News @ M-Media

Blog

  • ရေဒီယိုနှင့် လျှပ်စစ်သံလိုက်လှိုင်း ဆက်သွယ်မှုတိုင်းကို ဖမ်းယူနိုင်မည့် နည်းပညာသစ် တရုတ်ရရှိ

    ရေဒီယိုနှင့် လျှပ်စစ်သံလိုက်လှိုင်း ဆက်သွယ်မှုတိုင်းကို ဖမ်းယူနိုင်မည့် နည်းပညာသစ် တရုတ်ရရှိ

    ဖေဖော်၀ါရီ ၁၈၊ ၂၀၂၄
    M-Media

    -ရေဒီယိုနဲ့ လျှပ်စစ်သံလိုက်လှိုင်းအသုံးပြု ဆက်သွယ်မှုတိုင်းကို ဖမ်းယူနှိမ်နှင်းနိုင်မယ့် စစ်ဖက်သုံး နည်းလမ်းတစ်ခုကို တရုတ်သိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    ဒီနည်းပညာကြောင့် အနာဂတ်စစ်ပွဲတွေမှာ ရန်သူတွေဟာ ဘယ်လိုနည်းလမ်းနဲ့မှ လျှို့၀ှက်ဆက်သွယ်၊ ထောက်လှမ်းမှုတွေ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

    လျှပ်စစ်သံလိုက်လှိုင်းတွေကို အချိန်နဲ့တစ်ပြေးညီ လျင်လျင်မြန်မြန်ဖမ်းယူဖော်ထုတ်နိုင်တဲ့ အဲဒီနည်းလမ်းကို ဘေဂျင်းနည်းပညာတက္ကသိုလ် Beijing Institute of Technology က ပရော်ဖက်ဆာ ယန်ကိုင်နဲ့အဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

    ဒီနည်းသစ်ကို အသုံးပြုမယ့် ကိရိယာဟာ သေးငယ်အစွမ်းထက်ပြီး၊ စွမ်းအင်အသုံပြုမှုလည်း နည်းပါးတယ်လို့ ယန်ကိုင်က ဆိုပါတယ်။

    စစ်ပွဲလို အခြေအနေမျိုးမှာ ရေဒီယိုနဲ့ လျှပ်စစ်သံလိုက်လှိုင်း အသုံးပြု ဆက်သွယ်မှုတွေကို တစ်ချိန်တည်း ကြားဖြတ်ဖမ်းယူဖို့ဆိုရင် အလွန်များပြားတဲ့ အချက်အလက်တွေကို ကိုင်တွယ်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ အရင်က ယူဆထားခဲ့ကြတာပါ။

    ယန်ကိုင်ဦးဆောင်တဲ့ တရုတ်သိပ္ပံပညာရှင်တွေဟာ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ချစ်ပ်ပြားအသစ်တွေ တီထွင်ခဲ့ပါတယ်။ အဲဒီချစ်ပ်ပြားတွေကနေ အချက်အလက်တွေကို ဖမ်းယူကာ အလွှာငယ်လေးတွေအဖြစ် ခွဲထုတ်ပြီး ကွန်ပျူတာဆီကို ပေးပို့နိုင်မှာဖြစ်ပါတယ်။

    ရေကြီယိုကြိမ်နှုန်း ၄၀ မဂ္ဂါဟက်ဇ်အောက်နဲ့ ၁၆၀ မဂ္ဂါဟက်ဇ်အထက်ဆိုရင် အရင်က ဖမ်းယူထောက်လှမ်းလို့ မရနိုင်ပေမယ့် တရုတ်ပညာရှင်တွေရဲ့ အခုနည်းသစ်က ဒီကန့်သတ်ချက်ကိုပါ ချိုးဖျက်နိုင်မှာပါ။

    ရေဒီယိုနဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ စစ်ထုတ်တဲ့နည်းလမ်းကိုလည်း ပရော်ဖက်ဆာ ယန်ကိုင်တို့အဖွဲ့က ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ သင်္ချာဆိုင်ရာ နည်းလမ်းသစ်တစ်ချို့ တီထွင် အသုံးပြုထားတဲ့အတွက် ကိုယ့်ဘက်က အသုံးပြုနေတဲ့ ရေဒီယိုလှိုင်းတွေ ထိခိုက်မှာကို မစိုးရိမ်ရတော့ပါဘူး။

