News @ M-Media

Blog

  • နှစ် ၁၀၀ ကျော်မှ ရောင်းချခွင့်ရသည့် ရှေးဟောင်းဒင်္ဂါးများ

    နှစ် ၁၀၀ ကျော်မှ ရောင်းချခွင့်ရသည့် ရှေးဟောင်းဒင်္ဂါးများ

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -ဒိန်းမတ်နိုင်ငံက ထောပတ်လုပ်ငန်းရှင် သူဌေး လာစ်အီမီလ် ဘရွန် စုဆောင်းထားခဲ့တဲ့ ရှေးဟောင်ဒင်္ဂါးတွေကို အခုနှစ်နွေရာသီမှာ လေလံပစ်တော့မယ်လို့ သိရပါတယ်။ 

    ဘရွန်ရဲ့ စုဆောင်းမှုမှာ ဒင်္ဂါးပေါင်း ၂ သောင်း ပါ၀င်ပြီး လက်ရှိကာလပေါက်စျေးအရ ကန်ဒေါ်လာ ၇၅ သန်းလောက် တန်ကြေးရှိပါတယ်။ 

    ရှေးဟောင်းဒင်္ဂါး စုဆောင်းမှုသမိုင်းမှာ တန်ကြေးအများဆုံး စုဆောင်းမှုလည်း ဖြစ်ပါတယ်။ 

    ဘရွန်ကို ၁၈၅၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ထောပတ်လုပ်ငန်းနဲ့ ချမ်းသာပြီးနောက်ပိုင်း ဒိန်းမတ်၊ နော်၀ေနဲ့ ဆွီဒင်တို့က ရှေးဟောင်းဒင်္ဂါးတွေကို ရှာဖွေ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ 

    ပထမကမ္ဘာစစ်ပြီးနောက်ပိုင်း သူရေးသားခဲ့တဲ့ သေတမ်းစာမှာ သူ့ရဲ့စုဆောင်းမှုကို နှစ်ပေါင်း ၁၀၀ တိတိ သိမ်းထားပြီးမှ ရောင်းချဖို့ ဖော်ပြထားပါတယ်။ 

    သူစုဆောင်းထားတဲ့ ရှေးဟောင်းဒင်္ဂါးတွေထဲက တစ်ချို့ဟာ တစ်ပြားကို ဒေါလာ တစ်သန်းလောက်အထိ တန်ကြေးရှိပါတယ်။ 

    အများပြည်သူကို လေလံမပစ်ခင် ဒိန်းမတ်အမျိုးသားပြတိုက်က ရှေးဟောင်း ရွှေဒင်္ဂါး ၆ ပြားနဲ့ ငွေဒင်္ဂါးတစ်ပြားကို စုစုပေါင်း ဒေါ်လာ ၁ သန်းကျော်နဲ့ ၀ယ်ယူခဲ့ပါတယ်။ 

    Ref: Sky News 

  • အစ္စရေး၏ အကြမ်းဖက်မှုကြောင့် ပျက်ဆီးခဲ့ရပြီဖြစ်တဲ့ ဂါဇာက ပညာရေးစနစ်

    အစ္စရေး၏ အကြမ်းဖက်မှုကြောင့် ပျက်ဆီးခဲ့ရပြီဖြစ်တဲ့ ဂါဇာက ပညာရေးစနစ်

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက တစ်ကျော့ပြန် လူသတ်ပွဲမှာ အစ္စရေးဟာ ကမ်းမြှောင်တစ်ခုလုံးက အခြေခံအဆောက်အဦး ၈၅ ရာခိုင်နှုန်းကျော်ကို တိုက်ခိုက်ဖျက်ဆီးထားပါတယ်။

    ဖျက်ဆီးခံရတဲ့ အထဲမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ကုလနဲ့ အကူအညီပေးရေးအဖွဲ့တွေရဲ့ ပရဟိတကျောင်းတွေလို့ ပညာရေးအဆောက်အဦးတွေ ပါ၀င်ပါတယ်။ 

    ပညာရေးအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးမှုဟာ နိုင်ငံတကာ ဥပဒေအရ စစ်ရာဇ၀တ်မှုမြောက်ပါတယ်။ အစ္စရေးကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ကျောထောက်နောက်ခံနဲ့အတူ ၁၉၄၀ ပြည့်နှစ်တွေ ကတည်းက ပါလက်စတိုင်းဒေသမှာ စစ်ရာဇ၀တ်မှုပေါင်းများစွာကို ကျူးလွန်လာခဲ့တာ ဖြစ်ပါတယ်။ 

