News @ M-Media

Blog

  • သမ္မထရမ့် ရာထူးမှဆင်းရမည်ကို ပျော်ရွှင်မိသည်ဟု အီရန်သမ္မတပြော

    သမ္မထရမ့် ရာထူးမှဆင်းရမည်ကို ပျော်ရွှင်မိသည်ဟု အီရန်သမ္မတပြော

    ဒီဇင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    -အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်ဖြစ်လာမှာကို စိတ်လှုပ်ရှားမှု မရှိပေမယ့် ထရမ့်ဆင်းသွားတာကို ပျော်ရွှင်မိတယ်လို့ အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်ပါတယ်။

    အွန်လိုင်းကနေ ဒီကနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ရူဟာနီက ထရမ့်ဟာ ‘လူပေလူတေ’ တစ်ယောက် ‘အမေရိကန်မှာ ဥပဒေအချိုးဖောက်ဆုံး လူတစ်ယောက်’ လို့လည်း ပြောကြားခဲ့ပါတယ်။

    “ထရမ့်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ အများပြားကျူးလွန်သူ၊ လူသတ်သမား၊ အကြမ်းဖက်သမား၊ ကာကွယ်ဆေးရဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကိုတောင် အလွတ်မပေးတဲ့သူ ဖြစ်ပါတယ်။ ​ဒီလူဟာ အဲဒီလောက်တောင် ​လူ့ကျင့်ဝတ် ကင်းမဲ့သူပါ”

    အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ ကိုဗစ်ကပ်ရောဂါ အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ ကာကွယ်ဆေးရဖို့ အီရန်ရဲ့ ကြိုးစားမှုကို ထရမ့်အစိုးရက တားဆီးပိတ်ပင်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က အီရန်နဲ့ အင်အားကြီး ၅ နိုင်ငံတို့ ချုပ်ဆိုထားတဲ့ နျူသဘောတူညီချက်နေ ထရမ့်အစိုးရဟာ ၂၀၁၈ ခုနှစ်မှာ နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ အရင်ကထက် ပိုမို လုပ်ဆောင်ခဲ့ပါတယ်။

    နောက်တက်မယ့် သမ္မတ ဘိုင်ဒန်က ဒီသဘောတူညီချက်ကို ပြန်လည်လက်ခံကာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ဖယ်ရှားပေးမယ်လို့ ပြောဆိုထားပေမယ့် အီရန်ရဲ့ ဒုံးကျည်စီမံကိန်း၊ ဒေသတွင်း ပါဝင်ပတ်သက်မှုတွေကိုတော့ ညှိနှိုင်းရမယ်လို့ ဆိုပါတယ်။

    ရူဟာနီက အီရန်ရဲ့ လက်ရှိအခြေအနေဟာ ၂၀၁၅ ခုနှစ်တုန်းကလို မဟုတ်တော့ဘဲ ပိုမိုခိုင်မာတောင့်တင်းလာကာ စစ်အင်အား၊ ဒုံးကျည်အင်အားနဲ့ နျူစီမံကိန်းလည်း ပိုမိုအားကောင်းလာတဲ့အတွက် ၂၀၁၅ ခုနှစ်ကထက်ပိုတဲ့ လိုက်လျောမှုတွေ လုပ်ဆောင်ပေးရလိမ့်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဒီဇင်ဘာ ၁၄၊ ၂၀၂၀
    M-Media

    အမေရိကန်နှင့် အင်္ဂါဂြိုဟ်မှ ဂြိုဟ်သားများ မဟာမိတ်ဖွဲ့ထားကြောင့် အစ္စရေးအာကာသပညာရှင် ဖွင့်ဟ

    အင်္ဂါဂြိုဟ်မှာ အခြေချနေထိုင်တဲ့ ဂြိုဟ်သားတွေနဲ့ အမေရိကန်တို့ မဟာမိတ်ဖွဲ့ထားကြသလို၊ ဂြိုဟ်သားတွေလည်း ကမ္ဘာကြီးကို ရောက်နေကြတယ်လို့ အစ္စရေး အာကာသပညာရှင် ဟာအင် အက်စ်ဟဒ်က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖွင့်ဟလိုက်ပါတယ်။

    အသက် ၈၇ နှစ်အရွယ် အက်စ်ဟဒ်ဟာ အစ္စရေးစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဂြိုဟ်တု အလုံး ၂၀ လွှတ်တင်ရာမှာ ကြီးကြပ်ခဲ့သူပါ။ သူဟာ ၂၀၁၁ ခုနှစ်မှာ အနားယူခဲ့ပါတယ်။

    ထရမ့်က ဒီအကြောင်းကို လူသိရှင်ကြားပြောချင်ပေမယ့် Aalactic Federation ဂြိုဟ်သားအဖွဲ့က ထုတ်မပြောဖို့ မေတ္တာရပ်ခံထားပြီး၊ လူသားတွေကို လေ့လာနေကြောင်း၊ ဂြိုဟ်သားတွေနဲ့ အာကာသယာဉ်တွေအကြောင်း လူသားတွေ နားလည်တဲ့အချိန်ရောက်မှ ထုတ်ပြောခိုင်ထားကြောင်း အက်စ်ဟဒ်က ဆိုပါတယ်။

