News @ M-Media
Blog
  • နှစ် ၁၀၀ ကျော်သက်တမ်းရှိ ပြည်မြို့မှ မွတ်စလင်မ် သုဿာန်အား သော့ခတ်ပိတ်သိမ်းခံရ
    နှစ် ၁၀၀ ကျော်သက်တမ်းရှိ ပြည်မြို့မှ မွတ်စလင်မ် သုဿာန်အား သော့ခတ်ပိတ်သိမ်းခံရ
    ဇူလိုင် ၂၆ရက်၊ ၂၀၁၂
    ရန်ကုန်။
    M-Media
    သတင်း – ပြည့်ပြည့်
    ပြည်မြို့ရှိ မွတ်စလင်မ်သုဿာန်အဟောင်းအား အာဏာပိုင်များမှ မနေ့ညပိုင်းက လာရောက်၍ သော့ခတ်သွားကြောင်းသိရပါတယ်။
    နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိ ပြည်မြို့မှ မွတ်စလင်မ်သုဿာန် အားသော့ခတ်ထားပုံ
    ဤသုဿာန်မြေသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ရှိခဲ့သော သုဿာန်ဖြစ်ပြီး ကိုယ်ပိုင်ဝယ်ယူထားခဲ့ကြသော မြေနေရာဖြစ်ကြောင်း၊ ၂၀၀၈-ခုနှစ်တွင် မြို့နယ်စည်ပင်မှ မြို့နယ်အင်္ဂါရပ်နှင့်မညီညွတ်ဟုပြောသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ကြောင်း၊ သုဿာန်မြေအဟောင်းအား ပိတ်သိမ်းပြီး အသစ်သို့ပြောင်းရွှေ့ရန် နေရာအသစ်ပေးခဲ့သော်လည်း အဆိုပါနေရာမှာ အဆင်မပြေသောကြောင့် မပြောင်းရွေ့ပဲ နေခဲ့ကြကြောင်း၊ ယခုအခါ ထပ်မံ၍ နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့ရန် လွန်ခဲ့သော ၁-လကျော်မှ သတ်မှတ်ပေးခဲ့ကြောင်း၊ ဒေသခံများမှ သုဿာန်အသစ်သို့ ပြောင်းရွှေ့ခြင်းမပြုသေးတာကြောင့် ဇူလိုင်လ ၂၅-ရက်နေ့ ည ၉-နာရီခန့်တွင် ရဲများမှ လာရောက်ပြီး သော့ခတ်သွားကြောင်း သတင်းရရှိပါသည်။
    နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိ ပြည်မြို့မှ မွတ်စလင်မ်သုဿာန်
    အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြည်မြို့ခံ မွတ်စလင်မ်တစ်ဦးအား ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ပါသည်။
    “ဒီသုဿာန်မြေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀-ကျော်ကတည်းက ရှိခဲ့တာပါ။ မွတ်စလင်မ်လူကြီးတွေက ကိုယ်ပိုင်ငွေနဲ့ဝယ်ထားခဲ့ကြတာ။ ၂၀၀၈-ခုနှစ်မှာကျတော့ မြို့နယ်စည်ပင်ကနေ မြို့အင်္ဂါရပ်နဲ့ မညီညွတ်ဘူးဆိုပြီး ကတက်ကုန်းသုဿာန်ဆိုတဲ့ နေရာအသစ်ပေးတယ်။ အဲဒီနေရာက မြေကျင်းတူးရင်ရေတွေထွက်တော့ မြှုပ်နှံဖို့အဆင်မပြေဘူး။ ဒါကြောင့် အဲဒီမပြောင်းပဲနဲ့ ဒီသင်္ချိုင်းအဟောင်းမှာပဲ မြှုပ်နေခဲ့တာ။ အခုတော့ နောက်ထပ် ဧငြိမ်းသာဆိုတဲ့သင်္ချိုင်းမြေနေရာအသစ်တစ်ခုထပ်ပေးတယ်။ စက်မှုဇုံနဲ့ မျက်နှာချင်းဆိုင်မှာ။ အဲဒါ လွန်ခဲ့တဲ့ ၁-လကျော်လောက်က ချပေးလိုက်တာ။ အဲဒီကို ဘယ်သူမှ မရွှေ့သေးပဲ ဟောင်းမှာပဲ ဆက်ပြီး မြှုပ်နေကြတာ။
    သင်္ချိုင်းအသစ်မှာ မြှုပ်တာ ၃-ယောက်လောက်ပဲရှိသေးတယ်။ ကျန်တဲ့ အဟောင်းမှာပဲ မြှုပ်နှံသူတွေကို မြို့နယ်တရားရုံးမှာ တရားစွဲခံရတာကြောင့် တရားရုံးရောက်တာပဲ။ မနေ့ညကတော့ လာပြီးသော့ခတ်သွားတာ ရဲတွေပါ။ အဲဒါ ရဲစခန်းကိုမေးတော့လည်း မဟုတ်ဘူးပြောတယ်။ ကျွန်တော်တို့က သုဿာန်အဟောင်းကို ပိတ်သိမ်းတယ်ဆိုတာအထိတော့လက်ခံတယ်။ ဒီမြေနေရာဟာ ကိုယ်တိုင်ဝယ်ယူထားခဲ့ကြတဲ့နေရာပါ။ ဌာနဆိုင်ရာအဆင့်ဆင့်ကိုလည်း စာပို့ထားပါတယ်။ အဖွဲ့ကြီး ၅-ဖွဲ့ကလည်း စာပို့တယ်။ ဒါပေမယ့် မနေ့ညကတော့ သော့လာခတ်သွားကြတယ်။ ကျွန်တော်တို့အနေနဲ့က ဖျက်သိမ်းမယ်ဆိုတာမျိုးတော့ လက်မခံနိုင်ဘူး။ ဒါကြောင့် ဖျက်သိမ်းခြင်းမပြုဖို့ ထပ်မံကြိုးစားလုပ်ဆောင်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
  • “ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ၏ အခြားတဘက်
    “ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ၏ အခြားတဘက်
     ဒေါက်တာနေလင်းအောင်
    ရခိုင်အရေးနှင့်ပတ်သက်၍ အတွေးရှုထောင့်တစ်ခုရရှိစေရန် ရည်ရွယ်ပြီး ပြန်လည်မျှဝေ ဖော်ပြပါသည်ဟုဆိုကာ Weekly Eleven News No. 42, Vol: 7, July 25 2012  တွင် ဖော်ပြခဲ့သော “ရခိုင် မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗိုဖြစ်လာမလား” ဆောင်းပါးကို ဖတ်ရှုပြီးသည့်နောက် ရခိုင်အရေးနှင့် ပတ်သက်၍ အခြားအတွေးရှုထောင့်တစ်ခုကို ထပ်မံရရှိစေရန်လည်းကောင်း၊ ဆောင်းပါးရှင် ကိုအောင်ဇင်လတ်၏ ပြည်တွင်းမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို မေးမြန်းထားသော မေးခွန်း တစ်ခုအား မြန်မာမွတ်စလင်မ် တစ်ဦးအနေဖြင့် ပြန်လည်ဖြေကြားလိုသည်ကတစ်ကြောင်းကြောင့် ရေးသား လိုက်ရပါသည်။ စာဖတ်ပရိတ်သတ်များ ဖတ်ရှုနိုင်အောင် ဖော်ပြလိုခြင်း (သို့) ဖော်ပြနိုင်ခြင်း မရှိပါကလည်း ပြည်တွင်းမီဒီယာမိသားစုများ ယခုတင်ပြသည့် ရှုထောင့်တစ်ခုအား ဖတ်ရှုနိုင်ကြပါလျှင် ကျွန်တော်အနေနှင့် တင်ပြရကျိုးနပ်သည်ဟု ယူဆမိပါသည်။
    Weekly Eleven News No. 42, Vol: 7, Page No 25&28 July 25 2012 တွင် ဖော်ပြခဲ့သော “ရခိုင် မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗိုဖြစ်လာမလား” ဆောင်းပါး
    မီဒီယာနှင့် ဘက်လိုက်မှု
    ကျွန်တော်သည် မီဒီယာသမားတစ်ဦး မဟုတ်သော်လည်း မီဒီယာလောကနှင့် စိမ်းသူမဟုတ်ပါ။ လွန်ခဲ့သော သုံးလေးနှစ်ခန့်မှစ၍ ရန်ကုန်၊ အမေရိကန်စင်တာတွင် ဖွင့်လှစ်သော မီဒီယာသင်တန်းတစ်ခုကို တက်ရောက်ခဲ့စဉ်မှစ၍ မီဒီယာလောကနှင့် ထိတွေ့ခွင့်ရရှိခဲ့သလို မီဒီယာအလုပ်ရုံဆွေးနွေးပွဲအချို့ တို့ကိုလည်း တက်ရောက် ခွင့်ရရှိခဲ့ပါသည်။ ပြည်တွင်း မီဒီယာလောကသားများ၏ မီဒီယာဆိုင်ရာအတွေး အမြင်များ၊ ပညာများကို လေ့လာမှတ်သားဘူး၍ ယနေ့ပြည်တွင်းဂျာနယ်အချို့မှ အယ်ဒီတာများနှင့် သတင်း ထောက်တို့မှာ ကျွန်တော်၏ ဆရာများဖြစ်သည်ဟု မှတ်ယူထားပါသည်။
    ကျွန်တော် မီဒီယာလောကနှင့် စတင်ကျွမ်းဝင်ခဲ့ချိန်ကတည်းက ယိုင်နဲ့နေပြီးဖြစ်သော “မီဒီယာသည် ဘက်လိုက်မှုကင်းရမည်” ဟူသော အယူအဆအား ကျွန်တော် သဘောမတွေ့ခဲ့ပါ။ လူသားသည် ခံစားချက် ရှိသည်။ တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်သော အသိဉဏ်ရှိသည်။ ထို့ကြောင့် လူသားတစ်ဦးဖြစ်သော သတင်း သမားသည်လည်း ထိုခံစားချက်၊ အသိဉာဏ်တို့ကို ဘေးဖယ်၍ သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ရေးသား ရန်မှာ လက်တွေ့၌ မဖြစ်နိုင်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ဘယ်ဘက်ကိုမှ မလိုက်ဘဲ ရေးသားထားသော သတင်းဟူ၍ မရှိနိုင်ဟု ရိုးသားစွာ ယုံကြည်မိပါသည်။ သို့သော် အရေးကြီးသော သတင်းကျင့်ဝတ်တစ်ခုဖြစ် သည့် “မျှတမှု” ရှိရန်ကိုမူ သတိထားသင့်သည်ဟု ယူဆမိပါသည်။ အုပ်စုနှစ်ခု (သို့) လူနှစ်ဦးအကြား ဖြစ်ပွား သော ကိစ်္စများ၌ နှစ်ဘက်အမြင်ကိုဖော်ပြပြီးကာမှ သတင်းသမား၏ အမြင်၊ အယူအဆ၊ ဝေဖန်မှုတို့ကို ပြုလုပ်သင့်ပါသည်။ သို့မှသာ သတင်းဖတ်သူတို့မှလည်း နှစ်ဘက်အမြင်ကို သိမြင်နိုင်ပြီး ဝေဖန်သုံးသပ်နိုင် ပေမည်။ ရခိုင်အရေးနှင့် ပတ်သက်၍ ပဋိပက္ခအရှိန်မြင့်နေစဉ်တွင် နှစ်ဘက်အမြင်ကို ဖော်ပြရန် ခက်ခဲနိုင် သော်လည်း ယခုအေးချမ်းစပြုသော အချိန်၌ပင်လျှင် အချို့မီဒီယာတို့မှာ နှစ်ဘက်အမြင်ကို တင်ပြရန် ပျက်ကွက်ခဲ့သည်ကို ၀မ်းနည်းစွာ တွေ့မြင်နေရပါသည်။
    ရခိုင်အရေးနှင့် ပတ်သက်၍ တွေ့မြင်ရသော နောက်မီဒီယာပြဿနာတစ်ခုမှာ အမြင်နှစ်ခုနှင့် နေရာ ပြဿနာဟု ဆိုရပေမည်။ ပြင်ပမီဒီယာအချို့က ဘက်လိုက်ရေးသားသည်ဟုဆိုကာ ပြည်တွင်းမီဒီယာအချို့က အခြားတဘက်သို့ ဘက်လိုက်ရေးသားခြင်းဖြင့် ချိန်ခွင်လျှာညှိရန် ကြိုးစားခဲ့ကြသည်။ သို့သော် ထိုမီဒီယာ တို့မှ ဖော်ပြသောနေရာမှာ မတူပေ။ ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်ကို ပြင်ပစာဖတ်သူတို့က လက်လှမ်း မမီသလို ပြည်တွင်း စာဖတ် ပရိသတ်တို့ကလည်း ပြင်ပမီဒီယာများမှ ဖော်ပြချက်တို့ကို မသိကြပါ။ ထို့ကြောင့် အစွန်းထွက်မူ နှစ်ခုကြားမှ ကွာခြားချက်က ပိုမိုကြီးမားလာခဲ့သည်။ အထူးသဖြင့် မရင့်ကျက်သေးသော ပြည်တွင်းမီဒီယာနှင့် ပြည်တွင်းစာဖတ်သူတို့၏ အစွန်းရောက်မှုကြောင့် ပြဿနာအချို့စတင်ခံစားနေရပြီ ဖြစ်သည်။ ထိုပြဿနာကို နောက်မှ ဆွေးနွေးပါမည်။
    ရခိုင်ပဋိပက္ခ
