိဆိုတော့ သူအကြောင်းကိုလည်း ကျနော်ကို ရင်ဖွင့်ပြောပြခဲ့တာ ကျနော် စိတ်မကောင်းဖြစ်မိတယ်။ ပြောပြတာကတော့ “မာမူက ရန်ကုန်ဇာတိပါ သာကေတ မှာ နေတာပေါ့။ ထိုင်းမှာ နေတာ နှစ်ပေါင်း ၂၀၊ အစိတ်ရှိခဲ့ပြီး မာမူက မြန်မာ့မွတ်စလင်ပါ။ ကျောင်းဆိုလို့ ၈ တန်းထိဘဲ နေခဲ့ရတာ။ မြန်မာပြည်က ထွက်ခဲ့တုန်းက မ.ဆ.လ ခေတ်ပေါ့ သမ္မတ ဦးစန်းယု ကာလပေါ့။ ရန်ကုန်မှာ အလုပ်အကိုင် အဆင်မပြေလို့ပေါ့။ ပစ္စည်းမျိုးစုံ ရှားပါးတဲ့ ခေတ်မှာ မှောင်ခိုရွှေခေတ်ဆိုတော့ မော်လမြိုင်ဘက်ကို ရောက်သွားတယ်။ ထိုင်းကနေ ပစ္စည်းမျိုးစုံကို သယ်ဆောင်လာပြီး ခရီးအဆင့်ဆင့် ဆက်သွားပြီးမှာ မော်လမြိုင်ကို ရောက်တယ်။ မော်လမြိုင်ကနေ သင်္ဘောနဲ့ပေါ့ ရန်ကုန်အရောက် ဒါမှမဟုတ် ပုလိပ် အဖမ်းအဆီးရှိရင် စစ်တောင်း၊ ပဲခူး ရထားကနေ ရန်ကုန်ထိ ပို့ရတာပေါ့။ လဟာပြင်ဈေးတို့၊ စကော့ဈေးတို့ပေါ့။ အဲဒီတုန်းက မော်လမြိုင်ဆိုရင် မျက်နှာပွင့်တယ်။ လက်ဖျားမှာ ငွေတွေသီတယ်။ ပစ္စည်းမျိုးစုံ သယ်ဆောင်ရာမှာလည်း လမ်းခရီးအဆင့်ဆင့်မှာ ကေအန်ယူတို့၊ မွန်ပြည်သစ်ပါတီတို့ကို ဆက်ကြေးပေးရတယ်။ ဓားပြတွေရဲ့ ရန်က လွတ်အောင် ဒီအဖွဲ့တွေရဲ့ အကူအညီလိုအပ်တာပေါ့။ မြန်မာငွေက ထိုင်းဘတ်ထက် တန်ဖိုးမြင့်တယ်။ အဲဒီကာလကပေါ့။ လွမ်းစရာတော့ ဖြစ်ရပြီးလေ။
    ငါတူရယ်။ ငွေလဲလှယ်နှုန်းဘယ်လောက်ရှိလဲသိလား။ ငါတူ မှတ်ထား မြန်မာငွေ ၁ ကျပ်ကို ထိုင်းဘတ် ၃၀ တောင်။ အခုတော့ မော်လမြိုင်မှာ မှောင်ခိုမရှိတော့ နောက်မျိုးဆက်သစ်တွေက ဒီအကြောင်းကို မသိကြတော့ဘူး။ ၈၆ နောက်ပိုင်းမှာ မာမူလည်း ချင်းမိုင်မှာ အလုပ်လုပ်ရင်းနဲ့ ယိုးဒယားသူနဲ့ အိမ်ထောင်ကျပြီး အခြေချနေလာတာ နှစ်ပေါင်း ၂၀ တောင် ကျော်ခဲ့ပြီး၊ မာမူမှာ သား ၂ ယောက်ရှိတယ်။ သားအကြီးက ထိုင်းတပ်မတော်လေတပ် အရာရှိဖြစ်ပြီး ချင်းမိုင်လေဆိပ်လုံခြုံရေးကို တာဝန်ယူရတယ်အဖွဲ့မှာ ပါဝင်ထမ်းဆောင်နေတာပေါ့။ သားအငယ်က မာမူနဲ့ အတူ ဈေးရောင်းနေတယ်။ ထိုင်းမှာ ဘုရင်ကြီးက ကောင်းတယ်။ အားလုံးကို ကျောသားရင်သားမခွဲခြားဘူး။ ထိုင်းလူမျိုး ဘယ်ဘာသာကိုးကွယ် ကိုးကွယ် အားလုံးကို တပြေးညီဘဲဆက်ဆံတယ်။ မာမူသားဆိုရင် ထိုင်းတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတယ်။ မြန်မာပြည်မှာ ရမလား။ မရနိုင်ဘူးကွယ်။ သူတို့တွေက မွတ်စလင်ဆို နှိမ့်တာ၊ ဖိနှိပ်တာဘဲ။ နေရာမပေးအောင်လုပ်တာ အဘက်ဘက်ကနေပေါ့။ ဘယ်သူလုပ်တယ်ထင်လဲ။ ငါတူ မသေမရှင် မှတ်ထား ဦးနေ၀င်း ကိုယ်တိုင်လုပ်ခဲ့တာ။ မြန်မာ လူအဖွဲ့အစည်းကို အမြင်ကျဉ်းမြောင်တဲ့ အတွေးအခေါ်တွေကို သံမှိုစွဲနှက်သလိုရိုက်သွင်းခဲ့တာဘဲ။ ခင်ညွန့်ဆိုရင်လည်း ကြည့်ပါလား ဦးနေ၀င်းမွေးထားတဲ့ မျောက်လေ။ သူလည်း အပြင်ပန်းကနေ ဟန်ဆောင်တာဘဲ။ စိတ်ထဲမှာ ဖေဖေကြီးပြောသမျှ မှန်နေတယ်လို့ အစွဲမပျောက်သေးပါဘူး။ ဒီလိုသာ ရှေဆက်သွားနေရင် မာမူတို့ မြန်မာပြည် အနာဂတ်အတွက် ရင်လေးလိုက်တာ။ မာမူလည်း မြန်မာပြည်ကို သံယောဇဉ် ရှိနေတာပေါ့။ ကိုယ်မွေးရပ်မြေလေ။ ဒါပေမဲ့ မိသားစုက ထိုင်းမှာ အခြေတကျဖြစ်နေတော့ မာမူလည်း အိပ်မက်ထဲမှာ မြန်မာပြည် အမြဲရောက်နေတာပေါ့။ ရီစရာပြောရမယ်ဆိုရင် အိပ်မက်ထဲမှာ မာမူလည်း မိသားစုနဲ့ မြန်မာဟင်း၊ ငါးပိနဲ့ တို့စရာတွေနဲ့ အားရပါးရလွေးနေရတာပေါ့။” အထက်ပါ ရင်ဖွင့်ချက်ကို ကျနော်သိရသောအခါ ခံစားမှုအမျိုးမျိုးဖြင့် ဘာပြောရမှန်း မသိအောင် နှုတ်ဆိတ်နေကာ အတန်ကြာ စဉ်းစားမိသည်။
