News @ M-Media

Blog

  • လကမ္ဘာပေါ်တွင် ပထမဆုံး အာရှသား ခြေချနိုင်တော့မည်

    လကမ္ဘာပေါ်တွင် ပထမဆုံး အာရှသား ခြေချနိုင်တော့မည်

    ဧပြီ ၁၂၊ ၂၀၂၄

    M-Media

    -အမေရိကန်နဲ့ ဂျပန် အာကာသအေဂျင်စီတွေဟာ လကမ္ဘာပေါ် လူလွှတ်ရေးနဲ့ စူးစမ်းရှာဖွေရေး စီမံကိန်း Artemis မှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ဧပြီလ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ 

    Artemis စီမံကိန်းကို အမေရိကန်အာကာသအေဂျင်စီ နာဆာက ကမကထပြု ဆောင်ရွက်တာဖြစ်ပြီး လပေါ်ကို တစ်ကျော့ပြန်လူလွှတ်ရေး ရည်ရွယ်တာဖြစ်ပါတယ်။ 

    စီမံကိန်းကို ၂၀၁၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ လပေါ်ကို လူဆင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ 

    အမေရိကန် အာကာသအေဂျင်စီ NASA နဲ့ ဂျပန်အာကာသ အေဂျင်စီ JAXA တို့ရဲ့ ဧပြီလ ၉ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်မှာ လကမ္ဘာပေါ်ကို ဂျပန်အာကာသယာဥ်မှူးတစ်ဦး ဆင်းသက်နိုင်ရေး ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ 

    ဒါဟာ အမေရိကန်မဟုတ်တဲ့ အာကာသယာဥ်မှူးတစ်ဦး လပေါ်ကို ပထမဆုံး ဆင်းသက်နိုင်တဲ့ သမိုင်းမှတ်တမ်းတစ်ခု ရရှိမှာလည်း ဖြစ်ပါတယ်။ 

    “လကမ္ဘာမှာ အမေရိကတစ်ခုတည်း ခြေချမှာ မဟုတ်တော့ပါဘူး။ ကြယ်ကမ္ဘာတွေ လေ့လာမှုကို နိုင်ငံပေါင်းစုံက ငြိမ်းချမ်းစွာ၊ ပွင့်လင်းစွာ အတူတကွ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်”လို့ နာဆာအကြီးအကဲ ဘီလ်နယ်ဆင်က ပြောကြားခဲ့ပါတယ်။ 

    အမေရိကန်နဲ့ ဂျပန်တို့ဟာ မျိုးဆက်သက် လဆင်းယာဥ် ပူးတွဲ တီထွင်ဖန်တီးရေးအတွက် သဘောတူညီခဲ့ကြပါတယ်။ ဂျပန် အာကာသအေဂျင်စီ JAXA ဟာ နာဆာရဲ့ အခြား အာကာသစီမံကိန်းတွေမှာလည်း ပူးတွဲပါ၀င်သွားမှာ ဖြစ်ပါတယ်။ 

    Ref: Interesting Engineering 

  • ဗီယက်နမ် ခရိုနီတစ်ဦး သေဒဏ်ချမှတ်ခံရ

    ဗီယက်နမ် ခရိုနီတစ်ဦး သေဒဏ်ချမှတ်ခံရ

    ဧပြီ ၁၁၊ ၂၀၂၄

    M-Media 


    -ဗီယက်နမ်က အိမ်ခြံမြေလုပ်ငန်း သူဌေးမကြီး Truong My Lan ကို ကန်ဒေါ်လာ ၁၂ ဒဿမ ၄၆ ဘီလီယံ မသမာမှုနဲ့ တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ 

    Truong My Lan ဟာ နာမည်ကြီး အိမ်ခြံမြေကုမ္ပဏီ Van Thinh Phat Holdings Group ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။ 

    ငွေကြေးခ၀ါချမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ဘဏ်လုပ်ငန်းဥပဒေ ချိုးဖောက်မှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ဟိုချီမင်းမြို့ တရားရုံးက ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ 

    Truong My Lan ရဲ့ အမှုကို မတ်လ ၅ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး မျှော်မှန်းထားတာထက် မြန်မြန်ဆန်ဆန် ပြီးပြတ်ခဲ့တာပါ။ ဒါဟာ အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင် Nguyen Phu Trong ကတိပြုထားတဲ့ ခြစားမှုတိုက်ဖျက်ရေးစီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ 

    ဗီယက်နမ်ဟာ အရှေ့တောင်အာရှမှာ စီးပွားရေးတိုးတက်မှု အမြန်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပိုမို ရရှိဖို့အတွက် ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းကို အစိုးရက အားထည့်လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

    ခြစားမှုနဲ့ ပတ်သက်ပြီး ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေနဲ့ ထိပ်တန်းလုပ်ငန်းရှင်တစ်ချို့ကို ဖမ်းဆီးစစ်ဆေးတာမျိုးတွေလည်း ဗီယက်နမ်အစိုးရက လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Reuters 

