News @ M-Media

Blog

  • Fareed Zakaria ဆိုတာ ဘယ်သူလဲ?

    Fareed Zakaria ဆိုတာ ဘယ်သူလဲ?

    Fareed Zakaria ဆိုတာ ဘယ်သူလဲ?

    Fareed Zakaria
    Photo-Wiki
    သူဟာ ဒီကနေ့ နိုင်ငံတကာမီဒီယာလောကမှာ ထိပ်တန်းစာရင်းဝင် ဂျာနယ်လစ်တစ်ဦးပါ။ သူဟာ လက်ရှိ အမေရိကန်နိုင်ငံသားပါ။သူဟာ  ‘တောင်အာရှနွယ်ဖွား’ (ယနေ့ မြန်မာအများစု အခေါ် ကုလား’) ဆိုရင် စာရှုသူ ပိုစိတ်ဝင်စားသွားမလား? အံ့အားသင့်သွားမလား?
    ထိပ်တန်းဂျာနယ်လစ်

    ၁၉၉၂-ခုနှစ်မှာ ကမ္ဘာကျော် Foreign Affairs မဂ္ဂဇင်းရဲ့ အယ်ဒီတာ၊ ၂၀၀၀ မှ ၂၀၁၀-ခုနှစ်အထိ ကမ္ဘာကျော်  Newsweek မဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါရှင်နဲ့ အယ်ဒီတာတို့အပြင် Newsweek International  ရဲ့ အယ်ဒီတာရှင်ဖြစ်ခဲ့ပြီး ၂၀၁၀-ခုနှစ်မှာ ကမ္ဘာ့ထိပ်တန်း TIME  မဂ္ဂဇင်းရဲ့ စာရေးစာတည်း ကလောင်ရှင် ဖြစ်လာပါတယ်။ နောက်ထပ်ပြီး ကမ္ဘာသိ အမေရိကန်ရုပ်သံဌာန CNN မှာ ၂၀၀၈-ခုနှစ်ကစတင်၍ Fareed Zakaria GPS အမည်နဲ့လည်း ကဏ္ဍတစ်ခု တင်ဆက်ထုတ်လွှင့်နေပါတယ်။

    အခြားသော ကမ္ဘာကျော်သတင်းစာ၊ မဂ္ဂဇင်း၊ စာစောင်များဖြစ်တဲ့  New York Times ၊ Wall Street Journal ၊ The New Yorker ၊ Slate တို့မှာလည်း ဆောင်းပါးများ မကြာခဏပါဝင်ရေးသားလေ့ရှိပါတယ်။

    ဒီလောက် အောင်မြင်ထင်ရှားတဲ့ မွတ်စလင် တစ်ဦးအကြောင်း လေ့လာကြည့်ကြပါစို့။

    ငယ်စဉ်အခါ

    Fareed Zakaria ကို ၁၉၆၄-ခုနှစ် ဇန်နဝါရီလ ၂၀-ရက်မှာ အိန္ဓိယနိုင်ငံ ဘုံဘေမြို့၌ မွေးဖွားခဲ့ပါတယ်။ ဖခင် Rafiq Zakaria ဟာ Indian National Congress ပါတီ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မိခင် Fatima Zakaria ဟာ တစ်ချိန်က Sunday Times of India သတင်းစာရဲ့ အယ်ဒီတာပါ။ ဖခင်ဟာ အစ္စလာမ် သာသနာ့ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

    ပညာအရည်အချင်း

    ငယ်စဉ်အခါ ဘုံဘေမြို့ Anglican Cathedral နဲ့ John Connon ပုဂ္ဂလိလကျောင်းများမှာ ပညာသင်ကြားခဲ့ပြီး Bachelor of Arts (B.A.) ဘွဲ့ကို အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း ‘ယေးလ်တက္ကသိုလ်’ (Yale University) မှ ရရှိခဲ့ပါတယ်။ တက္ကသိုလ်၌ရှိစဉ် ‘ယေးလ် နိုင်ငံရေးရာ ယူနီယံအဖွဲ့’ ဥက္ကဌအဖြစ်လည်းကောင်း၊ လစဉ်ထုတ် ‘ယေးလ် နိုင်ငံရေးရာ’ စာစောင် အယ်ဒီတာချုပ်အဖြစ် လည်းကောင်း ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၃-ခုနှစ်မှာ အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် နောက်တစ်ခုဖြစ်တဲ့ ‘ဟားဗတ်’ (Harvard University) မှ နိုင်ငံရေးသိပ္ပံပညာ (Political Science) အထူးပြုပါရဂူ (Doctor of Philosophy) ဘွဲ့ရရှိခဲ့ပါတယ်။ ဟားဗတ်မှာ ကမ္ဘာ့ထိတ်ထိတ်ကြဲ ပညာရှင်ကြီးများဖြစ်တဲ့ နိုင်ငံရေးသိပ္ပံပညာရှင် Samuel Paul Huntington နဲ့ ဥရောပရေးရာပညာရှင် Stanley Hoffmann တို့အပြင် နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် (International Relations) Robert Keohane ထံမှာလည်း ပညာဆည်းပူးခဲ့ပါတယ်။

     ထင်ရှားစာအုပ်အရေးအသား

    သူရေးသားခဲ့တဲ့ လုံးချင်းစာအုပ်များကတော့ ၁၉၉၈-ခုနှစ် Princeton ထုတ် From Wealth to Power: The Unusual Origins of America’s World Role ၊ ၂၀၀၃-ခုနှစ် Norton ထုတ် The Future of Freedom ၊ ၂၀၀၈-ခုနှစ်မှာထုတ်ဝေခဲ့တဲ့ ကမ္ဘာတလွှား လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ The Post-American World တို့ဖြစ်ပါတယ်။ The American Encounter: The United States and the Making of the Modern World ဆိုတဲ့စာအုပ်ရဲ့ တွဲဖက် အယ်ဒီတာလည်းဖြစ်ပါတယ်။

    The Post-American World စာအုပ်ကို စာရေးဆရာဦးကျော်ဝင်း မဂ္ဂဇင်းတစ်ချို့မှာ အခန်းဆက်ဘာသာပြန်ခဲ့ပြီး လုံးချင်းလည်းထုတ်ဝေထားပါတယ်။ The Future of Freedom စာအုပ်ဟာလည်း New York Times အရောင်းအသွက်ဆုံး ထိပ်တန်းဝင်ခဲ့ပြီး ဘာသာပေါင်း ၂၀-ကျော်သို့လည်း ပြန်ဆိုအောင်မြင်ခဲ့ပါတယ်။

    ‘၉/၁၁ အရေးအခင်း’ ပြီးနောက်ပိုင်း Newsweek ၌ ‘Why They Hate Us’ အက်ဆေး ရေးသားခဲ့ရာ ‘အကြမ်းဖက်ဝါဒ’ဟာ အခြေခံအားဖြင့် ‘အစ္စလာမ်သာသနာ’မှ ပေါက်ဖွားလာခြင်းမဟုတ်ကြောင်း ခုခံတင်ပြခဲ့ပြီး ‘အာရပ်’နိုင်ငံများအနေနှင့် ပိုမိုတိုးတက်သော လူ့အဖွဲ့အစည်းအတွက် တံခါးဖွင့်လှစ်ဖို့လိုကြောင်းနဲ့ မွတ်စလင်များကိုလည်း တိုးတက်ခေတ်မှီတဲ့ ကမ္ဘာစီသို့ခြေလှမ်းကြဖို့ အဆိုပြုခဲ့ပါတယ်။ ‘၂၀၀၃-ခုနှစ် အီရတ် စစ်ဆင်ရေး’ကို ကနဦးပိုင်းမှာ ထောက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ ‘အီရတ်သိမ်းပိုက်စိုးမိုးရေး’ လုပ်တယ်လို့ ‘ဘုရှ်အစိုးရ’ကို မကြာခဏဝေဖန်ခဲ့ပါတယ်။ ၂၀၀၆-ခုနှစ်နောက်ပိုင်း အမေရိကန်အစိုးရဟာ ‘အကြမ်းဖက်မှုတိုက်ဖျက်ရေး’မှာ သာမက ‘လူဝင်မှုကြီးကြပ်ရေး’နဲ့ အခြားနေရာတွေမှာပါ ‘အကြောက်တရား အခြေခံတဲ့ ပေါ်လစီများ’ ကျင့်သုံးနေတာကိုလည်း ဝေဖန် ထောက်ပြခဲ့ပါတယ်။

