News @ M-Media

Blog

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၃၊ ၂၀၂၁
    M-Media

    ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟို

    စပါးနည်းပြဟောင်း ပိုချက်တီနို ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာ

    ၁၃ လကြာ အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ စပါးနည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုဟာ မနေ့က ပီအက်စ်ဂျီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

    ပိုချက်တီနိုဟာ စပါးအသင်းကနေ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အထုတ်ခံခဲ့ရပြီး မန်ယူနဲ့ ရီးယဲလ်တို့မှာ နည်းပြမယ်လို့ သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။

    မိမိနှလုံးသားထဲမှာ ရှိနေတဲ့ အသင်းမှာ အခုလို ခန့်အပ်ခံရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပြီး ကမ္ဘာ့ ပါရမီအရှိဆုံး ကစားသမားတွေနဲ့ အလုပ်တွဲလုပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။ အသင်းမှာ အလားအလာကောင်းတွေ အများကြီးရှိပြီး နည်းပြအဖွဲ့ဝင်တွေနဲ့အတူ အကောင်းဆုံး ပေးဆပ်သွားမယ်လို့လည်း သူက ဆိုပါတယ်။

    ပိုချက်တီနိုဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ပီအက်စ်ဂျီမှာ ကစားသမားအဖြစ် ကျင်လည်ဖူးပါတယ်။

    အားထားရသည့် ဘာကာကွင်းလယ်လူ ဒဏ်ရာကြောင့် ၃ လနားရမည်

    ဘာစီလိုနာကွင်းလယ်က အားထားရတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖိလစ်ကော်တင်ဟိုဟာ ဒူးခေါင်းခွဲပြီးတဲ့နောက် ၃ လ နားရမှာ ဖြစ်ပါတယ်။

    အင်္ဂါနေ့က အီဘာအသင်းကို ၁ ဂိုးစီသရေကျတဲ့ပွဲမှာ ဒီ ဒဏ်ရာရခဲ့တာပါ။ ခွဲစိပ်မှုအောင်မြင်တယ်လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

    ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်မှာ အငှားနဲ့ သွားကစားခဲ့ပြီး အခုရာသီ ဘာစီလိုနာကို ပြန်ရောက်ပြီးတဲ့နောက် ၁၄ ပွဲ ပါဝင်ကစားထားပါတယ်။ ဘာစီလိုနာမှာ ကော်တင်ဟိုအပြင် နောက်ခံလူ ဂျရတ်ပီကေးနဲ့ တိုက်စစ်မှူး အန်ဆူ ဖာတီတို့လည်း ဒူးဒဏ်ရာကြောင့် နားနေရပါတယ်။

    နည်းပြဘ၀တွင် အချိန်ကြာကြာနေမည်ဟု ဂွါဒီယိုလာ ဖွင့်ဟ

    နည်ပြဘ၀မှာ အရင်က စဉ်းစားထားတဲ့ အချိန်ထက် ပိုကြာကြာ နေသွားမယ်လို့ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အသက် ၄၉ နှစ်အရွယ် ဂွါဒီယိုလာဟာ သိပ်မကြာခင် နည်းပြဘ၀က အနားယူပြီး ဝါသနာပါတဲ့အလုပ်တွေကို လုပ်တော့မယ်လို့ အရင်က ပြောထားတာပါ။ အခုတော့ အတွေ့အကြုံတွေကြောင့် နည်းပြဘ၀မှာ ပိုကြာကြာရှိနေဖို့ စဉ်းစားလာပြီလို့ ဆိုပါတယ်။

    ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ကို ကိုင်တွယ်ကာ အောင်မြင်ခဲ့ပြီးတဲ့နောက် ဂွါဒီယိုလာတစ်ယောက် မန်စတီးကိုရောက်တာ ၅ နှစ်ရှိပါပြီ။ ပရီးမီးယားလိဂ် ၂ လုံး၊ FA ဖလား တစ်လုံးနဲ့ လိဂ်ဖလား ၃ လုံး ရယူပေးထားပြီး နိုဝင်ဘာလကပဲ ၂ နှစ် သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုခဲ့ပါတယ်။

  • အိန္ဒိယအလယ်ပိုင်းတွင် မွတ်စလင်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု နည်းဆုံး ၃ ခုအထိ ဖြစ်ပွား