    နိဂုံးချုပ်ဆိုရသော် မြန်မာမွတ်စလင်များသည် ပြည်တွင်းတွင် အမျိုးမျိုးသော ဖိနှိပ်မှုများအကြားတွင် ကြံ့ကြံ့ခံ ရင်ဆိုင်ရင် စားဝတ်နေရေးအတွက် နယ်စပ်မှတဆင့် ထွက်ခွာကာ ကျရာအလုပ်အသီးသီးတွင် ၀င်ရောက် လုပ်ကိုင်ကြသည်အပြင် မြန်မာမွတ်စလင် အများစုတွင် ပညာရေးဘက်တွင် အားနည်းခဲ့ပြီး စာတတ်မြောက်မှုနှုန်း မရှိသလောက်ဖြစ်ခဲ့ရသည်ကို ကျနော် ၀မ်းနည်းစွာ မျက်မြင်တွေ့မြင်ခဲ့ရလေသည်။
    မောင်လူငယ်
  • မောင်တောမြို့ ကိုင်းကြီး မွတ်စလင်မ်ကျေးရွာ မီးရှို့ခံရ
    မောင်တောမြို့ ကိုင်းကြီး မွတ်စလင်မ်ကျေးရွာ မီးရှို့ခံရ
    နိုဝင်ဘာ ၁၉၊ ၂၀၁၂
    M-Media
    ထွန်းတောက်
    ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကိုင်းကြီးမွတ်စလင်မ်ကျေးရွာအား ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် ည ၁၀-နာရီခန့်က အကြမ်းဖက်သမားများက မီးရှို့ခဲ့ကြောင်း သတင်းရရှိပါတယ်။
    “အခုည ၁၀-နာရီလောက်က မောင်တောက ကိုင်းကြီးဆိုတဲ့ မွတ်စလင်မ်ရွာကို အကြမ်းဖက်သမားတွေက မီးစရှို့ခဲ့တာ။ နတလကလူတွေပါ မီးရှို့တာက။ မွတ်စလင်မ်အိမ် ၂၀-လောက် လောင်သွားပြီ။ ကျန်တဲ့ သတင်းကို ဆက်လက်စုံစမ်းနေပါတယ်။ အခုတော့ နစက ရောက်လာပြီး မီးမရှို့ဖို့ တားနေတယ်။
    ပြဿနာတွေ ငြိမ်နေပြီးအခုမှ ပြန်ထလုပ်တာ အိုဘားမားရဲ့မိန့်ခွန်ုကြောင့်များလားလို့ထင်တယ်။ ကျွန်တော်လည်း အခု ဖုန်းနဲ့ခြိမ်းခြောက်ခံနေရတယ်။ ဘယ်သူလဲလို့မေးတာလည်းမဖြေဘူး။ ကိုင်းကြီးက မွတ်စလင်မ်တွေအတွက် ဆုတောင်းပေးကြပါဦးဗျာ”လို့ မောင်တောမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။
  • ရန်ကုန်တက္ကသိုလ်မှာ ပြောကြားခဲ့တဲ့ အမေရိကန် သမ္မတအိုဘားမား၏ သမိုင်းဝင်မိန့်ခွန်း
    ရန်ကုန်တက္ကသိုလ်မှာ ပြောကြားခဲ့တဲ့ အမေရိကန် သမ္မတအိုဘားမား၏ သမိုင်းဝင်မိန့်ခွန်း
    နိုဝင်ဘာ ၁၉ ၊၂၀၁၂
    Source: ဧရာဝတီ
    ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် မွန်းလွဲ ၂ နာရီခွဲကျော်က ပြောကြားခဲ့ သော အမေရိကန်သမ္မတအိုဘားမား၏ သမိုင်းဝင်မိန့်ခွန်း
    (အချို့နေရာများတွင် အသံများလုံးထွေးနေမှုကြောင့် ဖော်ပြနိုင်ခြင်းမရှိပါ)
    ကျနော်ဒီတက္ကသိုလ်ကို ရောက်လာခဲ့ရတဲ့အတွက် ဒီနိုင်ငံကို ပထမဆုံး တက်ခွင့်ရတဲ့ အမေရိကန်သမ္မတဦးဖြစ်တဲ့အတွက်လည်း ၀မ်းသာဂုဏ်ယူမိပါတယ်။ ကျနော်ကို ဒီကိုလာတာက ဒီနိုင်ငံရဲ့အရေးပါမှုကြောင့်ပါပဲ။ လူကြီးမင်းတို့က အရှေ့နဲ့တောင်အာရှဆက်စပ်ပေးတဲ့လမ်းဆုံလမ်းခွမှာ ရောက်နေတဲ့အတွက် အရေးပါနေတာ။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးနိုင်ငံတွေနဲ့ လူကြီးမင်းတို့က နယ်မြေချင်းဆက်နေပါတယ်။ ဒါ့အပြင် လူကြီးမင်းတို့ရဲ့နိုင်ငံသမိုင်းက လည်း နှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်သလို ကမ္ဘာ့အလျှင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသရဲ့ကံကြမ္မာကိုပံ့ပိုးပေး နိုင်တဲ့စွမ်းအား တွေရှိနေပါတယ်။