    ဒီဂြိုဟ်သားတွေဟာ အင်္ဂါဂြိုဟ်ရဲ့မြေအောက်မှာ နေထိုင်ပြီး၊ အမေရိကန်အာကာသယာဉ်မှူးတွေလည်း အဲဒီမှာရှိနေကြောင်း သူက​ ပြောပါတယ်။

    ကမ္ဘာ့ ပထမဆုံး Solid state ဘတ္ထရီကားကို တိုယိုတာက မိတ်ဆက်မည်

    Solid state ဘတ္ထရီပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကားကို ဂျပန်ကားကုမ္ပဏီ တိုယာတာက လာမယ့်နှစ်မှာ မိတ်ဆက်ဖို့ ရှိ​တယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

    ဒီဘတ္ထရီဟာ တစ်ခါအားသွင်းထားရင် မိုင် ၃၀၀ လောက် မောင်းနှင်နိုင်မှာဖြစ်ပြီး အားသွင်းချိန်ကလည်း ၁၀ မိနစ်လောက်သာ ကြာမြင့်မှာပါ။ Solid state ဘတ္ထရီဟာ သာမန် လစ်သီယံဘတ္ထရီတွေထက် မီးလောင်မှုအန္တရာယ်ကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

    Solid state ဘတ္ထရီနဲ့ လျှပ်စစ်ကားတွေကို ဂျပန်က အခြားကားကုမ္ပဏီ Nissan၊ ဂျာမနီက Volkswagen တို့ကလည်း ထုတ်လုပ်ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။ တိုယိုတာဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီလည်း ဖြစ်ပါတယ်။

    Ref: Nikkei Asia, NBC

  • အသံထက် ၈ ဆမြန်သည့် ဒုံးကျည်ကို ရုရှားက အောင်မြင်စွာ စမ်းသပ်

    အသံထက် ၈ ဆမြန်သည့် ဒုံးကျည်ကို ရုရှားက အောင်မြင်စွာ စမ်းသပ်

    ဒီဇင်ဘာ ၁၄၊ ၂၀၂၀
    M-Media

    -ရုရှားဟာ အသံထက် ၈ ဆ မြန်တဲ့ ဒုံးကျည်ကို မနေ့က ပင်လယ်ဖြူအတွင်းမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဒါဟာ ရေတပ်အင်အားရဲ့ ချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်စေလိမ့်မယ်လို့ ရုရှားရေတပ်က ပြောကြားခဲ့ပါတယ်။

    Zircon လို့ အမည်​ပေးထားတဲ့ အဲဒီဒုံးကျည်ကို Admiral Gorshkov စစ်သင်္ဘောကနေ ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၃၅၀ အကွာမှာရှိတဲ့ ကမ်းခြေက ပစ်မှတ်ကို ​ထိအောင်ပစ်နိုင်ခဲ့ပါတယ်။ အရင်နှစ်ကြိမ်က ရေပြင်ပစ်မှတ်တွေနဲ့သာ စမ်းသပ်ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ဟာ ပထမဆုံး ​ကုန်းပေါ်က ပစ်မှတ်ကို ပစ်ခဲ့တာပါ။

    ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ရဲ့ ၂၀၁၉ ခုနှစ်က ပြောကြားမှုမှာ Zircon ဒုံးကျည်ဟာ အသံထက် ၉ ဆမြန်တဲ့ Mach 9 အမြန်နှုန်းနဲ့ ပစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ကီလိုမီတာ ၁၀၀၀ အကွာအဝေးထိ ပစ်နိုင်တဲ့ မြန်နှုန်းပါ။

    Zircon ဟာ ရေပြင်ကနေပစ်တဲ့ ခရုဇ်ဒုံးကျည်အမျိုးအစားမှာ ကမ္ဘာ့ပထမဆုံး အသံထက်မြန်တဲ့ဒုံးကျည် ဖြစ်ပြီး လာမယ့်နှစ်ကျရင် ရုရှားရေတပ်မှာ တပ်ဆင်အသုံးပြုမှာ ဖြစ်ပါတယ်။

    စနေနေ့တုန်းကလည်း ရုရှားဟာ Bulava ဒုံးကျည်ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကနေ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပါတယ်။ Bulava ကို နောက်ဆုံးပေါ် Borel-class ရေငုပ်သင်္ဘောမှာ တပ်ဆင်အသုံးပြုဖို့ ထုတ်လုပ်ထားတာဖြစ်ပြီး ဒီရေငုပ်သင်္ဘောဟာ Bulava ဒုံးကျည် ၁၆ လုံး တပ်ဆင်ထားနိုင်ပါတယ်။

