News @ M-Media

Blog

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ​စက်တင်ဘာ ၁၀၊ ၂၀၂၀
    M-Media

    ပေါ့ဘာမှာ အလုပ်ပေါ်တွင် စိတ်နှစ်မြှုပ်မှုမရှိဟု ဂယ်ရီနဗီးလ်ပြော

    • ကွင်းလယ်လူပေါ့ဘာဟာ ပါရမီရှိပေမယ့် စိတ်နှစ်မြှုပ်မှုအားနည်းတာကြောင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက် မဖြစ်တာလို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောကြားလိုက်ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ပေါင် ၈၉ သန်းနဲ့ မန်ယူကိုရောက်လာတဲ့ပေါ့ဘာဟာ ခြေစွမ်းကောင်းကို ပုံမှန်မပြနိုင်ဘဲ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးလည်း မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။

    ဂယ်ရီနဗီးလ်က ပတ်ဝန်းကျင်ရဲ့စကားတွေကြောင့် စိတ်မနှစ်မြှုပ်နိုင်တာမျိုး ကစားသမားတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး သူလည်း ဖြစ်ဖူးတယ်လို့ ဆိုပါတယ်။ မန်ယူဟာ လက်ရှိမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီလို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အသင်းတွင် ပါဝင်ကစားရန် အသင့်ရှိဟု အိုဇေးလ်ပြော

    အသင်းမှာ ပါဝင်ကစားဖို့အတွက် ကြံ့ခိုင်မှုပြည့်ကာ အဆင်သင့်ဖြစ်နေတယ်လို့ အာဆင်နယ်ကွင်းလယ်လူ မီဆုအိုဇေးလ်က ပြောကြားလိုက်ပါတယ်။

    အာဆင်နယ်ဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် စနေနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ကစားရမှာပါ။ အသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ အိုဇေးလ်ဟာ ကိုရိုနာကြောင့် ခေတ္တရပ်နားပြီး ပြန်စတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ရာသီကုန်အထိ နည်​းပြအာတီတာရဲ့ ရွေးချယ်မှုကိုမခံရတော့ဘဲ၊ အသင်းကရောင်းချဖို့ ကြိုးပမ်းမှုကိုလည်း အိုဇေးလ်က လက်မခံခဲ့ပါဘူး။

    မိမိက အဆင်သင့်ဖြစ်ပေမယ့် ဖူလ်ဟမ်နဲ့ပွဲ ရွေးချယ်ခံရခြင်း ရှိ၊ မရှိဆိုတာက နည်းပြအပေါ်မှာ မူတည်နေတယ်လို့ အိုဇေးလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal

    mmFootballNews

  • ဆွီဒင်လက်ယာစွန်းရောက်အဖွဲ့က ကုရ်အာန်မီးရှို့ပွဲလုပ်

    ဆွီဒင်လက်ယာစွန်းရောက်အဖွဲ့က ကုရ်အာန်မီးရှို့ပွဲလုပ်

    စက်တင်ဘာ ၁၀၊ ၂၀၂၀
    M-Media

    ​Stram Kurs လက်ယာစွန်းရောက်အဖွဲ့ခေါင်းဆောင်
    Rasmus Paludan

    -ဆွီဒင်နိုင်ငံက လယ်ယာစွန်းရောက် အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေဟာ မြို့တော်စတော့ဟုမ်းမှာ ကုရ်အာန်မီးရှို့ပွဲအခမ်းအနားတစ်ခုကို ဒီကနေ့ လုပ်ဆောင်ခဲ့ပါတယ်။

    ​Stram Kurs ဆိုတဲ့ လက်ယာစွန်းရောက်အဖွဲ့ဖြစ်ပြီး အဖွဲ့ခေါင်းဆောင် Rasmus Paludan က ကုရ်အာန်မီးရှို့တဲ့ ဗီဒီယိုကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။ ကုရ်အာန်မီးရှို့ပွဲလုပ်ဖို့အတွက် ဒီအဖွဲ့က ရဲတပ်ဖွဲ့ထံမှာ ခွင့်ပြုချက်တောင်းခဲ့ပေမယ့် ရဲတပ်ဖွဲ့က မပေးပါဘူး။