    ၂၀၀၈-ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ‘ဘာရက် အိုဘားမား’ကို ထောက်ခံခဲ့ပြီး ‘သမ္မတ ဘာရက် အိုဘားမား’ ကလည်း အရှေ့အလယ်ပိုင်းရေးရာများမှာ သူ့ထံက အကြံဉာဏ်ယူတာမျိုးရှိတယ်လို့လည်း The New York Times မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    ကျော်ကြားရုပ်သံအစီအစဉ်

    ၂၀၀၂ မှ ၂၀၀၇-ခုနှစ်အထိ အမေရိကန် ABC ရုပ်သံဌာန This Week with George Stephanopoulos ကဏ္ဍရဲ့ သတင်းစိစစ်ဝေဖန်သူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၅ မှ ၂၀၀၈-ခုနှစ်အတွင်း PBS ရုပ်သံဌာနမှာ Foreign Exchange with Fareed Zakaria အပတ်စဉ်ကဏ္ဍကို တင်ဆက်ခဲ့ပါတယ်။ ၂၀၀၈-ခုနှစ် ဇွန်လမှာ CNN မှာ Fareed Zakaria GPS (Global Public Square) ကို စတင်ခဲ့ပါတယ်။ သူရဲ့အင်တာဗျူး အစီအစဉ်များမှာ တိဘက်ငြိမ်းချမ်းရေးခေါင်းဆောင် ဒလိုင်းလားမား၊ အမေရိကန်သမ္မတ အိုဘားမား၊ အိန္ဓိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ဂျော်ဒန်ဘုရင် အဗဒူလာ၊ ရုရှားသမ္မတဟောင်း လက်ရှိဝန်ကြီးချုပ် ဒီမီထရီ မက်ဒေဗက်၊ ဘရာဇီးသမ္မတကြီး လူလာဒါ စီလဝါ၊ စင်္ကာပူဖခင်ကြီး လီကွမ်ယူ အစရှိသော ခေါင်းဆောင် အများအပြားပါဝင်ခဲ့ပါတယ်။

    ဂုဏ်ထူးဆောင်ဘွဲ့များ

    ၂၀၀၇-ခုနှစ်မှာ ဩဇာတက္ကိမကြီးတဲ့ Foreign Policy နဲ့ Prospect မဂ္ဂဇင်းတို့က Fareed Zakaria အား ကမ္ဘာ့ထိပ်သီး ဥာဏ်ကြီးရှင် (leading public intellectuals) အယောက် ၁၀၀ စာရင်းထည့်သွင်းခဲ့ပါတယ်။ ၂၀၀၈-ခုနှစ် ပြည်ပရောက်အထူးချွန်ဆုံး အိန္ဒိယသားဆု (India Abroad Person of the Year 2008)ကို ရရှိခဲ့ပြီး ၂၀၁၀-ခုနှစ်မှာ  အိန္ဒိယအစိုးရက နိုင်ငံရဲ့ တတိယအမြင့်ဆုံး ဂုဏ်ထူးဆောင် Padma Bhushan ဆုကို ချီးမြှင့်ခဲ့ပါတယ်။ မိုင်ယာမီတက္ကသိုလ်(University of Miami)၊ အိုဘာလင်ကောလိပ်(Oberlin College)၊ ဘိတ်စ်ကောလိပ်(Bates College)၊ ဘရောင်းတက္ကသိုလ်(Brown University)၊ ဟားဗတ်တက္ကသိုလ်(Harvard University) နဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်(Johns Hopkins University) တို့မှလည်း ဂုဏ်ထူးဆောင်ဘွဲ့များ အသီးသီး ချီးမြှင့်ခဲ့ကြပါတယ်။

    Christopher Murray, Jens Stoltenberg, Bill Gates, Gordon Brown, Olusegun Obasanjo, Fareed Zakaria and Giulio Tremonti during the World Economic Forum 2006 Davos, Switzerland. (second from the right)
    Photo-wiki

    ၁၉၉၉-ခုနှစ်မှာ Esquire မဂ္ဂဇင်းက သူ့ကို ‘သူ့မျိုးဆက်ရဲ့ ဩဇာအကြီးဆုံး နိုင်ငံတကာရေးရာ ပေါ်လစီပညာရှင်ကြီး’ အဖြစ် ကင်ပွန်းတပ်ခဲ့ပြီးနောက် GPS ကဏ္ဍမှာ တရုတ်ပြည်ဝန်ကြီးချုပ် မစ္စတာဝမ်ကျားပေါင်နဲ့ အင်တာဗျူးဟာလည်း Emmy အကယ်ဒမီဆု လျာထားခြင်းခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၀-ခုနှစ်ရဲ့ နိုင်ငံလုံးဆိုင်ရာ မဂ္ဂဇင်းဆု ရရှိခဲ့တဲ့အပြင် သူ့ရဲ့အခြားဆောင်းပါးများ၊စာပေများဟာလည်း ဆုပေါင်းများစွာ ချီးမြှင့်ခြင်းခံရပါတယ်။

    ၂၀၁၂-ခုနှစ် ဟားဗတ်တက္ကသိုလ်(Harvard University) နဲ့ ဂျူခ်တက္ကသိုလ် (Duke University) တို့ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားများမှာလည်း မိန့်ခွန်း (commencement addresses) ပြောကြားပေးခဲ့ပါတယ်။

    သမ္မတ အိုဘားမားရဲ့ အိမ်ဖြူတော် ညစာစားပွဲသို့လည်း ဖိတ်ကြားခြင်းခံခဲ့ရဖူးပါတယ်။

    ပုဂ္ဂိုလ်ရေးရာ

    လက်ရှိ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဇနီး Paula Throckmorton Zakaria ၊ သားဖြစ်သူ Omar ၊ သမီး ၂-ဦး  Lila ၊ Sofia တို့နှင့်အတူ နေထိုင်လျက်ရှိပါတယ်။ သူ့မှာ ကိုယ်ပိုင် Web Site ရှိပြီး www.fareedzakaria.com ဖြစ်ပါတယ်။ လက်ရှိ ‘ဟားဗတ်တက္ကသိုလ် ဂေါပကအဖွဲ့ဝင်’ အဖြစ်လည်း အမှုထမ်းလျက်ရှိပါတယ်။ ဇနီးဖြစ်သူကလည်း ‘ဟားဗတ်တက္ကသိုလ်’မှ M.B.A ဘွဲ့ရရှိထားသူဖြစ်၍ ရတနာ ဒီဇိုင်းလုပ်ငန်း ပိုင်ဆိုင်လုပ်ကိုင်လျက်ရှိပါတယ်။ Wall Street Journal အပါအဝင် အခြားစာစောင်များတွင်လည်း မကြာခဏဆိုသလို ဆောင်းပါးများရေးသားလေ့ရှိပြီး နယူးယောက်မြို့အခြေစိုက် Black Book ဓာတ်ပုံ အနုပညာဂျာနယ် ထုတ်ဝေသူနဲ့ စာအုပ်တိုက် ပိုင်ရှင်လည်းဖြစ်ပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်) စုဆောင်းပြုစုသည်။

