News @ M-Media

Blog

  • ကိုဗစ်အကြောင်း အဖြစ်မှန်ရေးသည့် ဂျာနယ်လစ်တစ်ဦးကို တရုတ်က ထောင်ချ

    ကိုဗစ်အကြောင်း အဖြစ်မှန်ရေးသည့် ဂျာနယ်လစ်တစ်ဦးကို တရုတ်က ထောင်ချ

    ဒီဇင်ဘာ ၂၈၊ ၂၀၂၀
    M-Media

    ထောင် ၄ နှစ် ချမှတ်ခံရသူ ဂျာနယ်လစ် ကျန်းကျန်

    -ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေကြောင်း သတင်းရေးသားဖော်ပြတဲ့ အမျိုးသမီး ဂျာနယ်လစ်ကို တရုတ်အစိုးရက ဒီကနေ့မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။

    အသက် ၃၇ နှစ်အရွယ် ကျန်းကျန်ဆိုသူဖြစ်ပြီး ‘မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု’ စွဲချက်နဲ့ ထောင်ချခံခဲ့ရတာပါ။ တရုတ်အစိုးရဟာ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံတွေကို နှိပ်ကွပ်ဖို့ ဒီစွဲချက်ကို မကြာခဏ အသုံးပြုလေ့ ရှိပါတယ်။

    ဝူဟန်မြို့က ကိုဗစ်ကပ်ရောဂါအကြောင်း အဖြစ်မှန်ကို တင်ပြတဲ့ ပြည်တွင်းဂျာနယ်လစ်တွေကို တရုတ်အစိုးရက ပြီးခဲ့တဲ့လတွေမှာ နှိပ်ကွပ်ခဲ့ပြီး ကျန်းကျန်ဟာ အဲဒီထဲကတစ်ယောက်ပါ။

    ဖေဖော်ဝါရီလအတွင်း ဝူဟန်မြို့က အခြေအနေတွေနဲ့ပတ်သက်လို့ ကျန်းကျန်ရဲ့ သတင်းတွေ Live လွှင့်မှုတွေကို တရုတ်လူထုက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

    ကျန်းကျန် တင်ဆက်တဲ့ သတင်းတွေထဲမှာ ကိုဗစ်ကပ်ရောဂါကို အမှန်အတိုင်းတင်ပြတဲ့ ဂျာနယ်လစ်တွေ အဖမ်းခံရတာ၊ ထိထိရောက် ကုသဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ ကိုဗစ်လူနာရှင် မိသားစုတွေကို အာဏာပိုင်တွေက နှိပ်ကွပ်တာတွေ ပါဝင်တယ်လို့ တရုတ်လူ့အခွင့်အရေး ကာကွယ်သူများကွန်ယက် (CHRD) က ပြောပါတယ်။

    ကျန်းကျန်ဟာ မေလ ၁၄ ရက်နေ့က ပျောက်ဆုံးသွားခဲ့ပြီး ရှန်ဟိုင်းမြို့မှာ အဖမ်းခံရကြောင်း ၁၅ ရက်နေ့မှာ သတင်းထွက်လာပါတယ်။ တရုတ်အစိုးရဟာ သတင်းအမှားဖြန့်တယ်ဆိုတဲ့ စွဲချက်နဲ့ သူမကို နိုဝင်ဘာလမှာ တရားစွဲဆိုခဲ့တာပါ။

    ဒီလိုဖမ်းဆီးခံရမှုကို မကျေနပ်တဲ့အတွက် ကျန်းကျန်ဟာ အစာငတ်ခံ ဆန္ဒပြခဲ့တာကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ သူမရဲ့ရှေ့နေက ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    လာမယ့်တစ်ပတ်က တန်းဆင်းဇုန်မှလွတ်ရေး အရေးကြီးကာလဟု အာတီတာပြော

    မိမိတိုအသင်း တန်းဆင်းဇုန်ကလွတ်မြောက်ရေးအတွက် လာမယ့်တစ်ပတ်ဟာ အရေးပါလိမ့်မယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောကြားလိုက်ပါတယ်။

    မနှစ်က FA ဖလား၊ အခုနှစ်အစမှာ ကွန်မြူနတီဒိုင်းတို့ ရရှိခဲ့တဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၉ ပွဲမှာ နိုင်ပွဲပျောက်ကာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ အထိ ရောက်ခဲ့ပါတယ်။ မနေ့ကပွဲမှာတော့ ဇယားထိပ်ပိုင်းက ချယ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

    အာတီတာက လက်တလော အရှုံးတွေအတွက် ဆင်ခြေမပေးလိုဘဲ တာဝန်အပြည့်ယူကြောင်း၊ ပရီးမီးယားလိဂ်မှာ ပြန်လည်ဦးမော့နိုင်ရေး လာမယ့် ၈ ရက်က အရေးကြီးကြောင်း မနေ့ကပွဲအပြီးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ လာမယ့်တစ်ပတ်မှာ အာဆင်နယ်ဟာ ဘရိုက်တန်၊ ဝက်စ်ဘရွန်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

