News @ M-Media

Blog

  • သမ္မတထရမ့်ကို နော်ဝေလွှတ်တော်အမတ်က နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်း

    သမ္မတထရမ့်ကို နော်ဝေလွှတ်တော်အမတ်က နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်း

    စက်တင်ဘာ ၉၊ ၂၀၂၀
    M-Media

    -အစ္စရေးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် စွမ်းဆောင်ပေးနိုင်မှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် စဉ်းစားပေးဖို့ နော်ဝေလွှတ်တော်အမတ်တစ်ဦးက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

    နေတိုးဆိုင်ရာ နော်ဝေကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နော်ဝေလွှတ်တော်က သက်တမ်းလေးကြိမ်မြောက် လွှတ်တော်အမတ်လည်းဖြစ်တဲ့ Christian Tybring-Gjedde က နိုဘယ်ဆုရွေးချယ်ရေးကော်မတီကို ထရမ့်ရဲ့အမည် တင်သွင်းခဲ့တာပါ။

    ထရမ့်ဟာ နိုင်ငံတွေအကြား ငြိမ်းချမ်းရေးကို နိုဘယ်ဆုရ အခြားသူတွေထက် ပိုမိုလုပ်ဆောင်ခဲ့တယ်လို့ သူက Fox News နဲ့ အင်တာဗျူးမှာ ထည့်သွင်းကြေားခဲ့ပါတယ်။

    အမေရိကန်ရဲ့ကြားဝင်ပေးညှိနှိုင်းပေးမှုကြောင့် အစ္စရေးနဲ့ ယူအေအီးတို့ဟာ ပြီးခဲ့တဲ့လမှာ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ဂျော်ဒန်၊ အီဂျစ်တို့ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ ဆက်ဆံတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

    Christian Tybring-Gjedde ရဲ့ အမည်စာရင်းတင်သွင်းတဲ့ လျှောက်ထားလွှာမှာ နှစ်နိုင်ငံအကြား မကျေလည်မှုတွေ လျော့ပါးရေး ထရမ့်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြောင်း၊ အခြား အရှေ့အလယ်ပိုင်းနိုင်ငံတွေလည်း ဒီလမ်းကြောင်းကို ဆက်လျှောက်မယ်လို့ မျှော်လင့်ရတာကြောင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးမှာ ဒီသဘောတူညီချက်က အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ရှိနေတဲ့ ကက်ရှ်မီးယားကိစ္စ၊ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ တင်းမာမှု လျော့ပါးရေးကိစ္စတွေမှာ ထရမ့်က ကြာင်းဝင်ဆောင်ရွက်ပေးခဲ့မှုတွေကို ဒီလျှောက်ထားလွှာမှာ ထောက်ပြထားသလို၊ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်ဖွဲ့တွေ လျော့ချမယ့် ထရမ့်ရဲ့အစီအစဉ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

    ထရမ့်အနေနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းခံရမှုဟာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ သဘောတူညီချက်ရခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထရမ့်ကို အမည်စာရင်းတင်သွင်းခဲ့ဖူးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

    ထရမ့်ကို အမည်စာရင်းတင်သွင်းတာဟာ အရမ်းနှစ်သက်လို့မဟုတ်ကြောင်း၊ သူ့ရဲ့အပြုအမူထက် သူလုပ်ခဲ့တာတွေကို ကော်မတီက သုံးသပ်သင့်ကြောင်း၊ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သူတွေဟာ ထရမ့်လောက် အလုပ်မလုပ်နိုင်ခဲ့ကြောင်း Tybring-Gjedde က Fox News နဲ့ အင်တာဗျူါ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: The Hill

  • အလားလာကောင်းသည်ဟု သတ်မှတ်ခံထားရသည့် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ရပ်ဆိုင်း

    အလားလာကောင်းသည်ဟု သတ်မှတ်ခံထားရသည့် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ရပ်ဆိုင်း

    စက်တင်ဘာ ၉၊ ၂၀၂၀
    M-Media

    -စမ်းသပ်ထိုးနှံထားတဲ့ လူနာတစ်ဦးမှာ ကျန်းမာရေးမကောင်းဖြစ်လာတာကြောင့် အလားအလာကောင်းတယ်လို့ သတ်မှတ်ခံထားရတဲ့ ကာကွယ်ဆေးတစ်ခု စမ်းသပ်မှုကို အောက်စဖို့ဒ်တက္ကသိုလ်က ရပ်ဆိုင်းလိုက်ပါတယ်။

    အဲဒီကာကွယ်ဆေးကို ယူကေက အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆေးဝါးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပြီး ယူကေ၊ ဘရာဇီးလ်၊ တောင်အာဖရိကနဲ့ အမေရိကန်တို့မှာ ထောင်နဲ့ချီတဲ့လူတွေကို နောက်ဆုံးအဆင့် စမ်းသပ်မှုကို လုပ်ဆောင်နေတာပါ။