    ကျနော် ဒီကိုရောက်လာတာက လူကြီးမင်းတို့နိုင်ငံရဲ့လှပတင့်တယ်မှုနဲ့ ထူးခြား မတူကွဲပြားမှုတွေကြောင့်။ ကျနော်ရွှေတိဂုံ စေတီတော်ကြီးကို စောစောကပဲ မြင်တွေ့ခဲ့ရပါတယ်။
    ဒီကိုရောက်လာခြင်းတခုကတော့ ဒီတက္ကသိုလ်ကို လေးစားလို့ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးမှာ ကိုလိုနီဆန့်ကျင်ရေးကို စတင်ခဲ့ပါတယ်။ ဒီကျောင်းတော်ကြီးမှာပဲ ကိုအောင်ဆန်းက လွတ်လပ်ရေးလှုပ်ရှားမှုကို မစတင်ခင်မှာ မဂ္ဂဇင်းအယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးပါတယ်။ ဒီနေရာမှာပဲ ဦးသန့်က ကုလသမဂ္ဂကို မဦးဆောင်ခင်မှာ ဒီကျောင်းတော်ကြီးမှာပဲ ကမ္ဘာကြီးအကြောင်းကို ဆည်းပူးခဲ့ပါတယ်။
    လွန်ခဲ့တဲ့ ရာစုနှစ်တွေမှာ ပညာရှင်တွေရုန်းကန်ကြိုးစား ခဲ့ကြသလို ကျောင်းတော်သူ ကျောင်းတော်သားတွေကလည်း သူတို့ရဲ့အခြေခံလူ့အခွင့်အရေးတွေ ကို တောင်းဆိုခဲ့ကြပါတယ်။ အခုအခါမှာတော့ လွှတ်တော်က ဒီတက္ကသိုလ်ကို အားသစ်ပြန်လောင်းဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို အနည်းဆုံးချမှတ်ခဲ့ပြီးပါပြီ။ ဒီနိုင်ငံရဲ့အနာဂတ်ကို ဒီနိုင်ငံရဲ့လူငယ်တွေရဲ့ ပညာရေးကသာ အဆုံးအဖြတ်ပေးမှာဖြစ်လို့ ဒီကျောင်းတော်ကြီးက တချိန်က သူရဲ့ကြီးကျယ်မြင့်မြတ်မှု ကို ပြန်လည်ဆောင်ကြဉ်းရမှာမလွဲတော့ပါဘူး။
    နောက်ဒီကို ရောက်လာခြင်းက ကျနော်တို့နှစ်နိုင်ငံကြားက ဆက်စပ်မှုကြောင့်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေက အမေရိကန်ကုန်သည်တွေ၊ သာသနာပြုသူတွေက ကုန်သွယ်မှု၊ သာသနာပြုမှုတွေ အတွက် ရောက်ရှိခဲ့ကြပါတယ်။ ဒီနယ်နိမိတ်အတွင်းမှာပဲ ဒုတိယကမ္ဘာစစ်အတွင်းက ကျနော်တို့ရဲ့ လေသူရဲတွေက တရုတ်ပြည်ကို ပျံသန်းခဲ့ကြသလို ကျနော်တို့ရဲ့ တပ်ဖွဲ့အများအပြားကလည်း ဒီမြေပေါ်မှာပဲ အသက်ပေးခဲ့ကြပါတယ်။ ကျနော်တို့နှစ်နိုင်ငံနှစ်ခုစလုံးက ဗြိတိသျှအင်ပါယာ အတွင်းက ပေါ်ထွန်းလာတဲ့ နိုင်ငံဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုပါဝင်ခဲ့ပါတယ်။
    အမေရိကန်ယာဉ်ကျေးမှုဗဟိုဌာနကို ရန်ကုန်မှာထူထောင်နိုင်ခဲ့ပြီး ဒီကျောင်းတော်ကြီးမျိုးတွေနဲ့ ပညာအပြန်အလှန်တည်ဆောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ မတူကွဲပြားမှုတွေရှိနေတဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာပဲ အမေရိကန်လူမျိုးတွေက ဒီနိုင်ငံနဲ့ နိုင်ငံသားတွေအပေါ် သံယောဇဉ်ရှိခဲ့ကြပါတယ်။
    အားလုံးထဲက အရေးကြီးတချက် ဒီကိုရောက်လာခဲ့တာက လူ့ဂုဏ်သိက္ခာအပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ကျနော်တို့နိုင်ငံတွေက တစိမ်းတွေဖြစ်ခဲ့ကြပါတယ်။
    ဒါပေမယ့် ဒီနေ့မှာတော့ မြန်မာပြည်သူတွေအတွက် အမြဲတမ်းပဲမျှော်လင့်ချက်ထားခဲ့ကြတယ်ဆိုတာကိုပြောနိုင်ပါတယ်။ မြန်မာပြည်သူတွေက ကျနော်တို့ကို  မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေရဲ့ သတ္တိတွေကိုလည်း ကျနော်တို့မျက်မြင်တွေ့ခဲ့ရပါတယ်။ အဖြူရောင်ဝတ်ထားကြတဲ့ လှုပ်ရှားတက်ကြွသူတွေက တနင်္ဂနွေနေ့မှာ နိုင်ငံရေးမိသားစုတွေဆီ သွားတွေ့ခဲ့ကြတာတွေ။ ရွှေဝါရောင်သင်္ကန်းဝတ်ထားတဲ့ သံဃာတော်တွေက လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတာတွေကို