News @ M-Media

Blog

  • ယခုနှစ် ကုရ်ဘာနီ မပြုလုပ်ရန် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့် ဘာသာရေးအဖွဲ့ကြီးမှ ကြေငြာချက်ထုတ်

    ယခုနှစ် ကုရ်ဘာနီ မပြုလုပ်ရန် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့် ဘာသာရေးအဖွဲ့ကြီးမှ ကြေငြာချက်ထုတ်

    အောက်တိုဘာ၊ ၂၃ ၊ ၂၀၁၂

    M-Media

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးဖွဲ့ကြီးမှ ယခုနှစ် ၂၀၁၂ ခုနှစ် တွင် အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကုရ်ဘာနီအီးဒ်နေ့ကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ မပြုလုပ်ရန် မေတ္တာရပ်ခံသော ကြေငြာချက်တစောင်ကို ယနေ့ထုတ်ပြန်လိုက်သည်။ ကြေငြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    ရက်စွဲ။    ။ ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ(၂၃) ရက်၊

    (အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှု အဖြာဖြာကျရောက်ပါစေ) မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ ခင်ဗျား

    ၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း ဘာသာပေါင်းစုံ လွတ်လပ်စွာ ယုံကြည်ကိုးခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတည်ပြုပြဌာန်းပါသည်။

    ၂။ နိုင်ငံတော်အစိုးရ အဆက်ဆက်၏ ခွင့်ပြုချက်အရ အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံတွင် နှစ်စဉ်အေးချမ်းစွာ ကုရ်ဘာနီ ပြုလုပ်ခဲ့ကြပါသည်။

    ၃။ ယခုနှစ်တွင် ရခိုင်ပြည်နယ် ဒေသအချို့၌ ယနေ့အထိ အစ္စလာမ်ဘာသာဝင်များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ဘာသာရေးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုကျင့်ခံနေရဆဲဖြစ်ပါသည်။ (ယခုထိ လုံခြုံမှုမရှိသေးပါ။ ) အချို့တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကုရ်ဘာနီနှင့် စပ်လျဉ်း၍ ယခင်မရှိခဲ့သော စည်းကမ်းချက်များဖြင့် ချုပ်ချယ် ကန့်သတ်မှုများ ပြုလုပ်နေခြင်းကြောင်းလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံ့မြို့ ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် အချို့ဒေသများတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် ဘာသာဝင်များအပေါ် ဥပဒေပါ အခွင့်အရေး၊ လူအခွင့်အရေး ချိုးဖောက်သော ဆန့်ကျင်ရေးသား ခြိမ်းခြောက်မှု့များ၊ လှုံ့ဆော်ပြောဆို ဖြန့်ဝေနေခြင်းတို့ကို လက်ငင်း ကြုံတွေ့နေရပါသည်။

    ၄။  အထက်ပါ အချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ  နိုင်ငံတော်အစိုးရသို့ အကြိမ်ကြိမ် မေတ္တာရပ်ခံ တင်ပြခဲ့သော်လည်း ယခုတိုင် တစ်စုံတစ်ရာ ပြန်ကြားချက် မရရှိခဲ့ပါ။

    ၅။ သို့ပါသောကြောင် ဤ အခြေအနေတွင် နိုင်ငံတော်နှင့် တည်ဆဲ ဥပဒေများ၏ ခွင့်ပြုချက်အရ ကုရ်ဘာနီ ပြုလုပ်ခွင့် ရှိသော်ငြားလည်း အထက်ဖော်ပြပါ အခြေအနေများကြောင့်လည်းကောင်း၊ နိုင်ငံတော်မှ လုံခြုံရေးပြည့်ဝစါာ ပေးနိုင်မည်မဟုတ်ဟု ယူဆပါသောကြောင့်လည်းကောင်း၊ ယခုနှစ် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကုရ်ဘာနီ ပြုလုပ်ခြင်းကို ရပ်ဆိုင်းထားကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဝမ်းနည်းစွာ အသိပေးကြေငြာအပ်ပါသည်။