    ရခိုင်ပဋိပက်္ခနှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မတကြီး၏ မိန့်ခွန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဌ ဆရာတော်၏ သြ၀ါဒကထာ၊ အစ္စလာမ်အဖွဲ့အစည်းကြီးများမှ တာဝန်ရှိ ပုဂိ္ဂုလ်တို့၏ ဖော်ပြချက်တို့၌ ထိုဖြစ်ရပ်တို့သည် လူတစ်စု၏ တရားလက်လွတ်ပြုလုပ်မှု၊ တရားဥပဒေချိုးဖောက်မှု၊ အကြမ်းဖက်မှုတို့ကြောင့် ဖြစ်ပေါ်လာရသည် ဟုသုံးသပ်ခဲ့ကြသည်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့ကလည်း ဤပဋိပက္ခကို အကြမ်းဖက်သူနှင့် အကြမ်းဖက်ခံရသူတို့အကြားမှ ပြဿနာအဖြစ် ရှုမြင်ကြသည်။ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို မုဒိမ်းကျင့်၊ လူသတ်၊ လူအုပ်စုဖွဲ့လူသတ်၊ အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီး၊ ဘုန်းကြီးကျောင်း၊ ဗလီစသည့် သာသနိကအဆောက်အအုံများကို ဖျက်လိုဖျက်ဆီးပြုကြသည့် အကြမ်းဖက် သမားများသည် ယဉ်ကျေးသည့် လူအစုအဝေး၏ ဘုံရန်သူဖြစ်ပြီး၊ တရားဥပဒေနှင့်အညီ အရေးယူရပေမည်။ ထို့အတူ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်စေ အကြမ်းဖက်ခံရပါမူ မေတ္တာ၊ ဂရုဏာရှေ့ထား၍ ကူညီစောင့်ရှောက်ကာကွယ်ကြရမည်သာဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်အများစုသည် ကျောက်နီမော်အမူမှစ၍ နောက်ဆုံး အကြမ်းဖက်မှုများ အထိ ဖြစ်ရပ်တို့သည် လူမျိုးရေးပြဿနာလည်း မဟုတ်၊ ဘာသာရေးပြဿနာလည်းမဟုတ်၊ အကြမ်းဖက်သူနှင့် အကြမ်းဖက်ခံရသူတို့၏ ပြဿနာဖြစ်ကြောင်း ခံယူလိုကြသည်။ မြန်မာနိုင်ငံ အစ္စလာမ်အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိ ပုဂ်္ဂိုလ်များကလည်း ဤကဲ့သို့ပင် ကြေငြာချက်များ ထုတ်ပြန်ခြင်း၊ သတင်းမီဒီယာများသို့ ပြောကြားခြင်းများ ပြုခဲ့ပြီး ဖြစ်သည်။
    လူမျိုးရေးပဋိပက္ခ
    သို့သော် ရခိုင်အရေးကို လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများအဖြစ် ပုံဖော်ရန် ကြိုးပမ်းမှု များရှိသည်မှာ ငြင်းမရသော အချက်ပင်ဖြစ်သည်။ ထိုကြိုးပမ်းမှုများ၌ လူမျိုးရေး ပဋိပက္ခအဖြစ် ပုံဖော်မှုမှာ အောင်မြင်ခဲ့သည်ဟုဆိုရမည်။ ထိုကဲ့သို့ လူမျိုးရေးပဋိပက္ခအဖြစ် ပုံဖော်မှုနှင့် ပြည်တွင်းမီဒီယာအချို့တို့၏ “တန်ပြန်” ဘက်လိုက်ရေးသားမှုတို့၏ အကျိုးဆက်ကြောင့် အကြမ်းဖက်လူမျိုးစုနှင့် အကြမ်းဖက်ခံလူမျိုးစု ဟူ၍ ပေါ်ပေါက်လာတော့သည်။ အကြမ်းဖက်ခံလူမျိုးစု အဖြစ် ဖော်ပြခြင်းခံရသူတို့အနက်မှ အကြမ်းဖက် မှုကျူးလွန်းခဲ့သူများကို အမျိုးဘာသာ၊ သာသနာကို ကာကွယ်ကြသူများအဖြစ် ချီးမွမ်းဂုဏ်ပြုကာ တရားဝင် လက်နက်တပ်ဆင်ပေးရန် ကြိုးပမ်းလာကြသည်။ အကြမ်းဖက်လူမျိုးစု အဖြစ် ဖော်ပြသတ်မှတ်ခံရ သူတို့အနက် မှ အကြမ်းဖက်ခံရသူတို့မှာမူ ပြည်တွင်းစေတနာရှင်များ၏ ရွံရှာမုန်းတီးခြင်းခံရ၍ မည်သည့်အကူအညီမှ မရရှိကြဘဲ ကြီးမားသော ဘေးဒုက္ခဖြင့် ကြုံတွေ့နေကြရတော့သည်။ ဤအခြေအနေမှတဆင့် အလွန် အန္တရာယ်ကြီးသော အခြေအနေများ ပေါ်ပေါက်လာနိုင်သော အရိပ်အခြေတို့ကို တွေ့မြင်နေရပြီ ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာခဲ့ပါမူ မည်သူကို အပြစ်တင်ရမည်ကို မဝေခွဲတတ်တော့ပေ။
    ဘာသာရေးပဋိပက္ခ
    အာဏာပိုင်အဖွဲ့အစည်းများ၊ ဘာသာရေးပုဂိ္ဂုလ်များ၊ သတင်းမီဒီယာများ၊ လူမှုအဖွဲ့အစည်းများမှ ရခိုင်အရေးကို ဘာသာရေး ပဋိပက္ခအသွင်မဆောင်ရန် ကြိုးပမ်းဆောင်ရွက်မှုများခဲ့ပါသော်လည်း ဘာသာရေး ပဋိပက္ခ အသွင်ဆောင်စေသော အချက်များရှိနေသည်ကို တွေ့ရသည်။ ကျောက်နီမော်အမှု၌ ကျူးလွန်ခဲ့သူ တရားခံများနှင့် တောင်ကုတ်တွင် အကြမ်းဖက်အသတ်ခံရသူ ဆယ်ဦးတို့၏ ဆက်စပ်မှုကို လေ့လာကြည့်ပါက ထိုသူတို့သည် ဆွေမျိုးသားချင်းများလည်း မဟုတ်၊ လူမျိုးချင်းတူသူများလည်းမဟုတ်၊ နေထိုင်ရာ အရပ်ဒေသ တူသူများလည်းမဟုတ်ဘဲ ဘာသာရေးအရသာ ဆက်စပ်မှုရှိသည်ကို တွေ့မြင်ရသည်။ တဖန် အကြမ်းဖက် လူမျိုးများဟု ဖယ်ကြဉ်ခံရ၍ အတိဒုက္ခကြီးစွာရောက်နေကြသူများ အထဲတွင် အခြားနိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူဆိုသူများအပြင် မြန်မာနိုင်ငံအတွင်းပိုင်းမှ ရခိုင်ဒေသသို့ သွားရောက်အခြေချကြသူများ၊ မိဘ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက မြန်မာမြေပေါ်တွင် နေထိုင်ခဲ့ကြသော နိုင်ငံသားစစ်စစ်များ၊ နှစ်ပေါင်းထောင်ချီကတည်းက ရခိုင်မြေပေါ်တွင် အခြေချခဲ့၍ နိုင်ငံတော်အစိုးရအဆက်ဆက်က ရခိုင် မျိုးနွယ်ဝင်အဖြစ် အသိအမှတ်ပြုခဲ့သော၊ ယခုတိုင် အသိအမှတ်ပြုထားသော ကမန်အမျိုးသားများ ပါဝင်နေသည်ကို ကြည့်ခြင်းအားဖြင့်လည်း ဘာသာရေး ခွဲခြားမှုအသွင်ဆောင်နေသည်ကို တွေ့မြင်နိုင်ပေ မည်။
    ကိုအောင်ဇင်လတ်၏ ဆောင်းပါး၌ပင် ဘာသာရေး ပဋိပက္ခမဟုတ်ပါဟု ဆိုသော်လည်း အစ္စလာမ်ဘာသာဝင်၊ မွတ်ဆလင်မ်ဟု အကြိမ်ကြိမ် သုံးစွဲဖော်ပြထား ချက်တို့က ဘာသာရေး အသွင်ယူလိုသည်မှာ ထင်ရှားလှပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များက ဘာသာရေးပြဿနာ မဟုတ်ဟု တထစ်ချ မယုံရဲကြခြင်းဖြစ်ပါသည်။
    အဆင့်သုံးဆင့်
    မည်သို့ပင်ဖြစ်စေ၊ ယခုဖြစ်ပေါ်လာခဲ့သော ရခိုင်အရေးကို ဖြေရှင်းပြီး နောက်ထပ် ဤကဲ့သို့ ဖြစ်ရပ် မျိုးထပ်မံမပေါ်ပေါက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျွန်တော်အနေဖြင့် အဆင့်သုံးဆင့်နှင့် ပြုလုပ်သင့်သည်ဟု ယူဆပါသည်။
    ၁။ အပြစ်ရှိသူ အပြစ်ပေးရေးနှင့် အပြစ်မဲ့သူ ကာကွယ်ရေး
    အထက်က ဖော်ပြခဲ့သလို တရားဥပဒေချိုးဖောက်ပြီး မုဒိမ်းကျင့်လူသတ်၊ အုပ်စုဖွဲ့လူသတ်၊ အပြစ်မဲ့ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ဖျက်ဆီးသူ၊ အကြမ်းဖက်သမားများကို မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်၊ မည်သည့်နိုင်ငံသားပင်ဖြစ်ပါစေ ထိရောက်သော အရေးယူမှုများ ပြုလုပ်သင့်ပါသည်။ သို့မှသာ နောက်နောင် ဤကဲ့သို့ အကြမ်းဖက်မှုမျိုး မကျူးလွန်ရဲကြမည်ဖြစ်သည်။ ထို့အတူ အပြစ်မဲ့ အကြမ်းဖက်ခံ လူသားအားလုံးကိုလည်း မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သည့်နိုင်ငံသား ပင်ဖြစ်ပါစေ ကာကွယ် စောင့်ရှောက်ပေးရန် လူ့ဂုဏ်သိက္ခာနှင့် အညီ ဆက်ဆံရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသားမဟုတ်သူများကို ပင် ဤအခြေအနေမျိုး၌ လူသားချင်းစာနာစွာ ကာကွယ်စောင့်ရှောက်ပေးပြီး လုံခြုံစိတ်ချဘေးကင်းသော အချိန်ကျမှ နိုင်ငံတကာ မိသားစုများနှင့် တိုင်ပင်၍ အကောင်းဆုံးနည်းလမ်း ရှာဖွေဖြေရှင်းသင့်ပါသည်။
    ၂။ မျှတသော ဥပဒေနှင့် ဥပဒေစိုးမိုးရေး
    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်အရေးနှင့် ပတ်သက်၍ အကြိမ်ကြိမ်ပြောကြား ခဲ့သော အချက်ပင်ဖြစ်ပါသည်။ မျှတမှုရှိသော နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ပြည့်စုံသော ဥပဒေတစ်ရပ်ရှိရန် လိုအပ်ပါသည်။ မျှတမှုမရှိလျှင် အေးချမ်းမှုလည်းရှိမည် မဟုတ်ပါ။ မျှတမှုမရှိသော ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ရန်လည်း ခက်ခဲမည်ဖြစ်၍ ဥပဒေစိုးမိုးရေးလည်း ရှိနိုင်မည်မဟုတ်ပါ။ ထိုသို့ မျှတသော ဥပဒေတစ်ရပ်ပေါ်ပေါက်လာပါက ထိုဥပဒေအသက်ဝင်စိုးမိုးပြီး အကျင့်ပျက်ခြစားမှုများ ပပျောက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
    ၃။ လူမျိုး၊ ဘာသာ၊ နိုင်ငံသား
    လူမျိုး၊ ဘာသာ၊ နိုင်ငံသားဆိုသည့် ပင်ကိုယ်အမှတ်သညာ  (Identity) သုံးခုကို မြန်မာတိုင်းရှင်းရှင်း လင်းလင်းသိမြင့်လက်ခံနိုင်ဖို့ ရေရှည်လုပ်ငန်းစဉ်အဖြစ် ကြိုးပမ်းသင့်ပါသည်။
    လူမျိုးဆိုသည်မှာ လူအစုအဝေးတစ်ရပ်သည် နှစ်ပရိစေ်္ဆဒကြာမြင့်စွာ အတူတကွနေထိုင်ကြပြီးနောက် တူညီသော ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လက်ခံထားကြသူများကို ဆိုလိုသည်။ လူမျိုးစု တစ်စုဝင် မိဘနှစ်ပါးမှ မွေးဖွားလာသူတစ်ဦးသည် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ထိုလူမျိုးကို ဆက်ခံရမည်သာဖြစ်သည်။ ဥပမာအားဖြင့် ဗမာလူမျိုး မိဘနှစ်ပါးမှ မွေးဖွားလာသူသည် ဗမာလူမျိုးသာဖြစ် ပေမည်။ ကချင်လူမျိုးဖြစ်ချင်၍လည်းမရ၊ ကိုးရီးယားလူမျိုးဖြစ်ချင်၍လည်းမရပေ။
    ဘာသာတရားဟူသည်မှာ နှလုံးသား၏ ယုံကြည်မှု၊ ဦးနှောက်၏ လက်ခံမှုတို့ဖြင့် ယုံကြည်လက်ခံ ရခြင်းဖြစ်သည်။ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသား၊ မည်သည့် ဘာသာဝင်မိဘနှစ်ပါးမှ မွေးဖွားလာသည် ဖြစ်စေ ထိုလူသားတစ်ဦးသည် မိမိ၏ ဦးနှောက်နှင့် နှလုံးသားမှ ယုံကြည်လက်ခံသော ဘာသာတရားကို လက်ခံနိုင် သည်။ မိဘနှစ်ပါးယုံကြည်သော မိရိုးဖလာယုံကြည်မှုကို ဆက်လက်လက်ခံယုံကြည်နိုင်သလို နှစ်သက်ရာ ဘာသာတရားတစ်ခုကိုလည်း ပြောင်းလဲယုံကြည်နိုင်ပေသည်။
