News @ M-Media

Blog

  • ကျွန်တော်သာ မြန်မာနိုင်ငံ၏ သမ္မတဖြစ်မည်ဆိုလျှင် (၂)

    ကျွန်တော်သာ မြန်မာနိုင်ငံ၏ သမ္မတဖြစ်မည်ဆိုလျှင် (၂)

    စက်တင်ဘာ၊ ၁၉၊ ၂၀၁၂

    M-Media

    Dr.Aung Maw

     

    ၁။ ပြည်ထောင်စု သာသနာပိုင် များ ခန့်အပ်ရန်  ဥပဒေမူကြမ်း (Draft of Union Religious Chiefs) ကို အမြန်ဆုံး ရေးဆွဲပြီး လွတ်တော်သို့တင်သွင်းမည်။

            အမေရိကန် နိုင်ငံသား ခရစ်ယာန်အစွန်းရောက်အုပ်စု၏ YouTube တွင်တင်ထားသော အငြင်းပွားဖွယ် Video Clip ကြောင့် လတ်တလော မွတ်ဆလင်ကမ္ဘာရဲ့အခြေအနေဟာ မငြိမ်မသက်ဖြစ်နေချိန်မှာဘဲ၊ မြန်မာနိုင်ငံ သင်္ဃန်းကျွန်းရှိ စည်ပင်မှမြှပ်နှံခွင့် ပိတ်ပင်ထားတဲ့ မွတ်ဆလင် သုသာန်မှာ မြှပ်နှံထားမိတဲ့ ဟာဗစ်ဆူလိုင်မန်ရဲ့ရုပ်ကြွင်းကို ပြန်လည် တူးဖေါ်နေရာရွှေ့ဖို့ အကြောင်းပေါ်လာပါတယ်။ စည်ပင်ဥပဒေကို ချိုးဖေါက်မိလို့ ရုံးဖွင့်ရက် ဒဏ်ငွေ တစ်သောင်း ဆောင်လာရတဲ့အတွက် စုစုပေါင်း သိန်း ၃၀ ကျော်လာသောကြောင့် မတတ်သာတဲ့အဆုံး ကျန်ရစ်သူ မိသားစုက ရုပ်ကြွင်းကို နေရာရွေ့ဖို့ သဘောတူကြောင်း လက်မှတ်ထိုးပေးခဲ့ပေမဲ့ ရပ်ကွက်သား မွတ်ဆလင်တစ်ချို့က ဘာသာရေးအရ ခွင့်မပြုတဲ့ ကိစ္စဖြစ်ကြောင်း ဝိုင်းဝန်းကန့်ကွက်ကြစဉ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြတဲ့ ကော့ကရိတ် ဦးသိန်းညွန့်နဲ့ ဒေါ်ဖြူဖြူသင်းတို့ရောက်လာကြကာ  ဒီကိစ္စကို ခေတ္တ ဆိုင်းငံထားဖို့ အကြံပြုလိုက်ကြတယ်လို့ ကြားသိရပါသည်။

    မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ်က လူမျိုးရေး အပြန်အလှန် အကြမ်းဖက်မှုတွေကလည်း အရှိန်မသေသေးတော့ ဒီလိုသိမ်မွေ့တဲ့ ကိစ္စတွေကို အများလက်ခံအောင် ပြည်ထောင်စု သာသနာပိုင် (ဓမ္မသတ်မှူးချုပ်) တွေခန့်အပ်ပြီး၊ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဖို့ ကျွန်ုပ်အနေဖြင့် အကြံရပါသည်။

    မြန်မာ့သမိုင်းမှာလည်း ဘိုးတော်ဘုရားက ရခိုင်ပြည်ကို သိမ်းပိုက်အောင်နိုင်ပြီးနောက် နိုင်ငံတော်တစ်ဝှမ်းရှိ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင် (ပသီ) လူမျိုးတို့အတွက် သာသနာရေးရာ ပြဿနာများ ကို ဖြေရှင်းပေးရန် အာဗိဒ်ရှဟ် ဟူစိုင်နီ သခင်ကြီး (အာဗျစ်သ ဟိုသိန္နီ သခင်ကြီး)ကို သာသနာပိုင် (ဓမ္မသတ်မှူးချုပ်) ခန့်အပ်ကြောင်း နိုင်ငံတော် ပြန်တမ်းကို သက္ကရာဇ် ၁၁၆၉ တန်ဆောင်းမုန်း လပြည့်ကျော် ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ဘူးပါသည်။

