News @ M-Media

Blog

  • အမေရိကန်တွင် မြန်မာမွတ်စလင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး လုပ်ငန်း စတင်

    အမေရိကန်တွင် မြန်မာမွတ်စလင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး လုပ်ငန်း စတင်

    နိုဝင်ဘာ၊ ၄ ၊ ၂၀၁၂
    M-Media
    သတင်း- နေစိုင်း

    အမေရိကန်နိုင်ငံ ဖို့ဝိုန်းမြို့တွင် မြန်မာမွတ်စလင်များမှ ပထမဆုံး တည်ဆောက်မည့် ဗလီဝတ်ကျောင်းတော်အား စတင်တည်ဆောက်နေပြီဖြစ် ကြောင်း ယင်းဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးအား ကမကထပြု ဆောင်ရွက်နေသည့် ဘီအမ်အီးစီစီ ခေါ် မြန်မာမွတ်စလင်ပညာရေးနှင့် ကော်မြူနတီစင်တာမှတဆင့် သိရှိရပါသည်။

    ဗလီဝတ်ကျောင်းတော်ပုံစံအကြမ်း

    ဖို့ဝိုန်းမြို့တွင် အိမ်တန်းလျား သုံးခု၌ ဆွလ္လာသ်ဝတ်ပြုရန်အတွက် အခန်းများငှားရမ်းထားကြသော်လည်း ဖို့ဝိုန်းမြို့သို့ ပြောင်းရွေ့လာသည့် မြန်မာမွတ်စလင်ဦးရေ တိုးပွားလာနေသည့်အတွက် ဗလီဝတ် ကျောင်းတော်တစ်ဆောင် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ ခရစ်ယာန်ဘုရားရှင့်ခိုးကျောင်း အများအပြား ရှိသောကြောင့် ဖိုဝိုန်းမြို့အား ချက်ခ်ျကျောင်းမြို့တော်ဟု တင်စားခေါ်ဝေါ်ကြပြီး အစ္စလာမ်မစ်စင်တာ၊ လဂဒိုးဗလီ ခေါ် ပါကစ္စတန်ဗလီနှင့် ဘောစနီးယားဗလီများရှိသည်။ ဖို့ဝိုန်းမြို့သို့ရောက်ရှိလာသည့် ဗုဒ္ဓဘာသာဝင် မြန်မာအသိုင်းအဝိုင်းတွင်လည်း ဘုန်းကြီးကျောင်းလေးကျောင်းရှိပြီဟုလည်း သိရပါသည်။

    ဗလီဝတ်ကျောင်းတော် တည်ဆောက်ရန် ၂၀၁၁ ခုနှစ်တွင် လေးဧကနီးပါး အကျယ်အဝန်းရှိသည့် မြေနေရာအား ဝယ်ယူကာ ဗလီမြေသန့်ရှင်းရေးအား ပြုလုပ်ခဲ့ကြသည်။ ဗလီဝတ်ကျောင်းတော်အား အပိုင်းလေးပိုင်း ပိုင်းခြားကာ တည်ဆောက် သွားမည်ဖြစ်ကြောင်းနှင့် ယင်းဗလီဝတ်ကျောင်းတော်နှင့်အတူ အမျိုးသမီးဆောင်နှင့် စာသင်ဆောင်များအားလည်း ပူးတွဲ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

    “အမြန်ဆုံးဆွလ္လာသ် ဝတ်ပြုနိုင်ဖို့အတွက် အခုလောလောဆယ်တော့ ဗလီရဲ့ မျက်နှာစာအခြမ်းကို အရင်ဆောင်မယ်။ ဝူဇူခန်း (ကိုယ်လက်သန့်စင် ဆေးကြောခန်း) နှစ်ခန်းကိုလည်း တခါတည်းဆောက်လိုက်မယ်။ ပထမ အပိုင်းပြီးရင်တော့ စုစုပေါင်း ၁၅၀ ကျော်လောက် ဆွလ္လာသ် ဝတ်ပြုနိုင်လိမ့်မယ်။ နောက်မှကျန်တဲ့ အပိုင်းတွေကို တိုးချဲ့သွားဖို့စီစဉ်ထားတယ်။”ဟု ဘီအမ်အီးစီစီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟာဂျီယူနွတ် မှပြောသည်။

