News @ M-Media

Blog

  • ဖျက်ဆီးခံ ဟိန္ဒူဘုရားကျောင်းကို အစိုးရက ပြန်ဆောက်ပေးရန် ပါကစ္စတန်တရားရုံးချုပ် အမိန့်ထုတ်

    ဖျက်ဆီးခံ ဟိန္ဒူဘုရားကျောင်းကို အစိုးရက ပြန်ဆောက်ပေးရန် ပါကစ္စတန်တရားရုံးချုပ် အမိန့်ထုတ်

    ဇန်နဝါရီ ၆၊ ၂၀၂၀
    M-Media

    ဘုရားကျောင်းဖျက်ဆီးခံရမှုအတွက် ဟိန္ဒူဘာသာဝင်များ ဆန္ဒပြနေစဉ်

    -ပြီးခဲ့တဲ့တစ်ပတ် နိုင်ငံအနောက်မြောက်ပိုင်းမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးရဲ့ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ ဟိန္ဒူဘုရားကျောင်းကို အစိုးရက ကမကထပြုကာ ပြန်လည်ဆောက်လုပ်ပေးဖို့ ပါကစ္စတန်တရားရုံးချုပ်က ဒီကနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။

    ကာရက်မြို့က Shri Paramhans Ji Maharaj Samadhi ဘုရားကျောင်းကို မြို့တွင်းက မွတ်စလင်ဘာသာရေးခေါင်းဆောင်တစ်ချို့နဲ့ အမျိုးဘာသာစောင့်ရှောက်ရေးပါတီဝင်တွေ ဦးဆောင်တဲ့ လူအုပ်ကြီးက ဒီဇင်ဘာနှောင်းပိုင်းမှာ ဖျက်ဆီးခဲ့ကြတာပါ။

    ၁၉၉၇ ခုနှစ်က ဖျက်ဆီးခံခဲ့ရတဲ့ အဲဒီဘုရားကျောင်း ပြန်လည်ဆောက်လုပ်ရာမှာ အနားကအိမ်ကို ဝယ်ယူကာ တိုးချဲ့တယ်ဆိုတဲ့ ကောလဟာလနဲ့ ဒီလို တိုက်ခိုက်မှု ဖြစ်လာတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    ​ဒီကနေ့မနက် မြို့တော်အစ္စလာမ်မာဘတ်မှာ တရားရုံးချုပ်ရဲ့ ကြားနာမှုအတွင်း တရားသူကြီးချုပ် ဂူလ်ဇာရ် အဟ်မဒ်က ဖျက်ဆီးခံခဲ့ရတဲ့ ဘုရားကျောင်းကို အစိုးရက ကမကထပြုက ပြန်ဆောက်ပေးဖို့၊ ဖျက်ဆီးမှုကို ဦးဆောင်ခဲ့တဲ့ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေက ကုန်ကျစားရိတ်ကျခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ပါကစ္စတန်ရဲ့ ၂၀၇ သန်းသော လူဦးရေမှာ ၁.၆ ရာခိုင်နှုန်းက ဟိန္ဒူဘာသာဝင်တွေ ဖြစ်ပါတယ်။ ပါစ္စတန်ဟာ အမေရိကန်ရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံနည်းတူ ပါဝင်နေတာပါ။

    Shri Paramhans Ji Maharaj Samadhi ဘုရားကျောင်း တိုက်ခိုက်ခံရမှုအတွက် ပါကစ္စတန်ရဲတပ်ဖွဲ့က အနည်းဆုံး လူ ၁၀၀ ကျော် ဖမ်းဆီးထားပြီး၊ တိုက်ခိုက်မှုကို ထိထိရောက်ရောက် ဟန့်တားခြင်းမရှိတဲ့အတွက် အခင်းဖြစ်ပွားရာဒေသက ရဲတပ်ဖွဲ့ဝင် တော်တော်များများလည်း ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၉ ရက်နေ့မှာ တရားရုံးချုပ်က ထပ်မံ ကြားနာမှာ ဖြစ်ပါတယ်။ ကာရက်မြို့တည်ရှိရာ ခိုင်ဘာ ပက်သွန်ခွါပြည်နယ် အစိုးရကလည်း ဘုရားကျောင်း ပြန်ဆောက်ဖို့အတွက် ပြည်နယ်ဘက်ဂျက်ကနေ သုံးစွဲသွားမယ်လို့ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ​ကာတာနှင့် ဆော်ဒီ ပြန်လည်သင့်မြတ်ပြီး အာရပ်ကမ္ဘာ စည်းလုံးမှုလမ်းကြောင်းပေါ် ရောက်လာ