    နိုင်ငံသားဆိုသည်မှာ – သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ပြဋ္ဌာန်းထားသော နိုင်ငံသားဥပဒေနှင့် အညီ သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံ၍ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပါက ထိုသက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံသားဖြစ်ပေမည်။ နိုင်ငံတစ်ခု၏ နိုင်ငံသားသည် အခြားနိုင်ငံ၏ နိုင်ငံသား အဖြစ်ပြောင်းလဲ ခံယူနိုင်သည်။ ထို့အတူ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်ပြဋ္ဌာန်း ထားသော အရည်အချင်းများနှင့် ပြည့်စုံပါက ထိုနိုင်ငံ၏ နိုင်ငံသားဖြစ်ပေမည်။ မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်ခွင့်၌ ဘာသာရေးသတ်မှတ်ချက်မရှိသဖြင့် မည်သည့် ဘာသာကို သက်ဝင် ယုံကြည်သူမဆို သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံပါက မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုရမည်ဖြစ်သည်။
    လူမျိုး၊ ဘာသာနှင့် နိုင်ငံသားဟူသော ပင်ကိုယ်အမှတ်သညာ (Identity) သုံးခုကို လူအများစုသည် ရောယှက်၍ ခွဲခြားနိုင်ခြင်းမရှိသည်ကို တွေ့မြင်ရသည်။ “ဗမာမွတ်ဆလင်မ်၊ ဘင်္ဂါလီဗုဒ္ဓဘာသာဝင်၊ ဂျူးခရစ်ယာန်၊ တိဘက်ဘာသာမဲ့” စသည့် အသုံးအနှုန်းများသည် မြန်မာအများစုနား၌ ယုတိ္တမရှိ၊ ရယ်စရာ စကားများ သဖွယ်ထင်မြင်မှတ်ယူနေကြသည်။ ဧကန်စင်စစ် မည်သည့်လူမျိုးပင်ဖြစ်စေ မိမိနှစ်သက်ရာ ဘာသာတရားကို လက်ခံယုံကြည်ကိုးကွယ်ခွင့်ရှိလေရာ ထိုအခေါ်အဝေါ်ဖြင့် ခေါ်ဆိုနိုင်သော ပုဂိ္ဂုလ်များ သည် ယခင်ကလဲရှိခဲ့သည်။ ယခုလည်းရှိသည်၊ နောင်တွင်လည်းရှိနေဦးမည်ဖြစ်သည်။ ထို့အတူ ယခုလတ် တလောကြားနေရသော “ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ”ဟူသော အသုံးအနှုန်းသည်လည်း ဘာသာရေးနှင့် နိုင်ငံသားဖြစ်ရေးအပေါ်တွင် ရောထွေးကာ ပြဿနာ ပေါ်ပေါက်လာမည်ကို စိုးရိမ်ဖွယ်ရာ ဖြစ်ပေသည်။ လူမျိုးဘာသာနှင့် နိုင်ငံသားကို ခွဲခြားသိမြင်လက်ခံနိုင်မှသာလျှင် မြန်မာနိုင်ငံသားတိုင်း တက်ညီ လက်ညီနိုင်ငံထူထောင်နိုင်မည် ဖြစ်ပေသည်။
    မြန်မာ့မြေမှာနေ၊ မြန်မာ့ရေကိုသောက်၊ မြန်မာနိုင်ငံတော်အပေါ် သစ်္စာစောင့်သိရိုသေကြသည့် လူမျိုးကွဲပြား ဘာသာခြား မြန်မာနိုင်ငံသားအားလုံး “ဒါဒို့ပြည်၊ ဒါဒို့မြေ၊ ဒို့ပိုင်တဲ့မြေ”ဟုသံပြိုင်ဟစ်ကြွေးရင်း ငြိမ်းချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်မည့်အချိန်ကာလကို မျှော်မှန်းရင်းနိဂုံးချုပ်လိုက်ပါသည်။
    ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းပါစေ။
    ဒေါက်တာနေလင်းအောင်၏  FB စာမျက်နာမှ ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြပါသည်။
  • တရုတ်အမျိုးသား D T F Wong ရဲ့ အစ္စလာမ့်အေးရိပ်ဆာရာသို့ ခရီး
    တရုတ်အမျိုးသား D T F Wong ရဲ့ အစ္စလာမ့်အေးရိပ်ဆာရာသို့ ခရီး
    ကျနော် “အဗဒူ ဟက်”ပါ။ ကျနော် တရုတ်လူမျိုးဖြစ်ပြီး “ဘရူနိုင်း”နိုင်ငံမှာ မွေးဖွားခဲ့သူပါ။ အမည်ရင်းက “ဝေါင်”ဖြစ်ပြီး နဂိုက မိဘတွေအတိုင်း ခရစ်ယာန်ဘာသာ ကိုးကွယ်ခဲ့ပါတယ်။ အခုအသက် ၃၆-နှစ်ရှိပါပြီ။ ၁၉၇၇-ခုနှစ်မှာ “ဘရူနိုင်း”နိုင်ငံကနေ “အင်္ဂလန်”နိုင်ငံကို ပညာသင်ထွက်ခဲ့ပြီး “အင်္ဂလန်”နိုင်ငံမှာပဲ အခြေချခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ခရစ်ယာန်သာသနာပြုကျောင်းမှာ တက်ရောက်ခဲ့ပြီး “အင်္ဂလန်”နိုင်ငံရောက်တော့လည်း ကောလိပ်မတက်ခင် ခရစ်ယာန်အလွတ်တန်းကျောင်းတစ်ခုမှာ ၂-နှစ်တက်ရောက်ခဲ့ပါတယ်။ အသက် ၂၇-နှစ်အထိ ခရစ်ယာန်ဘာသာဝင်အဖြစ်ရှိခဲ့ပြီး အခုတော့ အစ္စလာမ်ဘာသာဝင်ဖြစ်လာတာ ၉-နှစ်တိုင်ခဲ့ပါပြီ။
    အသက် ၂၃-နှစ်လောက်ကစပြီး ဘာသာရေးကိုစိတ်ဝင်စားစပြုလာပြီး ဘုရားသခင်ဆိုတာကို ပိုမိုသိရှိလိုစိတ်တွေ ပေါပေါက်လာပါတယ်။ အိမ်ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီး ကောင်းကင်၊ သစ်ပင်၊ လူ စတာတွေကို ကြည့်ရင်း ဖန်ဆင်းခြင်းကိုစိတ်ဝင်စားလာပြီး ဖန်ဆင်းရှင် တည်ရှိကြောင်းအသိ ဖြစ်ပေါ်တိုးပွါးလာပါတယ်။ ကောလိပ်မှာ ဗိသုကာပညာရပ်သင်ကြားတဲ့အခါ အဆောက်အဦးဆိုတာ တစ်စုံတစ်ယောက်က ဒီဇိုင်းဆွဲ၊ ဆောက်လုပ်ရတာဆိုသလို နေ့နဲ့ည ပြောင်းလဲခြင်း၊ ခန္တာကိုယ်ဖြစ်တည်နေမှု စတာတွေဟာ ဖန်ဆင်းရှင်ရှိလို့ဆိုတာကို လေးလေးနက်နက် ယုံကြည်လာခဲ့ပါတယ်။
    “ဘရူနိုင်း”နိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့မယ့် အစ္စလာမ်သာသနာအကြောင်း မလေ့လာဖြစ်၊ မသိရှိဖြစ်ခဲ့ပါဘူး။ “ဘရူနိုင်း”နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်မဟုတ်သူများအတွက် အစ္စလာမ်သာသနာ ပညာရေး သင်ခန်းစာ ကင်းလွတ်ခွင့်ရှိပါတယ်။ တစ်နေ့မှာ အစ္စလာမ်ဘာသာရေးရာ စာအုပ်ဆိုင်တစ်ဆိုင်အနား ဖြတ်လျှောက်အသွား ဘာရယ်မဟုတ် ဝင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ “ကုရ်အာန်ကျမ်းမြတ်”ကို တွေ့ရှိပြီး ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ “ကုရ်အာန်ကျမ်းမြတ်”ရဲ့ ညွှန်ကြားပြသမှုတွေ၊ သင်ကြားရှင်းလင်းမှုတွေက အချိန်အတော်ကြာ ကျနော် ခံစားယုံကြည်နေတဲ့ ဖန်ဆင်းရှင်အသိ မှန်ကန်ကြောင်းအပြင် ခရစ်ယာန်ဘာသာရဲ့ယုံကြည်မှုနဲ့ သမ္မာကျမ်းစာတို့ကို ထပ်လောင်းလင်းဝင်းပြမှုတွေကို ပထမဆုံးအကြိမ် သိရှိလိုက်ရပါတော့တယ်။
    ဒီလိုနဲ့ ရှာဖွေလေ့လာဖတ်ရှုရင်း တဖြည်းဖြည်း  အစ္စလာမ်သာသနာဘောင်တွင်း ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။  အစ္စလာမ်သာသနာဟာ အလွန်ရိုးရှင်းပြီး သန့်စင်တဲ့ သာသနာပါ။ မိဘတွေကိုဖွင့်ပြောလိုက်တဲ့အခါ အမေက သူ့ရဲ့ အကိုတော်တဲ့ ခရစ်ယာန်ဘုန်းကြီးနှစ်ယောက်ကို ဆက်သွယ်ပြီး ခရစ်ယာန်ဘာသာ မှန်ကန်ကြောင်း ဟောပြောပြန်ဆွယ်ပါတယ်။ သို့သော်လည်း ကျနော့်ကို သူတို့ပြန်ဆွယ်လို့မရခဲ့ပါဘူး အစ္စလာမ်သာသနာရဲ့ အဆုံးအမတွေ ဆက်လက်လေ့လာဖတ်ရှုရင်း ကျနော့်ယုံကြည်ချက်က ပိုမိုခိုင်မာလာပါတယ်။
    ဒီနေ့လို လူတွေတီထွင်တဲ့ ဥပဒေသတွေ၊ မတရားမှုတွေနဲ့ လွှမ်းမိုးနေတဲ့ ခေတ်ကြီးမှာ ဖန်ဆင်းရှင်ရဲ့ သင်ကြားမှုဆီ ပြန်လှည့်ဖို့ရာ အချိန်တန်ပါပြီ။ ကျနော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာ ကျနော် အသိဆုံးပါ။
    လင်းယုန်နက် (ခြင်္သေ့မြို့တော်)
    ကိုးကား
    http://wechooseislam.wordpress.com/2010/03/27/guidance-to-the-truth-by-abdulhaqq-dtf-wong-china/, http://islam100.wordpress.com/2009/01/24/guidance-to-the-truth-by-abdulhaqq-dtf-wong-china/
  • USDP ဦးဆောင်မည့် ကချင်က ငြိမ်းချမ်းရေးသပိတ် အကြောင်း
    USDP ဦးဆောင်မည့် ကချင်က ငြိမ်းချမ်းရေးသပိတ် အကြောင်း
    မေခ သို့မဟုတ် အင်မိုင်ခဘေးတွင် စီးပွားရေးကုမ္ပဏီများက မြေတူးဖော်နေကြသဖြင့် ဧရာဝတီမြစ် ရေကြီးခြင်းဖြစ်သည်။ (ဓါတ်ပုံ – မခွန်ဂျာ၊ ဖေ့စ်ဘွတ်ခ်)
    ကချင်အမျိုးသမီးများ ဦးဆောင်၍ ငြိမ်းချမ်းရေးအတွက် သပိတ်မှောက်ကြမည်ဆိုသော်လည်း ထိုသပိတ်ကို ဦးဆောင်မည့်သူများမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အစိုးရနှင့် အကျိုးတူစီးပွားရေးလုပ်ခွင့်ရထားသော ကုမ္ပဏီပိုင်ရှင်များ သို့မဟုတ် ၄င်းတို့နှင့်ဆက်နွယ် ပတ်သတ်နေသူများသာဖြစ်ကြောင်း ကချင်အရေး တက်ကြွလှုပ်ရှားသူ မခွန်ဂျာ၏ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှ သိရသည်။
    မခွန်ဂျာက ဧရာဝတီမြစ်ကြီး သဘာဝကြောင့် ရေကြီးမှုဖြစ်ရသည်ဟူသော အချက်ကို ကန့်ကွက်ထားပြီး ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေးသမားများက အင်မိုင်ခ ခေါ်မေခမြစ်တဖက်တချက်စီ၌ ၃ ဖာလုံစီအကျယ်နှင့် မိုင် ၃၀ ခန့် ရှည်လျားစွာ တူးဆွခြင်းကြောင့်ဖြစ်ကြောင်းတင်ပြကာ သူမဧရာဝတီမြစ်ရေကြီးခြင်းမှာ သဘာဝဘေးဒါဏ်ကြောင့် မဟုတ်ဆိုသည့်အချက်အားထောက်ပံ့ထားသည်။
    မခွန်ဂျာ၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်မှာ –