    ပထမတည်ဆောက်မည့် အပိုင်းအတွက် အမေရိကန်ဒေါ်လာ လေးသိန်းကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဆောက်လုပ်ရေးလုပ်ငန်းစီမံချက်သည် ငွေကြေးကောက်ခံရရှိမှုအပေါ် မူတည်နေသောကြောင့် တည်ဆောက်ပြီးစီးနိုင်မည့် နေ့ရက်အတိအကျအား မသိရသေးပေ။

    ၂၀၁၂ ခုနှစ် အောက်တိုဘာလာ ၂၈ရက်နေ့က ဆောက်လုပ်ရေးစတင်ရန် အမေရိကန်ရောက် မြန်မာမွတ်စလင်များ စုပေါင်းဒိုအာပြုစဉ်

    “မြန်မာမွတ်စလင်တွေဆောက်တယ်ဆိုတော့ အလှူငွေတွေကိုလည်း မြန်မာမွတ်စလင်တွေဆီကဘဲ အဓိကထားကောက်တယ်။ ဖို့ဝိုန်းမြို့တင်မကဘူး တခြားမြို့… တခြားနိုင်ငံမှာနေကြတဲ့ မြန်မာမွတ်စလင်တွေကလည်း အလှူငွေထည့်ကြတယ်။ ဗလီက မွတ်စလင်တိုင်း အတွက်ဖြစ်တယ်ဆိုတော့ မြန်မာမွတ်စလင်မဟုတ်ဘဲ  အလှူငွေထည့်ဝင်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါ။ လောလောဆယ်တော့ ပထမဆောက်မယ့် အပိုင်းအတွက် သုံးပုံ တစ်ပုံနီးပါးလောက် ကောက်ခံရရှိပြီးပါပြီ။” ဟု ဘဏ္ဍာရေးမှူး ကိုမြတ်ကိုမှ ရှင်းပြပါသည်။

    အခြားအရပ်ဒေသများတွင် နေထိုင်ကြသည့် အလှူရှင်များအနေဖြင့် အလှူငွေများထည့်ဝင်လိုပါက ဘီအမ်အီးစီစီ၏ အင်တာနက် စာမျက်နှာမှလည်းကောင်း၊ စာတိုက်မှတဆင့်လည်းကောင်း၊ ဘဏ်ငွေလွှဲစနစ်ဖြင့်လည်းကောင်း၊ တဆင့်ခံငွေလွှဲစနစ်ဖြင့်လည်းကောင်း ထည့်ဝင် လှူဒါန်းနိုင်ကြောင်းသိရပါသည်။

    ယင်းဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး စီမံကိန်းအား ကမကထပြုဆောင်ရွက်နေသည့် မြန်မာမွတ်စလင် ပညာရေးနှင့် ကော်မြူနတီ စင်တာသည် ၂၀၁၀ ခုနှစ်တွင် ဘာသာရေးကို အခြေခံသည့် လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော အဖွဲ့အစည်းဖြစ်ပါသည်။

    အဖွဲ့အစည်း၏ အခြေခံစည်းမျဉ်းများအရ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင့် ရှေ့လာမည့် သက်တန်းနှစ်နှစ်အတွက် ဆက်လက် တာဝန်ထမ်းဆောင်ကြရန် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၁၅ ဦးအား မိသားစု ၂၀၅ စု၏ မိသားစုဝင်များမှ လှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ် တင်မြှောက်ခဲ့ကြောင်း ရွေးကောက်ပွဲဖြစ်မြောက်ရေး ကော်မရှင်မှထုတ်ပြန်ထားသည့် သတင်းကြေငြာချက်အရ သိရှိရပါသည်။ ၎င်းတို့ ၁၅ ဦးအတွင်း လူကြီးလူငယ်၊အမျိုးသား ၊ အမျိုးသမီးများအပါအဝင် အာလင် ပညာရှင်များနှင့် ခေတ်ပညာတတ်များလည်း ပါဝင်ကြောင်းသိရပါသည်။

    “ကျနော်တို့ရဲ့ ဒါရိုက်တာအဖွဲ့အတွင်းမှာ အလုပ်အမှုဆောင်ကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီနဲ့ ဗလီဆောက်လုပ်ရေး အလုပ်အမှုဆောင်အဖွဲ့ ဆိုပြီး ကော်မတီတွေဖွဲ့စည်းပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။” ဟု အဖွဲ့အစည်း ဥက္ကဌဖြစ်သူ ဦးခင်မောင်ချိုမှ ပြောပါသည်။ “လုပ်ငန်းစီမံချက်က ကြီးတယ်ဆိုတော့ ကျနော်တို့အနေနဲ့ အချိန်ယူပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်နေကြပါတယ်။” ဟု ဦးခင်မောင်ချိုမှ ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

