News @ M-Media

Blog

  • စနေနေ့​ ဘောလုံးသတင်းများ

    စနေနေ့​ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၉၊ ၂၀၂၁
    M-Media

    အက်စတွန်ဗီလာအသင်း၏ လူငယ်ကစားသမား လူဝီဘယ်ရီ

    ဦးခေါင်းထိခိုက်မှု လူစားထိုးစနစ်ကို လာမည့်လတွင် ဖီဖာက စသုံးမည်

    လာမယ့်လ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဦးခေါင်းထိခိုက်မှုအတွက် လူစားလဲမှုစနစ်ကို ကျင့်သုံးသွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်လိုက်ပါတယ်။

    ဦးခေါင်း ပြင်းပြင်းထန်ထန် ထိခိုက်ပြီး မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါအတွက် ဘောလုံးလောကမှာ စိုးရိမ်မှု မြင့်တက်လာခဲ့ပြီးတဲ့နောက် ဒီစနစ်ကို အကောင်အထည် ဖော်လာတာပါ။

    လာမယ့်လ ပြိုင်ပွဲဟာ နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆုံး စတင်အသုံးပြုမှုလည်း ဖြစ်ပါတယ်။ အသင်းတွေဟာ တစ်ပွဲကို ၅ ဦး လူစားဝင်ကစားနိုင်မှာဖြစ်ပြီး ​တစ်ပိုင်းကို ၃ ဦးသာ အသုံးပြုခွင့်ရမှာပါ။ဦးခေါင်းထိခိုက်မှုအတွက် လူစားထိုးမှုကိုတော့ လိုအပ်သလောက် သုံးနိုင်မှာ ဖြစ်ပါတယ်။

    လာမယ့်လ ကလပ်အသင်းများ ကမ္ဘာ့ဖလားမှာ မက္ကဆီကိုက Tigres၊ အီဂျစ်က Al Ahly၊ ဂျာမနီက ဘိုင်ယန်မြူးနစ်၊ တောင်ကိုရီးယားက Ulsan၊ နယူးဇီလန်က Auckland Cityနဲ့ တောင်အမေရိက ကိုပါလီဘာတေဒိုးစ် ချန်ပီယံတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

    မက်ဆီအတွက် တံခါးဖွင့်ထားသည်ဟု ပီအက်စ်ဂျီနည်းပြသစ်ပြော

    မက်ဆီအပါအဝင် နာမည်ကျော်ကစားသမားအားလုံးကို မိမိတို့အသင်းက တံခါးဖွင့် ကြိုဆိုနေတယ်လို့ ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။

    ဘာစီလိုနာက သက်တော်ရှည်ကစားသမား မက်ဆီဟာ ပီအက်စ်ဂျီ ဒါမှမဟုတ် မန်စီးတီးကိုပြောင်းတော့မယ်လို့ ပြီးခဲ့တဲ့နှစ်ကတည်းက သတင်းထွက်နေတာပါ။

    ပိုချက်တီနိုကတော့ လောလောဆယ်မှာ ဒီသတင်းတွေကို ခနဘေးဖယ်ထားပြီး၊ အသင်းမှာလည်း ကြီးကျယ်တဲ့ကစားသမားတွေ ရှိနေတယ်လို့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    စပါးအသင်းနဲ့ ပီအက်စ်ဂျီကို နှိုင်းယှဉ်မေးမြန်းရာမှာတော့ ဒီနှစ်သင်းရဲ့ အခြေအနေဟာ မတူညီဘဲ လန်ဒန်ဟာ အံ့ဩစရာ အမှတ်တရတွေ ကျန်ခဲ့ကြောင်း လောလောဆယ်မှာ ပီအက်စ်ဂျီအတွက်ပဲ အာရုံစိုက်ထားကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အက်စတွန်ဗီလာ၏ ယူ ၁၇ ကစားသမား ဂိုးသွင်းနိုင်သည့်အတွက် ဂုဏ်ယူ

    အသင်းမှာ ပွဲထွက်ခွင့်ရပြီး ဂိုးသွင်းနိုင်တဲ့အတွက် ဂုဏ်ယူမိတယ်လို့ အက်စတွန်ဗီလာအသင်းက ၁၇ နှစ်အရွယ် လူငယ်ကစားသမား လူဝီဘယ်ရီက ပြောကြားလိုက်ပါတယ်။