  • မြောက်ဦးတွင် မွတ်စလင်မ်ရွာများ ယနေ့ထပ်မံ အကြမ်းဖက်မီးရှို့ခံနေရ

    မြောက်ဦးတွင် မွတ်စလင်မ်ရွာများ ယနေ့ထပ်မံ အကြမ်းဖက်မီးရှို့ခံနေရ

    အောက်တိုဘာ ၂၃၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    မြောက်ဦးမှာ ဒီနေ့မနက်ပဲ မွတ်စလင်မ်ရွာများကို မီးရှို့နေကြောင်း သတင်းရရှိပါတယ်။

    မြောက်ဦးမြို့ မွတ်စလင်မ်ရွာဖြစ်သည့် ပုရိန်ရွာကို ယနေ့မနက်မှာပဲ ရခိုင်အကြမ်းဖက်သမားများမှ မီးစတင်ရှို့ခဲ့ကြောင်း၊ ပုရိန်ရွာသည် အိမ်ခြေ ၁၂၀၀-ကျော်ရှိပြီး ဗလီ(၈)လုံးရှိသည့် အနက်တွင် ရွာရှိအိမ်ခြေ တ၀က်ကျော်နှင့် ဗလီတစ်လုံး မီးလောင်ပြာကျသွားခဲ့ပြီဖြစ်ကြောင်း၊ အမျိုးသား(၁)ယောက်နှင့် အမျိုးသမီးတစ်ယောက် သေဆုံးသွားကြောင်း သိရသည်။ နောက်ထပ် သေဆုံးသူ၊ ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း၊ ကလေးများလည်း  သေဆုံးကြောင်း သိရသော်လည်း စာရင်းကို အတည်မပြုနိုင်သေးကြောင်း သတင်းရရှိပါတယ်။

    ယခု သတင်းပေးနေဆဲအချိန်တွင်ပင် ရန်သေရွာနှင့် ဇီးဇာရွာကိုလည်း စတင်မီးရှို့နေကြောင်း၊ ရန်သေရွာတွင် အိမ်ခြေ(၈၀၀)ကျော်နှင့် ဗလီ(၄)လုံး၊ ဇီးဇာရွာတွင် အိမ်ခြေ ၈၀၀-ခန့်နှင့် ဗလီ(၅)လုံးရှိကြောင်း သိရသည်။ သတင်းပေးနေစဉ်တွင်ပင် အဆက်သွယ် ပြတ်တောက်သွား၍ သတင်းထပ်မံရရှိရန် ဆက်သွယ်နေပါသည်။

    တစ်ချိန်တည်းမှာပင် မွတ်စလင်မ်ရွာဖြစ်သည့် ပီပင်ရင်းရွာသို့လည်း မီးရှို့ အကြမ်းဖက်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။

    “ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အရင်က ရခိုင်ဗုဒ္ဓဘာသာဦးရေထက် မွတ်စလင်မ်ဦးရေကပိုများပါတယ်။ အခုတော့ ၇ခိုင်တွေက အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသွားကြသူ၊ ထွက်ပြေးသွားကြသူတွေကြောင့် မွတ်စလင်မ် သုံးပုံတစ်ပုံသာ ကျန်ရှိတော့တယ်။ ဘင်္ဂလားဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသော မွတ်စလင်မ် တစ်သန်းကျော်ရှိသွားပြီလို့ သိရတယ်။ ကျွန်တော်တို့တွေ စိတ်သောကကြီးစွာ ခံစားနေရပါတယ်။ အခုနေ့လည် ၁၂-နာရီမှာ ကျောက်ဖြူကို ၀င်မယ်လို့လည်း သတင်းကြားနေရတယ်။ အားလုံး ဆုတောင်းပေးကြပါဗျာ” လို့ မြောက်ဦးမြို့ခံတစ်ဦးက ငို၍ M-Media ကို ပြောပြလာပါတယ်။