    မြန်မာနိုင်ငံသည် ၂၀၀၈ ဖွဲ့စည်းပုံအရ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသည့်အပြင်၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ သံဃာ့မဟာ နာယကအဖွဲ့အဆင့်ဆင့်နှင့် သက်ဆိုင်ရာ တိုင်းနှင့် မြို့နယ် သံဃာ့မဟာ နာယက ဥက္ကဌများကို တရားဝင် ခန့်အပ်ံထားပြီးဖြစ်သောကြောင့် ကျန်သက်ဆိုင်ရာ ဘာသာများအလိုက်  ပြည်ထောင်စုအဆင့် သာသနာပိုင် (ဓမ္မသတ်မှူးချုပ်)နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး သနာပိုင်များ ခန့်အပ်ရန် သာသနာရေးဝန်ကြီးနှင့် ညှိနှိုင်းလျှာထားခံရသူများ၏ ကိုယ်ရေးရာဇဝင်နှင့် ထောက်လှမ်းရေး အစီရင်ခံစာများနှင့် တိုက်ဆိုင်စစ်ဆေးမည့်အပြင်၊ သက်ဆိုင်ရာဘာသာဝင်များ၏ မဲဖြင့် ဒီမိုကရေစီနည်းကျစွာရွေးချယ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံက ပေးအပ်ထားသော အခွင့်အာဏာကိုကျင့်သုံး၍ သက်ဆိုင်ရာဘာသာအလိုက် ဓမ္မသတ် ကော်မတီများကို ယာယီ စတင်ဖွဲ့စည်းပါမည်။

    ထို့နောက် ပြည်ထောင်စု သာသနာပိုင်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး သာသနာပိုင်များတွင် ရှိရမည့် အရည်အချင်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ထုတ်ပယ်ခြင်းနှင့် အစားထိုးရွေးချယ် တင်မြှောက်ခြင်း ဥပဒေမူကြမ်းကို လွှတ်တော်သို့တင်သွင်းကာ မဲခွဲအတည်ပြုပါမည်။

    သို့မှသာ မည်သည့်ဘာသာရေး၊ သာသနာရေး ပြဿနာမဆို ပေါ်ပေါက်လာလျှင် ကျွန်ုပ်၏ ဦးနှောက် အစားသက်သာမည်ဖြစ်၏။

    ၂။ မြန်မာနိုင်ငံ ပြည်ထောင်စု သမားတော်ချုပ် (Union Physician General) ခန့်အပ်ရန်   ဥပဒေကြမ်းတင်သွင်းမည်။

    ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ရာထူးများပါဝင်သော်လည်း အရေးကြီးသည့် ပြည်ထောင်စု သမားတော်ချုပ် ရာထူးမှာ ကျန်ရစ်နေပါသည်။

    မြန်မာနိုင်ငံမှ လူချမ်းသာများသည် ထိုင်း၊ စင်္ကာံပူနှင့် မလေးရှား နိုင်ငံများသို့ သွားရောက်ခါ ဆေးကုသမှုခံယူနေကြခြင်းသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် အားနည်းချက်များရှိနေပြီး ကမ္ဘာ့အဆင့်ကိုအသာထားလို့ အိမ်နီးချင်း အာရှအဆင့်ကိုပင် မမှီကြောင်း ပြသနေသည့် သက်သေဖြစ်လို့် နေပါသည်။

    မြန်မာနိုင်ငံတဝှမ်းရှိ ဆေးရုံများတွင် အိမ်နီးနားချင်းနိုင်ငံသားများ ယုံကြည်စိတ်ချစွာ လာရောက်၍ဆေးကုသမှု ခံယူလာမည့် အဆင့်အထိ ပန်းတိုင်ထားကာ ကျွန်ုပ် ကြိုးစားပါမည်။

    ကျန်းမာရေးဝန်ကြီးကို ဆေးရုံများအသစ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်း၊ ဆေးပစ္စည်းကရိယာအပြည့်အစုံ ထောက်ပံ့ရေး၊ ကုသရေးနှင့် စီမံခန့်ခွဲရေး၊ ကျန်းမာရေးဝန်ထမ်းများခန့်ထားရေး ရာထူးအပြောင်းအရွေ့များ၊ ကူးစက်ရောဂါများကာကွယ်တားဆီးရေးနှင့် ဆေးသုတေသနလုပ်ငန်းများ  အတွက် တာဝန်ယူစေပါမည်။

    သင့်လျှော်သော ကျန်းမာရေးစောင့်ရှောက်မှုစံနစ် (Health Care System) တစ်ခုရေးဆွဲရန်၊ မြန်မာ့ဆေးပညာ ကမ္ဘာ့အဆင့်မှီ တိုးတက်ရေးအတွက် နိုင်ငံတကာ သင်ရိုးညွန်းတမ်းများနှင့် အမြဲ ညီမျှနေအောင် ရေးဆွဲရေး၊ ဆေးကျောင်းများတွင် သင်ထောက်ကူပစ္စည်းပြည့်စုံရေး၊ သင်ကြားရေးနည်းစနစ် (Teaching Methodology) ပြောင်းလဲရေး၊ International Teacher Exchange Program ရေးဆွဲရေး၊ ကမ္ဘာ့အဆင့်မှီ ဆရာဝန်များထွက်ပေါ်လာစေရေးအတွက် (တကယ်တော့ အခြေခံပညာမှ စတင်ကာ အဆင့်မြှင့်ဖို့လိုပါသည်) သင်ကြားမှု အရည်အသွေးထိန်းသိမ်းခြင်း (Quality Control of Teaching) ၊ ဆရာဝန်နှင့်သူနာပြု များကျွမ်းကျင်မှုမြင့်မားစေရန် (Accreditation) အတွက် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေး (Continuous Medical Education) လုပ်ငန်းများ၊ ပုဂ္ဂလိကနှင့် အစိုးရဆေးရုံများ၏ ကျန်မာရေး  စောင့်ရှောက်မှု များသည် စံမှီ၊ မမှီ စစ်ဆေးရန် (Quality Control) အတွက် သမားတော်ချုပ်ကို တာဝန်ပေးပါမည်။

