News @ M-Media
Blog
  • ပဋိပက္ခစုံစမ်းရေး မြန်မာအစိုးရလက်ခံရန် OIC တောင်းဆို
    ပဋိပက္ခစုံစမ်းရေး မြန်မာအစိုးရလက်ခံရန် OIC တောင်းဆို
    သြဂုတ်၊ ၆ ရက်၊ ၂၀၁၂
    ဧရာဝတီ
    ၅၇ နိုင်ငံဖွဲ့စည်းထားသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း Organisation of Islamic Cooperation (OIC) က ရခိုင်ပဋိပက္ခများနှင့် ပတ်သက်၍ အချက်အလက်ရှာဖွေ စိစစ်ရန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ရန် ရှိပြီး မြန်မာအစိုးရက လက်ခံခွင့်ပြုရန် တောင်းဆိုလိုက်သည်။
    ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျဒ္ဒါမြို့တွင် တနဂ်နွေနေ့က ကျင်းပသော အလုပ်အမှုဆောင်အဖွဲ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာရာ OIC အထွေထွေအတွင်းရေးမှူး မစ္စတာ အက်မီလဒ်ဒင် အီစနိုဂလူးက “ရိုဟင်ဂျာ လူနည်းစုများ၏ ဒုက္ခကို လုံခြုံရေးကောင်စီ အနေဖြင့် အာရုံစိုက်လာရေး တိုက်တွန်းရန် ကုလသမဂ္ဂရှိ မိမိတို့၏ ရုံးများကို ညွန်ကြားထားသည်” ဟု ဆိုသည်။
    OIC ၏ ကြေညာချက်သည် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုလိုက်အပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။
    ပြီးခဲ့သည့်အပတ် ရခိုင်အရေးအပါအဝင် လူ့အခွင့်အရေးအခြေအနေများကို စုံစမ်းရန် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားကို ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ ပြီးခဲ့ရက်ပိုင်းက သွားရောက်ခွင့်ပြုခဲ့သည်။
    သြဂုတ်လ ၄ ရက်နေ့က ကျင်းပသော မင်္ဂလာဒုံ လေဆိပ် သတင်းစာ ရှင်းလင်းပွဲတွင် ကင်တားနားက ရိုဟင်ဂျာများနှင့်ပတ်သက်သည့် ပြောဆိုဝေဖန်နေမှုများကို အတည်ပြုရန် မိမိအနေဖြင့် တာဝန်မရှိကြောင်း၊ အစိုးရ၏ စုံစမ်းရေးကော်မရှင်အနေဖြင့် တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့ လိုအပ်ကြောင်း၊ ပုံကြီးချဲ့ခြင်းနှင့် ဖုံးဖိခြင်းများသည် မယုံကြည်မှု၊ တင်းမာမှုတို့ကိုသာဖြစ်စေသဖြင့် ရင်ကြားစေ့ရေးအတွက် မကောင်းကြောင်း ပြောဆိုသည်။
    ထို့ပြင် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ပိုင်ခွင့်အပေါ် ကန့်သတ်ထားသော ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်သင့်ကြောင်းလည်း အကြံပြုပြောဆိုသည်။
    တချိန်တည်းမှာ ကမ္ဘာ့မူဆလင်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူဆီလို ယူဒိုယူနိုက ရခိုင် ပဋိပက္ခများအား မြန်မာအစိုးရက အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနေကြောင်း ထုတ်ပြန် ပြောဆိုလိုက်သည်။
    ရခိုင် ပဋိပက္ခသည် ဘာသာရေးပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူုအုပ်စုကြား ဖြစ်ပွားတတ်သည့် ပဋိပက္ခ သာဖြစ်ပြီး အကြောင်းတိုက်ဆိုင်စွာဖြင့် ရိုဟင်ဂျာများက မူဆလင်ဖြစ်ပြီး ရခိုင်များက ဗုဒ္ဓဘာသာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှားသမ္မတက ဆိုသည်။
