News @ M-Media

Blog

  • ဇွန် အကြမ်းဖက်မှုဖြစ်ပြီးနောက် ကျောက်ဖြူမှ အစ္စလာမ်ဘာသာဝင်အချို့ နေရပ်ပြန်ရန် ခက်ခဲ

    ဇွန် အကြမ်းဖက်မှုဖြစ်ပြီးနောက် ကျောက်ဖြူမှ အစ္စလာမ်ဘာသာဝင်အချို့ နေရပ်ပြန်ရန် ခက်ခဲ

    သြဂုတ်၊ ၁၃၊ ၂၀၁၂၊

    Source: YPI

    ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများနှင့် လုံခြုံရေးစိတ်မချရမှုကြောင့် ကျောက်ဖြူမြို့နယ်မှ မြေပုံမြို့နယ်သို့ရောက်ရှိနေသည့်  အစ္စလာမ်ဘာသာဝင် တရားထိုင်သူ (၁၀) ဦးမှာ ယနေ့အချိန်ထိ နေရပ်သို့ ပြန်မလာနိုင်သေးကြောင်း မိသားစုဝင်များကပြောသည်။

    ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ကျောက်ဖြူလူထု တွေ့ဆုံပွဲတွင် စကား ပြောကြားနေစဉ် သြဂုတ်လ ၄ ရက်
်( ဓါတ်ပုံ- နိရဉ္စရာ)

    ၎င်းတို့မှာ မေလ နောက်ဆုံးပတ်ကပင် မြေပုံမြို့သို့သွားရောက်ခဲ့ရာမှ ဇွန်လဆန်းတွင်ဖြစ်ပွားသည့် မောင်တော၊ စစ်တွေနှင့်  ရခိုင်ပြည်နယ် အချို့မြို့များတွင်  မငြိမ်သက်မှု ဖြစ်ပွားပြီးနောက် ပြန်ဖို့ ခက်ခဲနေခြင်းဖြစ်သည်ဟု မိသားဝင် တစ်ဦးက ပြောသည်။

    “သွားတာက ၁၀ ရက်ထဲပါ။ မငြိမ်မသက် ဖြစ်လာတော့ ပြန်လာဖို့ ခက်သွားတယ်”ဟု ၎င်းက ပြောသည်။

    ယင်းတရားထိုင်သူများ ပြန်လာနိုင်ရန် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည့် သင်္ဘောခရီးစဉ်မှာလည်း လုံခြုံ ရေးအခြေအနေများကြောင့် အစ္စလာမ်ဘာသာဝင်များအား လက်မှတ် ရောင်းချဖြင်း မပြုကြောင်း မြေပုံဒေသခံ တစ်ဦးက ပြောသည်။

    “သူတို့တွေ ဒီမှာသောင်တင်နေတာ နှစ်လကျော်ပြီ။ မြို့နယ်အုပ်ချုပ်ရေးမှူးက အရမ်းသဘောထား ပြည့်ဝတယ်။ သူလည်းတတ်နိုင်သလောက် စီစဉ်နေပေမယ့် အဆင်မပြေသေးဘူး”ဟု မြေပုံဒေသခံတစ်ဦးက   YPI သို့ပြောသည်။

    အခြားသော အခက်အခဲတစ်ခုမှာ မြေပုံမြို့တွင် အစ္စလာမ်ဘာသာဝင်များအား ဈေးမရောင်းရန် လှုံ့ဆော်လှုပ်ရှားမှုများလည်း ရှိနေသဖြင့် စားသောက်ရေး ခက်ခဲနေသည်ဟုလည်း ၎င်းတို့ကပြောသည်။

    အလားတူ မေလအတွင်းမှာပင် ရန်ကုန်မြို့မှ ရမ်းဗြဲမြို့နယ်သို့ ရောက်ရှိခဲ့သော အစ္စလာမ်ဘာသာဝင် တရားထိုင်သူများအား သက်ဆိုင်ရာ အာဏာပိုင်များအစီအစဉ်ဖြင့် စစ်တပ်လုံခြုံရေးနှင့်အတူ ကျောက်ဖြူမြို့မှ တဆင့် ရန်ကုန်မြို့သို့ ဇူလိုင်လက ပို့ဆောင်ပေးခဲ့သည်။

    ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်များအကြား ဇွန်လဆန်းတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးမှ လူ ၇၇ ဦးသေဆုံးကာ ၁၀၉ ဦးဒဏ်ရာရပြီး နေအိမ် ၄၈၀၀ ကျော်၊ ဗလီနှင့် ဘုန်းတော်ကြီးကျောင်းများ မီးလောင်ပျက်စီးခဲ့ရသည် ဇူလိုင်လ ၃၁ ရက်နေ့  နိုင်ငံတော် သတင်းထုတ်ပြန်ချက်အရ သိရသည်။

    ဇွန်လဆန်းကတည်းက ရခိုင်ပြည်နယ် တခုလုံးအား အရေးပေါ် အခြေအနေကြေညာ၍ မြို့ ၆ မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားခဲ့သည်။ ယခုရက်ပိုင်းအတွင်း ကျောက်တော်မြို့နယ်တွင်လည်း မငြိမ်မသက်မှုများ ဖြစ်ပွားလာသဖြင့် ညမထွက်ရ အမိန့်ုထုတ်ပြန်ထားသည်။        ။

  • သမ္မတ အိုဘားမား တည့်ခင်းတဲ့ အိမ်ဖြူတော် ဝါဖြေပွဲ

    သမ္မတ အိုဘားမား တည့်ခင်းတဲ့ အိမ်ဖြူတော် ဝါဖြေပွဲ

    ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ မွတ်စလင် ခေါင်းဆောင်များနဲ့ မွတ်စလင် ဝန်ထမ်းများအတွက် လမြတ်ရမသွာန် ဥပုဒ်လွှတ် ဝါဖြေပွဲ အခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါတယ်။

    ဒီအစဉ်အလာကို မပျက်မကွက် နှစ်စဉ်ပြုလုပ်ခဲ့သူက သမ္မတ ဘီလ် ကလင်တန်ဖြစ်ပြီး သမ္မတ ဂျော့ဘုရှ်ကလည်း နှစ်စဉ်ကျင်းပခဲ့ပါတယ်။

    ဒါဟာ သူ တည်ခင်းဧည့်ခံတဲ့ ၄ ကြိမ်မြောက် ဝါဖြေပွဲဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ သမိုင်းတလျှောက် အမေရိကန် မွတ်စလင်များရဲ့ အရေးပါတဲ့ အခန်းကဏ္ဍများကို မိန့်ကြားခဲ့ပါတယ်။

    မိန့်ခွန်းနားဆင်လိုသူများ အောက်ပါလင့်မှာ သွားရောက်နားဆင်နိုင်ပါတယ်။

    http://www.whitehouse.gov/photos-and-video/video/2012/08/10/president-obama-hosts-iftar-dinner

    အိမ်ဖြူတော် ဝန်ထမ်းတစ်ဦးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ထိပ်တန်းအကြံပေးအရာရှိ အီဂျစ်လူမျိုး အစ္စလာမ်ဘာသာဝင် ‘ဟူမာ အဘီဒင်’ရဲ့ တိုင်းပြည်ချစ်စိတ်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အခြားအတိုက်အခံ နိုင်ငံရေးသမားများရဲ့ စွပ်စွဲချက်ဖြစ်တဲ့ အီဂျစ်မှာ သူမရဲ့ ဆွေမျိုးသားချင်းများဟာ မွတ်စလင်ဘရားသားဟုဒ်အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ် ဆိုတာကိုလည်း ချေပလိုက်ပါတယ်။

    အမေရိကန် သမိုင်းမှာ ပထမဦးဆုံး အိမ်ဖြူတော် ဝါဖြေပွဲ ကျင်းပခဲ့သူကတော့ တတိယမြောက် သမ္မတကြီး သောမတ်စ် ဂျက်ဖာဆင် ဖြစ်ပြီး ၁၈၀၅ ခုနှစ်မှာ တူနီးရှား သံတမန်အရာရှိကို ကြိုဆိုဂုဏ်ပြုခဲ့ခြင်းပါ။

    တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတဲ့ အစိုးရအရာရှိများနဲ့ သံတမန်များ စားရင်းကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

    http://www.whitehouse.gov/the-press-office/2012/08/10/expected-attendees-white-house-iftar-dinner

     

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ကိုးကား

    http://www.reuters.com/article/2012/08/11/us-usa-obama-abedin-idUSBRE87A01N20120811

    http://www.huffingtonpost.com/2012/08/10/president-obamas-remarks-_n_1766576.html?utm_hp_ref=religion

    http://www.whitehouse.gov/blog/2012/08/11/president-obama-hosts-fourth-annual-iftar-dinner-white-house

     

  • ၂၀၁၄  သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာကို ထည့်သွင်းမည်မဟုတ် ဆိုခြင်းကို ဝန်ကြီးဌာန ငြင်းဆို

    ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာကို ထည့်သွင်းမည်မဟုတ် ဆိုခြင်းကို ဝန်ကြီးဌာန ငြင်းဆို

    ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာကို ထည့်သွင်းမည်မဟုတ် ဆိုခြင်းကို ဝန်ကြီးဌာန ငြင်းဆို

    စိုးထက်ဝင်း
    သြဂုတ်၊ ၁၁၊ ၂၀၁၂
    The Messenger ဂျာနယ်မှ ကောက်နှုတ်ဖော်ပြပါသည်။

    The Messenger ဂျာနယ်မှ မူရင်းသတင်း

    ၂၀၁၂ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းများကောက်ယူရာတွင် ရိုဟင်ဂျာများကို ထည့်သွင်းကောက်ယူမည် မဟုတ်ဟု ဆိုခြင်းကို လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ငြင်းဆို လိုက်သည်။

    ယခုလ ၇ ၇က်နေ့ထုတ် ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြခဲ့သော ၂၀၁၄ ခုနှစ် လူဦးရေ စာရင်းတွင် ရိုဟင်ဂျာကို ထည့်သွင်းခြင်း မပြုဆိုသည့် သတင်းကို ငြင်းဆိုကြောင်း အဆိုပါဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချူပ်က The Messenger ဂျာနယ်သို အတည်ပြုပြောကြားသည်။
    “ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်တယ်ဆိုမှတော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူတွေအကုန်လုံးကို ကောက်ယူရမှာဖြစ်ပါတယ်။  အဲဒိမှာ တိုင်းရင်းသားခွဲခြားတာတွေ ၊ လူမျိုးခွဲခြားတာတွေ မ၇ှိဘူး၊ နိုင်ငံသားတွေ အပြင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားသားတွေကိုပါ ထည့်သွင်း ကောက်ခံမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။
    မြန်မာနိုင်င့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေတွင် လူတယောက်သည် မြန်မာနိုင်ငံအတွင်း ၁၈၈၅ ခုနှစ် မတိုင်မီ နေတိုင်သူများ၏ တတိယမျိုးဆက်ကို နိုင်ငံသားအဖြစ်သတ်မှတ်သည်ဟု ဖော်ပြထားသည်။
    ရိုဟင်ဂျာတွေကို ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရင် မထည့်သွင်းဘူးလို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်ဆိုပြီး ရေးသားထားတာ တွေ့ရတယ်။ ဒါဟာ လုံးဝ မဟုတ်ပါဘး ရေးတဲ့သူက ဥပဒေကို သေချာမသိဘဲ ရေးလိုက်တာ ဖြစ်ပါလိမ်မယ်” ဟု လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြည့်စွက် ပြောသည်။

  • ပြည် က မွတ်စလင်မ် သုဿန် နောက်ဆုံးရသတင်း (၁၂-၈-၂၀၁၂၊ ညနေ ၄း၃၀ နာရီ)

    နောက်ဆုံးရသတင်း (၁၂-၈-၂၀၁၂၊ ညနေ ၄း၃၀ နာရီ)

