မြန်မာရာဇ၀င်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစုသူ
လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ
ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်
(၂၇ ဒီဇင်ဘာ ၁၉၁၅ – ၇ ဇန်န၀ါရီ ၁၉၇၀)
ပျဉ်းမနာမြို့နေ၊ ရွာကောက်ရပ်ဇာတိဖြစ်သည်။ ၁၉၁၅ ခု ဒီဇင်ဘာ ၂၇ ရက် တနင်္လာနေ့တွင် ဖွားမြင်သည်။ အဖ ကျောင်းဆရာ ဦးဟိန်၊ အမိ ဒေါ်စောရင်ဖြစ်သည်။ အမည်ရင်းမှာ ဘရှင်ဖြစ်သည်။ အရဗီအမည်မှာ မုဟမ္မဒ်ဒါဝူဒ်ဖြစ်သည်။ ၁၉၃၃-၃၈ တွင် ရန်ကုန်တက္ကသိုလ် ယုဒသန်ကောလိပ်၌ ပညာသင်ကြားသည်။ ၁၉၃၈ ခုနှစ်တွင် အရှေ့တိုင်းရာဇ၀င် ဂုဏ်ထူးတန်းအောင်မြင်ပြီး ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ရသည်။ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းရာဇ၀င်ဌာနတွင် နည်းပြအဖြစ် စတင်အမှုထမ်းသည်။ ၁၉၄၀ ပြည့်နှစ်တွင် လက်ထောက်ကထိကရာထူး တိုးမြှင့်ခံရသည်။
၁၉၄၂-၄၃ တွင် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး၊ ဥာဏဗလတာဝန်ခံ၊ ၁၉၃၄ ခုနှစ်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်၌ ဗိုလ်ကြီး၊ တပ်မတော်ပညာရေးအရာရှိ၊ ပဲခူးစံပြတပ်မတော်သမိုင်းနည်းပြနှင့် ဂျပန်တော်လှန်ရေးတွင် တိုင်း(၄) မှပါဝင်ခဲ့သည်။ ၁၉၄၅-၅၆ တွင် မြန်မာ့တပ်မတော်၌ ဗိုလ်မှူး၊ အင်္ဂလန်တွင် စစ်သံမှူး၊ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ မှ ၇၀ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင် ဆပ်ကော်မရှင်(ခ)အလယ်ခေတ်(အေဒီ၁၃၆-၁၇၅၂) ကျမ်းပြုအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်ကော်မတီ (၁၉၆၅-၆၉)၊ မြန်မာစာ ကော်မရှင်အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ဘွဲ့လွန်သင်တန်းများတွင် အထူးကထိက တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အထွေထွေ အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇၀)အဖြစ် ဆောင်ရွက်ခဲ့သည်။ (more…)