    References:

    http://fareedzakaria.com/about/

    http://nymag.com/nymetro/news/politics/national/features/n_8621/

    http://www.conservapedia.com/Fareed_Zakaria

    http://washingtonscene.thehill.com

    http://www.dev.slate.com/authors.paula_throckmortonzakaria.html

    http://en.wikipedia.org/wiki/Fareed_Zakaria

  • ၁၉၇၃ ရွှေတိဂုံစေတီတော်ကြီး မွမ်းမံပြင်ဆင်ခဲ့စဉ်က

    ၁၉၇၃ ရွှေတိဂုံစေတီတော်ကြီး မွမ်းမံပြင်ဆင်ခဲ့စဉ်က

    လှကြည်

    ဗုဒ္ဓံ ပူဇေမိ
    ဓမ္မံ ပူဇေမိ
    သံဃံ ပူဇေမိ

    ၁၉၇၃ မှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရွှေတိဂုံဘုရားကြီးရဲ့အစိတ်အပိုင်းတစ်ခုကို လှကြည်တို့တက်ပြီး ပြုပြင်မွမ်းမံတဲ့အချိန်မှာ ရွှေတိဂုံဘုရားကြီးကို အရိုအသေပြုတဲ့အနေနဲ့ ရွတ်ဆိုခဲ့တာဖြစ်ပါတယ်။
    လှကြည်ဆိုတဲ့ကောင်မလွယ်ဘူး။ သူနဲ့မဆိုင်တာတွေ လျှောက်လျှောက်ရွတ်နေတယ်လို့ အကြောင်းသိတွေက ပြောကြဦးမယ်။ တကယ်တော့ ရာသီဥတုဒဏ်ကြောင့် ရွှေတိဂုံစေတီတော်ကြီး ကိုယ်လုံးတော်မှာ ပျက်စီးချို့ယွင်းနေတာတွေကို စေတီတော်ပေါ်တက်ပြီး ဘူမိဗေဒအင်ဂျင်နီယာပညာနဲ့ (Grouting)တွေလုပ်၊ ပြုပြင်မွမ်းခံခွင့်ရခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် လှကြည် တော်တော်ပဲ ကုသိုလ်ရခဲ့ပါတယ်။ရွှေတိဂုံဘုရားကြီး တန်ခိုးကြီးလှပါပေတယ်။၁၉၇၃-နှစ်ဦးပိုင်းလောက်မှာ လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်ကြီးကို ထုံးစံအတိုင်း နှစ်နှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်နိုင်ဖို့ သန့်ရှင်းရေးလုပ်ခြင်း၊ ရေညှိများခွာခြင်းကိစ္စတွေကို ပန်းရန်ဆရာကြီးများအဖွဲ့က လုပ်ကိုင်ခဲ့ကြတယ်။ ပန်းရန်သမားတစ်ယောက်က စေတီတော်ကြီးရဲ့ ရှစ်မြှောင့်တစ်နေရာမှာ အဲဒီလိုရေညှိခွာရင်း သန်လျက်နဲ့ခေါက်ကြည့်လိုက်တော့ အတွင်းက လှိုဏ်သံကြားလိုက်ရတယ်။ အဲဒါနဲ့ ပိုပြီးသေချာအောင် ထပ်ပြီးပြင်းပြင်းလေးခေါက်လိုက်တော့ အဲဒီနေရာကအုတ်တွေက ဆွေးမြည့်နေလို့ သံလျက်က အတွင်းကို ကျွံဝင်နေပြီး အပေါက်ကြီးဖြစ်သွားတယ်။ အဲဒီအုတ်တွေကို ကိုင်ကြည့်လိုက်တဲ့အခါမှာ ပေါင်ဒါလိုအမှုန့်ဖြစ်သွားတယ်။ဒါနဲ့ ပန်းရန်သမားလေးလည်း သူ့ဆရာကိုခေါ်ပြီး စေတီတော်ကြီးရဲ့ ဂေါပကအဖွဲ့ဝင်များကို အကျိုးအကြောင်းသွားပြီး ပြောပြကြတယ်။ အဲဒီအပေါက်ကြီးက လူကြီးတစ်ယောက် ကောင်းကောင်းဝင်လို့ရအောင်ကျယ်နေတယ်။ အဲဒီအပေါက်ကြီးကနေ အားကောင်းတဲ့ လက်နှိပ်ဓါတ်မီးနဲ့ထိုးကြည့်တဲ့အခါ အောက်အနက် ဘယ်လောက်ရှိတယ်ဆိုတာ မမြင်နိုင်ဘူးဖြစ်နေတယ်။ ဒါနဲ့ ငြမ်းလုပ်ဖို့ထားတဲ့ ၁၂-ပေခန့်ရှည်တဲ့ ၀ါးလုံးနှစ်လုံးကိုဆက်ပြီး ထောက်ကြည့်ကြတယ်။ ဒါလည်းပဲ အောက်ကို လုံးဝ မထိမိဘူး။ စေတီတော်ကြီးအတွင်းက လှိုဏ်ခေါင်းက တော်တော်နက်ပြီးကျယ်နေတာကို သွားတွေ့ရတယ်။စေတီတော်ကြီးကို မိုးမကျမီမှာ ရွှေသင်္ကန်းအပြီးကပ်ရမှာမို့ ဂေါပကအဖွဲ့နဲ့ ပန်းရန်ဆရာများအဖွဲ့က ကြိုးစားပြီးမြန်မြန်ဆန်ဆန် လုပ်ကြရမှာဖြစ်တယ်။ ပန်းရန်ဆရာများအဖွဲ့က ဒီလှိုဏ်ခေါင်းကြီးကတော့ သူတို့အနေနဲ့ ဘယ်လိုမှ မလုပ်တတ်ကြောင်းကို ဂေါပကအဖွဲ့ကိုပြောတယ်။ ဂေါပကအဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးလှမြင့်(BelAir)၊ ဦးသော်ဇင်(Handicap9)၊ ဦးထွန်းလွင်၊ ဦးအောင်သိန်းတို့က အဲဒီတုန်းက ဆောက်လုပ်ရေးဝန်ကြီးကိုတင်ပြတော့ အင်ဂျင်နီယာအကျော်အမော်တွေခေါ်ပြီး တိုင်ပင်ဆွေးနွေးကြတယ်။ ဘယ်သူမှ မလုပ်တတ်ကြဘူး။ မလုပ်ရဲကြဘူး။ အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးနေ၀င်းသိသွားတော့ “ဒီတန်ခိုးကြီးဘုရားကြီးကို ဂရုစိုက်ပြီးပြုပြင်ကြပါ။ ရှေးဟောင်းဘုရားကြီးလည်းဖြစ်တယ်။ ဒီလိုဘုရားကြီမျိုး တို့လည်းမတည်နိုင်ဘူး။ ငွေကုန်ချင်သလောက်ကုန်ပါစေ၊ ကောင်းအောင်လုပ်ကြပါ”ဆိုပြီး အမှာပါးလိုက်ပါတယ်။

    ဂေါပကအဖွဲ့က ဒီအင်ဂျင်နီယာအကျော်အမော်တွေ မလုပ်တတ်ဘူးဆိုရင် အင်ဂျင်နီယာတွေ မွေးထုတ်ပေးနေတဲ့ စက်မှုတက္ကသိုလ်က ဆရာကြီး ပါမောက္ခချုပ် ဒေါက်တာအောင်ကြီးကို မေးမှပဲဆိုပြီး သူ့ကိုခေါ်ပြီးပြပါတယ်။

    ဒေါက်တာအောင်ကြီးဟာ ကမ္ဘာကျော် မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က ဒေါက်တာဘွဲ့(Ph.D) ရထားသူဖြစ်ပါတယ်။ ဒေါက်တာကြီးလည်း ဒီဧရာမလှိုဏ်ခေါင်းကြီးကိုကြည့်ပြီး ဘာမှမပြောနိုင်ပါ။

