News @ M-Media

Blog

  • ရခိုင်မှ ရိုဟင်ဂျာဒုက္ခသည်များအတွက် ဆော်ဒီ ဒေါ်လာ သန်း ၅၀ လှူမည်။

    သြဂုတ်၊ ၁၂ ရက်၊ ၂၀၁၂

    ကိုးကား – ဘန်ကောက်ပိုစ်

    ရခိုင်ပြည်နယ် က ရိုဟင်ဂျာ ဒုက္ခသည်တွေ အကူအညီပေးဖို့  မြန်မာအစိုးရက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆော်ဒီအာရေးဗီးယား နိုင်ငံအခြေစိုက် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကထုတ်ပြန်ကြေငြာလိုက်ပါတယ်။ သောကြာနေ့က OIC ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် တို့ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာမှ မြန်မာအစိုးရ သဘောတူလိုက်တာဖြစ်ကြောင်း OIC က ပြောဆိုတယ်လို့ AFP သတင်းက ပြောပါတယ်။

    လူသားချင်းစာနာမှုဆိုင်ရာ အကူပေးရေး အစ္စလာမ်အဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင် ပဋိပက္ခဒဏ်ခံစားရသူ အားလုံးကို ကူညီလိုတာဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ကို OIC ကိုယ်စားလှယ်အဖွဲ့က အာမခံပြောကြားခဲ့တာ ဖြစ်ကြောင်းပြောပါတယ်။

    ဆော်ဒီဘုရင် အဗ်ဗဒူလာက ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ကို ကူညီဖို့ အမေရိကန်ဒေါ်လာ သန်း ၅၀ ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဆော်ဒီအခြေစိုက် SPA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    အာရဗ်စော်ဘွားများနိုင်ငံ (UAE) မှလဲ ရခိုင်ပြည်နယ်မျာ လူနည်းစု မွတ်စလင်မ်တွေရဲ့ ဆင်းရဲဒုက္ခတွေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

    ဇွန်လ ဆန်းပိုင်းက စတင်ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် အကြမ်းဘက်မှုတွေမှာ နှစ်ဘက်သေဆုံး သူ ၈၀ ၇ှိကြောင်း မြန်မာအစိုးရက ထုတ်ပြန်တဲ့ စာရင်းများအရ သိရှိရပါတယ်။

    ပြိးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့တွင် တူရကီ နိုင်ငံခြားရေးဝန်ကြီး  H.E. Mr. Ahmet Davutoglu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ရာတွင် တူရကီ ပြည်သူများမှ ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် ဒေါ်လာ သန်း ၅၀ လှူဒါန်းဖို့ အလှူငွေကောက်ခံရရှိ ပြိးဖြစ်ကြောင်း ဒုက္ခသည်များအတွက် ထပ်မံလှူဒါန်းလိုသူအများအပြားရှိသေးကြောင်းပြောကြားခဲ့တာကို နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြချက်အရ သိရှိရပါတယ်။

    တူရကီ နိုင်ငံခြားရေးဝန်ကြီး  H.E. Mr. Ahmet Davutoglu နှင့် တူရကီ ဝန်ကြီးချူပ် ကတော်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ သြဂုတ်လ (၁၀) ရက်နေ့မှာ ရခိုင်ပြည်နယ်သို့ သွားရောက်ပြိး ရိုဟင်ဂျာနှင့် ရခိုင် နှစ်ဘက် ဒုက္ခသည်များကို တွေ့ဆုံအားပေးခဲ့ပြီး ရိက္ခာပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။

  • ဆရာကြီးသာရှိခဲ့ရင်

    ဆရာကြီးသာရှိခဲ့ရင်

    မြတ်ထူးရာဇတ်

    Source: http://www.myanmarij.com/?p=4459

     

    ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဦးရာဇတ် အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးကို လူမှန်း သိတတ် ကတည်းက မိသားစုတွေ စာအုပ်စာတမ်းတွေက တစ်ဆင့်သိခဲ့ ကြားခဲ့ ရပါတယ်။ အခုလို ၆၅ နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည် လွတ်လပ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့တဲ့ လှုပ်ရှားနေဆဲ ဖြစ်တဲ့ ခေါင်းဆောင် များနဲ့ ပြည်သူလူထုကို အာဇာနည်ကြီးများက အားပေးဂုဏ်ယူဆဲ ပဲဖြစ်မှာပါ။

    ဆရာကြီးကို အဖိုးတစ်ယောက် အနေထက် လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ပိုမိုသိခဲ့ ပါတယ်။ ဘဝရှင်သန်ရေးအတွက် ဘယ်တိုင်းပြည်တွေမှာ ဘယ်လောက်ပဲ ရုန်းကန်နေရနေရ၊ မြန်မာပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းသာယာရေးကို နှလုံးသားထဲမှာ အမြဲစွဲနေ တာကတော့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ဖြစ်ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ နဲ့တကွ မိဘ၊ ဆရာသမားများနဲ့ ပြည်သူလူထု တို့ရဲ့ သွန်သင်ဆုံးမ အားပေးပံ့ပိုးမှု ကြောင့်ပဲလို့ မြင်မိပါတယ်။

    မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းသာယာရေး လမ်းစကို ပြန်လည်မြင်နိုင်စဖြစ်တဲ့ အခုအချိန်မှာ ဆရာကြီးကို မေးချင်တဲ့မေးခွန်းတွေကို အခုလိုမေးပါရစေ။

    ဆရာကြီးဟာ ပညာရေးကို ဗဟိုပြုပြီး အမျိုးသားစိတ် ထက်သန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေး တိုင်းပြည် လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေကို ပျိုးထောင်ပေးခဲ့တာ သိခဲ့ရပါတယ်။ အမျိုးသားကျောင်း ထွက်တွေဟာ စာရေးဆရာ/မ၊ ကျောင်းဆရာ/မ၊ ကုန်သည်၊ တပ်မတော်သား၊ အားကစားသမား၊ ပညာရှင်၊ နိုင်ငံရေးသမားစသဖြင့် ကဏ္ဍများစွာမှာ လွတ်လပ်ရေး အတွက် ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

    လက်ရှိအခြေအနေမှာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ငြိမ်းချမ်းသာယာရေးကို ပံ့ပိုးရေးအတွက် ပညာရေးစနစ်ကို ဘယ်နေရာတွေမှာ ဦးစားပေး ပြင်ဆင်တည်ဆောက်ဖို့ လိုပါသလဲ။ ဘယ်လို ဘာသာရပ်တွေကို အတန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ ဦးစားပေး တည်ဆောက်ရပါသလဲ။ ပညာရေး သာမက အမျိုးသား စီမံကိန်း ဝန်ကြီး ဖြစ်ခဲ့တာကြောင့် ပညာရေး စနစ်က မွေးထုတ်ပျိုးထောင် ပေးလိုက်တဲ့ လူငယ်တွေကို ဘယ်လို အလုပ်တွေ ဖန်တီးပေးပြီး ဘယ်လို ကဏ္ဍတွေမှာ ကျရာတာဝန်ကို ထမ်းဆောင်ပြီး တိုင်းပြည်အတွက် လုပ် ဆောင်စေသင့်ပါသလဲ။ သူတို့ရဲ့ ဆက်လက် ထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် တိုင်းပြည်က ဘယ်လို စီမံကိန်းတွေ ချပေးသင့်ပါသလဲ။

