News @ M-Media

Blog

  • အစ္စရေးရန်ကြောင့် နျူလက်နက်မူ၀ါဒ ပြောင်းလဲသွားနိုင်သည်ဟု အီရန်သတိပေး

    အစ္စရေးရန်ကြောင့် နျူလက်နက်မူ၀ါဒ ပြောင်းလဲသွားနိုင်သည်ဟု အီရန်သတိပေး

    မေ ၉၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အီရန်အဓိပတိ အယာတိုလာ အလီခါမေနီ၏ အကြံပေး ကမာလ် ခါရာဇီ)

    -မိမိတို့ရဲ့ တည်ရှိမှုကို အစ္စရေးက ခြိမ်းခြောက်လာရင် နျူလက်နက်ထုတ်လုပ်ရေး ဆောင်ရွက်သွားမယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။

    အီရန်မှာ လက်ရှိ နျူစီမံကိန်း ရှိနေပေမယ့် ဒါဟာ အရက်ဖက်မှာ အသုံးပြုဖို့သာ မူ၀ါဒရှိတယ်လို့ အီရန်က အခိုင်အမာ ပြောကြားထားတာ ဖြစ်ပါတယ်။

    ဂါဇာက တစ်ကျော့ပြန်လူသတ်ပွဲနဲ့အတူ ဒေသတွင်းမှာ အစ္စရေးရဲ့ ခြိမ်းခြောက်မှု ပိုမိုကြီးမားလာတာကြောင့် နျူမူ၀ါဒ ပြောင်းလဲသွားနိုင်တယ်လို့ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီရဲ့ အကြံပေး ကမာလ် ခါရာဇီက မတ်လ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    “နျူဗုံးဖန်တီးဖို့ ကျွန်တော်တို့မှာ မူ၀ါဒ မရှိပါဘူး။ ဒါပေမယ့် အီရန်ရဲ့တည်ရှိမှု ခြိမ်းခြောက်ခံရလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အဲဒီလိုဖြစ်လာရင် ကျွန်တော်တို့ရဲ့ စစ်ရေးမူ၀ါဒကို ပြောင်းလဲဖို့အပြင် ရွေးချယ်စရာ မရှိပါဘူး။ ဇိုင်ယွန်အာဏာရှင်က ကျွန်တော်တို့ရဲ့ နျူအဆောက်အဦးတွေကို တိုက်ခိုက်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကာကွယ်ရေးမူ၀ါဒလည်း ပြောင်းလဲသွားမှာပါ”

    အီရန်ရဲ့နျူစီမံကိန်းဟာ လက်နက်ထုတ်လုပ်ဖို့ဖြစ်တယ်လို့ အမေရိကန်နဲ့ အပေါင်းအပါနိုင်ငံတွေက စွပ်စွဲထားကြတာ ဖြစ်ပါတယ်။

    နိုင်ငံရဲ့ မူ၀ါဒေရေးရာမှာ နောက်ဆုံး အဆုံးအဖြတ်ပေးတဲ့ အဓိပတိ အယာတိုလာ အလီခါမေနီက နျူလက်နက်ထုတ်လုပ်မှုဟာ ဘာသာရေးအရ တရားမ၀င်တဲ့အတွက် လုပ်ဆောင်မှာမဟုတ်ဘူးလို့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွေမှာ ထုတ်ပြန်ထားဖူးပါတယ်။

    အီရန်ဟာ လက်ရှိမှာ ယူရေနီယံသတ္တုကို ၆၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်အောင် ကြိုးစားနေပါတယ်။ နျူလက်နက်ထုတ်လုပ်နိုင်ဖို့အတွက်ဆိုရင် ယူရေနီယံကို ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ရမှာ ဖြစ်ပါတယ်။

    အီရန်မှာ လက်ရှိပိုင်ဆိုင်ထားတဲ့ ယူရေနီယံပမာဏကို ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ရင်တောင် နျူဗုံး ၂ လုံးလောက်သာ ရနိုင်မယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က ပြောကြားထားပါတယ်။

    အမေရိကန်နဲ့ အစ္စရေးမှာ နျူလက်နက် ရာချီရှိနေတာဖြစ်ပါတယ်။

    Ref: Aljazeera

  • ဂါဇာရှိ မြေပြင်သတင်းများကို အဆက်မပြတ်ဖော်ပြနေသည့် အလ်ဂျာဇီးရားသတင်းဌာနကို အစ္စရေးက ပိတ်သိမ်း

