News @ M-Media

Blog

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၂၅၊ ၂၀၂၀
    M-Media

    ပဲလေ့စ်ကွင်းလယ်လူ အီဇီ

    ဆာလာဟ်ထွက်မည်ဆိုသည့်သတင်း မဟုတ်ဟု က​လော့ငြင်း

    အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ် အသင်းမှာမပျော်တော့ဘူးဆိုတဲ့ သတင်းတွေကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့က ငြင်းဆိုလိုက်ပါတယ်။

    ချန်ပီယံလိဂ် ပွဲစဉ်တစ်ခုမှာ အသင်းခေါင်းဆောင် မခန့်တဲ့အတွက် စိတ်ပျက်မိတယ်လို့ ဆာလာဟ်က ပြီးခဲ့တဲ့ပတ်ပတ်မှာ လူသိရှင်ကြား ပြောကြားထားသလို အီဂျစ်အသင်းဖော်တစ်ဦးကလည်း ဆာလာဟ်တစ်ယောက် အသင်းပြောင်းဖို့ စဉ်းစားနေတယ်လို့ ထုတ်ပြောထားပါတယ်။

    ကလော့ပ်ကတော့ ဆာလာဟ်ဟာ အသင်းမှာ ပျော်ရွှင်နေပြီး မိမိအတွက် ဒါက ပိုအရေးကြီးကြောင်း၊ မီဒီယာတွေက ထင်ရာရေးကြပေမယ့် လက်တွေ့မှာ အမှန်မဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ ပြောကြားမှုတွေအတွက် ကလော့ပ်က မိမိတို့ဟာ ရာသီဝက်မှာ ဇယားကို ဦးဆောင်ထားနိုင်ပေမယ့် ပြိုင်ဘက်အသင်းတွေရဲ့ အရည်အသွေးကြောင့် နောက်ရာသီဝက်မှာ ဘာမဆိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

    ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုဖြစ်မယ်ဟု သတင်းထွက်

    စပါးနည်းပြဟောင်း ပိုချက်တီနိုတစ်ယောက် ပီအက်စ်ဂျီနည်းပြသစ် ဖြစ်လာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    ပီအက်စ်ဂျီဟာ နည်းပြ သောမတ်စ် တူချဲလ်ကို ဗုဒ္ဓဟူးနေ့က စထရာဘော့ဂ်ကိုနိုင်ပြီး နာရီပိုင်းအကြာမှာ ထုတ်ပယ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက အသင်းတာဝန်ရှိသူတွေဟာ ပိုချက်တီနိုနဲ့ ဆွေးနွေးခဲ့ပြီး ကစားသမားတွေကိုလည်း နည်းပြသစ် ပိုချက်တီနိ ဖြစ်လာမယ်လို့ ပြောဆိုထားကြောင်း သတင်းတွေ ထွက်လာပါတယ်။

    ၂၀၁၈ ခုနှစ်က ၂ နှစ်စာချုပ်နဲ့ ရောက်လာတဲ့ တူချဲလ်ဟာ လိဂ်ဝမ်းဖလား ၂ ကြိမ်အပါအဝင် စုစုပေါင်း ပြည်တွင်းဖလား ၄ လုံးရအောင် စွမ်းဆောင်ပေးထားနိုင်ပြီး ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲ​ရောက်အောင် နည်းပြပေးခဲ့ပါတယ်။

    အာဆင်နယ်ကလက်လွှတ်ချိန် ငိုခဲ့ရသည်ဟု ပဲလေ့စ်ကွင်းလယ်လူပြော

    လူငယ်ကစားသမားဘ၀ အာဆင်နယ်အသင်းက လက်လွှတ်တော့မယ်လို့ သိလိုက်ရတဲ့အခါ မိခင်ဖြစ်သူနဲ့အတူ မျက်ရည်ကျခဲ့ရတယ်လို့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အီဘရီချီအီဇီက ဖွင့်ဟလိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် အီဇီဟာ ဩဂုတ်လက ကျူပီအာရ်ကနေ ပဲလေ့စ်ကို ပေါင် ၁၇ သန်းနဲ့ ပြောင်းလာပြီး ခြေစွမ်းပြနေသူပါ။ ကလေးဘ၀က အာဆင်နယ်ကင်းထောက်ကတွေ့ပြီး စုဆောင်းခံခဲ့ရပေမယ့် အသက် ၁၃ နှစ်မှာ အီဇီတစ်ယောက် အသင်းက ထွက်ခဲ့ရကာ ဖူလ်ဟမ်း၊ ရီဒင်း၊ မီဝေါလ်နဲ့ ကျူပီအာရ်တို့မှာ ကျင်လည်ခဲ့ရပါတယ်။