    “သဘာဝဘေး ဒါဏ်ခံရသည်” ဟူသောအဆိုကို ကျွန်မကန့်ကွက်သည်။ ယခင်နှစ်က ပခုက္ကူ ရေကြီးသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်လုံး ယခုမိုးရာသီတွင်ရေလျှံသည်၊ ရေတိုးသည်၊ ရေတိုက်စားသည်၊ ရေလွှမ်းမိုးသည်။ နောက်လည်းဖြစ်အုံးမည်။ “သဘာဝဘေးဒါဏ်ခံရသည်” ဟူသောအဆိုကို ကျွန်မကန့်ကွက်သည်။ “သဘာဝဘေးဒါဏ်မဟုတ်” ဟူသော အဆိုကို Facebook တွင် တင်သွင်းပါသည်။ အင်မိုင် ခေါ် မေခ – တဖက်တချက်တွင် ၃ ဖာလုံစီအကျယ်နှင့် မိုင် ၃၀ ခန့် ရှည်လျားစွာ တူးဆွခြင်း ခံလိုက်ရသည်။
    လွှတ်တော်အမတ်များအားလုံး ထိုကဲ့သို့ လုပ်နေသည် ဟု မဆိုလိုပါ၊ သို့သော် ထိုသို့လုပ်နေသူအားလုံးသည် လွှတ်တော်အမတ်များနှင့်သော်လည်းကောင်း၊ ပြည်နယ်အစိုးရနှင့် သော်လည်းကောင်း အခြားသော ပြည်သူများက မပေးမနေရ အပ်ထားသည့် အာဏာကို အပိုင်သိမ်းထားသူများနှင့်သော်လည်းကောင်း မလွှတ်ကင်းပါ။ ထိုသူများ၏ဒါဏ်ကို မနှစ်က ပခုက္ကူဒေသ၌ ခံစားခဲ့ကြသည်။ ယခုနှစ်တွင် မြစ်ကြီးနားမြို့မှ စတင်နေပြီ။ နောက်ထပ် မည်သူ့အလှည့်နည်း၊ စောင့်မျှော်ကြပါ။ နှစ်တိုင်း လာပါမည်။ ပြည်သူသည် စစ်ဘေးဒါဏ်ခံရသည်။ ပြည်သူသည် အာဏာရှင်များ၏လက်ချက်ကြောင့် သဘာဝက ပေးအပ်ထားသော အကာအကွယ်အတားအဆီးများ ပျက်စီးဆုံးရှုံးသဖြင့် ဘေးဒါဏ်ခံရသည်။ ထိုနေရာရှိ ဒေသခံများသည် မြစ်ဆုံကျေးရွာများကဲ့သို့ပင် အတင်းမောင်းထုတ်ခြင်းခံရသေးသည်။ ထို့ကြောင့် ….. “သဘာဝဘေးဒါဏ်မဟုတ်” ဟူသော အဆိုကို Facebook တွင် တင်သွင်းပါသည်။ ကန့်ကွက်သူများ ….. ထုခွဲသေကြပါကုန်။”  ဟုဖြစ်ပါသည်။
    ထို့ပြင်သူမက ယင်းသို့ ဧရာဝတီမြစ်ရေကြီးမှု၏ တရားခံကုမ္ပဏီပိုင်ရှားများသို့မဟုတ် ၄င်းတို့နှင့်ဆက်နွယ်သူများ ဦးဆောင်မည့် ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲမှာ ၁၉၉၅နောက်ပိုင်း တရုတ်နှင့်ပူးပေါင်းပြီး တနိုင်းဧရိယာတလျောက်သာမက ကချင်ပြည်နယ်တ၀ှမ်းလုံး ရွှေတူးဖော်ခြင်း၊ မူးယစ်ဆေး၊ ပြည့်တန်ဆာနှင့် လူကုန်ကူးမှုများဆိုင်ရာ ရာဇ၀တ်မှုများနှင့် သွယ်ဝိုက်စွာ ပတ်သတ်နေသူများဖြစ်ကြောင်း ဆိုသည်။
    မခွန်ဂျာ၏ ဖေ့စ်ဘွတ်ခ်မှ အောက်ပါအတိုင်း သိရပါသည်။
    “ကျွန်မရဲ့ Album  ဖြစ်ပေါ်လာအောင် ဖျက်ဆီးခဲ့တဲ့ ကုမ္မဏီပိုင်ရှင်များက သပိတ်မှောက်ကြမယ်တဲ့။ သူတို့တွေဟာ ဧရာဝတီမြစ်ထဲမှာ ၁၉၉၅ နောက်ပိုင်းကနေ ရွှေတူးဖော်ဖို့ တရုတ်နဲ့ စတင်ပူးပေါင်းခဲ့သူများ၊ တနိုင်းဧရိယာတလျှောက်နဲ့ ကချင်ပြည်နယ် ဒေသတ၀ှမ်းမှာ ရွှေဆိုတဲ့အရာနဲ့ တောတောင်ရေမြေ အားလုံးကို တိုက်ရိုက် ဖျက်ဆီးပြီး ဒေသခံများကို မြေမဲ့ယာမဲ့၊ အိမ်မဲ့ ခြံမဲ့ ဖြစ်စေတဲ့အပြင် မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာမှု၊ လူကုန်ကူးမှုနဲ့ HIV/AIDS ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ သွယ်ဝိုက်တရားခံများလည်းဖြစ်ကြတယ်။ ရလာဒ်အဖြစ် သူတို့တွေ ကြွယ်ဝချမ်းသာပြီး၊ သူတို့ရဲ့ အမျိုးသားများက လွှတ်တော်ထဲ ရောက်ကုန်တယ်။ ကချင်လူထုကတော့ မြောင်းထဲပေါ့။”
    ထို့ပြင် ယင်းငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ကြသူများက ဒီဗွီဘီအပါအ၀င် ပြည်တွင်းပြည်ပမီဒီယာများကို ခရီးသွားစာရိတ်၊ နေထိုင်အခင်းအကျင်း၊ အစားအသောက်အားလုံးကို ဦးဆောင်စီစဉ်သူများမှ တာဝန်ယူပေးမည်ဖြစ်ကြောင်း သတင်းကြားသိရသည်။
    လာမည့် ဇူလိုင် ၂၈တွင်ပြုလုပ်မည့် ထိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ ငြိမ်းချမ်းရေးကို အကြောင်းပြု ဆန္ဒထုတ်ဖေါ်ခြင်း ခြင်း၌ အဓိကဦးဆောင်သူအမျိုးသမီးများမှာ
    ၁၊ ဦးခမိုင်တန်- ကြံ့ခိုင်ရေးပါတီ၏ ဇနီးဒေါ်ဂျာခေါန်
    ၂၊ ဦးခက်ထိန်နန်- စီးလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီကချင်ပြည်နယ်ပါတီ၊ ကြံ့ခိုင်ရေးညီကိုပါတီ၏ ဇနီးဒေါ်နန်ဆိုင်း
    ၄၊ ဒေါ်လဂျွန်ဆိုင်းတောင်-ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်း -ကြံ့ခိုင်ရေးပါတီ၏ ညီမအရင်း
    စုစုပေါင်း အမျိုးသမီး (၅) ဦးမှ ဦးဆောင်၍ ဟန်ပြဆန္ဒထုတ်ဖေါ်ခြင်းပြုလုပ်သွားမည်ဖြစ်သည်။
    Source:https://www.facebook.com/SweetestS/posts/206733906122453
    Wunpawng New
  • ရန်ကုန်တက္ကသိုလ်သမဂ္ဂ၏ ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းစိန်
    ရန်ကုန်တက္ကသိုလ်သမဂ္ဂ၏ ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းစိန်
    ရေးသူ – ဒေါက်တာမြင့်ဆွေ
    အိုးဝေဂျာနယ် စာမျက်နှာ၁၃၊ ၁၅၊ ၂၊ ၁၉၇၁၊ မူရင်းဆောင်းပါး ပါ ခေါင်းစီးပုံ
    ကျောင်းအုပ်ကြီး မစ္စတာစလော့၏ ခွင့်ပြုချက်အရ ကိုထွန်းစိန် ယူနီဗာစီတီဘက်သို့ပြောင်းရွှေ့လာပြီး ပြည်ကျောင်းဆောင်တွင် နေထိုင်၍ကျောင်းတက်ပါသည်။ ထိုကဲ့သို့ကောလိပ်ပညာကိုသင်ကြားလာရင်း နယ်ချဲ့၏ လက်ပါးစေဗျူရိုကရက်များက ဖိနှိပ်မှုတွေနှင့်ကျောင်းအများစုကို ချုပ်ချယ်ကြသည်ကို တွေ့ရှိနေရသည်။ အလိုတော်ရိကျောင်းသားတစ်စုကို လက်သပ်မွေးနေကြောင်း ကျောင်းသားကြီးများထံမှ မကြာခဏလိုလိုလည်း ကြားသိနေရသည်။ သတင်းစာများထဲ၌လည်း ဖတ်ရှုနေရသည်။ ငါတို့နိုင်ငံရေးစိတ်ထက်သန်တဲ့ ကျောင်းသားတွေ၊ ဖာသည့်ဖာသာနေတဲ့ကျောင်းသားတွေဟာ အနှိမ်ခံနေရတယ်။ ဗျူရိုကရက်တွေလည်း သူတို့တစ်တွေကို အရိုအသေပေး၊ စလုပေးမှသဘောကျပါတယ်။ မပေးရင်မကြိုက်ဘူး။ ဒီနယ်ချဲ့တွေဟာလည်း ဒို့နိုင်ငံကိုလာပြီး နိုင်ငံသူနိုင်ငံသားတွေကို အမျိုးမျိုးဖိနှိပ်ရင်း အမြတ်ထုတ်နေကြတယ်။ ကြာရင်ဒို့တစ်တွေအားလုံးတော့ ကျွန်သပေါက်တွေဖြစ်ကုန်တော့မှာပဲဟု တွေးမိလာသည်။
    မစ္စတာစလော့ကြိုက်သော ကျောင်းသားတချို့ မှာ အများအားဖြင့် အလိုတော်ရိတွေသာ ဖြစ်ကြသည်။ မျက်နှာဖြူဆရာကြီး၏  အလိုကိုလိုက်လျှင်  အခွင့်အရေးရနိုင်သည့်  အလိုတော်ရိများမှာ ကျောင်းမှထွက်ပြီး တစ်နေ့  ဂုဏ်ဒြပ်ရှိသည့်အလုပ်ကို လျှောက်ထားသောအခါ ထောက်ခံချက်ကောင်း ရရှိနိုင်လိမ့်မည်ဟု မျှော် လင့် နေကြသူများသာဖြစ်သည်။ ထိုသူများမှာ  မစ္စတာစလော့ကို  လွန်ဆန်ပြီး ဘာတစ်ခုမှ လုပ်ဝံ့ကြသူများ  မဟုတ်သည်ကို ကိုထွန်းစိန် တဖြည်းဖြည်း သိရှိလာလေသည်။
    ကိုထွန်းစိန်သည် ပညာဥာဏ် ထက်မြက်သူတစ်ယောက် ဖြစ်သည်ကို မစ္စတာစလော့က အလိုတော်ရိ တပည့်တစ်ယောက်အနေနှင့်  မွေးမြူချင်သည်ကို  ကိုထွန်းစိန် သိရှိသည်။ သို့သော် အမွေးမခံဘဲ သူ၏ စာ   ထက် နိုင်ငံရေး စာအုပ်များကိုသာ ကြိုးစား ဖတ်ရှုလာခဲ့လေသည်။
    ကိုထွန်းစိန်သည် ၁၉၂၆ ခုနှစ်တွင်  အမ်အက်စီစာမေးပွဲကို  အောင်မြင်ခဲ့လေသည်။ ၁၉၂၈-၂၇ ခုနှစ်  စာသင်နှစ်တွင် ပြည်ကျောင်းဆောင်မှ  ပုဂံကျောင်းဆောင်သို့  ပြောင်းရွှေ့ သွားခဲ့သည်။ နိုင်ငံရေးစိတ်ထက်  သန်သူတစ်ယောက် ဖြစ်သော်လည်း သူနှင့် နီးနီးကပ်ကပ်ဆက်ဆံရသော ဆရာသများများကိုမှ ရိုသေသည်။ ကလန်ကဆန် မလုပ်တတ်သော်လည်း ဗျူရိုကရက်ဆရာကြီးများကိုမူ မကြိုက်ပေ။
    ထိုစဉ်က ပုဂံကျောင်းဆောင်၏ အဆောင်ကြီးမှာ အင်္ဂလိပ်စာ ပါမောက္ခ ဖရေဇာ၊ လက်ထောက်ကထိ ကဆရာ ဦးကာဖြစ်သည်။
    ကိုထွန်းစိန်သည် ပုဂံကျောင်းဆောင်၌ ကျောင်းပိတ်သည့်နေ့များ၌ ရန်ကုန်တစ်ဖက်ကမ်း သန်လျင်၌ နေထိုင်သော အစ်ကိုဖြစ်သူ ကိုထွန်းငြိမ်းထံသို့ အလည်အပတ် သွားလေ့ရှိသည်။ သန်လျင်တွင် ဘီအိုစီဓါတ် ခွဲခန်း လက်ထောက်အဖြစ် တာဝန်ထမ်းနေသော သခင်စိုးမှာ ထိုအချိန်က အင်္ဂလိပ်စာနှင့် ရေးသားထားသော နိုင်ငံရေးစာအုပ်များကို နှံ့ နှံ့စပ်စပ် မဖတ်ဘူးသေးပါ။ ကိုထွန်းစိန်က သခင်စိုးအား အင်္ဂလိပ်စာအုပ်များကို ဖတ် စေချင်၍ ရန်ကုန်မှ သန်လျင်သို့  လာရောက်လည်ပတ်သည့်အခါတိုင်း အင်္ဂလိပ်စာနှင့် ထုတ်ဝေခဲ့သော စာအုပ်
    ပေါင်းများစွာကို ယူဆောင်လာပေးလေ့ရှိသည်။ သခင်စိုးကလည်း ကြိုးစားပြီးဖတ်သည်။  မကြာမီမင် နိုင်ငံရေး အသိ ကြွယ်ဝလာပြီး ကိုထွန်းစိန်နှင့် သခင်စိုးမှာ အလွန်တရာ  ရင်းနှီးသွားခဲ့လေသည်။ သူတို့  နှစ်ဦးစလုံး ခြင် ထောင် တစ်ခုတည်း၌ အိပ်လာခဲ့သောသူများ ဖြစ်သည်။ သို့ရာတွင် ယနေ့ အချိန်တွင် သူတို့ နှစ်ဦး၏ လမ်းစဉ် မှာ တခြားစီ ဖြစ်သွားခဲ့လေပြီ။