    ​ကာတာနှင့် ဆော်ဒီ ပြန်လည်သင့်မြတ်ပြီး အာရပ်ကမ္ဘာ စည်းလုံးမှုလမ်းကြောင်းပေါ် ရောက်လာ

    ဇန်နဝါရီ ၅၊ ၂၀၂၁
    M-Media

    -ကာတာနိုင်ငံအ​ပေါ် ကုန်း၊ ရေ၊ လေ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ပင်ထားမှုကို ​​ဆော်ဒီအာရေဗျက ဒီကနေ့မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။

    ​ကာတာဟာ အီရန်နဲ့ အဆက်အသွယ်ရှိပြီး ဒေသတွင်း အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့က သံတမန်အဆက်အသွယ် ဖြတ်တောက်ကာ ​ကုန်း၊ ရေ၊ လေ လမ်းကြောင်းတွေကို ပိတ်ဆို့ခဲ့တာပါ။

    ဒီအကြပ်အတည်း ပြေလည်ဖို့ ဆော်ဒီနဲ့ ကာတာတို့ဟာ ပြီးခဲ့တဲ့လတွေအတွင်း ပိုမိုကြိုးစားလာခဲ့ကြပြီး ကူဝိတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အခုလို ပြေလည်မှုလမ်းကြောင်းပေါ် ရောက်လာတာ ဖြစ်ပါတယ်။

    ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး အဟ်မဒ် နဆာရ် အလ်-ဆာဘာက ကူဝိတ်အုပ်စိုးသူ ရှိခ်နာ၀ပ်ဖ်ရဲ့ စေ့စပ်ပေးမှုကြောင့် ဆော်ဒီနဲ့ ကူဝိတ်တို့ဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေ အပြန်အလှန် ပြန်ဖွင့်ပေးဖို့ သဘောတူခဲ့ကြတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒီနေ့မှာတော့ အီဂျစ်နိုင်ငံကလည်း ကတာအတွက် ​လေပိုင်နက်ကို ပြန်ဖွင့်ပေးလိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။

    ဒါဟာ ကာတာနဲ့ ဆော်ဒီဦးဆောင်တဲ့ ၄ နိုင်ငံအကြား သံတမန်အကြပ်အတည်း ပြေလည်ဖို့ လမ်းစဖြစ်ပြီး ဒီကနေ့ ဆော်ဒီမှာ စတင်မယ့် ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ (GCC) ထိပ်သီးအစည်းအဝေးမှာ သ​ဘောတူညီချက်တွေ လက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။

    ကာတာနိုင်ငံက အုပ်စိုးသူ ရှိခ် သာမင် ဘင် ဟာမဒ် အလ်သာနီဟာ GCC ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က GCC ထိပ်သီးအစည်းအဝေးဟာ ပိုမိုပြည့်စုံတဲ့အစည်းအဝေး ဖြစ်လာမှာဖြစ်ပြီး ဒေသတွင်း စိန်ခေါ်မှုတွေကို တွန်းလှန်နိုင်မယ့် စည်းလုံးညီညွတ်မှုမျိုး ရရှိစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းအကြံပေး ဂျရဒ် ကက်ရှ်နာလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ပုံပြောင်းကိုဗစ် ပိုမိုပြန့်နှံ့လာမှုကြောင့် ယူကေတွင် တစ်နိုင်ငံလုံး လော့ဒေါင်းပြန်လုပ်

    ပုံပြောင်းကိုဗစ် ပိုမိုပြန့်နှံ့လာမှုကြောင့် ယူကေတွင် တစ်နိုင်ငံလုံး လော့ဒေါင်းပြန်လုပ်

    ဇန်နဝါရီ ၅၊ ၂၀၂၁
    M-Media

    -ပုံပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုဟာ အလွန်အမင်း မြန်ဆန်လာတဲ့အတွက် ယူကေမှာ မနေ့ကစတင်ပြီး လော့ဒေါင်းပြန်လုပ်လိုက်ပါတယ်။

    ယူကေတစ်ဝှမ်း Pfizer-BioNTech နဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပေးနေပေမယ့် လူအများအပြားဆီ မရောက်သေးပါဘူး။

    ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က​ ပုံပြောင်းကိုဗစ်က ကျန်းမာရေးစနစ်ကို ခြိမ်းခြောက်လာတဲ့အတွက် တစ်နိုင်ငံလုံးကို လော့ဒေါင်းလုပ်ဖို့ လိုအပ်လာတယ်လို့ မနေ့က ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “တစ်နိုင်ငံလုံးကို လော့ဒေါင်း လုပ်ကိုလုပ်ရပါတော့မယ်။ ဒါမှသာလျှင် ပုံပြောင်းကိုဗစ်ကို ထိန်းနိုင်မှာပါ။ လူတွေအားလုံး အိမ်ထဲမှာပဲနေဖို့ အစိုးရက ညွှန်ကြားမှာ ဖြစ်ပါတယ်”

    အခု လော့ဒေါင်းအသစ်မှာ ​စျေးဝယ်တာ၊ ကျန်းမာရေးလုပ်တာနဲ့ အခြား အခြေအနေတစ်ချို့ကလွဲပြီး လူတွေအားလုံး အိမ်ထဲမှာ နေရမှာဖြစ်သလို၊ ကျောင်းတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။

    ကာကွယ်ဆေးထိုးမှု စီစဉ်ထားတဲ့အတိုင်းဖြစ်ပြီး၊ ကူးစက်မှု၊ သေဆုံးမှုတွေ လျော့လာရင် ဖေဖော်ဝါရီလ အလယ်ပိုင်းလောက်မှာ လော့ဒေါင်း ပြန်ဖွင့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ​ဝန်ကြီးချုပ် ဂျွန်ဆင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၅၊ ၂၀၂၀
    M-Media

    ကစားသမားများ ကိုဗစ်စည်းကမ်း လိုက်နာရန် ပရီးမီးယားလိဂ် ပိုမိုတင်းကြပ်မည်

    ကစားသမားတွေ ကိုဗစ်စည်းကမ်း လိုက်နာမှု ရှိ၊ မရှိကို ပိုမိုတင်းတင်းကြပ်ကြပ် စောင့်ကြည့်အရေးယူသွားမယ်လို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ကြေငြာပါတယ်။

    ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပရီးမီးယားလိဂ်မှာ ကိုဗစ်ပိုးတွေ့သူတွေ ပိုမို​များပြားလာတာပါ။ နောက်ခံလူမန်ဒီ နှစ်သစ်ကူးညမှာ ပါတီလုပ်တာကို စုံစမ်းစစ်ဆေးမယ်လို့
    မန်စီးတီးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။ စပါးနည်းပြ မော်ရင်ဟိုကလည်း ကစားသမား ၃ ဦး ခရစ္စမတ်ပါတီကို ကိုဗစ်စည်းကမ်းဖောက်ပြီး တက်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။​

    ကစားသမားဟောင်းတွေနဲ့ ဘောလုံးပွဲ သုံးသပ်သူတွေက ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှုဟာ ပရိတ်သတ်တွေ၊ အသင်းဖော်တွေကို မလေးစားတာမျိုး ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ မန်စီးစီးနည်းပြ ဂွါဒီယိုလာက လူ့အဖွဲ့အစည်း ပိုကောင်းလာရေး ကစားသမားတွေ စည်းစောင့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    ပင်နယ်တီလှိုင်လှိုင်ရသည့် မန်ယူကို ကလော့ပ်ဝေဖန်

    မန်ယူအသင်း ၂ နှစ်အတွင်းရခဲ့တဲ့ ပင်နယ်တီဟာ မိမိ လီဗာပူးလ်ကို ကိုင်တွယ်တဲ့ ၅ နှစ်ကျော်အတွင်း ရခဲ့တဲ့ ပင်နယ်တီထက် ပိုများတယ်လို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဝေဖန်လိုက်ပါတယ်။

    မနေ့က ဆောက်သက်တမ်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ ပင်နယ်တီရသင့်တဲ့ အခွင့်အရေး ၂ ကြိမ်ရှိခဲ့ပြီး အခြားအသင်းတွေသာဆိုရင် ရခဲ့လိမ့်မယ်လို့ ကလော့က ဆိုပါတယ်။ ဒီအရှုံးကြောင့် ဇယားထိပ်ဆုံးနေရာကို မန်ယူထံလွှဲပေးဖို့ နီးစပ်လာပါတယ်။