    မန်ယူကွင်းလယ်လူ ဖာနန်ဒ်ဇ် ပရီးမီးယားလိဂ်မှတ်တမ်းသစ်တစ်ခု ရရှိ

    မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဇ်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုနောက်ပိုင်း ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ၁၀ ဂိုးသွင်းတဲ့ ပထမဆုံး ပေါ်တူဂီကစားသမား ဖြစ်လာပါတယ်။

    လက်စတာနဲ့ ၂ ဂိုးစီသရေကျတဲ့ မနေ့ကပွဲမှာ ဖာနန်ဒက်စ်က ဒုတိယဦးဆောင်ဂိုး သွင်းခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုး ရှိလာပါပြီ။ ၂၀၀၈-၀၉ ပရီးမီးယားလိဂ်မှာ ၁၈ ဂိုးသွင်းခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနောက်ပိုင်း တစ်ရာသီအတွင်း ၁၀ ဂိုးသွင်းတဲ့ ပထမဆုံး ပေါ်တူဂီကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ဖာနန်ဒက်ဇ်က ကစားသမားကောင်းတွေနဲ့ တွဲကစားရပြီး သူတို့ရဲ့ ဖေးမမှုကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရကာ အခုလိုခြေစွမ်းမျိုးပြနိုင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဖာနန်ဒက်ဇက်ဟာ မန်ယူကိုရောက်လာပြီးနောက်ပိုင်း စုစုပေါင်း ၁၈ ဂိုးသွင်း ာ၁၃ ဂိုး ဖန်တီးပေးထားပါတယ်။

    ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရေး မလွယ်သေးဟု ဂွါဒီယိုလာပြော

    လက်ရှိ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပေမယ့် အဆင့် ၄ အတွင်းဝင်ရေး မိမိရည်မှန်းချက် အောင်မြင်ဖို့အတွက် လွယ်ကူမှာမဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ပက်ပ်ဂွါဒီယိုလာက ဖွင့်ဟလိုက်ပါတယ်။

    မန်စီးတီးဟာ မနေ့က နယူးကာဆယ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အဆင့် ၅ နေရာကို ရောက်လာပါတယ်။ ရာသီအစမှာ ရလဒ်တွေဆိုးခဲ့တဲ့ မန်စီးတီးဟာ အခုနောက်ပိုင်းမှာတော့ ခြေစွမ်းကောင်းတွေ ပြသလာပါတယ်။

    ဂွါဒီယိုလာက အခုနှစ် ပရီးမီးယားလိဂ်မှာ အသင်းတိုင်းဟာ မထင်မှတ်တဲ့ရလဒ်တွေ ရတတ်တဲ့အတွက် တည်ငြိမ်ဖို့ လိုအပ်ကြောင်း၊ ပြိုင်ပွဲ ၃ ခု ဝင်ပြိုင်နေရတဲ့ မိမိတို့အသင်းဟာ ၃ ရက်ကို တစ်ပွဲနှုန်းကစားရတာကြောင့် မျှော်လင့်ချက်ကို အများကြီးမထားကြောင်း မနေ့ကပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal

  • ၂၀၂၈ ခုနှစ်တွင် တရုတ်က ကမ္ဘာ့စီးပွားရေး၌ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမည်

    ၂၀၂၈ ခုနှစ်တွင် တရုတ်က ကမ္ဘာ့စီးပွားရေး၌ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမည်

    ဒီဇင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    -၂၀၂၈ ခုနှစ်ရောက်ရင် တရုတ်နိုင်ငံဟာ အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ အမေရိကန်ရဲ့ ထိပ်တန်း စီးပွားရေးသုတေသနအဖွဲ့ Centre for Economics and Business Research (CEBR) က ​ခန့်မှန်းလိုက်ပါတယ်။

    CEBR ဟာ ကမ္ဘာ့စီးပွားရေးဆိုင်ရာ အစီရင်ခံစာကို ​မနေ့က ထုတ်ပြန်ခဲ့တာပါ။ ၂၀၃၃ လောက်မှ တရုတ်က စီးပွားရေးမှာ အမေရိကန်ကိုကျော်မယ်လို့ အရင်က ခန့်မှန်းထားတာပါ။

    ကိုဗစ်ကပ်ရောဂါနဲ့ အမေရိကန်ရဲ့ စီးပွားရေး ကျဆင်းမှုတွေက တရုတ်ကို အသာရစေခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း တစ်နှစ်ကို တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ၅.၇ ရာခိုင်နှုန်း ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နောက်ထပ် ၅ နှစ်မှာတော့ ၄.၅ ရာခိုင်နှုန်း ရှိမယ်လို့ ဆိုပါတယ်။