    အာဆင်နယ်လက်လွှတ်လိုက်စဉ် ရရှိခဲ့တဲ့ခံစားချက်ကနေ ခွန်အားတွေ၊ သတ္တိတွေရကာ ဒီနေ့ ဒီလိုအဆင့်မျိုးကို ရောက်လာတာလို့လည်း သူက ထည့်သွင်းပြေဆိုခဲ့ပါတယ်။

    Ref: BBC

  • တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    ဒီဇင်ဘာ ၂၅၊ ၂၀၂၀
    M-Media

    တောမီးမီးခိုးမှတစ်ဆင့် ကူးစက်ရောဂါများ ပြန့်နှံ့နိုင်

    တောမီးလောင်ရာကနေထွက်လာတဲ့ မီးခိုးတွေဟာ ကူးစက်ရောဂါပြန့်နှံ့နိုင်တဲ့ ရင်းမြစ်တစ်ခု ဖြစ်တယ်လို့ အမေရိကန်ကပြုလုပ်တဲ့ သုတေသနအသစ်တစ်ခုမှာ တွေ့ရပါတယ်။

    မီးခိုးမှာပါတဲ့ အမှုန်အမွှားတွေဟာ အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်နိုင်တယ်လို့ အရင်က သိထားကြတာပါ။

    လတ်တလော တောမီး မီးခိုးနမူနာယူပြီး လေ့လာရာမှာ ဘက်တီးရီးယား အမျိုးပေါင်း ၉၀၀ ကျော်နဲ့ မှိုအမျိုးပေါင်း ၁၀၀ လောက်ကို တွေ့ရပါတယ်။ အလွန်ပြင်းထန်တဲ့ တောမီးမှာတောင် မီးညွန့်အထက် မီတာ ၃၀၀ လောက်က မီးခိုးမှာ ကူးစက်တက်တဲ့ ဘက်တီးရီးယား အမြောက်အများ တွေ့ရတယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် မြေကြီးထဲက ကူးစက်ရောဂါဖြစ်နိုင်တဲ့ပိုးတွေ ဒီနည်းလမ်းနဲ့ပြန့်နှံ့မှာကို ပညာရှင်တွေက စိုးရိမ်လာကြပြီး အစိုးရတာဝန်ရှိသူတွေအနေနဲ့ အလျင်အမြန် တားဆီးဖို့ တိုကတွန်းခဲ့ပါတယ်။

    လက်တင်အမေရိကန်တွင် ကိုဗစ်ကာကွယ်ဆေးစထိုး

    ကိုဗစ်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရတဲ့ လက်တင်အမေရိက နိုင်ငံတွေမှာ မနေ့ကစပြီး ကာကွယ်ဆေး စတင်ထိုးနှံနေပြီ ဖြစ်ပါတယ်။

    Pfizer-BioNTech ကာကွယ်ဆေး ပထမအသုတ် အလုံးရေ ၃ ထောင်ရခဲ့တဲ့ မက္ကဆီကိုဟာ မနေ့မှာ ကာကွယ်ဆေး စထိုးခဲ့ပြီး၊ ချီလီ၊ ကော့စတာရီကာတို့မှာလည်း ကာကွယ်ဆေးထိုးဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