    လစာမရတစ်ချက် ရတစ်ချက်နဲ့ လုပ်ခဲ့တဲ့ အမျိုးသား ကျောင်းဆရာ တစ်ယောက်အနေနဲ့ အခုလက်ရှိ ပညာရေး စနစ်မှာ ရုန်းကန်လှုပ်ရှားပြီး မျိုးဆက်တွေကို ပညာပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ လူမှုရေး ဖွံ့ဖြိုးမှု အခြေအနေ တွေကို ဘယ်လို ပံ့ပိုးမြှင့်တင်ပြီး တိုင်းပြည်အနာဂတ်ရဲ့ ပညာရေးစနစ်ကို အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းမီ ဖြစ်နေအောင် လုပ်ဆောင်သင့်ပါသလဲ။

    ရဲဝန်ထမ်းဖခင်ရဲ့မေတ္တာရပ်ခံချက်ကို လေးစားစွာ ငြင်းဆန်ပြီး ရွှေတိဂုံ စေတီတော်မြတ်မှာ နယ်ချဲ့ ပညာရေး စနစ်ကို ဆက်လက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသား အနေနဲ့ သာမက ၁၃ဝဝပြည့် မန္တလေးသပိတ်မှာ ကျောင်းသားတွေကို သပိတ်မှောက်ဖို့ တိုက်တွန်း၊ ပံ့ပိုးအားပေးခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး ဖြစ်ခဲ့တဲ့ ဆရာကြီးကို “ဘာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုဟာ တိုင်းပြည် လွတ်လပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါသလဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေပြီး အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေ ဖြစ်မလာစေဖို့ အဘက် ဘက်ကို ဘယ်လို ကာကွယ် ဦးဆောင်ခဲ့ပါသလဲ” လို့လဲမေးချင်ပါတယ်။

    ပြည်ထောင်စု စည်းလုံးညီညွတ်ရေးအတွက် အဓိကကျတဲ့ အချက် တစ်ခုဖြစ်တဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ ရိုးရာဓလေ့ ထုံးစံနဲ့ ဘာသာစကားကို အပြန်အလှန် နားလည်လေးစားစွာနဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် ပညာရေးစနစ်ကနေ ဘယ်လို တစ်တပ်တစ်အား ပါဝင်သင့်ပါသလဲ။ (ဆရာကြီးရဲ့မိတ်ဆွေ လူထု ဦးလှရဲ့တိုင်းရင်းသား ရိုးရာပုံပြင်များ၊ ဆောင်းပါးများနဲ့ သွန်သင်ဆုံးမမှုများဟာ ကျွန်တော့်အတွက် တန်ဖိုးမဖြတ် နိုင်လောက်အောင်ကို အရေးပါခဲ့ပါတယ်။)

    ပြည်ထောင်စု ညီညွတ်ရေး အလံအောက်မှာ ဘာသာပေါင်းစုံကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိဖို့လိုသလို တိုင်းပြည်လွတ်လပ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကို ညီညွတ်စွာနဲ့ ဦးစားပေးသင့်ကြောင်းကို ဆရာကြီးရဲ့ မိန့်ခွန်းတွေမှာ ဖတ်ခဲ့ရပါတယ်။ လက်ရှိအခြေအနေ မှာ ဘာသာဝင်ပေါင်းစုံရဲ့ အပြန်အလှန် နားလည်မှု၊ လေးစားမှုနဲ့ ငြိမ်းချမ်း ညီညွတ်မှုတွေကို ဗဟိုပြုပြီး မြန်မာ ပြည်အနာဂတ်တိုးတက်ဖွံ့ဖြိုးရေး အတွက် ဘယ်လိုလုပ်ဆောင်သင့်ပါ သလဲ။

    မန္တလေး အမျိုးသားကျောင်းကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဖဆပလ ခေါင်းဆောင်များ၊ ကျောင်းသား    ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ နဲ့ ပြည်သူလူထုတွေဟာ နိုင်ငံရေး ခေါင်းဆောင်များ ညီညွတ်စွာနဲ့ တိုင်း ပြည်အကျိုးကို ဘယ်လို ပံ့ပိုးသင့်သလဲ ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေမှာ တပ်မတော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များဟာ ပြည်သူ့ဝန်ထမ်းများနဲ့ ၁၉၈၈ မျိုးဆက် ကျောင်းသား/သူများ အပါအဝင် ပြည်သူလူထုတွေနဲ့ ဘယ်လို နားလည်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်သင့်ပါသလဲ။

    ၁၉၄၇ ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့ “ပထမအကြိမ် အရှေ့တောင် အာရှ အပြည်ပြည်ဆိုင်ရာ ကျောင်းသားများ အစည်းအဝေးကြီးမှာ ဆရာကြီး မိန့်ကြားခဲ့တဲ့ Freedom Movement are Peace Movement မိန့်ခွန်းမှာ အိမ်နီးနားချင်း နိုင်ငံများ စည်းလုံးညီညွတ်ရေး၊ အင်အားကြီး နိုင်ငံတွေရဲ့ နယ်ချဲ့အုပ်စိုးမှုကို အစဉ်သတိပြုပြီး ကာကွယ် ဆန့်ကျင်ရေး၊ ကုလသမဂ္ဂ ဖွဲ့စည်းခဲ့တဲ့ ရည်မှန်းချက် တစ်ခုဖြစ်တဲ့ တိုင်းပြည်တိုင်းရဲ့ ကိုယ်ပိုင်ဆုံး ဖြတ်ခွင့်နဲ့ ငြိမ်းချမ်းစွာ ပူးပေါင်းနေထိုင်ရေးစတဲ့ အချက်တွေကို ရှင်းပြခဲ့သလို “လွတ်လပ်ရေး လှုပ်ရှားမှုသည် ငြိမ်းချမ်းရေး လှုပ်ရှားမှု”ဖြစ်ကြောင်းကိုလည်း တင်ပြခဲ့တာ ဖတ်ခဲ့ရပါတယ်။ လက်ရှိ အခြေအနေတွေမှာ အပြည်ပြည် ဆိုင်ရာ စီးပွားရေး မြှုပ်နှံမှု၊ သယံဇာတ ထုတ်ယူသုံးစွဲမှု၊ ပတ်ဝန်းကျင် ကျန်းမာမှု၊ ကမ္ဘာ့လူနည်း စုရဲ့ အာဏာနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှု၊ လူအများစုရဲ့စားဝတ်နေရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဦးစားပေး မှု၊ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိမှုတွေကို နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍကနေ ဘယ်လို လုပ်ဆောင်သင့်ပါလဲ။

    ဒီမေးခွန်းတွေဟာ အဖိုးမရှိခဲ့တဲ့ မြေးတစ်ဦးရဲ့မေးခွန်းတွေဖြစ်သလို ပြည်သူတစ်ယောက်ရဲ့ တိုင်းပြည် ခေါင်းဆောင် တစ်ဦးကို မေးချင်တဲ့ မေးခွန်းတွေလည်း ဖြစ်ပါတယ်။ ဆရာကြီးနဲ့တကွ အာဇာနည်များဟာ ဒီမေးခွန်းတွေကို အဖြေပေးဖို့ မရှိတော့ပါဘူး။ “ဖိုးလမင်းကို ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ပေးပါ”လို့ တောင်းနေ ရမယ့်အချိန်တွေကိုလည်း အများကြီး ကျော်လွန်ခဲ့ပါပြီ။