    ဒီဆေးဟာ လက်ရှိ ကမ္ဘာတစ်ဝှမ်း စမ်းသပ်ထုတ်လုပ်သမျှထဲမှာ အလားအလာအရှိဆုံး ကိုဗစ်ကာကွယ်ဆေးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

    ဒီဆေးအထိုးခံထားရတဲ့သူတွေထဲက တစ်ဦးမှာ ဆိုးရွားတဲ့ဆေးတုန့်ပြန်မှုကို​ တွေခဲ့ရပြီးတဲ့နောက် စမ်းသပ်မှုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရပ်ဆိုင်းခဲ့တာပါ။ AstraZeneca ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မီရှဲလ် မီဇဲလ်က ဒီလိုရပ်ဆိုင်းတာဟာ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်တာဖြစ်ပြီး၊ ဆေးအန္တရာယ်ကင်းမှုအတွက် သုံးသပ်မှု လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားဟာ ပြီးခဲ့တဲ့လက ကိုဗစ်ကာကွယ်ဆေးတစ်ခုကို တရားဝင်အတည်ပြုကာ ထိုးနှံခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒီဆေးကို အသုံးပြုနိုင်ဖို့အတွက် လုံလောက်တဲ့ စမ်းသပ်မှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။

    တရုတ်နိုင်ငံကလည်း မနေ့က ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး ၃ မျိုးလောက်ကို ထုတ်ပြခဲ့ပြီး အန္တရာယ်ကင်းကာ ထိရောက်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာစစ်သားနှစ်ယောက်၏ ထွက်ဆိုချက်ကို အခြေခံကာ ကနေဒါနှင့် နယ်သာလန်တို့က ICC တွင် တရားစွဲမည်

    မြန်မာစစ်သားနှစ်ယောက်၏ ထွက်ဆိုချက်ကို အခြေခံကာ ကနေဒါနှင့် နယ်သာလန်တို့က ICC တွင် တရားစွဲမည်

    စက်တင်ဘာ ၈၊ ၂၀၂၀
    M-Media

    ထွက်ဆိုချက်ပေးခဲ့သည့် မြန်မာစစ်သားနှစ်ဦး

    -ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ၀န်ခံခဲ့တဲ့ မြန်မာစစ်သားနှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တရားစွဲဆိုနိုင်ရေး ကနေဒါနဲ့ နယ်သာလန်တို့က ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

    ကနေဒါရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ကုလရဲ့ ကနေဒါသံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဘော့ရေးက စစ်သားနှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက စုံစမ်းစစ်ဆေးရာမှာ အကြီးအကျယ် သက်ရောက်မှု ရှိလိမ့်မယ်လို့ မနေ့က Global News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်သားနှစ်ယောက်ဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေကို ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်ပေမယ့် အရေးအကြီးဆုံးအချက်က လုပ်ရပ်တွေ ရာဇ၀တ်မှုမကင်းဘူးဆိုတာနဲ့ ဘယ်သူတွေပါ၀င်လဲဆိုတာ ဒီစစ်သားနှစ်ယောက် သိရှိထားမှု ဖြစ်တယ်လို့လည်း ကနေဒါသံအမတ်က ဆိုပါတယ်။

    “သက်သေအထောက်အထားဆိုတာက သူတို့နှစ်ယောက်ထက် သူတို့နှစ်ယောက် သိထားတာတွေပါ။ ဒီနှစ်ယောက်ဟာ သူတို့စိတ်နဲ့ သူတို့ကိုယ်နဲ့ လုပ်လိုက်တာမျိုး မဟုတ်သလို၊ တစ်လှေလုံးကိုပုပ်စေတဲ့ ငါးခုံမတွေလည်း မဟုတ်ပါဘူး။ သူတို့ရဲ့လုပ်ရပ်ဟာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စီစဥ်ထားတဲ့ စစ်တပ်ရဲ့ဗျူဟာ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ သက်သေအထောက်အထားတွေက ပြဆိုနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျန်တဲ့လူတွေကတော့ တရားရုံးမှာ အစမ်းသပ်ခံရမှာပါ”

    လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အဂ်ါနေ့မနက်မှာ ဖော်ပြခဲ့တဲ့ ဒီထွက်ဆိုချက်တွေဟာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ အခြားရာဇ၀တ်မှုကျူးလွန်တာတွေလို့ စစ်တပ်ရဲ့ စီမံကိန်းမှာ ပါ၀င်တဲ့ စစ်သားတွေရဲ့ ပထမဆုံး လူသိရှင်ကြား ၀န်ခံမှုဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် သြဂုတ်လက စတင်တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘဂ်လားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရပါတယ်။ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကို တန်ပြန်တိုက်ခိုက်တာလို့ပြောတဲ့ ဒီစစ်ဆင်ရေးမှာ စစ်သားတွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ နေအိမ် မီးရှို့တာတွေရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အစိုးရကတော့ ဒီသတင်းတွေကို ငြင်းပါတယ်။