    ကိုဗစ်အလွန် ၂၀၂၁ ခုနှစ်မှာ အမေရိကန်ရဲ့စီးပွားရေး ပြန်လည်ဦးမော့လာနိုင်ပေမယ့် တစ်နှစ်အတွင်း ​စီးပွားရေးတိုးတက်မှုနှုန်းကတော့ ၂ ရာခိုင်နှုန်းလောက်သာ ရှိမယ်လို့ CEBR က ပြောပါတယ်။

    ဂျပန်က စီးပွားရေးမှာ တတိယအင်အားအကြီးဆုံးနိုင်ငံဖြစ် ၂၀၃၀ ​အကျော်အထိ ဆက်ရှိနေမှာဖြစ်ပြီး၊ လက်ရှိ စတုတ္ထနေရာရှိနေတဲ့ အိန္ဒိယ အဲဒီနောက်ပိုင်း ဂျပန်နေရာကို ရယူနိုင်မှာဖြစ်ကြောင်း၊ ဂျာမနီက အဆင့် ၃ ကနေ ၅ ကို ကျဆင်းကာ ယူကေက ၅ ကနေ ၆ ကို ကျဆင်းမှာဖြစ်ကြောင်း အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

    ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ငွေကြေးဖောင်းပွမှုလောက်သာ ကမ္ဘာက ကြုံတွေ့ရမှာဖြစ်ပြီး စီးပွားရေးတိုးတက်မှုကိုတော့ ထိခိုက်မှာမဟုတ်ဘူးလို့လည်း CEBR က သုံးသပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီမှဗလီတစ်လုံး ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ဗိသုကာလက်ရာဆု ရရှိ

    ဆော်ဒီမှဗလီတစ်လုံး ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ဗိသုကာလက်ရာဆု ရရှိ

    ဒီဇင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    -ဆော်ဒီအာရဗျနိုင်ငံ ရီယာ့ဒ်မြို့ ကင်းအဘ်ဒူလာဘဏ္ဍာရေးရပ်ကွက်မှာရှိတဲ့ ဂျာမေဗလီ KAFD Grand Mosque ဟာ ၂၀၂၀ ခုနှစ်အတွက် ဗိသုကာလက်ရာမြောက် ဘာသာရေးအဆောက်အဦးဆုကို ရရှိသွားပါတယ်။

    အမေရိကန်ပြည်ထောင်စု ချီကာဂိုအခြေစိုက်Athenaeum ဗိသုကာပြတိုက်က ဒီဆုကို ရွေးချယ် ချီးမြှင့်တာပါ။ ကမ္ဘာတစ်ဝှမ်းက ဗိသုကာလက်ရာမြောက် အဆောက်အဦးတွေကို ရွေးချယ်ချီးမြှင့်တဲ့ ဒီဆုဟာ ဗိသုကာနယ်ပယ်မှာ ဂုဏ်သိက္ခာရှိတဲ့ ဆုလည်း ဖြစ်ပါတယ်။

    ကန္တာရနှင်းဆီသဏ္ဍာန် အဆောက်အဦးကို အလယ်ထောက်တိုင် လုံး၀မပါဘဲ တည်ဆောက်ထားတဲ့ အင်ဂျင်နီယာဆိုင်ရာ တီထွင်ဆန်းသစ်မှုကြောင့် ဒီလိုချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

    ကမ္ဘာတစ်ဝှမ်းက အင်ဂျင်နီယာနဲ့ ဗိသုကာလက်ရာမှာ ထူးခြားဆန်းသစ်တဲ့ ခေတ်ပေါ်အဆောက်အဦးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ချီကာဂိုက ဗိသုကာအဖွဲ့ Athenaeum of Architecture နဲ့ ဥရောပ ဗိသုကာနဲ့ အနုပညာဆိုင်ရာအဖွဲ့ Center for Architecture Art Design တို့ ပူးပေါင်းကာ ၂၀၀၄ ခုနှစ်ကစပြီး ဒီဆုကို ရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

    KAFD Grand Mosque ဗလီကို ဆော်ဒီဗီသုကာကုမ္ပဏီ Omrania and Associates က တည်ဆောက်ပြီး ၂၀၁၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂ ထပ်အဆောက်အဦးအဖြစ်ကာ တစ်ကြိမ်တည်း လူ ၁၅၀၀ လောက် ဝတ်ပြုနိုင်ပါတယ်။

    ဒီဗလီဟာ ခေတ်သစ်အစ္စလာမ်ဗိသုကာလက်ရာ ထိပ်တန်းအဆောက်အဦး ၁၀ ခုစာရင်းမှာ ပါဝင်ပြီး ကမ္ဘာ့ဗိသုကာလက်ရာဆိုင်ရာ ဆုအချို့မှာလည်း အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်။

    Ref: Saudi Gazette