    ဓာတ်ပုံတွေကတော့ အစ္စရေးက ဖျက်ဆီးထားတဲ့ ဂါဇာက နာမည်ကျော် တက္ကသိုလ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • မြန်မာပဋိပက္ခကြောင့် ထိုင်းက နယ်စပ်ကို ပိုမိုတင်းကြပ်မည်

    မြန်မာပဋိပက္ခကြောင့် ထိုင်းက နယ်စပ်ကို ပိုမိုတင်းကြပ်မည်

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -မြန်မာနိုင်ငံဖက်မှာ ပဋိပက္ခတွေ ပိုမိုမြင့်တက်လာတဲ့အချိန် မိမိတို့ရဲ့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ပိုမိုအားထုတ်လုပ်ဆောင်နေတယ်လို့ ထိုင်း၀န်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောပါတယ်။ 

    မေလ ၁၁ ရက်နေ့ ကန်ချာနာဘူရီပြည်နယ် ခရီးစဥ်မှာ ဆရက်သာက မြန်မာနယ်စပ် လုံခြုံရေးကိစ္စတွေကိုပါ ဆွေးနွေးသုံးသပ်ခဲ့ပါတယ်။ 

    ထိုင်းစစ်တပ်ရဲ့ ပြည်နယ်အခြေစိုက် တပ်မှူးတွေက လက်ရှိပြုလုပ်ထားတဲ့ နယ်စပ်လုံခြုံရေး အစီအမံတွေအပြင် နယ်စပ်၀င်ပေါက်တွေပါ ပိတ်ပစ်ဖို့ အကြံပြုခဲ့တယ်လို့ ဆရက်သာက ပြောပါတယ်။ 

    ပြဿနာတွေဟာ လုံခြုံရေးတင်မကဘဲ မှောင်ခိုလုပ်ငန်း၊ မူးယစ်ကုန်ကူးမှုအထိ ကျယ်ပြန့်ပြီး နယ်စပ်အင်အား ထပ်တိုးဖို့ မြန်မာဖက်က ၀င်လာသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ ကိစ္စတွေကိုပါ ပြင်ဆင်ထားဖို့လိုကြောင်း ထိုင်း၀န်ကြီးချုပ်က ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ 

    လက်ရှိ ထိုင်းနိုင်ငံဟာ မြန်မာဖက်က ထပ်တိုးဒုက္ခသည် အနည်းဆုံး ၅၀၀၀ လောက်ကို လက်ခံနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ 

    မှောင်ခိုကုန်ပစ္စည်း စီးဆင်းမှုပြဿနာကို ဖြေရှင်းဖို့အတွက် ဒရုန်းနဲ့ X-ray လို နည်းပညာတွေကို အသုံးပြုနေပြီး၊ နိုင်ငံရဲ့လုံခြုံရေးကို ပိုမိုကာကွယ်နိုင်ဖို့ ဘက်ဂျက်ထပ်မံချထားပေးမယ်လို့လည်း ဆရက်သာက ကတိပြုခဲ့ပါတယ်။ 

    Ref: The Nation

  • ရုရှား ကာကွယ်ရေး၀န်ကြီးနေရာ အပြောင်းအလဲဖြစ်

    ရုရှား ကာကွယ်ရေး၀န်ကြီးနေရာ အပြောင်းအလဲဖြစ်

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -ရုရှားသမ္မတ ပူတင်ဟာ နှစ်အကြာကြီး တွဲလာတဲ့ လူယုံတစ်ဦးဖြစ်သူ ကာကွယ်ရေး၀န်ကြီး ဆာဂျီ ရှိုဂူကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

    ၂၀၁၂ ခုနှစ်ကတည်းက ကာကွယ်ရေး၀န်ကြီးတာ၀န် ထမ်းဆောင်လာတဲ့ အသက် ၆၈ နှစ်အရွယ် ရှီုဂူဟာ ရုရှားလုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူး ဖြစ်လာမှာ ဖြစ်ပါတယ်။ 

    ရုရှားသမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ကာကွယ်ရေး၀န်ကြီးဌာနဟာ ဆန်းသစ်တဲ့ အတွေးအခေါ်ရှိသူကို လိုအပ်နေပြီး ဒုတိယ၀န်ကြီးချုပ် အန်ဒရေ ဘယ်လူဆော့ဗ်က ကာကွယ်ရေး၀န်ကြီးတာ၀န် ယူသွားမယ်လို့ ဖော်ပြပါတယ်။ 