    တနည်းအားဖြင့် မြန်မာနိုင်ငံဆေးတက္ကသိုလ်များမှ ဘွဲ့ရသော ဆရာဝန်များကို နိုင်ငံတကာမှ အသိအမှတ်ပြုသည်အထိနှင့် နိုင်ငံတကာ ကျောင်းသားများကိုပါ လက်ခံသင်ကြားပေးနိုင်မည့် ဆေးတက္ကသိုလ်များဖွင့်လှစ်နိုင်ရေး၊ အပူပိုင်းဒေသ ဆေးပညာ (Tropical Medicine) ဘွဲ့လွန်သင်တန်းများ မြန်မာနိုင်ငံတွင် ဖွင့်နိုင်ရေးနှင့် မြန်မာပြည်တွင် အထွေထွေကု ဆေးကောလိပ် (General Practitioner College) ဖွင့်နိုင်သည်အထိ ပြုလုပ်ရန် သမားတော်ချုပ် (Physician General) တွင် တာဝန်ရှိပါမည်။

    ထို့အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်းသားများ အပါအဝင် ဆေးပညာလောကသားများမှ ဒီမိုကရေစီနည်းနှင့်အညီ သမား တော်ချုပ်တစ်ဦး ရွေးချယ် တင်မြှောက်နိုင်ခွင့်ရရန် ပြည်ထောင်စု သမားတော်ချုပ် ဥပဒေမူကြမ်းကို အမြန်ဆုံးရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမဲခွဲ အတည်ပြုချက်ရယူပါမည်။

    ၃။ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အမေရိကန် သမ္မတ အိုဘားမား၊ တရုတ်အစိုးရနှင့်၊ ကျွန်ုပ် ရင်ဆိုင်တွေ့သော အခါ…….

            အိုဘားမားနှင့် တွေ့ဆုံချိန်တွင်၎င်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွင်၎င်း မဖြစ်မနေ ပြောရမည့်အချက်မှာ ရိုဟင်ဂျာအရေးကို မည်ကဲ့သို့ဖြေရှင်းမလဲ ဆိုသည့် အချက်ပင်ဖြစ်ကြောင်း ကျွန်ုပ်အနေဖြင့် ကြိုတင် ခန့်မှန်းထားပါသည်။

    ထိုအခါ မြန်မာနိုင်ငံတွင် နောက်ထပ် လူမျိုးရေး၊ ဘာသာရေးအထိကရုံးများ မဖြစ်ပွားစေရန် သက်ဆိုင်ရာ ဘာသာများအလိုက် သာသနာပိုင်များ ခန့်အပ်ထားပြီး သိမ်မွေ့သည့် ဘာသာရေးပြဿနာများကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းစေမည့် အစီအစဉ်ကို ပြောပြလိုက်လျှင် အိုဘားမားအစိုးရနှင့် အမေရိကန် လွှတ်တော်နှစ်ရပ် အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို အမြန်ဆုံးရုပ်သိမ်းပြီး အနာဂတ်တွင် ကျိန်းသေတည်ငြိမ်နေမည့် မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို ဒလဟောခွင့်ပြုမည်ဖြစ်သကဲ့သို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း ကျေနပ်လိမ့်မည်ဟု ယုံကြည်ပါသည်။

    ယခု တရုတ်ပြည် ခရီးစဉ်မှာတော့ အလားတူ ဝိဂါ မွတ်ဆလင် လူမျိုးစု ပြဿနာနဲ့ ခေါင်းခြောက်နေတဲ့ တရုတ်အစိုးရက ရိုဟင်ဂျာပြဿနာ မေးခွန်းကို စတင်မေးလိမ့်မယ်လို့ မထင်ဘူး။ ကျွန်ုပ်ကသာ ဝီဂါ မွတ်ဆလင် လူမျိုးစု ပြဿနာကို တရုတ်အစိုးရ အနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းပုံကို မေးမြန်းပြီး အတွေ့အကြုံရှာရပါမည်။

    ထို့ပြင် အမေရိကန် နိုင်ငံ၏ သမားတော်ချုပ်နှင့် ကျွန်ုပ်၏ ဝန်ကြီးအဖွဲ့ကို တွေ့ဆုံစေပြီး၊ ၄င်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုလေ့လာခိုင်းပါမည်။

    ၄။ အမေရိကန်ရောက်မြန်မာပြည်သူများနှင့် တွေ့သောအခါ အရင်းအနှီးများ အတွက် ဖိတ်ခေါ်မည်။

            ဗီယက်နမ်နိုင်ငံဘွား အမေရိကန်နိုင်ငံသားများကို ဗီယက်နမ်နိုင်ငံသားနိုင်ငံသား ကဒ်များထုတ်ပေးပြီး ဗီယက်နမ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံစေပါသည်။ (ယ္ခင်အခါက ခွင့်မပြုခဲ့သော နိုင်ငံနှစ်ခု၏ နိုင်ငံသားလက်မှတ်များကို ကိုင်ဆောင်ခွင့်ကို ပေးပါသည်။)

