News @ M-Media

Blog

  • ပြည်သူကိုကူညီရင်း သေရမည်ကို မကြောက်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် ပြော

    ပြည်သူကိုကူညီရင်း သေရမည်ကို မကြောက်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် ပြော

    မတ် ၂၃၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ပြည်သူတွေကို ကူညီရင်း သေရမှာ မကြောက်ဘူးလို့ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုက ပြောကြားလိုက်ပါတယ်။

    ဖိလစ်ပိုင်မှာ လက်ရှိ ရောဂါကူးစက်သူအရေအတွက် ၄၆၂ ဦးရှိပြီး သေဆုံးသူက ၃၃ ဦး ရှိနေပါတယ်။

    ၂၀၁၀ ခုနှစ်ကတည်းက နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပြီး လွှတ်တော်အမတ်ဖြစ်လာတဲ့ ပက်ကွီအိုက ခေါင်းဆောင်ဆိုတာ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ခေါင်းဆောင်ဖြစ်ပြီဆိုရင် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ရမယ်။ ပြည်သူတွေကိုဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိကြောင်း ပြရမယ်။ ကျွန်တော်ဟာ ဆင်းရဲတဲ့ဘ၀ကနေ လာတာကြောင့် သူတို့ ဘယ်လိုခံစားနေရလဲဆိုတာ သိရပါတယ်”

    ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့​မှုကြောင့် အခြေခံစားသောက်ကုန်တွေ ရှားပါးပြီး လုယက်မှုတွေဖြစ်မှာကို စိုးရိမ်တယ်လို့လည်း ပက်ကွီအိုက ဆိုပါတယ်။

    နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရှေ့ကနေ ပါဝင်လုပ်ဆောင်နေကြသူတွေအတွက် နှာခေါင်းစည်း ၆ သိန်း လှူဒါန်းထားပြီး အလီဘာဘာပိုရှင် ဘီလီယံနာ ဂျက်မာနဲ့ပူးပေါင်း COVID-19 စမ်းသပ်ကိရိယာ အခုရေ ၅ သောင်းကိုလည်း လှူဒါန်းထားပါတယ်။

    ပြည်သူတွေ အကြောက်တရားပြေအောင် မြေပြင်အထိ သွားရောက်ဆောင်ရွက်နေတဲ့ ပက်ကွီအိုက ပြည်သူလူထုအတွက် တတ်နိုင်သလောက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီလိုလုပ်ဆောင်လို့ သေဆုံးရမှာကို မကြောက်ဘူးလို့လည်း ဆိုပါတယ်။

