News @ M-Media

Blog

  • ဂါဇာရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်းတွင် အစ္စရေးက စစ်ရာဇ၀တ်မှုများ ထပ်မံ ကျူးလွန်နေ

    ဂါဇာရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်းတွင် အစ္စရေးက စစ်ရာဇ၀တ်မှုများ ထပ်မံ ကျူးလွန်နေ

    မေ ၁၆၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ဂျာဘာလီယာ ဒုက္ခသည်စခန်း မြင်ကွင်း)

    -ဂါဇာကမ်းမြှောင် မြောက်ပိုင်းက ဂျာဘာလီယာ ဒုက္ခသည်စခန်းမှာ အစ္စရေးက စစ်ရာဇ၀တ်မှုမြောက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံ ကျူးလွန်နေပါတယ်။ 

    အခုတစ်ပတ်အစောပိုင်းက စတင်ကာ ဒုက္ခသည်စခန်းက နေအိမ်တွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။ 

    မေလ ၁၅ ရက်နေ့ တစ်ရက်တည်းမှာတင် ကိုယ်၀န်ဆောင်သည် တစ်ဦးအပါအ၀င် အနည်းဆုံး လူ ၄ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပါတယ်။ 

    လူနာတင်ယာဥ်တစ်စီးလည်း တိုက်ခိုက်ခံရပြီး ဆေးမှူး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ဒုတိယကမ္ဘာစစ်က ဥပရာကနေ ၀င်ရောက်လာတဲ့ ဂျူးလူမျိုးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းနယ်မြေတွေကို သိမ်းပိုက်ခိုးယူပြီး အစ္စရေးနိုင်ငံ ထူထောင်ချိန် ၁၉၄၈ ခုနှစ်က သတ်ဖြတ်မောင်းထုတ်ခံလိုက်ရတဲ့ ပါလက်စတိုင်းတွေ ယာယီနေထိုင်ဖို့အတွက် ဂါမြောက်ပိုင်း ဂျာဘာလီယာ ရွာနားမှာ ကုလသမဂ္ဂရဲ့ အစီအစဥ်နဲ့ ဂျာဘာလီယာ ဒုက္ခသည်စခန်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

    ဒီဒုက္ခသည်စခန်းဟာ ဂါဇာက ဒုက္ခသည်စခန်းတွေထဲမှာ လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး ကုလ အကူညီပေးရေးအဖွဲ့ UNRWA က စီမံနေတဲ့ စာသင်ကျောင်း ၂၆ ကျောင်းအထိ ရှိပါတယ်။ 

    ပြီးခဲ့တဲဲ့နှစ် အောက်တိုဘာလ ဂါဇာမှာ တစ်ကျော့ပြန်လူသတ်ပွဲ ပြန်စတဲ့အချိန် အစ္စရေးဟာ လူဦးရေအများဆုံးဖြစ်တဲ့ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အဓိက ပစ်မှတ်ထားကာ လေကြောင်း၊ မြေပြင်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ 

    တိုက်ခိုက်မှုစလို့ ပထမတစ်ပတ်အတွင်းမှာပဲ ဂျာဘာလီယာ ဒုက္ခသည်စခန်းမှာ လူ ၅၀ ကျော်ကို အစ္စရေးက သတ်ဖြတ်ခဲ့ပါတယ်။

    ဒီဇင်ဘာလအတွင်းက တိုက်ခိုက်မှုတစ်ခုအတွင်း ဒုက္ခသည်စခန်းက ပါလက်စတိုင်း အနည်းဆုံး ၉၀ လောက် အသတ်ခံရပြီး၊ အဆောက်အဦးအများအပြား ဖျက်ဆီးခံခဲ့ရပါတယ်။

    ဖေဖော်၀ါရီလမှာ ဂါဇာမြောက်ပိုင်းက အစ္စရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ပေမယ့် မေလ ၁၃ ရက်နေ့ကစပြီး ဂျာဘာလီယာ ဒုက္ခသည်စခန်းကို ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အစ္စရေးက ထပ်မံပြုလုပ်လာပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ စတင်ခဲ့တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်း အရေအတွက်ဟာ ၃၅၇၂၇ ဦး ရှိလာပါပြီ။

    အဲဒီအထဲမှာ ကလေးငယ် ၁၅၀၀၀ ကျော်နဲ့ အမျိုးသမီး ၉၅၀၀ ကျော် ပါ၀င်ပါတယ်။ အပျက်အဆီးတွေအောက် ပိတ်မိပျောက်ဆုံးနေသူအရေအတွက်က ၈ ထောင်ကျော် ရှိနေပြီး၊ ဒဏ်ရာရသူက သောင်းချီ ရှိပါတယ်။