    စက်တင်ဘာ ၁၂ ရက်နေ့ကျရင် စတော့ဟုမ်းမြို့က နေရာ ၅ ခုမှာ ဒီလို မီးရှို့ပွဲတွေလုပ်ဖို့လည်း ဒီအဖွဲ့က စီစဉ်ထားပါတယ်။

    ဆွီဒင်က မွတ်စလင်လူ့အဖွဲ့အစည်းကတော့ ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဆွေးနွေးတိုင်ပင်နေကြပါတယ်။

    “တည်တည်ငြိမ်ငြိမ်နဲ့ ရန်သူကိုမိတ်ဆွေအဖြစ်ပြောင်းဖို့ ကျွန်တော်တို့က တိုက်တွန်းအားပေးရမှာပါ။ စိတ်လိုက်မာန်ပါ လုပ်တာမျိုးထက် ဥပက္ခာပြုလိုက်ရမှာ ဖြစ်ပါတယ်” လို့ စတော့ဟုမ်းဗလီက ရှေ့ဆောင်အီမာမ်တစ်ဦးဖြစ်တဲ့ မဟ်မူးဒ် ခါလ်ဖီက ပြောပါတယ်။

    စနနေ့ကျရင် စတော့ဟုမ်းမြို့တွင်းက ဗလီတွေမှာ လုံခြုံရေးတိုးမြှင့်ပေးဖို့အတွက်လည်း မွတ်စလင်အဖွဲ့က ရဲတပ်ဖွဲ့ထံ တောင်းဆိုထားပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း ​Stram Kurs အဖွဲ့ဟာ နိုင်ငံတောင်ပိုင်း မာလ်မိုမြို့မှာ ဝက်အူချောင်းတွေနဲ့ ချည်နှောင်ထားတဲ့ ကုရ်အာန်ကို မီးရှို့ပွဲလုပ်ခဲ့ပါတယ်။ ဒီပွဲကို အဖွဲ့ခေါင်းဆောင် ​Rasmus Paludan လာရောက်ဖို့ စီစဉ်ထားပေမယ့် ဆွီဒင်အစိုးရက ပြည်ဝင်ခွင့်မပေးခဲ့ဘဲ နောက်ပိုင်းမှာ ပြည်ဝင်ခွင့် ၂ နှစ် ပိတ်ပင်ခဲ့ပါတယ်။

    ဒီကနေ့ မီးရှို့ပွဲအပြီး နာရီပိုင်းအကြာမှာပဲ ဒီကိစ္စကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတစ်ခုကို ဆွီဒင်ပြည်သူတွေက လုပ်ဆောင်ခဲ့ပါတယ်။ လူ ၃၀၀ လောက်ပါဝင်တဲ့ ဒီဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦး ဖမ်းဆီးခံရကာ ရဲတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    စက်တင်ဘာ ၁၀၊ ၂၀၂၀
    M-Media

    WHO အကြီးအကဲ Tedros Adhanom Ghebreyesus

    နိုင်ငံတကာကျန်းမာရေးစည်းမျဉ်းကို WHO က ပြန်လည်သုံးသပ်နေ

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ နိုင်ငံတကာကျန်းမာရေးစည်းမျဉ်း (IHR) အမှန်တကယ် အကျိုးသက်ရောက်မှုရှိလားဆိုတာနဲ့ပတ်သက်လို့ အင်္ဂါနေ့ကစတင်ကာ သုံးသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

    ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြုံတွေ့ရတဲ့အခါမှာ ကမ္ဘာ့နိုင်ငံတွေက ထိထိရောက်ရောက် တုန့်ပြန်နိုင်ရေး မူဘောင်လည်းဖြစ်တဲ့ IHR ကို ၂၀၀၅ ခုနှစ်က နောက်ဆုံး သုံးသပ်ပြင်ဆင်ခဲ့တာပါ။