    Ref: Insider

  • အာဆီယံဒေသအတွင်း COVID-19 ပြန့်နှံ့မှု၊ သေဆုံးမှု ပိုမိုမြင့်တက်လာ

    အာဆီယံဒေသအတွင်း COVID-19 ပြန့်နှံ့မှု၊ သေဆုံးမှု ပိုမိုမြင့်တက်လာ

    မတ် ၂၂၊ ၂၀၂၀
    M-Media

    ဓာတ်ပုံ- အာဆီယံနိုင်ငံများ
    • ထိုင်းနိုင်ငံမှာ မနေ့ကတစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အရေအတွက် ၁၁၈ ဦး ရှိခဲ့ပြီး တစ်ရက်တာ အမြင့်ဆုံး ကူးစက်မှုဖြစ်ပါတယ်။ ကူးစက်သူအများစုဟာ မြို့တော်ဘန်ကောက်က လူငယ်တွေဖြစ်ပြီး အသွားအလာများတဲ့သူတွေဖြစ်တဲ့အတွက် သူတို့ကနေတစ်ဆင့် နောက်ထပ် ကူးစက်မှုတွေ ပိုများလာနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူ Taweesin Wisanuyothin က ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ စုစုပေါင်း ကူးစက်သူအရေအတွက် ၅၅၉ ဦး ရှိလာတာပါ။ ဘန်ကောက်မှာ ကျောင်းတွေ၊ ဘားတွေကို ပိတ်ထားသလို၊ ရှော့ပင်းမောလ်ကလွဲလို့ စူပါမားကတ်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။
    • အင်ဒိုနီးရှားမှာလည်း မနေ့က သေဆုံးသူ ၁၀ ဦး ကူးစက်သူ ၆၄ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ စုစုပေါင်း ၄၈ ဦး၊ ကူးစက်သူ ၅၁၄ ဦး ရှိလာတာပါ။ ပြန်လည်ကောင်းမွန်သူက မနေ့မှာ ၉ ဦး ရှိတာကြောင့် စုစုပေါင်း ၂၉ ဦး ရှိလာတာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ဆရာဝန် ၃ ဦး ပါဝင်တယ်လို့ Jakarta Post သတင်းစာက မနေ့မှာ ဖော်ပြခဲ့ပါတယ်။
    • မလေးရှားနိုင်ငံမှာ မနေ့က ကူးစက်သူ ၁၂၃ ဦး၊ သေဆုံးသူ ၂ ဦး ရှိပါတယ်။ စုစုပေါင်း သေဆုံးသူဟာ ၁၀ ဦးရှိကာ ကူးစက်သူအရေအတွက်က ၁၃၀၆ ဦးအထိ မြင့်တက်လာတာပါ။ မလေးရှားက ကူးစက်သူတော်တော်များများနဲ့ သေဆုံးသူ ၆ ဦးတို့ဟာ ကွာလာလမ်ပူ ဆင်ခြေဖုံးမှာ ဖေဖော်ဝါရီ နှောင်းပိုင်းက ပြုလုပ်ခဲ့တဲ့ အစ္စလာမ်ဘာသာရေးအခမ်းအနားတစ်ခုနဲ့ ဆက်စပ်နေသူတွေဖြစ်ပါတယ်။
    • ဖိလစ်ပိုင်မှာလည်း မနေ့က ကူးစက်သူ ၇၃ ဦးရှိခဲ့ပြီး စုစုပေါင်း ၃၈၀ ဦး ရှိလာခဲ့တာပါ။ သေဆုံးသူက ၆ ဦးနဲ့ ၂၅ ဦးအထိ ရှိလာပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပြီးတဲ့နောက် ပြန်ကောင်းသွားသူအရေအတွက်က ဖိလစ်ပိုင်မှာ ၁၅ ဦးအထိ ရှိလာပြီး အများစုက သက်လတ်တန်းတွေဖြစ်ပါတယ်။
    • မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ မတွေ့သေးပေမယ့် သံသယနဲ့ စောင့်ကြည့်နေတဲ့သူအရေအတွက်ကတော့ ၁၀၀ ကျော် ရှိလာပါတယ်။ ရောဂါကူးစက်လာရင် သီးသန့်ခွဲထား စောင့်ကြည့် ကုသဖို့အတွက် ပြင်ဆင်မှုတွေလည်း လုပ်ဆောင်နေပါတယ်။ ရောဂါပြန့်နှံ့နေတဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူ ထောင်နဲ့ချီ အခုရက်ပိုင်းအတွင်း ပြန်ဝင်လာတာကြောင့် သူတို့နဲ့အတူ COVID-19 ပါလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

    Ref: CNA

  • အစ္စလာမ့်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြင့်မြတ်ရာ ဗလီနှစ်လုံးတွင် ဝတ်ပြုမှုရပ်ဆိုင်း

    အစ္စလာမ့်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြင့်မြတ်ရာ ဗလီနှစ်လုံးတွင် ဝတ်ပြုမှုရပ်ဆိုင်း

    မတ် ၂၂၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှာကို စိုးရိမ်တဲ့အတွက် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် နှစ်ခုမှာ စုဝေးဝတ်ပြုမှုကို ဆော်ဒီအာဏာပိုင်တွေက ရပ်ဆိုင်းလိုက်ပြီး ဒါဟာ နှစ်ပေါင်း ၁၄၀၀ ကျော် ကြာမြင့်တဲ့ အစ္စလာမ်သာသနာသမိုင်းမှာ ပထမဆုံးအ​ကြိမ် ရပ်ဆိုင်းမှုလည်း ဖြစ်ပါတယ်။