    ထို့ပြင် ရိုဟင်ဂျာများသည် ဘဂ်လားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ သို့ရာတွင် မျိုးဆက်လေးဆက် နေထိုင်လာသော ၎င်းတို့ကို မြန်မာ အစိုးရက တိုင်းရင်းသားစာရင်းတွင် ထည့်သွင်းမှု မရှိသေးကြောင်း၊ ရိုဟင်ဂျာဒုက္ခသည်များကို ကူညီထောက်ပံ့ကြရန် တိုက်တွန်းကြောင်းလည်း ဆိုသည်။
    အင်ဒိုနီးရှား သမ္မတ၏ ကြေညာချက်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင်ကျင်းပခဲ့သည့် OIC ဖော်ရမ်ကို တက်ရောက်ခဲ့သော အင်ဒိုနီးရှား ကြက်ခြေနီဥက္ကဌ ယခင် ဒု-သမ္မတ ယူစွပ်ကယ်လာ၏ ရိုဟင်ဂျာများအား ထောက်ပံ့ကူညီရန် ဆော်ဩမှုအပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။
    စနေနေ့က ထုတ်ပြန်သည့် အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ကလည်း “မြန်မာပြည်တွင် မူဆလင်များကို အကြမ်းဖက်တိုက်ခိုက်မှု များကို ရှုတ်ချကြောင်း” ဆိုသည်။ အီဂျစ်သံတမာန်များအနေဖြင့် “နှစ်ဖက် အပျက်အဆီးများအကြား ကွာဟချက်ကြီးပြီး မူဆလင်ရပ်ကွက်များ ပို၍ အကြမ်းဖက်ခံရ အပျက်အဆီးပိုများသည်မှာ ရှင်းလင်းစွာ တွေ့မြင်ခဲ့သည်” ဟုလည်း ဆိုသည်။
    ကင်တားနားနှင့်အတူ ရခိုင်ဒေသသို့ သွားရောက်ခဲ့သည့် သံတမန်အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ လာအို၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ ဘရာဇီး၊ အိန္ဒိယ၊ သီရိလကင်္ကာ စသည့် နိုင်ငံတကာ သံတမန်များ ပါဝင်သည်။
    အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ၏ ဒေါသကို စာနာနားလည်ကြောင်း၊ သို့သော် သံတမာန်များ၏ လုံခြုံရေးကို အီဂျစ်အစိုးရက ကာကွယ်ပေးရမည်ဖြစ်ပြီး သံတမာန်ရေးဖြေရှင်းမှုများကို လေးစားရမည်ဟုလည်း ဆိုသည်။
    ယမန်နှစ်က ကိုင်ရိုရှိ အစ္စရေးနှင့် ဆီးရီးယား သံရုံးများကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းခဲ့ဖူးသည်။
  • အမှား ဖြစ်သွားသော အမှန်တရား (သရော်စာ)
    အမှား ဖြစ်သွားသော အမှန်တရား (သရော်စာ)
    သစ်ဆန်းခန့်
    (၁)
    ယမန်နေ့ထုတ်ဝေသော သတင်းစာများတွင် ပါလာသော လူသတ်မှုတွင် အလိုရှိနေသော မောင်ဂန့် အား..
    တာဝန်သိ ပြည်သူများ နှင့် ပြည်သူ့ရဲတပ်ဖွဲ့ ပူးပေါင်းကာ ဖမ်းဆီးရမိထားသဖြင့် ရုံးခန်းထဲတွင် စစ်ဆေးလျက်ရှိသည်။
    (၂)
    စခန်းမှူး – မောင်ဂန့်  ဒီမနက်က ဂျာနယ်တွေ ထဲမှာပါလာတဲ့ လူသတ်မှုမှာ လူမျိုးစွဲ ဘာသာစွဲ အညိုးကြောင့်
    ရခိုင်အမျိုးသား တစ်ဦးကို မင်းက မသေမချင်း လည်ပင်းညစ်သက်နေတယ်လို့
    မျက်မြင်သက်သေ ဂျာနယ်တွေက ရေးထားပြီး မင်းကို တရားစွဲထားတယ်..
    အဲ့အတွက် မင်း ဘာပြောချင်လဲ?