    အရက်ဖက်၊ စစ်ဖက်၊ ရန်သူ၊ မိတ်ဆွေ စသဖြင့် အချက်ပြစနစ်တွေကို တစ်ချိန်တည်း ဖမ်းယူခွဲခြမ်းစိတ်ဖြာရာမှာ လက်ရှိ ရှိနေတဲ့ နည်းပညာဆိုင်ရာ အခက်အခဲကိုလည်း ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြုပြီးဖြေရှင်းခဲ့တယ်လို့ ယန်ကိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်နဲ့ တရုတ်တို့အကြား အီလက်ထရောနစ်စစ်ပွဲ အားပြိုင်မှုမှာ အခုနည်းပညာကြောင့် တရုတ်ဖက်က နှာတစ်ဖျားသာသွားတယ်လို့လည်း ဆိုနိုင်ပါတယ်။

    Ref: South China Morning Post

  • ထိုင်း၀န်ကြီးချုပ်ဟောင်း ထောင်ဒဏ်မှ လွတ်မြောက်လာ

    ထိုင်း၀န်ကြီးချုပ်ဟောင်း ထောင်ဒဏ်မှ လွတ်မြောက်လာ

    ဖေဖော်၀ါရီ ၁၈၊ ၂၀၂၄

    M-Media 


    -ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရတဲ့ ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ၀ပ်ထရာဟာ ဒီကနေ့မှာ တရား၀င် လွတ်မြောက်လာခဲ့ပါတယ်။

    ရဲဖက်ဆေးရုံကနေ ဆင်းလာတဲ့ သက်ဆင်ကို သမီးဖြစ်သူ ပေတွန်တန် ရှင်နာ၀ပ်ထရာက သွားရောက်ကြိုဆို ခေါ်ဆောင်ခဲ့တာပါ။ ပေတွန်တန်ဟာ စစ်တပ်နဲ့ ပြေလည်တဲ့ အာဏာရ Pheu Thai ပါတီ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ 

    ၂၀၀၆ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်း ဖြုတ်ချမှုကို ခံခဲ့ရပြီးနောက် သက်ဆင်ဟာ ၁၅ နှစ်လောက် ပြည်ပမှာ နေထိုင်ခဲ့ရတာဖြစ်ပါတယ်။ စစ်အစိုးရက သူ့ကို မျက်ကွယ်ထောင်ဒဏ် ၈ နှစ် ချတ်ခဲ့ပြီး မနှစ်က ပြည်တော်ပြန်ချိန်မှာ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် ၁ နှစ်အထိ လျှော့ချခံခဲ့ရပါတယ်။ 

    ကျန်းမာရေးကြောင့် ရဲဆေးရုံမှာ ဆေးကုမှုခံယူနေစဥ် ၆ လအကြာ ပြီးခဲ့တဲ့တစ်ပတ် ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းမှာ သက်ဆင် ပါ၀င်လာခဲ့တာဖြစ်ပါတယ်။ 

    သက်ဆင် အခုလို လွတ်မြောက်လာမှုဟာ Pheu Thai ပါတီ၊ စစ်တပ်နဲ့ ဘုရင်တို့အကြား နောက်ကွယ်က ညှိနှိုင်းမှုရလဒ် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: CNA

  • နာမည်ဆိုးရှိသည့် ဗိုလ်ချုပ်ဟောင်း သမ္မတဖြစ်လာဖွယ် ရှိနေသည့် အင်ဒိုနီးရှား

    နာမည်ဆိုးရှိသည့် ဗိုလ်ချုပ်ဟောင်း သမ္မတဖြစ်လာဖွယ် ရှိနေသည့် အင်ဒိုနီးရှား

    ဖေဖော်၀ါရီ ၁၆၊ ၂၀၂၄

    M-Media 

    (ဓာတ်ပုံ – ပရာဘို၀ိုနှင့် ဂျီဘရန်)

    -ဖေဖော်၀ါရီ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ကနဦးရလဒ်တွေ ပေါ်ထွက်လာခဲ့ပြီး သမ္မတလောင်း ပရာဘို၀ို ဆူဘီယန်တိုက သူအနိုင်ရရှိတယ်လို့ ထုတ်ပြောလာပါတယ်။ 