    ကိုထွန်းစိန်သည် သင်္ချာလက်ထောက်ကထိကဆရာ ဦးကာ၏ စေတနာအရ စာသင်နှစ် ၁၉၂၈-၂၉ ခုတွင် တက္ကသိုလ် သင်္ချာဌာနတွင် နည်းပြဆရာလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ပုဂံကျောင်းဆောင်၌ လည်း  အဆောင်မှူးလေး၏  တာဝန်ကို  ထမ်းဆောင်နေစဉ်အတွင်း  ကျောင်းဆောင်တွင်  နေထိုင်ကြသော ကျောင်းသားများနှင့်  ရင်းရင်းနှီးနှီးပင်  နေထိုင်လေ့ရှိသည်။  ကျောင်းသားများကျင်းပသော အစည်းအဝေးကို လည်း တက်ရောက်လေ့ရှိသည်။ ထိုနှစ်အတွင်းက တစ်နေ့ ညနေတွင် အလယ်ကျောင်းဆောင်များ၏ ထမင်း စားအဆောင်၌ ကျောင်းသားများ၏ အစည်းအဝေးကို  တက်ရောက်ရန်  သူ၏  သူငယ်ချင်းဖြစ်သူ ကိုလူထွန်း လာခေါ်၍ လိုက်ပါသွားခဲ့လေသည်။
    အစည်းအဝေးသို့  ကျောင်းသားအများအပြားလည်း ရောက်ရှိလာကြသည်။ ၁၉၂၀ ပြည့် တက္ကသိုလ် သပိတ်ကြီး ပြီးဆုံးသွားခဲ့သော်လည်း  တက္ကသိုလ်နယ်မြေအတွင်း  အစည်းအဝေး မကျင်းပမီနှင့် ကျင်းပပြီးစီး သည့်အခါတိုင်း ကျောင်းသားများ သီဆိုသော အမျိုးသားသီချင်းမှာ(ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်း မြတ်ကို ကယ်တင်ပါစေသတည်း) ဟူသော နယ်ချဲ့၏ သီချင်းပင် ဆိုလေ့ဆိုထ ရှိနေကြသေးသည်။
    အစည်းအဝေးသို့  ရောက်ရှိနေကြသော ကျောင်းသားများ  အစည်းအဝေး  မကျင်းပမီ  ကျောင်းသား အားလုံး  မတ်တတ်ရပ်ကာ  အင်္ဂလိပ်အမျိုးသားသီချင်း သီဆိုနေကြသည်ကို နောက်မှ ရောက်ရှိလာသော ကို ထွန်းစိန်သည် မတ်တတ်မရပ်ဘဲ ကုလားထိုင်ပေါ်၌ ထိုင်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တစ်ကိုယ်လုံး ဆတ် ဆတ်တုန်လျက်နေသည်။ ‘ သြော် ဒို့အမျိုးသားသီချင်း မဟုတ်တဲ့ ဒီနယ်ချဲ့အမျိုးသား သီချင်းကို ယခုထက်တိုင် ဆိုနေရသေးပါလား ‘ ဟု ရေရွတ်လျက်ရှိနေသည်။
    နယ်ချဲ့ အမျိုးသားသီချင်း သီဆိုပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထိုင်နေရာမှ ဗြုန်းခနဲထလိုက်ပြီး အင်္ဂ လိပ်ဘာသာစကားဖြင့် (ထိုခေတ်က မြန်မာလို ပြောလေ့မရှိပါ။)
    ‘ကျောင်းသားရဲဘော်အပေါင်းတို့ ကျွန်တော် ဒီနေရာ ကနေပြီး စကားအနည်းငယ် ပြောပါရစေ၊ ဒီမှာ ရောက်နေကြတဲ့ ကျွန်တော်တို့တစ်တွေဟာ မြန်မာတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ အင်္ဂလန်ကလာပြီး စာ သင်နေကြတဲ့ အင်္ဂလိပ် မျက်နှာဖြူလူမျိုးကျောင်းသားရယ်လို့  တစ်ဦးတစ်ယောက်မျှ မရှိပါဘူး။ ယခု မြန်မာ တိုင်းရင်းသား ကျောင်းသားတွေရဲ့ အစည်းအဝေးမဖွင့်ခင် ခင်ဗျားတို့  သီဆိုခဲ့ကြတဲ့ အမျိုးသားသီချင်းဆိုတာ က (ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်းမြတ်ကိုကယ်တင်နိုင်ပါစေသတည်း) တဲ့။ သေသေချာချာ စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့ဆိုတဲ့ စကားတစ်လုံးဟာ အင်မတန်အရေးကြီးပါတယ်။ အင်္ဂလန်မှာရှိနေတဲ့ အင်္ဂလိပ်ဘုရင်ဟာ မျက်နှာဖြူလူမျိုးတွေရဲ့ ဘုရင်ဖြစ်တယ်။ ဗမာတိုင်းရင်းသားတွေရဲ့ ဘုရင်မဟုတ်ပါဘူး ဆိုတာစဉ်းစားပြီးအမှန်တရားကို မြင်တဲ့အတိုင်း အလွယ်တစ်ကူနှင့်ပင် သိနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ဗမာတိုင်းပြည်ကြီးကို အနိုင်ကျင့်ပြီးသိမ်းပိုက်ထားတဲ့ နယ်ချဲ့တွေရဲ့ ဘုရင်မင်းမြတ်ကို ကယ်တင်ပါစေလို့ ဆုတောင်းနေကြတာဟာ အလွတ်တရာမှ ရှက်စရာကောင်းလှပါတယ်ဆိုတာ ကျွန်တော်ရဲဘော်တို့အားလုံးကို ပြောပြချင်ပါတယ်။
    သည်အကြောင်းနဲ့ပတ်သက်ပြီး ယခုရောက်ရှိလာကြတဲ့ ရဲဘော်ကျောင်းသားအားလုံး ဤနေ့ ဤရက် ဤအချိန်မှစပြီး ကျောင်းသားသမဂ္ဂအဆောက်အဦး အစည်းအဝေးပွဲမှာဖြစ်စေ၊ အခြားသော ကျောင်းသားပွဲလမ်းသဘင်မှာဖြစ်စေ ဒီသီချင်းကိုလုံးဝမဆိုဘဲနေကြရန် အဆိုတင်သွင်းပါတယ်။
    ဘာကြောင့်လဲဆိုတော့ ၁၉၂၀ ခုနှစ်က ကျွန်တော်တို့နောင်တော် ကျောင်းသားဟောင်းကြီးများဟာ သူတို့တစ်တွေကို ဖိနှိပ်ထားတဲ့ ထမ်းပိုးအောက်က ရုန်းကန်ပြီး အနစ်နာခံကာ သပိတ်မှောက်ခဲ့ကြတယ် မဟုတ်လား။ သပိတ်ကြောင့်တချို့တွေဟာ ပညာအညွှန့်တုံးခဲ့ကြရတယ်။ ဘာအမြတ်ထွက်ခဲ့သလဲဆိုရင် မဟုတ်ရင် မခံဘူးဆိုတဲ့ မျိုးရိုးဇာတိမာန ရှိကြတယ်ဆိုတာလောက်သာ အချိန်ကာလ အားလျော်စွာပြနိုင်ခဲ့ကြတယ်။ ထို့ထက်ပိုပြီး ရွက်ဆောင်နိုင်ရန် အခွင့်အရေးမရရှိခဲ့ကြဘူး။ သူတို့တတွေကောလိပ်မှ ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ဒီတက္ကသိုလ်ကိုဝင်ရောက်လာတဲ့ ကောလိပ်ကျောင်းသားတွေအားလုံးဟာ ဗျူရိုကရက် ဆရာကြီးတွေ ပြုမူသမျှကို ငြိမ်ခံလာခဲ့ကြတယ်။ နောင်တော်ကြီးတွေရဲ့ လမ်းစဉ်ကို မလိုက်နိုင်ကြပါဘူး။ ဒီလိုဆိုရင် ကျွန်တော်တို့တစ်တွေရဲ့ ကြမ္မာဟာ ဆိုးရွားသည်ထက် သွားရန်သာရှိတော့တယ်။ ကျွန်တော်တို့အားလုံး အေးစက်စက်နေလို့ မဖြစ်တော့ပါဘူး။ အဲဒီတော့ ကျွန်တော် ခုနက တင်သွင်းတဲ့အဆိုကို လေးနက်စွာစဉ်းစားကြရန် ပန်ကြားအပ်ပါတယ် “ ဟုပြောပြီး စကားကိုရပ်ကာ ထိုင်ချလိုက်လေသည်။
    အစည်းအဝေးအခန်းထဲ၌ရှိနေကြသော ကျောင်းသားများအားလုံး တွေဝေသွားကြသည်။ ထမင်းစား အဆောင်ကြီးတစ်ခုလုံး တုပ်တုပ်မျှမလှုပ်ဘဲ ငြိမ်လျက်သား နားထောင်နေကြသော ကျောင်းသားကြီးများ အားလုံးကစပြီး လက်ခုတ်အားရိုက်ပြီး တီးလိုက်ရာမှ တစ်ခန်းလုံး ပဲ့တင်ထပ်သွားခဲ့လေသည်။ လက်ခုပ်သံများငြိမ်သွားသော အခါတက္ကသိုလ်မြန်မာစာပေဋ္ဌာနတွင် အင်္ဂလိပ်- မြန်မာ ဘာသာပြန်ဆရာအဖြစ် ထိုစဉ်ကတာဝန် ထမ်းဆောင်လျှက်ရှိနေသော သခင်ဘသောင်းက ကိုထွန်းစိန်အနားသို့လာပြီး လက်ကိုတအား ဆုပ်ဆွဲ၍ နှုတ်ဆက်သည်။ မစ္စတာအမ်အေရာရှစ်ကလည်း ထိုနည်းတူပင်နှုတ်ဆက်သည်။ သခင်ဗစိန်မှာမူ သူများထက်ပိုသည်။ လက်ဆွဲနှုတ်ဆက်ရုံတွင်သာမကဘဲ ကိုထွန်းစိန်၏ ကိုယ်ကြီးတစ်ကိုယ်လုံးကို တအားသိမ်းကြုံးဖက်တော့သည်။
    စိတ်တက်ကြွ
    ကိုထွန်းစိန်က ကိုယ်ထည်ကြီးကြီးလန်ဘား သခင်ဗစိန်က ပုတလက်လေးဖြစ်နေ၍ သခင်ဗစိန်က ကိုထွန်းစိန်၏လည်ပင်းကို အားရပါးရဖက်ပြီး နှုတ်ဆက်နိုင်ရန် ကိုထွန်းစိန်က သူ၏ခါးကြီးကို ကုန်းပြီးပေးရပါသည်။ အစည်းအဝေးတက်ကြသော ကျောင်းသားအားလုံး စိတ်အားတက်ကြွလာကြသည်။ ပျော်လာကြသည်။ အော်ကြသည်။ ထိုနေ့မှစပြီး ကျောင်းသားအားလုံးနယ်ချဲ့၏ အမျိုးသားသီချင်းကို ကျောင်းသားသမဂ္ဂ အဆောက်အဦးအတွင်းနှင့် တက္ကသိုလ်နယ်မြေ သို့မဟုတ် အခြားနေရာများ၌ ဖြစ်စေ မဆိုကြတော့ဟု တညီတညွှတ်တည်း ဆုံးဖြတ်ချက်ချလိုက်ကြလေသည်။ ထိုညအဖို့ ကိုထွန်းစိန်မှာ အထူးမျက်နှာ ပွင့်လန်းလျှက် ရှိနေသည်။
    တစ်ယောက်နှင့် တစ်ယောက်မသိကြသေးသည့် နိုင်ငံရေးစိတ်ထက်သန်သော ကျောင်းသားကြီးများ ပထမဆုံးအကြိမ် ရဲဘော်ရဲဘက်များဖြစ်လာကြသည်။ ကျွန်တော်ကသခင်ဗစိန်၊ ကျွန်တော်က ထွန်းစိန် တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ဘယ်သူဘဲ၊ ဘယ်ဝါဘဲနှင့် မိတ်ဖွဲ့နေကြသံတွေမှာ တစ်ခန်းလုံးဆူညံလျက် ရှိနေသည်။
    ဆုံးဖြတ်ချက်
    ထိုညတွင်ကျင်းပသောအစည်းအဝေးပွဲသည် နယ်ချဲ့၏အမျိုးသားသီချင်းကို ထိုအချိန်မှစပြီး ကျောင်းသားသမဂ္ဂ၌ သီဆိုခြင်းမပြုတော့ဘဲ အပြီးအပိုင်ဆုံးဖြတ်လိုက်သော အစည်းအဝေးပင်ဖြစ်ခဲ့သည်။
    ကိုထွန်းစိန်၏အဆိုကိုကျောင်းသားများအားလုံး ထောက်ခံအတည်ပြုပြီးသည့် အချိန်မှစပြီး “ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်းမြတ်အား ကယ်တင်နိုင်ပါစေသတည်း “ ဟူသော နယ်ချဲ့၏ အမျိုးသား သီချင်းသည် ရန်ကုန်တက္ကသိုလ် သမဂ္ဂအစည်းအဝေးများတွင် သီဆိုချင်းမပြုကြတော့ပေ။
    အန္တရာယ်
    ကိုထွန်းစိန်သည် နယ်ချဲ့အမျိုးသားသီချင်းကို တက္ကသိုလ်သမဂ္ဂအဆောက်အဦးအတွင်း မသီဆိုကြရန် စိတ်လိုက်မာန်ပါ အဆိုတင်သွင်းခဲ့သည်။ နယ်ချဲ့ကိုဆန့်ကျင်ခဲ့လျှင် သူ့အပေါ်တွင် မည်သို့အကျိုးသက်ရောက်လာမည်၊ အပြစ်ရှိလာမည်ကို ဂရုမထားသူဖြစ်သည်။ သူ၏ပြင်းပြနေသောစိတ်သည် သူရင်ဆိုင်ရမည့်အန္တရာယ်ကို မမြင်နိုင်အောင် ဖုံးလွှမ်းထားလျက်ရှိသည်။
    ကျောင်းသားများအစည်းအဝေးပြီးသွားပြီးနောက် တစ်နေ့ကောလိပ်စာသင်ချိန်တွင် သူ၏တာဝန်ကို ထမ်းဆောင်ရန် သင်္ချာဋ္ဌာနသို့သွားရောက်သောအခါ မစ္စတာစလော့မွေးထားသော အလိုတော်ရိကျောင်းသား စပိုင်များသည် ကိုထွန်းစိန်အကြောင်းကို တိုင်ထားနှင့်ကြပြီဖြစ်သည်။
    သင်္ချာဋ္ဌာနသို့ရောက်၍မကြာမီပင် သင်္ချာနည်းပြဆရာကိုထွန်းစိန်က မစ္စတာစလော့ကို အဆောတလျင်တွေ့ရန် ဆင့်ခေါ်လိုက်သောစာတစ်စောင်ကို ကျောင်းအုပ်ကြီးရုံးမှ ကုလားမင်းစေတစ်ယောက်က ကိုထွန်းစိန်ထံ လာရောက်ပေး၏။ ကိုထွန်းစိန်သည် ကျောင်းအုပ်ကြီးထံမှစာကိုဖတ်ရှုပြီး ရုံးခန်းသို့သွားရောက်ပြီး မစ္စတာစလော့နှင့်တွေ့ဆုံသည်။