ကျနော်တို့ မြင်ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းကို တုံ့ပြန်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေဖွဲ့စည်းခဲ့ကြတဲ့ မြန်မာပြည်သူတွေအကြောင်းလည်း သိခဲ့ရပါတယ်။ လွတ်လပ်မှုအသံကို ဟစ်ကြွေးခဲ့ကြတဲ့ ကျောင်းသားတွေရဲ့အသံတွေ၊ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ စည်းချက်တွေကိုလည်းကျနော်တို့ကြားခဲ့ရပါတယ်။ မိမိတို့ရဲ့ မိသားစုတွေနဲ့ပဲဖြစ်ဖြစ် ဘိုးဘွားတွေနဲ့ပဲဖြစ်ဖြစ် အဆက်အသွယ်မပြတ်ခဲ့ကြတဲ့ ပြည်ပရောက် မြန်မာတွေကိုလည်း သိခဲ့ရပါတယ်။
    ရင်ထဲက မျှော်လင့်ချက်ရှင်သန်နေမျှ ဘယ်လူသားကိုမှ အမှန်တကယ် အကျဉ်းချထားလို့မရဘူးဆိုတာ သက်သေပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်မှုတွေ၊ ဂုဏ်သိက္ခာတွေကြောင့် ကျနော်တို့မှာ အတွေးသစ်တွေနိုးကြားခဲ့ရပါတယ်။
    သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေက ရုပ်လုံးပေါ်လာပါတယ်။ အခုဆိုရင် အရပ်သားဦးဆောင်တဲ့ အစိုးရ၊ လွှတ်တော်တွေ ခိုင်ခိုင်မာမာရှိနေပြီ။ အရင်က ဥပေဒပြင်ပလို့ သတ်မှတ်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလည်းရွေးကောက်ပွဲဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်လာခဲ့ပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ရာပေါင်းများစွာကို လွှတ်ပေးခဲ့သလို အဓမ္မစေခိုင်းမှုတွေကိုလည်း တားမြစ်နိုင်ခဲ့ပါပြီ။
    တိုင်းရင်းသားတပ်မတော်များနဲ့ကနဦးအပစ်အခတ်ရပ်စဲနိုင်ခဲ့သလို ပိုမိုပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်များကိုလည်း ဖွင့်ပေးနေပါပြီ။ ဒီတော့ ကျနော်က ကျနော့်ကတိတည်ဖို့ ခင်မင်ရင်းနှီးမှုကမ်းလင့် လက်ကို ဆန့်တန်းဖို့ရောက်လာခဲ့တာပါ။ ဒီနေ့ အမေရိကန်သံအမတ်ရန်ကုန်မှာရှိနေပြီ၊ စီးပွားရေးပိတ်ဆို့မှုတွေ ကိုလည်းဖြေလျော့ထားပါပြီ။ ဒီနိုင်ငံရဲ့ လူထုအတွက် အခွင့်အရေးတွေပေးလာမယ့် ကမ္ဘာ့ကြီးရဲ့ တိုးတက်မှုကို မောင်းနှင်ပေးမယ့်အင်ဂျင်တလုံးအဖြစ် ရပ်တည်လာမယ့် စီးပွားရေးတရပ်ကို ပြန်လည်တည်ဆောက်ရာမှာ ကျနော်တို့ကူညီပံ့ပိုးသွားပါ့မယ်။ ဒါပေမဲ့ ဒီထူးခြားလှတဲ့ ခရီးက အခုက အစသာရှိပါသေးတယ်။ ကျနော်တို့ အများကြီးဆက်သွားရဦးမယ်။
    ထိပ်ပိုင်းက ပြုပြင်ပြောင်းလဲမှုတွေက ဒီမိုကရေစီအခြေခံဖြစ်တဲ့ နိုင်ငံသားတွေရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီရပါလိမ့်မယ်။ကျနော်တို့ မြင်တွေ့ခဲ့ရတဲ့ ပြုပြင်ပြောင်းလဲမှု
    ရောင်ခြည်ဖြိုးဖျ ကလည်း ငြိမ်းသွားလို့မရပါဘူး။ ဒီမီးလျှံလေးက ဒီနိုင်ငံရဲ့ လူထုအတွက် ထိန်လင်းတဲ့ ဓူဝံကြယ်ကြီးမဖြစ်မနေ ဖြစ်လာရပါတယ်။ ဒီအတွက် အားထုတ်ရာမှာ မြန်မာပြည်သူတွေရဲ့အောင်မြင်မှုက ကျနော့်အတွက် ၊ အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးလှပါတယ်။ ကျနော်တို့ လာခဲ့ကြတဲ့ လမ်းကြောင်းတွေမတူညီကြပေမယ့် ကိုယ့်ခေါင်းဆောင်ကို ကိုယ်ရွေးချင်တာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ချင်တာ၊ ပညာရေးတရပ်ကို ရရှိပြီး ကောင်းမွန်စွာ အသက်မွေးချင်တာ၊ ကိုယ့်မိသားစုတွေနဲ့ ကိုယ့်အသိုင်းအ၀ိုင်းတွေအပေါ် မေတ္တာထားချင်တာဆိုတဲ့ ကျနော်တို့အိမ်မက်တွေက တူညီကြပါတယ်။