  • မင်းပြားတွင် ရခိုင်များ အကြမ်ဖက်မှု့ မွတ်စလင် ရွာ ၆ ရွာ ပြာကျ၊ ၇ ယောက်သေဆုံး

    မင်းပြားတွင် ရခိုင်များ အကြမ်ဖက်မှု့ မွတ်စလင် ရွာ ၆ ရွာ ပြာကျ၊ ၇ ယောက်သေဆုံး

    အောက်တိုဘာ ၂၃၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    မင်းပြားမှာ မွတ်စလင်မ်ရွာ(၁၄)ရွာရှိတဲ့အထဲက ၆-ရွာက အကြမ်းဖက်မီးရှို့ခံလိုက်ရပြီဖြစ်ကြောင်း မင်းပြားမြို့ခံတစ်ဦးက ပြောပြလာပါတယ်။

    “မင်းပြားက ပိုက်ဆိပ်၊ တူရာလီ၊ ဆမ်းမလီ၊ အောင်ဒိုင်၊ လတ်မ စတဲ့ မွတ်စလင်မ်ရွာတွေဟာ ရခိုင်အကြမ်းဖက်သမားတွေ မီးရှို့လို့ မီးလောင်ကုန်ပါပြီ။ ဒီမနက်မှာ မင်းပြားက ပိုက်ဆိပ်မှာ မွတ်စလင်မ်အိမ်ခြေ ၅၀၀-ကျော် ၆၀၀-ကျော်ရှိတယ်။  ဗလီက ၃-လုံး၇ှိတယ်။ အဲဒီတစ်ရွာလုံး ပြာကျသွားပြီ။ နောက် တူရာလီရွာမှာ အိမ်မြေ ၇၀၀-ကျော် ၈၀၀ ရှိတယ်။ ဗလီက ၂-လုံးရှိတယ်။ အဲဒီမှာလည်း အားလုံးပြာကျသွားပြီ။ အဲဒီမှာ စစ်တပ်ကပစ်လို့ မော်လ၀ီဆပ်(၃)ယောက်နဲ့ သာမန်အရပ်သား(၄)ယောက် စုစုပေါင်း လူ(၇)ယောက်သေသွားပြီ။ ဆမ်းမလီနဲ့ အောင်ဒိုင်ရွာကတော့ မနေ့ညနေကတည်းက မီးရှို့ခံလိုက်ရတယ်။

    လတ်မရွာမှာလည်း အခုပဲ မီးရှို့နေပါတယ်။ လတ်မရွာမှာ အိမ်ခြေ ၁၅၀၀-ကျော်နဲ့ ဗလီ (၉)လုံးရှိတယ်။ စဖြစ်ခါစက အဆက်အသွယ်ရလိုက်တယ်။ အခုတော့ လုံးဝ အဆက်အသွယ်ပြတ်တောက်သွားပြီ။ အဲဒီရွာတွေမှာ စစ်တပ်ချထားတယ်။ ဒါပေမယ့် မွတ်စလင်မ်တွေဘက်က ပြန်လုပ်ရင် စစ်တပ်က ပြန်ပစ်တယ်။ အခု မီးလောင်ခံရတဲ့ရွာတွေကလူတွေအားလုံး ဘယ်မှာသွားစရာမရှိဘူးလေ ဒါကြောင့် ဘေးတွေက တောတွေထဲပဲ ပြေးဝင်ပုန်းရှောင်နေရပါတယ်။”