    Ref: RT

  • ဆာဟင်နှင့် တူရီချီ (သို့) BioNTech-Pfizer ကိုဗစ်ကာကွယ်ဆေး၏ ဗိသုကာ ဇနီးမောင်နှံ

    ဆာဟင်နှင့် တူရီချီ (သို့) BioNTech-Pfizer ကိုဗစ်ကာကွယ်ဆေး၏ ဗိသုကာ ဇနီးမောင်နှံ

    ဒီဇင်ဘာ ၁၄၊ ၂၀၂၀
    M-Media

    -အနောက်နိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုဖို့ ခွင့်ပြုလာကြတဲ့ ကိုဗစ်ကာကွယ်ဆေးရဲ့ ဇာတ်လမ်းဟာ ဂျာမနီနိုင်ငံရဲ့ ကျေးလက်ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အရင်က စတင်ခဲ့တာ ဖြစ်ပါတယ်။ တူရကီနွယ်ဖွား လူငယ် ဆရာဝန်နှစ်ဦး ချစ်ကြိုးသွယ်ပေါင်းဖက်ပြီး ကင်ဆာကုသဆေးသစ်တစ်မျိုး တီထွင်မယ်လို့ စိတ်ပိုင်းဖြတ်ရာကနေ စတင်ခဲ့တာပါ။

    ဂျာမနီက BioNTech SE ကုမ္ပဏီနဲ့ သူ့ရဲ့ အမေရိကန်မိတ်ဖက် Pfizer ကုမ္ပဏီတို့ဟာ ၁၀ လအတွင်း ဒီ ကိုဗစ်ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့ပြီး ၃ နှစ်နဲ့ ကာကွယ်ဆေးထုတ်နိုင်တဲ့ ဆေးလောကရဲ့ စံချိန်ကို ချိုးဖျက်လိုက်နိုင်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဆေးကို ယူကေအစိုးရက ပြည်သူတွေကို ထိုးပေးနေပြီး အခြားနိုင်ငံတစ်ချို့မှာလည်း အရေးပေါ်သုံးစွဲဖို့ ခွင့်ပြုနေပြီ ဖြစ်ပါတယ်။

    ဒီကြိုးပမ်းအားထုတ်မှုရဲ့ နောက်ကွယ်ကလူတွေဟာ BioNTech ကို တည်ထောင်သူ အူရ်ဇာဟင်နဲ့ အိုဇ်လမ် တူရီချီတို့ ဇနီးမောင်နှံတို့ဖြစ်ပါတယ်။ ဒီ ကာကွယ်ဆေးဟာ ပြီးခဲ့တဲ့နှစ် ကိုရိုနာဗိုင်းရပ်စ် မပြန့်နှံခင် နှစ်ပေါင်း ၃၀ လောက် အရင်ကတည်းက ဆာဟင်တို့ဇနီးမောင်နှံရဲ့ လေ့လာဖော်ထုတ်မှု ရလဒ်လည်း ဖြစ်ပါတယ်။

    ဗိုင်းရပ်စ်ပိုးတွေနဲ့ အခြား ကျန်းမာရေးခြိမ်းခြောက်မှုတွေ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့အခါ ခုခံတိုက်ဖျက်နိုင်မယ့် ဗီဇမျိုးစိတ် ခန္ဓာကိုယ်ထဲ သွတ်သွင်းမှု (genetic instruction) နည်းလမ်း mRNA ကို ဒေါက်တာ ဆာဟင်တစ်ယောက် အပတ်တကုတ် လေ့လာနေတဲ့အချိန်မှာ ကိုဗစ်ကပ်ရောဂါကြီး ဖြစ်လာတာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ဥရောပမှာ ဒီကပ်ရောဂါ စမတွေ့ခင် ရက်ပိုင်းအလိုမှာ သူ့ရဲ့ ပညာနဲ့ လေ့လာမှုတွေကို အသုံးချပြီး ကာကွယ်ဆေးဖော်မြူလာတစ်ခုကို ဆာဟင်က သူ့ကွန်ပျူတာမှာ ဒီဇိုင်းဆွဲခဲ့ပါတယ်။

    “ဆာဟင်နဲ့ တူရီချီတို့ ဇနီးမောင်နှံ တစ်ယောက်ကိုတစ်ယောက် ပါရမီဖြည့် ဖေးမကူညီကြရင်းနဲ့ ဒီအောင်မြင်မှု ပေါ်ထွက်လာတာပါ။ ဆာဟင်ဟာ တီထွင်ဉာဏ်ရင့်သန်တဲ့ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်ပြီး တူရီချီက စီးပွားရေးအကွက်မြင်တဲ့ ဆရာဝန်တစ်ယောက်ပါ” လို့ ဆွစ်ဇာလန်နိုဘယ်ဆုရှင် ရော့ဖ် ဇင်ကာနာဂဲလ်က ပြောပါတယ်။ ရော့ဖ်ဟာ တစ်ချိန်က ဒေါက်တာဆာဟင်ကို ဇူးရစ်ချ်မြို့က ဓာတ်ခွဲခန်းတစ်ခုမှာ အလုပ်ပေးခဲ့ဖူးပါတယ်။