    ဒါကြောင့် လွတ်လပ်မှုနဲ့ ကျနော်တို့ရဲ့ယုံကြည်ချက်တွေက ဒြပ်မဲ့သဘောတရားမဟုတ်ပါဘူး။ လွတ်လပ်မှုက လူသားတို့ရဲ့အောင်မြင်မှုကို ဖြစ်လာစေတဲ့ တခုတည်းသော အရာဖြစ်ပါတယ်။ လွတ်လပ်မှုက မဲရုံမှာသာမဟုတ်ဘဲ ကျနော်တို့်ရဲ့ နေ့စဉ်ဘ၀မှာပါ ရှိနေရမှာပါ။ အမေရိကန်နိုင်ငံရဲ့ကြီးမြတ်တဲ့ သမ္မတတဦးဖြစ်တဲ့ ရုစဖဲ့က ဒီအမှန်တရားကို နားလည်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့အရေးက မဲပေးပိုင်ခွင့်ထက် ထက်ပိုတယ်လို့ဖွင့်ဆိုခဲ့ပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လိုချင်မှုများက လွတ်လပ်ခွင့်၊ သက်ဝင်မှုများက လွတ်လပ်ခွင့်ဆိုတဲ့ အခြေခံလွတ်လပ်ခွင့်လေးရပ်ကို လက်ကမ်းကြဖို့ ကမ္ဘာကြီးကိုတောင်းဆိုခဲ့ပါတယ်။ ဒီလွတ်လပ်ခွင့်လေးခုက တခုအပေါ် တခုအပြန်အလှန် အားဖြည့်နေပါတယ်။ ပြီးတော့လည်း ဒီလေးခုထဲက တခုကိုမဖော်ဆောင်ဘဲ ကျန်တခုကို မရနိုင်ပါဘူး။ အဲဒါက လူအားလုံးအတွက် ကျနော်တို့လိုချင်တဲ့ အနာဂတ်ပါပဲ။ အားလုံးပြောချင်တဲ့ အကြောင်းအရာပါပဲ။
    ကျနော်တို့က လွတ်လပ်စွာပြောဆိုခွင့်ကို ယုံကြည်ပါတယ်။ ဒါမှသာ ပြည်သူတွေရဲ့အသံတွေကို ကြားနိုင်ပြီး အစိုးရတွေအနေနဲ့ သူတို့ရဲ့သဘောဆန္ဒကို သိနိုင်မှာပါ။
    ဒီအခွင့်အရေးတွေကို ဖော်ဆောင်တဲ့နေရာမှာ တနိုင်ငံနဲ့တနိုင်ငံမတူညီနိုင်ပါဘူး။ဒီနိုင်ငံရဲ့ပြည်သူတွေအားလုံးရဲ့ အင်အားကိုသာ စုစည်းသွားမယ်ဆိုရင် ဒီနိုင်ငံက ပိုပြီး ခိုင်မာတောင့်တင်းမယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ အဲဒီအချက်ကပဲ နိုင်ငံများကို အောင်မြင်စေတာဖြစ်ပါတယ်။ အဲဒီအချက်ကိုသာ ပြုပြင်ပြောင်းလဲရေးက စတင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အမိန့်နဲ့ ချုပ်ခြယ်ထားမယ့်အစား လူထုရဲ့စုဝေးခွင့်ကို အခုအခါမှာ အပြည့်အ၀လေးစားရမယ်။ မီဒီယာဆင်ဆာဖြတ်တောက်မှု အသံတွေကိုပိတ်ဆို့ထားမယ့်အစား မီဒီယာလွတ်လပ်ခွင့်ကို ဆက်ပေးထားရပါလိမ့်မယ်။ ဒီခြေလှမ်းတွေကို လှမ်းသွားရင်းနဲ့ဒီမိုကရေစီခရီးကို ရောက်ရှိဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
    မြစ်ဆုံဆည်တည်ဆောက်ရေးကို ဆန့်ကျင်ခဲ့ကြတဲ့ နိုင်ငံသားများရဲ့ အသံကို လျစ်လျူရှုထားမယ့်အစား ကြားနာပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီများကိုလည်း ဥပဒေပြင်ပကလို့သတ်မှတ်မယ့်အစား နိုင်ငံရေးပါဝင်ဆောင်ရွက်ခွင့်ပေးခဲ့တယ်။ လွှတ်တော်ရွေးကောက်ပွဲမှာလည်း မဲဆန္ဒရှင်တဦးက ပြောခဲ့ပါတယ်။ ကျနော်တို့ မိဘတွေ၊ ဘိုးဘွားတွေ အခုလို မဲပေးခွင့်ရအောင်အစောင့်ကြီး စောင့်ဆိုင်းခဲ့ရပေမယ့် မြင်မသွားကြရပါဘူးတဲ့။ မဲဆန္ဒရှင်တွေရဲ့လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ အာဏာရှိသူများက လုပ်ရပါလိမ့်မယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အမေရိကန်စနစ်ကို ရေးဆွဲထားတာပါ။