    နိုင်ငံအတွင်း COVID-19 ကူးစက်ပြန့်နှံ့ကာ သေဆုံးမှုတွေရှိနေတဲ့အတွက် ဆော်ဒီအာဏာပိုင်တွေဟာ နယ်စပ်တွေပိတ်တာ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေ၊ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းတာ၊ လှုပ်ရှားသွားလာမှု ကန့်သတ်တာတွေ လုပ်ဆောင်ထားပါတယ်။

    ပြီးခဲ့တဲ့ အင်္ဂါနေ့က နိုင်ငံတစ်ဝှမ်း ဗလီတွေမှာ လူစုလူဝေးနဲ့ ဝတ်ပြုမှုကို ရပ်ဆိုင်းလိုက်ပြီး မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီနဲ့ မဒီနာက တမန်တော်မြတ် ဗလီ ၂ လုံးမှာ ဝတ်ပြုမှု ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ပေမယ့် ကြာသာပတေးနေ့မှာတော့ မြင့်မြတ်ရာ ဗလီ ၂ လုံးကိုပါ ပိတ်ပစ်လိုက်ပါတယ်။

    မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်လုံး ကြီးကြပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာနီ ဘင် ဟိုစနီ ဟိုင်ဒါက ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးပြီးတဲ့နောက် ဒီလို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီမှာ COVID-19 ကူးစက်သူအရေအတွက်ဟာ မတ်လ ၂၁ ရက်နေ့အထိ ၃၉၂ ဦးရှိနေပြီး သံသယလူနာက ၇၀၆၇ ဦး ရိနေပါတယ်။ ပြန်ကောင်းသွားသူက ၁၆ ဦးရှိကာ သေဆုံးသူ မရှိသေးပါဘူး။

    Ref: Aljazeera

  • ကမ္ဘာ့ ဘောလုံးလောကတွင် COVID-19 ကူးစက်သူအရေအတွက် မြင့်တက်

    ကမ္ဘာ့ ဘောလုံးလောကတွင် COVID-19 ကူးစက်သူအရေအတွက် မြင့်တက်

    မတ် ၂၂၊ ၂၀၂၀
    M-Media

    – ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းမှာ COVID-19 ကူးစက်သူအရေအတွက် မြင့်တက်လာပါတယ်။

    ဂျူဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာမှာ ဗိုင်းရပ်စ်ပိုးရှိနေကြောင်း ပြီးခဲ့တဲ့တစ်ပတ်မှာ စမ်းသပ်တွေ့ရှိခဲ့ပြီး လက်ရှိ နေအိမ်မှာ သီးခြားနေထိုင်နေပါတယ်။ ဒိုင်ဘာလာနဲ့ သူ့ရဲ့ချစ်သူ ၂ ဦးစလုံး ကူးစက်နေတာဖြစ်ပြီး ရောဂါလက္ခဏာ ပြသခြင်းမရှိပါဘူး။ နောက်ခံလူ ရူဂါနီ၊ ကွင်းလယ်လူ မာတွီဒီတို့ပြီးတဲ့နောက် ဒိုင်ဘာလာဟာ ဂျူဗီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ တတိယမြောက်ကစားသမား ဖြစ်လာပါတယ်။

    မန်ယူအသင်းကွင်းလယ်လူဟောင်းဖြစ်ပြီး လက်ရှိ တရုတ်ကလပ် Shandong Luneng မှာ ကစားနေတဲ့ မာရူနီ ဖယ်လိုင်နီလည်း ဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။ ဖယ်လိုင်နီဟာ တရုတ်စူပါလိဂ်မှာ ဗိုင်းရပ်စ်တွေ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာတာပါ။