    ရန်ကုန်။

    M-Media

    သတင်း – ပြည့်ပြည့်

    “ပြည်မြို့မွတ်စလင်မ်သုဿာန်ရှေ့မှာ လူက ပိုများလာတယ်။ အဲဒီလူတွေထဲမှာ အရက်မူးနေတဲ့ အရက်သမားတွေလည်းအများကြီးပဲ။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားတွေ့တဲ့ နာရေးရှင်တွေလည်းပြန်လာပြီ။ သူတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်တယ်။ အဓိကရုဏ်းဖြစ်မယ်ဆိုတာပဲ အတွင်တွင်ပြောနေတယ်။ နာရေးပိုင်ရှင်ကလည်းပြန်ပြောတယ်။ နာရေးချတာ ဘာမှအဓိကရုဏ်းဖြစ်စရာမရှိပါဘူး။ ဒါကြောင့်အဓိကရုဏ်းမဖြစ်အောင် အုပ်ချုပ်ရေးမှူးတို့ဘက်က ထိန်းပါ။ နာရေးချတဲ့ကိစ္စအတွက် ကျွန်တော့်ကို တရားစွဲပါ။ ကျွန်တော် တရားစွဲခံမယ်လို့ ပြန်ပြောတယ်။ အဲဒါလည်းလက်မခံပဲ ခြိမ်းခြောက်စကားတွေပဲပြောနေတယ်။

    သုဿာန်အသစ်မှာ မမြှုပ်ချင်ကြတာက အဲဒီနေရာက လယ်ကွက်တွေဗျ။ ပိုင်ရှင်တွေရှိတယ်။ မွတ်စလင်မ်သုဿာန်အတွက်ဆိုပြီး ဂရံတွေဘာတွေချပေးထားတာမရှိဘူး။ အထဲမှာ ဗလီလုပ်ခွင့်မပေးဘူး။ ၀င်းခတ်ခွင့်တော့ ပေးတယ်။ သေချာမှုမရှိတဲ့နေရာဖြစ်လို့ အဲဒီအသစ်မှာ မမြှုပ်ချင်ကြတာ။

    အခုတော့ နာရေး ၂-ခုလုံး အောင်လံကို သယ်သွားလိုက်ကြတယ်။ အောင်လံက ပြည်နဲ့ မိုက် ၄၀-ကျော်ဝေးတယ်။ ဟိုမှာပဲမြှုပ်တော့မယ်။ နာရေးရှင်တွေလည်း တော်တော်စိတ်သောက ဖြစ်ရတယ်။ ကျွန်တော်တို့အားလုံးလည်း ဒီအပေါ်မှာ စိတ်သောက ဖြစ်ရတယ်။ အဓိကရုဏ်းဖြစ်မယ်ဆိုပြီးခြိမ်းခြောက်တာ တကယ်ဆိုဖြစ်စရာမလိုပါဘူး။ ဒါဟာ ပြည်သူတွေအချင်းချင်းဖြစ်တဲ့ကိစ္စမှမဟုတ်တာ။ အာဏာပိုင်က သက်သက်မဲ့ လုပ်နေတဲ့လုပ်ရပ်ပဲဗျာ။ ကျွန်တော်တို့တွေကို အဲလိုနှိပ်စက်အနိုင်ကျင့်ခံရတဲ့ဘ၀က လွတ်မြောက်ချင်ပါပြီဗျာ”

    အဲဒါကတော့ ပြည်မြို့မွတ်စလင်မ်သုဿာန်နဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို ပြည်မြို့ခံတစ်ဦးက M Media ကို ပြောပြသွားတာဖြစ်ပါတယ်။့ 

  • ပြည် က မွတ်စလင်မ် သုဿန်ရှေ ယနေ့အခြေအနေ

    ပြည် က မွတ်စလင်မ် သုဿန်ရှေ ယနေ့အခြေအနေ

    သြဂုတ်လ၊ ၁၂ ရက်၊၊ ၂၀၁၂

    ရန်ကုန်။

    M-Media

    သတင်း – ပြည့်ပြည့်

     

    နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိ ပြည်မြို့မှ မွတ်စလင်မ်သုဿာန် အားသော့ခတ်ထားပုံ