    Covid-19 ကပ်ရောဂါပေါ်လာပြီးတဲ့နောက် IHR ရဲ့ ထိရောက်မှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပြီးတဲ့နောက် WHO အကြီးအကဲဟောင်းက စည်းမျဉ်းတွေကို သုံးသပ်ပြုပြင်ဖို့ လိုအပ်လာပြီလို့ ဇွန်လမှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာတော့ ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေးကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။

    သုံးသပ်ချက် ကနဦးအစီရင်ခံစာကို လာမယ့်နိုဝင်ဘာလ ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ တင်သွင်းမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလညီလာခံမှာတော့ အပြည့်အစုံ တင်သွင်းဖို့ ရည်ရွယ်ထားပါတယ်။

    Ref: VOA

    ငွေကြေးကြပ်တည်းမှုက မိမိကိုယ်ကိုသတ်သေမှု၏ အဓိကအကြောင်းအရင်းဖြစ်နေ

    -မိမိကိုယ်ကို သတ်သေတဲ့အကြောင်းအရင်းမှာ ငွေရေးကြေးရေးအခက်အခဲက အဓိကအကြောင်းအရင်းဖြစ်တယ်လို့ American Journal of Epidemiology ဂျာနယ်က သုတေသနရလဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။

    ငွေရေးကြေးရေးအခက်အခဲက ကိုယ့်ကိုယ်ကိုသတ်သေဖို့ အခြားအကြောင်းအရင်းတွေထက် အဆ ၂၀ လောက် ပိုမိုမြင့်မားတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

    ကိုဗစ်ကပ်ရောဂါနောက်ဆက်တွဲ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ကိုယ့်ကိုယ်ကိုသတ်သေမှု မြင့်တက်လာမှာကို သိပ်မကြာခင်အနာဂတ်မှာ မြင်တ​ွေ့ရဖို့ရှိကြောင်း ပညာရှင်တွေက သတိပေးခဲ့သလို၊ ကိုယ့်ကိုယ်သတ်သေမှုတားဆီးရာမှာ လူတွေက ဝင်ငွေကို ဘယ်လိုစီမံခန့်ခွဲလဲဆိုတာကို ပေါ်လစီချမှတ်သူတွေက စဉ်းစားဖို့လိုကြောင်း ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    Ref: Medical News Today

    ဩစတလျေးက ကိုဗစ်ကာကွယ်ဆေး သန်း ၈၀ ကျော် ဝယ်ယူရန် ဘိုကင်လုပ်ထား

    စမ်းသပ်ဆဲ ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး အောင်မြင်ရင် အလုံးရေ ၈၅ သန်းလောက်ကိုဝယ်ယူပြီး ပြည်သူတွေကို အခမဲ့ထိုးပေးဖို့ ဩစတေးလျက စီစဉ်ထားပါတယ်။

    ပြည်တွင်းတက္ကသိုလ်တစ်ခုနဲ့ ယူကေ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်ပြီး အလားအလာကောင်းတယ်လို့ မှတ်ယူခံထားရတဲ့ ဆေးနှစ်မျိုးကို ဝယ်ယူဖို့ သဘောတူညီချက် ရထားတာပါ။

    တရားဝင်သုံးစွဲခွင့်ရမယ်ဆိုရင် လာမယ့်နှစ် ဇန်နဝါရီလက စတင်ကာ ပြည်သူ ၂၅ သန်းလောက်ကို ထိုးပေးမှာ ဖြစ်ပါတယ်။

    အောက်စဖို့ဒ်တက္ကသိုလ်ထုတ်ဆေးကို စမ်းသပ်ထားရာမှာ ထိုးနှံထားသူတစ်ဦးက နေထိုင်မကောင်းဖြစ်လာတဲ့အတွက် လက်ရှိမှာ စမ်းသပ်မှုကို ရပ်ဆိုင်းထားပါတယ်။