    အမေရိကန်က ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပေမယ့် အရပ်သားထိန်းချုပ်မှုအောက်ကို စစ်တပ်ကို ထားရှိပါတယ်။ အခု ကာကွယ်ရေးဦးစီးချုပ်တဦးအနေနဲ့ ကျနော်ဖြစ်ချင်တာတွေကို ဇွတ်အတင်းပြဋ္ဌာန်းလို့မရပါဘူး။ အဲလိုလုပ်လို့ရရင် သိပ်ကောင်းမှာပဲလို့ တွေးရုံသာ တွေးမိပါတယ်။ တရားသူကြီးတွေကိုလည်း ကျနော်ခန့်ထားပါတယ်။ သူတို့ကလည်းကျနော့်ကိုစစ်တယ်၊ ကျနော်ရဲ့အာဏာကို စစ်ပါတယ်။ ဘယ်လိုတရားစီရင်ရမယ်လို့ ကျနော်ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆင်းရဲတဲ့ကလေးတဦးကစပြီး သမ္မတအထိ လူတိုင်းလူတိုင်းက ဥပဒေအရ တန်းတူညီတူ ခံစားခွင့်ရှိလို့ပါပဲ။ ဒါကြောင့် တရားသူကြီးတွေက ကျနော် ဥပဒေလိုက်နာသလား၊ မလိုက်နာဘူးလားဆိုတာကို စစ်ဆေးနိုင်ပါတယ်။
    ကျနော်ပြောချင်ပါတယ်။ ဒါက မြန်မာပြည်သူတွေ လှမ်းကိုင်ရမယ့် အနာဂတ်ပါပဲ။ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတဦး တည်းရှိနေရင်တောင်မှ များလှပါပြီဆိုတဲ့ အနာဂတ်။ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုလို့ ခိုင်မာအားရှိတဲ့အနာဂတ်၊ တာဝန်ခံတဲ့ အစိုးရတွေ၊ ဘယ်ကလေးမှ စစ်သားမလုပ်ရ၊ ဘယ်အမျိုးသမီးမှ ခေါင်းပုံမဖြတ်ခံရတဲ့ အနာဂတ်၊ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အနာဂတ်၊ အရပ်သားများရဲ့ လက်အောက်မှာ အလုပ်အကျွေးပြုနေတဲ့ တပ်မတော်ကသာ နိုင်ငံတော်လုံခြုံရေးကို ခိုင်မာစေတဲ့ အနာဂတ်၊ လူထုက ရွေးကောက်တင်မြှောက်လိုက်သူများကသာ အုပ်ချုပ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံချက်ပေးတဲ့ အနာဂတ်ကို ဆိုလိုပါတယ်။
    အဲဒီခရီးကို ချီတက်ရာမှာ အရပ်သားလူ့အဖွဲ့အစည်းကို အားရှိလာအောင် ကျနော်တို့ ကူညီထောက်ပံ့မှု အသုံးပြုပြီးတော့သော်လည်းကောင်း တပ်မတော်ကိုလည်း တပ်ကိုကျွမ်းကျင် ပြုလုပ်ပြီး လူ့အခွင့်အရေးများကို ပူးပေါင်းဖော်ဆောင်ပေးခြင်းဖြင့်လည်းကောင်း၊ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးရောက်ရေးမှာ စီးပွားရေးနဲ့ချိတ်ဆက်တဲ့ အကျိုးဆက်တွေကို ဖော်ဆောင်ပေးခြင်းဖြင့်လည်းကောင်း အမေရိကန်နိုင်ငံက ဒီလမ်းကြောင်းတလျှောက် ကို ဖော်ဆောင်ရေးကို ကူညီသွားမှာပါ။
    ဒီခရီးကို ရှေ့ဆက်သွားရာကနေ လူတိုင်းက လိုအင်ဆန္ဒများ လွတ်လပ်သင့်တယ်ဆိုတဲ့ ယုံကြည်မှုကိုအခြေခံတဲ့ ဒုတိယလွတ်လပ်ခွင့်ကိုရောက်ရှိလာပါလိမ့်မယ်။
    ဟာနေတဲ့ ၀မ်းတွေ ဖြည့်ပေးရုံနဲ့ မလုံလောက်ပါဘူး။ လူထုက တင်မြှောက်တဲ့ အစိုးရ ၊ လူထုအတွက် အစိုးရက ပိုပြီးကြွယ်ဝမှုပေးနိုင်တယ်ဆိုတာက သမိုင်းက သက်သေပြခဲ့ပြီးပါပြီ။ မြန်မာပြည်သူတွေနဲ့ တွဲဖက်ဆောင်ရွက်ချင်တယ်ဆိုတာ အဲဒါပါပဲ။ မြန်မာပြည်သူတွေရဲ့အနာဂတ်အတွက် ပြောခွင့်ရှိလာတဲ့အခါ မြန်မာပြည်သူတွေရဲ့ မြေကို ယူလို့မရပါဘူး။
    ဒါကြောင့် ပြုပြင်ပြောင်းလဲရေးများမှာ ကိုယ်နေထိုင်ရာမြေ ကိုယ်အလုပ်လုပ်ရာ မြေပိုင်ဆိုင်ခွင့် အထောက်အထားဆိုတဲ့ပိုင်ဆိုင်မှုအားလုံးအနက် အခြေခံအကျဆုံး  နိုင်ငံသူနိုင်ငံသားများရရှိအောင်ဆောင်ရွက်ပေးဖို့လိုတယ်။
    လူတွေရဲ့ပါရမီအစွမ်းအစတွေကို ဆွဲထုတ်လိုက်တဲ့အခါ အခွင့်အလမ်းတွေကို လူတိုင်းအတွက်ဖန်တီးပေးနိုင်မှာပါ။
    အကျင့်ပျက်ခြစားမှုကို ထားရစ်နိုင်ခဲ့မှ စီးပွားရေးတိုးတက်မှုဖန်တီးနိုင်မှာပါ။အမေရိကန်ကုမ္ပဏီတွေက ပွင့်လင်းမှုနဲ့အမြင့်ဆုံးစံသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်းနေပါတယ်။