  • အမုန်းတရားများနှင့် တနေ့တာ ထိတွေ့ခြင်း

    အမုန်းတရားများနှင့် တနေ့တာ ထိတွေ့ခြင်း

    အောက်တိုဘာ၊ ၂၃၊ ၂၀၁၂
    M-Media
    ရေးသူ- မေကြည်

    ဒီနေ့ မြန်မာသံရုံးမှာ ပထမနှစ်ဝက်စာမေးပွဲ ကျင်းပပါတယ်။ သားလေးက ပထမတန်း၊ သမီးလေးက ဆဌမတန်း။ သားလေးက ဖြေပြီးသွားတော့ စာမေးပွဲအချိန်မှာ ဘေးမှာ အတူထိုင်ဖြေတဲ့ မိန်းကလေးလဲဖြစ်၊ မနှစ်ထဲကလည်း သိပြီးသားဖြစ်တဲ့ ကလေးမလေးအပါအ၀င် အခြားသူ့သူငယ်ချင်းတွေနဲ့ အတူတူ ကစားနေတာတွေ့ရပါတယ်။ ကျမကလည်း သမီးကြီးနား ကြည့်နေမိတာကော၊ မြန်မာကလေးတွေချည်းဘဲ ဖြစ်တာကောမို့ ဂရုမစိုက်ခဲ့မိပါဘူး။ (နိုင်ငံခြားကလေးတွေနဲ့ ဆိုရင်တော့ အနိုင်ကျင့်ခံရမှာဆိုးလို့ မျက်စေ့တောက် ထောက်ကြည့်တတ်ပါတယ်။) ခဏနေတော့ အဲဒီမိန်းကလေးက (သူအပါအ၀င် အခြား ၂ယောက်ပါ) ကျမကိုလာတိုင်ပါတယ်။

    မိန်းကလေး။    ။အန်တီ.. အန်တီသားက သမီးတို့ကစားနေတာကို နောက်ကတကောက်ကောက်လိုက် နေတယ်။

    ကျမ။              ။ သမီးတို့နဲ့ သူလဲကစားချင်လို့ပါသမီးရယ်။

    မိန်းကလေး။    ။ ဟင့်အင်း သမီးတို့သူနဲ့မကစားချင်ဘူး။ ပြောပေးပါ။သမီးတို့ဘယ်လောက်ပြောပြောလဲမရဘူး။

    ကျမလည်းချက်ချင်း သူတို့အုပ်စုထဲက ကျန်တဲ့ အခြားသူငယ်ချင်းယောကျာင်္းလေးတွေနဲ့ပါ ပျော်ရွှင်စွာ ကစားနေတဲ့ သားလေးကိုလှမ်းခေါ်လိုက်ပြီး သူတို့နဲ့မကစားဖို့ပြောလိုက်တယ်။ သားကဘာလို့လဲဆိုတဲ့ အမေးကို စိတ်မကောင်းစွာဘဲ သူတို့ကသားနဲအတူတူ မကစားချင်ဘူးတဲ့။ လာ နေ့လည်စာ စားလိုက်ဦး ဆိုပြီး ကျမပါလာတဲ့ သူ့အကြိုက်စားစရာများကို ကျွေးပါတယ်။

    ခနနေတော့ သားလဲသူ့ဘာသာသူ သူ့အိုင်ပက်ထုတ်ပေးပါဆိုပြီး အိုင်ပက်နဲ့ ဂိမ်းကစားလိုက် အစားစားလိုက် လုပ်နေပါတယ်။

    ကျမသမီးက ရေသောက်ချင်တယ်ဆိုလို့ ရေဘူးယူပေးဖို့ စားစရာတွေနားပြန်အသွား သားနားမှာ စောစောက ကလေးမလေးကလဲ ထမင်းလာ စားနေတာ တွေ့ပါတယ်။ သူက ကျမသားနားမှာ အနီးကပ်ထိုင်ပြီး သားကိုကြည့်ရင်းနဲ့ နောက်ကလေးမလေး တယောက်ကို “ဟဲ့ နင်ဝက်သားကြိုက်လား။ ငါကတော့ ၀က်သားဆိုကြိုက်မှကြိုက်” လို့ ပြောပါတယ်။ သူ့ရဲ့အကြည့် နဲ့အပြောကို ကျမခံစားလိုက်ရတယ်။ အကြည့်မပါရင်တော့ တမျိုးဖြစ်မှာပေါ့လေ။ သူ့အမေးခံရတဲ့ကလေးမလေးက “ငါကလုံးဝမကြိုက်ဘူ။ ကြက်သားဘဲ ကြိုက်တယ်” တဲ့။ သူက “၀က်သားစားမှအားရှိတာ..ဒါကြောင့် နင်ပိန်…” ဆိုပြီးပြောနေတုန်း ကျမအလာကိုမြင်ရင်းစကားရပ်သွားပါတယ်။ ဟိုမိန်းကလေးတယောက်ကတော့ ပုံမပျက်ပါဘဲ။