    မေ ၆၊ ၂၀၂၄

    M-Media


    -ပါလက်စတိုင်းတွေ ငြှမ်းပမ်းနှိပ်စက် သတ်ဖြတ်ခံနေရမှုကို အချက်အလက်တွေနဲ့ ဖော်ပြပေးနေတဲ့ အလ်ဂျာဇီးရားသတင်းဌာနကို အစ္စရေးက ပိတ်သိမ်းလိုက်ပါတယ်။ 

    အလ်ဂျာဇီးရားသတင်းဌာနဟာ ဂါဇာမှာ မြေပြင်အထိ သတင်းသွားယူ ဖော်ပြနေတဲ့ လက်တစ်ဆုပ်စာ သတင်းဌာနတွေထဲက တစ်ခုဖြစ်ပါတယ်။ 

    BBC နဲ့ CNN တို့ အပါအ၀င် အခြား နိုင်ငံတကာ သတင်းဌာနေတွေဟာ ပါလက်စတိုင်းသတင်းတွေကို အစ္စရေးထံကနေတစ်ဆင့်သာ ဖော်ပြနေကြရတာ ဖြစ်ပါတယ်။ 

    သတင်းဌာနတွေကို ပိတ်သိမ်းနိုင်မယ့် ဥပဒေတစ်ခုကို အစ္စရေးက ပြီးခဲ့တဲ့လမှာ ပြဌာန်းအတည်ပြုခဲ့ပါတယ်။ 

    အလ်ဂျာဇီးရား သတင်းဌာနက အစ္စရေးရဲ့ အခုလုပ်ရပ်ဟာ သတင်းစီးဆင်းခွင့်ကို ပိတ်ပင်တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ အစ္စရေးရဲ့ ဂါဇာတစ်ကျော့ပြန်လူသတ်ပွဲမှာ ပါလက်စတိုင်းပြည်သူတွေ အကြမ်းဖက်သတ်ဖြတ်ခံရမှု၊ အစ္စရေးရဲ့ လိမ်လည်သတင်းထုတ်ပြန်ချက်တွေ၊ သတင်းသမားတွေ၊ အကူအညီပေးရေး၀န်ထမ်းကို အစ္စရေးက သတ်ဖြတ်မှုတွေကို အလ်ဂျာဇီးရားသတင်းဌာနက အချက်အလက်အတိအကျနဲ့ ဖော်ထုတ်တင်ပြနေတာ ဖြစ်ပါတယ်။ 

    အစ္စရေးအစိုးရဟာ အလ်ဂျာဇီးရား သတင်းဌာနရဲ့ ရုံးခန်းကို ၀င်ရောက်စီးနင်းကာ ပစ္စည်းတွေကို သိမ်းယူခဲ့ပါတယ်။ 

    ရှုတ်ချ

    နိုင်ငံတကာ ဂျာနယ်လစ်များအသင်းကလည်း အစ္စရေးက သတင်းဌာနတွေအပေါ် ဖိနှိပ်မှုကို ရှုတ်ချပြောဆိုခဲ့ပါတယ်။ 

    “မီဒီယာတွေ၊ ရုပ်သံဌာနတွေကို ပိတ်ပစ်တာဟာ အာဏာရှင်တွေရဲ့ လုပ်ရပ်ပါ။ ဒီမိုကရေစီနိုင်ငံလို့ ကျွေးကြော်နေတဲ့ အစ္စရေးက နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိပြီး၊ သမိုင်းကြောင်းကောင်းတဲ့ သတင်းဌာနတစ်ခုကို ပိတ်ပစ်တာဟာ ယုတ်ပဲ့လွန်းပါတယ်”လို့ နိုင်ငံတကာ ဂျာနယ်လစ်များအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး တင်ဒေါ်ဆန်က ပြောပါတယ်။ 

    Ref: Aljazeera

  • နျူလက်နက်ပါ၀င်မည့် စစ်ရေးလေ့ကျင်မှုတစ်ခု ရုရှားက ပြုလုပ်မည်

    နျူလက်နက်ပါ၀င်မည့် စစ်ရေးလေ့ကျင်မှုတစ်ခု ရုရှားက ပြုလုပ်မည်

    မေ ၆၊ ၂၀၂၄

    M-Media 


    -နျူလက်နက်ပစ်ခတ်မှု ပါ၀င်မယ့် စစ်ရေးလေ့ကျင့်မှုတစ်ခု မကြာခင် ပြုလုပ်သွားမယ်လို့ ရုရှားနိုင်ငံက မေလ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။ 

    အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်သားစေလွှတ်မှု အပါအ၀င် စစ်ရေးထောက်ပံ့မှု ပိုလုပ်သွားမယ်ဆိုတဲ့ ကတိပေးပြီး တစ်ရက်အကြာမှာ ရုရှားရဲ့ ဒီထုတ်ပြန်ချက် ပေါ်ထွက်လာတာပါ။ 

    ရုရှား ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အနောက်နိုင်ငံတွေရဲ့ ရန်လိုတဲ့ ခြိမ်းခြောက်ထုတ်ပြန်မှုတွေ ပေါ်ထွက်လာတဲ့အတွက် နျူလက်နက်အဆင်သင့်ဖြစ်ရေးကို ရည်ရွယ်ပြီး စစ်ရေးလေ့ကျင်မှု လုပ်ဆောင်ရတာလို့ ဖော်ပြပါတယ်။ 

    စစ်ရေးလေ့ကျင့်မှုမှာ ရုရှားရဲ့ တောင်းပိုင်းစစ်ဌာဒေသ ဒုံးကျည်တပ်ဖွဲ့နဲ့ ရေတပ်တို့ ပူးပေါင်းပါ၀င်သွားမှာ ဖြစ်ပါတယ်။ လေ့ကျင့်မှုလုပ်မယ့် အချိန်အတိအကျကို မထုတ်ပြန်ပါဘူး။ 

    ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်တာ ၂ နှစ်ကျော် ရှိလာပြီဖြစ်ပြီး အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက ယူကရိန်းထံ စစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးပို့မှုတွေ ပိုမို လုပ်ဆောင်လာပါတယ်။ 

    အခုနောက်ပိုင်းမှာတော့ ဥရောပနိုင်ငံတစ်ချို့က ယူကရိန်းဖက်က တောင်းခံလာရင် စစ်သားတွေ စေလွှတ်ဖို့အထိ စဥ်စားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

    Ref: Reuters 

  • ဂါဇာအကြမ်းဖက်မှုကြောင့် တူရကီက အစ္စရေးနှင့် ကုန်သွယ်ရေး အဆက်အသွယ်ဖြတ်

    ဂါဇာအကြမ်းဖက်မှုကြောင့် တူရကီက အစ္စရေးနှင့် ကုန်သွယ်ရေး အဆက်အသွယ်ဖြတ်

    မေ ၃၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ- အစ္စရေးလက်ချက်ကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်း ကလေးငယ်များ)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်မချင်း ကုန်သွယ်ရေးရပ်ဆိုင်းသွားမယ်လို့ တူရကီက ထုတ်ပြန်ကြေငြာပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၅၀၀၀ နီးပါး ရှိလာပါပြီ။

    တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပါလက်စတိုင်းပြည်သူ ၂ သန်းကျော်ကို နိုင်ငံတကာက ပေးပို့တဲ့ အထောက်အပံ့တွေကိုလည်း မရအောင် အစ္စရေးက တားဆီးဟန့်တားမှုတွေ ပြုလုပ်နေပါတယ်။ 

    ဂါဇာမှာ အစ္စရေးက အပြည့်အ၀ အပစ်ရပ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ၀င်ခွင့်ပြုတဲ့အချိန်အထိ နှစ်နိုင်ငံကုန်သွယ်ရေးကို ရပ်ဆိုင်းထားမယ်လို့ တူရကီ ကုန်သွယ်ရေး၀န်ကြီး အိုမာရ် ဘိုလတ်က ပြောပါတယ်။ 

    ၂၀၂၃ ခုနှစ် စာရင်းတွေအရ တူရကီနဲ့ အစ္စရေးတို့အကြား ကုန်သွယ်ရေးတန်ဖိုးဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၆ ဒဿမ ၈ ဘီလီယံဖိုး ရှိပါတယ်။ 

    သွင်းကုန်၊ ပို့ကုန်အားလုံးကို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ဒါဟာ ဂါဇာမှာ အစ္စရေးရဲ့ စက်ဆုပ်ဖွယ် အပြုအမူတွေကို တုန့်ပြန်တာလို့လည်း ဘိုလတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဂါဇာက အတိဒုက္ခရောက်နေသူတွေကို လေကြောင်းကနေ အကူအညီတွေ ချပေးရေးမှာ တူရကီပါ၀င်ဖို့ အစ္စရေးက ခွင့်မပြုခဲ့တာကြောင့် ပြီးခဲ့တဲ့လကစပြီး တူရကီက ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Reuters