    ဒေါက်တာအောင်ကြီးက “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အင်ဂျင်နီယာများကတော့ မတတ်ကျွမ်းပါဘူး။ တစ်ခုတော့ရှိပါတယ်။ Engineering Geologist များကတော့ တတ်ကျွမ်းပါတယ်။ ဒီနည်းကတော့ ဘိလပ်မြေမှုတ်သွင်းခြင်းပညာဖြစ်ပါတယ်။ သတ္ထုတွင်းဝန်ကြီးဌာန ဘူမိဗေဒနှင့် ဓါတ်သတ္ထုရှာဖွေရေးဦးစီးဌာနက Engineering Geologist များဟာ ဆည်မြောင်းဌာနမှ ဆည်များ(Dams)များ အက်ကွဲတဲ့အခါ၊ ရေများယိုစိမ့်ထွက်တဲ့အခါများမှာ သွားရောက်ပြီး Grouting လုပ်ပေးကြပါတယ်။ ဒီနည်းနဲ့သာလျှင် လုပ်လို့ရပါမယ်”လို့ အကြံပြုခဲ့ပါတယ်။

    စေတီတော်ကြီးရဲ့ ဂေါပကအဖွဲ့ဝင်တွေဟာ အတော်ကြီးပေါက်ရောက်ပါတယ်။ ဒီကိစ္စကို သတ္ထုတွင်းဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး သူရအောင်ဖေကို ပြောပြလိုက်တယ်။ ချက်ချင်းပါပဲ။ ဘူမိဗေဒနှင့် ဓါတ်သတ္ထုရှာဖွေရေးဦးစီးဌာနက ညွှန်ချုပ်ဒေါက်တာတင်အေးကို တာဝန်ပေးလိုက်ပါတယ်။  ဒေါက်တာတင်အေးကလည်း Engeering Geology Section Head ဦးသိန်းလွင်ကို ချက်ချင်းအလုပ်စဖို့ အမိန့်ချလိုက်ပါတယ်။ အဲဒီအချိန် အဲဒီဌာနမှာက ဦးသိန်းလွင်နဲ့ ဦးလှကြည် နှစ်ဦးပဲရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ဌာနက တစ်ခြားဝန်ထမ်းတွေဖြစ်တဲ့ ကိုမျိုးမြတ်၊ ကိုဥာဏ်စိုး၊ ကိုအောင်မြင့်စိုး၊ ကိုယောရှုတို့က အသက၊ အသက၊ နယ်အသီးသီးတာဝန်ကျရာဒေသတွေကိုသွားပြီး တာဝန်ထမ်းဆောင်နေကြရတယ်။ ဒီကိစ္စကို ၀န်ကြီးရုံးက အရေးကြီးလုပ်ငန်းအမှတ်စဉ်(၁)၊ ဦးစားပေးအဆင့်(၁) ချက်ချင်းဆောင်ရွက်ရန်လို့ သတ်မှတ်လိုက်တယ်။

    စနေထောင့်တွင်ဖြစ်ပေါ်နေသော အက်ကွဲကြောင်းကြီး၏ အတွင်းလှိုဏ်ခေါင်းပေါက်ထဲသို့ သေချာစွာမြင်နိုင်ရန် လွန်တူးအင်ဂျင်နီယာချုပ် ဦးစောထွန်းက လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်နေပုံ

    ညွှန်ချုပ်က ဦးသိန်းလွင်ကိုခေါ်ပြီး ‘ဘာလိုလဲ၊ လိုတာပြောပါ’လို့ပြောတယ်။ ဦးသိန်းလွင်က မုံရွာ ကြေးနီစီမံကိန်းမှာရှိတဲ့ Grouting Machine ကို ရန်ကုန်သို့ အမြန်သယ်ဆောင်ပေးဖို့၊ အရည်အချင်းရှိတဲ့ လွန်တူးသမား(Driller) နှစ်ယောက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ (Driller မပါပဲ ဒီကိစ္စ လုံးဝလုပ်လို့ မရပါ။ ယခင့် ယခင်တုန်းကများ ဒီလိုတောင်းဆိုလိုက်ရင် ၃-၄ လနဲ့ ရောက်မလာဘူး။ ခုတော့လည်း မြန်လိုက်တာ။ ဒါတောင် နှစ်လတော့ ကြာသေးတယ်။

    Driller တွေ ရောက်လာရုံတင်မကဘူး Drilling Section Head ဦးစောထွန်း(Drilling CE)တောင် ပါလိုက်သေးတယ်။ ဦးစောထွန်းက အလွန်ဝပြီး ပေါင် ၂၂၀ ကျော်ပါတယ်။ အလွန် အသားမည်းပေမယ့် သူ့လုပ်ငန်းကို သူအလွန်ကျွမ်းကျင်ပြီး လူနဲ့မလိုက်အောင် လွန်စွာသွက်လက်ပေါ့ပါးတယ်။ Grouting Machine ကို Servicing လုပ်၊ သန့်စင်ဆေးကြောပြီး လုပ်ငန်းစလို့အချိန်ရောက်တော့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးလုပ်ပါတယ်။

    ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှာပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ ၁။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၊ ၂။ ဆိပ်ကမ်းကော်ပိုရေးရှင်းမှ ဦးဥာဏ ခေါင်းဆောင်သောအဖွဲ့၊ ၃။ ဘဓရမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်အေးခေါင်းဆောင်တဲ့ Engineering Geologist အဖွဲ့တစ်ဖွဲ့၊ Drilling အဖွဲ့တစ်ဖွဲ့တို့ ပါဝင်ပါတယ်။

    အဓိကဦးဆောင်ပြီးလုပ်ငန်းလုပ်ကိုင်မှာက ဘဓရ Engineering Geologist အဖွဲ့နဲ့ Drilling အဖွဲ့ပါပဲ။ ဆိပ်ကမ်းကော်ပိုရေးရှင်းကတော့ လိုအပ်တာတွေကို ကူညီပံ့ပိုးဖို့ပါပဲ။ ဂေါပကအဖွဲ့က “ကိုသိန်းလွင်တို့ ကိုလှကြည်တို့ ကောင်းအောင်ကြိုးစားပြီးလုပ်ကြပါ။ ငွေကိုတော့ အကန့်အသတ်မရှိ ကြိုက်သလောက်သုံးပါ”လို့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။

    ဂေါပကအဖွဲ့ကို ဦးသိန်းလွင်က တိုးတိုးတိတ်တိတ်တင်ပြတာ တစ်ခုရှိပါတယ်။

    “ကိုလှကြည်ကို ကျွန်တော်တို့အားလုံး သိပြီးသားပါ။ သူက ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး။ အဓိက ဒီလုပ်ငန်းကို သူပဲ အချိန်ပြည့်တာဝန်ယူပြီးလုပ်ရမှာ။ သူက မွတ်ဆလင်မို့ ကန့်ကွက်ချင်ရင် ခုကတည်းကပြောပါ။”

