News @ M-Media

Blog

  • သိရိလင်္ကာတွင် လူနည်းစု တမီလ်များ၏ အထိမ်းအမှတ်တစ်ခု ဖျက်ဆီးခံရ

    သိရိလင်္ကာတွင် လူနည်းစု တမီလ်များ၏ အထိမ်းအမှတ်တစ်ခု ဖျက်ဆီးခံရ

    ဇန်ဝါရီ ၁၂၊ ၂၀၂၁
    M-Media

    -သီရိလင်္ကာနိုင်ငံက လူနည်းစု တမီလ်လူမျိုးတွေရဲ့ အထိမ်းအမှတ်ရုပ်တုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက ဖျက်ဆီးခံလိုက်ရပြီး အစိုးရက ပြန်ဆောက်ပေးမယ်လို့ ကတိပြုထားပါတယ်။

    ​နိုင်ငံမြောက်ပိုင်း ဂျက်ဖ်နာမြို့ Jaffna တက္ကသိုလ်မှာ တည်ဆောက်ထားတဲ့ အဲဒီ အထိမ်းအမှတ်ရုပ်တုဟာ မြေကြီးထဲကနေ လက်တွေထွက်ကာ အကူအညီတောင်းတဲ့သဏ္ဍာန်ဖြစ်ပါတယ်။

    သီရိလင်္ကာအစိုးရရဲ့ ပြည်တွင်းစစ် နောက်ဆုံးအဆင့် နှိမ်နှင်းမှုမှာ အရပ်သားသောင်းချီ သေဆုံးခဲ့မှုကို အမှတ်ရစေဖို့အတွက် စစ်ပြီးဆုံးမှု ၁၀ နှစ်ပြည့်တဲ့ ၂၀၀၁၉ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားတွေက တည်ဆောက်ခဲ့တာပါ။

    အတိုက်အခံလွှတ်တော်အမတ် ဒမာလင်ဂမ် သိဒ္ဒသန်က တက္ကသိုလ်အုပ်ချုပ်ရေးပိုင်းက ကျောင်းဝန်းကို သော့ခတ်ပြီး ဘူဒိုဇာနဲ့ ဒီရုပ်ထုကို ဖျက်ဆီးကာ ရဲတပ်ဖွဲ့ကလည်း အစောင့်အရှောက်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီလုပ်ရပ်ကြောင့် ဒေသတွင်း တမီလ်လူမျိုးတွေသာမက အိန္ဒိယက တမီလ်လူမျိုးတွေပါ ဒေါသထွက်ခဲ့ကြပြီး ဆန္ဒပြဖို့အထိ လုပ်ဆောင်လာကြပါတယ်။

    ဂျက်ဖ်နာမြို့ကိုယ်စားပြု အာဏာရပါတီ လွှတ်တော်အမတ် အန်ဂါဂျန် ရာမနာသန်က ဒီအထိမ်းအမှတ်ရုပ်တုကို ပြန်ဆောက်ဖို့အတွက် အာဏာပိုင်တွေက သဘောတူခဲ့ကြပြီး အုတ်မြစ်ချလိုက်ပြီလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူများစု ဆင်ဟာလီတွေဟာ ဟိန္ဒူဘာသာ ကိုးကွယ်တဲ့ လူနည်းစု တမီလ်လူမျိုးတွေအပေါ် ဖိနှိပ်မှုတွေရှိတယ်လို့ တမီလ်လူမျိုးတွေက ယူဆနေပါတယ်။

    ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် တမီလ်တွေဟာ ‘တမီလ်ကျားအဖွဲ့’ အမည်နဲ့ ၃၇ နှစ်ကြာ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ပေမယ့် လက်ရှိသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ၂၀၀၉ ခုနှစ်က အပြီးတိုင် ချေမှုန်းခံခဲ့ရပါတယ်။

    သီရိလင်္ကာအစိုးရရဲ့ နောက်ဆုံးစစ်ဆေးရေးအတွင်း တမီလ်အရပ်သား ၄ ​သောင်းလောက်အထိ အသတ်ခံခဲ့ရတယ်လို့ ပြောကြားမှုတွေရှိပြီး အစိုးရက ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။ သီရိလင်္ကာအစိုးရဟာ တမီလ်ကျားအဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတာပါ။