  • မိုက်ခရိုဆော့ဖ်ရဲ့ ဧရာမ ရင်းနှီးမြှုပ်နှံမှုကို အင်ဒို၊ ထိုင်းနှင့် မလေးရှားတို့ ရရှိ

    မိုက်ခရိုဆော့ဖ်ရဲ့ ဧရာမ ရင်းနှီးမြှုပ်နှံမှုကို အင်ဒို၊ ထိုင်းနှင့် မလေးရှားတို့ ရရှိ

    မေ ၂၊ ၂၀၂၄

    M-Media 


    -နာမည်ကြီး ကွန်ပျူတာကုမ္ပဏီ မိုက်ခရိုဆော့ဖ်အကြီးအကဲ ဆတ်ယာ နာဒဲလာရဲ့ အရှေ့တောင်အာရှ ၃ နိုင်ငံ ခရီးစဥ်မှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတွေကို ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။ 

    ဉာဏ်ရည်တု နည်းပညာ (AI)၊ Cloud services နဲ့ ဒေတာစင်တာ နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ဒီစီမံကိန်းတွေကို ရရှိခဲ့ပါတယ်။ 

    မလေးရှား

    မလေးရှားနိုင်ငံမှာ လာမယ့်လေးနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံဖိုး မိုက်ခရိုဆော့ဖ်က ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး နိုင်ငံရဲ့သမိုင်းမှာ ၃၂ နှစ်အတွင်း နိုင်ငံရပ်ခြားက အကြီးမားဆုံး ရင်းနှီးမှုလည်း ဖြစ်ပါတယ်။ 

    AI နဲ့ Cloud services ဆိုင်ရာ အဆောက်အဦးတွေကို မလေးရှားမှာ တည်ဆောက်မှာဖြစ်ပြီး မလေးရှားနိုင်ငံသား ၂ သိန်းလောက်ကိုလည်း AI နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားကာ မြေတောင်မြှောက်ပေးမယ်လို့ ဆိုပါတယ်။ 

    အင်ဒိုနီးရှား

    မိုက်ခရိုဆော့ဖ်ဟာ အင်ဒိုနီးရှားမှာ နောက် ၄ နှစ်အတွင်း ကန်ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံမှာပါ။ 

    ဒီရင်းနှီးမြှုပ်နှံမှုကနေ နောက်ဆုံးပေါ် အကောင်းဆုံး AI နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦးတွေ အင်ဒိုနီးရှားမှာ ပေါ်ထွန်းလာလိမ့်မယ်လို့ နာဒဲလာက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    AI ဆိုင်ရာ သုတေသနတွေ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးမှု လုပ်ငန်းတွေကိုလည်း မိုက်ခရိုဆော့ဖ်က အင်ဒိုနီးရှားမှာ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ 

    မကြာခင် ရာထူးသက်တမ်းကုန်တော့မယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက ဒေတာစင်တာတွေကို ဘာလီကျွန်း ဒါမှမဟုတ် အသစ်ဆောက်နေတဲ့ မြို့တော် နူဆန်တာရာမှာ အခြေစိုက်ဖို့ မိုက်ခရိုဆော့ဖ်ကို အကြံပေးခဲ့ပါတယ်။ 

    ထိုင်း

    ထိုင်းနိုင်ငံမှာတော့ မိုက်ခရိုဆော့ဖ်ဟာ သူတို့ရဲ့ အာရှဒေသအတွင်း ပထမဆုံး ဒေတာစင်တာကို ဆောက်လုပ်သွားမယ်လို့ နာဒဲလာက ပြောပါတယ်။ 

    ထိုင်းနိုင်ငံသား လူငယ် တစ်သိန်းလောက်ကို AI နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားပေးကာ၊ ဆော့ဖ်၀ဲပညာရှင်တွေကိုလည်း မိုက်ခရိုဆော့ဖ်က မြေတောင်မြှောက်ပေးသွားမှာ ဖြစ်ပါတယ်။ 

    ထိုင်း၀န်ကြီးချုပ် ဆရက်သာ ထိုင်ဗီဆင်က မိုက်ခရိုဆော့ဖ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ယှဥ်ပြိုင်နိုင်စွမ်းကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    ၂၀၂၅ ခုနှစ်ရောက်ရင် အာဆီယံဒေသက လူပေါင်း ၂ ဒဿမ ၅ သန်းလောက် သူတို့ရဲ့ AI နည်းပညာကို အသုံးပြုနိုင်ဖို့ မိုက်ခရိုဆော့ဖ်က ရည်မှန်းထားပါတယ်။

    Ref: Reuters