    ဂေါပကအဖွဲ့က “မကန့်ကွက်ပါဘူး၊ လုပ်စရာရှိတာ လုပ်သာလုပ်ပါ”တဲ့။

    ဒါကြောင့် မောင်လှကြည် မွတ်ဆလင်၊ ဘုရားပေါ် ရောက်လာတာပါ။

    ခုနတုန်းက ပန်းရံဆရာတွေ တွေ့ရှိခဲ့တဲ့ ဧရာမလှိုဏ်ခေါင်းကြီးဆိုတာကို ရှစ်မြှောင့်ပစ္စယာ စနေထောင့်မှာ တွေ့ရတာပါ။ စနေထောင့်ဆိုတာ အကြမ်းနားလည်အောင်ပြောရရင် ဦးဝိစာရကျောက်တိုင်ဘက် နည်းနည်းကျပါတယ်။ ဒီလို အက်ကြောင်းကြီးက စနေထောင့်မှာပဲ ဖြစ်ပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် စတဲ့ဘက်တွေမှာလည်းမဖြစ်ဘူး။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ထောင့်တွေမှာလည်းမဖြစ်ဘူး။ ဘာလို့ စနေထောင့်တစ်ခုတည်းမှာပဲဖြစ်ရသလဲဆိုတော့ စနေထောင့်ဟာ မုတ်သုံရာသီ (Moonsoon Weather)ကို တိုက်ရိုက်တည့်တည့်ခံရတဲ့ နေရာဖြစ်တယ်။ နှစ်ပေါင်းတစ်ထောင်ကျော်ကျော်လောက် ရာသီဥတုဒဏ်၊ ရေဒဏ်၊ မိုးဒဏ်နဲ့ ရေတိုက်စားမှုဒဏ်ခံခဲ့ရတယ်။ အဲဒီရေတွေထဲမှာလည်း ငှက်မျိုးစုံရဲ့ အညစ်အကြေးတွေ ပါလာပြီး အက်ဆစ်ပျော်ရည်အပျော့စားဖြစ်ပြီး စားသွားတာလည်းပါမှာပေါ့။ ဒီရာသီဥတုရဲ့ဒဏ်ကို နှစ်ပေါင်းများစွာခံခဲ့ရတဲ့အတွက် လှိုဏ်ခေါင်းဟာ ဖြည်းဖြည်းချင်းဖြစ်လာတာပါ။

    ဒီ ရွှေတိဂုံဘုရားကြီးကို ရွှေချတယ်၊ ရွှေသင်္ကန်းကပ်တယ်ဆိုတာ တကယ့်ရွှေအစစ်ကို ကပ်ရတာ။ အကြိမ်ပေါင်းများစွာ ရွှေချခံရလို့ အချို့နေရာတွေမှာ ရွှေအထူကြီးဖြစ်နေတယ်။ တချို့ အတုံးလိုက်၊ အခဲလေးတွေ၊ အဖတ်ဖတ်ကလေးတွေကို ဒီအတိုင်း ရှစ်မြှောင့်ပစ္စယာနဲ့ အခြားပစ္စယာပေါ်မှာ ကျနေတာတွေ တွေ့ခဲ့ရတယ်။ ဒီပစ္စယာအတွင်းပိုင်းကို လူတိုင်းမ၀င်ရဘူးလေ။ လူတကာဝင်ရင် ဒီရွှေအတုံးလေးတွေ ဘယ်တွေ့ရတော့မတုံး။ အထူးယုံကြည်ရတဲ့လူ တာဝန်ရှိသူနဲ့ ဂေါပကအဖွဲ့တွေသာ ၀င်ရတာကိုး။ မိုးရေတိုက်စားပြီးပါလာတဲ့ ဒီရွှေတွေကို နှစ်စဉ်နှစ်တိုင်း စနစ်တကျစစ်ပြီး ရွှေချောင်းပြန်လုပ်ထားတာ ဂေါပကအဖွဲ့မှာ တွေ့ရတယ်။

    လွန်တူးအတတ်ပညာရှင်များဖြစ်ကြသော ဦးရွှေနှင့် ဦးဇော်ဝင်းတို့ ခက်ခဲသောနေရာများတွင် ဂရောက်တွင်းတူးရန် လွန်တူးစက်အငယ်စားကို ကြိုတင်ပြင်ဆင်နေကြပုံ

    Groating လုပ်တယ်ဆိုတာ Grout ကို စက်နဲ့ ကိုယ်လိုချင်တဲ့နေရာကို မှုတ်သွင်းတာပဲ ဖြစ်ပါတယ်။ Grout ဆိုတာ ရွှံ့၊ သဲ၊ ဘိလပ်မြေနှင့် တခြားအမှုန့် စတာတွေကို လိုသလို အချိုးအစားအမျိုးမျိုး ရေနဲ့ရောစပ်ပြီး စက်ရဲ့မှုတ်အား၊ ဖိအား Pressure နဲ့ ကိုယ်ရောက်စေချင်တဲ့နေရာကို ပိုက်တပ်မှုတ်သွင်းတာပဲဖြစ်ပါတယ်။ Pressure အတက်အကျကို Pressure Gauge နဲ့ ထိန်းထားရပါတယ်။ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမှာ Pressure ဘယ်လောက်ပဲ ရှိနေရမယ်ဆိုတာကို Geologist အမြဲပြောပြရမယ်။ ဒါ သူ့တာဝန်ပဲဖြစ်ပါတယ်။ Pressure များသွားရင် DAM ကွဲထွက်သွားနိုင်တယ်။ ကြောက်စရာကောင်းတယ်။

    ၁၁-၁-၁၉၇၃ မှာ ရှစ်မြှောင့်ပစ္စယာ စနေထောင့်ကစပြီး Grouting လုပ်ပါတယ်။ လှကြည်ဆိုတဲ့ကောင်ကတော့ နံနက်အစောကြီး ၅-နာရီလောက်ကတည်းက ဘုရားပေါ်တက်၊ လူရှင်းတဲ့ ဇရပ်တစ်ခုကနေပြီး ဦးသုံးကြိမ်ချကာ ဘုရားရှိခိုးတော့တာပဲ။ ဒီကောင်က မြို့မကျောင်းသားဆိုတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုးနည်း ကောင်းကောင်းနားလည်တယ်။ သူပြောတာက “ဘာသာရေးဘေးဖယ်ထားပြီး သူ့အရပ်၊ သူ့ဒေသ၊ သူ့အရိပ် အာဝါသကို မှီခိုရတော့မယ်ဆိုရင် သူ့ကို အရိုအသေပေးရမယ်။ သူ့စည်းကမ်းအတိုင်း သူ့ကို ရိုသေလေးစားစွာ ရှိခိုးဦးချရမယ်”တဲ့။ သူ နေ့တိုင်းနေ့တိုင်း ဒီလိုလုပ်ပြီးမှ စိတ်အေးလက်အေးနဲ့ ဘုရားပေါ်တက် အလုပ်လုပ်တယ်။

    ဒီမှာတော့ Grout ကို ဘိလပ်မြေပဲသုံးပြီး ရေ ၂၂-ဂါလန်ကို ဘိလပ်မြေ ၄-အိပ် အချိုးနဲ့ ရောစပ်ပါတယ်။ Pressure ကို Zero P.S.I သုည၊ တစ်ခါတစ်ရံ One P.S.I လောက်ပဲ သုံးတယ်။ တစ်နေ့တာ အလုပ်ကို မနက်က စလိုက်တာ ည ၉-နာရီ ၁၀-နာရီလောက်မှာမှ လက်စသတ်ပါတယ်။ Grouting စလုပ်တဲ့ ပထမနေ့တွေမှာတော့ ဒေါက်တာအောင်ကြီးတို့ ဒေါက်တာတင်အေးတို့ လာကြတာပေါ့။ နောက် ရက်တွေကြာလာတော့လည်း ထပ်ပြီးမလာကြတော့ပါဘူး။ ဆရာဦးသိန်းလွင်ကတော့ သူ့တာဝန်မပြတ်သေးတဲ့ တခြားအရပ်ဒေသတွေ သွားလိုက်၊ ပြီးတော့ ပြန်လာလိုက်ပါပဲ။ လှကြည်ဆိုတဲ့ကောင်ကတော့ နေ့တိုင်းရှိပါတယ်။