    ဘီအမ်အီးစီစီသည် မစ္စဂျေဒေ နူရ်ွအစ္စလာမ် ခေါ် အစ္စလာမ့် ဂုဏ်ရောင်ဗလီဝတ် ကျောင်းတော်ဟုအမည်ခေါ်တွင်စေမည့် ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးလုပ်ငန်းနှင့် ဘာသာရေး၊ လူမှုဝန်ဆောင်ရေး လုပ်ငန်းများအား လုပ်ဆောင်နေကြောင်းသိရပါသည်။ အသေးစိတ် အချက်အလက်များအား အဖွဲ့အစည်း၏ အင်တာနာ စာမျက်နှာ www.bmeccfw.org နှင့် www.facebook.com/bmeccfw မှတဆင့်ကြည့်ရှုနိုင်ပါသည်။

    ဗလီဝတ်ကျောင်းတော်၏ အခြေခံအုတ်မြစ် တည်ဆောက်ရာတွင် မွတ်စလင်အများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီတွင် စီစဉ်ထားကြောင်းနှင့် မွတ်စလင်တိုင်း လာရောက်ပါဝင်နိုင်ရန် ဖိတ်ကြားထားကြောင်း သိရှိရပါသည်။

    ဗလီဝတ်ကျောင်း အခြေခံအုတ်မြစ်ချပွဲ ဖီတ်ကြားလွှာ
  • ဗုဒ္ဓဘာသာဝင် ၄သိန်းခွဲ ဆော်ဒီတွင် နေထိုင် အလုပ်လုပ်ကိုင်လျှက်ရှိ

    ဗုဒ္ဓဘာသာဝင် ၄သိန်းခွဲ ဆော်ဒီတွင် နေထိုင် အလုပ်လုပ်ကိုင်လျှက်ရှိ

    နိုဝင်ဘာ၊ ၄ ၊ ၂၀၁၂
    M-Media

    အမေရိကန် Department of State ၏ ၂၀၀၇ ခုနှစ် နိုင်ငံတကာ ဘာသာသာသနာ လွတ်လပ်ရေး အစီရင်ခံစာအရ ဆော်ဒီအာရေဗျနိုင်ငံတွင် နိုင်ငံခြားမှ လာရောက်နေထိုင်ပြီး အလုပ်လုပ်နေသူပေါင်း ၈ မီလီယံ ရှိနေကြောင်းသိရပြီး ၄င်းတို့အထဲတွင် မွတ်စလင်မ်များရော မွတ်စလင်မ်မဟုတ်သူများပါ ပါဝင်လျက်ရှိသည်။

    သီရိလင်္ကာမှ လုပ်သားပေါင်း ၄ သိန်းရှိပြီး အရှေ့အာရှမှ ဖြစ်သော တရုတ်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့မှ ထောင်ဂဏန်းရှိသည့် ဗုဒ္ဓဘာသာဝင်များလည်း ရှိကြောင်း သိရသည်။ ၈ မီလီယံ နိုင်ငံခြားသား နေထိုင်သူများထဲ၌ နီပေါလ်နိုင်ငံမှ ပြောင်းရွှေ့နေထိုင်လာကြသူများလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။

    ထိုပမာဏမှာ ဆော်ဒီအာရေဗျနိုင်ငံလူဦးရေတွင် ဗုဒ္ဓဘာသာကိုးကွယ်သူပေါင်း ၁.၅ ရာနှုန်းတွင် ပါဝင်လျက်ရှိသည်။ ဆော်ဒီ၏ လူဦးရေစုစုပေါင်းမှာ ၂၇ သန်းကျော်သာရှိပြီး မြန်မာပြည်တွင်မူ လူဦးရေ သန်း ၆၀ ကျော်ရှိနေသည့်အတွက် ဆော်ဒီ၏ ဗုဒ္ဓဘာသာ ၁.၅ ရာနှုန်းပမာဏမှာ သင့်တင့်မျှတသည့် ဘာသာရေး လွတ်လပ်ခွင့်ကြောင့်ဖြစ်ကြောင်း အထောက်အထားရရှိပါသည်။