    သားကလဲ သူ့ဂိမ်းနဲ့သူမို့ကော ဘာမှ မသိတာကောနဲ့ သူတို့ပြောတဲ့ စကားကို သိပုံတောင်မရပါဘူး။ မြန်မာပြည်မှာ ကျောင်းနေဘူးရင်တော့ ကုလားကုလား ၀က်သားစားတို့ ဘာတို့တွေနဲ့ ဒါဟာ သူ့ကို ရန်စမှန်းသတိထားမိနေမှာပါ။

    ဒီမိန်းကလေးလဲသူငယ်တန်းထဲက သားနဲ့အတူ သံရုံးမှာ စာမေးပွဲဖြေတာပါ။ အဲလို ၆နှစ်အရွယ်လူမမယ်ကလေးတောင် ဒီလိုစိတ်ဓါတ်တွေရှိနေရင် သူ့ပတ်ဝန်းကျင်က လူတွေရဲ့စိတ်ဓါတ် ဘယ်လိုရှိမယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။

    ဒီလိုလူမျိုးတွေ ကျမတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်များနေပြီလဲ။ ဘာလို့ဒီလိုစိတ်ဓါတ်တွေ သင်ကြားမွေးမြူနေကြတာလဲ။ နားမလည်နိုင်တော့ပါဘူး။ ကလေးကို ကျမအပြစ်မမြင်ပါဘူး။ ကလေးဆိုတာ ရေလိုဘဲ ထည့်တဲ့အရောင်ပြောင်းတယ်တဲ့။ ဒီတော့ ဒီလိုကလေးတွေ အရွယ်ရောက်လာတဲ့အထိ နိုင်ငံခြားမှာ ကြီးပြင်းရရင်လဲ နိုင်ငံခြားသားများနဲ့ ကင်းရှင်းစွာ အမျိုးဂုဏ် စောင့်ထိန်းနိုင်အောင် သင်ယူနိုင်တဲ့ အုပ်ထိန်းသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုမိပါတော့တယ်။

  • ကဗျာမဲ့နေသော ကဗျာ

    ကဗျာမဲ့နေသော ကဗျာ

    အောက်တိုဘာ၊ ၂၃၊၂၀၁၂
    M-Media
    ခံစားရေးဖွဲ့သူ- လူသား

     

    ထေရဝါဒ ဆရာတော်ကြီးတွေ တရား
    အကြိမ်ကြိမ် နာဖူးပါတယ်
    လူ့ဘဝ ရခဲလွန်းလို့
    ကောင်းကင်က အပ်ဖျားနဲ့ မြေပြင်က အပ်ဖျား
    ထိခြင်းဆိုတာထက်လို့တောင်လို့
    ပမာပေးကြတယ်
    ဘဝသံသရာဆိုတာ ရှည်လွန်းလို့
    အတိတ်ဆွေမျိုး မတော်ဖူးသူဆိုတာ
    ရှားပါတယ်တဲ့
    ရခဲတဲ့ လူ့ဘဝ ရှည်လွန်းတဲ့ သံသရာမှာ
    အတိတ်က အကျိုးတူပေး ပြုခဲ့ဘူးတဲ့ ကံတွေ အဟုန်ကြောင့်
    ကျယ်ပြော ကမ္ဘာမြေပြင်မှာ တစ်ချိန်တည်း တစ်နယ်တည်း လူအတူလာဖြစ်တယ်ဆိုတာ…
    အဲ့ဒီလို သွန်သင်တဲ့ တရားမွန်ကို နာယူကျင့်သုံးသူလို့ဆိုတဲ့ လူတစ်သိုက်ရဲ့ ဟစ်ကြွေးပုံက
    “မောင်းထုတ်ပစ်… ဒီလူတွေ… မထားနဲ့… ပို့ပစ်… သတ်ပစ်… ”
    တရားမွန်ရဲ့ နောက်လိုက်ကောင်းတွေပါဆိုပြီး အတင်းအော်နေတဲ့ နောက်လူတစ်သိုက်ကလည်း
    “မှန်တယ်…ထောက်ခံတယ်…ကာကွယ်ရမယ်..သူတို့ပြောတာမှန်တယ်…”
    ဒီလို လူတွေ
    တစ်သိုက်…တစ်သိုက်…တစ်သိုက်နဲ့
    ငါသူတစ်ပါး ယောက်ျား မိန်းမ လူဖြူ လူမည်း လူဝါ လူညိုဆိုတာ မရှိဘူးဆိုတဲ့
    လေးနက်ပါဘိလို့ဆိုကြတဲ့ အဘိဓမ္မာ ပရတ်မတ်ဉာဏ်တောင် မရောက်လိုက်ပါလား
    ငါသိထားတာတွေများ မှားတာလေလားလို့ သြချမိပါတယ်…