    ဒီမေးခွန်းတွေကို အဖြေပေးနိုင်မယ့်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နောက်မဆုတ်တမ်း လုံ့လစိုက် စွာနဲ့ ရုန်းကန် လှုပ်ရှားနေတဲ့ ပြည်သူလူထုတွေနဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်။

    အာဇာနည် ခေါင်းဆောင်ကြီးများနှင့်တကွ လွတ်လပ်ရေးနှင့် တိုင်းပြည် ပြန်လည်ထူထောင်ရေး ကဏ္ဍအသီး သီးမှာ ကျရာ တာဝန်ထမ်းခဲ့တဲ့ ထမ်းနေဆဲဖြစ်တဲ့ မြန်မာပြည်သူ ပြည်သား အားလုံး ရည်မှန်းခဲ့တဲ့ လူတိုင်း အတွက် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာဖို့ လမ်းကြောင်းမှန်ကို ဆက်လက် တည်ဆောက် နိုင်ပါစေလို့ မျှော်လင့် ဆန္ဒပြုပါရစေ။

  • ဘယ်မှာလဲ ဗမာမွတ်စလင်.

    ဌေးလွင်ဦး

    မြန်မာနိုင်ငံမှာ တိုင်းရင်းသား သို့မဟုတ် နိုင်ငံသား အသိအမှတ်ပြု အစ္စလာမ်သာသနာဝင် ၄ ရာနှုန်းရှိတယ်လို့ မြန်မာအစိုးရ အဆက်ဆက် တရားဝင်ပြောဆို ရေးသား ဖေါ်ပြခဲ့တယ်။ မွတ်စလင်တွေက ကလေးမွေးနှုန်း ကောင်းတယ်၊ လူဦးရေတိုးပွားနှုန်းမြန်တယ်လို့လည်း ပြောဆိုနေကြတယ်။ ဒါပေမယ့် (၁၉၄၈ ခုနှစ်ကတည်းက ဖေါ်ပြတဲ့ ၄ ရာနှုန်းက ၂၀၁၂ ခုနှစ် (နှစ်ပေါင်း ၅၄ နှစ်မှာလည်း) ၄ ရာနှုန်းက အပြောင်းအလဲ မရှိသေးပါ။ ဒီ အချက်ဟာလည်း မြန်မာမွတ်စလင်များကို ကြီးထွား တိုးပွားနှုန်း ရပ် တန့်နေအောင် သံမဏိပုံစံခွက်အတွင်း သွပ် သွင်းထားကြောင်း ထင်ရှားတဲ့ သက်သေတစ်ရပ် ဖြစ်နေတယ်။

    ထိုင်းနိုင်ငံ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်တဲ့ ၂၀၀၉ နိုင်ဝင်ဘာလ သတင်းမှာ မြန်မာနိုင်ငံအတွင်း မွတ်စလင် အနည်းဆုံး ၁၁ သန်း ရှိတယ်လို့ ဖေါ်ပြတယ်။ ထိုင်းလူ့အခွင့်အရေး အဖွဲ့ဦးဆောင်သူများက ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါတယ်။ ဘာသာ ချင်းတူသော်လည်း အရှိကို အရှိအတိုင်း လက်ခံနိုင်အား ရိုးသားဖြူစင်မှု ကွာခြား နေပါတယ်။အခု ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သုတ်သင်မှု ပြသနာပေါ်လာတော့-၊ ကမ္ဘာ့လူ့အခွင့်အရေး အဖွဲ့များ ကမ္ဘာ့မွတ်စလင်များက မခံမရပ်နိုင်ဖြစ်လာပြီး- အရေးယူမယ် တကဲကဲ ဖြစ်လာကြတယ်၊

    ဒီကိစ္စကို တရုတ်က ၀င်ရောက်စွက်ဖက်ရင် OIC က တရုတ်ကိုလည်း ရေနံဖြတ်ပစ်ဘို့ စီစဉ်ထားတယ်- ဒါကြောင့် တရုတ်ကြီးကလည်း OIC နဲ့ ထိပ်ဆိုင်မတိုးရဲဘဲ ရှောင်ဖယ်ဖယ် လုပ်နေရတယ်။ အမေရိကန်ကလည်း တရုတ် ကို ခါးရိုက်ချိုးချင်တော့ OIC နဲ့ တရုတ် ထိပ်ဆိုင်တွေ့ပါစေလို့ မြန်မာအရေးထဲ တရုတ်ဝင်လာဘို့ ဆုတောင်းနေ တယ်။ဒါတွေကို ရိပ်စားမိတဲ့ မြန်မာ လက်ရှိအစိုးရက တရုတ်ကိုလည်း အကူအညီမခေါ်ရဲ၊ ကုလားကိုလည်းမုန်း၊ မွတ် စလင်နဲ့ ခရစ်ယာန်တို့ အပေါ် ဘာသာရေးစစ် ဆင်နွဲနေတဲ့ ရခိုင်မျက်ကန်း မျိုးချစ်များနဲ့ အမျိုးသားရေးဝါဒီ ဘုန်းကြီးများကိုလည်း ကြောက်ရ- ကြားညပ်နေရပြီး ဘယ်လိုထွက် ပေါက်ရှာရမလဲ ခေါင်းကိုက်နေရချိန် ဖြစ် နေတယ်။ဒီအခြေအနေမှာ “ကျွန်တော်တို့ နိုင်ငံက မည်သည့်ဘာသာကို မဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြု ထားပါတယ် အခုဖြစ်တာက လူမျိုးရေးပြသနာပါ၊ ဘာသာရေး ပြသနာ မဟုတ်ရပါ၊ ကျွန်တော်တို့နဲ့ မြန်မာ မွတ်စလင်တွေက သင့်မြတ်ပြေလည်ပါတယ်၊” ဆိုပြီး မြန်မာမွတ်စလင်တွေကို ထုတ်ပြဘို့ ကြိုးစားနေတယ်။
    ဒီစကားကို ဒီမိုကရေစီ ဘက်တော်သားလို့ ခံယူထားသူများကိုယ်တိုင်က ခပ်တည်တည်နဲ့ လျှောက်ပြောနေ တာ ကိုတွေ့ရပါတယ်။

    ဒီတော့ ခင်ဗျားတို့ ပြောပြောနေတဲ့ မြန်မာမွတ်စလင် ဆိုတာ ဘယ်မှာလဲ၊ ဘယ်သူတွေကိုခေါ်တာလဲ၊ ခင်ဗျားတို့ရဲ့ နှလုံးသားမှာကော အမှန်တစ်ကယ် မြန်မာမွတ်စလင် ဆိုတာ မြန်မာနိုင်ငံသား အခွင့်အရေး အပြည့် အ၀ ရထားတဲ့ လူမျိုးထဲက သူ့ဟာသူ အစ္စလာမ်သာသနာကို ကြိုက်နှစ်သက်လို့ ကိုးကွယ် ယုံကြည်ထားသူများ ဖြစ်တယ်၊ တိုင်းရင်းသား၊ နိုင်ငံသား ညီနောင်တွေ ဖြစ်တယ်လို့ တစ်ကယ်တမ်း ခံစားနေပါသလား၊-လို့ မေးစရာ ဖြစ်နေပါတယ်