    “ ဦးထွန်းစိန်သည် တက္ကသိုလ်နယ်မြေမှာ အမျိုးသားသီချင်းကို ကျောင်းသားအားလုံး မသီဆိုကြရန် ညက ကျောင်းသားအစည်းအဝေးမှာ အဆိုတင်သွင်းတယ်ဆိုတာ ဟုတ်သလား “
    “ ဟုတ်ပါတယ် ဆရာကြီး “
    “ ဘာဖြစ်လို့တင်သွင်းရတာလဲ၊ အမျိုးသားသီချင်းကို မသီဆိုဘူးလို့ ပိတ်ပင်တားဆီးတာဟာ အင်မတန်အပြစ်ကြီးတယ်ဆိုတာကို သိရဲ့လား၊ နိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရကို သက်သက်ဆန့်ကျင်လိုက်တာဘဲ “ ဟု မစ္စတာစလော့က ပြောလေသည်။
    ကိုထွန်းစိန်က –
    “ ကျွန်တော်စော်ကားတာမဟုတ်ပါဘူး။ မှန်တာတွေကို အဆိုတင်သွင်းခဲ့တာပါ။ အမျိုးသားသီချင်း ဆိုရအောင်ဟာလည်း ဘုရားသခင်သည် ကျွန်ုပ်တို့ ဘုရင်မင်းမြတ်ကို ကယ်တင်ပါစေသတည်း – တဲ့။ ဘုရင်မင်းမြတ်ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ မရှိပါဘူး ဆရာကြီး။ ဂရိတ်ဗြိတိန်မှာသာ နေတာပဲ။ ကျွန်တော်တို့ဘုရင်ကို အင်္ဂလိပ်တွေဟာ ကုလားစစ်သား အကူအညီနဲ့ ဖမ်းပြီး အိန္ဒိယကို ခေါ်ဆောင်သွားခဲ့တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ဘုရင်ပါသွားတဲ့အချိန်ကစပြီး အောက်ကျနောက်ကျနေလာခဲ့ရာက တဖြည်းဖြည်းမျက်လုံးတွေ ပွင့်လာကြပြီး အတွေးအခေါ်တွေလည်း တဖြည်းဖြည်းကျယ်ပြန့်လာပြီး နောက်ကိုတက္ကသိုလ်သမဂ္ဂမှာ အင်္ဂလိပ်အမျိုးသားသီချင်းကို ကျောင်းသားတွေ သီဆိုကြတော့မှာ မဟုတ် “ ဟု နည်းပြဆရာ ကိုထွန်းစိန်က ကျောင်းအုပ်ကြီး မစ္စတာစလော့အား ရဲရဲတောက် ပြန်ပြောလိုက်လေသည်။
    အလုပ်ထွက်
    မစ္စတာစလော့ကား ပါးနပ်ပြီး ပရိယာယ်ကြွယ်ဝသော ဆရာကြီးဖြစ်သည်။ ဣနြေ္ဒရစွာနှင့်ပင်နည်းပြဆရာ ကိုထွန်းစိန်အား “ ဒီလိုဆိုလျှင် ဦးထွန်းစိန် မိမိအပြစ်ကို သိတဲ့အနေနဲ့ပဲ အလုပ်ကချက်ချင်းနုတ်ထွက်စာ တင်ပေတော့ ” ဟု မိန့်ဆိုလိုက်သောအခါ။
    “ ကျွန်တော်ဟာမိမိအလုပ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေအတွက် မကျေနပ်တာတွေကိုသာ ရင်ဖွင့်ခဲ့ခြင်းဖြစ်လို့ ကျွန်တော့်မှာအပြစ်မရှိဘူးလို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တော့ နုတ်ထွက်စာမတင်နိုင်ပါဘူး။ ဆရာကြီးကျွန်တော့်ကိုမကျေနပ်လျှင်၊ ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ယူဆလျှင် အချိန်မရွေးအလုပ်မှ ထုတ်ပစ်ပါ” ဟု ပြန်ပြောလေသည်။
    ပျားအုံတုတ်ထိုး
    မစ္စတာစလော့အဖို့ အခက်ကြုံသွားသည်။ ကိုထွန်းစိန်ကိုအလုပ်မှ ထုတ်ပစ်လိုက်လျှင် ပျားအုံကိုတုတ်နှင့်ထိုးလိုက်သလို ဖြစ်သွားမည်ကို ကွက်ကျော်မြင်ထား၍ ဘာမျှပြန်မပြောတော့ဘဲ “ ဒီလိုဆိုလည်း နောက်ကိုဒီလိုမလုပ်နဲ့ လုပ်ခဲ့လျှင်တော့ ပြင်းထန်စွာအရေးယူရမှာပဲ ” ဟု ပြောပြီးလေးနက်စွာ သတိပေး လိုက်ကာ ကိုထွန်းစိန်အားပြန်လွှတ်လိုက်လေသည်။
    သို့နှင့်ပင် ကိုထွန်းစိန်သည် မစ္စတာ ဒီဂျေစလော့ကို အောင်မြင်ခဲ့ဖူးလေသည်။
    ဒေါက်တာဦးညိုသည် မျိုးချစ်စိတ်ထက်သန်သောကျောင်းသားများ စုဝေးရာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကို လှူဒါန်းခဲ့သူဖြစ်သည်။ ဗြူရိုကရက်ဆရာကြီးတွေကို တော်လှန်ပြီး နယ်ချဲ့အစိုးရလက်အောက်မှ လွတ်မြောက်ရန် ရုန်းကန်ကြမည့် တက္ကသိုလ်ကျောင်းသားခေါင်းဆောင်များ စုဝေးရာ ဌာနကြီးကို လှူဒါန်းရာတွင် တက္ကသိုလ်အာဏာပိုင်များ သဘောတူညီချက်ကိုယူပြီး ငွေတစ်သိန်းကျော်အကုန်ခံ ဆောက်လုပ်ပေးခဲ့သည်။
    ယူနီဗာစီတီ ကျောင်းအုပ်ကြီး မစ္စတာစလော့သည် နေ့တစ်နေ့ ညနေအချိန်တွင် မြို့ပေါ်မှ မြို့မျက်နှာဖုံး လူကြီးတို့ကို ဖိတ်ကြားပြီး ယူနီဗာစီတီ ဂျွမ်းဘားကစားရုံကြီးဘေးနားရှိ မြက်ခင်းပြင်ဘေးပေါ်တွင် လက်ဖက်ရည်ပွဲနှင့် ဧည့်ခံရင်း ဦးညိုကို ဂုဏ်ပြုစကား ပြောကြားပြီးနောက် ဦးညိုအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အယ်(လ်)အယ်(လ်)ဘီ ပေးရန် အထူးစပါယ်ရှယ် တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပရန် လက်ဖက်ရည်ပွဲ၌ ကြေညာလိုက်လေသည်။
    ဦးညိုမှာ ငွေ၏အရှိန်အဝါကြောင့် ဒေါက်တာဘွဲ့ ရရှိသွားခဲ့သည်။
    ပထမအစည်းအဝေး
    နွေရာသီကျောင်းပိတ်ရက်မစမီ ၁၉၃၁ ခုနှစ်၊ ၃-လခန့်အလိုတွင် တက္ကသိုလ်သမဂ္ဂအဆောက်အဦ ဆောက်လုပ်ပြီးစီးသွားခဲ့ပြီးနောက် ယူနီဗာစီတီနှင့် ယုဒသန်ကျောင်းသားများ စုပေါင်းပြီး ထိုအဆောက်အဦ၌ ပထမဆုံးအကြိမ် အစည်းအဝေး ခေါ်ကြသည်။ အစည်းအဝေးတွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့ရန် ဆွေးနွေးရာမှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကိုရေးဆွဲရန် ကော်မတီ အဖွဲ့ငယ်ကလေးကို ဖွဲ့စည်းလိုက်ကြသည်။
    ထိုအဖွဲ့ကလေးတွင် (၁) မစ္စတာ အမ်အေရာရှစ်၊ (၂) ကိုထွန်းတင် ဝန်ကြီးဟောင်း(ကွယ်လွန်)၊ (၃) ဦးကျော်ခင် ချယ်ရာမင်(ကွယ်လွန်)၊ (၄) ကိုဘဖေ(အစိုးရရှေ့နေ)၊ (၅) မစ္စတာယာယဆင် ဝတ်လုံ(ကွယ်လွန်)၊ (၆) ကိုကျော်ဒင်း၊(၇) ကိုသိန်းမောင် (၈) ကိုစံဖောအောင်၊ (၉) သခင်ဗစိန်တို့ ပါဝင်ကြပါသည်။
    ထိုအစည်းအဝေးတွင်-
    (၁) ကျောင်းသားထု၏ မဲဆန္ဒဖြင့် အမှုဆောင်ကော်မတီကို ရွေးကောက်တင်မြှောက်ကြရန်။
    (၂) တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေ ရေးဆွဲရန်။
    (၃) အမှုဆောင်ကော်မတီ ရွေးကောက်ပွဲ တင်မြှောက်ရန်ကိစ္စများကို ဆွေးနွေးကြသည်။
    ထိုအစည်းအဝေးတွင် ကျောင်းသားများသည် သမဂ္ဂ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် ရွေးကောက်ပွဲကို ကြီးကြပ်ကျင်းပပေးရန် ယာယီအမှုဆောင်အဖွဲ့ငယ်ကလေးကို ဖွဲ့စည်းလိုက်ကြသည်။ ထိုအဖွဲ့ငယ်ကလေးကိုပင် သမဂ္ဂ၏ စည်းမျဉ်းဥပဒေကြမ်း ရေးဆွဲပြီး ထုတ်ဝေရန်နှင့် ကျောင်းသားရွေးကောက်ပွဲကို ကြီးကြပ်ကျင်းပပေးရန် တာဝန်လွှဲအပ်လိုက်ကြပါသည်။ ထိုအဖွဲ့ကလေး၏ သက်တမ်းမှာ လေးငါးလမျှသာ ကြာခဲ့ပါသည်။
    ၁၉၃၁ ခုနှစ်၊ မိုးရာသီအချိန်တွင် ၁၉၃၁-၃၂ စာသင်နှစ်အတွက် တက္ကသိုလ်စာသင်တန်းများ ပြန်လည်ဖွင့်လှစ်သောအခါ ယာယီအမှုဆောင်အဖွဲ့သည် ဥပဒေစည်းမျဉ်းကို ရေးဆွဲပြီးစီးနေပြီဖြစ်သည်။ စည်းမျဉ်းဥပဒေ စာအုပ်ကိုလည်း သမဂ္ဂအသင်းဝင်များသို့တင်ကြိုဝေငှပြီးနောက် ယာယီအမှုဆောင်ကော်မတီသည် သမဂ္ဂအဆောက်အဦ အပေါ်ထပ် ခန်းမဆောင် အသင်းဝင်ကျောင်းသားထု အစည်းအဝေးကို ခေါ်ပြီး သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌတင်မြှောက်ရန် ညှိနှိုင်းဆွေးနွေးသည်။
    ထိုအချိန်တွင် ကိုထွန်းစိန်သည် တက္ကသိုလ် သင်္ချာဘာသာဌာနမှ နုတ်ထွက်ပြီး ပထမနှစ် ဥပဒေသင်တန်း၌ သင်တန်းတက်ရောက် သင်ကြားလျက်ရှိနေသည်။ ကိုထွန်းစိန်၏ ပြောပုံ၊ ဆိုပုံ၊ သတ္တိရှိပုံများကို ကျောင်းသားအများကပင် အထင်ကြီးကြသည့်အလျှောက်
    ဥက္ကဋ္ဌအဆင့်အတန်းနှင့် သင့်တော်သူ ဖြစ်သည်ဟု ထင်မြင်ယူဆလျက်နေကြရာမှ သခင်ဗစိန်က ကိုထွန်းစိန်အား ဥက္ကဋ္ဌနေရာအတွက်စာရေးပြီး အဆိုတင်သွင်းလိုက်သည်။
     ပထမရွေးကောက်ပွဲ
    အစည်းအဝေးတွင် ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီသည် ဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို တစ်လခန့်ခွာပြီး သတ်မှတ်လိုက်သည်။ ရက်အတော်ကြာမျှ ကိုထွန်းစိန်နှင့် ယှဉ်ပြိုင်အရွေးခံမည့်သူ မပေါ်လာခဲ့သော်လည်း တစ်နေ့တွင် ဆရာကြီး ဒီဂျေစလော့၏ အလိုတော်ရှိများက ကိုထွန်းစိန်နှင့်ယှဉ်ပြိုင်ရန် ကိုအိန်(ဦစောခေတ်ဝန်ကြီး ဦးအိန်)ကို ဥက္ကဋ္ဌနေရာအတွက် အဆိုတင်သွင်းလိုက်ရာမှ တက္ကသိုလ်ရာဇဝင်တွင် ကျောင်းသားများ ပထမဆုံးအကြိမ် မဲဆန္ဒနှင့် ရွေးကောက်ပွဲ တင်မြှောက်ရမည့် ရွေးကောက်ပွဲမှာ ပေါ်ပေါက်လာခဲ့လေသည်။
    ရွေးကောက်ပွဲ မကျင်းပမီ ကိုထွန်းစိန်နှင့် ကိုအိန်ဘက်မှ အားပေးသူများအားလုံး သူတို့လူ မဲရရှိရေးအတွက် မဲဆွယ်ကြသည်။ကိုအိန်ကမူ ဆွယ်တရားဟောခြင်း လုံးဝမပြုခဲ့ပေ။ အေးအေးသာ နေခဲ့သည်။
    သမဂ္ဂဥက္ကဋ္ဌ ရွေးကောက်ပွဲ ပေါ်ပေါက်လာသော်လည်း ရန်ကုန်ယူနီဗာစီတီကောလိပ်နှင့် ယုဒဿန်ကောလိပ် ကျောင်းသားအများစုမှာ ကျောင်းသားနိုင်ငံရေးကို စိတ်မဝင်စားကြပါ။ ၁၉၂၀ ခု၊ ကျောင်းသားသပိတ်ကြီး ပြီးဆုံးသွားသည့်နောက်ပိုင်းတွင် ကျောင်းသားအများမှာ နိုင်ငံရေး၌ စိတ်မဝင်စားဘဲ ဖြစ်နေကြပါသည်။ ကျောင်းဥပဒေကို ကျူးလွန်ခဲ့လျှင် တက္ကသိုလ်အာဏာပိုင်များက ကျောင်းထုတ်ပစ်မည်ကို ကျောင်းသား တော်တော်များများမှာ ကြောက်ရွံ့နေကြသည်။
