News @ M-Media

Blog

  • ကာကွယ်ရေးတွင် ဆော်ဒီ-အမေရိကန် ခိုင်မာသည့်ဆက်ဆံရေး ဆက်လက်တည်ရှိမည်

    ကာကွယ်ရေးတွင် ဆော်ဒီ-အမေရိကန် ခိုင်မာသည့်ဆက်ဆံရေး ဆက်လက်တည်ရှိမည်

    မေ ၉၊ ၂၀၂၀
    M-Media

    -ကာကွယ်ရေးနယ်ပယ်မှာ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေး ဆက်လက်တည်ရှိသွားမယ်လို့ အမေရိကန်နဲ့ ဆော်ဒီ ခေါင်းဆောင်တွေက ထပ်လောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

    မနေ့က ဆော်ဒီဘုရင် ဆလ်မန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖုန်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့ပြီးနောက်ပိုင်း ရေနံထုတ်လုပ်မှု လျှော့ချဖို့ ထရမ့်ရဲ့ ပြောကြားမှုကို ဆော်ဒီက နားမထောင်တဲ့အတွက် နှစ်နိုင်ငံ တင်းမာမှုတွေ ရှိနေတာပါ။

    အဲဒီနောက်ပိုင်းမှာ ဆော်ဒီမှာ ချထားတဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ် ၂ ခုကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ ထရမ့်က ပြောကြားထားပါတယ်။

    မနေ့က ဆွေးနွေးမှုမှာတော့ ကမ္ဘာ့စွမ်းအင်စျေးတွက် တည်ငြိမ်ဖို့ အရေးကြီးတယ်ဆိုတာကို ခေါင်းဆောင် နှစ်ဦးက သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျုဒ် ဒီရီက ပြောကြားခဲ့ပါတယ်။

    “ကမ္ဘာ့စွမ်းအင်စျေးကွက်တွေမှာ တည်ငြိမ်ဖို့ အရေးကြီးတယ်ဆိုတာကို ခေါင်းဆောင် ၂ ဦးက သဘောတူခဲ့ကြပါတယ်။ ပြီးတော့ ကာကွယ်ရေးဆိုင်ရာမှာ အမေရိကန်-ဆော်ဒီ ခိုင်မာတဲ့ မိတ်ဆက်ဆံရေး ဆက်လက်ထားရှိဖို့လည်း ထပ်လောင်း သန္ဓိဌာန် ပြုခဲ့ကြပါတယ်”

    အိမ်ဖြူတော်ရဲ့ ကြေငြာချက်မှာ ပက်ထရီယော့ ဒုံးခွင်းကိစ္စ မပါဝင်ဘဲ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုလည်း ဖြေကြားခဲ့ခြင်း မရှိပါဘူး။

    ဆော်ဒီက ထုတ်ပြန်မှုမှာတော့ ထရမ့်ဟာ ဒေသတွင်း သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ရေးနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် ထရမ့်က ထပ်မံ ကတိပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ပက်ထရီယော့ဒုံးခွင်းစနစ်တွေကို ပြန်ရုပ်သိမ်းမယ့်ကိစ္စဟာ ဆော်ဒီအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို လျော့ချဖို့ မဟုတ်သလို၊ ရေနံကိစ္စ ဖိအားပေးဖို့လည်း မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    မေ ၈၊ ၂၀၂၀
    M-Media

    ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲ မေလ ၁၆ ရက်နေ့ ပြန်စမည်

    ဘွန်ဒစ်လီဂါ ဘောလုံးပြိုင်ပွဲတွေကို မေလ ၁၆ ရက်နေ့မှာ ပြန်လည် စတင်မယ်လို့ ဂျာမနီ ဘောလုံးအဖွဲ့ချုပ်က ကြေငြာလိုက်ပါတယ်။ ဥရောပမှာ Covid-19 ရောဂါ ပြန့်နှံ့မှုကြောင့် ဘွန်ဒစ်လီဂါ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ အလယ်ပိုင်းလောက်ကတည်းက ရပ်ဆိုင်းထားတာပါ။ လက်ရှိမှာ ရာသီပြီးဆုံးဖို့ ၉ ပွဲ လိုသေးပြီး လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ၅၅ မှတ်နဲ့ ဇယားကို ဦးဆောင်နေပါတယ်။ မေလ ၁၆ ရက်နေ့မှာ ပြန်လည်စတင်ပြီးတဲ့နောက် ဇွန်လ ၂၇-၂၈ မှာ ရာသီကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