    မြန်မာနိုင်ငံမှာ ခင်ဗျားတို့ သတ်မှတ်ထားသလို မြန်မာ့လူဦးရေရဲ့ ၄ ရာနှုန်းကို လူမျိုးမြန်မာ (သို့မဟုတ် တိုင်းရင်းသား လူမျိုးထဲက တစ်ခုခု) ကိုးကွယ်သည့် ဘာသာ အစ္စလာမ် ရယ်လို့ နိုင်ငံသား စီစစ်ရေးကဒ်ပြား ထုတ်ပေးထားတာ ရှိပါသလား။ဘ၊ဘိုး၊ ဘေ၊ ဘီ၊ ဘင် လက်ထက်ကတည်းက ရခိုင်အစစ်၊ မျိုးရိုးထဲမှာ အာရ်ဗီနာမည်နဲ့ သူတစ်ဦးမှ မရှိ၊ မည်သည့်ကုလား စကားကိုမှ မတတ်တဲ့ လူမျိုး- ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် မှတ်ပုံတင် လုပ်တော့- ရှေ့က ဘင်္ဂါလီ ဆိုတာကို တွဲထည့်ရမယ်ဆိုလို့ မှတ်ပုံတင်ရုံး အရာရှိ ဦးတင်ငွေနဲ့ ပြသနာ အကြီးအကျယ် တက်ခဲ့ရ တယ်၊-

    ဒါတောင် အဲ့ဒီ အချိန်မှာ ပြည်သူ့ရဲဘော် အရာရှိဟောင်းရဲ့ သားအရင်း၊ ကျွန်တော်ဟာ ရခိုင်ပြည်နယ် စ၀တ ဥက္ကဌရဲ့ တူ အရင်း၊ မဆလ ခေတ် နောက်ဆုံး နေ့ထိ တောင်ကုတ်မြို့နယ် ကောင်စီဥက္ကဌရဲ့ တူအရင်း၊ ဘကြီး (အဖေ့အကို)၊ ဦးလေး (အဖေ့အောက်ညီ နှစ်ဦး) အားလုံး စစ်တပ်ထဲမှာ အရာရှိကြီးများ၊ အကိုအရင်းနဲ့ အကိုဝမ်းကွဲ အနည်းဆုံး ဆယ်ဦးထက်မနဲ စစ်တပ်က အရာရှိများ ဖြစ်ပြီး ပတ်သက်နေသူ တစ်ဦး၊ ရောက်ရာ အရပ်မှာ လူငယ်တိုင်း ပညာတတ်စေဘို့ စာသင်ပေးနေတဲ့ လူမှုဝန်ဆောင် ဆရာတစ်ဦးအဖြစ် ဒေသိကဆိုင်ရာ လူသိများသူ တစ်ဦးကိုယ်တိုင် မြန်မာအစိုးရရဲ့ ပေါ်လစီအောက်မှာ ငြိနေခဲ့ရတယ်။မှတ်ပုံတင် ဌာနက အရာရှိဖြစ်နေတဲ့ ဦးတင်ငွေ ဆိုသူ ကိုယ်တိုင်က ကျွန်တော့ အဖိုးအရင်း တောင်ကုတ်မြို့မှာ ရဲအရာရှိ ဘ၀နဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ်က အနည်းဆုံး ၅ နှစ်လောက် ကျွေးမွေးစောင့်ရှောက်လိုက်လို့ ပညာတတ်လာ သူ ဖြစ်ပြီး ကျွန်တော့ကို ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်သိနေသူ ဖြစ်တယ်။ ကျွန်တော်နဲ့ပြသနာ တက်တော့ သူက “ငါ့တူ- မင်းကို ဦးလေး သိတယ်၊ မင်းမိဘ၊ ဘိုးဘွားအားလုံးကိုလည်း ဦးလေး သိတယ်၊ မင်းတို့က တိုင်းရင်း သား အစစ် ဆိုတာလည်း ဦးလေးသိတယ်၊ ဒါပေမယ့် ဦးလေးလည်း ပေါ်လစီ အောက်မှာ ဘာမှ လုပ်မပေးနိုင် ဘူး၊ ဦးလေးကို နားလည်ပေးပါ၊ တစ်ကယ်လို့ ငါ့တူ ခရီသွားလိုရင် ဦးလေး အနေနဲ့ သီးခြား ထောက်ခံစာ တစ် စောင်ရေးပေးမယ်၊”လို့ ပြောရှာပါတယ်။

    မြန်မာနိုင်ငံသားထဲက တစ်ဦးဦးက အစ္စလာမ်သာသနာကို ကိုးကွယ်မိလိုက်တာနဲ့ အနည်းဆုံး ဘင်္ဂါလီ+ ဗမာ။ အိန္ဒိယ+ ဗမာ။ ပါကစ္စတန် + ဗမာ — (သို့မဟုတ် နိုင်ငံခြားသား+ တိုင်းရင်းသား တစ်မျိုးမျိုး) မထည့် မနေရ ပေါ်လစီနဲ့ ရှေ့က တစ်ခုခု ထည့်ထားရတာချည်း ဖြစ်နေပါတယ်။ဒါတွေကို – ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချစ်ပါတယ် ဆိုတဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ ၀န်ဆောင်သူများ၊ လူ့ အခွင့်အရေး အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာ ၀န်ဆောင်ပုဂ္ဂိုလ်များ မေတ္တာထားပါလို့ တစ်စာစာ အော်နေတဲ့ ဘာ သာရေး ၀န်ဆောင် ပုဂ္ဂိုလ်များ ကြောင်တောင်ကန်းနေကြလေသလား–၊ လို့ မေးစရာ ဖြစ်နေပါတယ်။

    ဌေးလွင်ဦး

    ဆက်လက်ဖော်ပြပါမည်။

  • ကုလားခေါ်ခေါ် ဘာခေါ်ခေါ် ငါမြန်မာပဲ

     ဇော်သီဟ (လေးမြစ်)

    သူငယ်ချင်း၊ မပြောမပြီး မတီးမမြည်မလို့  ပြောစရာရှိတာ ပြောရအုံးမယ်။ မင်းနဲ့ ငါက မူကြိုကတည်းက ပုခုံးဖက်ကြီး လာတယ်။ မင်းအမေနဲ့  ငါ့အမေက ငယ်သူငယ်ချင်းတွေဆိုတော့ မင်းနဲ့ ငါ ပိုပြီး သူငယ်ချင်းသံယောဇဉ်ကြီးခဲ့တယ်။ နေတဲ့ ရပ်ကွက်ချင်းကလည်းတူတော့ မင်းအိမ်မှာငါလာကစားသလို ငါ့အိမ်လည်း မင်းရဲ့ စားအိမ်သောက် အိမ်ဖြစ်ခဲ့တယ်။ နှစ်တွေဘယ်လောက်ပြောင်းပြောင်း ဘယ်နှစ်တန်းရောက်ရောက် အရပ်ပုတဲ့ မင်းနဲ့ ငါ ရှေ့ ဆုံး တန်းမှာ အတူတူထိုင်ရလို့  မင်းနဲ့ငါက ဘယ်သွားသွား တပူးတွဲတွဲပိုဖြစ်ခဲ့တယ်။ ဆေးလိပ်တစ်လိပ်ကို အတူတူ စမ်းသောက်ခဲ့လို့  ဆေးလိပ် စသောက်တတ်တဲ့ နေ့ နဲ့  စသောက်ဖြစ်တဲ့ဆေးလိပ်တောင် တလိပ်တည်းဖြစ်ခဲ့တယ်။