    မောင်ဂန့် – (မျက်နှာငယ်လေးဖြင့်) အဖြစ်က မနှစ်ကနဲ့ မတူပါဘူး စခန်းမှူးကြီးရယ်
    ဒီအဖြစ်အပျက်က ကျွန်တော်ဘယ်လိုရှင်းရှင်း ဘယ်သူမှ မယုံကြပါဘူး အဟင့်…
    စခန်းမှူး – ဘာမှ မပူပါနဲ့ မောင်ဂန့် တရားဥပဒေမှာ ကျောသားရင်သား မခွဲခြားထားပါဘူး တရားမျှတစေရပါမယ်..
    မောင်ဂန့် – ဟင်.. ဂယ်လား စခန်းမှူးကြီး ဒါဆို အနော့်အဖြစ်အပျက်လေးကို ပြောပြပါ့မယ် တကယ်တရားမျှတစေချင်ပါတယ် ခင်ဗျာ..
    စခန်းမှူးကြီး – ကဲ ပြောပါကွာ ဘယ်လိုစဖြစ်ကြတာလဲ?
    မောင်ဂန့် – အဖြစ်ကတော့ ဒီလိုပါဗျာ….
    (၃)
    မောင်ဂန့် ဆိုတာ အများသိကြတဲ့ အတိုင်းပင် ဒီလိုအရေးအခင်း ကာလမျိုးတွင်
    သူများတကာတွေ Facebook မှာ ဆိုရှယ်ဆိုက်တွေမှာ အားရပါးရ မိုးမွှန်အောင် ဆဲလို့ ကောင်းနေချိန်မှာ
    ရန်မဖြစ်ပဲ ငြိမ်းချမ်းရေးအတွက်သာ ရှေ့ရှုပြီး တိုင်းရင်းသားပြည်သူများ ရင်ကြားစေ့စည်းလုံးညီညွှတ်ရေးအတွက်
    ကိုယ်ကျိုးစွန့် အနစ်နာခံကာ လှုပ်ရှားဆောင်ရွတ်လျက်ရှိကြောင်း သိကြမည်ထင်ပါတယ် 😀
    တစ်ရက်မှာတော့ Online ပေါ်မှ ငြိမ်းချမ်းရေးဝါဒအယူရှိသူ ရခိုင်အမျိုးသား တစ်ဦးနှင့် ရင်းနှီးခင်မင်ကာ
    ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရင်း နှစ်ဦးစလုံးမှာ အပြင်မှာ တွေ့ကာ ဆက်လက် ဆွေးနွေးလိုစိတ်ရှိသဖြင့်
    လူစည်ကားရာ စားသောက်ဆိုင်တွင် စကားပြောရန် ချိန်းလိုက်ကြလေသည်။
    (၄)
    မောင်ဂန့် – တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ ဒီလို ငြိမ်းချမ်းရေးစိတ်ဓါတ်ရှိတဲ့ ရခိုင်အမျိုးကောင်းသား တစ်ဦးနဲ့
    ဒီလိုတွေ့ဆုံ ဆွေးနွေးခွင့်ရတာ ဂုဏ်ယူပါတယ် ခင်ဗျာ…
    ရခိုင်အမျိုးသား – ကျွန်တော်ကလဲ ငြိမ်းချမ်းရေးကို ဦးစားပေးသူ အစ္စလာမ်ဘာသာဝင်
    အမျိုးကောင်းသား မောင်ဂန့် နဲ့ ခုလိုတွေ့ဆုံရတာ
    ဂုဏ်ယူဝမ်းမြောက်မိပါတယ်…
    (၅)
    သို့ဖြင့်
    မောင်ဂန့် နှင့် ရခိုင်အမျိုးသားတို့ သည်
    ဆွေးနွေးရင်း စားသောက်ရင်းဖြင့် ငြိမ်းချမ်းရေးအတွက် ဦးတည်သော အစီအစဉ်များကိုလဲ
    တိုင်ပင် ဆွေးနွေးလျက် ရှိစဉ်…
     ရခိုင်အမျိုးသား သည် ထမင်းစားသောက်နေရာမှ ငါးရိုးဆူးသဖြင့်
    ပါးစပ်က အစ် အစ် ဟုသာ အသံမြည်နိုင်ပြီး မျက်ဖြူလန်လျက်ရှိလေရာ
    မောင်ဂန့် တစ်ယောက် မိတ်ဆွေအတွက် စိုးရိမ်ပူပန်လျက်
    ရခိုင်အမျိုးသား မိတ်ဆွေအား လည်ပင်းတွင် တစ်နေသော အရာအား ထွက်စေလိုသော စေတနာဖြင့်
    လည်ပင်းအား ညစ်ကာ ရှေ့တိုးနောက်ဆုတ်ဖြင့်
    တစ်နေသော အစူးအား ထွက်စေရန် ကြိုးပမ်းလျက်ရှိရာ..