    လုပ်ရကိုင်ရတာ အစပိုင်းမှာတော့ ရင်တုန်ရတယ်။ ကြောက်စရာကောင်းတယ်။ လုပ်ရတဲ့လုပ်ငန်းက စွန့်စားရတဲ့လုပ်ငန်းတစ်ခုပါပဲ။ စောစောကပြောသလို လိုအပ်တဲ့ Pressure ကို မထိန်းနိုင်ရင်၊ ထိန်းနေတဲ့ကြားထဲက တစ်ခုခုချွတ်ချော်သွားခဲ့ရင်၊ လုပ်ရင်းကိုင်ရင်း Pressure အလိုလို တက်သွားရင် ကိစ္စချောပြီ။ ပြီးပြီ။ ရွှေတိဂုံစေတီတော်ကြီး ပြိုကျသွားမှာပေါ့။ စေတီတော်ကြီးပြိုကျသွားရင် ‘ငလှကြည် နင်လည်းသေလိုက်တော့’။ ဒီဘုရားကြီးဟာ မြန်မာပြည်သာမဟုတ်၊ ဗုဒ္ဓဘာသာတစ်ခုတည်းသာမဟုတ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ မေတ္တာစုဝေးရာဖြစ်တယ်။ တစ်စုံတစ်ခုသာ လွဲမှားသွားလို့ကတော့ အဲဒီ မေတ္တာစူးတာနဲ့ သေသွားနိုင်တယ်။ ဘုရားကြီးရဲ့သက်တမ်းကလည်းကြည့်ဦး နှစ်ပေါင်း ၂၅၀၀ ကျော်ပြီ။

    အဲဒီလို စွန့်စားလုပ်ကိုင်ရတာကလွဲရင် ကျန်တာ လုပ်ရကိုင်ရတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ Driller တွေကလည်း ဦးရွှေ၊ ဦးဇော်ဝင်းအပြင် Drilling CE ဦးစောထွန်းကြီးကိုယ်တိုင် ပါဝင်လေတော့ အစစအရာရာ အဆင်ပြေပါတယ်။ ဂေါပကအဖွဲ့က နံနက်စာ၊ နေ့လည်စာ၊ ညစာ ကောင်းကောင်းမွန်မွန်ကျွေးတဲ့အပြင် ပြန်ရင်လည်း ဒံပေါက်တစ်ထုတ်စီ ပေးလိုက်သေးတယ်။ ကောင်းလေစွ၊ ကောင်းလေစွ။

    လှကြည်ဆိုတဲ့ကောင်က ဦးသိန်းလွင်ရဲ့နောက်လိုက်သာဖြစ်ပေမယ့် ဒီကိစ္စကို သိပ်ကျေနပ်ပြီး ဂုဏ်ယူလို့မဆုံးဖြစ်နေတယ်။ Grouting စလုပ်တဲ့နေ့ နောက်တစ်ရက်နံနက် ကြေးမုံသတင်းစာထဲမှာ ရွှေတိဂုံဘုရားပေါ်မှာ လှကြည် အလုပ်လုပ်နေတဲ့ပုံကြီး မျက်နှာစာမှာ ပါလာပါလေရော။ တယ်လီဖုန်းလာပြီ အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌကြီး မိုဟာမက် ဂါဇီဟာရှင်ထံမှ “မောင်လှကြည် အလွန်ကောင်းတဲ့ကိစ္စကို ဆောင်ရွက်တဲ့အတွက် တို့က ဂုဏ်ယူပါတယ်။ အေး တို့ဗလီတွေပျက်တဲ့အခါလည်း လာလုပ်ပေးပါဦး”တဲ့။

    ဟောက်ကဲ့ – ဟောက်ကဲ့ – ဟောက်ကဲ့ (ဆလမ္မာလေကွန်း)

    (၁၉၇၃၊ ရွှေတိဂုံစေတီတော်ကြီး Grouting ပြုလုပ် ပြင်ဆင် မွမ်းမံခြင်း အစီရင်ခံစာ၊ ရနံ့သစ်မဂ္ဂဇင်းပါ ရွှေတိဂုံစေတီတော်ပြုပြင်ခြင်း ဆောင်းပါးကို တည်းဖြတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)

     

    FB ဒီနေရာမှာ စနေငပေ Scan ဖတ်ပေးပြီး မျှဝေထားသည်ကို Type ၇ိုက်ပြီးပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

    မူရင်းထဲကအတိုင်း စာလုံးပေါင်း မပြင်ထားပါ။

  • မလေးရောက် မြန်မာများ စုပေါင်းသွေးလှူဒါန်းပြီး အာဇာနည်နေ့ အကြိုဂုဏ်ပြု

    မလေးရောက် မြန်မာများ စုပေါင်းသွေးလှူဒါန်းပြီး အာဇာနည်နေ့ အကြိုဂုဏ်ပြု

    July,2 2012 11:30 AM KL
    MMSY News
    Kuala Lumpur


    ၂၀၁၂  ဇူလိုင်လ (၁၉ ) ရက်နေ့မှာ ကျရောက်မယ့် (၆၅) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  တတိယကြိမ်  နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့သွေးလှူပွဲနှင့် ဟောပြောပွဲက ဇူလိုင်လ ၁ ရက် ၂၀၁၂ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ SM ကုန်တိုက် ၆ လွှာမှာ  မနက် ၉ နာရီစ၍ ညနေ ၃ နာရီ အထိ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

    သွေးလှူဒါန်းပွဲတွင် သွေးပုလင်း ၃၀၀ ကျော်ရရှိပြီး  မလေးရှားနိုင်ငံ ယူနီဗါစီတီမာလာယာ UM ဆေးရုံမှ လာရောက်သွေးလက်ခံယူခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်။  လှူဒါန်းပွဲမှာ မလေးရှားနိုင်ငံရောက် Permit ရှိသူ၊ UNHCR ကဒ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်လှူဒါန်းနိုင်အောင် စီစဉ်ခဲ့ကြကြောင်း သိရှိရပါတယ်။

    စုပေါင်းသွေးလှူဒါန်းပွဲတွင် ပါဝင်ခဲ့ကြသော မလေးရှားရောက်မြန်မာများ

     

    မြန်မာမွတ်စလင်မ်များ အသင်းလှူဒါန်းခဲ့သော  အလှူငွေ ဂုဏ်ပြုမှတ်တမ်းလွှာ

    သွေးလှူဒါန်းပွဲတွင် မလေးရှားရောက် မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံပါဝင်လှူဒါန်းခဲ့ကြောင်း နှင့်  မြန်မာမွတ်စလင်မ်များအသင်း (မလေးရှား) ၊ မလေးရှားရောက်မြန်မာမွတ်စလင်မ် စီးပွားရေးလုပ်ငန်းရှင်များမှ အလှူငွေနှင့် သွေးလှူဒါန်းပွဲတွင် အစားအသောက် အစီအစဉ်များအတွက် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါတယ်။

    သွေးလှူပွဲမှာ တာဝန်ယူလုပ်ဆောင်ပေးခဲ့ကြသူ မလေးရှား ဆေးရုံဝန်ထမ်း ဆရာဝန်၊ သူနာပြုများနှင့် တာဝန်ခံများ အမှတ်တရဓါတ်ပုံတွင် မလေး၊ မြန်မာ၊ တရုတ်၊ အိန္ဒိယ လူမျိုးစုံနှင့် အစ္စလာမ်၊ ဗုဒ္ဒ၊ ခရစ်ယာန် ဘာသာစုံတို. လူသားဆန်တဲ့ စိတ်ဓါတ်များဖြင့် သွေးတစ်ပုလင်းမှ အသက်တစ်ချောင်း လှူနိုင်ကောင်း၏မို့ ပါဝင်ကူညီခဲ့ကြကြောင်း မှတ်တမ်းတင်ပါ၏။
    စုပေါင်းသွေးလှူဒါန်းပွဲမှ သွေးအလှူရှင်တစ်ဦး

     