    ရှစ်တန်းပြီးလို့  အထက်တန်းကျောင်းပြောင်းမှ မင်းနဲ့ငါကျောင်းကွဲသွားတယ်။ တက္ကသိုလ်တွေ ဆက်တက်ရင်း တယောက်တ မြို့ ပြောင်းရင်း ၁၀ နှစ်ကျော်မှ ဖေ့စ်ဘွတ်မှာ ပြန်တွေ့ ရတော့ ငါ့သိပ်ဝမ်းသာတယ် သူငယ်ချင်း။ မင်းပို့ ပေးတဲ့ ငါတို့ ငယ်ငယ်တုန်းက တွဲရိုက်ထားတဲ့ဓာတ်ပုံကိုလည်း ငါ့ဖေ့ဘွတ်မှာ တင်ထားတယ်။

    ဒါပေမဲ့ မင်းရဲ့  ခုတလော ဖေ့ဘွတ်စတေ့တပ်မှာ ကုလား ကုလား ဆိုပြီး ပြောနေတာတွေ သတိထားမိတယ်။ ပေါက်တတ်ကရဖြစ်နေတဲ့ ရခိုင်အရေး ဘာမှမပြောချင်လို့  ပါးစပ်ပိတ်နေပေမယ့် မနေ့ ညက “ထမင်းကျွေးတဲ့လက် ပြန်ကိုက်တယ်” ဆိုတဲ့ စတေ့တပ်တခု ပြန်ရှဲထားတာတွေ့ လို့  ငါဒီစာကိုရေးလိုက်တယ်။ မင်းဘယ်တုန်းက ကုလားမုန်းတီးရေး ဇာတ်ထဲဝင်သွားလဲ ငါမသိဘူးလိုက်သူငယ်ချင်း။

    ပထမဦးဆုံးအနေနဲ့  မင်းရဲ့ ငယ်သူငယ်ချင်း (ငါ့ကိုသူငယ်ချင်းလို့ သတ်မှတ်သေးရင်) ငါက ကုလားဆိုတာ မင်း အမှတ်ရစေချင်တယ်။ ငယ်ငယ်တုန်းက “ကုလား” ဆိုတဲ့ စကားလုံးကြားရင် ငါတော်တော်ခါးသီးတယ်ဆိုတာ မင်းအသိပဲ။ ငါ့ကို ဆရာမတွေက ကုလားလေး ကုလားလေး ဆိုပြီး ခေါ်တာလည်း ငါသေလောက်အောင် မုန်းတယ်။ ကုလားဆိုပြီးအခေါ်ခံရတိုင်း အသည်းနှလုံးထဲကို အပ်နဲ့ ထိုးမွေခံ လိုက်ရသလိုနာကျင်တယ်။ စကားများချင်းအတူတူ သမိုင်းဆရာမက ငါ့ကို စကားများတယ် ဒီကုလားဆိုပြီး ပါး ရိုက်တုန်းက ငါ ကျောင်းထွက်ဖို့ အထိလုပ်တာ မင်းအသိပဲ။

    ဒါပေမဲ့ အခုရခိုင်-ရိုဟင်ဂျာပြသနာဖြစ်တော့ ငါ့စိတ်ပြောင်းသွားပြီ။ ငါတို့ ဖက်က တသက်လုံးပြောလာတယ်။ ငါတို့ တွေက မြန်မာပြည်မှာမွေး  မြန်မာပြည်မှာကြီးတဲ့လူတွေ၊ မြန်မာပြည်က ငါတို့ ပြည်၊ ငါတို့  အားထားရာ၊ ငါ တို့ သစ္စာထားရာ၊ ငါတို့ အလုပ်အကျွေးပြုရာမြေဆိုတာ။ ပြောရပေါင်းလည်းများပြီ။ တောင်းပန်ရပေါင်းလည်း များပြီ။ အောက်ကျို့  နှိမ့်ချရပေါင်း လည်းများပြီ။ မင်းတို့ ခြေဖက်နမ်းပြီး တောင်းပန်တောင် အားရကျေနပ်ကျမယ်မထင်ဘူး။

    မင်းတို့ တွေ ဆဲသမျှ ဆိုသမျှခံရတာ ငါတို့  ကုလားတွေချည်း မဟုတ်တော့ဘူး။ ငါတို့  ဘုရားလည်း အစော်ကားခံရပေါင်းများပြီ။ ငါတို့  သည်းခံနေသလောက်၊ နှုတ်ပိတ်ပြီး နေပေးနေသလောက် မင်းတို့ ဘက်က အားမရသေးဘဲ ပိုလို့ တောင် ဆိုးလာနေတော့ ငါတို့ လည်း မြန်မာဆိုပြီး ဇွတ်ခံယူနေစရာမလိုတော့ဘူး။ အခု ငါ့ကိုငါ ကုလားလို့ ပဲ ခံယူတယ်။ ရှေ့ဆက်လည်း ငါ့ကိုငါ ကုလားလူမျိုး လို့  ပဲခေါ်မယ်။ ဟုတ်တယ်လေ။ ငါတို့ က မြန်မာဖြစ်ချင်ပါတယ်ဆိုပြီး ပြောနေတာ မင်းတို့ က မှ လက်မခံတာကိုး။ အတ္တတွေဖုံးပြီး မကြားနိုင်တာလား၊ အမုန်းတရားတွေပွားပြီး ကန်းနေတာလားတော့ မသိဘူး ငါတို့ ကို ကုလား ကုလားဆိုပြီးခေါ်၊ ကုလား လူမျိုးဆိုပြီပြောနေ တယ်မလား။ တနေ့ တချိန်မှာ ငါတို့ ဟာ ကုလားလူမျိုးဖြစ်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ကြွေးကြော်တဲ့အခါ “မင်းတို့  ဟာ မြန်မာတွေပါ၊ မြန်မာပြည်မှာ မွေးလို့  မြန်မာ့အကျိုးကို သယ်ပိုးပါ၊” လို့  လာမပြောမိစေနဲ့ ။ ကုလားအကျိုး ဦးစိုက်လုပ်ခါမှ မြန်မာအကျိုးသယ်ပိုးပါလို့  မပြောမိစေနဲ့ ။ ငါတို့ မြန်မာပါဆိုတာ မင်းတို့ က လက်မခံဘဲ ကုလားဆိုပြီး အစွမ်းကုန်နှိပ်ကွပ်နေကြတယ်။ ငါတို့ ကို မြန်မာနဲ့  ဘာမှမဆိုင်သလို ပြောချင်သလို ပြော ဆဲချင်သလိုဆဲ နေကြတာကိုတော့ ဒီတသက်မမေ့ဘူးသူငယ်ချင်း။