    ဩတေးလျဟာ ကိုဗစ်ကာကွယ်ဆေးကို ပြည်တွင်းမှာထုတ်လုပ်နိုင်ဖို့လည်း စီစဉ်နေပါတယ်။

    Ref: BBC

  • တစ်လအရင်က ပေါက်ကွဲမှုဖြစ်ခဲ့သည့် ဘေရွတ်ဆိပ်ကမ်းတွင် မီးထပ်လောင်

    တစ်လအရင်က ပေါက်ကွဲမှုဖြစ်ခဲ့သည့် ဘေရွတ်ဆိပ်ကမ်းတွင် မီးထပ်လောင်

    စက်တင်ဘာ ၁၀၊ ၂၀၂၀
    M-Media

    -ဩဂုတ်လဆန်းပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်မှာ ဒီကနေ့ မီးထပ်လောင်ခဲ့ပြီး နှစ်ရက်အတွင်း နှစ်ကြိမ်မြောက် မီးလောင်တာလည်း ဖြစ်ပါတယ်။

    လက်ဘနွန်စစ်တပ်က ဒီကနေ့မနက်မီးဟာ ဆီနဲ့ တာယာတွေ သိုလှောင်ထားတဲ့ ကုန်လှောင်ရုံကနေ လောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အင်္ဂါနေ့ကလည်း အသေးစားမီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

    ဩဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး ၆၅၀၀ ကျော်လောက် ဒဏ်ရာရခဲ့ပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ ဆိပ်ကမ်းမှာ သိုလှောင်ထားတဲ့ အမိုနီယံနိုက်ထရိတ် ၃ ​ထောင်နီးပါးကြောင့် ဖြစ်တာလို့ လက်ဘနွန် အစိုးရက ထုတ်ပြန်ထားပါတယ်။

    အဲဒီဆိပ်ကမ်းမှာ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့တဲ့ အပျက်အဆီးတွေကို လက်ရှိအချိန်အထိ ရှင်းလင်းနေရတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဦးဥတ္တမသာရ (သို့မဟုတ်) စွန့်ပစ်ပလက်စတစ်တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ဘုန်းတော်ကြီး

    ဦးဥတ္တမသာရ (သို့မဟုတ်) စွန့်ပစ်ပလက်စတစ်တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ဘုန်းတော်ကြီး

    စက်တင်ဘာ ၁၀၊ ၂၀၂၀
    M-Media

    သံလျင်သဘာ၀တရားရိပ်သာမှ ဘုန်းတော်ကြီး ဦးဥတ္တမသာရ

    -ကိုဗစ် ကပ်ရောဂါ ကာလအတွင်း ရန်ကုန်နေပြည်သူတွေရဲ့ ပလက်စတစ်စွန့်ပစ်မှု မြင့်တက်လာတာကို သတိပြုမိတဲ့ ထင်ရှားတဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ တစ်ခုခုလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    သန်လျင်မြို့က ‘သဘာ၀ တရားရိပ်သာ’ ကို ဦးစီးနေတဲ့ ဆရာတော် ဦးဥတ္တမသာရဟာ ရိပ်သာက ထောင်နဲ့ချီတဲ့သူတွေကို ကျွေးမွေးရာမှာ အသုံးပြုတဲ့ ပန်းကန်ခွက်ယောက်တွေနေရာမှာ အစားထိုးအသုံးပြုဖို့ စွန့်ပစ်ပလက်တစ်ဘူး စုဆောင်းရေး လှုပ်ရှားမှုကို လုပ်ဆောင်နေပြီး အံ့ဩဖွယ် တုန့်ပြန်မှုကိုလည်း ရရှိနေပါတယ်။