    ရှိုဂီဟာ သမ္မတပူတင်နဲ့ ပုဂ္ဂိုလ်ရေးအရပါ အလွန်ရင်းနှီးသူတစ်ဦး ဖြစ်ပါတယ်။ ရုရှားထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ စစ်ဖက်ကလာတာမဟုတ်ဘဲနဲ့ ကာကွယ်ရေး၀န်ကြီးရာထူး ပေးအပ်ခံရတဲ့အထိ ပူတင်ရဲ့ ယုံကြည်မှုကို ရရှိထားသူပါ။ 

    ကာကွယ်ရေး၀န်ကြီးသစ်ဖြစ်လာမယ့် ဘယ်လူဆော့ဗ်ဟာ ရှိုဂီလိုပဲ စစ်ဖက်ကျောထောက်နောက်ခံမရှိဘဲ စီးပွားရေးပညာရှင်တစ်ဦး ဖြစ်ပါတယ်။ 

    Ref: BBC  

    (ငါးဖမ်းခရီးတစ်ခုတွင် သမ္မတပူတင်နှင့်အတူ တွေ့ရသည့် ရှိုဂီ)

  • ဂျာမနီတွင် ခပတ်(Kebab)ဟင်းလျာ စျေးတက်မှု အစိုးရက ဖြေရှင်းပေးမလား

    ဂျာမနီတွင် ခပတ်(Kebab)ဟင်းလျာ စျေးတက်မှု အစိုးရက ဖြေရှင်းပေးမလား

    မေ ၁၂၊ ၂၀၂၄

    M-Media 


    -ဂျာမနီမှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တဲ့ Kebab ဟင်းလျာ စျေးတက်မှုကို အစိုးရက ၀င်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ 

    လက်ရှိ ဂျာမနီမှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့အတူ Kebab စျေးနှုန်းဟာ ၁၀ ယူရိုကျော်လာတော့မယ့် အန္တရာယ် ရှိနေတာပါ။ Kebab ဟင်းလျာ စျေးတက်မှုနဲ့ ပတ်သက်ပြီး ဂျာမနီ နိုင်ငံရေးသမားတွေကြား ပြောကြားမှုတွေလည်း ရှိလာပါတယ်။

    ဂျာမနီအဓိပတိ အိုလက်ဖ်စကော့ဇ်က သူသွားတဲ့နေရာတိုင်းမှာ Kebab စျေးနှုန်းတက်လာမှုကို ဖြေရှင်းပေးဖို့ တောင်းဆိုမှု ရှိနေတယ်လို့ ပြောပါတယ်။ 

    ဂျာမန်လက်၀ဲပါတီ Left Party က Kebab စျေးကျရေး အစိုးရရန်ပုံငွေနဲ့ ထောက်ပံ့ကူညီပေးဖို့ လူသိရှင်ကြား တောင်းဆိုခဲ့ပါတယ်။  

    Kebab တစ်ပွဲကို ပုံမှန် ၄ ဒဿမ ၉၀ ယူရို၊ ကျောင်းသားတွေအတွက် ၂ ဒဿမ ၅၀ ယူရိုနဲ့ ရောင်းချပေးနိုင်ရေး အစိုးရက ကြား၀င်ဆောင်ရွက်ဖို့ လက်၀ဲပါတီက အကြံပြုပါတယ်။ 

    “လူငယ်တွေက ဒီကိစ္စအကြောင်း ပြောလာပြီဆိုရင် အိုလက်ဖ် အနေနဲ့ Kebab စျေးကျအောင် ဆောင်ရွက်ပေးရပါမယ်။ ဒီကိစ္စဟာ အွန်လိုင်းပေါ်က ရယ်စရာမျိုး မဟုတ်တော့ပါဘူး။ အကူအညီပေးဖို့ တောင်းဆိုနေတာပါ။ Kebab ဟင်းလျာ လူတိုင်းစားနိုင်တဲ့ အစားအစာမျိုးဖြစ်အောင် အစိုးရက ကြား၀င် ဆောင်ရွက်ပေးရပါမယ်” လို့ လက်၀ဲပါတီ အမှုဆောင်ကော်မတီအဖွဲ့၀င် ကာသီ ဂယ်ဘဲလ်က ပြောပါတယ်။ 

    ဂျာမနီမှာ တစ်နှစ်ကို Kebab ဟင်းပွဲ သန်းပေါင်း ၁၃၀၀ ကျော် စားသုံးနေကြပါတယ်။ 

    Ref: Sky News