    ဂါဇာကမ်းမြှောင်တစ်ခုလုံးက အခြေခံအဆောက်အဦးတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကိုလည်း အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera 

  • ကျောင်းသားများ အိမ်စာအလွန်အကျွံလုပ်ရသည့် ပြဿနာကို တရုတ်အစိုးရ ဖြေရှင်းမည်

    ကျောင်းသားများ အိမ်စာအလွန်အကျွံလုပ်ရသည့် ပြဿနာကို တရုတ်အစိုးရ ဖြေရှင်းမည်

    မေ ၁၄၊ ၂၀၂၄

    M-Media 


    -အိမ်စာအလွန်အကျွံ လုပ်ရတာအပါအ၀င် နိုင်ငံတစ်၀ှမ်း ကျောင်းတွေမှာ ကျောင်းသားတွေ ကြုံတွေ့ခံစားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ တရုတ်အစိုးရက စီမံကိန်းတစ်ခု စတင်လိုက်ပါတယ်။ 

    ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးမယ့် အစီအစဥ်လို့ ခေါင်းစဥ်တပ်ထားပါတယ်။ 

    တရုတ် ပညာရေး၀န်ကြီးဌာနရဲ့ မေလ ၁၄ ရက်နေ့ ထုတ်ပြန်မှုမှာ အိမ်စာအလွန်အကျွံလုပ်ရတာ၊ အနိုင်ကျင့်ခံရတာတွေအပါအ၀င် နိုင်ငံတစ်၀ှမ်း ကျောင်းသားတွေ ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ဒီစီမံကိန်းကနေ ဖြေရှင်းပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ 

    အထူးသဖြင့် ကျေးလက်ဒေသက ရွှေ့ပြောင်း ကျောင်းသားတွေ၊ မိဘက မြို့ကြီးတွေမှာ အလုပ်သွားလုပ်နေတာကြောင့် စောင့်ရှောက်ကူညီမယ့်သူ မရှိတဲ့ ကျောင်းသားတွေကို အဓိက ပစ်မှတ်ထားမှာပါ။ 

    ကျောင်းသားတွေ ရင်ဆိုင်ခံစားနေရတဲ့ အချက် ၁၂ ချက်ကို တရုတ် ပညာရေး၀န်ကြီးဌာနရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပြီး၊ အဲဒီအချက်တွေထဲမှာ ကလေးတွေရဲ့ အားလပ်ချိန်အထိ ပညာရေးက လွှမ်းမိုးနေတာ၊ ကျောင်းတွေမှာ အနိုင်ကျင့်ခံရမှု၊ ဆရာ၊ ဆရာမတွေရဲ့ လစ်လျူရှုခံရမှု စတာတွေ ပါ၀င်ပါတယ်။ 

    ကျောင်းသားတွေအပေါ် ဖိအားလျော့စေမယ့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို တရုတ်အစိုးရက ၂၀၂၁ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ 

    ပြည်သူတွေ ပညာရေးစနစ် သက်သာစေဖို့ ကန်ဒေါ်လာ ဘီလီလံ ၁၂၀ တန်ဖိုးရှိတဲ့ ပုဂ္ဂလိက ကျူရှင်စနစ်ကို တရုတ်အစိုးရက ၀င်ရောက်ထိန်းသိမ်းခဲ့ပါတယ်။ 

    Ref: Reuters

  • GPS လွတ် AI ဖိုက်တာဂျက် ထုတ်လုပ်ရေးတွင် တရုတ်ထက်သာရန် အမေရိကန် ကြိုးပမ်းနေ

    GPS လွတ် AI ဖိုက်တာဂျက် ထုတ်လုပ်ရေးတွင် တရုတ်ထက်သာရန် အမေရိကန် ကြိုးပမ်းနေ

    မေ ၁၄၊ ၂၀၂၄

    M-Media 


    – GPS လွတ် AI ဖိုက်တာဂျက်တွေ ဖန်တီးထုတ်လုပ်ရာမှာ တရုတ်လို ပြိုင်ဘက်နိုင်ငံတွေထက် ရှေ့ကိုရောက်နေအောင် အမေရိကန်က ကြိုးပမ်းဆောင်ရွက်နေပါတယ်။ 