    ကိုထွန်းစိန်နှင့် သခင်ဗစိန်ခေတ်က နိုင်ငံရေးနှင့် အမျိုးသားစိတ်ထက်သန်သော ရဲရဲတောက်ကျောင်းသားများမှာ လက်တစ်ဆုပ်စာမျှလောက်သာ ရှိနေသေးသည်။ ထိုကျောင်းသားအနည်းစုထဲတွင် တကယ့်မျိုးချစ်စိတ်ရှိသူ သခင်ဗစိန်သည် စိတ်ဓာတ်အပြင်းအထန်ဆုံး ဖြစ်ခဲသည်။ သခင်ဗစိန်ပင်လျှင် ကိုထွန်းစိန်အား ဥက္ကဋ္ဌအဖြစ် အဆိုတင်သွင်းခဲ့သည်။ ကျောင်းသားများကိုလည်း နိုင်ငံရေးနှင့် အမျိုးသားစိတ် နိုးကြားလာအောင် ကိုထွန်းစိန်နှင့်အတူ ကျောင်းသားများထံ သွားပြီး နိုင်ငံရေးနှင့် မဲဆွယ်တရားဟောခဲ့ပေသည်။
    ကိုကျော်သိန်း(ယနေ့ အိုင်စီအက်ဟောင်း ဦးကျော်သိန်း)က ကိုထွန်းစိန်အား သမဂ္ဂဝါဒရေးရာနှင့် ပတ်သက်သောအကြောင်းများကို ပြတ်သားစွာပြောပြီး ကျောင်းသားထုအား မဲဆွယ်ရန် တိုက်တွန်းအားပေးနေခဲ့သည်။
    တရားဟောခက်
    ထိုစဉ်က တက္ကသိုလ်သမဂ္ဂရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသားခေါင်းဆောင်များမှာ ကျောင်းသားများသို့သွားပြီး တရားဟော၏။ ကျောင်းသားအားလုံး ပါဝင်လာပြီး တစ်နေ့မှာ နယ်ချဲ့တွေလက်အောက်မှ လွတ်မြောက်ရလိမ့်မည်လို့ ကျွန်တော့်အနေနှင့်တော့ မမှိတ်မသုန် ယုံကြည်ပါတယ်။ ဒီအတွက်ကြောင့် စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းသွားကြရန်အတွက် သမဂ္ဂကိုလည်း ဝင်ကြပါ။ ကျောင်းသားတွေအားလုံး ရှေ့တန်းကနေပြီး နယ်ချဲ့နှင့် ဗြူရိုကရက် ဖိနှိပ်မှုတွေကို တိုက်ဖျက်ပါ့မယ်။ သို့အတွက် ကျွန်တော့်ကို မဲဆန္ဒပေးကြပါဟု ပြောခဲ့လေသည်။
    တရားဟောရအခက်ဆုံးနေရာမှာ အမျိုးသမီးများ နေထိုင်သော တက္ကသိုလ်အင်းယားဆောင်နှင့် သင်တန်းကျောင်းဆောင်ပေါင်းနှစ်ဆောင်ဖြစ်သည်။
    ကိုထွန်းစိန်တို့ လူသိုက်အားလုံးပင် ယဉ်ကျေးသိမ်မွေ့စွာနှင့် ကျောင်းသူအမျိုးသမီးများကို တရားဟောပြောကြပါသည်။ အင်္ဂလိမ်လူမျိုးနှင့် အင်္ဂလိပ်ဘာသာကြီးစိုးသော အချိန်ဖြစ်၍ ကျောင်းသားခေါင်းဆောင်များသည် အင်္ဂလိပ်ဘာသာဖြင့်ပင် တရားဟောပြောပြီး မဲဆွယ်ကြပါသည်။
    အင်းယားကျောင်းဆောင်တွင် ကိုထွန်းစိန်က ဂုဏ် သရေရှိအမျိုးသမီးများခင်ဗျာ၊ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ တည်ထောင်ရတာဟာ တခြားကြောင့် မဟုတ်ပါဘူး၊ တက္ကသိုလ် ကျောင်းသားအားလုံးရဲ့အကျိုးနှင့် မြန်မာပြည်သူ၊ ပြည်သားအားလုံးရဲ့ အကျိုးအတွက် ဖြစ်ပါတယ်၊ ကျွန်တော်တို့ ကျောင်းသားတစ်တွေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဒီနယ်ချဲ့အစိုးရအောက်မှာ နှစ်အတော်ကြာကစပြီး အလူးအလဲ ခံစားလာခဲ့ရတာ ယနေ့တိုင်ဖြစ်ပါတယ်။ တက္ကသိုလ် ဗျူရိုကရက်ကြီးတွေကလည်း မကြာခဏလိုလို ကျောင်းသားတွေအပေါ်မှာ ဖိနှိပ်နေတာကို ကျွန်တော်တို့တစ်တွေ ကြားသိနေရပါတယ်။ ကျောင်းသားတွေအားလုံး အနစ်နာခံနေရတဲ့အတွက် ကျွန်တော်တို့ သမဂ္ဂဖွဲ့ပြီး နစ်နာမှု အမှုတွက် ရဲဝံ့စွာနှင့် သူတို့တစ်တွေကို အရေးဆိုရပါလိမ့်မယ် အဖွဲ့ကြီးကို ကျောင်းသားတွေ စည်းစည်းရုံးရုံးနှင့် ထောက်ခံအားပေးခဲ့လျှင် ကျွန်တော်တို့က ရှေ့တန်းကနေပြီး ဒီအာဏာပိုင်တွေက ရဲရဲဝံ့ဝံ့နှင့် အရေးဆိုပြီး တိုက်ပါမယ်။
    ကျွန်တော်ဟာ ကျောင်းသားများအကျိုးနှင့်တကွ တိုင်းပြည်အတွက်ကို တက္ကသိုလ်သမဂ္ဂအဖွဲ့ရဲ့ ဥက္ကဋ္ဌအနေနှင့် ရွ့ပ်ရွပ်ချွံချွံ ရွက်ဆောင်ပါ့မယ်လို့ သန္နိဋ္ဌာန်ချပြီး ဖြစ်ပါတယ်။ ရွက်ဆောင်တဲ့အခါ ကျွန်တော်တို့အမျိုးသားတွေနှင့်ချည်း မဖြစ်ပါဘူး။ အမျိုးသမီးတွေပါ တစ်ဖက်တစ်လမ်းက ပါဝင်ပြီး အကူအညီပေးမှ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အမျိုးသမီးဟာ တချို့နိုင်ငံတွေက အမျိုးသမီးတွေနှင့်မတူပါဘူး။ လွတ်လပ်ခွင့်တွေ အများကြီးရှိနေပါတယ်။ အမျိုးသမီးတွေ သမဂ္ဂအဖွဲ့ထဲ ဝင်ကြပါ။ ကျွန်တော့်ကို မဲပေးကြပါ။ ကျောင်းသားအရေးနှင့် နိုင်ငံအရေးအတွက် ကြိုးပမ်းကြပါလို့ ကျွန်တော် ပန်ကြားပါတယ်။
    ကျွန်တော်သာ တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်း  ခံခဲ့ရလျှင် ကျွန်တော်တို့ချမှတ်ထားတဲ့ ဝါဒအတိုင်း ကျင့်သုံးပါ့မယ်လို့ ဒီနေရာကနေပြီး ကြေညာပါတယ်။
    ကျွန်တော်နှင့် ကျွန်တော့်ရဲဘော်များက ကျင့်သုံးမယ့် အဓိကဝါဒကတော့ ဤတက္ကသိုလ်နယ်မြေမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားစိတ် နိုးကြားထက်သန် လာစေရန် ဖြစ်ပါတယ်။
    ယုံကြည်ချက်
    တက္ကသိုလ်နယ်မြေအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးဟာ ယခုအခါမှာ ပေါ်ပေါက် လာပါပြီ ၊ ဒီသမဂ္ဂအဆောက်အဦးဟာ ကျောင်းသားကျောင်းသူတွေ စုရုံးပြီး နိုင်ငံနှင့် အမျိုးသားရေး ကြိုးပမ်း ရန်အတွက် ဗဟိုအချက်အချာ နေရာကြီး ဖြစ်စေရမယ်။
    ကိုထွန်းစိန်ဘက်နှင့် ကိုအိန်ဘက်မှလူများ မဲဆွယ်ကြ၊ တရားဟောကြ၊ စည်းရုံးကြရင်းနှင့်ပင် ဥက္က္ကဌ ရွေးကောက်ပွဲနေ့ သို့ ရောက်ရှိ လာခဲ့လေသည်။
    ဥက္ကဌ ရွေးကောက်ပွဲကို နံနက် (၆) နာရီအချိန်တွင် စတင်ကျင်းပသည့် အချိန်မှသပြီး သမဂ္ဂအဖွဲ့ဝင် ကျောင်းသား အများအပြားပင် လာရောက်မဲပေးကြသည်။ ကိုထွန်းစိန်နှင့် ကိုအိန်ဘက်မှ လူများအားလုံး အား ကြိုးမာန်တက် မဲဆွယ်ကြသည်။ မဲဆွယ်ကြရာတွင် ကိုအိန်ဘက်မှ ကျောင်းသားများက သာလွန်သွားသည်။ ကိုအိန်ကို အားပေးသူ ကျောင်းသားများသည် နိုင်ငံရေးကို ဘာသာရေးနှင့် ရောနှောပြီး မဲဆွယ်ကြသည်။ ကို ထွန်းစိန်မှာ  မူဆလင်ဘာသာဝင်ဖြစ်သည်။
    (ကိုထွန်းစိန်ခေတ်က ဥက္ကဌရွေးကောက်ပွဲမှာ အမေရိကန် သမ္မတရေးကောက်ပွဲနှင့် ခပ်ဆင်ဆင် တူသည်။ သမဂ္ဂအဖွဲ့ ဝင် ကျောင်းသားများက လျှို့ ဝှက်မဲပေးစနစ်နှင့် ဥက္ကဌကို တိုက်ရိုက် ရွေးကောက်တင် မြှောက်ကြပါသည်။ သမဂ္ဂ အမှုဆောင်အဖွဲ့ဝင် များကိုလည်း ဤစနစ်ဖြင့်ပင်လျှင် ရွေးကောက်ရပါသည်ဟု ကို ထွန်းစိန်က ပြောပြပါသည်။)
    ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာလိုက်သည့် အချိန်မှစပြီး ရက်အတော်ကြာ ကိုထွန်းစိန် နိုင်မည်ဟု တစ်ပြေးနေသော်လည်း ကိုအိန်ကို ထောက်ခံကြသူများက အားကြီးမာန်တက် ကြိုးစားပြီး မဲဆွယ် ကြသဖြင့် မူလက ကိုထွန်းစိန်ကို ထောက်ခံ အားပေးသူများသည်ပင် ကိုအိန်ဘက်သို့  ရောက်ကုန်ကြသည်။ ကိုအိန်ကို အားပေးသည်ကို သဘောမကျ၍ ကိုထွန်းစိန်ဘက်မှ နေပြီး ရှုတ်ချကြသော ကျောင်းသား အများအ ပြားပင်လျှင် ဘာသာရေးစက်ခလုတ်၏ဒဏ်ကို မခံနိုင်ကြ၍ နောက်ပိုင်း၌ ကိုအိန်ဘက်သို့ ရောက်ကုန်ကြသည်။ ကိုအိန်ဘက်မှ လူများစည်းရုံးရေးတွင် တော်ကြပါ၏။ ကျောင်းသားထု၏ အညှာပျော့ကွက်ကို ကိုင်နိုင်ကြသူများ ဖြစ်သည်ဟု ယနေ့ အချိန်တွင် ကိုထွန်းစိန် ပြောပြပါသည်။
    အကြိတ်အနယ်
    ရွေးကောက်ပွဲတွင် ကိုထွန်းစိန်ကို ပုဂ္ဂိုလ်ရေးအရ အာဃာတ ရှိသူများကလည်း ကိုအိန်ဘက်သို့ မဲပေးကြသည်။ ကျောင်းအုပ်ကြီး အလိုတော်ရိများကလည်း ထိုနည်းတူပင်ဖြစ်သည်။
    ရွေးကောက်ပွဲနေ့ နေ့လယ်ပိုင်းအချိန်သို့ ရောက်လာသောအခါ နှစ်ဖက်သို့ မဲပေးကြသူများအားလုံး အကြိတ်အနယ်ဖြစ်လာလေသည်။ နှစ်ဖက်မှ လူများ၏စိတ်များမှာ အကြီးအကျယ် လှုပ်ရှားလျက် ရှိနေကြသည်။  သူ့ဘက်နှင့် ကိုယ့်ဘက် ဘယ်ဘက်က နိုင်မည်ဟု မခန့်မှန်းနိုင်ကြလောက်အောင် ဖြစ်လာသော်လည်း ကိုအိန်ဘက်မှလူများမှာ အိုးစည်၊ ဗုံမောင်းတွေကို တီးကြရင်းနှင့်ပင် မဲဆွယ်လျင်ပင် နေကြသည်။ ရွေးကောက်ပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။
    နှစ်ဖက်မှမဲများကို စေ့စေ့စပ်စပ်နှင့် ရေတွက်ခဲ့ရာမှာ ညဥ့်နက် ၁၁ နာရီအချိန်မှ ပြီးဆုံးသွားခဲ့လေသည်။ ရွေးကောက်ပွဲကော်မတီ ဥက္ကဋ္ဌ ကိုကျော်ခင်သည် ဥက္ကဋ္ဌ ထိုင်သည့် ကုလားထိုင်မှ ထကာ မဲအရေအတွက်ကို ကျောင်းသားများကို ကြေညာရန် ဟန်ပြင်လိုက်လေသည်။ အစည်းအဝေးခန်းမတွင် ရှိနေကြသော ကျောင်းသားများအားလုံး ငြိမ်သက်စွာနှင့် နားစွင့်နေကြသည်။ အခန်းကြီးတစ်ခန်းလုံးမှာ တိတ်ဆိတ်နေ၏။
    ကိုကျော်ခင်က-