    စပါးတိုက်စစ်မှူး စစ်သင်တန်းကို ထူးချွန်စွာ အောင်မြင်

    စပါးအသင်း တိုက်စစ်မှူး ဆွန်ဟွေမင်ဟာ ၃ ပတ်ကြာ တက်ရောက်ရတဲ့ စစ်သင်တန်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့တယ်လို့ တောင်ကိုရီးယား မရိန်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၈ အင်ဒိုနီးရှားမှာ ပြုလုပ်ခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ ဂျပန်အသင်းကိုနိုင်ရကာ ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဆွန်ဟွေမင်ဟာ ၂ နှစ် စစ်မှုမထမ်း မနေရ တာဝန်ကနေ ကင်းလွတ်ခွင့်ရခဲ့ပြီး ၃ ပတ် စစ်သင်တန်းနဲ့ နာရီ ၅၀၀ ပြည်သူ့ဝန်ထမ်း လုပ်ဆောင်ဖို့သာ တာဝန်ပေးခံခဲ့ရပါတယ်။ ၁၅၇ ဦးပါဝင်တဲ့ စစ်သင်တန်းရဲ့ အထူးချွန်ဆုံ ၅ ဦးစာရင်းမှာ ဆွန်ဟွေမင်းတစ်ယောက် ပါဝင်ခဲ့ပါတယ်။

    ဆန်စီရိုကွင်းသစ် ဒီဇိုင်း ၂ ခုကို မီလန်အသင်းများ ထုတ်ပြ

    အသစ်ဆောက်လုပ်မယ့် ကွင်းသစ်ဒီဇိုင်း နမူနာ ၂ ခုကို စီးရီးအေထိပ်သီး အင်တာမီလန်နဲ့ အေစီမီလန်တို့က ထုတ်ပြလိုက်ပါတယ်။ သူတို့ ၂ သင်း အိမ်ကွင်းအဖြစ် လက်ရှိ အသုံးပြုနေတဲ့ ဆန်စီရိုကွင်းဟာ ပရိတ်သတ် ၇၅၀၀၀ ဆန့်ပြီး ၁၉၂၅ ခုနှစ်က တည်ဆောက်ထားတာပါ။ ကွင်းသစ်အတွက် ယူရို ၁ ဘီလီယံ သုံးစွဲသွားမှာဖြစ်ပြီး ကွင်းဟောင်းဆန်စီရိုရဲ့ အစိတ်အပိုင်း အားလုံးနီးပါးကို ​ဖြိုချမှာ ဖြစ်ပါတယ်။ ကွင်းသစ်မှာ အားကစားစင်တာ၊ ယဉ်ကျေးမှုစင်တာ၊ အပန်းဖြေနေရာ၊ စားသောက်ဆိုင်၊ အားကစားပစ္စည်းအရောင်းဆိုင် စတာတွေ ပါဝင်မှာ ဖြစ်ပြီး၊ စိမ်းလန်းနေရာက လက်ရှိကွင်းထက် ၂ ဆ ကျယ်မှာဖြစ်ပါတယ်။

    ပြင်သစ်လိဂ်ဝမ်းတွင် အလကား ကစားပေးမည်ဟု ဆစ်စီ ကမ်းလှမ်း

    ပြင်သစ်လိဂ်ဝမ်းက မိမိကို ခေါ်ယူမယ့်အသင်းအတွက် အခမဲ့ ကစားပေးမယ်လို့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဂျီဘရီလ် ဆစ်စီက ပြောကြားလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆစ်စီဟာ လိဂ်ဝမ်းက အသင်း ၃ သင်းမှာကစားကာ ၉၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုး ၁၀၀ ပြည့်စံချိန်ရဖို့အတွက် အခုလို ကမ်းလှမ်းခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ ဒဏ်ရာကြောင့် အနားယူခဲ့ပေမယ့် နောက်ပိုင်းမှာ ဆွီဒင်နဲ့ အီတလီတို့က အသင်းငယ်လေးတွေမှာ ပြန်ကစားခဲ့ပါတယ်။ ဆစ်စီဟာ ဆန်းဒါးလန်း၊ ပါနာသီနိုင်ကော့စ်၊ လာဇီယို၊ ကျူပီအာရ် စတဲ့ အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။