    အသင်းကြီးက ကစားသမားတွေ ကိုဗစ်ကူးစက်ခံနေရတာကြောင့် ဗီလာဟာ မနေ့က လီဗာပူးလ်နဲ့ FA ဖလားပွဲမှာ ယူ ၂၃ ကစားသမား ၇ ဦး၊ ယူ ၁၇ က ကစားသမား ၄ ဦးနဲ့ ပွဲထွက်ခဲ့ရပါတယ်။ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် လူငယ်တွေဟာ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ကြပါတယ်။

    အသင်းအတွက် ချေပဂိုးသွင်းပေးခဲ့တဲ့ လူဝီက မိမိဂိုးသွင်းလိုက်တဲ့အချိန်မှာ တီဗီကကြည့်နေတဲ့ မိသားစုဟာ အော်ဟစ်အောင်ပွဲခံကြမှာ ဖြစ်ကြောင်း၊ ပွဲအစကနေ အဆုံးအထိ တစ်သင်းလုံး ရေကုန်ရေခမ်း ကစားပေးခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal

  • အမေရိကန်က အကြီးဆုံးရန်သူဟု မြောက်ကိုရီးယားပြော

    အမေရိကန်က အကြီးဆုံးရန်သူဟု မြောက်ကိုရီးယားပြော

    ဇန်နဝါရီ ၉၊ ၂၀၂၁
    M-Media

    -အမေရိကန်ဟာ မိမိတို့ရဲ့ အကြီးမားဆုံးရန်သူ ဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားလိုက်ပါတယ်။

    သမ္မတသစ် ဂျိုးဘိုင်ဒန် အာဏာရယူဖို့ နှစ်ပတ်အလိုမှာ ကင်ဂျုံအွန်ထံက ဒီမှတ်ချက် ထွက်ပေါ်လာတာပါ။ ထရမ့်လက်ထက်မှာ ကင်နဲ့ ထရမ့်တို့ဟာ စကားလုံးတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြသလို၊ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ထင်သာမြင်သာတဲ့ တိုးတက်မှုမျိုး မရှိခဲ့ပါဘူး။

    “ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဆောင်ရွက်မှုတွေဟာ အမေရိကန်ရဲ့ နိုင်စားမှုကို အာရုံစိုက်ပြီး တန်ပြန်တာမျိုး ဖြစ်ရမှာပါ။ အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ အကြီးဆုံးရန်သူ ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်မှုအတွက် အဓိက အဟန့်အတား ဖြစ်ပါတယ်” လို့ ကင်ဂျုံအွန်ရဲ့ ပြောကြားမှုကို မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြခဲ့ပါတယ်။

    အမေရိကန်မှာ ဘယ်သူပဲအာဏာရရ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ ခြေခံမူဝါဒက ဘယ်တော့မှာ ပြောင်းလဲမှာမဟုတ်ဘူးလို့လည်း ကင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အမေရိကန်ကတော့ ကင်ရဲ့ ဒီမှတ်ချက်အတွက် တုန့်ပြန်တာမျိုး မလုပ်သေးပါဘူး။

    အမေရိကန်ရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့လုပ်ဆောင်တဲ့ မြောက်ကိုရီးယားရဲ့ နျူလက်နက်စီမံကိန်း တိုက်ချင်းပစ်ဒုံးကျည် စီမံကိန်းတွေဟာ ​ကင်ဂျုံအွန်လက်ထက်မှာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။

    အခုတစ်ပတ် အာဏာရအလုပ်သမားပါတီရဲ့ ညီလာခံမှာ ကင်က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော သုသေတနလုပ်ငန်း ပြီးဆုံးခဲ့ပြီး နောက်ဆုံးအဆင့် ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်ကို ရောက်ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား နည်းပညာ ပိုမိုတိုးတက်အောင်၊ ပစ်မှတ်တွေအလိုက် အသေးစားနဲ့ အလတ်စား နျူထိပ်ဖူးတွေ ရရှိအောင် လုပ်ဆောင်သွားရမယ်လို့လည်း ကင်က ဆိုပါတယ်။