    အာဂျင်တီနားက ရုရှားထုတ် Sputnik V ကာကွယ်ဆေးကို နောက်ရက်အနည်းမှာ စတင်ထိုးမှာ ဖြစ်ပါတယ်။ လက်တင်အမေရိကမှာ ကိုဗစ်ကြောင့် အသေအပျောက်အများဆုံးဖြစ်တဲ့ ဘရာဇီးလ်ကတော့ ဖေဖော်ဝါရီအလယ်ပိုင်းမှ ကာကွယ်​ဆေးထိုးဖို့ လုပ်ဆောင်မှာပါ။

    မက္ကဆီကိုက ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်မှာ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းအားလုံးကို အပြီးထိုးပေးဖို့ စီစဉ်ထားပါတယ်။

    ကိုဗစ်ကာကွယ်ဆေးဝယ်ရန် အီရန်၏ငွေလွှဲမှုကို အမေရိကန် ခွင့်ပြု

    ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေး ဆွစ်ဇာလန်ဘဏ်ကို ငွေလွှဲဖို့အတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တယ်လို့ အီရန်ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

    အမေရိကန်ဟာ အီရန်ရဲ့ ဘဏ်လုပ်ငန်းအပေါ် ပိတ်ဆို့မှုလုပ်ထားပေမယ့် ကမ္ဘာနိုင်ငံတွေရဲ့ဖိအားကြောင့် ဒီကိစ္စတစ်ခုကိုတော့ ခွင့်ပြုပေးခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ဆေး လူတိုင်းရရှိရေး နိုင်ငံတကာအစီအစဉ် COVAX ကနေ ကာကွယ်ဆေးအလုံးရေ ၁၆.၈ သန်း ဝယ်သွားမှာပါ။ ဒီအတွက် ကန်ဒေါ်လာ ၂၄၄ သန်း ပေးချေရမှာ ဖြစ်ပါတယ်။

    အီရန်ဆေးကုမ္ပဏီ Shifa Pharmed က ထုတ်လုပ်တဲ့ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို အခုတစ်ပတ်အတွင်း လူသားတွေမှာ စတင်စမ်းသပ်ဖို့ ရှိနေပါတယ်။ အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ ကူးစက်မှု၊ သေဆုံးမှုအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

    တောင်အာဖရိကမှ ပုံပြောင်းကိုဗစ် ယူကေကို ရောက်လာ

    တောင်အာဖရိကမှာတွေ့ရတဲ့ ပုံပြောင်းကိုဗစ် နောက်တစ်မျိုး ကူးစက်မှု ၂ ခုကို လန်ဒန်နဲ့ အင်္ဂလန်အနောက်မြောက်ပိုင်းမှာ တွေ့ရတယ်လို့ ယူကေကျန်းမာရေးဝန်ကြီးက မနေ့မှာ အတည်ပြုပါတယ်။

    တောင်အာဖရိကကို သွားခဲ့တဲ့သူတွေကနေတစ်ဆင့် ကူးစက်တာပါ။ ယူကေအစိုးရဟာ တောင်အာဖရိကသွားခွင့် ပိတ်ပင်ခဲ့သလို၊ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း တောင်အာဖရိကသွားခဲ့သူတွေကိုလည်း ကွာရန်တင်းဝင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

    ယူကေမှာ ပုံပြောင်းကိုဗစ်ဟာ နိုဝင်ဘာလာကတည်းက ပြန့်နှံနေပေမယ့် တောင်အာဖရိကက နောက်တစ်မျိုးဟာ ပိုပြီး အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ တောင်အာဖရိက ကျန်းမာရေးဝန်ကြီးက အခုကူးစက်မှုဟာ ကိုဗစ်ပထမလှိုင်းထက်ပိုပြီး ကျော်ဖြတ်ဖို့ခက်မယ်လို့ ပြောကြားထားပါတယ်။

    Ref: BBC, Aljazeera

  • အမေရိကန်တစ်ဦးသေလျှင် စစ်ရေးဖြင့်တုန့်ပြန်မည်ဟု အီရန်ကို ထရမ့် သတိပေး

    အမေရိကန်တစ်ဦးသေလျှင် စစ်ရေးဖြင့်တုန့်ပြန်မည်ဟု အီရန်ကို ထရမ့် သတိပေး

    ဒီဇင်ဘာ ၂၄၊ ၂၀၂၀
    M-Media

    -အီရတ်က အမေရိကန်သံရုံး ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုဟာ အီရန်ရဲ့လက်ချက်ဖြစ်ပြီး အမေရိကန်တစ်ယောက်သေတာနဲ့ အီရန်ကို စစ်ရေးနဲ့ တုန့်ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ သတိပေးလိုက်ပါတယ်။