    အိန္ဒိယအလယ်ပိုင်းတွင် မွတ်စလင်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု နည်းဆုံး ၃ ခုအထိ ဖြစ်ပွား

    ဇန်နဝါရီ ၂၊ ၂၀၂၁
    M-Media

    အင်ဒိုရီခရိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု မြင်ကွင်း

    -နိုင်ငံအလယ်ပိုင်း မဒ်ယာပရာဒက်ရှ်မြို့မှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု အနည်းဆုံး ၃ ခု ဖြစ်ပွားခဲ့ပြီးနောက် လူ ၅၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့က ဖျက်ဆီးခံထားရတဲ့ ဘာဘရီဗလီနေရာမှာ ရာမဘုရားကျောင်း ဆောက်လုပ်နိုင်ရေး ဟိန္ဒူလက်ယာစွန်းရောက်အုပ်စုတွေက လူစုပြီး ရန်ပုံငွေကောက်ခံမှုအတွင်း ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

    အင်္ဂါနေ့ အင်ဒိုရီခရိုင်က မွတ်စလင်အများစုနေထိုင်တဲ့ ကျေးရွာတစ်ခုကိုရောက်စဉ် ရန်ပုံငွေ လှည့်လည်ကောက်ခံတဲ့ ဟိန္ဒူလူအုပ်ဟာ ဗလီအရှေ့မှာရပ်ပြီး ဟိန္ဒူဘုရားစာတွေရွတ်တာ၊ အော်ဟစ်ရန်စတာတွေ လုပ်ဆောင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဗလီကို လူအုပ်က စီးနင်းကာ တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ခဲ့ပါတယ်။

    အခင်းဖြစ်တဲ့နေရာမှာ ရဲတပ်ဖွဲ့က ရှိနေပေမယ့် လူအုပ်နဲ့ ရဲအင်အား မ​မျှတဲ့အတွက် တားဆီးဟန့်တားနိုင်မှု မရှိခဲ့ဘူးလို့ အိန္ဒိယရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး ယိုဂတ်ရှ် ဒက်ရှ်မွခ်က ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ရှက်စရာကောင်းပြီး တိုက်ခိုက်သူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ အဖွဲ့တစ်ခု ဖွဲ့စည်းတာဝန်ပေးထားတယ်လို့လည်း သူက ဆိုပါတယ်။

    ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး လူ ၂၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    မဒ်ယာပရာဒက်ရှ်ပြည်နယ် အူဂျန်ခရိုင်က မွတ်စလင်အများစုရှိတဲ့ ဘေဂွန်ဘဂ် ရပ်ကွက်မှာလည်း ဒီဇင်ဘာ ၂၅ ရက်နေ့က အလားတူဖြစ်ရပ်မျိုး​ ဖြစ်ပွားခဲ့ပါတယ်။

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီရဲ့ လူငယ်အဖွဲ့ BJYM ဟာ ဖျက်ဆီးခံ ဘာဘရီဗလီနေရာမှာ ရာမဘုရားကျောင်းဆောက်လုပ်ဖို့ လူစုပြီး ရန်ပုံငွေကောက်ခံစဉ် ဘေဂွန်ဘဂ်ရွက်ကွက်အတွင်း အကြိမ်ကြိမ်လှည့်လည်ကာ ဆဲဆို စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    အဲဒီနောက် BJYM လူအုပ်နဲ့ ဒေသခံတွေ အပြန်အလှန် ခဲတွေနဲ့ ပစ်ပေါက်တဲ့အထိ ဖြစ်ခဲ့ပြီး ဘေဂွန်ဘဂ်ရပ်ကွက်က ဆိုင်ကယ်တွေ၊ ကားတွေ၊ ဆေးခန်းတစ်ခုနဲ့ အဆောက်အဦးတစ်ချို့ ဖျက်ဆီးခံခဲ့ရပါတယ်။

    မန်ဆူရ်ခရိုင်မှာလည်း အင်္ဂါနေ့က ဟိန္ဒူလူအုပ်ဟာ ဗလီတစ်လုံးရဲ့ မင်နာရတ်မျှော်စင်ကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ပါတယ်။

    ဒီအဖြစ်အပျက်တွေအတွက် ရဲ့တပ်ဖွဲ့က လူ ၁၀၀ ကို အမှုဖွင့်ထားပြီး ၅၀ လောက်ကို ဖမ်းဆီးထားပါတယ်။