    ထိုင်းနိုင်ငံတွင် မည်သူမဆို တရားဝင် (၅)  နှစ်နေထိုင်ပြီး၊ ထိုင်းဘဏ်တွင် ဘတ်ငွေ ၈၀,၀၀၀ (မြန်မာငွေကျပ် ၂၄ သိန်းခန့်) Show Money ပြနိုင်လျင် ထိုင်းနိုင်ငံသား ပေးပါသည်။

    ဖိလစ်ပိုင်နိုင်ငံတွင် မည်သူမဆို စီးပွားရေးလုပ်ငန်း တစ်ခုထူထောင်ပြီး၊ ဖိလစ်ပိုင်နိုင်ငံသား ၂၅ ယောက်ကိုအလုပ်အကိုင် ပေးနိုင်လျှင် ဖိလစ်ပိုင်နိုင်ငံသား ပေးပါသည်။

    အထက်ပါနိုင်ငံများအတိုင်း ပြုလုပ်မည်ဆိုပါက မြန်မာနိုင်ငံတွင်နှစ်ပေါင်းများစွာ တရားဝင်နေထိုင် လာသော်လည်း နိုင်ငံသားအဖြစ် ယနေ့တိုင် အသိအမှတ်ပြုခြင်းမခံသေးသော ရိုဟင်ဂျာကိစ္စကို ထောက်ပြစရာ ဖြစ်လာမည်ကို စိုးရိမ်ပါသည်။

    မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်က    ဗိုလ်ချုပ်ကြီး နေဝင်း ပြည်သူပိုင်သိမ်းသောကြောင့် အရင်းအနှီးများ၊ တန်ဘိုးမဖြတ်နိုင်သော လုပ်ငန်းကျွှမ်းကျင်မှုနှင့် အတွေ့အကြုံများ ပြည်ပသို့ နည်းအမျိုးမျိုးနှင့် ထွက်ခွာသွားကြသည့် အဖြစ်ကိုလည်းသင်ခဏ်းစာယူပါသည်။

    အမေရိကန်ခရီးစဉ်မှာတော့ မြန်မာနိုင်ငံ၏ လက်ငင်းနိုင်ငံရေးခြေအနေများနှင့် ပြုပြင်ပြောင်းလဲရေး လုပ်မည့် အစီအစဉ်များကို တင်ပြပြီး အမေရိကန်ရောက်မြန်မာများအနေဖြင့် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှပ်နှံရန်နှင့် အရင်းအနှီးများကို အကာအကွယ်ပေးမည့် အကြောင်း ကတိပြုပါမည်။ အကယ်၍ အမေရိကန်နိုင်ငံသားကို စွန့်လွှတ်မည်ဆိုလျှင် အမေရိကန်နိုင်ငံသား မြန်မာများကို မြန်မာနိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးမည့် အကြောင်းပြောပြပါမည်။

    ကျွန်ုပ်အတွက် ချောင်ပိတ်မိနိုင်သော မေးခွန်းတစ်ခုရှိ၏။ နိုင်ငံတကာရောက် မြန်မာပြည်ဘွား ရိုဟင်ဂျာများကို မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှပ်နှံစေ၍ နိုင်ငံသား အခွင့်အရေးပေးမည်လား ဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ဝနှင့် ကိုးကန့်တရုတ်လူမျိုးများကို နိုင်ငံသားအခွင့်အရေးသာမက ရင်းနှီးမြှပ်နှံခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးထားသည်ကိုလည်း နှိုင်းယှဉ်ပြီး ထောက်ပြနိုင်သည်။ ဒီမေးခွန်းများ အတွက် ကျွန်ုပ် အဖြေကောင်းကောင်း တစ်ခုကိုရှာ ထားရပါမည်။

    ထို့အပြင် ပြည်ထောင်စု သမားတော်ချုပ်နှင့် ပြည်ထောင်စုသာသနာပိုင်များ ခန့်ထားမည့်ကိစ္စကို အမေရိကန်ရောက်မြန် မာပြည်သူများကို တင်ပြပြီး၊ သူတို့၏ အသံကိုနားထောင်ပြီး အကြံဥာဏ်ကို ရယူပါမည်။

    Disclaimer

           ကျွန်ုပ်သည် တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ်ပင် ဆောင်ရွက်ပိုင်ခွင့် မရှိသော၊ မြန်မာစစ်စစ် မိခင်မှ မြန်မာ့မြေပေါ်တွင် မွေးဖွားသည့် မဲပေးခွင့် သာရပြီး ရွေးကောက်ခံပိုင်ခွင့် မရှိသော်လည်း မြန်မာနိုင်ငံ စစ်မှုထမ်းမှုဥပဒေအရ စစ်မှုထမ်းရန် တာဝန်ရှိသော မြန်မာနိုင်ငံသား တစ်ဦးသာ ဖြစ်ပါသည်။

     

    ကျွန်တော်သာ မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်မည်ဆိုလျှင် (၁) ဖတ်ရန်။