    ဒေါက်တာဆာဟင်ကို တူရကီနိုင်ငံ မြေထဲပင်လယ်ကမ်းရိုးတန်းမြို့ အစ္စကန်ဒီရမ်မှာ ၁၉၆၅ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီကို နိုင်ငံခြားလုပ်သားတွေနဲ့ ပြန်လည်တည်ဆောက်ချိန် ကိုးလုံးမြို့နားက ဖို့ဒ်ကားစက်ရုံမှာ ဖခင်က အလုပ်ရတာကြောင့် ဆာဟင်ဟာ အသက် ၄ နှစ်သားအရွယ်မှာ ဂျာမနီကို ရောက်လာပါတယ်။

    ဒေါက်တာ တူရီချီရဲ့ ဖခင်ဟာ ခွဲစိပ်ဆရာဝန်တစ်ဦးဖြစ်ပြီး၊ ဂျာမနီမြို့ငယ်လေး လက်စ်ထရပ်က ခရစ်ယာန်ကက်သလစ် ဆေးရုံမှာ အလုပ်ရတဲ့အတွက် ဆာဟင်တို့ ဂျာမနီရောက်တဲ့ အချိန်လောက်မှာပဲ တူရကီကနေ ပြောင်းလာပါတယ်။ တူရီချီဟာ လက်စ်ထရပ်မြို့မှာ ကြီးပြင်းခဲ့ပြီး ဖခင်ဆီ​ဆေးလာကုတဲ့ ခရစ်ယာန်သီလရှင်တွေကို အားကျတဲ့အတွက် သီလရှင်ဖြစ်ဖို့ စိတ်ကူးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဖခင်ခြေရာနင်းကာ ဆရာဝန်ဖြစ်လာပါတယ်။

    ဒေါက်တာဆာဟင်နဲ့ ဒေါက်တာ တူရီချီတို့ဟာ ဆရာဝန်ပေါက်စ ဘ၀မှာပဲ ကင်ဆာဝေဒနာတွေအတွက် ရွေးချယ်ခွင့်နည်းတာကိုတွေ့ရတာကြောင့် စိတ်အပျက်ကြီး ပျက်ခဲ့ရပါတယ်။ ဓာတ်ကင်တဲ့နည်းလမ်းလည်း မထိရောက်တာကြောင့် သူတို့ဇနီးမောင်နှံဟာ mRNA နည်းပညာကို စတင်လေ့လာခဲ့ကြပါတယ်။

    သူတို့နှစ်ဦးဟာ ၁၉၉၀ ပြည့်နှစ်တွေက Homburg တက္ကသိုလ်ဆေးရုံမှာ တွေ့ဆုံခဲ့ကြတာပါ။

    “ပုံမှန်ကုထုံးတွေနဲ့ ဝေဒနာသည်တွေကို ဘာမှမလုပ်ပေးနိုင်တာကို ကျွန်မတို့ သဘောပေါက်ခဲ့ပါတယ်။ ဒါဟာ အပြောင်းအလဲဖြစ်လာမယ့် အတွေ့အကြုံပါပဲ” လို့ တူရီချီက ပြောပါတယ်။

    သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ လက်တွေ့အသုံးချကုထုံးများအကြောင်းနဲ့ စာတမ်းတင်ကာ ဒေါက်တာဘွဲ့ကို ရယူခဲ့ပါတယ်။ မိန့်ဇ်မြို့ Johannes‐Gutenberg တက္ကသိုလ်က သွေးနဲ့ အကြိတ်ရောဂါဌာန အကြီးအကဲ ဖြစ်ပြီး လက်ရှိ BioNTech ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ ခရစ္စတို့ဖ် ဟူဘာက သူတို့ဌာနမှာ လာအလုပ်လုပ်ဖို့ ဆာဟင်တို့ ဇနီးမောင်နှံကို ခေါ်ယူခဲ့ပါတယ်။ အဲဒီတက္ကသိုလ်မှာ ဆာဟင်တို့ဟာ ခန္ဓာကိုယ်တွင်းက ကိုယ်ခံစွမ်းအားကို အသွင်ပြောင်းတဲ့နည်းလမ်းနဲ့ ကင်ဆာလို ရောဂါမျိုး ကုသနိုင်တဲ့နည်းသစ်တစ်ခု ပေါ်လာအောင် သုတေသန ပြုခဲ့ကြပါတယ်။