    ရခိုင်အမျိုးသားအား ထွက်ပြီလား ထွက်ပြီလား ဟု အော်ဟစ်မေးရင်း
    လည်ပင်းအား ညစ်ကာ တစ်နေသော အရာအား တွန်းထုတ်လျက်ရှိသော်လဲ ကံမကောင်းစွာ
    ရခိုင်အမျိုးသား မိတ်ဆွေသည် မျက်ဖြူလန်ကာ ပါးစပ်မှ အမြုတ်များ တစီစီ ထွက်လာလျက်ရှိပေ၏..
    ထိုအချိန်မှာပဲ
    တစ်ခြားစားသောက်နေကြသူများသည် အလန့်တကြားအော်ဟစ်လျက်
    မောင်ဂန့် တို့ဆီ ပြေးလာကြသည်
    ဟာ လုပ်ပါအုံး ဟိုကုလား ငါတို့ လူကိုအသေသတ်နေပြီ
    သို့ဖြင့် တစ်ယောက် ကို တစ်ရာက ၀ိုင်းရိုက်ကြရာ
    မောင်ဂန့် တစ်ယောက် လောကကြီးဖြင့် ခတ္တခဏ အဆက်အသွယ်ပျက်သွားလေတော့သည်။
    ထို့နေ့က ထိုနေရာတွင် မြန်မာပြည်ရဲ့ စတုထ္တမဏ္ဍိုင် ဟု
    အများသိကြသော ဂျာနယ်လစ် သတင်းထောက်များပါ ရှိနေလေရာ
    ထို့နေ့ သတင်းစာတွင် ခေါင်းစည်းပိုင်းက ပါလာသော သတင်းမှာ
    (ဘင်္ဂလားဘက်မှ ခိုးဝင်လာသော ရိုဟင်ဂျာသူပုန်တစ်ဦးသည်
    လူလည်ခေါင်တွင် ရခိုင်အမျိုးသား တစ်ဦးအား ရက်ရက်စက်စက် လည်ပင်းညစ်သက်မှု)
    ဟူ၍ ပါရှိလာလေသည်…
    နိုင်ငံပိုင် သတင်းစာများနှင့် ရုပ်မြင်သံကြားမှ မျက်မြင်သက်သေ ပြည်သူများအား
    အင်တာဗျူးရာ…
    အဲ့ ကုလားကလေ အသေ သတ်တာဗျ
    ပါးစပ်ကတောင် အော်လိုက်သေးတယ်
    မှတ်ပြီလား မှတ်ပြီလား ဆိုပြီးတော့လေ… 😛
    (၆)
    မောင်ဂန့် – အဖြစ်အပျက် အလုံးစုံကတော့ အဲ့ဒါပါပဲ စခန်းမှူးကြီးရယ်…
    စခန်းမှူး –  ဟင်….