    နောက်မှ…
    ကာလာမသုတ်တော်ကို ဘေးချိတ် ငါ့လူပြော အကုန်မှန်တယ်ဆိုတဲ့
    တစောက်ကမ်းအတ္တလျှံနေတဲ့ ဒီနှလုံးသားတွေမှာ
    တရားရဲ့ ရောင်လင်း မပြန်နိုင်တာ မထူးပါဘူးလေလို့
    ဆင်ခြင်မိလေရဲ့…

    ဘာပဲဖြစ်ဖြစ်
    အဘွားရဲ့ ဗုဒ္ဓဝင်တွေနဲ့ အိပ်ရာဝင်ခဲ့တဲ့ ငါ့နားတွေအတွက်တော့
    ဒီအတ္တဘောတွေက သကာကို အဆိပ်လောင်းနေသလိုပါပဲ…

    ဘာသာတရားကို မိရိုးဖလာဆိုသူတွေ
    သိမ်းပိုက်ထားတဲ့ ဒီနေ့ကြီးမှာ
    လေ့လာထားတာလေးတွေ မေ့မေ့သွားလို့
    ကျမ်းရင်းတွေ ပြန်လှန်နေရတယ်လေ…

    အနတ္တကို ဗဟိုပြု လူသားဝါဒသွန်သင်မှု အဖြူထည်ကို
    အတ္တစီးလက်တွေနဲ့ လူသားမဆန်မှု ဝိုင်းခြယ်နေကြပြီဆိုတော့

    အော်…ပြက္ခဒိန်ကြည့်မိတော့မှ ၂၅၀၀စွန်းနေပြီလေ
    ၃၀၀၀… ၃၅၀၀…
    ဒီနေ့မြင်ကွင်း အနုကြမ်းစီးထားတဲ့
    ကျွန်တော့်အတွေး
    ရှေ့မဆက်ဝံ့တော့ပါဘူး

    အရင်းနဲ့ မခြားတဲ့ မွေးစားဘွားဘွားကို သတိရမိရင်း
    ဗုဒ္ဓ့ဉာဏ်တော်ကို အသိအမှတ်ပြုမိနေတုန်း
    နားထဲဝင်လာတာက
    “ငါတို့က အမျိုး ဘာသာ သာသနာကို ကာ…”
    ကျွန်တော် ဆက်မကြားတော့ပါ
    နားတွေကိုပဲ ပိတ်မိလိုက်တာလား
    လေ့လာခဲ့ဖူးတဲ့ အသိစိတ်ကပဲ ခွင့်မပြုတော့တာလားတော့မသိပါ။
    ဆန္ဒဆက်ပြုမိတာကတော့…
    ကျွန်တော့် ညီနောင်များ ပရမတ် သစ္စာတရား ဆီသို့…။    ။