    ထိုပမာဏကြောင့်လည်း ဆော်ဒီနိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံများထဲ၌ ဗုဒ္ဓဘာသာဦးရေ အများဆုံးဖြစ်ကြောင်းလည်း သိရသည်။ အခြားအရှေ့အလယ်ပိုင်းနိုင်ငံများထဲတွင်မူ နိုင်ငံဧရိယာ ကျယ်ဝန်းခြင်းမရှိလှသော ယူအေအီးနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် ပမာဏမှာ နိုင်ငံလူဦးရေ ၄ သန်းကျော်တွင် ၅ ရာခိုင်နှုန်း (ပမာဏ ၂ သိန်း ၂ သောင်း ကျော်) ရှိကြောင်း သိရသည်။ အခြား ထင်ရှားလှသည့် နိုင်ငံမှာ ကူဝိတ်ဖြစ်ပြီး နိုင်ငံလူဦးရေ ၂ သန်းကျော်တွင် ၄ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေခြင်းပင်။

    ဘာရိန်းတွင် ၁ ရာခိုင်နှုန်း၊ ကာတာတွင် လူဦးရေ ၉ သိန်းတွင် ၅ ရာခိုင်နှုန်း၊ အိုမန်တွင် ၁ ရာခိုင်နှုန်း၊ အစ္စရေးတွင် ၀.၁ ရာခိုင်နှုန်း၊ လက်ဘနွန်တွင် ၀.၁ ရာခိုင်နှုန်းနှင့် တူရကီတွင် ၀.၁ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။

    အရှေ့အလယ်ပိုင်းရှိ ထင်ရှားသော ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦများကို www.buddhanet.info/wbd/region.php?region_id=6 လေ့လာကြည့်ရှုနိုင်ပါသည်။

    မှီငြမ်း –

    1) http://en.wikipedia.org/wiki/Buddhism_in_Saudi_Arabia
    2) www.state.gov/j/drl/rls/irf/2007/90220.htm
    3)http://en.wikipedia.org/wiki/Buddhism_in_the_Middle_East

  • အီးယူ – မြန်မာပြည်မှ ပဋိပက္ခများ အဆုံးသတ်ဖို့ တောင်းဆိုပြီး အကူအညီပေးရန် ကတိက၀တ်ပြု

    အီးယူ – မြန်မာပြည်မှ ပဋိပက္ခများ အဆုံးသတ်ဖို့ တောင်းဆိုပြီး အကူအညီပေးရန် ကတိက၀တ်ပြု

    M-Media

    နိုဝင်ဘာ ၃၊ ၂၀၁၂
    သတင်း – ရိုက်တာ

    ဥရောပသမ္မဂ၏ ဥက္ကဌဖြစ်သူ ဟိုဆေးမာနြူရယ်လ် ဘာရိုဆိုမှ မြန်မာပြည်တွင်း လူမျိုးရေးအခြေခံ သတ်ဖြတ်နေမှုများ အဆုံးသတ်ဖို့ ယမန်နေ့က နှိုးဆော်လိုက်သည်။ ၄င်းနှိုးဆော်မှုကို မြန်မာသမ္မတနှင့် ဆွေးနွေးမှုအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်က  ဖော်ပြသည်။

    မြန်မာပြည်၏ ရခိုင်ပဋိပက္ခနှင့်ပတ်သတ်ပြီး ဘာရိုဆိုက “ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျနော်တို့ နက်နက်ရှိုင်းရှိုင်းကို စိတ်ဝင်စားမှုရှိပါတယ်။ ဒါက နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အကျိုးဆက်တွေလည်းဖြစ်နိုင်တယ်။ ဘာသာရေးခေါင်းဆောင်တွေအားလုံး အခြေအနေကို ထိန်းချုပ်ဖို့ နှိုးဆော်ကြလိမ့်ဆိုတာ ကျွန်တော်တို့ မြော်လင့်ပါတယ်။” ဟု ၄င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း ဘရက်ဆဲလ်တွင်ထုတ်ပြန်သည့် မိန့်ခွန်းကော်ပီ၌ ဖော်ပြထားသည်။

    “အီးယူက လူ့အခွင့်အရေးလိုအပ်ချက်တွေဖြည့်ဆီးဖို့နဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ဒေသတွေကို ၀င်ရောက်ဖို့ ယူရို ၄ မီလီယံ (ဒေါ်လာ ၅.၁၄ မီလီယံ) ထုတ်ပေးဖို့ အသင့်ရှိနေပါတယ်။ အာမလည်းခံပါတယ်” ဟု ဘာရိုဆိုက ဖြည့်စွက်ပြောကြားခဲ့သည်။

