နိုဝင်ဘာ ၂၉ ၊ ၂၀၁၂
M-Media
နေသစ်ထွန်း
အောက်တိုဘာ ၂၉ ရက်က ကော့ကရိတ်မြို့ရေနံဆီကုန်းဗလီ ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့မှု တစ်လပြည့်ပြီ ဖြစ်သော်လည်း လက်သည် တရားခံများကို ရှာဖွေဖော်ထုတ်ရေးတွင် နှောင့်နှေးလျက်ရှိ ကြောင်း သိရသည်။ ၄င်း ရေနံဆီကုန်း ဗလီအား ဗုံးပစ်သွင်း တိုက်ခိုက်မှုကို တွေ့ရှိ သော မျက်မြင်များ နှင့် ရေနံဆီ ကုန်း ဗလီ ဂေါပက အား မြို့နယ်အဆင့်၊ ခရိုင်အဆင့် အဖွဲ့စုံမှ ခေါ်ယူ စစ်ဆေးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
“ဗုံးပစ်ခံရပြီး နောက်တစ်ရက်ကျတော့ ရဲက ဂေါပက အဖွဲ့ကို ခေါ်စစ်ပါတယ်။ နောက် မျက်မြင်တွေ့တဲ့သူ တွေ ကို လည်း ခေါ်စစ်ပါတယ်။ သူတို့ကို အကြိမ်ကြိမ်ခေါ် စစ်ဆေးတာပါ။ နေလည် အချိန်က စစ်ရင် ည (၉) နာရီ အချိန်မှ ပြီးတယ်။ ဒါပေမယ့် အခုထိ တရားခံ ဖော်ထုတ်ရေးက မထူးခြားသေးပါဘူး” ဟု ကော့ကရိတ် ဒေသခံ တစ်ဦး က ပြောပါသည်။
၎င်းတို့၏ သက်သေထွက်ဆိုချက်များ မှတ်တမ်းတင်ခဲ့ပြီး အထက်သို့တင်ပြရန် ဟု ဆိုက မျက်မြင် သက်သေ နှစ်ဦးအား ဓာတ်ပုံရိုက်ယူခဲ့ကြောင်း ၄င်းက ပြောပါသည်။ အဆိုပါ အကြမ်းဖတ်တိုက်ခိုက်မှု လက်သည် တရားခံကို သက်ဆိုင်ရာ အာဏာပိုင်များက အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးပေးရန် ၊သို့မဟုတ်က ယင်းကဲ့သို့ တိုက်ခိုက်မှုများ ပိုမို အတင့်ရဲ လာနိုင်ကြောင်း ဒေသခံ တစ်ဦး ကပြောပါသည်။
“အဲဒီ့ မျက်မြင်သက်သေတွေကို ခေါ်စစ်တာ ။ ၆ ခါ ၇ ခါ လောက်ကို ရှိတယ်။ ဒီလို ခေါ်စစ်တာအတွက် စိုးရိမ်စရာမရှိပါဘူး၊ တကယ်လည်း ဗလီက အတိုက်ခံတာကိုး။ ဒါပေမယ့် အခါခါ စစ်ဆေးနေတာတွေ၊ က ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေကပဲ ကိုယ့်ဗလီ ကိုယ် ဟန်ဆောင် ဗုံးခွဲတဲ့ ပုံစံ ဖြစ်အောင် တရားခံအဖြစ် ဖန်တီးနေသလားလို့ ခံစားရတယ်” ဟု ကော့ကရိတ် ဒေသခံ က ပြောပါသည်။
ကော့ကရိတ်-ဘားအံအကြားကားလမ်းပေါ်ရှိ အစ္စလာမ် ဘာသာဝင်များနေထိုင်သော ထီဖို့ခင်၊ ပေါင်ရေကူ ၊ အပေါင် ၊ ပတ ၊ သရက်တော ကျေးရွာများတွင် မွတ်စလင် ဆန့်ကျင်ရေး စာရွက်များဖြန့်ဝေလျက်ရှိနေပြီး ၊ အာဏာပိုင် များက မည်သို့မျှ တားဆီးပိတ်ပင် ပေးခြင်း မရှိကြောင်းသိရသည်။
ရေနံဆီကုန်းဗလီ ၊ အောက်ရွာစွန္နီဗလီ ၊ ၀င်းကြီးဗလီ ၊ ဈေးဗလီ ဟူ၍ ဗလီ (၄)လုံး ကော့ကရိတ်မြို့တွင် တည်ရှိ သည်။ ကော့ကရိတ်ဒေသခံ အစ္စလာမ် ဘာသာဝင်များသည် ကုန်သွယ်ရေး ၊ သယ်ယူပို့ဆောင်ရေး နှင့် လယ် ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြသည်။
ကော့ကရိတ် ၊ ကျုံဒိုး၊မြ၀တီ မြို့များရှိ ဗလီများအား ဗုံးပစ်သွင်းတိုက်ခိုက်ခြင်း၊ မွတ်စ လင် ဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေခြင်း ၊ မွတ်စလင်နေအိမ်များကို ဖျက်ဆီးမည်ဟု သတင်းထုတ် လွင့်ခြင်း များ စသည့် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေမည့် အခြေအနေများ ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ် လျက်ရှိ ကြောင်း သိရသည်။
Leave a Reply
You must be logged in to post a comment.