  • ဘာသာတရားများကို အသေရေဖျက်မှုအပေါ် ဥပဒေထုတ်ပြန်ရန် ကုလသမဂ္ဂအား အင်ဒို သမ္မတ တိုက်တွန်း

    ဘာသာတရားများကို အသေရေဖျက်မှုအပေါ် ဥပဒေထုတ်ပြန်ရန် ကုလသမဂ္ဂအား အင်ဒို သမ္မတ တိုက်တွန်း

    စက်တင်ဘာ၊ ၁၉၊ ၂၀၁၂

    M-Media

    အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို

    ဂျကာတာ(ဆင်ဟွာ)။             ။ အင်ဒိုသမ္မတယူဒိုယိုနို (Susilo Bambang Yudhoyono)က ကုလသမဂ္ဂနှင့် OIC တို့အား တမန်တော်မုဟမ္မဒ်ကို အသေရေဖျက်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့တဲ့ အတွက်ဘာသာရေး အသေရေဖျက်မှုကို စည်းမျဉ်းထုတ်ပြန်ဖို့ အလေးအနက် တိုက်တွန်းလိုက်တယ် လို့အင်္ဂါနေ့ကသတင်းမှာ ဖေါ်ပြပါရှိပါတယ်။

    အနောက်ဂျာဗားရှိ စီရီဘွန်းမြို့(Cirebon) မှာ နာ့လာ့ဟ်တူအိုလမာ(Nahdlatul Ulama) အမျိုးသားတွေ့ဆုံပွဲ မတိုင်ခင်မိန့်ခွန်းတစ်ခုမှာ ယူဒိုယိုနိုက `ကျွန်တော် OIC နဲ့ UN ကို အခုလိုကိစ္စမျိုးတွေ နောက်ထပ်ဖြစ်ပွားမှုမှ ကာကွယ်ရန် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်း ဥပဒေထုတ်ပြန်ဖို့ အလေးအနက်ထား စဉ်းစားဖို့ မေတ္တာရပ်ခံထားပါတယ်´ လို့ The Innocence of Muslims လို့ အမည်ရတဲ့အစ္စလာမ့် ဆန့်ကျင်ရေး ဗီဒီယိုကို ရည်ညွှန်းပြီးပြောဆိုသွားပါတယ်။

    ဘာသာတရားအသရေဖျက်မှုဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေရဲ့ နှလုံးသားကိုထိခိုက်စေတယ်၊ ငြိမ်းချမ်းရေးကိုပျက်ပြားစေပြီး ဆိုးဝါးတဲ့ ပဋိပက္ခတွေကို စတင်စေနိုင်တယ်လို့ ဂျကာတာဂလိုဘယ် သတင်းက ယူဒိုယိုနိုရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြသွားပါတယ်။

    အဲဒီဗီဒီယိုဖိုင်ကို အင်ဒိုအစိုးရရဲ့အမိန့်နဲ့ အင်ဒိုနီးရှားမှာ ပိတ်ပင်ထားပြီးဖြစ်ပါတယ်။ ကောပ့်တစ်အမေရိကန်ခရစ်ယာန်တစ်ယောက်ဖြစ်သူတစ်ယောက်က ထုတ်လုပ်လိုက်တဲ့ ဗီဒီယိုဖိုင်ကြောင့် အမေရိကန်ဆန့်ကျင်ရေးဟာ အရှေ့အလယ်ပိုင်းနဲ့အင်ဒိုနီရှားတစ်လျှောက်မှာ ဖြစ်ပွားခဲ့ပြီး လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခရစ်စတိုဖာ စတီဖင် (Christopher Stevens)နဲ့ အခြားအမေရိကန်သုံးဦး အသတ်ခံရတဲ့ အထိဖြစ်ပွားခဲ့ပါတယ်။

    electric
    http://news.xinhuanet.com/english/world/2012-09/18/c_131857657.htm မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်။

  • ဓာတ်အားလိုင်း ဖျက်ဆီးခံရကြောင်း အီရန်ပြောကြား

    ဓာတ်အားလိုင်း ဖျက်ဆီးခံရကြောင်း အီရန်ပြောကြား

    စက်တင်ဘာ၊ ၁၇၊ ၂၀၁၂

    M-Media

    Source:http://www.dw.de

    လွန်ခဲ့တဲ့လက ပေါက်ကွဲမှုကြောင့် အီရန်နျူကလီးယားစက်ရုံကိုပေးပို့တဲ့ ဓာတ်အားလိုင်းပျက်တောက်သွားတယ်လို့ အီရန်အနုမြူအေဂျင်စီအကြီးအကဲ အဗ္ဗာစီ (Fereydoun Abbasi)က အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီမှာ ပြောကြားလိုက်ပါတယ်။ ဒီလို ဖျက်ဆီးခံရတာကို တီဟီရန်အနေနဲ သံသယ၀င်မိတယ်လို့ တနင်္လာနေ့မှာ သူကပြောလိုက်တာဖြစ်ပါတယ်။ ဒီလိုဖျက်ဆီးမှုရဲ့ နောက်ကွယ်က ဘယ်သူရှိတယ်ဆိုတာကိုတော့ အဗ္ဗာစီကပြောကြားသွားခြင်း မရှိပါဘူး။ မြေအောက်စက်ရုံကိုသွားတဲ့ ပါဝါဓာတ်အားလိုင်း ဖျက်ဆီးခံရပြီး ပြတ်တောက်သွားတာဖြစ်တယ်ဆိုတာ ကိုတော့ အသေအချာပြောလိုက်တာပါ။