    ဘာရိုဆိုသည် ၄င်း၏မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးစီစဉ်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေကြသည့် ဘက်ပေါင်းစုံမှ ပုဂ္ဂိုလ်များအားလုံးကို အသစ်ဆောက်လုပ်ထားသည့် ငြိမ်းချမ်းရေးစင်တာတွင် ကူညီထောက်ပံ့ရေးတွေ့ဆုံဆွေးနွေးခဲ့သလို မြန်မာသမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။

    ထိုငြိမ်းချမ်းရေးစင်တာ စတင်နိုင်ဖို့အတွက်လည်း အီးယူမှ ယူရို ၇ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ လာမည့် ၂၀၁၃ တွင် မြန်မာတိုင်းရင်းသား ငြိမ်းချမ်းရေးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ယူရို ၃၀ မီလီယံထောက်ပံ့ပေးသွားဦးမည်ဖြစ်ကြောင်း အီးယူကော်မရှင် မှ ကြေငြာချက်တွင် ဖော်ပြထားသည်။

  • နာမည်ကြီး visa နှင့် master credit-card ကုမ္ပဏီများ မြန်မာပြည်ဝင်ပြီ

    နာမည်ကြီး visa နှင့် master credit-card ကုမ္ပဏီများ မြန်မာပြည်ဝင်ပြီ

    နိုဝင်ဘာ ၃ ရက်၊ ၂၀၁၂
    online.wsj.com

    အမေရိကန်အခြေဆိုက် visa credit card ကုမ္ပဏီမှ မြန်မာနိုင်ငံရှိ ဘဏ်သုံးခုနှင့် အကျိုးတူပူးပေါင်းဖို့ စနေနေ့က သဘောတူညီမှု ရရှိခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း ဝေါလ်စထရိ ဂျာနယ်မှ ဖော်ပြသည်။

    visa နှင့် လိုင်စင်ရေးရာ သဘောတူညီချက်ရယူခဲ့သည့် ဒေသတွင်း ဘဏ်သုံးခုမှာ ကမ္ဘာဇဘဏ်၊ သမ၀ါယမ ဘဏ်နှင့် မြန်မာ အရှေ့တိုင်းဘဏ်တို့ ဖြစ်ကြသည်။ စက်တင်ဘာလထဲက visa ၏ အကျိုးတူပြိုင်ဘက် master ကုမ္ပဏီကလည်း ၁၉၉၂ တွင် စတင်အခြေ တည်ခဲ့သည့် မြန်မာပြည်မှ CB ဘဏ်ဟု လူသိများသည့် သမ၀ါယမဘဏ်နှင့် စာချုပ် ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်များထဲ တွင် မြန်မာပြည် ၌ အေတီအမ်စက်များသာမက point-of-sales စက်များကိုပါသုံးစွဲကာ နိုင်ငံတကာဘဏ်များမှ အသိအမှတ်ပြုထုတ်ပေးထားသည့် ခရက်ဒစ်ကတ်ခေါ် အကြွေးဝယ်ကတ်များကို လက်ခံအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားဖို့လည်း ပါရှိသည်။

    visa ၏ အရှေ့တောင်အာရှနှင့် သြစတေးလျဆိုင်ရာ မန်နေဂျာဖြစ်သူ ပီတာမဟာရ် ကမူ ၂၀၁၃ တွင်စတင်ပြီး မြန်မာပြည်တွင်း ခရက်ဒစ်ကတ်များသုံးစွဲနိုင်ဖို့ မျှော်မှန်းထားကြောင်း ပြောဆိုသည်။

    “ရန်ကုန်မှာ ဆွေးနွေးပွဲလုပ်တော့ မီးက ပျက်သွားလိုက်၊ လာလိုက်နဲ့။ ဒီလိုပဲ လေအေးပေးစက်ကလည်း ပျက်သွားလိုက်၊ ပြန်လာလိုက်။ ဒါက မြန်မာပြည်ပေါ့လေ။ အားလုံးက ပထမဆုံးစလုပ်ကြရတာချည့်ပဲ” ဟု မဟာရ်က ပြောကြားခဲ့သည်။