    ၂၀၀၁ ခုနှစ်မှာ Ganymed Pharmaceuticals GmbH လို့ခေါ်တဲ့ ဆေးကုမ္ပဏီတစ်ခုကို ဆာဟင်တို့ ဇနီးမောင်နှံက တည်ထောင်ခဲ့ပြီး အန်တီဘော်ဒီကုသနည်း (antibody treatment) ကို လေ့လာစူးစမ်းခဲ့ပါတယ်။ ဒီကုမ္ပဏီမှာ ဇနီးဖြစ်သူ တူရီချီက အမှုဆောင်ဥက္ကဌအဖြစ် တာဝန်ယူပြီး ဆာဟင်က သုတေသနအကြီးအကဲဖြစ် တာဝန်ယူပါတယ်။

    “သိပ္ပံနဲ့ အသက်ရှင်သန်ရေးကြားက လစ်ဟာမှုတစ်ခုကို ပေါင်းကူးပေးဖို့ ရည်ရွယ်ချက်နဲ့ စခဲ့တာပါ။ ကျွန်မတို့ သုတေသနမှာ လူနာကုတင်တွေဆီ ယူသွားလို့မရနိုင်သေးတဲ့ အဖြေတွေကို တွေ့ထားပါတယ်” လို့ တူရီချီက ပြောပါတယ်။

    ၂၀၀၂ ခုနှစ်ရဲ့ တစ်ရက်မှာ ဒေါက်တာ ဆာဟင်နဲ့ ဒေါက်တာတူရီချီတို့ဟာ နေ့လည်ထမင်းစားချိန်လောက် ဓာတ်ခွဲခန်းကနေ ခဏအပြင်ထွက်သွားပြီး တရားရုံးသွားကာ လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ ဇနီးမောင်နှံဟာ ဓာတ်ခွဲခန်းထဲပြန်လာကာ အလုပ်တွေ ဆက်လုပ်နေခဲ့ပါတယ်။

    ဆာဟင်တို့ဇနီးမောင်နှံကို အစောဆုံးနဲ့ အရေးပါဆုံး ဘဏ္ဍာရေးထောက်ပံ့မှုပေးခဲ့တာက အန်ဒရီယက်စ် စထရုဂ်မန်းနဲ့ သောမတ်စ် စထရုဂ်မန်းဆိုတဲ့ အမြွှာညီအစ်ကို နှစ်ဦး ဖြစ်ပါတယ်။ သူတို့ဟာ ဘီလီယံချီချမ်းသာတဲ့ သန်းကြွယ်သူဌေးတွေဖြစ်ပြီး ဆာဟင်တို့ကုမ္ပဏီကို ၂၀၀၁ ခုနှစ်ကတည်းကစတင်ကာ ဒေါ်လာ ၂၄၁ သန်းလောက် ထောက်ပံ့ခဲ့တာပါ။

    “ဆာဟင်ဟာ စိတ်ကူးစိတ်သန်းကောင်းသူဖြစ်ပြီး ကျွန်တော်တို့ကို အနာဂတ်တစ်ခုချ​ပြခဲ့တယ်။ တူရီချီကတော့ အဲဒီအနာဂတ်ကို ဘယ်လိုသွားရမယ်ဆိုတာ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်” လို့ BioNTech ရဲ့ အကြံပေးဘုတ်အဖွဲ့ ဥက္ကဌဖြစ်ပြီး စထရုဂ်မန်းညီနောင်ရဲ့ မန်နေဂျာလည်းဖြစ်တဲ့ ဟဲလ်မွတ် ဂျက်ဂဲလ်က ပြောပါတယ်။ ဒီသိပ္ပံပညာရှင်နှစ်ယောက်ကို ခရီးရောက်အောင် ပို့ဆောင်နိုင်ခဲ့တဲ့အတွက် ညီနောင်နှစ်ဦးက ပျော်ရွှင်နေတယ်လို့လည်း ဂျက်ဂဲလ်က ဆိုပါတယ်။

    ၂၀၀၈ ခုနှစ်မှာ ဒေါက်တာ ဆာဟင်နဲ့ တူရီချီတို့ဟာ BioNTech ဆိုတဲ့ကုမ္ပဏီကို ထူထောင်ပြီး mRNA နဲ့ဆိုင်တဲ့ အန်တီဘော်ဒီကုသနည်း (antibody treatment) သုတေသနကို ချဲ့ထွင် လုပင်ဆောင်ခဲ့ကြပါတယ်။ သူတို့ရဲ့ အရင်ကုမ္ပဏီ Ganymed ကို ၂၀၁၆ ခုနှစ်က ဒေါ်လာ ၁.၄ ဘီလီယံနဲ့ ရောင်းခဲ့ပြီး ရရှိတဲ့ငွေတွေကို ကုမ္ပဏီသစ်ရဲ့ သုတေသနလုပ်ငန်းမှာ မြှုပ်နှံသုံးစွဲခဲ့ကြပါတယ်။