    အတိုက်အခံ All India Majlis-e-Ittehadul Muslimeen ပါတီ အကြီးအကဲ အဆာအွတ်ဒင် အိုဝိုက်ဆီက အစိုးရကိုယ်တိုင် လူတွေကို အစွန်းရောက်အောင် လုပ်ဆောင်နေပြီး၊ အကြမ်းဖက်ဖို့ လှုံဆော်နေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

    ​မဒ်ယာ ပရာဒက်ရှ်ပြည်နယ်ရဲ့ BJP အစိုးရအဖွဲ့က တာဝန်ရှိသူ ရဂျ်နက်ရှ် အဂ်ရာဝါလ်က ရာဇဝတ်မှုကျူးလွန်သူတွေကို လူမျိုးဘာသာ မခွဲခြားဘဲ အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ယူရေနီယံသန့်စင်မှု တိုးလုပ်မည်ဟု အီရန်က IAEA ကို အကြောင်းကြား

    ယူရေနီယံသန့်စင်မှု တိုးလုပ်မည်ဟု အီရန်က IAEA ကို အကြောင်းကြား

    ဒီဇင်ဘာ ၂၊ ၂၀၂၀
    M-Media

    -ယူရေနီယံသန့်စင်မှုကို ၂၀ ရာခိုင်နှုန်းအထိရောက်အောင် လုပ်ဆောင်သွားမယ်လို့ အီရန်က နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA ကို အကြောင်းကြားလိုက်ပါတယ်။

    အီရန်ဟာ အရင်က ယူရေနီယံကို ၂၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်မှာ ၃.၆၇ ရာခိုင်နှုန်းသာ သန့်စင်ရမယ်လို့ ပါဝင်တာကြောင့် သန့်စင်မှုလုပ်ငန်းကို လျှော့ချခဲ့ပါတယ်။

    နျူသဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစလို့ အီရန်က ယူရေနီယံ သန့်စင်မှု ပြန်လုပ်ခဲ့ပြီး လက်ရှိမှာ ၄.၅ ရာခိုင်နှုန်း သန့်စင်ထားနိုင်ပါတယ်။ ယူရေနီယံကို ၉၀ ရာခိုင်နှုန်း သန့်စင်နိုင်မှသာ လက်နက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

    IAEA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အီရန်က လွှတ်တော်မှာ မကြာသေးမီက အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ ယူရေနီယံသန့်စင်မှုလုပ်ငန်းကို Fordow ဓာတ်ပေါင်းဖိုမှာ ၂၀ ရာခိုင်နှုန်းအထိ လုပ်​ဆောင်သွားမယ်လို့ အကြောင်းကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။ သန့်စင်မှု လုပ်ဆောင်နေပြီလားဆိုတာ မပြောထားဘူးလို့လည်း IAEA က ဆိုပါတယ်။

    Fordow ဓာတ်ပေါင်းဖိုကို လေကြောင်းရန် ကာကွယ်နိုင်ဖို့အတွက် တောင်ထဲမှာမြှုပ်ပြီး တည်ဆောက်ထားတာပါ။

    အီရန်ရဲ့ နျူကလီးယားလုပ်ငန်းတွေဟာ လက်နက်ထုတ်ဖို့ရည်ရွယ်တယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပြီး အီရန်ကတော့ ဒါကို ငြင်းပါတယ်။

    သမ္မတထရမ့်လက်ထက်မှာ ၂၀၁၅ နျူသဘောတူညီချက်နေထွက်ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အာဏာလွှဲပြောင်းယူမယ့် သမ္မတသစ် ဂျိုးဘိုင်ဒန်က ဒီစာချုပ်မှာ ပြန်လည်ပါဝင်သွားဖို့ ရှိနေပါတယ။်

    Ref: Reuters

  • စနနေ့ ဘောလုံးသတင်းများ

    စနနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၊ ၂၀၂၁
    M-Media

    ဂါလာတာာစာရေးနောက်ခံလူ အိုမာရ် အီလက်ဘ်ဒဲလ်

    ဂါလာတာစာရေးနောက်ခံလူ နှစ်သစ်ကူးမီးပန်းကြောင့် မျက်လုံးဆုံးရှုံးနိုင်

    တူရကီကလပ် ဂါလာတာစာရေးအသင်းက နော်ဝေနောက်ခံလူ အိုမာရ် အီလက်ဘ်ဒဲလ် လူဝီဟာ နှစ်သစ်ကူးညက နေအိမ်အတွင်း မီးပန်းဖောက်ရာမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ဂါလာတာစာရေးရဲ့ ထုတ်ပြန်ချက်မှာတော့ အသက် ၂၉ နှစ်အရွယ် အိုမာရ်ဟာ မျက်နှာနဲ့ မျက်လုံးကို ထိခိုက်ခဲ့ပေမယ့် မစိုးရိမ်ရဘဲ ခွဲစိပ်ကုသမှုလည်း မလုပ်ရဘူးလို့ ဖော်ပြထားပါတယ်။