  • ဟားမက်စ်ခေါင်းဆောင်၏ သားနှင့် မြေးများကို အစ္စရေးက သတ်ဖြတ်

    ဟားမက်စ်ခေါင်းဆောင်၏ သားနှင့် မြေးများကို အစ္စရေးက သတ်ဖြတ်

    ဧပြီ ၁၁၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – တိုက်ခိုက်ခံခဲ့ရသည့် ကား)

    -ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့ ဟာမက်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာရဲ့ သား ၃ ဦးနဲ့ မြေး ၄ ဦးကို အစ္စရေးက ဧပြီလ ၁၀ ရက်နေ့မှာ တိုက်ခိုက်သတ်ဖြတ်လိုက်ပါတယ်။ 

    ၀ါကျွတ်အီးနေ့မနက် ဂါဇာက ရှာတီ ဒုက္ခသည်စခန်းမှာရှိတဲ့ ဆွေမျိုးတွေဆီ ဂါရ၀ပြုဖို့ သွားရောက်နေတဲ့တဲ့အချိန် စီးလာတဲ့ကားကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

    လက်နက်ကိုင်ပဋိပက္ခနဲ့ မဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်တာဟာ အစ္စရေးရဲ့၀ါဒ ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၃၃၀၀၀ ကျော် အသတ်ခံထားရပြီး အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    အစ္စရေးဟာ ယနေ့အချိန်အထိ တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • စစ်မှုထမ်းရန် ဆင့်ခေါ်လာလျှင် ၀င်တိုက်ပေးမည်ဟု နာမည်ကြီး ဘောလုံးသမားပြော

    စစ်မှုထမ်းရန် ဆင့်ခေါ်လာလျှင် ၀င်တိုက်ပေးမည်ဟု နာမည်ကြီး ဘောလုံးသမားပြော

    ဧပြီ ၆၊ ၂၀၂၄

    M-Media 


    -တိုင်းပြည်က စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ်ဆိုရင် ကစားသမားဘ၀ကို ခဏရပ်နားကာ သွားရောက်တိုက်ပွဲ၀င်ပေးမယ်လို့ အာဆင်နယ်အသင်း နောက်ခံလူ အိုလက်ဇန်ဒါ ဇင်ချန်ကိုက ပြောပါတယ်။ 

    ဇင်ချန်ကိုဟာ ယူကရိန်းနိုင်ငံသားတစ်ဦးပါ။ ယူကရိန်းဟာ ၂၀၂၂ ခုနှစ် ဖေဖော်၀ါရီလကတည်းက ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခံနေရတာ ဖြစ်ပါတယ်။ 

    တိုင်းပြည်ရဲ့ ကာကွယ်ရေးကို ပိုမိုအားဖြည့်နိုင်ဖို့အတွက် ယူကရိန်းသမ္မတ ဇယ်လင်စကီးဟာ အမျိုးသားတွေ စစ်မှုထမ်းရမယ့် အနိမ့်ဆုံးအသက်ကို ၂၇ ခုနှစ်ကနေ ၂၅ နှစ်ကို လျှော့ချလိုက်ပါတယ်။  

    တိုင်းပြည်က ဆင့်ခေါ်လာမယ်ဆိုရင် ရှေ့တန်းမှာ တိုက်ပွဲ၀င်ဖို့ ၀န်လေးနေမှာမဟုတ်ဘူးလို့ ဇင်ချန်ကိုက ဘီဘီစီသတင်းဌာနရဲ့ အစီအစဥ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

    ကျောင်းတုန်းက သူငယ်ချင်းတွေလည်း စစ်ပွဲမှာ ၀င်ရောက်တိုက်ခိုက်နေတယ်လို့ သူက ဆိုပါတယ်။ 

    “ပြတ်ပြတ်သားသားဖြေရရင် ကျွန်တော် စစ်မှုသွားထမ်းမှာပါ။ တစ်ကျောင်းတည်း အတူတက်ခဲ့ကြတဲ့၊ တစ်ကွင်းထဲမှာ အတူကစားခဲ့ကြတဲ့ သူငယ်ချင်းတွေ၊ အခု တိုင်းပြည်ကို ကာကွယ်နေရပြီ။ ရိုးရိုးသားသားပြောရရင် လက်ခံရခက်ပါတယ်။ ဒါပေမယ့် ဒါက အရှိတရားပဲ။ ကျွန်တော်တို့ အရှုံးပေးလိုက်လို့ မရပါဘူး” 

    ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့ ယူကရိန်းစစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် ဇင်ချန်ကိုဟာ ကန်ဒေါ်လာ ၁ သန်း လှူဒါန်းထားပါတယ်။ 

    Ref: Sky News 

  • ကမ္ဘာတစ်ပတ် တစ်နာရီသာကြာမည့် ပစ္စည်းပေးပို့မှုစနစ်သုံးရန် Alibaba က စဥ်းစားနေ

    ကမ္ဘာတစ်ပတ် တစ်နာရီသာကြာမည့် ပစ္စည်းပေးပို့မှုစနစ်သုံးရန် Alibaba က စဥ်းစားနေ

    ဧပြီ ၆၊ ၂၀၂၄

    M-Media 


    -ကမ္ဘာတစ်ခုလုံးကို တစ်နာရီအတွင်း ပစ္စည်းပေးပို့နိုင်မယ့် နည်းလမ်းမျိုးကို ရှာဖွေအသုံးပြုဖို့ ကြိုးစားနေတယ်လို့ နာမည်ကြီး တရုတ်အွန်လိုင်း စျေးဆိုင် Alibaba က အတည်ပြု ပြောကြားလိုက်ပါတယ်။ 

    ဒုံးပျံကို အခြေပြုတဲ့စနစ်မျိုးဖြစ်ပြီး ဘေဂျင်းအခြေစိုက် အာကာသကုမ္ပဏီ Epoch Space နဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း တရုတ်ဆိုရှယ်မီဒီယာ WeChat မှာ Alibaba က ကြေငြာခဲ့ပါတယ်။ 

    အွန်လိုင်းစျေးဆိုင်နယ်ပယ်မှာ စိုးမိုးနိုင်ဖို့အတွက် Alibaba ဟာ ကမ္ဘာတစ်၀ှမ်း ၅ ရက်နဲ့အရောက် ပစ္စည်းပေးပို့မှုစနစ်ကို လက်ရှိမှာ အသုံးပြုနေပါတယ်။ 

    အထူးသဖြင့် စျေးကွက်ကြီးမားတဲ့ ဂျာမနီ၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဆော်ဒီ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့မှာ ဖြစ်ပါတယ်။ 

    စိတ်ကူး 

    ကမ္ဘာတစ်၀ှမ်း ဒုံးပျံနဲ့ ၂၄ နာရီအတွင်း ပစ္စည်းပေးပို့မယ့်စနစ်ဟာ လက်ရှိမှာ စိတ်ကူးအဆင့်သာ ရှိပါသေးတယ်။

    ဆိုရှယ်မီဒီယာမှာ Epoch Space က တင်ထားတဲ့ နမူနာ ဗီဒီယိုအရဆိုရင် ဒီစနစ်ကို Yuanxingzhe 1 လို့အမည်ပေးထားတဲ့ ဒုံးပျံနဲ့ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ 

    လောင်စာအရည်ကို အသုံးပြုမယ့် အဲဒီဒုံးပျံဟာ အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပစ္စည်းကတော့ မက်ထရစ်တန် ၁၀ တန်လောက်အထိ တင်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ 

    Yuanxingzhe 1 ဒုံးပျံကို လက်တွေ့ စမ်းသပ်ပျံသန်းမှုမျိုး မလုပ်ရသေးပါဘူး။ Alibaba တာ၀န်ရှိသူတွေက ဒီစနစ်ကို အသုံးပြုဖို့ စဥ်းစားနေတယ်လို့ တရုတ်မီဒီယာ SCMP ကို အတည်ပြုခဲ့ပါတယ်။ 

    အလုပ်ဖြစ်ပါ့မလား 

    ဆိုရှယ်မီဒီယာမှာ တက်လာတဲ့ Epoch Space ရဲ့ ဒုံးပျံအခြေပြု ပစ္စည်းပေးပို့မှုစနစ်မှာ ကုန်ကျစားရိတ် ဘယ်လောက်ရှိမလဲဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။

    အမေရိကန် အာကာသကုမ္ပဏီ SpaceX က လက်ရှိ အာကာသထဲ ဒုံးပျံနဲ့ ပစ္စည်းပေးပို့မှုနစ်မှာ ၈၃၁ ကီလိုဂရမ် (တစ်တန်မရှိတရှိ) အလေးချိန်အတွက် ပို့ခ ဒေါ်လာ ၅ သန်း ပေးရပါတယ်။ 

    ပို့ခ စျေးအလွန်များနိုင်တာကြောင့် Alibaba ရဲ့ စိတ်ကူးဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

    ဒရုန်းတွေနဲ့ ပစ္စည်းပို့နိုင်ရေး ဆောင်ရွက်မယ်လို့ ၂၀၁၃ ခုနှစ်မှာ ပြောကြားခဲ့ပေမယ့် ၁၀ စုနှစ်တစ်ခုကြာတဲ့အထိ အကောင်အထည်မဖော်နိုင်သေးတဲ့ အမေရိကန် နာမည်ကြီး အွန်လိုင်းစျေးဆိုင် Amazon ရဲ့ စိတ်ကူးကိုလည်း ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။ 

    Ref: Interesting Engineering