    ဒါဇင်နဲ့ချီတဲ့ စေတနာ့၀န်ထမ်းတွေရဲ့ ကူညီမှုနဲ့အတူ ဆရာတော်ရဲ့အဖွဲ့ဟာ တစ်နေ့ကို အသုံးပြုပြီးသား ပလက်စတစ်ဘူး ထောင်ချီ စုဆောင်းလာနိုင်ပါတယ်။ အဲဒီထဲက တစ်ချို့ကို အစားအသောက်ထည့်တဲ့ဘူးတွေအဖြစ် ပြောင်းလဲအသုံးပြုပြီး၊ တစ်ချို့ကိုတော့ တရားရိပ်သာက အဆောက်အဦး ဆောက်လုပ်ရာမှာ ပေါင်းစပ် အသုံး ပြုနေပါတယ်။

    “ကပ်ရောဂါကာလအတွင်း လမ်းတွေမှာ စွန့်ပစ်ပလက်စတစ်တွေ တောင်လိုပုံလာတယ်” လို့ သက်တော် ၅၁ နှစ်အရွယ် ဦးဥတ္တမသာရပြောပါတယ်။

    နေ့စဥ်ဆွမ်းခံကြွစဥ် လမ်းတွေမှာ စွန့်ပစ်ပလက်စတစ်တွေ ပုံနေတာကို တွေမြင်ခဲ့ပြီးတဲ့နောက် ဆရာတော်ဟာ ပြန်လည်သန့်စင် အသုံးပြုရေး လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၃ လက စတင်ခဲ့တာပါ။

    မြန်မာနိုင်ငံမှာ စွန့်ပစ်အမှိုက်တွေ ပြန်လည်သန့်စင် အသုံးပြုတဲ့ အစီအစဥ်ကို အာဏာပိုင်တွေက ပုံမှန်လုပ်ဆောင်တာမျိုး မရှိပါဘူး။ ရန်ကုန်မှာ နေ့စဥ် စွန့်ပစ်အမှိုက်ဟာ တန်ချိန် ၂၅၀၀ ၀န်းကျင် ရှိပြီး များသောအားဖြင့် လမ်းတွေ၊ ချောင်းတွေမှာ စွန့်ပစ်တာ၊ မီးရှို့ဖျက်ဆီးကြတာမျိုးပါ။

    “ဘုန်းကြီးတို့တရားရိပ်သာက စွန့်ပစ်ပလက်စတစ်ဘူးတွေ တောင်းတဲ့အခါကြတော့ လူတွေက သန့်သန့်ရှင်းရှင်းလုပ်ပြီး ပေးကြတယ်။ ဒီဘူးတွေကို ဘုန်းကြီးတို့က အစားအသောက်ထည့်တဲ့ ခွက်တွေအဖြစ် ပြန်အသုံးပြုပါတယ်။ ဒါဟာ ပိုက်ဆံချွေတာနိုင်ရုံသာမက၊ စွန့်ပစ်ပလက်စတစ်ပြဿနာကို ဖြေရှင်းပြီးသားလည်း ဖြစ်သွားပါတယ်”

    ဆရာတော်တို့အဖွဲ့ဟာ အခုအချိန်အထိ စွန့်ပစ်ပလက်စတစ်ဘူး ၂ သိန်း၊ တန်ချိန် ၂ တန်လောက်ကို ပြန်လည်သန့်စင် အသုံးပြုထားပြီး ဒါဟာ ကန်ဒေါ်လာ ၁ သောင်းလောက်ကို ချွေတာနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ၉ ဧကကျယ်တဲ့ ဆရာတော်ရဲ့ တရားရိပ်သာမှာ စွန့်ပစ်ပလက်စတစ် ပြန်လည်သန့်စင် အသုံးပြုရေး အလုပ်ရုံဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်ပေးနေပါတယ်။

    စေတနာ့၀န်ထမ်းတွေဟာ ပလက်စတစ်ဘူးတွေကို နေရောင်ကာပစ္စည်းအဖြစ် ဖန်တီးအသုံးပြုကြသလို၊ နားနေစရာ နေရာတွေ တည်ဆောက်ရာမှာလည်း ကားတာယာတွေ၊ ဘိလပ်မြေတွေနဲ့ပေါင်းစပ်အသုံးပြုနေပါတယ်။

    Ref: The Star