    စခန်းမှူးကြီး လဲ ဟင်.. ဟုသာ သံရှည်ဆွဲလျက် ငုတ်တုတ်မေ့သွားချေလေသည်။ 😛
    (ဇတ်သိမ်း)
    နောက်နေ့ သတင်းစာများနှင့်ဂျာနယ် ရုပ်မြင်သံကြားမီဒီယာများတွင်လဲ
    မောင်ဂန့်ရုပ်ပုံကြီး ဖြင့် ပြည်တွင်းနေ အစလာမ်ဘာသာဝင် ဟန်ဆောင်သော ပြည်ပမှခိုးဝင်လာသူ
    ရိုဟင်ဂျာ ကုလားအား ချေမှုန်းရေး ဒို့အရေးဟု ကြေညာစာတမ်းများ ပေါ်ပေါက်လာကာ
    ဘယ်တော့မှ အမျိုးမချစ်ကြသော မြန်မာပြည်သူများသည်လဲ
    ရခိုင်တိုင်းရင်းသားများအား ကာကွယ်ပါဟူသော
    ဆိုင်းဘုတ်ကြီးများကိုင်ဆောင်ကာ ဟစ်ကြွေးလျက်ရှိကြကုန်လေ၏…
     စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။
  • ဟဂ်ျခရီးစဉ် အဂတိကင်းရေး ဆန္ဒထုတ်ဖေါ်
    ဟဂ်ျခရီးစဉ် အဂတိကင်းရေး ဆန္ဒထုတ်ဖေါ်
    သြဂုတ် ၊ ၆ ရက်၊ ၂၀၁၂
    ရန်ကုန်
    M-Media
    တာဝန်မဲ့ ဟဂ်ျလုပ်ငန်း အေးဂျင့်များကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သောင်တင်ခဲ့ကြပြီး ခရီးစဉ်ပျက်ပြယ်ကာ ငွေကြေး မြောက်မြားစွာ ဆုံးရှုံး နစ်နစ်ခဲ့ကျသည့် ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် မြန်မာမွတ်စလင်မ် ဟဂ်ျခရီးသည်များ (၂၀၁၁ ခုနှစ်)
    ယခုနှစ် ဟဂ်ျခရီးစဉ်တွင် ဦးဆောင်လုပ်ပိုင်ခွင့်ကို အကျိုးအမြတ်မယူမည့် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့အား လုပ်ပိုင်ခွင့်ပေးရန်၊ အစိုးရနှင့် ပနံသင့်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့ကသာ နှစ်ပေါင်းများစွာ လုပ်ပိုင်ခွင့်ရရှိခြင်းကို ရပ်တန့်ပေးရန်အတွက် တရားမျှတမှုကိုလိုလားသော မြန်မာမွတ်စလင်မ်အချို့ သာသနာရေးဦးစီးဌာန ရုံးရှေ့ နေ့လယ် ၁၂ နာရီခွဲ စုရုံး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
    “အဓိက ကတော့ နာမည်ပျက်အလုပ်ခံထားရပေမဲ့ သူ့မိန်းမနာမည်နဲ့ ဟဂ်ျလုပ်ငန်းကို မသမာတဲ့နည်းသုံးပြီး ထိန်းချုပ်ထားတဲ့ ဖိုးလုံးရဲ့ ကုမ္ပဏီကို ဦးဆောင်လုပ်ပိုင်ခွင့် မပေးတော့ဖို့နဲ့ လူတိုင်း ဈေးသက်သက်သာသာနဲ့ ဟဂ်ျသွားနိုင်အောင် စီးပွားရေးအကျိုးအမြတ် လုံးဝမယူမဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့ကို လုပ်ပိုင်ခွင့် ပေးဖို့ပါပဲ”ဟု ဟာဂျီ မင်းမင်းက M-Media သို့ဆက်သွယ်ပြောကြားသည်။