    ပြုပြင်ပြောင်းလဲရေးက ဆာလောင်နေသူတွေ၊ ဖျားနာသူတွေ၊ လျှပ်စစ်ဓာတ်အားမရှိ၊ ရေမရှိဘဲ နေရသူတွေဆီ ရောက်ရှိဖို့ လိုအပ်တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက သူ့တာဝန်သူယူသွားပါမယ်။ အာရှစပါးကျီဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် ကိုယ့်လူထုကို ထမင်း၀၀ကျွေးနိုင်၊ ကိုယ့်ကလေးတွေကို စာသင်ပေးနိုင်အောင်၊ကိုယ့်ပြည်သူတွေ အိမ်ဆောက်ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ မိတ်ဖက်နိုင်ငံတဦးအဖြစ် အမေရိကန်က ရပ်တည်သွားမယ်။
    တတိယလွတ်လပ်ခွင့်က လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာပါပဲ။ ဒီတိုင်းပြည်မှာလည်း မတူကွဲပြားမှုတွေ အများကြီးရှိပါတယ်။ လူတိုင်းလူတိုင်းက ဘာသာတခုတည်းကို ကိုးကွယ်ကြတာမဟုတ်ဘူး။ ဘုရားတွေ၊ ခရစ်ယာန်တွေ၊ ဗလီတွေ ရှိနေကြပါတယ်။ တိုင်းရင်းသားလူမျိုးတရာကျော်ကလည်း အခန်းကဏ္ဍတခုကနေ ပါဝင်နေပါတယ်။ မရေမတွက်နိုင်တဲ့အသက်ပေါင်းများစွာပေးဆပ်ခဲ့ရတယ်။ အမျိုးသားပြန်လည်သင့်မြတ်မှုမရှိဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ပါဘူး။အခုအခါမှာတော့ အပစ်အခတ်ရပ်စဲရေး အသွင်ပြောင်းနိုင်တဲ့ ကချင်ပြည်နယ်အပါအ၀င် ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်တဲ့ ထူးခြားတဲ့အခွင့်အလမ်းတခုကို ရရှိနေပါပြီ။ ဒီအားထုတ်မှုက လိုအပ်နေသူအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိနိုင်ဖို့၊ ရွှေ့ပြောင်းခံရသူတွေ ကိုယ့်နေရပ်ကိုယ်ပြန်နိုင်ဖို့ အပါအ၀င် ပိုမိုတရားမျှတပြီး ပိုမိုတည်တံ့တဲ့ငြိမ်းချမ်းရေးဖော်ဆောင်သွားဖို့လိုပါတယ်။
    ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို တွေ့မြင်ရပြီး တင်းမာမှုတွေဆက်လက်ဖြစ်နိုင်မယ့် အန္တရာယ်ကိုမြင်နေရပါတယ်။ ရခိုင်တိုင်းရင်းသားများအပါအ၀င် ဒီပြည်နယ်လူထုတွေက ဆင်းရဲနွမ်းပါးမှုနဲ့ တရားလွန်ညှင်းပန်းနှိပ်စက်မှုဒဏ်ကို ကာလရှည်ကြာစွာရင်ဆိုင်ခဲ့ကြရပါတယ်။ သို့ပေမယ့် အပြစ်မဲ့သူများကို အကြမ်းဖက်မှုအတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။ ရိုဟင်ဂျာတွေလည်း အခြားပြည်သူတွေလို၊ ကျနော့်လို သူတို့မှာလည်း သူတို့ဂုဏ်သိက္ခာနဲ့သူတို့ရှိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်တို့အားလုံးရဲ့ လူသားဖြစ်တည်မှုအတွက် ဒီနိုင်ငံရဲ့အနာဂတ်အတွက် ရည်မှန်းပြီး သွေးထိုးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ။ တရားမျှတမှု၊ တာဝန်ခံမှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ဒီပြည်နယ်က ပြည်သူပြည်သားများရဲ့ အရေးကိစ္စ အစိုးရဆောင်ရွက်မှုကို ကျနော်ကြိုဆိုပါတယ်။
    မတူကွဲပြားမှုဆိုတာက အင်အားဆိုတာ ကျနော်ယုံကြည်ပါတယ်။ အားသာချက်ပါ။ အားနည်းချက်မဟုတ်ပါဘူး။ ဒီလိုပြောရတာ ကျနော့်နိုင်ငံနဲ့ ကျနော့်ရဲ့ဘ၀ပေးအတွေ့အကြုံရ ကျနော်သိလာတာပါ။ ဒီခရီးစဉ်ကြောင့် လူတွေအများစုကို အားကျစေမယ်။ ဒီနိုင်ငံအနေနဲ့ပြုပြင်ပြောင်းလဲမှုတွေကို အောင်အောင်မြင်မြင်လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလားဆိုတဲ့ စမ်းသပ်မှုကြီးလည်းဖြစ်တယ်။