    Jaffna တက္ကသိုလ်မှာ ဖျက်ဆီးခံလိုက်ရတဲ့ ရုပ်ထုဟာ အကြမ်းဖက်သမားတွေကို ဂုဏ်ပြုဖို့ လုပ်ထားတာလို့ အစိုးရ ပြည်သူ့လုံခြုံရေး ဝန်ကြီး ဆာရက်သ် ဝီရာဆီကီရာက အစောပိုင်းမှာ ဝေဖန်ပြောကြားဖူးပါတယ်။

    Ref: Aljazeera

  • အမေရိကန်မြို့တော် ဝါရှင်တန်တွင် အရေးပေါ်ခြေအနေ ကြေငြာ

    အမေရိကန်မြို့တော် ဝါရှင်တန်တွင် အရေးပေါ်ခြေအနေ ကြေငြာ

    ဇန်နဝါရီ ၁၂၊ ၂၀၂၀
    M-Media

    -သမ္မတသစ်ဂျိုးဘိုင်ဒန် ကျမ်းကျိန်မှုမတိုင်ခင်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု ပေါ်ပေါက်လာတဲ့အတွက် အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ကို သမ္မတထရမ့်က အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။

    ဇန်နဝါရီ ၆ ရက်နေ့က သမ္မတထရမ့်ကို ထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးကို ဝင်ရောက်စီးနင်းပြီးနောက်ပိုင်း အမေရိကန်နိုင်ငံရေးလောက မှာစိုးရိမ်မှုတွေ မြင့်တက်လာတာပါ။ ဒီစီနင်းမှုဟာ ထရမ့်ရဲ့ လှုံ့ဆော်မှုတွေကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    သမ္မတသစ် ဂျိုးဘိုင်ဒန် ကျမ်းကျိန်မယ့် ဇန်နဝါရီ ၂၀ ရက်နေ့ မရောက်ခင် ပြည်နယ် ၅၀ စလုံးမှာ လက်နက်ကိုင်ပြီး ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်လို့ ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ FBI က မနေ့မှာ သတိပေးခဲ့ပါတယ်။

    ဝါရှင်တန်မြို့တော်ဝန် မူရီယဲလ် ဘောက်ဆာကလည်း ဇန်နဝါရီလ ၁၁ ရက်ကနေ ၂၄ ရက်အတွင်း မြို့တော်လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ဖို့အတွက် အမိမြေလုံခြုံရေး ဝန်ကြီးဌာနကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ စာရေးသား အကြောင်းကြားခဲ့ပါတယ်။

    အခုထုတ်ပြန်လိုက်တဲ့ အရေးပေါ်အခြေအနေအရ ဝါရှင်တန်မြို့တော်ရဲ့ လုံခြုံရေးအတွက် ပြည်ထောင်စုအစိုးရက ဝင်ရောက်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

    ထရမ့်ရဲ့လှုံ့ဆော်မှုကြောင့် သူ့ကိုထောက်ခံသူတွေ လွှတ်တော်ကိုဝင်ရောက်စီးနင်းမှုအပြီးမှာ လွှတ်တော်က ထရမ့်ကို အယုံအကြည်မရှိအဆိုတင်သွင်းကာ ဖြုတ်ချဖို့အထိ လုပ်ဆောင်လာပါတယ်။

    နိုင်ငံတော်အစောင့်တပ်ဖွဲ့က လွှတ်တော်ကိုရောက်ဖို့ အချိန် ၄ နာရီခွဲ ကြာမြင်ခဲ့မှုနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့နဲ့ တာဝန်ယူဖို့ လွှတ်တော်အမတ်တွေက
    ခေတ္တကာကွယ်ရေးဝန်ကြီး ခရစ္စတိုဖာ မီလာထံ စာရေးသား ပေးပို့ထားပါတယ်။

    ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ အမတ်တွေက အခြေခံဥပဒေပြင်ဆင်ချက် ၂၅ ကိုအသုံးပြုပြီး ထရမ့်ကို ရာထူးကနေ ထုတ်ပယ်ဖို့အတွက် ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ အစိုးရဝန်ကြီးတွေကို တိုက်တွန်းမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တရုတ်နိုင်ငံအလယ်ပိုင်းတွင် ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်

    တရုတ်နိုင်ငံအလယ်ပိုင်းတွင် ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်