    “၂၀၁၂ သြဂုတ်လ ၁၇ ရက်မှာ ကွမ်မြို့ကနေ ဖော်ဒို(Fordo complex)ကို သွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း မိုင်းထောင်ပြီး ဖျက်ဆီးခံလိုက်ရပါတယ်။ နောက်တစ်နေ့ မနက်စောစောမှာ အိုင်အေအီးအေရဲ့ စုံစမ်းစစ်ဆေးရေးမှူးက ကြေငြာခြင်းမပြုဘဲစစ်ဆေးမှုပြုလုပ်ဖို့ သွားရောက်ခွင့် တောင်းဆိုလာတယ် ဒီလိုသွားရတာဟာ မိုင်းထောင်တဲ့ကိစ္စနဲ့မှားဆက်စပ်မှုရှိမလား?”

    လို့ အဗ္ဗာစီက အိုင်အေအီးအေမှာမေးခွန်းထုတ်လိုက်ပါတယ်။

    “ဒါဟာဗဟိုခွာအားစက်တွေကို ဖျက်ဆီးဖို့နည်းလမ်းတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ အမှတ်ရစရာရှိပါတယ်”

    လို့ယူရေနီယံသန့်စင်မှုမှာ အသုံးပြုတဲ့စက်တွေကို ညွှန်းဆိုပြီး အဗ္ဗာစီက ပြောကြားသွားပါသေးတယ်။

    ဖော်ဒို နျူကလီးယားစက်ရုံဟာလေကြောင်းရန် ကာကွယ်ဖို့အတွက် တောင်တွေကြားမှာ နက်နက်ရှိုင်းရှိုင်း တည်ဆောက် ထားတာဖြစ်ပါတယ်။ ယူရေနီယံ သန့်စင်မှုပမာဏ ၂၀ ရာခိုင်နှုန်းမှ နျူဗုံးထုတ်နိုင်တဲ့ ၉၀ ရာခိုင်နှုန်းကို အချိန်တိုအတွင်းမှာ ရနိုင်တယ်လို့လည်းယုံကြည်ရပါတယ်။

    အီရန်ကတော့ နျူကလီးယားအစီအစဉ်ကအနုမြူစွမ်းအင်အတွက်လို့ပြောနေပေမယ့် နိုင်ငံအများအပြား အထူးသဖြင့် အစ္စရေးကတော့ အီရန်ဟာနျူကလီးယား လက်နက်ထုတ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
    အီရန်ဟာနောက်ခြောက်လခုနှစ်လအတွင်းမှာနျူကလီးယားဗုံး ထုတ်နိုင်တော့မယ်လို့ မိမိတို့အစိုးရအနေနဲ့ ထင်မြင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ဟာဟုက တနင်္ဂနွေနေ့ကပြောကြားလိုက်ပါတယ်။

    အီရန်ဟာ ဖျက်ဆီးခံရတဲ့သာဓကတွေနဲ့ အီရန်တို့ရဲ့နျူသိပ္ပံပညာရှင်တွေ ဇန်န၀ါရီလက လုပ်ကြံခံရတာကိုလည်း မကြာသေးမီက အိုင်အေအီးအေမှာ တင်ပြခဲ့ပါသေးတယ်။

    အဗ္ဗာစီကအိုင်အေအီးအေအကြီးအကဲ အာမာနို (Yukiya Amano)နဲ့လည်း တနင်္လာနေ့နောက်ပိုင်းမှာ တွေ့ဆုံခဲ့ပါသေးတယ်။ အိုင်အေအီးအေ၊ အီရန်နဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ဒီပြသနာကိုနှစ်နဲ့ချီအောင် ပြောဆိုဆွေးနွေးခဲ့ပေမယ့် တိုးတက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။ အာမာနိုက တီဟီရန်ကို  မေလမှာလာပြီးပြောဆိုဆွေးနွေးခဲ့ပါသေးတယ်။

    ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး ဂါတီလော့ဗ် (Gennady Gatilov)က ရုရှား၊ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ တရုတ်တို့ ပါဝင်တဲ့ဆွေးနွေးမှုအသစ်ကို အစီအစဉ်လုပ်ပြီးဖြစ်ပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်တော့ မချရသေးပါဘူးလို့ Interfax သတင်းအေဂျင်စီကို ပြောကြားလိုက်ပါတယ်။

    electric

    http://www.dw.de/dw/article/0,,16246797,00.html မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်။