    ဘာဏ္ဍာရေးအကြီးအကဲ၊ အရောင်းမြှင့်တင်ရေး အကြီးအကဲတို့အပါအဝင် BioNTech ရဲ့ အမှုဆောင်ဒါရိုက်တာအားလုံးဟာ သိပ္ပံပညာရှင်တွေ ဖြစ်ပါတယ်။ စီအီးအို ဆာဟင်က ဒေသတက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေပြီး ပါရဂူဘွဲ့ယူမယ့်သူတွေကို လေ့ကျင့်သင်ကြားပေးတာ၊ အဖွဲ့ဝင်အသစ် စုဆောင်းတာတွေလည်း လုပ်ဆောင်ပါတယ်။

    သူ့ရဲ့လုပ်ဆောင်မှုတွေအကြောင်း ပြောနေရင်းနဲ့တောင်မှ​ ဒေါက်တာဆာဟင်ဟာ ကျောက်သင်ပုန်းကို သွားသွားပြီး ဖော်မြူလာတွေ ချရေးတတ်ပါသေးတယ်။

    BioNTech အဖွဲ့မှာ နိုင်ငံပေါင်း ၆၀ က ပညာရှင်တွေ ပါဝင်ပြီး ထက်ဝက်လောက်က အမျိုးသမီးတွေပါ။

    “စီအီးအိုအများစုဟာ အရောင်းသမားတွေပါ။ သိပ္ပံပညာဟာ ကောင်းမွန်တယ်ဆိုပြီး ဆာဟင်က ကျွန်တော်တို့ကို စည်းရုံးသိမ်းသွင်းထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထုတ်ကုန်တွေအတွက် Blue print မရှိဘူး။ ဘယ်သူမှလည်း ဒါမျိုး မလုပ်ဖူးပါဘူး” လို့ ဟန်ဂေရီနိုင်ငံသား ပါမောက္ခ ကာရီကိုက ပြောကြားခဲ့ပါတယ်။

    ဇန်နဝါရီလ ၂၅ ရက်နေ့ လေ့လာမှုတစ်ခုကို ဖတ်ပြီးတဲ့နောက် တရုတ်နိုင်ငံမှာဖြစ်နေတဲ့ ဘာမှန်းမသိတဲ့ရောဂါတစ်ခုဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်တော့မယ်ဆိုတာ ဒေါက်တာဆာဟင်တစ်ယောက် သဘောပေါက်လာပါတယ်။ အဲဒီနောက် သူ့ရဲ့ကွန်ပျူတာကိုသွားပြီး ကာကွယ်ဆေး ၁၀ မျိုးအတွက် ဆာဟင်က ဖော်မြူလာ ရေးခဲ့ပါတယ်။ အဲဒီထဲကတစ်ခုဟာ အခု ယူကေမှာ ထိုးပေးနေတဲ့ BNT162b2 ကိုဗစ်ကာကွယ်ဆေး ဖြစ်ပါတယ်။

    တရုတ်ဖြစ်နေတဲ့ ဒီရောဂါအပေါ် အာရုံစိုက်ပြီး လုပ်ဆောင်ရလိမ့်မယ်လို့ အဲဒီနေ့နှောင်းပိုင်းမှာ ဆာဟင်က ဂျက်ဂဲလ်ကို ပြောပါတယ်။ ဒါဟာ ကိုဗစ်ကို အမည်မပေးရသေးခင်၊ ဥရောပမှာ ကူးစက်မှုမရှိသေးခင်ကတည်းက ကိုဗစ်တိုက်ဖျက်ဖို့ ဆာဟင်ရဲ့ ဆောင်ရွက်ချက်ပါ။

    “အံ့ဩတာပေါ့ဗျ။ ကျွန်တော်တို့မှာ လုပ်နိုင်စွမ်းက သိပ်မရှိဘူး။ အားလုံးကို ကင်ဆာသုတေသနထဲမှာ မြှုပ်နှံထားတာကိုး” လို့ ၂၀၀၁ ခုနှစ်ကတည်းက ဒေါက်တာဆာဟင်နဲ့ လက်တွဲလုပ်လာတဲ့ ဂျက်ဂဲလ်က ပြောပါတယ်။

    ၁၉၆၈-၆၉ မှာ ဖြစ်ခဲ့ပြီး လူပေါင်း ၄ သန်းလောက် သေဆုံးခဲ့တဲ့ ဟောင်ကောင် တုပ်ကွေးကို ဒေါက်တာဆာဟင်က ထောက်ပြပါတယ်။ ၂ နာရီလောက် ဆာဟင်က ရှင်းပြခဲ့ပြီးတဲ့နောက် ဂျက်ဂဲလ်ကလည်း ဒီသုတေသနကို လက်ခံခဲ့ပါတယ်။

    နောက်တစ်ရက် တနင်္လာနေ့မှာ ဒေါက်တာဆာဟင်ဟာ တစ်ပတ်လုံး အလုပ်မပြတ်စေဖို့ သူ့ဝန်ထမ်းတွေကို တာဝန်ချပေးပြီး၊ အဓိက ဝန်ထမ်းတွေကို ခရီးသွားမယ့်အစီအစဉ်တွေ ဖျက်လိုက်ဖို့၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်​တွေ မသုံးဖို့ ညွှန်ကြားခဲ့ပါတယ်။ နှစ်ချီကြာမယ့် ကာကွယ်ဆေးကို လပိုင်းအတွင်း ထုတ်မယ့် ဒီသုတေသနကို ဆာဟင်က Lightspeed Project လို့ အမည်ပေးခဲ့ပါတယ်။