    Ref: Goal

    mmFootballNews

  • ကိုရိုနာနှင့်ဆက်နွယ်၍ ပေါ်လာသည့် အမုန်းစကားများအတွက် ကုလ သတိပေး

    ကိုရိုနာနှင့်ဆက်နွယ်၍ ပေါ်လာသည့် အမုန်းစကားများအတွက် ကုလ သတိပေး

    မေ ၈၊ ၂၀၂၀
    M-Media

    -Covid-19 ပြန့်နှံ့မှုနဲ့ ဆက်နွယ်ပြီး ကမ္ဘာတစ်ဝှမ်း အမုန်းစကားတွေ၊ အမုန်းဆောင်လှုပ်ရှားမှုတွေဟာ ‘ဆူနာမီ လှိုင်းလုံး’ လို မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီနေ့မှာ သတိပေးလိုက်ပါတယ်။

    အွန်လိုင်းနဲ့ အပြင်မှာပါ နိုင်ငံခြားသားဆန့်ကျင်ရေးလှုပ်ရှားမှု မြင့်တက်လာတာ၊ ဂျူးဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ ပြန်နှံ့လာတာ၊ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာတွေကို ဂူတာရက်စ်က ထောက်ပြခဲ့ပါတယ်။

    ပြောင်းရွှေ့အခြေချသူတွေနဲ့ ဒုက္ခတွေဟာ ဗိုင်းရပ်စ်ဖြန့်သူတွေအဖြစ် သမုတ်ခံရပြီး ကုသခွင့် ငြင်းပယ်ခံရတာတွေလည်း ရှိတယ်လို့လည်း သူက ဆိုပါတယ်။

    “ဂျာနယ်လစ်တွေ၊ အမှန်တရား ထုတ်ဖော်ပြောဆိုသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အကူအညီပေးရေး လုပ်သားတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ သူတို့အလုပ် သူတို့လုပ်တာကိုပဲ ပစ်မှတ်ထား ခံနေရပါတယ်”

    နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့ ဂူတာရက်စ်က တိုက်တွန်းခဲ့သလို အစွန်းရောက်တွေက မျှော်လင့်ချက်မဲ့နေသူတွေ၊ ထွက်ပေါက်မဲ့နေသူတွေကို သိမ်းသွင်းဖို့ ကြိုးပမ်းနေတဲ့ အခုလိုအချိန်မှာ ဒစ်ဂျစ်တယ်အသိပညာမြင့်မားရေး ပညာရေးအဖွဲ့အစည်းတွေက ဆောင်ရွက်ဖို့ ဆော်ဩခဲ့ပါတယ်။

    လူမျိုးရေးတိုက်ခိုက်မှု အပါအဝင် လူ့အဖွဲ့အစည်းကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ဆိုရှယ်မီဒီယာတွေက ဖယ်ရှားဖို့ ထိခိုက်လွယ်သူတွေကို လူ့အဖွဲ့အစည်းတွေက ဖေးမဖို့၊ အပြန်အလှယ် နားလည်မှု အလေ့အကျင့်ကို ဘာသာရေးခေါင်းဆောင်တွေက ဦးဆောင်ပြသကြဖို့လည်း ဂူတာရက်စ် ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။

    “Covid-19 ဟာ ကျွန်တော်တို့ ဘယ်သူလဲ၊ ဘယ်မှာနေလဲ၊ ဘာဘာသာဝင်လဲ၊ ဘယ်လို ဘွဲ့ထူးဂုဏ်ထူးတွေရှိလဲ စတာတွေကို ဂရုမစိုက်ပါဘူး”

    ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် အချို့နိုင်ငံတွေမှာ အမျိုးသားရေးဝါဒ၊ လူပြိန်းကြိုက်ဝါဒ၊ အာဏာရှင်ဝါဒတွေ ထွန်းကားလာပြီး၊ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေ ဆုတ်ယုတ်လာကြောင်း၊ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ ပေါ်ပေါက်လာတဲ့ အဲဒီလို ဖိနှိပ်ချုပ်ချယ်မှုတွေဟာ ဗိုင်းရပ်စ်ကင်းရှင်းသွားပြီးတဲ့နောက်ပိုင်းမှာ ဆက်လက်ရှိလာနိုင်ကြောင်း ဂူတာရက်စ်က သတိပေးခဲ့ပါတယ်။

    Ref: New York Times

  • ဆွီဒင်နိုင်ငံ မြောက်ဖက်စွန်းတွင် အစ္စလာမ်ဘာသာဝင်များအတွက် ဝတ်ပြုရာနေရာ တည်ဆောက်မည်

    ဆွီဒင်နိုင်ငံ မြောက်ဖက်စွန်းတွင် အစ္စလာမ်ဘာသာဝင်များအတွက် ဝတ်ပြုရာနေရာ တည်ဆောက်မည်