    တိုင်းပြည်စီးပွားရေးကို လွတ်လပ်​တဲ့ စီးပွားရေးဖြစ်အောင် ဖော်ဆောင်ရေး ၅ နှစ်တာစီမံကိန်းတွေကိုလည်း ဒီကွန်ဂရက်မှာ ကင်က တင်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • ၂၀၀၈ မွမ်ဘိုင်းအကြမ်းဖက်မှု စီစဉ်သူတစ်ဦးကို ပါကစ္စတန်က ထောင်ချ

    ၂၀၀၈ မွမ်ဘိုင်းအကြမ်းဖက်မှု စီစဉ်သူတစ်ဦးကို ပါကစ္စတန်က ထောင်ချ

    ဇန်နဝါရီ ၉၊ ၂၀၂၁
    M-Media

    -၂၀၀၈ ခုနှဝစ် မွန်ဘိုင်းအကြမ်းဖက်မှုကို နောက်ကွယ်က ကြိုးကိုင်သူလို့ အိန္ဒိယနဲ့ အမေရိကန်တို့က စွပ်စွဲထားသူတစ်ဦးကို ပါကစ္စတန်က အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုနဲ့ ​ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

    ဇာကီအွရ်ရဟ်မန် လက်ခ်ဗီဆိုသူဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ လက်ခ်ရှာအီတိုင်ဘာ (LeT) က အကြီးတန်း တာဝန်ရှိသူတစ်ဦးပါ။

    လူပေါင်း ၁၆၀ လောက်သေဆုံးခဲ့တဲ့ မွန်ဘိုင်းဟိုတယ် အကြမ်းဖက်တိုက်ခိုက်မှုကို LeT အဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး လက်ခ်ဗီကို တရားစွဲဖို့အတွက် အိန္ဒိယက ပါကစ္စတန်ကို အရင်ကတည်းက တိုက်တွန်းခဲ့တာပါ။

    ၂၀၀၈ ခုနှစ်မှာ လက်ခ်ဗီကို ပါကစ္စတန်က ဖမ်းဆီးခဲ့ပေမယ့် တရားစွဲဖို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိတဲ့အတွက် နောက်ပိုင်းမှာ အာခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းဖက်ဝါဒအပေါ် ငွေကြေးထောက်ပံ့မှုနဲ့ မနေ့က ပြန်လည်ဖမ်းဆီးကာ ဒီကနေ့မှာ ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ရူပီးတစ်သိန်း ချမှတ်ခဲ့ပါတယ်။

    အမေရိကန်က ပါကစ္စတန်ရဲ့ ဆောင်ရွက်မှုကို ကြိုဆိုခဲ့ပြီ မွမ်ဘိုင်းအကြမ်းဖက်မှုအတွက်ပါ လက်ခ်ဗီကို တရားစွဲဖို့ တိုက်တွန်းခဲ့ပါတယ်။

    ကုလလုံခြုံရေးရေးကောင်စီ ပိတ်ဆို့အရေးယူရေး ကော်မတီက လက်ခ်ဗီဟာ ချေချင်းညာ၊ ဘော့စနီးယား ဟာဇီဂိုဗီနာ၊ အီရတ်နဲ့ အာဖဂန်နစ္စတန်တို့အပါအဝင် နိုင်ငံတော်တော်များများက တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

    မွမ်ဘိုင်းတိုက်ခိုက်မှုကို ကြိုးကိုင်စီစဉ်ခဲ့သူတွေထဲမှာ ပါဝင်တယ်လို့ အိန္ဒိယက ပြောကြားထားတဲ့ ဟာဖစ်ဇ် ဆအီးဒ်ကို ပါကစ္စတန်တရားရုံးက အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှုနဲ့ ပြီးခဲ့တဲ့နှစ်မှာ ထောင်ချခဲ့ပါတယ်။

    စအီးဒ်ကတော့ မွမ်ဘိုင်းတိုက်ခိုက်မှုမှာ မပါဝင်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

    Ref: Reuters

  • ဒေလီအကြမ်းဖက်မှု နောက်ဆက်တွဲ မွတ်စလင်များနှင့် ရှေ့နေများကို ရဲက ခြိမ်းခြောက် အကြမ်းကိုင်နေ

    ဇန်နဝါရီ ၈၊ ၂၀၂၁
    M-Media

    ဒေလီမြို့မှ မွတ်စလင်များအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှု မြင်ကွင်းတစ်ခု

