News @ M-Media

ပြည်သူကိုကူညီရင်း သေရမည်ကို မကြောက်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် ပြော

မတ် ၂၃၊ ၂၀၂၀
M-Media

-ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ပြည်သူတွေကို ကူညီရင်း သေရမှာ မကြောက်ဘူးလို့ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုက ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်မှာ လက်ရှိ ရောဂါကူးစက်သူအရေအတွက် ၄၆၂ ဦးရှိပြီး သေဆုံးသူက ၃၃ ဦး ရှိနေပါတယ်။

၂၀၁၀ ခုနှစ်ကတည်းက နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပြီး လွှတ်တော်အမတ်ဖြစ်လာတဲ့ ပက်ကွီအိုက ခေါင်းဆောင်ဆိုတာ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

“ခေါင်းဆောင်ဖြစ်ပြီဆိုရင် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ရမယ်။ ပြည်သူတွေကိုဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိကြောင်း ပြရမယ်။ ကျွန်တော်ဟာ ဆင်းရဲတဲ့ဘ၀ကနေ လာတာကြောင့် သူတို့ ဘယ်လိုခံစားနေရလဲဆိုတာ သိရပါတယ်”

ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့​မှုကြောင့် အခြေခံစားသောက်ကုန်တွေ ရှားပါးပြီး လုယက်မှုတွေဖြစ်မှာကို စိုးရိမ်တယ်လို့လည်း ပက်ကွီအိုက ဆိုပါတယ်။

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရှေ့ကနေ ပါဝင်လုပ်ဆောင်နေကြသူတွေအတွက် နှာခေါင်းစည်း ၆ သိန်း လှူဒါန်းထားပြီး အလီဘာဘာပိုရှင် ဘီလီယံနာ ဂျက်မာနဲ့ပူးပေါင်း COVID-19 စမ်းသပ်ကိရိယာ အခုရေ ၅ သောင်းကိုလည်း လှူဒါန်းထားပါတယ်။

ပြည်သူတွေ အကြောက်တရားပြေအောင် မြေပြင်အထိ သွားရောက်ဆောင်ရွက်နေတဲ့ ပက်ကွီအိုက ပြည်သူလူထုအတွက် တတ်နိုင်သလောက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီလိုလုပ်ဆောင်လို့ သေဆုံးရမှာကို မကြောက်ဘူးလို့လည်း ဆိုပါတယ်။

Ref: Insider