News @ M-Media

ရုရှား၏ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင်ထုတ်မည်

ဒီဇင်ဘာ ၁၉၊ ၂၀၂၀
M-Media

-ရုရှားက ဖန်တီးထားတဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်အတွင်း အိန္ဒိယမှာ အလုံးရေ သန်း ၃၀၀ လောက် ထုတ်လုပ်ဖို့ ရှိနေပါတယ်။

Sputnik V ဟာ ကမ္ဘာမှာ အစိုးရက တရားဝင်ခွင့်ပြုတဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး ယူအေအီး၊ ဗင်နီဇွဲလား၊ အိန္ဒိယနဲ့ ဘီလာရုဇ်နိုင်ငံတွေမှာ စမ်းသပ်အသုံးပြုနေကာ ၉၁ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ထားပါတယ်။

အိန္ဒိယဆေးကုမ္ပဏီ Hetero Biopharma က သူတို့ဟာ Sputnik V အလုံးရေ သန်း ၁၀၀ လောက်ထုတ်လုပ်မယ်လို့ တရားဝင်ပြောကြားထားတာပါ။ နောက်ထပ် သန်း ၂၀၀ လောက်ကို တစ်ခြား ဘယ်ကုမ္ပဏီတွေက ထုတ်ပေးမလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

နယူးဒေလီမှာရှိတဲ့ ရုရှားသံရုံးကတော့ အိန္ဒိယမှာထုတ်ထားတဲ့ ကာကွယ်ဆေးကို စမ်းသပ်အသုံးပြုနေတယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

ရုရှားအစိုးရ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ RDIF အကြီးအကဲ ကီရီရ် ဒီမီထရီဗ်က အိန္ဒိယကဆေးကုမ္ပဏီကြီး ၄ ခုလောက်နဲ့ စာချုပ်ချုပ်ထားပြီး နောက်နှစ်အတွင်း အလုံးရေ သန်း ၃၀၀ ကျော်လောက် ထုတ်လုပ်ဖို့ရှိတယ်လို့ ရုရှားသတင်းဌာနတစ်ခုကို ပြောပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး အကြီးအကျယ် ထုတ်လုပ်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်။ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက လာမယ့် သီတင်းပတ်​အနည်းငယ်အတွင်း ကိုဗစ်ကာကွယ်ဆေးတစ်ချို့ကို အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုပေးသွားမယ်လို့ ပြောကြားထားပါတယ်။

လက်ရှိမှာ အောက်စဖို့ဒ်ထုတ် Oxford-AstraZeneca၊ အမေရိကန်ထုတ် Pfizer-BioNTech နဲ့ အိန္ဒိယကုမ္ပဏီ Bharat Biotech ထုတ် ကာကွယ်ဆေးတွေက အရေးပေါ်အသုံးပြုခွင့်ပေးဖို့ လျှောက်ထားပါတယ်။

Ref: CNA