    ဖေဖော်ဝါရီမှာ ဒေါက်တာဆာဟင်ဟာ ထိုးဆေးတစ်ခုရဲ့ ထိရောက်မှုကို မိုက်ခရိုစကုပ်မှာ တွေ့ခဲ့ပြီး ဝန်ထမ်းနှစ်ဦးနဲ့အတူ ဆဲလ်ဖီရိုက်ခဲ့ပါတယ်။

    “အလားအလာရှိတဲ့ ကာကွယ်ဆေး မွေးဖွားလာပြီလို့ ငါထင်တယ်” လို့ သူက ပြောခဲ့ပါသေးတယ်။

    mRNA နည်းပညာကိုအသုံးပြုပြီး တုပ်ကွေးကာကွယ်ဆေး ထုတ်ဖို့အတွက် BioNTech ဟာ အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။ ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာတစ်ဝှမ်းမှာ စမ်းသပ်ဖို့၊ အမြောက်အများထုတ်လုပ်ဖို့၊ အမေရိကန်နဲ့ ဥရောပတို့မှာ ဖြန့်ချီဖို့အတွက် မိတ်ဖက်လိုအပ်လာတဲ့အချိန်မှာ ဒေါက်တာဆာဟင်ဟာ Pfizer နဲ့ပဲ ထပ်မံပူးပေါင်းခဲ့ပါတယ်။ မတ်လမှာ ဒီကုမ္ပဏီနှစ်ခုဟာ ကိုဗစ်ကာကွယ်ဆေးမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပြီး ဧပြီလမှာတော့ လူသားတွေထံမှာ ပထမဆုံး စမ်းသပ်ခဲ့ပါတယ်။

    ကာကွယ်ဆေး အကြီးအကျယ်ထုတ်လုပ်ဖို့အတွက် BioNTech ဟာ နောက်ပိုင်းမှာ အမေရိကန်နဲ့ ဂျာမနီတို့က ဆေးထုတ်လုပ်ရေးကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဘယ်အစိုးရကမှ ဒီကာကွယ်ဆေးကို အသိအမှတ်မပြုသေးတဲ့အချိန် ဒီဆောင်ရွက်ချက်ကို တော်တော်လေး အရဲစွန့် လုပ်ခဲ့တာပါ။

    ကိုဗစ်ကာကွယ်ဆေးကြောင့် BioNTech နဲ့ Pfizer တို့ဟာ ကန်ဒေါ်လာ ၁၃ ဘီလီယံလောက် ဝင်ငွေရလိမ့်မယ်လို့ Morgan Stanley က ခန့်မှန်းထားပါတယ်။ ရသမျှဝင်ငွေကို ဆေးပညာမှာပဲ ပြန်လည်မြှုပ်နှံမယ်လို့ ဒေါက်တာဆာဟင်က ပြောပါတယ်။ mRNA နည်းပညာအသုံးပြုပြီး ကင်ဆာကုသဆေး ထုတ်လုပ်ဖို့ဆိုရဲ့ သူ့ရဲ့ အဓိကရည်မှန်းချက်က မပြောင်းလဲပါဘူး။ လက်ရှိမှာ ဒေါက်တာဆာဟင် ဖော်ထုတ်ထားတဲ့ ကင်ဆာဆေး ၁၁ ခုလောက်ကို စျေးကွက်မှာ စမ်းသပ်နေကြပါတယ်။

    ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်ပါ့မလားဆိုပြီး သိပ္ပံပညာရှင် တော်တော်များများက သံသယဝင်ခဲ့ကြတာပါ။ အောက်စဖို့ဒ်တက္ကသိုလ်က mRNA နည်းပညာဆိုင်ရာ အကြီးတန်းသိပ္ပံပညာရှင် သောမတ်စ် စီ ရောဘတ်က ဆာဟင်ထုတ်ထားတဲ့ ကာကွယ်ဆေးရဲ့ရလဒ်က တော်တော်လေးကောင်းပေမယ့် mRNA နည်းပညာအသုံးပြုမှုမှာ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

    ဒေါက်တာဆာဟင်ကတော့ ဒီသုံးသပ်ချက်ကို သဘောမတူပါဘူး။ အခု ကာကွယ်ဆေးကို အသိအမှတ်ပြုလိုက်တာဟာ သူ့ရဲ့ နည်းပညာကို တရားဝင်သွားစေပြီး၊ ‘ဆေးထုတ်လုပ်ရေး ခေတ်သစ်ကြီးတစ်ခု ပေါ်ပေါက်လာတာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    Ref: Wall Street Journal