    ငါတို့ မိသားစု၊ ငါတို့ အသိုင်းအ၀ိုင်းအားလုံး ဗမာအ၀တ်အစားဝတ်၊ ဗမာလိုနေ၊ ဗမာစကားပြောတာ မင်းအသိ နော်။ ငါ့ဆီမှာ ကုလားအကျီအရှည်တထည်မှ မရှိတာလည်း မင်းအသိ။ ဗလီအုပ်ထုပ် တောင်မှ ဗလီအ၀င်မှ ဆောင်း၊ ပလီကထွက်တာနဲ့  ခေါက်ပြီး အိပ်ကပ်ထဲထည့်ပြန်လာတယ်။ ငယ်ငယ်တုန်းက လူမြင်မှာစိုးလို့ ဆိုပြီး အုပ်ထုပ်အမည်းရောင်တထည် မင်းနဲ့ အတူသွားဝယ်ဖူးတာ မင်းမှတ်မိလေမလားပဲ။ ငါ့အဖေအမေ၊ ငါ့အဖိုးအဖွား၊ ငါ့ဦးလေး အဒေါ်တွေအားလုံးလည်း ကုလားလိုဝတ်တာ တယောက်မှမရှိဘူးဆိုတာ မင်းမျက်မြင်ပဲ။ ငါ့အမေအမ တွေလည်း ဘုရားဝတ်ပြုမှ၊ ကျမ်းစာဖတ်မှ ဆံပင်လုံရုံ ပုဝါခြုံတာပါ။ အကျီအရှည်ကြီးတွေ မ၀တ်မသလို ခေါင်းတွေ မျက်နှာ တွေမအုပ်ထားပါဘူး။ ဗမာမဖြစ်ဖြစ်အောင် အတင်းလိုက်လုပ် နေတာမ ဟုတ်ဘူး သူငယ်ချင်း။ ယဉ်ကျေးမှုနဲ့ ဘာသာရေး ကွဲကွဲပြားပြားကျင့်သုံးတာပါ။

    တခါတလေစဉ်းစားမိတယ်။ ဒီလောက် မြန်မာလိုနေတာကို မြန်မာမဟုတ်ဘူး၊ ကုလားပါဆိုပြီးပြောနေမှတော့ ငါ့မိသားစု ငါ့အသိုင်းအ၀ိုင်းနဲ့ ငါတို့  ကုလားတွေအားလုံး ကုလားလိုနေ၊ ကုလားစကားပြော၊ ကုလားလိုဝတ်စားကြအောင်ပဲ ကမ်ပိန်းလုပ်ရရင်ကာင်းမလားလို့ ။ ကုလား ကုလားပီပီ နေပြကြလိုက်တာပေါ့။ မကောင်းဘူးလား။ အပြောခံနေရမှတော့ မထူးဘူးလေ၊ လက်တွေ့ လုပ်ပြလိုက်ကြည့်ချင်တာပေါ့ကွာ။ ငါ့အဖေကိုလည်း တိုက်ပုံဝတ်မဲ့အစား ကုလားအကျီရှည်ပဲပြောင်းဝတ်ပါလို့ ပြောမယ်။ ငါလည်းဒီလိုပဲ ၀တ်မယ်။ ငါ့အမေ အမ တွေကိုလည်း မြန်မာဆန်ဆန်ဝတ်မဲ့အစား အ၀တ်အရှည်တွေဝတ်ပြီး ခေါင်းဆောင်းဖို့ ပြောမယ်။ ငါ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲဝတ်ခိုင်းမယ်။ ငါတို့ တမိသားစုလုံး ကုလားစကားမတတ်ဘူးဆိုတာလဲ မင်းအသိ။ ငါတို့ တော့ အသက်ကြီးပြီ မသင်နိုင်တော့ဘူး။ ဒါပေမဲ့ ကုလားပီသအောင် ငါတို့ အသိုင်းအ၀ိုင်းထဲက ကလေးတွေ နောင်လာနောက်သားတွေကို ကုလား စကားပြောတတ် အောင်သင်ပေးမယ်။ ကုလားစကားပဲပြောခိုင်းမယ်။ မြန်မာယဉ်ကျေးမှုထက် ကုလားယဉ်ကျေးမှုကို ပိုပြီး အားပေးမယ်။ ငါတို့ ဖက်က မင်းတို့ ခေါ်ခေါ်နေတဲ့ ကုလားလို ပီပီသသနေလာခါမှ  မြန်မာ့ယဉ်ကျေးမှုကို မလေးစားဘူးလို့ မ ပြောမိစေနဲ့ သူငယ်ချင်း။ မင်းတို့ ပြောပြောနေတဲ့ ဒေါင်းယောင်ဆောင်တဲ့ ကျီးလို့  အခေါ်ခံရမဲ့အစား ကုလား ကုလားလိုနေပြလိုက်ချင်တယ်ကွာ။

    စကားလုံးတွေနဲ့  ချိန်းခြောက်နေတာမဟုတ်ဘူးသူငယ်ချင်း။ စိတ်ထဲမှာ ရှိနေတာကို ရင်ဖွင့်တာ။ ငါက ငယ်ကျင့်မ ပျောက်သေးဘူးလို ပြာရမလားပဲ၊ အရွဲ့ တိုက် တုန်းပဲ။ ပလီမရောက်ဖြစ်တဲ့ငါတယောက် အခုပလီပြန်တက်ဖြစ်နေပြီ။ အခုဥပုဒ်လလည်း ဥပုဒ်ပြန်စောင့်ဖြစ်နေပြီ။ ကျမ်းစာမသင်ချင်လို့ ဗလီကျောင်းပြေးပြီး မင်းဆီလာကစားလို့  ခနခနအရိုက်ခံရတဲ့ငါတယောက် ငါ့အသိနဲ့ငါ ကျမ်းစာဖတ်တတ်အောင် ကြိုးစားနေတယ်။ ကျမ်းစာအဓိပ္ဗါယ်နားလည်အောင် မြန်မာဘာသာပြန်တွေ ဖတ်ဖြစ်နေပြီ။ ဒီအချက်အတွက်တော့ မင်းတို့ လို ကုလားမုန်းတီးရေးသမားတွေကို ကျေးဇူးတင်ရမလိုပဲ။

    မင်းရဲ့ စတေ့တပ်တခုအကြောင်းပြောချင်တယ်ကွာ။ မင်းကြိုက်မကြိုက်တော့မသိဘူး ဒဲ့ပဲပြောတော့မယ်။ မင်းက ကုလား (မွတ်စလင်) တွေကို ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တယ်လို့ ဆိုလို့ပါ။ ငါမင်းအိမ်မှာ တခါတရံ ထမင်း လိုက်စားဖူး ပါတယ်။ ငါမင်းတို့ မိသားစုအပေါ် တခါမှ ကျေးဇူးမကန်းဖူးပါဘူး။ ကန်းဖူးရင် ပြောပါ။ မင်းအိမ်မှာ တသက်လုံး အစေခံပါ့မယ်။ မင်းလည်းငါတို့ ဆီမှာ စားဖူးပါတယ်။ ငါတို့  ၆ တန်း ရ တန်းလောက်အထိ မင်းအမေ ဈေးရောင်းတော့ ညနေ အချိန်ပိုဆင်းတဲ့အထိ (၄း၃၀ အထိ) မင်းအမေ အိမ်ပြန်မရောက်လို့  ငါ့အိမ်မှာ နေ့တိုင်း ညနေစာလိုက်စားတာ မင်း ခုထိ မှတ်မိအုံးမှာပါ။ မင်းရော ငါရော ငါ့မောင်နှမတွေရော ကြိုက်တဲ့ ချာပါတီ ဒါမှ မဟုတ် ပူရီးကို အညော်ခံပြီး ခနခနလုပ်ကျွေးတဲ့ ငါ့အမေ လက်ရာကို မင်းလွမ်းတယ်ဆို။ ငါတို့ လို ချာပါတီကို ကြက်ဥကျော်နဲ့ မစားတတ်ဘူးဆိုလို့  တကူးတက ပဲပြုတ်နဲ့  ကြက်သွန်နီသုတ်ပေးတဲ့ ငါ့အမေကို မင်းလွမ်းတယ်ဆို။ ၁ ရက် ၂ ရက် မဟုတ်ဘူးနော သူငယ်ချင်း။ နှစ်နဲ့ ချီ မင်းကိုချက်ကျွေးခဲ့တဲ့ ငါ့အမေက အခုတော့ မင်းအခေါ် ကုလားမပေါ့ကွာ။ အခု ဖေ့ဘွတ်ပေါ်မှာ အင်မတိအင်မတန် ခေတ်စားနေတဲ့ မရှက်မကြောက် မအေနှမ ဆဲနည်းတွေနဲ့ တော့ ငါ့အမေကို မင်းမဆဲလောက်ပါဘူးနော်။