    ဇန်နဝါရီ ၁၁၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်မှာ ကိုဗစ်ကူးစက်မှု ၅ လအတွင်း အမြင့်ဆုံးကို ရောက်လာတာကြောင့် အာဏာပိုင်တွေက ကန့်သတ်တင်းကျပ်မှုတွေ ပိုမို လုပ်ဆောင်လာပါတယ်။

    မနေ့က တရုတ်နိုင်ငံတစ်ဝှမ်း ပြည်တွင်းကူးစက်မှု ၈၅ ခု ရှိခဲ့ရာမှာ ၈၂ ခုက ဟူ​ဘေးပြည်နယ်က ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားက ဝင်လာသူတွေထဲမှာ ကူးစက်မှုကတော့ ၁၈ ခု ရှိပါတယ်။ စုစုပေါင်းကူးစက်မှု ၁၀၃ ခုဟာ ဇူလိုင် ၃၀ ရက်နေ့နောက်ပိုင်း အများဆုံး ဖြစ်ပါတယ်။

    လာမယ့်လမှာ ကျရောက်မယ့် နှစ်ကူးကာလမှာ သန်းနဲ့ချီတဲ့ တရုတ်ပြည်သူတွေ ခရီးသွားကြမှာကြောင့် အခု ကူးစက်မှုအပေါ် အာဏာပိုင်တွေက စိုးရိမ်လာကြပါတယ်။

    ဟူဘေးပြည်နယ်မြို့တော် ရှီကျာကျွမ်းကို လော့ဒေါင်းချလိုက်ပြီး တစ်မြို့လုံးကလူတွေကို ကိုဗစ်စစ်ဆေးမှုလည်း လုပ်ဆောင်နေပါတယ်။ ဘတ်စ်ကား ဒရိုက်ဘာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ နေ့စဉ် ကိုဗစ်စစ်ဆေးဖို့လည်း အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

    ကပ်ရောဂါကို ကိုင်တွယ်ထိန်းချုပ်ရာမှာ လစ်ဟင်းမှုတွေ ရှိတဲ့အတွက် ပြည်နယ်အစိုးရက တာဝန်ရှိသူ ၃ ဦး ပြီးခဲ့တဲ့သီတင်းပတ်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

    Ref: Aljazeera

  • ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးမှုကို တိုက်ဖျက်မည်ဟု ထိုင်းရဲချုပ် ကတိပြု

    ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးမှုကို တိုက်ဖျက်မည်ဟု ထိုင်းရဲချုပ် ကတိပြု

    ဇန်နဝါရီ ၁၁၊ ၂၀၂၁
    M-Media

    နယ်စပ်ဂိတ်တစ်ခု

    -ထိုင်း-မြန်မာ နယ်စပ်က လူကုန်ကူးမှုကို တားဆီး တိုက်ဖျက်သွားမှာဖြစ်ပြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အစိုးရတာဝန်ရှိသူတွေကိုလည်း အရေးယူသွားမယ်လို့ ထိုင်း ရဲချုပ်က စနေနေ့မှာ ကတိပြု ပြောကြားလိုက်ပါတယ်။

    ရဲချုပ် Suwat Jangyodsuk က နယ်စပ် မဲဆောက်မြို့ကို သွားရောက်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို လူကုန်ကူးမှုနဲ့ ဒီကိစ္စမှာ လာဘ်ယူပြီး ပါဝင်နေတဲ့ အာဏာပိုင်တွေကို စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဦးဆောင်တာဝန်ယူဖို့ ဒုတိယရဲချုပ်ကို တာဝန်ပေးခဲ့ပါတယ်။

    တာ့ခ်ပြည်နယ်က မဲဆောက်နဲ့ မဲရာမတ် ခရိုင်တွေမှာ စောင့်ကြည့်ကင်မရာတွေကို ထပ်တိုး တပ်ဆင်သွားမှာဖြစ်သလို၊ နယ်စပ်ကင်းလှည့်မှုကိုလည်း ပိုမို ဆောင်ရွက်သွားမယ်လို့ ရဲချုပ် Suwat က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရွှေ့ပြောင်လုပ်သားတွေကို အကြီးအကျယ် လူကုန်ကူးရာမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှုရှိတယ်လို့ ထိုင်းဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ရှိလာခဲ့ပြီးတဲ့နောက် ထိုင်းရဲချုပ်ရဲ့ အခုလိုပြောကြားမှု ထွက်လာတာ ဖြစ်ပါတယ်။