    -၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက မြို့တော်ဒေလီက မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုမှာ ထိခိုက်ခံစားရသူတွေ၊ အမှုလိုက်ပေးနေတဲ့ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေပေါ် အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုး ရှိတယ်လို့ ကာယကံရှင်တွေက ပြောကြားလိုက်ပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP နဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့ RSS တို့ကို ထောက်ခံသူတွေက စတင်ခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ လူ ၅၀ ကျော်သေဆုံးခဲ့ပြီး အများစုက မွတ်စလင်တွေဖြစ်ပါတယ်။ ဗလီတွေ၊ မွတ်စင်လင်တွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ နိုင်ငံသားဥပဒေ ပြင်ဆင်ချက်ကို ကန့်ကွက်တဲ့ ထိုင်သပိတ်ကို ဒီလူအုပ်စုက ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် မွတ်စလင်​ေတွရှိရာ ရပ်ကွက်တွေကို ပစ်မှတ်ထားခဲ့ကြတာပါ။ ဒါဟာ နှစ်ပေါင်း ၄၀ အတွင်း ဒေလီမှာ အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

    ဒီအမှုမှာ မွတ်စလင်တွေဖက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်တာ၊ စီးနင်းတာတွေလည်း ရှိနေပါတယ်။

    ဒေလီက အသက် ၅၆ နှစ်အရွယ် ရှေ့နေ မဟ်မူးဒ် ပရာချာက ပြည်ထဲရေးဝန်ကြီး အေမစ်ရှားနဲ့ ပတ်သက်နိုင်တဲ့ အမှုတွေကို သူက ကိုင်တွယ်ထားတာကြောင့် သူ့အပေါ် အစိုးရက ပစ်မှတ်ထားလာတွေ ရှိတယ်လို့ ပြောပါတယ်။

    ပရာချာရဲ့ရုံးခန်းကို ပြီးခဲ့တဲ့လမှာ ဒေလီရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ဒါဟာ ဥပဒေချိုးဖောက်မှုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ခဲ့ကြပါတယ်။

    “ကျွန်တော်ရထားတဲ့ သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်စီးနင်းတာပါ။ ပြည်ထဲရေး၊ ဒေလီရဲတပ်ဖွဲ့၊ RSS နဲ့ BJP ကေဒါတွေရဲ့ ပါဝင်ပတ်သက်မှုကို မဖော်ထုတ်နိုင်အောင်ပါ။ သူတို့ရဲ့အစီအစဉ်မှာ ကျွန်တော့်ကို လုပ်ကြံဖို့လည်း ပါဝင်ပါတယ်” လို့ ပရာချာက ပြောပါတယ်။

    BJP ပြောရေးဆိုခွင့်ရှိသူ ဟာရစ်ရှ် ကူရာနာက ပရာချာရဲ့ ဒီပြောကြားမှုကို ငြင်းဆိုခဲ့ပြီး လူတွေအာရုံစိုက်လာအောင် လုပ်ဆောင်နေတာလို့ တုန့်​ပြန်ခဲ့ပါတယ်။

    ထိခိုက်ခံစားရသူတွေလည်း ခြိမ်းခြောက်ခံရ

    မွတ်စလင်တွေကိုပစ်မှတ်ထားတဲ့ ဒေလီကအကြမ်းဖက်မှုမှာ ထိခိုက်ခံစားရသူတွေကလည်း အမှုပိတ်ဖို့ ရဲတပ်ဖွဲ့က သူတို့ကို ဖိအားပေးတာမျိုး၊ ဒီလိုမလုပ်ရပ် နောက်ဆက်တွဲဆိုးကျိုး ခံစားရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေ ရှိတယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။