    အဲ့ဒီကုလားမကပဲ မင်းအမေ သားအိမ်ခွဲထုတ်ဖို့ လိုတဲ့ငွေကို အိမ်ပေါက်စေ့လှည်ပြီး လိုက်ချေးပေးခဲ့တာပဲမဟုတ်လား။ မတတ်နိုင်သေးဘူးဆိုလို့  အတိုးကို အဲ့ဒီ ကုလားမ ငါ့အမေကပဲ သမီးအပျိုပေါက် လည်ပင်းက မရှိမဲ့ရှိမဲ့ ရွှေဆွဲကြိုးပေါင်ပြီး စိုက်ပေးခဲ့တာပဲမလား။ တခြားကူညီခဲ့တာတွေကိုတော့ ထပ်မပြောတော့ဘူး။ ငါတို့ ကူညီပေးခဲ့တာကို ဂုဏ်ဖော်ချင်လို့ လည်းမဟုတ်ဘူး သူငယ်ချင်း။ မင်းရဲ့ စကားလုံးတွေက ငါတို့ လို ကုလား ဆိုတဲ့ လူတွေပေါ် အရမ်းစော်ကားထိုး နှက်နေလွန်းလို့ ပါ။ သားရေပေါ်အိပ် သားရေနားစားဆိုတဲ့ စတေ့တပ်မှာ မင်းက “ပြောလိုက်စမ်းပါ” ဆိုပြီးရေးထားသေးတော့ ငါတို့  ကုလားတွေကို ခွေးတွေလို့  သဘောထားတာကို မကျေနပ်လွန်းလို့ ပါ။

    မင်းနဲ့  မင်းဖေ့ဘွတ်သူငယ်ချင်းတွေ ပြောနေတဲ့ထဲမှာ ရှိပါသေးတယ်။ ကုလားတွေ ငါတို့ မြေပေါ်နေ ငါတို့ ရေပေါ် သောက်ပြီး ငါတို့ ကို စော်ကားနေတယ်ဆိုတာ။ မင်းတို့ ပြောတာ ကုလားဆိုတာ ဘာကိုပြောတာလဲ အတိအကျ မဖွင့်ဆိုထားဘဲ ၀ါးလုံးသိမ်းပြီးရမ်းနေတော့ ရိုဟင်ဂျာတင်မက ကျန်တဲ့ မြန်မာပြည်က မွတ်စလင်ကိုလည်း ပြောနေတာပဲမလား။ ဒီလိုဆိုရင်ပြောမယ်ကွာ။ ငါတို့ က ငါတို့ မြေပေါ်ငါတို့ နေတာ။ ဒီမြေ ဒီမြို့ ကြီးပေါ်မှာနေလာတာ ငါတို့  ဘီ (အဖိုးအဖွားမိဘ) လက်ထက်ကတည်းကကွ။ သူတို့ ကိုလည်း ကုလားပြည်က ၀င်လာတာလို့ မထင်လိုက်နဲ့ ၊ အနီးအနားက ရွာတွေက ဒေသခံစစ်စစ် လယ်သမားတွေ။ ငါတို့ ကကိုယ့်ထမင်းကိုယ်စား ကိုယ့်မြေပေါ်ကိုယ်နေတာ။ ဘယ်သူကိုမှလည်း မစော်ကားဘူး။ သားရေပေါ်နေ သားရေနားစားရအောင်လည်း ခွေးမဟုတ်ဘူး။ ကျွေးတဲ့လက် ပြန်ကိုက်တာ ငါ တို့ မဟုတ်ဘူး သူငယ်ချင်း။ မင်းလည်း မဟုတ်ပါစေနဲ့ လို့  ငါမျှော်လင့်တယ် (ဆုတော့ မတောင်းပေးတော့ဘူး၊ ငါ့ဘုရား မင်းကြိုက်မှာလည်းမဟုတ်ဘူး)။ ငါတခုတော့ သတိပေးမယ် သူငယ်ချင်း။ မင်းအဖေက ဗမာ (သို့ ) မြန်မာစစ်စစ်မဟုတ်ဘူးနော်။

    ရခိုင်-ရိုဟင်ဂျာပြသနာဖြစ်တော့ မတရားတာတွေ တခုပြီးတခုတွေ့ နေရတော့ ငါ့တို့  ကုလားတွေ အကြောင်း ငါ သေချာပြန်စဉ်းစားဖြစ်တယ်။ အရင်က မတွေးဖြစ်တာတွေ တွေးမိတယ်။ ကုလားဆိုပြီး အနှိမ်ခံရတဲ့ ငါက ငါ့ကိုယ်ငါ ဒုတိယ တန်းစား နိုင်ငံသားလိုစိတ်ထဲဖြစ်မိတယ်။ သေချာ ပြန် စဉ်းစားကြည့်တော့ ငါက ဘာကိစ္စ ဒုတိယတန်းစား နိုင်ငံသားလို့ ထင်ရမှာလည်း။ ငါ့မြေပေါ်မွေး ငါ့ထမင်းငါစားပြီး ငါ့အလုပ်ငါလုပ်တာပဲ။ ငါက အစ္စလာမ်ဘာသာ ကိုးကွယ်တာတ ခုတည်းနဲ့  အဆင့်နှိမ့်သွားရောလား။ ဒီမှာသူငယ်ချင်း ငါ့မှာ ငါ့အခွင့်အ ရေးအပြည့်အ၀ရှိတယ်။ ငါလည်း မြန်မာစစ်စစ်ပဲ။ ငါတို့ အ ခွင့်အရေးကို ချိုးဖောက်နေတဲ့ လူတွေရဲ့  အပြောအဆို အဆက်အဆံတွေ အမြင်တွေကို လက်ခံမှ ဒုတိယနိုင်ငံသားဖြစ်မှာ။ ငါလက်မခံတော့ဘူး သူငယ်ချင်း။ လက်ခံဖို့ လည်းမလိုဘူး။ လက်ခံစရာလည်းမဟုတ်ဘူး။ အရင်က ငါ့ကိုယ်ငါ သိမ်ငယ်မိခဲ့တာတွေအတွက် ငါနောင်တရတယ်။