    ယခင်နှစ်များကတည်းက ဟဂ်ျ ကိုတာ ဗီဇာခွဲတမ်းကို သာသနာရေးဦးစီးတို့နှင့် လာဘ်ပေး လာဘ်ယူရှိသူတို့က ထိန်းချုပ်ထားသဖြင့် မလိုလားအပ်သော ဈေးနှုန်းကြီးမြင့်မှုများ အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။
    “၀န်ကြီး အနေနဲ့ အရင်နှစ်တွေက သူလုပ်ချင်တာ လုပ်ပြီးပြီ ဒီနှစ်မှာ မြန်မာ မွတ်စလင်တွေဟာ စိတ်မချမ်းသာ စရာ တစ်ခုပြီးတစ်ခု ကြုံနေရတယ်။ ဒါကြောင့် ဒီကိစ္စမှာတော့ စိတ်ချမ်းသာချင်တယ်” သာသနာရေးရုံးရှေ့ စုရုံး ရခြင်းနှင့် စပ်လျဉ်း၍ အထက်ပါပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားသည်။
    ယမန်နှစ် ၂၀၁၁ ခုနှစ်တွင် ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် မြန်မာမွတ်စလင်မ် ဟဂ်ျခရီးသည် ၁၂၀၀ခန့်သည်  တာဝန်မဲ့ ဟဂ်ျလုပ်ငန်း အေးဂျင့်များကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သောင်တင်ခဲ့ကြပြီး ခရီးစဉ်ပျက်ပြယ်ကာ ငွေကြေး မြောက်မြားစွာ ဆုံးရှုံး နစ်နာခဲ့ရသည်။
  • ကုရ်အာန်ကျမ်းမြတ် ပထမဆုံး ပန်ဂျာဘီ ဘာသာပြန် ထွက်ရှိ။
    ကုရ်အာန်ကျမ်းမြတ် ပထမဆုံး ပန်ဂျာဘီ ဘာသာပြန် ထွက်ရှိ။
    Tauqir Amaan Khan ဟာ ကျမ်းမြတ်ကုရ်အာန်ကို ပန်ဂျာဘီဘာသာကို ပထမဆုံးပြန်ဆိုတဲ့ ပါကစ္စတန်နိုင်ငံသားတစ်ဦးဖြစ်လာပါတယ်။ ကျမ်းမြတ်ကုရ်အာန်ဟာ ကမ္ဘာ တစ်ဝှမ်းလုံးမှာ  ဘာသာစကားအမျိုးမျိုးကို ပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။ ပန်ဂျာဘီဘာသာစကားဟာ ကမ္ဘာ့ပထမဆုံးဘာသာစကား ဆယ်မျိုးထဲမှာ ပါင်တယ်လို့ ယူဆရပြီး ကမ္ဘာပေါ်ကလူပေါင်း သန်း၄၀လောက်ဟာ ပန်ဂျာဘီဘာသာစကားကို နားလည်အသုံးပြုနေကြပါတယ်။ ပါကစ္စတန်နိုင်ငံမှာပဲ လူပေါင်း ၁၂သန်းလောက်ဟာ ပန်ဂျာဘီဘာသာစကားကို နားလည် ပြောဆိုနေကြပြီး အိန္ဒိယနိုင်ငံက လူပေါင်း သန်း၃၀ကျော်လောက်လည်း နားလည်အသုံးပြုနေကြပါတယ်။
    သီးသန့် အင်တာဗျူးတစ်ခုမှာ
    Amaan Khan က ပန်ဂျာဘီတစ်ယောက်ဖြစ်နေခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ အာယသ်တော်ကို သူ့ ရဲ့မိခင်ဘာသာစကားကို ပြောင်းလဲပေးဖို့  တာဝန်ရှိသလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။
    သူ့ ရဲ့ဘာသာပြန်စာအုပ်မှာ အာရဗီဘာသာစကားနဲ့  ပန်ဂျာဘီဘာသာစကားကို ယှဉ်တွဲဖော်ပြထားပါတယ်။ ဒီလိုဘာသာပြန်ခြင်းမပြုလုပ်ခင်က သူဟာ စာအုပ်ပေါင်း မြောက်များစွာကို လေ့လာဖတ်ရှုခဲ့ပါတယ်။