    “တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်အပေါင်းတို့၊ ရွေးကောက်ပွဲကော်မတီသည် မဲများကို ရေတွက်ကြည့်သောအခါ ယှဉ်ပြိုင်ကြသူ နှစ်ဦးစလုံးရရှိကြသော မဲအရေအတွက်များမှာ တူညီနေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဒီနှစ်ဦးအတွက် မည်သူအနိုင်ရသင့်သည်ကို ဆုံးဖြတ်ပေးရန် ရွေးကောက်ပွဲ ကြီးကြပ်ပေးသည့် ကော်မတီအပေါ်၌ တာဝန်ကျရောက်လာပါသည်။ သမဂ္ဂစည်းမျဉ်းဥပဒေအရ ယှဉ်ပြိုင်ကြသော သူနှစ်ဦးတို့ ရရှိသောမဲအရေအတွက်မှာ တူညီနေခဲ့လျှင် ချယ်ရာမင်သည် အနိုင်မဲကို သူပေးချင်သည့်ဘက်သို့ ပေးနိုင်ခွင့်ရှိပါသည်။ မဲဆန္ဒပေးခြင်းမှာ တရားမမျှတဟု ကန့်ကွက်လာခဲ့ပါလျှင်လည်း ရွေးကောက်ပွဲကိုလည်း ထပ်မံကြီးကြပ် ကျင်းပခွင့်ရှိပါသည်။ ကျွန်တော်သည် ဥက္ကဋ္ဌအနေနှင့် ဤကိစ္စကို အလျင်စလို အဆုံးအဖြတ် မပေးလိုသေးပါ။ ရွေးကောက်ပွဲ ကြီးကြပ်သော ကော်မတီအားလုံးနှင့် လေးနက်စွာ ဆွေးနွေးတိုင်ပင်ရပါဦးမည်။ ဤသို့ ပြောဆိုရသည်မှာ တရားမျှတစေရန်အတွက်သာ ဖြစ်ပါသည်။ အခြား ဘာအကြောင်းမျှမရှိပါ။ သို့အတွက် ယနေ့ည အဆုံးအဖြတ် မပေးသေးဘဲ နက်ဖြန် ၈နာရီ အချိန်ကျမှာသာ ကျွန်တော်၏ မဲဖြင့် အဆုံးအဖြတ်ပေးပါမည်” ဟုပြောပြီး ထုတ်ဖော်ကြေညာလိုက်လေသည်။ တစ်ဦးတစ်ယောက်မျှ စကားမပြောနိုင်ကြပါ။ သမဂ္ဂအဖွဲ့ဝင်အားလုံး လိပ်ခဲတည်းလည်းနှင့်ပင် သမဂ္ဂ အဆောက်အဦးမှ ပြန်သွားကုန်ကြသည်။ မည်သူ့ကို အနိုင်ပေးမည်။ ရွေးကောက်ပွဲကိုပဲ ထပ်မံကျင်းပပေးမည်။ အဖက်ဖက်မှ ကန့်ကွက်သူ ပေါ်ပေါက်လာလျှင် ရွေးကောက်ပွဲ ကြီးကြပ်သည့် ကော်မတီက ပြဿနာကို မည်သူဖြေရှင်းမည်ကို ကျောင်းသားများအားလုံး မျှော်တလင့်လင့်နှင့် ရှိနေကြတုန်းပင် ဖြစ်သည်။ ”
    နောက်တစ်နေ့ ၈ နာရီအချိန်တွင် ကျောင်းသားသမဂ္ဂ အဆောက်အဦး အတွင်းမှာ လာရောက်ကြသော ကျောင်းသားများနှင့် ပြည့်နှက်လျက် ရှိနေ၏။
    ချယ်ရာမင် ကိုကျော်ခင်က ယမန်နေ့က မဲဆန္ဒပေးပွဲမှာ တရားမျှတမှု ရှိမရှိနှင့် ရွေးကောက်ပွဲကော်မတီ၏ ဆောင်ရွက်ချက်များအပေါ်တွင် ကျေနပ်မှု ရှိမရှိ ရွေးကောက်ပွဲကော်မတီ၏ ဆောင်ရွက်ချက်များအပေါ်တွင် ကျေနပ်မှု ရှိမရှိ ရွေးကောက်ပွဲမှာ စည်းမျဉ်းဥပဒေအတိုင်း ကော်မတီက ဆောင်ရွက်ပေးခဲ့သည်။ မပေးခဲ့သည်ကို စတင် မေးမြန်းလေသည်။ အရွေးခံသူ နှစ်ဦးစလုံးကို အားပေးသော ကျောင်းသားများက ကန့်ကွက်စရာမရှိပါ။ ရွေးကောက်ပွဲကော်မတီ တရားမျှတစွာ ဆောင်ရွက်ပေးခဲ့ပါသည်။ အားလုံးကပင် ကျေနပ်ပါသည်။ လစ်ဟင်းမှုများ၊ မသမာမှုများ လုံးဝ မရှိပါ။ ကော်မတီပင် တိကျမှန်ကန်စွာ အဆုံးအဖြတ် ပေးလိမ့်မည်ဟု ယုံကြည်ကြကြောင်းကို ပြန်ဖြေကြလေသည်။
    ချယ်ရာမင် ကိုကျော်ခင်က ဤသို့ဆိုလျှင် ကျွန်တော်နှင့်တကွ ကော်မတီ၏ ဆုံးဖြတ်ချက်ကို ယခုအခါ တင်ပြပါတော့မည်။ ဤရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသော ပုဂ္ဂိုလ်နှစ်ဦး၏ အရည်အချင်းကို ယုံမှားသံသယ မရှိပါ။ နှစ်ဦးစလုံးပင် တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ၏ တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ပြီး  ကျောင်းသားများကို ဦးဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ပွဲအသစ် ထပ်မံကျင်းပပေးရမည်လား သို့မဟုတ် ကျွန်တော် ဥက္ကဋ္ဌအနေနဲ့ အနိုင်မဲကိုပဲ မည်သူ့ကိုပေးရမည်လား။ ထိုကိစ္စနှစ်ရပ်အတွက် ကြာမြင့်စွာ အချိန်ယူပြီး လေးနက်စွာ စဉ်းစားကြည့်သောအခါ ယခုပြီးစီးသွားသော ရွေးကောက်ပွဲမှာ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု နှစ်ဦး နှစ်ဖက် စလုံးမှ အတိအလင်း ဖွင့်ဟ ပြောဆိုကြပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော် ပေးပိုင်ခွင့် ရှိနေသော အနိုင်မဲကို အသုံးပြုပြီး အဆုံးအဖြတ် ပေးပါတော့မည်။ ကိုထွန်းစိန်နှင့် ကိုအိန် တို့၏ အရည်အချင်းများမှာ တူညီနေသော်လည်း ကိုထွန်းစိန်သည် သူ၏ ကောလိပ်သက်တမ်းတစ်လျှောက်၌  မျိုးချစ်စိတ် အလွန်ထက်သန်လှပြီး ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ပေသည်။ ဗြူရိုကရက်ကြီးများကို ရင်ဆိုင်ရာတွင်လည်း သတ္တိပြောင်မြောက်လှပေသည်။ တက္ကသိုလ်ကျောင်းသားများအတွက်သာမက တိုင်းပြည်တစ်ပြည်လုံးမှ တိုင်းရင်းသားများ အကျိုးအတွက်ကိုပါ မျှော်ကိုးပြီး အမျိုးသားရေးကိစ္စများ၌လည်း ဝင်ရောက် ရွက်ဆောင်လိုသော စိတ်ဆန္ဒ ပြင်းပြစွာ ရှိသည်ကို တွေ့နေရသည်။ သို့ဖြစ်၍-
    “ကော်မတီ၏ ချယ်ရာမင်ဖြစ်သူ ကျွန်ုပ် ချယ်ရာမင် ကော်မတီသည် ရန်ကုန်တက္ကသိုလ်ဥပဒေ ပထမနှစ်သင်တန်း၌ တက်ရောက်သင်ကြားနေသော ကိုထွန်းစိန်ဘက်သို့ အနိုင်မဲ ပေးလိုက်သည်ဖြစ်ကြောင်း ဤနေရာမှ ကျောင်းသားထုအား ကြေညာလိုက်ရပါသည်။”
    ကိုထွန်းစိန်ကို အနိုင်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်သမဂ္ဂအဆောက်အဦးတစ်ခုလုံးမှာ လက်ခုပ်သံများနှင့် ဆူညံသွားလေသည်။ လက်ခုပ်သံများ ဆူညံသွားခဲ့သော်လည်း အိုးစည် ဗုံမောင်းသံများမှာမူ ထွက်ပေါ်မလာနိုင်တော့ပါ။ ဒို့ဘက်ကလူနိုင်လျှင် ကခုန်ပြီး တအားရိုက်တီးလိုက်မည်ဟု အားခဲလာကြသူများမှာ မကြံနိုင်ဘဲ လက်မှိုင်ချကာ ပြန်ကြရလေတော့သည်။ ကျောင်းသားအားလုံးသည်လည်း အစည်းအဝေးခန်းမဆောင်မှ ထွက်ခွာသွားကြသည်။
    ချယ်ရာမင် ကိုကျော်ခင်သည် အနိုင်မဲကို ကိုထွန်းစိန်သို့ ပေးပြီးလေသောအခါ ဆက်လက်၍ “ဤနေရာက ကျွန်တော် ဖယ်ပေးပါတော့မည်။ မဲဆန္ဒနှင့် အရွေးခံရသော ကိုထွန်းစိန်ခင်ဗျား။ ဥက္ကဋ္ဌရဲ့ ကုလားထိုင်ပေါ်မှာ လာရောက်ထိုင်ပါ” ဟုပြောကာ ဖိတ်ခေါ်ပြီးနောက် စင်မြင့်ပေါ်မှ ဆင်းသွားလေသည်။
    ပထမဆုံးအကြိမ် ကျောင်းသားများ မဲဆန္ဒနှင့် ရွေးကောက်တင်မြောက်ခြင်း ခံရလိုက်ရသော ကိုထွန်းစိန် စင်မြင့်ပေါ်သို့လာပြီး ဥက္ကဋ္ဌနေရာ၌ ဝင်ရောက်ထိုင်လိုက်သည်။
    “ရဲဘော်တို့၊ ကျွန်တော့်ကို မဲဆန္ဒပေးကြတဲ့အတွက် အလွန် ကျေးဇူးတင်ပါတယ်။  ဤသမဂ္ဂအမှုဆောင်ကော်မတီ၏ ဥက္ကဋ္ဌရွေးကောက်ပွဲဟာ တက္ကသိုလ်သမိုင်းမှာ ပထမဆုံးအကြိမ် ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ရှေးက တစ်ကြိမ်တစ်ခါမျှ ဒီလိုအဆောက်အဦးမျိုးမှာ ဒီလိုသမဂ္ဂမျိုး မပေါ်ဘူးသေးပါ။ ယခုမှ ကျောင်းသားထုနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးအတွက် ကြိုးပမ်းလှုပ်ရှားရန် ခြေကုပ်ယူရမယ့် ဗဟိုအချက်အခြာ နေရာကြီး ပေါ်လာတာဟာ ဝမ်းသာစရာပါပဲ။ ကျွန်တော်တော့ ဤကျောင်းသားသမဂ္ဂကြီးကနေပြီး တစ်နေ့ကျလျှင် မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရအောင် ဦးဆောင်ပေးနိုင်မယ့် သားကောင်းရတနာတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ဒီလို ပေါ်ထွက်လာနိုင်ရေးအတွက် ယခုကစပြီး ကျွန်တော်တို့အားလုံး စုပေါင်းပြီး ကြိုးပမ်းသွားကြရပါလိ့မ်မယ်။ လွတ်လပ်ရေး ပန်းတိုင်သို့ ရောက်အောင် သွားရမယ့်ခရီးကတော့ ရှည်ဝေးလှပါသေးတယ်။ လွတ်လပ်ရေးပန်းတိုင်သို့ သွားရမည့်ခရီး၊ လမ်းခရီးတစ်လျှောက်မှာ အန္တရာယ်တွေ အနှောင့်အယှက်တွေ ဆူးငြောင့်ခလုပ်တွေ ရန်သူတွေကို အများကြီး ရင်ဆိုင်ကြရပါလိ့မ်ဦးမယ်ဆိုတာ သတိထားဖို့ လိုပါတယ်။
    ကျောင်းသားသမဂ္ဂအဖွဲ့ဟာ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအုပ်ကြီးရဲ့ လက်အောက်မှာ မရှိစေရပါဘူး။ အခမ်းအနားတွေ အဆောက်အဦးတွေမှာ လွှင့်လေ့ရှိတဲ့ အင်္ဂလိပ်နယ်ချဲ့တွေရဲ့အလံ၊ ယူနီယံဂျက်အလံကို ဒီတက္ကသိုလ် သမဂ္ဂ အဆောက်အဦးမှာ မလွှင့်ဘဲ မြန်မာတို့အလံဖြစ်တဲ့ ဒေါင်းအလံကိုသာ ယခုအချိန်မှစပြီး လွှင့်ထူပါ့မယ်။ ကျွန်တော်တို့တစ်တွေ အသိအမှတ်ပြုတဲ့ အလံဟာ ဒေါင်းအလံသာ ဖြစ်စေရမယ်။ ဒေါင်းအလံဟာ ရှေးမြန်မာတို့ရဲ့ အလံပါပဲ။ ယခုအချိန်ကစပြီး ကျွန်တော်တို့ တစ်တွေဟာ ဒေါင်းအလံကိုသာ အလေးပြုရပါလိမ့်မယ်။ ယူနီယံဂျက်အလံကို အလေးမပြုတော့ပါဘူး။ ယခင်က ကျွန်တော်တို့အဆို တင်သွင်းထားခဲ့တဲ့အတိုင်း တက္ကသိုလ်ကျောင်းဖွင့်တဲ့အချိန်ကစပြီး အခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေ ကျင်းပတဲ့အခါမှာ သီဆိုလာခဲ့တဲ့ အင်္ဂလိပ်အမျိုးသား နယ်ချဲ့အမျိုးသားသီချင်းအစား မြန်မာအမျိုးသားသီချင်းကိုသာ သီဆိုကြရန် ကြံရွယ်ထားပါတယ်” ဟုပြောကြားပြီး မိန့်ခွန်းကို နိဂုံးချုပ် လိုက်လေသည်။
    တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ မိန့်ခွန်းပြီးဆုံးသွားသောအခါ သမဂ္ဂအဆောက်အဦးကြီး၏ အစည်းအဝေးခန်းမဆောင်ကြီးအတွင်း၌ လက်ခုပ်သံများနှင့် ကြွေးကြော်သံများမှာ သန်းခေါင်အချိန်တိုင် ဟိန်းသွားလေတော့သည်။ ပထမဦးဆုံးအကြိမ် တက္ကသိုလ်ကျောင်းသားထုက ရွေးချယ်တင်မြှောက်ခြင်းခံရသော ဥက္ကဋ္ဌ၏မိန့်ခွန်း ပြီးဆုံးသွားသောအခါ ည ၁၂ နာရီကျော်ပြီဖြစ်၍ ကျောင်းသားအားလုံး ခန်းမဆောင်ကြီး အတွင်းမှ ထွက်ခွာသွားကြလေသည်။
    ဒေါက်တာမြင့်ဆွေ