    မေ ၈၊ ၂၀၂၀
    M-Media

    ကမ္ဘာ့မြောက်ဖက်ဆုံးဗလီဟု ဂင်းနစ်မှတ်တမ်းဝင်သည့် နူရ်ကမားလ် ဗလီ

    -ဆွီဒင်နိုင်ငံ မြောက်ဖက်မှာ တည်ရှိပြီး ကမ္ဘာ့ မြောက်ဖက်စွန်းလည်းကျတဲ့ မြို့တစ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုရာနေရာတစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။

    နော်ရ်ဘိုတန်ပြည်နယ်က လူလီယာမြို့မှာ ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်မယ့် စီမံကိန်းကို နော်ရ်ဘိုတန်အစ္စလာမ့်စင်တာက ၂၀၁၃ ခုနှစ်ကတည်းက လျာထားခဲ့တာပါ။

    “အစက ဒေါ်လာ ၁၀ သန်းလောက် ကုန်ကျမယ့် ဗလီကြီးတစ်လုံး တည်ဆောက်ဖို့ စီစဉ်ခဲ့ပါတယ်။ အခုတော့ ၁.၂ သန်းလောက်ပဲ အကုန်အကျခံ ဆောက်လုပ်မှာ ဖြစ်ပါတယ်” လို့ အစ္စလာမ့်စင်တာရဲ့ ဥက္ကဌ ဟာရှင် အဟ်မဒ်က ပြောကြားခဲ့ပါတယ်။

    ရန်ပုံငွေကို အွန်လိုင်းကနေတစ်ဆင့် ဆွီဒင်တစ်နိုင်လုံးမှာရှိကြတဲ့ အစ္စလာမ်ဘာသာဝင်တွေထံကနေ ကောက်ယူ စုဆောင်းမှာ ဖြစ်ပါတယ်။

    လူလီယာမြို့မှာ လူဦးရေ ၇၆၀၀၀ လောက် နေထိုင်ပြီး စတီး အဓိကထုတ်လုပ်တဲ့အတွက် ‘စတီးမြို့တော်’ လို့ အမည်တွင်ပါတယ်။

    လက်ရှိ ကမ္ဘာ့ မြောက်ဖက်အကျဆုံး ဗလီဝတ်ကျောင်းတော်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်တဲ့ ဗလီက ရုရှားနိုင်ငံ အရှေ့ဆိုက်ဘေးရီးယား နော်ရ်အစ်လ်မြို့မှာရှိတ့ နူရ်ကမားလ် ဗလီဝတ်ကျောင်းတော် ဖြစ်ပါတယ်။

    Ref: Sputnik News

  • အိန္ဒိယတွင် လူအုပ်စုလိုက် ရထားကြိတ်ခံရ၊ ၁၄ ဦး သေဆုံး

    အိန္ဒိယတွင် လူအုပ်စုလိုက် ရထားကြိတ်ခံရ၊ ၁၄ ဦး သေဆုံး

    မေ ၈၊ ၂၀၂၀
    M-Media

    -ရထားလမ်းပေါ်မှာ အိပ်နေသူတွေကို ရထားက တက်ကြိတ်မှုတစ်ခု အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံမှုကြောင့် ဧပြီလစောပိုင်းက တိုင်းပြည်ကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံ မြို့ကြီးတွေက သိန်းနဲ့ချီတဲ့လူတွေဟာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ပြီး အုပ်စုလိုက် နေရပ်ပြန်တာတွေ ဖြစ်လာခဲ့ပါတယ်။

    အများသုံး သယ်ယူပို့ဆောင်မှုစနစ်ကို ရပ်ဆိုင်းထားတာကြောင့် လူအများစုဟာ လမ်းလျှောက် ပြန်ကြရတာ ဖြစ်ပါတယ်။

    ဒီကနေ့မနက် ရထားကြိတ်မှုဟာ နိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာ ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ စတီးစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေဟာ အိမ်နီးချင်း မဒ်ယာပရာဒက်ရှ်ပြည်နယ်က ရွာတစ်ရွာကို လမ်းလျှောက်ပြန်လာခဲ့ပြီး ညဖက် ရထားလမ်းပေါ်မှာ အိပ်နေစဉ် ကုန်တင်ရထား ကြိတ်မိခဲ့တာ ဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်တွင်း အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပြီး၊ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အိန္ဒိယ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက လူ့အသက်တွေ ဆုံးရှုံးရမှုအတွက် အလွန်ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေအားလုံး ဆောင်ရွက်ပေးသွားမယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: Aljazeera