    ယခု စုပေါင်းသွေးလှူဒါန်းပွဲတွင် မလေးရှားရောက် မြန်မာမွတ်လင်မ်များ ပါဝင်လှူဒါန်းခဲ့ကြောင်း မလေးရှားမှာ စုပေါင်းသွေးလှူခြင်းတွင် သွေးလှူအကြိမ်အရေအတွက် ဒုတိယ အများဆုံးလှူဒါန်းထားသူ မြန်မာမွတ်စလင်မ် ကိုပေါက် (၄၄ကြိမ်သွေးလှူရှင်၊ အိဒ္ဒြာစတိုးနှင့် စားသောက်ဆိုင်ဝန်ထမ်း) ဖြစ်ပြီး အကြိမ်ရေအတွက် အများဆုံးသူတစ်ဦး ၄၅ ကြိမ် သွေးလှူရှင်မှာလည်း မြန်မာမွတ်စလင်မ်တစ်ဦးပင်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

     

    သတင်းနှင့် ဓါတ်ပုံ

    ကိုမင်းမင်း

  • အွန်လိုင်းတွင် လူမျိုးရေးခွဲခြားမှု မှတ်ချက်ကြောင့် လူငယ်နှစ်ဦးကို ဖမ်းဆီး

    အွန်လိုင်းတွင် လူမျိုးရေးခွဲခြားမှု မှတ်ချက်ကြောင့် လူငယ်နှစ်ဦးကို ဖမ်းဆီး

    စင်ကာပူ၊ ဇူလိုင် ၁၊ ၂၀၁၂
    source: http://www.channelnewsasia.com/stories/singaporelocalnews/view/1211003/1/.html

    Photo-AFP

    အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် ၂ဦးကို စင်ကာပူရဲများက အွန်လိုင်းပေါ်တွင် လူမျိုးရေးခွဲခြားမှုမှတ်ချက်ကြောင့် တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်ကြောင်း စီအင်အေသတင်းက ဖော်ပြသည်။

    စင်ကာပူရဲဌာန၏ အစီရင်ခံစာတွင် အွန်လိုင်းပေါ့်၌ ၄င်းတို့နှစ်ဦးရေးသားထားသော မှတ်ချက်မှာ စင်ကာပူရှိ အမျိုးမျိုးအပြားပြားကွဲပြားနေသည့် လူမျိုးများအကြား မိတ်ဆွေအရင်းအခြာဖြစ်ခြင်းကို ထိခိုက်စေနိုင်ပြီး ရန်သူများသဖွယ်ဖြစ်လာနိုင်စေကြောင်း သိရသည်။

    သံသယဖြစ်ဖွယ် တရားခံနှစ်ဦးကို စီရင်ချက်မချမီ နောက်ထပ် ၂ရက် ထိန်းချုပ်ထားခဲ့သည်။

    စင်ကာပူနိုင်ငံဥပဒေ Sedition Act အရ ထိုကဲ့သို့ လူမျိုးရေးခွဲခြားမှုပြစ်ဒဏ်မှာ ဒဏ်ငွေ ဒေါ်လာ ၅ ထောင်နှင့် ထောင်ဒဏ် ၃ နှစ်အထိဖြစ်ကြောင်း သိရသည်။

    စင်ကာပူရဲများကမူ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နယ်ပယ်တွင် လူမျိုးရေးနှင့် သာသနာရေး ပဋိပက္ခများဖြစ်ပွားစေနိုင်သည့် မှတ်ချက်များ မပါဝင်ကြောင်း ပြောဆိုသည်။

    စင်ကာပူနေ ပြည်သူများအနေဖြင့် အခြေအနေပိုမိုဆိုးရွားမလာစေရန် ယင်းကိစ္စနှင့် ပတ်သတ်ပြီး ပြန်လည်တင်ပြပြောဆိုခြင်းနှင့် မှတ်ချက်တစုံတရာ ပေးခြင်းများမှ ရှောင်းရှားသင့်ကြောင်း စီအင်အေက ဖော်ပြသည်။

    ဘီဒွတ်ရဲဌာနမှူးနှင့် ဒုတိယ ရဲမင်းကြီးဖြစ်သူ ဟောင်းကွမ်ဟွီးကမူ “အင်တာနက်က တစုံတယောက်ရဲ့အမြင်ကို ဖော်ပြဖို့ လွယ်ကူတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် သူတို့ရဲ့အွန်လိုင်းပေါ်မှာ ပြုလုပ်လိုက်တဲ့ အပြုအမူတွေအတွက် တာဝန်ယူပေးရမယ်ဆိုတာ လူထုဘက်က သဘောပေါက်ထားရပါမယ်။ ရဲများဘက်ကတော့ သဟာဇာတရှိနေတဲ့ စင်ကာပူ လူနေမှုအသိုင်းအ၀န်းကို ခြိမ်းခြောက်နိုင်တဲ့ ခက်ထန်တဲ့ ဘယ်အပြုအမူကိုမဆို ကိုင်တွယ်သွားမှာပါ” ဟု ပြောကြားသည်။

    စီအင်အေ

  • ကိုရီးယားနိုင်ငံသို့ အစ္စလာမ်သာသနာ ဘယ်လိုရောက်ရှိခဲ့ပါသလဲ?

    ကိုရီးယားနိုင်ငံသို့ အစ္စလာမ်သာသနာ ဘယ်လိုရောက်ရှိခဲ့ပါသလဲ?

    တောင်ကိုရီးယားနိုင်ငံတော်အလံ Photo-google

    ၁၉၅၀-ခုနှစ် ဇွန်လ ကိုရီးယားစစ်ပွဲအပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပါဝင်ရောက်ရှိလာတဲ့ တူရကီတပ်မတော်မှ ညီနောင်များမှ စတင်သာသနာပြုခဲ့တာပါ။ ၁၉၅၅-ခုနှစ် စက်တင်ဘာလမှာ  တပ်သားနှစ်ဦးဖြစ်တဲ့ ‘ဇူဘာကောခ်ျ’ (Zubercoch) နဲ့ ‘အဗ္ဗဒူ ရာမန်’ (Abdul Rahman) တို့က ယာယီတဲတစ်ခု စတင်ဆောက်လုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်အဖြစ်အသုံးပြုကာ အစ္စလာမ်သာသနာကိုသင်ကြားပြသခဲ့ပါတယ်။ တူရကီတပ်မတော်က ဒုက္ခသည်စခန်းရွာတွေမှာ ယာယီတဲ ဗလီဝတ်ကျောင်းတော်များဖြင့် သာသနာပြုခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် ၁၉၅-ခုနှစ် အောက်တိုဘာလမှာ အစ္စလာမ်ဘာသာဝင်ညီနောင်များက အစောပိုင်းမှာ Korea Muslim Committee ကို စတင်အကောင်အထည်ဖော်ပါတယ်။

    ၁၉၆၁-ခုနှစ် စက်တင်ဘာလမှာ မလေးရှားနိုင်ငံမှ လွှတ်တော်အမတ် ‘အိုဗိုင်ဒူလာ’ ဦးဆောင်တဲ့ ၁၄-ဦးအဖွဲ့ ၁၃-ရက် သာသနာပြုခရီးရောက်ရှိခဲ့ပါတယ်။ အချို့ ကိုရီးယားမွတ်စလင်များကို မလေးရှားနိုင်ငံ မွတ်စလင်ကောလိပ်သို့ စေလွှတ်ပြီး ပညာသင်ကြားပေးတယ်။ ၁၉၆၂-ခုနှစ် ဩဂုပ်လမှာ ဒုဝန်ကြီး Tunku Abdul Rahman ဦးဆောင်တဲ့ သံတမန်အဖွဲ့ဟာလည်း သွားရောက်လေ့လာခဲ့ပြီး မလေးရှားအစိုးရမှ ‘ဆိုးလ်မြို့’၌ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် Korea Muslim Community သို့ ဒေါ်လာ ၃၃၀၀၀ လှူဒန်းခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနဲ့ အခြားအခက်အခဲများကြောင့် အပြီးမသတ်နိုင်ခဲ့ပါ။ ၁၉၆၃-ခုနှစ် အောက်တိုဘာလမှာ မလေးရှားအစိုးရအရာရှိတစ်ဦးဖြစ်တဲ့ Haji Muhammad Nur ကလည်း သာသနာပြုလုပ်ငန်းများ သေချာစွာလုပ်ကိုင်နိုင်ဖို့ မလေးရှားအစိုးရကို တိုက်တွန်းကြိုးပမ်းခဲ့ပါတယ်။
    ၁၉၆၇-ခုနှစ် မတ်လ ၃-ရက်နေ့မှာ အစိုးရခွင့်ပြုချက်နဲ့ Korean Islamic Foundation ကို စတင် မှတ်ပုံတင်တည်ထောင်နိုင်ခဲ့ပြီး သာသနာပြုလုပ်ငန်းအား အရှိန်အဟုန်ဖြင့် လွတ်လပ်ပွင့်လင်းစွာလုပ်ကိုင်နိုင်ခဲ့ကြပါတယ်။