    (Wall Street Journal ပါ How a Couple’s Quest to Cure Cancer Led to the West’s First Covid-19 Vaccine ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • မော်ရိုကို၏ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ဂျူးလူမျိုးအကြောင်း သင်ကြားမည်

    မော်ရိုကို၏ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ဂျူးလူမျိုးအကြောင်း သင်ကြားမည်

    ဒီဇင်ဘာ ၁၄၊ ၂၀၂၀
    M-Media

    ဂျူးပြတိုက်တို့ သွားရောက်ကြည့်ရှုနေသည့် မော်ရိုဘုရင် မိုဟာမက်

    -အာဖရိကက မွတ်စလင်နိုင်ငံတစ်ခုဖြစ်တဲ့ မော်ရိုကိုရဲ့ ကျောင်းပြဌာန်းစာအုပ်မှာ နိုင်ငံအတွင်းက ဂျူးလူမျိုးတွေရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု အနုပညာတွေအကြောင်း ထည့်သွင်းသင်ကြားတော့မယ်လို့ သိရပါတယ်။

    မော်ရိုကိုနိုင်ငံဟာ မြောက်အာဖရိကမှာ ဂျူးလူမျိုးအများဆုံးရှိတဲ့ နိုင်ငံတစ်ခုပါ။

    ဂျူးလူ့အဖွဲ့အစည်းဟာ မော်ရိုကိုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီအရင်ကတည်းက ရှိခဲ့ကြတာဖြစ်ပြီး၊ အများစုဟာ ၁၄ ရာစုနှောင်းပိုင်း စပိန်နဲ့ ပေါ်တူဂီက ခရစ်ယာန်ဘာသာရေး အုပ်ချုပ်မှုစနစ်အောက် ဖိနှိပ်ညှမ်းပမ်း မောင်းထုတ်မှုကြောင့် ထွက်ပြေး ခိုလှုံလာရသူတွေ ဖြစ်ပါတယ်။

    ၁၉၄၀ ပြည့်နှစ်မှာ​ မော်ရိုကိုက ဂျူးလူမျိုးအရေအတွက်ဟာ ၂ သိန်းခွဲလောက်ရှိပြီး အဲဒီအချိန်က နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။

    အရှေ့ဥရောပကဂျူးတွေ ပါလက်စတိုင်းနယ်မြေမှာ အစ္စရေးနိုင်ငံအဖြစ်ထူထောင်တဲ့
    ၁၉၄၈ ခုနှစ်နောက်ပိုင်း မော်ရိုကိုက ဂျူးတွေဟာ အစ္စရေးကို ပြောင်းရွှေ့သွားကြပြီး လက်ရှိမှာ ဂျူးလူမျိုးအရေအတွက် ၃ ထောင်ဝန်းကျင်သာ မော်ရိုကိုမှာ ကျန်ပါတော့တယ်။

    ပညာရေးသင်ရိုးညွှန်းတမ်းစနစ် ပြုပြင်ပြောင်းလဲကိုရေးကို မော်ရိုကိုက ၂၀၁၄ ခုနှစ်က စတင်ကာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဂျူးလူမျိုးသမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအကြောင်း ထည့်သွင်းသင်ကြားရေးလည်း ဒီစီမံကိန်းမှာ ပါဝင်ပါတယ်။

    လာမယ့်စာသင်နှစ်ကစပြီး မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းမှာ ဂျူးလူမျိုးတွေအကြောင်း ထည့်သွင်းသင်ကြားမှာ ဖြစ်ပါတယ်။ ၂၀၂၂ စာသင်နှစ်ရောက်ရင် အလယ်တန်းအဆင့် သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းသင်ကြားဖို့လည်း မော်ရိုကိုက စီစဉ်ထားပါတယ်။

    မော်ရိုကိုမှာ ဂျူးသမိုင်းပြတိုက်တစ်ခုလည်း ရှိနေပြီး အာဖရိကမှာ တစ်ခုတည်းသော ဂျူးလူမျိုးဆိုင်ရာ သမိုင်းပြတိုက် ဖြစ်ပါတယ်။

    မော်ရိုကိုဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူညီခဲ့ပြီး၊ ယူအေအီး၊ ဘာရိန်း၊ ဆူဒန်တို့နောက် ပြီးခဲ့တဲ့လတွေအတွင်း မွတ်စလင်ကမ္ဘာမှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့နိုင်ငံ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာတာပါ။

    မော်ရိုကိုဟာ အရင်ကတည်းက အစ္စရေးနဲ့ လျှို့ဝှက်ဆက်ဆံရေးရှိနေတာ ဖြစ်ပါတယ်။ အစ္စရေးက မော်ရိုကိုနွယ်ဖွားဂျူးတွေဟာ မော်ရိုကိုကို နှစ်စဉ် လာရောက်လည်ပတ်မှုတွေလည်း ရှိပါတယ်။

    Ref: Arab News