    ကမ္ဘာဇဘဏ်၏ နို်င်ငံတကာရေးရာ ဘဏ်ဌာန၊ စီအီးအိုဖြစ်သူ နိုင်ငံခြားသား ဒက်စတာတန်ကမူ နိုင်ငံတွင်း အေတီအမ်စက်များ တပ်ဆင်ဆောင်ရွက်နိုင်ရေးမှာ ဒုတိယခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာဇဘဏ်မှာ မြန်မာပြည်တွင်း ဘဏ်ခွဲပေါင်း ၈၄ ခုရှိကာ အကြီးဆုံးလည်းဖြစ်သည်။

    ဝေါလ်စထရိဂျာနယ်။

  • “ရမည်းသင်း ဗမက ရပ်ကွက် သတင်း” မှားယွင်းကြောင်း ဗီးနပ်စ်ဂျာနယ် တောင်းပန်

    “ရမည်းသင်း ဗမက ရပ်ကွက် သတင်း” မှားယွင်းကြောင်း ဗီးနပ်စ်ဂျာနယ် တောင်းပန်

    နိုဝင်ဘာ၊ ၃ ရက်၊ ၂၀၁၂
    M-Media
    သတင်း – မောင်ပုည


    အတွဲ ၄ အမှတ်စဉ် ၁၅ ၂၀၁၂ နိုဝင်ဘာ ၁ ရက် နေ့ထုတ် စာမျက်နှာ ၄ တွင် လွန်ခဲ့သည့် ၂ ပါတ် အရင် ဗီးနပ်စ် ဂျာနယ်တွင် ပြည်ခိုင်ဖြိုးပါတီက စီစဉ်သည့် ဘောလုံးပွဲကြောင့် ရမည်းသင်းတွင် အကြမ်းဖက်မှု့ဖြစ် သတင်းဖော်ပြမှုတွင် ရမည်းသင်း ဗမက ရပ်ကွက် တွင် ဘင်္ဂါလီများနေထိုင်ဟု ရမည်းသင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်လွင် မပြောဆိုဘဲ ၄င်းတို့ဂျာနယ်မှ ပေါဆမှုဖြင့် မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်သည် ဟု အယ်ဒီတာမှ တောင်းပန်စာထည့်ခဲ့သည့် တွေ့ရှိရပါသည်။

    အောက်တိုဘာ ၁၆-ရက်နေ့ထုတ် ဗီးနပ်စ်ဂျာနယ်တွင် ဖော်ပြခဲ့သော အကြောင်းအရာများနှင့်ပတ်သက်ပြီး ရမည်းသင်းမြို့ ဗမကရပ်ကွက် ဒေသခံ တိုင်းရင်းသား ဗမာမွတ်စလင်မ်များက တရားစွဲရန် စီစဉ်ခဲ့ကြောင်း M-Media မှာ အောက်တိုဘာ ၁၈ ရက်နေ့သတင်းတွင် ဖော်ပြခဲ့ပြိးဖြစ်ပါသည်။

    ဗီးနပ်စ်ဂျာနယ်တွင်  အကြမ်းဖက်သူများကြောင့် လူငယ်နှစ်ဦး ဓားထိုးခံရကာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း မုခ်ဦးနှင့် တံခါးတွေ မွတ်စလင်မ်တွေ ဖျက်ဆီးခဲ့ကြောင်း ၊ဗမကရပ်ကွက်တွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီများဖြစ်တယ်ဆိုပြီး ဒုရဲအုပ်ကျော်နိုင်လွင်က ပြောခဲ့တယ်လို့ ဗီးနပ်စ်ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

    တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်နေသော ယခုလိုအချိန်မျိုးတွင် မဟုတ်မမှန်သတင်းပေးသည့် ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား ရမည်းသင်းမြို့ ဗမကရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ဗမာမွတ်စလင်မ်များက စိတ်ဆိုး ဒေါသဖြစ်ကြကြောင်း၊ တိုင်းပြည်ရဲ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး မှန်ကန်စွာရပ်တည်မှုမရှိဘဲ လိမ်ညာပြောသည့် ရမည်းသင်းရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား တရားစွဲဆိုရန် သတင်းများထွက်ပေါ်ပြီး ၂ ပတ်ခန့်အကြာ ယခုကဲ့သို့ ဗီးနပ်စ်ဂျာနယ်မှ တရားဝင် တောင်းပန်စာ ထည့်လာခြင်းဖြစ်သည်။