  • သံရုံးများအား တိုက်ခိုက် ဖျက်ဆီးမှုများသည် အစ္စလာမ့် လမ်းစဉ်မဟုတ်ဟု ဆော်ဒီဆို

    စက်တင်ဘာ၊ ၁၆၊ ၂၀၁၂

    M-Media

    Soure: OnIslam

    ရီယာဒ်။ ။ ဆော်ဒီအာရေဗျနိုင်ငံ၏ သာသနာရေးဆိုင်ရာ အကြီးအကဲက တမန်တော် မုဟမ္မဒ်သခင်အား အသရေဖျက်ထားသည့် ဗီဒီယိုကို ကန့်ကွက်ရှုတ်ချသော ဆန္ဒပြပွဲများအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံခြားသံရုံးများအား တိုက်ခိုက်ခြင်းကို ပြစ်တင်ရှုတ်ချလိုက်ပြီး ထိုကဲ့သို့သော လုပ်ရပ်များသည် အစ္စလာမ်သာသနာတော်၏ သင်ကြားမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ပြောဆိုလိုက်သည်။

    “သာသနာတော်ကို ထိခိုက်စေတဲ့ ဒီလိုလုပ်ရပ်မျိုးတွေကို အလ္လာဟ်အရှင်မြတ်က ခွင့်မပြုပါဘူး။ ကိုယ်တော်မြတ်ရဲ့ သြ၀ါဒတော်တွေနဲ့လည်း သဟဇာတ မဖြစ်ပါဘူး။ စက်ဆုပ်ဖို့ကောင်းတဲ့ ပြစ်မှုအတွက် အပြစ်မဲ့တဲ့သူကို အပြစ်ပေးတာ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးရမယ့်သူတွေကို တိုက်ခိုက်တာ၊ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးမီးရှို့တာမျိုးတွေကို (အစ္စလာမ်သာသနာက) ပိတ်ပင်တားမြစ်ထားပါတယ်။” ဟု Sheikh Abdulaziz bin Abdullah Al-Sheikh က ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် SPA မှ ထုတ်လွှင့်သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံမှထုတ်လုပ်သော တမန်တော့်မုဟမ္မဒ်အား အသရေဖျက်ထားသည့် ဗီဒီယိုကြောင့် မွတ်စလင်ကမ္ဘာတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့လေသည်။

    အီဂျစ်နိုင်ငံတွင် အမေရိကန်သံရုံးအား စီးနင်းတိုက်ခိုက်ရန် ကြိုးစားသောဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ခဲ့ကြပြီး အနည်းဆုံး ၂ ဦးသေဆုံးခဲ့သည်။ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား ဆန္ဒပြသူများက ၀င်ရောက်စီးနင်းခဲ့ကြပြီး အမေရိကန်သံအမတ်အပါအ၀င် ရုံးဝန်ထမ်းသုံးဦး သေဆုံးခဲ့ရသည်။  ယီမင်နိုင်ငံ ဆန်နာမြို့ ဆန္ဒပြမှုတွင်လည်း ယီမင်လူငယ်တစ်ဦး သေဆုံးခဲ့သည်။

    ဆော်ဒီရှိ မွဖ်သီ (ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်မြတ်၏ သြ၀ါဒတော်များနှင့် မဆန့်ကျင်ဘဲ အစ္စလာမ့်ဓမ္မသတ်ဥပဒေပြဌာန်းနိုင်ခွင့်ရှိသူ) တစ်ဦး က “တကယ်လို့ မွတ်စလင်တွေဟာ ဒေါသပေါက်ကွဲလိုက်မယ်ဆိုရင် ဒီဗီဒီယိုနောက်ကွယ်က ထုတ်လုပ်တဲ့သူတွေရဲ့ ရည်ရွယ်ချက်တွေအောင်မြင်သွားပါလိမ့်မယ်။ အပြစ်မဲ့တဲ့သူတွေကိုသတ်ဖြတ်တာမျိုးတွေ၊ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးထိအောင် ဒေါသတွေကို မပေါက်ကွဲသင့်ပါဘူး။” ဟု ပြောကြားခဲ့ပြီး၊ အဆိုပါ ဗီဒီယိုအားကန့်ကွက် ရှုတ်ချရာတွင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ သတ်မှတ်ထားသော ဘောင်အတွင်းတွင်သာရှိသင့်သည်ဟု ဆိုသည်။

    ဆော်ဒီနိုင်ငံရှိ သာသနာရေးဆိုင်ရာ တာဝန်ရှိသူများက အဆိုပါဗီဒီယိုကို ရာဇ၀တ်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ကာ တမန်တော်များနှင့် ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်ထားရာများကို စော်ကားမှုများအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းရန် ဆော်သြလိုက်သည်။

    တိုင်းကျိုးပြည်ပြုလုပ်ငန်းများဆောင်ရွက်နေကြသော၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်နေကြသော၊ ဖွံဖြိုးတိုးတက်မှုများကို ရှာဖွေနေကြသော မွတ်စလင်များ၏ ရည်မှန်းချက်ပန်းတိုင်များကို လွင့်ပျောက်သွားစေရန် အဆိုပါ ဗီဒီယိုအား ထုတ်လွှင့်ခြင်းဖြစ်သည်ဟုဆိုသည်။

    “မွတ်စလင်တွေရဲ့အကောင်းဆုံးတုံ့ပြန်မှုကတော့ တိုင်ကျိုးပြည်ပြုလုပ်ငန်းတွေ၊ ဖွံဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။”