    ၁၉၆၀-ခုနှစ်မှာ ‘Subri Seo Jung Gil ‘ ဦးဆောင်ပြီး  ပထမဆုံးအကြိမ် ‘ဟဂ်ျ’ပြုနိုင်ခဲ့တယ်။ ၁၉၇၈-ခုနှစ် အောက်တိုဘာလမှာ မွတ်စလင်ဦးရေ ၁၃၂-ဦး ‘ဟဂ်ျ’ပြုနိုင်ခဲ့ပြီး ၁၉၇၉-ခုနှစ်မှာ ၁၀၄-ဦး ‘ဟဂ်ျ’ပြုနိုင်ခဲ့တာဟာလည်း  ကိုရီးယားမွတ်စလင် သာသနာပြု လုပ်ငန်းအား ပိုမိုအားတက်အရှိန်ရစေခဲ့ပါတယ်။ ၁၉၇၄-၁၉၈၀ ခုနှစ်ကာလ အရှေ့အလယ်ပိုင်းဒေသ တိုးတက်ကြီးပွါးထင်ရှားလာမှု (Boom of Middle East) ဟာလည်း  ကိုရီးယားမွတ်စလင် သာသနာပြုလုပ်ငန်းအား အာရုံစိုက်မှုရရှိစေခဲ့ပါတယ်။

    ၁၉၇၄-ခုနှစ် ဒီဇင်ဘာလမှာ သမ္မတကြီး Park Jung Hee  ကဦးစီး၍ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် စကွဲမီတာ ၁၅၀၀ ရှိ မြေကွက်အား လှုဒါန်းခဲ့ပါတယ်။

    ဆိုးလ်မြို့ရှိ ဗဟိုဗလီ Photo- http://en.wikipedia.org

    ၁၉၇၆-ခုနှစ် မေလမှာ ‘ဆိုးလ်မြို့’၌ ‘ဗဟို ဗလီဝတ်ကျောင်းတော်’ (Central Masjid) ကိုတည်ဆောက်ပြီးစီးနိုင်ခဲ့ပြီး Islamic Center ကိုလည်း ဖွင့်လှစ်နိုင်ခဲ့တာဟာ ကိုရီးယားမွတ်စလင်တို့အတွက် ကြီးမားသောအောင်မြင်ပြောင်းလဲမှုကြီးဖြစ်ခဲ့ပါတယ်။ သာသနာဝင်အရေအတွက်လည်း တိုးတက်များပြားလာခဲ့ပါတယ်။

    ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံရပ်ခြားဂုဏ်သရေရှိပုဂ္ဂိုလ်များအပြင် ဝန်ကြီးချုပ် ‘Choi Gyu Hwa’ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အတွက်  အစ္စလာမ်သာသနာအပေါ်စိတ်ဝင်စားမှုဟာလည်း တိုးတက်များပြားလာပါတယ်။
    ၁၉၇၆-ခုနှစ် ဒီဇင်ဘာလမှာ ဘူဆန်မြို့မှာ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာလည်း ကိုရီးယားအစ္စလာမစ်ယဉ်ကျေးမှုဌာန ဖွင့်လှစ်ထားရှိနိုင်ခဲ့ပါတယ်။ ၁၉၇၈-ခုနှစ် ဧပြီလမှာ အခြားမြို့တစ်ခုမှာလည်း ဗလီဝတ်ကျောင်းတော်တည်ဆောက်ခဲ့ပါတယ်။

    ၁၉၈၀-ခုနှစ် မေလ နှစ်နိုင်ငံထိပ်သီးအစည်းအဝေး၌ ဝန်ကြီးချုပ် ‘Choi Gyu Hwa’ က ဆော်ဒီဘုရင် ‘ခါလစ်ဒ်’ အား ‘ကိုရီးယား အစ္စလာမစ် ကောလိပ်’ ဖွင့်လှစ်နိုင်ရန် မြေကွက်လှုဒါန်းဖို့ ကတိပြုခဲ့ပါတယ်။ ၁၉၈၀-ခုနှစ် စက်တင်ဘာလမှာ ‘ဘူဆန် အလ်ဖာတာ ဗလီဝတ်ကျောင်းတော်’ နဲ့ ၁၉၈၁-ခုနှစ် ဇွန်လမှာ ‘ဂွမ်ဂျု ဗလီဝတ်ကျောင်းတော်’များ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၆-ခုနှစ် ဧပြီလမှာ ‘အန်ယန် ရာဘီတာ အလ်အလမ် ဗလီဝတ်ကျောင်းတော်’ နဲ့ စက်တင်ဘာလမှာ ‘ကျွံဂျု အဘူဗကရ်ဆီဒက် ဗလီဝတ်ကျောင်းတော်’ များ ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။

    ၁၉၉၀-ခုနှစ်မှာ ‘စူလ်တန်ဘင် အဗ္ဗဒူအဇစ်’ အခြေခံစာသင်ကျောင်း (Madrasah) ကိုတည်ထောင်ခဲ့ပြီး ၂၀၀၉-ခုနှစ် မေလမှာ ပထမဆုံး အစ္စလာမစ်မူလတန်းကျောင်း (Elementary School)ကို ဖွင့်လှစ်ခဲ့ပါတယ်။ နောင်အခါ အထက်တန်းကျောင်း၊ တက္ကသိုလ်တို့အပြင် ယဉ်ကျေးမှုဌာနများလည်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ ဆော်ဒီအာရေဗျ သံအမတ်ကြီး ‘အဗ္ဗဒူလာ အလ်အိုင်ဖန်’ ဆော်ဒီအာရေဗျအစိုးရကိုယ်စား Korea Islamic Foundation သို့ ဒေါ်လာ ၅-သိန်း ပေးအပ်လှုဒါန်းခဲ့ပါတယ်။

    အီရတ်စစ်မြေပြင်သို့ တာဝန်ထမ်းဆောင်ရင်း အစ္စလာမ်သာသာကို ကူးပြောင်းသက်ဝင်ယုံကြည်လာသူ ကိုးရီယားစစ်သား ၃၇ ယောက် More News-

     

    ၂၀၀၇-ခုနှစ် စာရင်းဇယားများနဲ့ Korea Islam Institute ဥက္ကဌ Lee Hee Soo ရဲ့ပြောကြားချက်အရ တောင်ကိုရီးယားနိုင်ငံမှာ မွတ်စလင်ဦးရေ ၄၀၀၀၀-ကျော်ရှိနေ ပါပြီ။

    (စကားချပ်။     ။ တောင်ကိုရီးယားမိတ်ဆွေတစ်ဦးရဲ့ မကြာသေးမီက ပြောပြချက်အရ အစ္စလာမ်သာသနာဟာ အလျင်အမြန်ပြန့်နှံ့နေကြောင်း ဝမ်းသာအားရ သိရှိရပါတယ်။)

    လင်းယုန်နက် (ခြင်္သေ့မြို့တော်) ရှာဖွေစုဆောင်းတင်ပြသည်။

    References:
    http://www.islamkorea.com
    http://en.wikipedia.org/wiki/Islam_in_Korea