    တူရကီသတင်းစာ Hurriyet က မီးပန်းဟာ အိုမာရ်ရဲ့လက်ထဲမှာ ပေါက်သွားတာဖြစ်ပြီး မျက်လုံးကို ထိခိုက်ကာ အမြင်အာရုံ ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဥရောပတစ်ဝှမ်း နှစ်သစ်ကူးမီးပန်းကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

    အသင်းမှာ ၁ နှစ်အတွင်း သိသိသာသာ တိုးတက်လာသည်ဟု ဆိုးလ်ရှားပြော

    လက်ရှိ​ စွမ်းဆောင်ထားနိုင်မှုအတွက် ပျော်ရွှင်ကျေနပ်မိပြီး အသင်းကလည်း တစ်နှစ်အတွင်း သိသိသာသာ တိုးတက်လာတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။

    မနေ့က အက်စတွန်ဗီလာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် မန်ယူဟာ ဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ အမှတ်တူသွားပါပြီ။ မနှစ်က နှစ်သစ်ကူးထက်စာရင် ဒီနှစ် နှစ်သစ်ကူးမှာ အခြေအနေပိုကောင်းကြောင်း၊ ကစားသမားတွေဟာ သင်ယူဖို့ အမြဲတမ်း ဆာလောင်မွတ်သိနေကာ ဒါက အသင်းအတွက် အရေးကြီးကြောင်း မနေ့ကပွဲအပြီးမှာ
    ဆိုးလ်ရှားက ပြောကြားခဲ့ပြီး ၂၀၂၁ ခုနှစ်ဟာ အားလုံးအတွက် ပိုကောင်းတဲ့နှစ် ဖြစ်ပါစေကြောင်း ဆုတောင်းခဲ့ပါတယ်။

    ဖူလ်ဟမ်နှင့်ပွဲ ရပ်ဆိုင်းမှုကို မော်ရင်ဟို မကျေနပ်

    ကိုဗစ်ကူးစက်မှုကြောင့် ဗုဒ္ဓဟူးနေ့ကပွဲကို ရပ်ဆိုင်းခဲ့မှုဟာ အလွန်နောက်ကျတဲ့အတွက် ပရော်ဖက်ရှင်နယ်မကျတဲ့ လုပ်ရပ်လို့ စပါးနည်းပြ မော်ရင်ဟိုက ယူဆနေပါတယ်။

    ဖူလ်ဟမ်ကစားသမားတွေမှာ ကိုဗစ်ကူးတာ၊ ကိုဗစ်လက္ခဏာတွေ တွေ့ရတာကြောင့် ပွဲမတိုင်ခင် စပါး-ဖူလ်ဟမ်ပွဲကို ကစားဖို့ ၃ နာရီအလိုမှာ ရပ်ဆိုင်းခဲ့တာပါ။ ပွဲကို ရပ်ဆိုင်းမယ်လို့ ပွဲချိန်မတိုင်ခင် ၂၄ နာရီ အလိုလောက်ကတည်းက သတင်းထွက်ခဲ့တာဖြစ်ပါတယ်။

    ဆေးစစ်မှုရလဒ်နဲ့ ဆေးဘက်ဆိုင်ရာ အကြံပြုချက် အပြည့်အစုံ ရရှိမှု နောက်ကျတဲ့အတွက် ပွဲရပ်ဆိုင်းဖို့ ထုတ်ပြန်ချက်လည်း နောက်ကျတာလို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ပြောပါတယ်။

    မော်ရင်ဟိုက ပရီးမီးယားလိဂ်လို ဘောလုံးပြိုင်ပွဲတစ်ခုအနေနဲ့ ဒီလိုအခြေအနေမျိုး မဖြစ်သင့်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • လူအုပ်ကဖျက်ဆီးခဲ့သည့် ဟိန္ဒူဘုရားကျောင်း ပြန်ဆောက်ရန် ပါကစ္စတန်အစိုးရက ရန်ပုံငွေပေးမည်