    တကယ်တော့ ငါဟာ အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုး။ နိုင်ငံခြားက၀င်လာပြီး ကပ်စားနှပ်စားမဟုတ်။ ငါဟာ ငါ့ဘီဘင်တွေခေါင်းချတဲ့ မြေပေါ်မှာမွေးတဲ့ ပထမအဆင့်နိုင်ငံသား (ဒုတိယအဆင့်နိုင်ငံသားမဟုတ်ဘူး)။ ငါ့မာန ငါ့သိက္ခာ ငါ့ခံယူချက် ငါ့ခန္ခာနဲ့ ငါ။ ဘယ်သူ့ ထမင်းမှ အလကားစားပြီး ကြီးလာတာမဟုတ်ဘူး။ ရိုးရိုးသားသားနဲ့  ကိုယ့်ဝမ်းကိုယ်ကြောင်းနေတဲ့လူ။ ငါ့မှာငါ့အခွင့်အရေး အပြည့်အ၀ရှိတယ်။ ငါ့မှာ လွတ်လပ်မှု အပြည့်အ၀ရှိတယ်၊ မြန်မာပြည်ကလူတွေတန်းတူ မြန်မာပြည်ကို ပိုင်ဆိုင်တယ်၊ မြန်မာပြည်ရဲ့ အနာဂတ်ကိုဖန်းတီးခွင့်ရှိတယ်၊ ငါ့မှာ အခွင့်အရေး တန်းတူ ရှိတယ်။ ဒီအခွင့်အရေးကို မြန်မာစစ်စစ်ဆိုတဲ့ အယူသီး အရိုင်းအစိုင်း ငဂေါက်တွေကသာ ချိုးဖောက်နေကြတာ။  ဒီအခွင့်အရေးတွေ ပြန်ရဖို့  ငါ့မှာ ပြန်လှန်ခုခံ တိုက်ပွဲဝင်ခွင့်ရှိတယ်။

    ငါတို့ တွေက  မြန်မာပြည်ရဲ့ လူပိုလူရှုပ်တွေမဟုတ်ဘူး။ မြန်မာပြည်ကိုသွေးနဲ့ ရေးတဲ့ထဲမှာ ငါတို့ ခေါင်းဆောင်တွေပါတယ်။ ငါ့ရှေ့က မွတ်စလင်တွေ မြန်မာပြည်အတွက် အသက်တွေပေးသွားတယ်။ အနာဂတ်မြန်မာပြည်အတွက် ကာယညာနတွေ ပေးဆပ်သွားတယ်။ ဦးရာဇတ်၊ ရဲဘော်ကိုထွေး၊ ဦးရာရှစ်၊ ဦးဖေခင်၊ ဗိုလ်မှူးဘရှင်တို့ ရယ်မှ မဟုတ်ဘူး။ နိုင်ငံရေးအပြင် အားကစား၊ အနုပညာ၊ ကာတွန်း၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ ပညာရေး စတာတွေမှာ ထည့်ဝင်ပေးဆပ် သွားကြတယ်။ မြန်မာပြည်တည်ဆောက်တဲ့နေရာမှာ သူတို့သွေး၊ သူတို့ ချွေးတွေစွန်းခဲ့တယ်။ စစ်အစိုးရ အဆက်ဆက် ခုထက်ထိလည်း မြန်မာမွတ်စလင်တွေ အသက်၊ သွေး၊ ချွေး ပေးဆပ်နေတုန်းပဲ။

    မင်းတို့  ကုလားပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် ငါက ငါ့မြေမှာမွေး ငါ့ထမင်းငါစားတဲ့ မြန်မာနိုင်ငံသားစစ်စစ်ပဲ။ ဇာဂနာ (ခ) ဦးသူရ ပြောသလိုပဲ၊ မင်းတို့ လက်ခံတာ လက်မခံတာက မင်းတို့ အပိုင်း။ ငါ့မှာ ငါ့လွတ်လပ်ခွင့်၊ ငါ့အခွင့်အရေးအပြည့်ရှိတယ်။ ဒီမြေဟာ ငါ့မြေ၊ဒီရေဟာ ငါ့ရေ။ တိုင်းပြည်ကို ဘယ်တော့မှ သစ္စာမဖောက်သလို ငါရဲ့ တိုင်းပြည်ပိုင်ဆိုင်မှုကိုလည်း တစက်မှ လျော့မပေးနိုင်ဘူး။ မင်းပိုင်သလို ငါလည်းပိုင်တယ်။ ငါက မြန်မာပြည်ရဲ့ နိုင်ငံသား။ မြန်မာပြည်က ငါ့ရဲ့ ပြည်။

    ခုတော့ ဒီလောက်ပဲ သူငယ်ချင်း။

  • ဝိညာဉ် သစ္စာ

    ဝိညာဉ် သစ္စာ

    Fair Judge

    တို့တိုင်း တို့ပြည် တို့မြေကြီး တွက်
    တို့ ဖေ တို့ဘိုး တို့အမျိုး တို့
    ရင်မြေ ကတုတ် ကျောတံတိုင်းလုပ်

    အသွေး အသား အသက်တို့ပေးလင့်။ တို့တိုင်းတို့ပြည်တို့မြေကြီး တွက်
    တို့ ဖေတို့ဘိုး တို့အမျိုး အမွေ
    တို့ သွေး တို့သား တို့ဝိညာဉ် ကို
    တို့ဆက်ခံသည် ရာဇဝင် တင့်။ အာဇာနည်သွေး လွတ်လပ်ရေး တွက်
    မတုန် မလှုပ်တောက်တောက် ကျစဉ်
    ၉ ပါး ဇာနည် သွေးတို့စစ်လည်း
    တို့အသွေးက ၂ ပါးမှာတည်။

    အရေးတော်ပုံ ပြည်တော် ခေါ်ဆင့်
    တို့ အ သွေး တို့အဆီ ပွက်ပွက်ဆူသည်
    တို့ဓားတွေထက် ဝိညာဉ်နှုတ်ခဲ့
    တို့သစ္စာ သည် ဝဠှာတည် ၏။

    တို့တိုင်း တို့ပြည် တို့မြေကြီးတွင်
    တို့သား တို့သမီး တို့မြေး မြစ်တို့
    ကမ္ဘာတည်သ၍ တို့အနွယ်တည်
    အသက်ထက်ဆုံး တို့နေထိုင်မည်။

    တို့ကို နှင်လို တို့ကို မောင်းသို့
    ဟိုသွားဒီနေ လာမပြောနှင့်
    တို့ကို နှင်ချင် ဆိုချင်လေက
    တို့လည်ချောင်းသွေး သောက်လေအရင်
    သို့ပင် ဖြစ်လည်း တို့ဝိညာဉ်တို့
    ဤမြေ ဤ ရေ ဤ အခြေမှ
    တစ်စက်ရွေ့ကာ သွေဖည်မည်ဟု
    အိပ်မက်၌ပင် ထည့်မမက်လင့်။

    အမိနိုင်ငံတော်ကြီး အတွက် စွန့်လွှတ်စွန့်စားခဲ့ကြသော မြန်မာမွတ်စလင်အာဇာနည် အပေါင်းနှင့် မျိုးဆက်သစ် မြန်မာမွတ်စလင် တို့အားရည်ညွှန်းဂုဏ်ပြုအပ်ပါသည်
    (Fair Judge ၈.၈.၂၀၁၂)