    ဟာဖိဇ် နဇွာရ်မုဟမ္မဒ်၊ မော်လနာ ဗရှီရ်အဟ်မဒ်၊ ဒေါက်တာ အတ်စ်ရားအဟ်မဒ်၊ မောင်လနာမောင်ဒူဒီ၊ ဂျာဗီဒ်အဟ်မဒ်ဂါမဒီ၊ အမီးန်အဟ်စာန်အဆ်ွလာဟီ၊ မော်လာနာ အဗုလ်ကလာမ်အာဇာသ်၊ မုဖ်သီမုစ်သွဖာ၊ မော်လနာ အရှ်ရှဖ်အလီထာနဝီ၊ ပီရ်ကရမ်ရှားဟ် တို့ ရေးသားခဲ့တဲ့စာအုပ်တို့ ကို ဖတ်ရှုခဲ့ပါတယ်။
    Khan က သူဘာသာပြန်ခြင်းရဲ့ရည်ရွယ်ချက်က ဖတ်ရှုသူတွေအတွက် ကုရ်အာန်ကျမ်းမြတ်ဟာ အကြွင်းမဲ့လက်ခံကြည့်သုံးနိုင်တဲ့ ကျမ်းမြတ်ဖြစ်ကြောင်း သိရှိကျေနပ်နိုင် စေဖို့  ဖြစ်တယ်လို့ သိရပါတယ်။
    သူဟာ ဟဂ်ျကပြန်လာပြီး ၂၀၀၂ခုနှစ်လောက်ကတည်းက ကုရ်အာန်ကို ဘာသာပြန်ဆိုနိုင်ဖို့ ကြိုးစားခဲ့တာပါ။ စာအုပ်တွေ ဖတ်ဖို့ နဲ့ နားလည်နိုင်ဖို့ ကို လေးနှစ်လောက် အချိန်ယူခဲ့ရပြီး ၂၀၀၇ ခုနှစ်ရောက်မှ စူရဟ်ဖာသွိဟ်ကို ပထမဆုံး စတင်ပြန်ဆိုနိုင်ခဲ့ပါတယ်။
    တစ်နေ့ ကို ၁၈နာရီနဲ့  နာရီ ၂၀လောက်အချိန်ယူပြီး ပြန်ဆိုခဲ့ပါတယ်။ ဒီလိုဘာသာပြန်နေစဉ် အချိန်အတွင်းမှာ သူငယ်ချင်းတွေ ဆွေမျိုးတွေနဲ့ လည်း မတွေ့ ဆုံနိုင်ခဲ့ဘူးလို့  ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ နောက်ဆုံး သူရဲ့ဘာသာပြန်ဆိုခြင်းဟာ ၂၀၀၉ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
    (ummat news)
    ဇူလိုင်လထုတ် အလ်မီဇားန် အမှတ်၁၁ မှ
  • ကမ္ဘာ့အရှည်ဆုံး ကုရ်အာန် မကြာမီ  ပြီးစီးမည်
    ကမ္ဘာ့အရှည်ဆုံး ကုရ်အာန် မကြာမီ ပြီးစီးမည်
    အီရတ်နိုင်ငံသား အသက် ၂၅နှစ် အရွယ်ရှိ မုဟမ္မဒ်ဟုစိုင်န်အမည်ရှိ လူငယ်တစ်ဦးသည် ကုရ်အာန်ကျမ်းမြတ်တစ်အုပ်လုံးအား အာရဗီလက်ရေး ပန်းချီဒီဇိုင်းဖြင့် စတင်ရေးသားလျက်ရှိပြီး အဆိုပါစာမူမှာ မီတာ ၆၀၀၀ ( ၆ကီလိုမီတာ ) ရှည်လျား၍ ထိုမျှရှည်လျားသည့် ကုရ်အာန်ကျမ်းမြတ်စာမူ ယနေ့ အထိကမ္ဘာပေါ်၌ မရှိသေးကြောင်း လန်ဒန်မြို့ ထုတ် အညရဗီသတင်းစာ အလ်ဟယားသ်၌ ဖော်ပြထားသည်။
    ကုရ်အာန်ရေးဆွဲနေပုံ
    ၎င်းကုရ်အာန်ကျမ်းစာမူကို စက္ကူအဖြူပေါ်တွင်ရေးသားလျက်ရှိပြီး စက္ကူ၏အရှည်မှာ ၆၀၀၀မီတာရှိပြီး အနံမှာ ၉၀စင်တီမီတာဖြစ်သည်။ စာမျက်နှာ ၅၀၃မျက်နှာခန့်  ပါဝင်မည်ဖြစ်ပြီး ၆လအတွင်းပြီးဆုံးမည်ဟု မျှော်လင့်ကြောင်း လက်ရေးပန်းချီပညာရှင် မုဟမ္မဒ်ဟုစိုင်န်ကပြောကြားထဲ့သည်။