    မြောက်ကိုရီးယားခေါင်းဆောင်တွေကို ရွေးချယ်စရာ ကမ်းလှမ်းချင်ပါတယ်။ နူကလီးယားလက်နက်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းမှုနဲ့တိုးတက်မှုလမ်းကြောင်းပေါ် တက်လှမ်းလာခဲ့ပါ။ အမေရိကန်ဘက်က လက်ကမ်းကြိုဆိုပါ။ ၂၁ ရာစုမှာ တောင်မြောက်ကွဲပြားမှုတွေကို ဆက်စွဲစရာမလိုပါဘူး။ အဲလိုကမ္ဘာမျိုးကို သမိုင်းဝင်ရန်ကုန်ခရီးကနေ စတင်တည်ဆောက်လို့ရပါပြီ။ ဒီနိုင်ငံအနေနဲ့ အများကြီး ၀ိုင်းပစ်ပယ်ခံခဲ့ရပါတယ်။ အခုတော့ ဒီနိုင်ငံက ပြနိုင်တာက အစကောင်းမှုရဲ့ စွမ်းအားပါ။ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရာမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုပါ တပါတည်း တွဲယူသွားနိုင်တာကို ပြနိုင်တာပဲဖြစ်ပါတယ်။
    ဒီနိုင်ငံထဲမှာ ခင်ဗျားတို့ ရနေတဲ့ အခွင့်အလမ်းတွေကို မရဘဲ ဆုံးရှုံးနေရသူတွေ မရေမတွက်နိုင်အောင် ရှိတယ်ဆိုတာ သိထားလို့ပါ။ လျှပ်စစ်မီးမရတဲ့သူတွေ၊ လွတ်မယ့် ရက်ကိုစောင့်ဆိုင်းနေတဲ့ ယုံကြည်ချက် အကျဉ်းသားတွေ၊ မျှော်လင့်ချက်တွေ အလှမ်းဝေးနေတဲ့ နေရပ်ပျောက်ဆုံးနေတဲ့ ဒုက္ခသည်တွေ၊ ထွက်ပြေးနေရသူတွေလည်း စခန်းတွေမှာ ဆက်ရှိနေပါတယ်။ ဒီနေ့ပြောပါရစေ၊
    ဒီနေ့ဒီနိုင်ငံမှာရှိတဲံ ပြည်သူအားလုံးကိုလည်း ပြောချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေနဲ့ ဆက်ပြီး ရပ်တည်သွားမယ်။ မြန်မာပြည်သူတွေ ဖြစ်ပျက် ခံစားရတာတွေ ကျနော်တို့ခေါင်းထဲမှာရှိနေပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေလည်း ကျနော်တို့ရဲ့ နှလုံးသားထဲမှာ ကိန်းဝပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၁ ရာစုမှာ နည်းပညာတွေ တိုးတက်လာတာ၊ နိုင်ငံတွေကြားက အတားအဆီးတွေ ပြိုလဲသွားတာတွေကြောင့် လွတ်လပ်မှုရဲ့ရှေ့တန်းနယ်မြေတွေက နိုင်ငံအတွင်းမှာပဲ ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူတိုင်းရဲ့အလုပ်ပါ။ နိုင်ငံရေးသမား တွေရဲ့အလုပ်သက်သက်မဟုတ်ပါဘူး။ နိုင်ငံသားတဦးကောင်းဖြစ်ဖို့ အဲဒီအချက်ရှိဖို့လိုပါတယ်။တာဝန်သိတဲ့ နိုင်ငံသားတွေဖြစ်ဖို့။ အခုလို ထူးခြားတဲ့ကာလ စိန်ခေါ်ချက်တွေအများကြီးရှိနေပေမယ့် အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ နောက်ဆုံးကျရင် ရလာမယ့် လွတ်လပ်မှုအတိမ်အနက်ကို အဆုံးအဖြတ်ပေးရမှာက မြန်မာပြည်သူတွေကိုယ်တိုင်ပဲဖြစ်ပါတယ်။
    ဘာကြောင့်လဲဆိုတော့ တဦးချင်စီတိုင်းမှာကို စစ်မှန်တဲ့တော်လှန်ရေး၊ ပြောင်းလဲလိုစိတ်တွေ စမွေးမြူပေးဖို့လိုပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်တွေပြခဲ့တဲ့ သတ္တိမျိုးရှိဖို့လိုပါတယ်။ လာမယ့် ရှေ့ခရီးလမ်းမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေပါတယ်။ အပြောင်းအလဲလုပ်လိုသူတွေကို ခုခံဆန့်ကျင်မယ့်သူတွေရှိလာမှာပါ။
    ဒါပေမယ့်ယုံကြည်မှု အပြည်နဲ့ မြန်မာပြည်သူတွေနဲ့ ကျနော်ရပ်တည်နေပါတယ်။ ဒီနိုင်ငံမှာ ရွေ့လျားမှုတွေ၊ လှုပ်ရှားမှုတွေစတင်နေပါပြီ။ နောက်ပြန်ဆွဲလို့ မရနိုင်ပါဘူး။ ပြည်သူတွေရဲ့စိတ်အင်အားနဲ့ ဒီနိုင်ငံကို တိုးတက်အောင်လုပ်ယူပြီး ကမ္ဘာကြီးအတွက်လည်း အတုယူစရာသင်ခန်းစာဖြစ်သွားလိမ့်မယ်။ ခရီးလမ်းကြီးက ရှည်ပါသေးတယ်။ ဆက်လျှောက်ရဦးမှာပါ။ ပန်းတိုင်ရောက်မယ်လို့ ကျနော်ယုံကြည်ပါတယ်။