    မနေ့ကပွဲမှာ အသင်းစွမ်းဆောင်ရည် မကောင်းခဲ့တာကို ကလော့ပ်က ဝန်ခံခဲ့ပြီး ဒီအတွက် အာရုံစိုက် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လော့ဒေါင်းချထားသော်လည်း ပရီးမီးယားလိဂ် ဆက်ကစားနိုင်မည်

    ပုံပြောင်းကိုဗစ် ပြန့်နှံမှုကြောင့် တစ်နိုင်ငံလုံးကို မနေ့က လော့ဒေါင်းချလိုက်ပေမယ့် ဘောလုံးအပါအဝင် အခြား ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲတွေရဲ့ ထိပ်တန်းလိဂ်တွေကို တံခါးပိတ် ကျင်းပနိုင်တယ်လို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

    လော့ဒေါင်းကြောင့် ကျောင်းတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ အားကစားရုံတွေ ပိတ်ထားရဖြစ်သလို၊ အောက်တန်းလိဂ်ပြိုင်ပွဲတွေကိုလညး် ရပ်ဆိုင်းထားရမှာပါ။

    ကိုဗစ်ကြောင့် ပရီးမီးယားလိဂ်ဟာ ပြီးခဲ့တဲ့နှစ်က လအနည်းငယ် ရပ်ဆိုင်းခဲ့ရသလို အခုရာသီမှာလည်း အနည်းဆုံး ၄ ပွဲအထိ ရပ်ဆိုင်းခဲ့ရပါတယ်။ နိုဝင်ဘာကစပြီး ပရိတ်သတ်တစ်ချို့ကို ကွင်းအတွင်း ဝင်ကြည့်ခွင့်ပေးခဲ့ပေမယ့် အခု လော့ဒေါင်းအသစ်ကြောင့် ပရိတ်သတ်မပါဘဲ ကစားရတော့မှာ ဖြစ်ပါတယ်။

    Ref: BBC

  • ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားက နိုင်ငံတစ်ဝှမ်း ဖြန့်ဝေ၊ လူငယ်များကို ဦစားပေးထိုးပေးမည်

    ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားက နိုင်ငံတစ်ဝှမ်း ဖြန့်ဝေ၊ လူငယ်များကို ဦစားပေးထိုးပေးမည်

    ဇန်နဝါရီ ၃၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ Sinovac ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားမှာ ဒီကနေ့ စတင်ဖြန့်ဝေပေးနေပြီး အစိုးရက အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက်ပေးတာနဲ့ ထိုးပေးဖို့ စီစဉ်ထားပါတယ်။

    အင်ဒိုနီးရှားရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးမှု လုပ်ငန်းဟာ ၁၅ လတာ ကြာမြင့်မှာပါ။ ကျန်းမာရေးဝန်ထမ်း ၁.၃ သန်းကို ဦးစားပေးထိုးပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီး ဘူဒီ ဂူနာဒီ ဆာဒစ်ကင်က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အခြားနိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ထိုးပေးပေမယ့် အင်ဒိုနီးရှားမှာတော့ လူငယ်တွေကို ဦးစားပေး ထိုးပေးဖို့ စီစဉ်နေပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ကိုဗစ်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

    ဂျကာတာအခြေစိုက် ဇီ၀ဗဗေဒအသင်း Eijkman Institute for Molecular Biology ရဲ့ ဒါရိုက်တာ အေမင် ဆိုဘန်ဒရီယိုက လူတွေနဲ့ အများဆုံးထိတွေ့ဆက်ဆံရတဲ့ လူငယ်တွေကို ဦးစားပေး ထိုးပေးခြင်းအားဖြင့် ကျန်တဲ့လူတွေကိုပါ ကာကွယ်ပြီး ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    လူဦးရေ ၂၆၈ သန်းရှိတဲ့ အင်ဒိုနီးရှားအနေနဲ့ တရုတ်ထုတ် Sinovac ကာကွယ်ဆေးအပြင်၊ ယူကေနဲ့ အမေရိကန်ထုတ် ကာကွယ်ဆေးတွေကိုလည်း မှာယူထားပါတယ်။ ဒါ့အပြင် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး Merah Putih ကိုလည်း အင်ဒိုနီးရှားက ထုတ်လုပ်နေပါတယ်။

    Ref: Alarabiya