    ” တစ်နေ့ သုံးမျက်နှာပြီးအောင် ကျွန်တော်မနားမနေရေးနေပါတယ်။ ကုရ်အာန်စာမူကို လက်ရေးပန်းချီလက်ရာပိုမိုလှပဖို့ အတွက် အလှဆုံးစာလုံးလက်ရေးဖြစ်တဲ့ ခသ်သေဆုလုဆ်နဲ့  ခသ်သေဟိုင်လီယဟ်ကို အသုံးပြုရေးဆွဲနေပါတယ်။  ခသ်သေဆုလုဆ်လက်ရေးစာလုံးက ရေးတဲ့နေရာမှာအခက်ဆုံးနဲ့  အနုစိပ်အကျဆုံးပါပဲ ” ဟု မုဟမ္မဒ်ဟိုစိုင်န်က ပြောကြားခဲ့သည်။
    အဆိုပါကုရ်အာန်ကျမ်းစာမူအား ပြီးဆုံးသည်အထိရေးရန် အီရတ်ဒီနာရ် ၁၀သန်း (အမေရိကန်ဒေါ်လာ၈သောင်း) ခန့် ကုန်ကျမည်ဖြစ်ကြောင်းနှင့် ထိုကုန်ကျစရိတ်ကို မိမိပိုင်ငွေကြေးမှသုံးစွဲမည်ဖြစ်ပြီး အစိုးရထံမှအကူအညီတောင်းခံရန်ဆန္ဒမရှိကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
    ၎င်းကုရ်အာန်ကျမ်းစာမူ လက်ရေးလှရေးသားခြင်းအား လွန်ခဲ့သောလကစတင်ခဲ့ခြင်းဖြစ်ပြီး ကုရ်အာန်ပထမပါရဟ်အား ၁၃မျက်နှာအတွင်း ရေးသားခဲ့နိုင်သည်။
    ” ဒီလိုရေးရတာ အတော်ခက်ခဲပါတယ်။ အခုဆို နေ့ စဉ်ရေးနေတဲ့အတွက် ကျွန်တော်ခါးနာနေပါတယ်။ ဒါပေမယ့်အဆုံးထိရေးနိုင်ဖို့  ကျွန်တော်အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်ဒီလိုရေးတာဟာ နာမည်ကြီးဖို့ မဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်ဖို့  သက်သက်ပါပဲ” ဟု အာရဗီလက်ရေးပန်းချီမျိုးစုံရေးသားနိုင်သူ ကာသိဗ်တစ်ဦးဖြစ်သည့် မုဟမ္မဒ်ဟုစိုင်န်က ဆက်လက်ပြောကြားခဲ့သည်။
    ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတင်သည့် အီရတ်အဖွဲ့ ခွဲသည် မုဟမ္မဒ်ဟုစိုင်န်ထံ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး မုဟမ္မဒ်ဟုစိုင်န်၏ကုရ်အာန်ပန်းချီလက်ရာသည် ပြီးဆုံးသွားခဲ့ပါက ကမ္ဘာ့ဂင်းနစ်စာအုပ်တွင် အရှည်ဆုံးစာမူအဖြစ် မှတ်တမ်းဝင်နိုင်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
    ဂင်နစ်စာအုပ်တွင်လက်ရှိ၌ ကမ္ဘာ့အရှည်ဆုံးစားမူအဖြစ် ရုရှားနိုင်ငံ တာတာရိစ်တာန်မှ ကုရ်အာန်စာမူအားမှတ်တမ်းတင်ထားပြီး အဆိုပါကုရ်အာန်မှာ အရှည် ၅၂.၁ မီတာ၊ အနံ ၂ မီတာဖြစ်ပြီး ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့ က  မှတ်တမ်းတင်လိုက်ခြင်းဖြစ်သည်။ ကမ္ဘာ့အသေးဆုံးကုရ်အာန်မှာ အရှည် ၂၈.၁ စင်တီမီတာ၊ အနံ ၇.၁ စင်တီမီတာ ဖြစ်ပြီး စာမျက်နှာ ၅၇၁ မျက်နှာဖြစ်သည်။ ထိုအသေးဆုံးကုရ်အာန်ကို ၁၉၈၂ ခုနှစ်က အီဂျစ်နိုင်ငံ၌ပြုလုပ်ခဲံပြီး ယခုအခါ ပါကစ္စတန်နိုင်ငံသားတစ်ဦးထံရှိနေကြောင်းသိရသည်။
    ဇူလိုင်လထုတ် အလ်မီဇားန် အမှတ်၁၁ မှ