    မြို့တော်ဘဂ္ဂဒတ်က ကန်သံရုံး တနင်္ဂနွေနေ့က ဒုံးကျည် ၈ လုံးနဲ့ တိုက်ခိုက်ခံရမှုဟာ တရားမဝင်အဖွဲ့တစ်ခုရဲ့ လက်ချက်ဖြစ်ပြီး အီရတ်လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကာ အဆောက်အဦးတစ်ချို့ ပျက်ဆီးခဲ့တယ်လို့ အီရတ်အစိုးရက ထုတ်ပြန်ပါတယ်။

    ထရမ့်ကတော့ ဒီတိုက်ခိုက်မှုဟာ အီရန်ရဲ့လက်ချက်ဖြစ်တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “အီရတ်က အမေရိကန်နိုင်ငံသားတွေကို တိုက်ခိုက်မှု ထပ်လုပ်မယ်ဆိုတဲ့ စကားတွေ တစ်စွန်းတစ ကြားနေရပါတယ်။ အမေရိကန်တစ်ယောက် အသတ်ခံရတာနဲ့ ဒီအတွက် အီရန်က ပေးဆပ်ရလိမ့်မယ်ဆိုတာ မိတ်ဆွေစိတ်နဲ့ အကြံပြုလို့ပါတယ်။ သေသေချာချာ စဉ်းစားပြီးမှလုပ်ပါ”

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က အမေရိကန်တွေရဲ့အသက်နဲ့ရင်းပြီး ပြည်တွင်းကကျရှုံးမှုတွေကို အာရုံလွှဲလို့ မရဘူးလို့ ထရမ့်ကို Twitter မှာ တုန့်ပြန်ရေးသားခဲ့ပါတယ်။

    သမ္မတအိုဘားမားဟာ အီရန်ကို ဝင်ရောက်တိုက်ခိုက်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ အနိုင်ရအောင် လုပ်လိမ့်မယ်ဆိုတဲ့ ၂၀၁၂ ခုနှစ်က ထရမ့်ရဲ့ Twitter မှာ ရေးသားမှု ၆ ခုကိုလည်း ဇာရစ်ဖ်က လွှင့်တင်ခဲ့ပါတယ်။

    အီရန်နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့ ဒီစွပ်စွဲချက်တွေကို ရှုတ်ချခဲ့ပြီး အခြေအနေဆိုးကနေ လွတ်မြောက်ဖို့အတွက် ဒီလို အခြေအမြစ်မရှိတဲ့စကားကို ထရမ့်က ပြောကြားနေတယ်လို့ ဆိုပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်မှုဟာ လာမယ့် ဇန်နဝါရီလမှာ တစ်နှစ်ပြည့်မှောက်မှာဖြစ်ပြီး အီရန်က ဒေသတွင်းမှာရှိတဲ့ အမေရိကန်ပစ်မှတ်တွေကို လက်တနု့်ပြန် တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ပင်လယ်ကွေ့အကြပ်အတည်း ဇန်နဝါရီမတိုင်ခင် ပြေလည်ဖွယ်ရှိနေ

    ပင်လယ်ကွေ့အကြပ်အတည်း ဇန်နဝါရီမတိုင်ခင် ပြေလည်ဖွယ်ရှိနေ

    ဒီဇင်ဘာ ၂၄၊ ၂၀၂၀
    M-Media

    -ဆော်ဒီဦးဆောင်တဲ့ ၄ နိုင်ငံနဲ့ ဖြစ်နေတဲ့ ၃ နှစ်ကြာ သံတမန်အကြပ်အတည်းကို ဖြေရှင်းရေးအတွက် ဘာအတားအဆီးမှ မရှိဘူးလို့ ကာတာနိုင်ငံက ပြောကြားလိုက်ပြီး၊ ဘာရိန်းကလည်း ဒီပြဿနာကိုအဆုံးသတ်ဖို့ ဆော်ဩလိုက်ပါတယ်။