    အမျိုးသမီးတွေ ကလေးငယ်တွေ အပါအ၀င် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါ၀င်ခဲ့တယ်လို့ ထွက်ဆိုခဲ့တဲ့ စစ်သားနှစ်ဦးဟာ အသက် ၃၃ နှစ်အရွယ် မျိုး၀င်းထွန်းနဲ့ အသက် ၃၀ အရွယ် ဇော်နိုင်ထွန်းတို့ ဖြစ်ပါတယ်။

    ရိုဟင်ဂျာတွေနေတဲ့ ရွာတွေမှာ မြင်မြင်သမျှ ပစ်သတ်ဖို့အတွက် တပ်မှူးတွေက အမိန့်ပေးခဲ့တယ်လို့ သူတို့က ထွက်ဆိုခဲ့ပြီး၊ အဆင့်မြင့်အရာရှိ ၆ ဦး အပါအ၀င် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ရာမှာ တိုက်ရိုက် ပါ၀င်ပတ်သက်ခဲ့တဲ့ အရာရှိ၊ အကြပ်၊ စစ်သည် ၁၉ ယောက်ရဲ့ အမည်တွေ၊ ရာထူးအဆင့်တွေကိုလည်း ပေးခဲ့တယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

    စစ်သားနှစ်ဦးဟာ ICC ရုံးရှိရာ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့မှာ ရောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

    ဒီသတင်းကို နိုင်ငံတကာသတင်းဌာန တော်တော်များများက ပြန်လည်ဖော်ပြခဲ့ပေမယ့် သူတို့ရဲ့ထွက်ဆိုချက်တွေ ဘယ်လောက်မှန်ကန်လဲဆိုတာ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်တို့ကလည်း ဒီသတင်းအတွက် ထုတ်ပြန်တာမျိုး မရှိပါဘူး။

    Ref: Global News

  • ပြည်တွင်းဖြစ် အသံထက်မြန်သည့် သရုပ်ပြယာဉ်ကို အိန္ဒိယက အောင်မြင်စွာ စမ်းသပ်ပျံသန်း

    ပြည်တွင်းဖြစ် အသံထက်မြန်သည့် သရုပ်ပြယာဉ်ကို အိန္ဒိယက အောင်မြင်စွာ စမ်းသပ်ပျံသန်း

    စက်တင်ဘာ ၈၊ ၂၀၂၀
    M-Media

    အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့သည့် HSTDV ယာဉ်

    -ပြည်တွင်းဖြစ် အသံထက်မြန်တဲ့ နည်းပညာသုံး သရုပ်ပြယာဉ် (HSTDV) ကို အိန္ဒိယက မနေ့မှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။

    အဲဒီ HSTDV ဟာ scramjet အင်ဂျင်တပ်ဆင်ထားပြီး မျိုးဆက်သစ် အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်တွေအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေး သုတေသန ဖွံဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) က ပြောကြားခဲ့ပါတယ်။

    HSTDV ဟာ အသံထက် ၆ ဆမြန်မြန်သွားနိုင်ပြီး စက္ကန့် ၂၀ အတွင်း မြေပြင်အထက် မိုင် ၂၀ ကို ရောက်ရှိနေပါတယ်။ ဒီယာဉ်ကို တာဝေးပစ်ဒုံးကျည်တွေအတွက် အသုံးပြုနိုင်သလို၊ ဂြိုဟ်တုလွွှတ်တင်မှုလို အရပ်ဖက် ရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

    DRDO က ဒီအောင်မြင်မှုဟာ တိုင်းပြည်ရဲ့ သမိုင်းတွင်မယ့် ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး၊ ပြည်တွင်းဖြစ် ကာကွယ်ရေးနည်းပညာမှာ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုကြီးတစ်ခု ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျ်နက်သ်ဆင်းက DRDO ကို သိပ္ပံပညာရှင်တွေကို ချီးကျူးခဲ့ပြီး ကာကွယ်ရေးမှာ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ရေး အိန္ဒိယရဲ့ ရည်မှန်းချက်အတွက် သမိုင်းတွင်မယ့် အောင်မြင်မှုတစ်ခုလို့ ပြောကြားခဲ့ပါတယ်။

    Ref: Saudi Gazette

  • ရွေးကောက်ပွဲနီးလာချိန် အမုန်းစကား၊ အကြမ်းဖက်ရန်လှုံ့ဆော်မှုနှင့် သတင်းအမှားများ ပိုမိုဖယ်ရှားနိုင်ရန် Facebook က ပြင်ဆင်ထား

    ရွေးကောက်ပွဲနီးလာချိန် အမုန်းစကား၊ အကြမ်းဖက်ရန်လှုံ့ဆော်မှုနှင့် သတင်းအမှားများ ပိုမိုဖယ်ရှားနိုင်ရန် Facebook က ပြင်ဆင်ထား

    စက်တင်ဘာ ၆၊ ၂၀၂၀
    M-Media

    -အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံဆော်မှုတွေတွေကို ရှာဖွေဖော်ထုတ်ဖျက်ချမှု၊ သတင်းအမှားပြန့်နှံ့မှု တားဆီးရေးတွေကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ကာ လာမယ့် နို၀င်ဘာလ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတယ်လို့ Facebook က အခုတစ်ပတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

    နိုင်ငံတစ်၀ှမ်းက အစ္စလာမ်ဘာသာ၀င်တွေကို ပစ်မှတ်ထားတဲ့ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ Facebook ဟာ အမုန်းစကား ဖယ်ရှားမှုကို ထိထိရေောက်ရောက် လုပ်ဆောင်မှု မရှိဘူးလို့ ၀ေဖန်ခံခဲ့ရပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအများအပြားအသတ်ခံရပြီး အနည်းဆုံး ၇ သိန်းလောက် ဘဂ်လားဒေ့ရှ်ဖက် ထွက်ပြေးရတဲ့ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ စစ်ဆင်ရေးအပြီးမှာတော့ Facebook ဟာ နိုင်ငံတကာရဲ့ ဖိအားဒဏ်ကို ပိုခံရပြီး အမုန်းစကား တားဆီးရေးလုပ်ငန်းတွေကို ပိုမိုအားထုတ်လုပ်ဆောင်လာခဲ့ပါတယ်။

    အခုတစ်ပတ်အတွင်း Facebook ရဲ့ ဘလော့ဂ်စာမျက်နှာက ကြေငြာချက်မှာ အခုအချိန်ကနေ စတင်ပြီး နို၀င်ဘာ ၂၂ ရက်နေ့အထိ မဲပေးခွင့်ကို ထိိခိုက်စေမယ့်၊ ရွေးကောက်ပွဲလုပ်ငန်းစဥ်ကို ပျက်ဆီးစေမယ့် “အတည်ပြုလို့ရတဲ့ သတင်းအမှားတွေ၊ အတည်မပြုနိုင်တဲ့ ကောလဟာလတွေကို” ဖယ်ရှားသွားမယ်လို့ ဖော်ပြထားပါတယ်။

    “ဥပမာအားဖြင့် အမတ်လောင်းဟာ ဘဂ်ါလီဖြစ်တယ်၊ မြန်မာနိုင်ငံသားမဟုတ်ဘူး ဒါ့ကြောင့် ရွေးကာက်ခံပိုင်ခွင့်မရှိဘူးဆိုတဲ့ လိမ်လည်ရေးသားမှုမျိုးတွေကို ကျွန်တော်တို့ ဖယ်ရှားသွားမှာပါ”

    နိုင်ငံရေးပါတီတွေရဲ့ တရား၀င် စာမျက်နှာတွေကို အတည်ပြုနိုင်ဖို့အတွက် မြန်မာနိုင်ငံက အနည်းဆုံး မိတ်ဖက်အဖွဲ့အစည်း ၃ ခုနဲ့ Facebook က ပူးပေါင်းဆောင်ရွက်နေပါတယ်။

    အခုနှစ် ဒုတိယနှစ်၀က်မှာ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ရေးသားတဲ့ အကြောင်းအရာ ၂ သိန်း ၈ သောင်းလောက်ကို ဖယ်ရှားခဲ့တယ်လို့လည်း Facebook က ဆိုပါတယ်။ ပထမ နှစ်၀က်မှာ ၅၁၀၀၀ လောက်ဖယ်ရှားခဲ့ပါတယ်။

    Messenger မှာ မက်ဆေ့ချ်တွေ တစ်ဆင့်မျှ၀ေမှုကို ၅ ဦးအထိသာ ဆောင်ရွက်နိုင်မယ့် ကန့်သတ်ချက်တစ်ခုကို Facebook က ဆောငရွက်ထားပြီး လက်ရှိ မြန်မာနိုင်ငံမှာ စတင် သက်ရောက်နေပြီ ဖြစ်ပါတယ်။ နောက်သီတင်းပတ်အနည်းငယ်အတွင်း ကမ္ဘာတစ်၀ှမ်းမှာ ဒီကန့်သတ်ချက်ကို အသက်သွင်းသွားမယ်လို့လည်း Facebook က ဆိုပါတယ်။

    Ref: Reuters