    လွန်ခဲ့သော မကြာခင်ရက်ပိုင်းအတွင်းက ပြည်မြို့ မွတ်စလင်မ် သုဿန် အဟောင်းအား မြို့နယ်အာဏာပိုင်ဘက်မှ လာရောက် သော့ခတ်သွားခြင်း၊ သော့မခတ်မီရက်တွင် မြှုပ်နှံခဲ့သူမိသားစု ၃-စုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်မှ တရားလိုလုပ်ပြီး တရားစွဲသဖြင့် ထိုမိသားစု ၃-စုမှ တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း၊ အဆိုပါကိစ္စရပ် ရုံးတင်သော တရားခွင်တိုင်းတွင် ဦးအောက်ဇော်ထက်မှ တရားသူကြီးနှင့် ရှေ့နေများအပေါ် မထေမဲ့မြင်ပြုပြီး တရားစွဲခံရသူများဘက်မှ ရှေ့နေအား တရားခွင်ပြင်ပ တရားရုံးတွင်ပင် ခြိမ်းခြောက်မှုသက်ရောက်စေသော စကားမျိုးပြောကြောင်း သတင်းများရရှိပြီးဖြစ်ပါတယ်။

    ယနေ့တွင် မိုင်ယာသ်(နာရေး) နှစ်ခုရှိရာ ကဘာရ်စတာန်အဟာင်းတွင်ပင် မြှုပ်နှံရန် တွင်းတူးနေကြောင်း၊  မွတ်စလင် သုဿာန် ပင်မ ၀င်ပေါက်ကို သော့ခတ်ထားသော်လည်း ဘေးတံခါးပေါက်အသေးမှ ၀င်ထွက်နိုင်ကြောင်း၊ ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့သည် နာရေးအိမ်သို့ရောက်ရှိလာပြီ ယင်းကဘာရ်စတာန်တွင် မမြှုပ်ရန်နှင့် မြှုပ်နှံပါက အဓိကရုဏ်းဖြစ်မည်ဟုခြိမ်းခြောက်သွားကြောင်း၊ တွင်းတူးနေရာသို့လာရောက်ပြီး ဓါတ်ပုံများရိုက်ယူသွားကြောင်း၊ မိုက်ယာသ်ရှင်သည် အခုအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တွေ့ဆုံရာမှ ပြန်လည် မရောက်ရှိလာသေးကြောင်းနှင့် အခုအခါ မွတ်စလင် သုဿန်အဟောင်းရှေ့တွင် အရပ်ဝတ်နှင့် လူ ၂၀ ၀န်းကျင်ခန့်စုရုံးရောက်ရှိနေပြီး တချို့စကားပြောစက်များ ကိုင်ထားသည်ကိုတွေ့မြင်ရကြောင်းကို အဆိုပါဖြစ်စဉ်နှင့် အနီးဆုံးနေရာတွင် ရောက်ရှိနေသည့် ပြည်မြို့ခံတစ်ဦးမှ M media သို့ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

    ဤသုဿာန်မြေသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ရှိခဲ့သော သုဿာန်ဖြစ်ပြီး ကိုယ်ပိုင်ဝယ်ယူထားခဲ့ကြသော မြေနေရာဖြစ်ကြောင်း၊ ၂၀၀၈-ခုနှစ်တွင် မြို့နယ်စည်ပင်မှ မြို့နယ်အင်္ဂါရပ်နှင့်မညီညွတ်ဟုပြောသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ကြောင်း၊ သုဿာန်မြေအဟောင်းအား ပိတ်သိမ်းပြီး အသစ်သို့ပြောင်းရွှေ့ရန် နေရာအသစ်ပေးခဲ့သော်လည်း အဆိုပါနေရာမှာ အဆင်မပြေသောကြောင့် မပြောင်းရွေ့ပဲ နေခဲ့ကြကြောင်း၊ ယခုအခါ ထပ်မံ၍ နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့ရန် လွန်ခဲ့သော ၁-လကျော်မှ သတ်မှတ်ပေးခဲ့ကြောင်း၊ ဒေသခံများမှ သုဿာန်အသစ်သို့ ပြောင်းရွှေ့ခြင်းမပြုသေးတာကြောင့် ဇူလိုင်လ ၂၅-ရက်နေ့ ည ၉-နာရီခန့်တွင် ရဲများမှ လာရောက်ပြီး သော့ခတ်သွားကြောင်း သတင်းရရှိပါသည်။

    နောက်ဆက်တွဲအခြေအနေကို ထပ်မံဖော်ပြပေးပါမည်။