    ပရာချာရဲ့ ရုံးခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး နောက်တစ်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိခိုက်ခံစားရသူတွေက ရှေ့နေဟာ မမှန်မကန်ထွက်ဆိုခိုင်းတယ်ဆိုတဲ့ ခံဝန်ကို လက်မှတ်ထိုးဖို့ ရဲတပ်ဖွဲ့က သူတို့ကို ဖိအားပေးခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ ဒီစွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ ပရာချာက တုန့်ပြန်ခဲ့ပြီး ရဲတွေဟာ အမှုသည်တွေပေးထားတဲ့ အထောက်အထားတွေကို ဖျက်ဆီးဖို့ လုပ်နေကြောင်း၊ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အခြားရှေ့နေတွေကို ရဲတပ်ဖွဲ့က ခြိမ်းခြောက်တာတွေရှိကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒေလီအကြမ်းဖက်မှုမှာ ထိခိုက်ခံစားရသူတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ တာမာနာ ပန်ကက်ရှ်ကလည်း ဒီကိစ္စမှာ ပါဝင်တဲ့ ရှေ့နေတွေအပေါ် အမြဲတမ်း စောင့်ကြည့်နေတယ်ဆိုတာကို ရဲတပ်ဖွဲ့က မြင်သာအောင် ပြနေတယ်လို့ ဆိုပါတယ်။

    “အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအချို့၊ ဆန္ဒပြမှုမှာ ပါဝင်တဲ့ လူအချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာတွေ လုပ်ပါတယ်။ ​ထောင်ချောက်ထဲဝင်အောင် လုပ်တာမျိုးပါ”

    အကြမ်းဖက်မှုမှာ ဖခင်ဖြစ်သူ အသတ်ခံခဲ့ရတဲ့ ဆာဟီလ် ပါရ်ဗက်ဇ်က သူဖွင့်ထားတဲ့ အမှုကို ပိတ်ဖို့ ရဲတွေက သူ့ကို ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ ပါရ်ဗက်ဇ်ရဲ့ ထွက်ဆိုချက်ကြောင့် ဟိန္ဒူအစွန်းရောက်အဖွဲ့ RSS အဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးခံခဲ့ရပြီး လူသတ်မှု၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှု အပါအဝင် စွဲချက်များစွာနဲ့ တရားစွဲ ခံထားရပါတယ်။

    “ငါတို့ပြောတဲ့အတိုင်းမလုပ်ရင် တစ်ခြားအမှုတွေမှာ မင်းကို ဆွဲထည့်မယ်လို့ ရဲတွေက ပြောပါတယ်။ အကြမ်းဖက်မှုကို ကျူးလွန်သူတွေနဲ့ ရဲတပ်ဖွဲ့အကြား ဆက်စပ်မှု ရှိပါတယ်။ ကျူးလွန်သူတွေက ပြောခိုင်းလို့ လာပြောတဲ့ပုံစံမျိုး ကျွန်တော်တို့ကို ရဲက ပြောတာပါ”

    ​BJP လွှတ်တော်အမတ်က ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ မိသားစုဝင်တွေထံသွားရောက်ကာ ကူညီပေးမယ်လို့ ပြောကြားခဲ့တဲ့အတွက် တရားမျှတမှုကို မျှော်လင့်လို့မရဘူးလို့လည်း ပါရ်ဗက်ဇ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အကြမ်းဖက်မှုအတွင်း မျက်စိမှာဒဏ်ရာရရခဲ့တဲ့ မိုဟာမက် နာဆီရ်က တရားရုံးက အမှုဖွင့်ပေးဖို့ အမိန့်ပေးထားပေမယ့် ရဲတပ်ဖွဲ့က သူ့ရဲ့ တိုင်ကြားမှုကို အခုအချိန်အထိ လက်မခံဘူးလို့ ဆိုပါတယ်။

    “အမှုမဖွင့်ပေးတဲ့အပြင် မတိုင်ဖို့ပါ သူတို့က ကျွန်တော့်ကို ဖိအားပေးပါတယ်”

    ရှေ့နေ မဟ်မူးဒ် ပရာချာရဲ့ ရုံးခန်းကို ဝင်မစီးခင်မှာ ရဲတပ်ဖွဲ့က လာရောက်ပြီး ရှေ့နေပြောင်းဖို့၊ မပြောင်းရင် တစ်ခြားအမှုတွေမှာ ဆွဲထည့်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း နာဆီရ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း ရဲတပ်ဖွဲ့ဟာ ကျူးလွန်သူတွေဖက်ပင်းတာမျိုး၊ အမှုကို ဖျက်လိုဖျက်ဆီးဖြစ်အောင် လုပ်တာမျိုး ရှိတယ်လို့လည်း ဝေဖန်ပြောကြားခဲ့ကြပါတယ်။

    ဒေလီရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အနီလ်မစ်တဲလ်က ဒီကိစ္စကို သူတို့ မသိဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    ဇန်နဝါရီ ၈၊ ၂၀၂၀
    M-Media

    ကိုဗစ်ကုနိုင်မည့် ဆေးသစ်နှစ်မျိုး ထပ်တွေ့

    ကိုဗစ်ကူးစက်နေသူတွေရဲ့ သေဆုံးမှုကို ၄ ပုံ ၁ ပုံအထိ လျှော့ချနိုင်မယ့် ဆေးနှစ်မျိုးကို ယူကေမှာ ထပ်တွေ့ခဲ့ပါတယ်။

    ခန္ဓာကိုယ်ထဲကို အစက်ချသွင်းရတဲ့ ဆေးမျိုးဖြစ်ပြီး tocilizumab နဲ့ sarilumab လို့ ခေါ်ပါတယ်။ ဗြိတိန် ကျန်းမာရေးဌာန NHS က အရေးပေါ်ဌာနတွေမှာ ဒီဆေးတွေကို စမ်းသပ်အသုံးပြုနေတာပါ။

    ဒီဆေးတွေဟာ အသက်ကယ်နိုင်သလို၊ ရောဂါလျင်လျင်မြန်မြန် သက်သာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ စျေးလည်း သိပ်မကြီးဘဲ ယူကေအစိုးရကတော့ ဆေး များများစားစားရရှိရေး ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

    ကိုဗစ်မူလဘူတကို ဖော်ထုတ်မည့်အဖွဲ့အား တရုတ်က ပြည်ဝင်ခွင့် မပေးသေး

    ကိုဗစ်ဗိုင်းရပ်စ်ပိုး ဘယ်လိုစတင်ခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုယ်စားလှယ်အဖွဲ့ကို တရုတ်က ပြည်ဝင်ခွင့်မပေးသေးပါဘူး။

    ကိုဗစ်ကို ၂၀၁၉ နှောင်းပိုင်းက ဝူဟန်မြို့မှာ စတွေ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝှမ်း ပြန့်သွားတာပါ။

    တရုတ်ရဲ့ ကနဦးခွင့်ပြုချက်ကြောင့် အဖွဲ့ဝင် ၂ ဦးပါတဲ့ WHO ကို ကိုယ်စားလှယ်အဖွဲ့က ဝူဟန်ခရီးစဉ်ကို ပြီးခဲ့တဲ့တစ်ပတ်က စတင်ခဲ့ပေမယ့် အခုတစ်ပတ်မှာတော့ ဝင်ခွင့်မပြုဘူးလို့ တရုတ်က ပြောပါတယ်။

    WHO ကို အကြီးအကဲက ဒီလုပ်ရပ်အတွက် အလွန်စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်ခွင့်ရရေး ညှိနှိုင်းနေပါတယ်။

    ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်ပတ်အတွင်း နိုင်ငံခြားသို့ အိန္ဒိယ တင်ပို့မည်

    နိုင်ငံမှာထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်ပတ်အတွင်း နိုင်ငံရပ်ခြားကို တင်ပို့နိုင်တော့မယ်လို့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

    ကမ္ဘာ့ကာကွယ်ဆေးတွေရဲ့ ၆၀ ရာခိုင်နှုန်းကို အိန္ဒိယက ထုတ်လုပ်ပေးနေတာပါ။ လက်ရှိ အောက်စဖို့ဒ်ကထုတ်တဲ့ ကာကွယ်ဆေးနဲ့ ပြည်တွင်းထုတ် ကာကွယ်ဆေး စုစုပေါင်း ၂ ခုကို အရေးပေါ်သုံးစွဲဖို့ အိန္ဒိယအစိုးရက ခွင့်ပြုထားပါတယ်။

    သူတို့ဆီက ထုတ်လုပ်မယ့် ကိုဗစ်ကာကွယ်ဆေးကို တောင်အာရှနိုင်ငံတွေ၊ ဆော်ဒီနဲ့ မော်ရိုကိုတို့ဆီကို ပထမဆုံး ပို့ဆောင်သွားဖို့လည်း အိန္ဒိယက စီစဉ်ထားပါတယ်။

    Ref: BBC