    ကာတာဟာ အီရန်နဲ့ ဆက်သွယ်တယ်၊ ဒေသတွင်းမှာ အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့ဟာ ၂၀၁၇ ခုနှစ်မှာ သံတမန်အဆက်အသွယ်ဖြတ်ခဲ့ပြီး၊ ကုန်း၊ ရေ၊ လေ ဆက်ဆံမှုအားလုံးကိုလည်း ရပ်ပစ်ခဲ့ပါတယ်။

    ကာတာက ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။

    ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဒီပြဿနာကို​ ဖြေရှင်းဖို့အတွက် ​ပင်လယ်ကွေ့နိုင်ငံတွေက ကြိုးစားလာကြပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန် အလ် သာနီက ဒီပြဿနာကို ဆွေးနွေးညှိနှိုင်းမှု၊ အချုပ်အခြာအာဏာလေးစားမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒတွေနဲ့ ဖြေရှင်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GCC) အတွင်း ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရင် ကျွန်တော်တို့အားလုံး အကျိုးရှိမှာပါ။ ဒီပြဿနာကို အဆုံးသတ်နိုင်မယ့် ဆောင်ရွက်မှုကိုလည်း ကျွန်တော်တို့ အခု လုပ်ဆောင်နေပါတယ်”

    ဒီပြဿနာကို အဆုံးသတ်နိုင်မှုဟာ ဒေသတွင်း လုံခြုံရေးနဲ့ ပြည်သူလူထု သာယာ၀ပြောရေးအတွက် အရေးပါတယ်လို့လည်း ရှိခ် မိုဟာမက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီကိစ္စမှာ ပါဝင်နေတဲ့ ဘာရိန်းနိုင်ငံကလည်း နောက်လ GCC ထိပ်သီးအစည်းအဝေး မတိုင်ခင် ပြဿနာကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် မနေ့က ထုတ်ပြန်တဲ့ ကြေငြာချက် မှာ တိုက်တွန်းခဲ့ပါတယ်။

    ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ဘာရိန်၊ အိုမန်၊ ကူဝိတ်နဲ့ ကာတာတို့ပါဝင်တဲ့ GCC ထိပ်သီးအစည်းအဝေးကို ဇန်နဝါရီလ ၅ ရက်နေ့ကျရင် ဆော်ဒီအာရေဗျမှာ ကျင်းပမှာ ဖြစ်ပါတယ်။

    Ref: Reuters

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၂၄၊ ၂၀၂၀
    M-Media

    မာရာဒိုနာအလောင်း ခွဲစိပ်စစ်ဆေးမှု အဖြေထွက်လာ

    အာဂျင်တီးနားအသင်းရဲ့ ဂန္တဝင်ကစားသမား မာရာဒိုနာ သေဆုံးမှုဟာ ကျောက်ကပ်၊ နှလုံးနဲ့ အဆုတ်ရောဂါတို့ကြောင့်ဖြစ်ပြီး မူးယစ်ဆေးကြောင့်မဟုတ်ဘူးလို့ အာဂျင်တီးနား မှုခင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    နိုဝင်ဘာလကဖြစ်ခဲ့တဲ့ ဒီသေဆုံးမှုဟာ ဓမ္မတာအတိုင်း သေဆုံးမှု မဟုတ်ဘူးလို့ ပြောကြားမှုတွေရှိခဲ့ပြီး မာရာဒိုနာကို ပုံမှန်ကုသပေးနေတဲ့ ဆရာဝန်လည်း စစ်ဆေးခံခဲ့ရပါတယ်။

    မသေခင်ရက်အနည်းငယ်အတွင်း မာရာဒိုနာဟာ မူးယစ်ဆေးသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိပေမယ့် အလောင်းခွဲစိပ်စစ်ဆေးမှုအရ ဒီလိုသုံးစွဲတာမျိုး မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