    အမေရိကန် လေတပ်ဟာ AI အခြေပြု F-16 တိုက်လေယာဥ်နဲ့ လူမောင်း F-16 တိုက်လေယာဥ်တို့ စီးချင်းထိုးမှုကို မေလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ 

    ဒါဟာ အမေရိကန်လေတပ်ရဲ့ ဉာဏ်ရည်တုနည်းပညာအသုံးပြုမှုမှာ သမိုင်းမှတ်တိုက်သစ် စိုက်ထူလိုက်နိုင်တာပါ။ 

    F-16 တိုက်လေယာဥ်မှာ အသုံးပြုမယ့် ဉာဏ်ရည်တုစနစ်ကို မြေပြင်မှာ အရင်ဖန်တီးတာဖြစ်ပြီး၊ ပြည့်စုံသွားမှ တိုက်လေယာဥ်ထဲ ထည့်သွင်း အသုံးပြုတာဖြစ်ပါတယ်။ အသုံးပြုပြီးတဲ့အခါမှာ ဒီစနစ်ကို လေယာဥ်ကနေ ဖယ်ရှားခဲ့ပါတယ်။ 

    ဉာဏ်ရည်တုနည်းပညာကို တိုက်ခိုက်ရေးအပြင်၊ လမ်းပြစနစ်မှာလည်း အသုံးပြုဖို့ အမေရိကန်လေတပ်က ကြိုးပမ်းနေပါတယ်။ GPS အစားထိုး AI လမ်းပြစနစ်သစ် ဖြစ်ပါတယ်။ 

    GPS ဟာ ဂြိုဟ်တုအခြေပြု လမ်းပြစနစ်ပါ။ ဂြိုဟ်တုတွေ တိုက်ခိုက်ခံရတာ၊ ဒါမှမဟုတ် နှောက်ယှက်ခံရတာမျိုးမှာ ဆက်သွယ်ရေး မပြတ်တောက်စေဖို့အတွက်ရည်ရွယ်ပြီး AI လမ်းပြစနစ်ကို ဖန်တီးနေတာ ဖြစ်ပါတယ်။ 

    အမေရိကန်ဟာ ဉာဏ်ရည်တုနည်းပညာနယ်ပယ်မှာ တရုတ်နဲ့ အဓိက ယှဥ်ပြိုင်နေရတာ ဖြစ်ပါတယ်။ AI ကို စစ်ပွဲတွေမှာ အသုံးပြုလာရင် လူသားတွေ ထိခိုက်သေဆုံးမှုတွေ များပြားလာမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ 

    အမေရိကန် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ခရစ္စတိုဖာ ဂရာဒီက ဉာဏ်ရည်တုနည်းပညာမှာ တရုတ်နဲ့ ယှဥ်ပြိုင်နေရတာကို အတည်ပြု ပြောဆိုပါတယ်။ 

    “ပြိုင်ဆိုင်မှုလို့ ခေါ်ချင်ခေါ်လို့ရပါတယ်။ တကယ်လည်း ပြိုင်ဆိုင်နေရတာပါ။ အနာဂတ်စစ်မြေပြင်မှာ AI ဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ နှစ်နိုင်ငံစလုံး သိထားကြပါတယ်။ ဒီအတွက် တရုတ်က အားထုတ်ကြိုးပမ်းနေသလို၊ ကျွန်တော်တို့လည်း အတူတူပါပဲ”

    Ref: Interesting Engineering

  • အကူအညီပေးရေးအဖွဲ့များကို အစ္စရေးက တမင် ပစ်မှတ်ထား တိုက်ခိုက်

    အကူအညီပေးရေးအဖွဲ့များကို အစ္စရေးက တမင် ပစ်မှတ်ထား တိုက်ခိုက်

    မေ ၁၄၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အစ္စရေး၏ အကြမ်းဖက်တိုက်ခိုက်မှုကို ခံခဲ့ရသည့် WCK အကူအညီပေးရေးယာဥ်)

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေးရဲ့ ဂါဇာတစ်ကျော့ပြန်လူသတ်ပွဲအတွင်း ကုလနဲ့ အကူအညီပေးရေးအဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အနည်းဆုံး ၈ ကြိမ်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ 

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ရဲ့ မေလ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီတိုက်ခိုက်မှုတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားပါတယ်။ 

    အကူအညီပေးရေးအဖွဲ့တွေရဲ့ အဆောက်အဦးတွေ၊ အကူအညီပေးရေး ယာဥ်တန်းတွေကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