    လူအုပ်ကဖျက်ဆီးခဲ့သည့် ဟိန္ဒူဘုရားကျောင်း ပြန်ဆောက်ရန် ပါကစ္စတန်အစိုးရက ရန်ပုံငွေပေးမည်

    ဇန်နဝါရီ ၂၊ ၂၀၂၀
    M-Media

    -အခုတစ်ပတ်အစောပိုင်းက မွတ်စလင်လူအုပ်ရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရတဲ့ ဟိန္ဒူဘုရားကျောင်း ပြန်လည်တည်ဆောက်ရေး ပါကစ္စတန်အစိုးရက ရန်ပုံငွေထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာ ပက်သွန်ခွါပြည်နယ် ကာရက်မြို့မှာ ဗုဒ္ဓဟူးနေ့က Shri Paramhans Ji Maharaj Samadhi ဘုရားကျောင်းကို ဒေသတွင်းက မွတ်စလင်ဘာသာရေးခေါင်းဆောင်တစ်ချို့နဲ့ အမျိုးသားဘာသာစောင့်ရှောက်ရေးဟစ်ကြွေးတဲ့ နိုင်ငံရေးပါတီတစ်ခုက ပါတီဝင်တွေ ဦးဆောင်တဲ့ လူအုပ်က ဖျက်ဆီးခဲ့တာပါ။

    ဘေးနားကအိမ်ကိုဝယ်ယူပြီး ဘုရားကျောင်းတိုးချဲ့​ဆောက်လုပ်ဖို့ စီစဉ်မှုကို ဒေသခံတွေက မကျေနပ်ရာကနေ ဒီလို တိုက်ခိုက်ဖျက်ဆီးမှု ဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပါကစ္စတန် သာသနာရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်က ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေအပါအ၀င် တိုက်ခိုက်မှုနဲ့ဆက်စပ်ပြီး အနည်းဆုံး လူ ၅၀ လောက်ကို ဖမ်းဆီးထားပါတယ်။

    အမေရိကန်ရဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်တဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံနည်းတူ ပါကစ္စတန်လည်း ပါဝင်ပါတယ်။

    ဖျက်ဆီးခံလိုက်ရတဲ့ ဘုရားကျောင်း ပြန်လည်ဆောက်လုပ်ရေးအတွက် ရန်ပုံငွေ ထောက်ပံ့သွားမယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

    “တိုက်ခိုက်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့ ၀မ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဘုရားကျောင်းနဲ့ ဘေးနားကအိမ်ကို ပြန်ဆောက်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က အမိန့်ပေးခဲ့ပါတယ်” လို့ ခိုင်ဘာ ပက်သွန်ခွါပြည်နယ် ပြန်ကြားရေးဝန်ကြီး ကမ်မရန် ဘန်ဂက်ရှ်က ပြောကြားခဲ့ပါတယ်။

    ကာရက်မြို့က ဟိန္ဒူအသိုင်းအဝိုင်းဟာ ဘုရားကျောင်းဆောက်လုပ်ရေးလုပ်ငန်းကို မကြာခင် ပြန်စမှာဖြစ်ပြီး အစိုးရက ဘုရားကျောင်းလုံခြုံရေးကို တာဝန်ယူသွားမယ်လို့လည်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီဟိန္ဒူဘုရားကျောင်းကို ဖျက်ဆီးဖို့ အဓိကလှုံ့ဆော်သူဟာ ကာရက်မြို့က မွတ်စလင်ဘာသာရေးခေါင်းဆောင် မွလ္လာ ရှရီးဖ်ဖြစ်ပြီး ရဲတပ်ဖွဲ့က သူ့ကို ဖမ်းထားပါတယ်။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးပါတီ ဂျာမီအသ် အိုလမာ-အီ-အစ္စလာမ် (JUI-F) ရဲ့ ခေါင်းဆောင် မွလ္လာ မရီဇာ အကီန်းကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။

    ဘုရားကျောင်း ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်အစီရင်ခံစာ တင်သွင်းဖို့အတွက် ပါကစ္စတန်တရားရုံးချုပ်က အုပ်ချုပ်ရေးအာဏာပိုင်တွေကို အမိန့်ပေးထားပါတယ်။

    Ref: Aljazeera