    ဆော်ဒီအာရေဗျနိုင်ငံက အဆိုပါဗီဒီယိုကို ပြစ်တင်ပြောဆိုခဲ့ပြီး ၎င်းဗီဒီယိုကို ဆန့်ကျင်သူများ၏ တိုက်ခိုက်မှုများကိုလည်း ရှုတ်ချကြောင်း၊ ဘန်ဂါဇီမြို့ အမေရိကန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသူများအတွက် ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်း ကြာသာပတေးနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

    ဝေဇင်

    Source:http://www.onislam.net/ မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်။

  • ဘားအံတွင် မြန်မာမွတ်စလင်တစ်ဦးကို ဆွမ်းခံကြွ ဘုန်းကြီးများ ရိုက်နှက်ပြန်

    ဘားအံတွင် မြန်မာမွတ်စလင်တစ်ဦးကို ဆွမ်းခံကြွ ဘုန်းကြီးများ ရိုက်နှက်ပြန်

    စက်တင်ဘာ၊ ၁၇၊ ၂၀၁၂

    M-Media

    သတင်း-ဇာဏီ

     

    စက်တင်ဘာ ၁၇ ရက်နေ့ မနက် (၈ ) နာရီခန့်တွင် ဘားအံမြို့အမှတ်(၅) ရပ်ကွက် ရော်ဘာခြံလမ်းထိပ် ဗိုလ်ချူပ်လမ်းမပေါ်တွင် မြန်မာမွတ်စလင်မ် တစ်ဦးအား ဆွမ်းခံကြွ ဘုန်းကြီးတန်းမှ  သံဃာတပါးက ထိုသူ၏ ဦးခေါင်းကို ရိုက်နှက်ခဲ့မှု့ ဖြဖ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

    အရိုက်ခံရသူ မြန်မာမွတ်စလင်မ် အမျိုးသားမှာ လှိုင်းဘွဲမြို့ ကျောက်တောင် ကျေးရွာနေထိုင်သူဖြစ်ပြီး ဘားအံ့မြို့သို့ နာရေးကိစ္စဖြင့် ရောက်ရှိနေသူဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ အခင်းဖြစ်ပွားချိန်မှာ သံဃာများ ဆွမ်းခံကြွနေချိန်မှာ အရိုက်ခံရသူမှာ မော်တော်ဆိုင်ကယ်ရပ်ပြီး စောင့်ဆိုင်းနေစဉ် ဆွမ်းခံ ဘုန်းကြီးတန်းမှ သံဃာတပါးက ထွက်လာပြီး ၄င်းရဲ့ ဦးခေါင်းကို ရိုက်ခြင်းဖြစ်ကြောင်း ၊ အရိုက်ခံရသူမှာ မိမိ ဆွမ်းခံတန်းကို ဖြတ်သွားတာမဟုတ်ကြောင်း ရပ်စောင့်နေတာဖြစ်ကြောင်း ပြန်လည်ရှင်းပြရာ ထပ်ပြီး နှစ်ချက်ပြန်ရိုက်နှက်ကြောင်း အခင်းဖြစ်ပွားရာမှ မျက်မြင်သက်သေများမှ ပြောကြားပါတယ်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာမွတ်စလင်မ်အမျိုးသားရေးရာ အဖွဲ့ချူပ် ကရင်ပြည်နယ် အဖွဲ့ခွဲမှာ  ကရင်ပြည်နယ် ဝန်ကြီးချူပ်သို့  အဆိုပါဖြစ်စဉ်တွင် မိမိတို့ဘက်မှ သံဃာများကို တစုံတရာ ပြန်လည်တုံ့ပြန်ခြင်းမရှိကြောင်းကို  စာပို့အကြောင်းကြားကြောင်း သိရှိရပါတယ်။

    လွန်ခဲ့တဲ့ စက်တင်ဘာ(၅) ရက်နေ့ကလ ဘားအံမြို့ပေါ်မှာ မနက်အစော ဗလီမှ ပြန်လာသော အသက် ၇၄-နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ကရင်လူမျိုး အဖိုးအိုတစ်ဦးအား ဘုန်းကြီး ၃-ပါးက ၀ိုင်းဝန်းထိုးနှက်ကန်ကျောက်မှုကြောင့် အဖိုးအိုမှာ ဒဏ်ရာများရရှိပြီး နံရိုးကျိုးကာ ဆေးရုံတင်ခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

    ယခုလို အစ္စလာမ်ဘာသာဝင်များကို သံဃာများမှ ရိုက်နှက်သည့်ဖြစ်စဉ်မှာ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သီရိမဏ္ဍိုင်ကျောင်းတိုက်နဲ့ သရက်တောကျောင်းတိုက်မှ ဘုန်းကြီးများက အများဆုံး ပြုလုပ်ကြကြောင်း ဘားအံ့မြို့ခံ မွတ်စလင်မ်တယောက်က ပြောပါတယ်။

    မြန်မာမွတ်စလင်မ်အမျိုးသားရေးရာ အဖွဲ့ချူပ် ကရင်ပြည်နယ် အဖွဲ့ခွဲမှ ကရင်ပြည်နယ် ဝန်ကြီးချူပ် အကြောင်းကြားတိုင်ကြားစာ