    အေစီမီလန်နဲ့ အီတလီအသင်းတို့ရဲ့ နောက်ခံလူဟောင်းဖြစ်ပြီး လက်ရှိ အေစီမီလန်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပါအိုလို မာလ်ဒီနီနဲ့ အသက် ၁၈ နှစ်အရွယ် သားဖြစ်သူ မီလန် လူငယ်ကစားသမား ဒန်နီယဲလ်တို့ ကူးစက်ခံထားရတယ်လို့ အေစီမီလန်အသင်းက မနေ့မှာ ထုတ်ပြန်ပါတယ်။

    ၁၉၉၅ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် လောရန်ဇိုဆန့်ဇ်ဟာ COVID-19 ကြောင့် မနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဆန့်ဇ်ကို ဗုဒ္ဓဟူးနေ့က ဆေးရုံတင်လိုက်ရတာပါ။ သူသေဆုံးမှုအတွက် အတွက် ရီးယဲလ်မက်ဒရစ်နဲ့ လာလီဂါတို့က ဝမ်းနည်းကြောင်း ဆိုရှယ်မီဒီယာမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဆန့်ဇ် ဥက္ကဌအဖြစ် ဆောင်ရွက်နေစဉ်အတွင်း ရီးယဲလ်ဟာ ချန်ပီယံလိဂ်ဖလား ၂ လုံး ရရှိခဲ့ပါတယ်။

    Ref: Goal

  • COVID-19 ရှိ၊ မရှိ ၄၅ မိနစ်အတွင်းသိရမည့် စမ်းသပ်ကိရိယာတစ်ခုကို မကြာခင် အသုံးပြုနိုင်တော့မည်

    COVID-19 ရှိ၊ မရှိ ၄၅ မိနစ်အတွင်းသိရမည့် စမ်းသပ်ကိရိယာတစ်ခုကို မကြာခင် အသုံးပြုနိုင်တော့မည်

    မတ် ၂၂၊ ၂၀၂၀
    M-Media

    -COVID-19 ရှိ၊ မရှိကို ၄၅ မိနစ်အတွင်း သိနိုင်မယ့် စမ်းသပ်ကိရိယာတစ်ခုကို မြေပြင်မှာ စတင်စမ်းသပ်အသုံးပြုဖို့အတွက် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ခွင့်ပြုလိုက်ပါတယ်။

    ဒီကိရိယာကို Cepheid ဆိုတဲ့ကုမ္ပဏီက ထုတ်လုပ်တာပါ။ ဆေးရုံတွေ၊ အရေးပေါ်ဌာနတွေမှာ စတင် စမ်းသပ် အသုံးပြုမှာဖြစ်ပြီး FDA ကလည်း ခွင့်ပြုချက်ပေးခဲ့ပြီလို့ ကုမ္ပဏီရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိရိယာတွေကို ​လာမယ့်တစ်ပတ်မှာ စမ်းသပ်မယ့်နေရာတွေဆီ ပို့ဆောင်မှာဖြစ်ပါတယ်။

    လက်ရှိမှာ သံသယရှိသူတွေထံကနေ နှာခေါင်းတို့ဖတ် နမူနာယူကာ ဓာတ်ခွဲခန်းကို ပို့ဆောင် စစ်ဆေးရတာကြောင့် စမ်းသပ်မှုဟာ ရက်အနည်းငယ် ကြာမြင့်တတ်ပါတယ်။ Cepheid က ထုတ်တဲ့ အခုကိရိယာက ၄၅ မိနစ်အတွင်း အဖြေထုတ်နိုင်မှာဖြစ်ပြီး ကိုင်တွယ်အသုံးပြုမယ့်သူတွေမှာ ဆေးဖက်ဆိုင်ရာ အထူးကျွမ်းကျင်မှုတွေ မလိုအပ်ပါဘူး။

    ဒီကိရိယာအသုံးပြုမှုအတွက် ကုန်ကျစားရိတ် ဘယ်လောက်ရှိမလဲဆိုတာကို Cepheid ကုမ္ပဏီက ထုတ်ပြန်ခြင်း မရှိပါဘူး။

    Ref: Reuters