    တိုက်ခိုက်မှု ၈ ခုစလုံးမှာ တိုက်ခိုက်ခံရတဲ့ အကူအညီပေးရေးအဖွဲ့တွေဟာ သူတို့ရဲ့ လှုပ်ရှားမှု အသေးစိတ်ကို အစ္စရေးထံ ပေးပို့အကြောင်းကြားထားပြီးသားဖြစ်တယ်ဆိုတာ တွေ့ရကြောင်း HRW က ပြောပါတယ်။ 

    ကုလနဲ့ အကူအညီပေးရေးအဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေအရ  စစ်ရာဇ၀တ်မှုဖြစ်ပါတယ်။ 

    အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ၈ ခုအတွင်း အကူအညီပေးရေး၀န်ထမ်း အနည်းဆုံး ၃၁ ဦး သေဆုံး၊ ဒဏ်ရာရရှိခဲ့ပါတယ်။ 

    ကြိုတင်သတိပေးခြင်းမရှိဘဲ တမင်ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး အမေရိကန်လုပ် F-16 တိုက်လေယာဥ်တွေ၊ ဗြိတိန်လုပ် စစ်လက်နက်ပစ္စည်းတွေ အသုံးပြုခဲ့တာကို တွေ့ရကြောင်းလည်း HRW ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    “အကူအညီပေးရေး၀န်ထမ်းတွေ သေဆုံးတဲ့ ဒီလိုတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ဖြစ်ပွားနေတယ်ဆိုတာ အစ္စရေးရဲ့ မဟာမိတ်တွေက လက်ခံဖို့လိုပြီး ဒါကို ရပ်တန့်အောင် လုပ်ပေးရပါမယ်”လို့ HRW က တာ၀န်ရှိသူ ဘဲလ်ကစ် ၀ီလီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera 

  • နှစ် ၁၀၀ ကျော်မှ ရောင်းချခွင့်ရသည့် ရှေးဟောင်းဒင်္ဂါးများ

    နှစ် ၁၀၀ ကျော်မှ ရောင်းချခွင့်ရသည့် ရှေးဟောင်းဒင်္ဂါးများ

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -ဒိန်းမတ်နိုင်ငံက ထောပတ်လုပ်ငန်းရှင် သူဌေး လာစ်အီမီလ် ဘရွန် စုဆောင်းထားခဲ့တဲ့ ရှေးဟောင်ဒင်္ဂါးတွေကို အခုနှစ်နွေရာသီမှာ လေလံပစ်တော့မယ်လို့ သိရပါတယ်။ 

    ဘရွန်ရဲ့ စုဆောင်းမှုမှာ ဒင်္ဂါးပေါင်း ၂ သောင်း ပါ၀င်ပြီး လက်ရှိကာလပေါက်စျေးအရ ကန်ဒေါ်လာ ၇၅ သန်းလောက် တန်ကြေးရှိပါတယ်။ 

    ရှေးဟောင်းဒင်္ဂါး စုဆောင်းမှုသမိုင်းမှာ တန်ကြေးအများဆုံး စုဆောင်းမှုလည်း ဖြစ်ပါတယ်။ 

    ဘရွန်ကို ၁၈၅၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ထောပတ်လုပ်ငန်းနဲ့ ချမ်းသာပြီးနောက်ပိုင်း ဒိန်းမတ်၊ နော်၀ေနဲ့ ဆွီဒင်တို့က ရှေးဟောင်းဒင်္ဂါးတွေကို ရှာဖွေ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ 

    ပထမကမ္ဘာစစ်ပြီးနောက်ပိုင်း သူရေးသားခဲ့တဲ့ သေတမ်းစာမှာ သူ့ရဲ့စုဆောင်းမှုကို နှစ်ပေါင်း ၁၀၀ တိတိ သိမ်းထားပြီးမှ ရောင်းချဖို့ ဖော်ပြထားပါတယ်။ 

    သူစုဆောင်းထားတဲ့ ရှေးဟောင်းဒင်္ဂါးတွေထဲက တစ်ချို့ဟာ တစ်ပြားကို ဒေါလာ တစ်သန်းလောက်အထိ တန်ကြေးရှိပါတယ်။ 

    အများပြည်သူကို လေလံမပစ်ခင် ဒိန်းမတ်အမျိုးသားပြတိုက်က ရှေးဟောင်း ရွှေဒင်္ဂါး ၆ ပြားနဲ့ ငွေဒင်္ဂါးတစ်ပြားကို စုစုပေါင်း ဒေါ်လာ ၁ သန်းကျော်နဲ့ ၀ယ်ယူခဲ့ပါတယ်။ 

    Ref: Sky News