    မာရာဒိုနာဟာ အရက်နဲ့ မူးယစ်ဆေးစွဲမှု ပြဿနာကို နှစ်များစွာ ကြုံခဲ့ရတာပါ။ နောက်ပိုင်း စုံစမ်း စစ်ဆေးမှုတွေမှာ DNA နမူနာတွေ ရယူဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ မာရာဒိုနာရဲ့အလောင်းကို ပြန်ဖော်တာ၊ မီးသင်္ဂြိုဟ်တာမျိုး မလုပ်ရဘူးလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ တရားရုံးက ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

    ၁၅ နှစ်အတွင်း ခေါင်းတိုက်သည့်ဓလေ့ ပျောက်မည်ဟု စပါးကွင်လယ်လူဟောင်း ပြော

    လာမယ့် ၁၀ နှစ် ၁၅ နှစ်အတွင်း ဘောလုံးလောကမှာ ခေါင်းတိုက်တဲ့ဓလေ့ ပျောက်ကွယ်သွားလိမ့်မယ်လို့ စပါးကွင်းလယ်လူဟောင်း ရိုင်ယန် မာဆန်က ပြောပါတယ်။

    လတ်တလော လေ့လာမှုအရ ဘောလုံးသမားတွေဟာ အသိဉာဏ်ချို့ယွင်းမှုရောဂါ (ဒမန်းရှား) ဖြစ်ပွားဖို့ ၃ ပုံ ၂ ပုံ ပိုများတယ်ဆိုတာ​ တွေ့ရပါတယ်။

    ၂၀၁၇ ခုနှစ် ဟားလ်စီးတီးမှာကစားစဉ် ဦးခေါင်းခွဲအက်ဒဏ်ရာကြောင့် ဘောလုံးလောကကနေ အနားယူခဲ့ရတဲ့ မာဆန်က လေ့လာဆန်းစစ်မှုတွေအရ တုန်လှုပ်စရာတွေအများကြီး တွေ့ရဖို့ရှိနေကြောင်း၊ ဒီလိုထိခိုက်နိုင်တယ်ဆိုတာကို ဘောလုံးသမားတွေက သတိမပြုမိသေးဘဲ၊ အသိပညာပေးဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဦးခေါင်း ပြင်းပြင်းထန်ထန်ထိခိုက်ရင် ၂ ဦးအထိ လူစားလဲခွင့်ရမယ့် စည်းမျဉ်းတစ်ခုကို ပရီးမီးယားလိဂ်မှာ ဇန်နဝါရီလကစပြီး ကျင့်သုံးနေပါတယ်။

    ဖလားကိုင်မြှောက်ချိန်တန်ပြီဟု မန်ယူနောက်ခံလူပြော

    မန်ယူအသင်း ဆုဖလားတွေ ကိုင်မြှောက်ချိန်တန်ပြီလို့ နောက်ခံလူ ဟယ်ရီ မက်ဂွီရီက ပြောကြားလိုက်ပါတယ်။

    မနေ့က Carabao ဖလားမှာ အဲဗာတန်ကို အနိုင်ရပြီးနောက် မန်ယူဟာ ဆီမီးဖိုင်နယ်ကို တက်သွားပြီး မန်စီးတီးနဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။ မန်ယူရဲ့ နောက်ဆုံး ပြည်တွင်းဖလား ရရှိမှုဟာ ၂၀၁၇ ခုနှစ် League ဖလား ကိုင်မြှောက်နိုင်မှု ဖြစ်ပါတယ်။

    Carabao ဖလား ဆီမီးဖိုင်နယ်ကိုရောက်သွားတာဟာ အရေးပါတဲ့ အောင်မြင်မှုဖြစ်ပြီး ဗိုလ်စွဲဖို့ မျှော်လင့်နေတယ်လို့ မက်ဂွီရီက ဆိုပါတယ်။ ဆိုလ်းရှားက မိမိတို့အသင်းဟာ မနှစ်က ဆီမီးဖိုင်နယ် ၃ ခုကို ရောက်ခဲ့ပြီး အခုအခြေအနေဟာ မလုံလောက်သေးဘူးလို့ ပွဲအပြီးမှာ ​ပြောပါတယ်။

    Ref: BBC