    နိုင်ငံအလယ်ပိုင်း မဟာချိုင်က ပင်လယ်စားစျေးတစ်ခုက မြန်မာလုပ်သားတွေမှာ ကိုဗစ်ဗိုင်းရပ်စ် အကြီးအကျယ် တွေ့ရှိပြီးတဲ့နောက် လူကုန်ကူးမှုအပေါ် အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ထိုင်းပြည်သူတွေက အကြီးအကျယ် ဝေဖန်လာကြတာ ဖြစ်ပါတယ်။

    Ref: The Star

  • ဧရာမ မြေအောက်ဒုံးကျည်စခန်းသစ်ကို အီရန်က လူသိရှင်ကြားထုတ်ပြ

    ဧရာမ မြေအောက်ဒုံးကျည်စခန်းသစ်ကို အီရန်က လူသိရှင်ကြားထုတ်ပြ

    ဇန်နဝါရီ ၉၊ ၂၀၂၁
    M-Media

    -ပါရှန်ပယ်လယ်ကွေ့မှာ တည်ဆောက်ထားတဲ့ ဧရာမ မြေအောက်ဒုံးကျည်စခန်းကို အီရန်က မနေ့မှာ ထုတ်ပြလိုက်ပြီး အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်လာတဲ့အချိန်မှာ ဒီဆောင်ရွက်မှု ပေါ်ပေါက်လာတာပါ။

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ထိပ်တန်း တပ်မှူးတွေ ဒုံးကျည်စခန်း စစ်ဆေးနေတာကို နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ ဝင်ပေါက် ကြမ်းပြင်မှာ အစ္စရေးနဲ့ အမေရိကန်အလံကို ဆေးခြယ်ထားပြီး တပ်မှူးတွေက ဒီအလံပေါ်ကို ဖြတ်လျှောက်သွားကြတာပါ။

    အဆုံးမရှိတဲ့ လှိုဏ်ခေါင်းကြီးမှာ ဒုံးကျည်အမျိုးစားများစွားနဲ့ ဒုံးပစ်လောင်ချာ အများအပြား ရှိနေတာကိုလည်း ဒီဗီဒီယိုမှာ တွေ့ရပါတယ်။

    IRGC အကြီးအကဲ ဟိုစိန် ဆာလာမီက မိမိတို့ရေတပ်မှာ ဒီလို မြေအောက်ဒုံးကျည်စခန်းတွေအများအပြား ရှိနေတယ်လို့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    “ဒီကနေ့ IRGC ရေတပ်က ဒုံးကျည်တွေဟာ ကီလိုမီတာရာချီ သွားနိုင်ပြီး ပိုမိုတိကျလာသလို ဖျက်ဆီးနိုင်စွမ်းလည်း မြင့်လာပါပြီ”

    ဒီဒုံးကျည်စခန်းရဲ့ တည်နေရာအတိအကျကိုတော့ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပါဘူး။

    ​IRGC အကြီးအကဲ ကာစင်ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်မှု တစ်နှစ်ပြည့်သွားတဲ့အချိန်မှာ အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုက ပိုမိုမြင့်တက်လာပါတယ်။

    နှစ်ပတ်လည်မှာ အီရန်က လက်တုန့်ပြန်တိုက်ခိုက်မှာကို အမေရိကန်က စိုးရိမ်တဲ့အတွက် အရှေ့အလယ်ပိုင်းက အမေရိကန်ရေတပ်ရဲ့ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘော စခန်းပြန်လည်ခေါ်ယူမှုကို အမေရိကန်က ရပ်ဆိုင်းထားပါတယ်။

    အီရန်တာဝန်ရှိသူတွေက ဗိုလ်ချုပ် ဆိုလိုင်မာနီကို လုပ်ကြံတဲ့သူတွေကို လက်စားချေမှာဖြစ်ပေမယ့် သင့်လျော်တဲ့အချိန်ရောက်မှ လုပ်ဆောင်မယ်လို့ ပြောကြားထားပါတယ်။

    အီရန်ဟာ လွန်ခဲ့တဲ့ ၃ ရက်က ပြည်တွင်းဖြစ် မောင်းသူမဲ့လေယာဉ်တွေနဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera