News @ M-Media

အာဖရိကကို အရည်အသွေးနိမ့်ဆန် တင်သွင်းရန် စီစဥ်မှုကြောင့် ပြဿနာတက်နေတဲ့ ထိုင်း

မေ ၂၈၊ ၂၀၂၄

M-Media 


(ဓာတ်ပုံ – ဆန်အဟောင်းဖြင့် ချက်ထားသည့် ထမင်းကို စားပြနေသည့် ထိုင်းဒုတိယ၀န်ကြီးချုပ်)

-လွန်ခဲ့တဲ့ ၁၀ နှစ်က သိုလှောင်ထားတဲ့ အရည်အသွေးနိမ့်ဆန်တွေ ရောင်းချဖို့ စီစဥ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အာဖရိကနိုင်ငံတွေဟာ ထိုင်းအစိုးရထံကနေ ဖြေရှင်းချက် တောင်းလာကြပါတယ်။ 

၂၀၁၄ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းဖြုတ်ချမှုကို ခံလိုက်ရတဲ့ ၀န်ကြီးချုပ် ယင်လပ် ရှင်နာ၀ပ်ထရာလက်ထက်က သိုလှောင်ထားတဲ့ ဆန်တန်ချိန် ၁၅၀၀၀ ကို အာဖရိကနိုင်ငံတွေကို ရောင်းချဖို့ ထိုင်းက စီစဥ်ထားတာ ဖြစ်ပါတယ်။ 

ဓာတ်ခွဲစမ်းသပ်မှုတွေအရ ဒီဆန်တွေဟာ စားသုံးဖို့ သင့်တော်တယ်လို့ အဖြေထွက်ပေမယ့်၊ သိုလှောင်ထားမှု၊ အရည်အသွေးတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေတာပါ။ 

အာဖရိကနိုင်ငံတွေကလည်း ဒီကိစ္စအတွက် ထိုင်းအစိုးရထံ မေးမြန်းမှုတွေ ရှိလာတဲ့အတွက် ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနက သံတမန်တွေနဲ့ တွေ့ဆုံ ဖြေရှင်းသွားမယ်လို့ ဒုတိယ၀န်ကြီးချုပ် ဖွန်သမ် ၀ီချာယာချိုင်က ပြောပါတယ်။ 

နိုင်ငံခြားစျေးကွက်ကို တင်သွင်းမယ့်ဆန်တွေကို ကုန်သွယ်ရေး၀န်ကြီးဌာနက သတ်မှတ်ချက်တွေအတိုင်း အသေအချာ စစ်ဆေးပြီးမှ တင်ပို့တာလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

Ref : Bangkok Post