    ရွေးကောက်ပွဲ ရလဒ် အပြည့်အစုံကို ဖေဖော်၀ါရီ ၂၀ ရက်နေ့မှ ထုတ်ပြန်မှာဖြစ်ပါတယ်။ 

    ပရာဘို၀ိုဟာ လက်ရှိသမ္မတ ဂျိုကို၀ီဒိုဒိုရဲ့ လက်အောက်မှာ ကာကွယ်ရေး၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ 

    အသက် ၇၂ နှစ်အရွယ်ရှိပြီး အင်ဒိုနီးရှားစစ်တပ်ရဲ့ အထူးတပ်ဖွဲ့ အကြီးအကဲဟောင်းလည်း ဖြစ်ပါတယ်။ 

    တိုင်းပြည်ကို နှစ်ပေါင်း ၃၀ ကျော် အုပ်စိုးခဲ့တဲ့ အာဏာရှင် ဆူဟာတိုလက်ထက်မှာ ပရာဘို၀ို တန်ခိုးထွားခဲ့တာပါ။ ဆူဟာတိုရဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်းမှုမှာ ပရာဘို၀ို ပါ၀င်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဆိုး ရှိပါတယ်။ 

    ၁၉၉၇-၉၈ ခုနှစ်က ဆူဟာတိုကို ၀ေဖန်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ၂၂ ဦး ပြန်ပေးဆွဲခံရမှုဟာ ပရာဘို၀ိုရဲ့လက်ချက် ဖြစ်ပါတယ်။ အဲဒီထဲက ၁၃ ဦးကို ပြန်ရှာမတွေ့တော့ဘဲ သေဆုံးသွားပြီလို့ ယူဆရပါတယ်။ ဒီကိစ္စကြောင့်ပဲ ပရာဘို၀ိုဟာ ၁၉၉၈ ခုနှစ်မှာ စစ်တပ်ကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ 

    ပရာဘို၀ိုက ဒီပြန်ပေးဆွဲမှုမှာ သူပါတယ်ဆိုပေမယ့် အထက်ကခိုင်းလို့ လုပ်ရတာပါလို့ အရင်က အင်တာဗျူးတွေမှာ ပြောကြားဖူးပါတယ်။ 

    လက်ရှိရွေးကောက်ပွဲမှာ ပရာဘို၀ိုဟာ လူငယ်တွေရဲ့ထောက်ခံမှုကို အပြည့်အ၀ ရထားပါတယ်။ ပြည်သူချစ်တဲ့ သမ္မတ ၀ီဒိုဒိုရဲ့ မဟာမိတ်အဖြစ် မှတ်ယူခံရတာ၊ ဆိုရှယ်မီဒီယာမှာ လူငယ်တွေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံတာတွေကြောင့် ဖြစ်ပါတယ်။ 

    သူ့ကို ထောက်ခံသူအများစုဟာ သူ့ရဲ့ အတိတ်သမိုင်းကို မမီလိုက်ကြတဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသူတွေ ဖြစ်ပါတယ်။ 

    သမ္မတ၀ီဒိုဒိုရဲ့သားဖြစ်သူ ဂျီဘရန်တိုက ပရာဘို၀ိုနဲ့အတွဲ ဒုတိယသမ္မတလောင်းဖြစ်ပါတယ်။ 

    သမ္မတ ဂျိုကို ၀ီဒိုဒိုရဲ့ ၁၀ နှစ်တာ အုပ်ချုပ်မှုမှာ အင်ဒိုနီးရှား စီးပွားရေးဟာ တိုးတက်လာခဲ့ပြီး ပရာဘို၀ိုက ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။ 

    စိုးရိမ်

    ပရာဘို၀ို သမ္မတဖြစ်လာရင် အရင် စစ်တပ်အရာရှိတုန်းကလို ဖိနှိပ်မှုတွေ ရှိလာမှာကို အင်ဒိုနီးရှားပြည်သူတစ်ချို့က စိုးရိမ်နေကြပါတယ်။ 

    ပရာဘို၀ို အနိုင်ရသွားခဲ့ရင် လွှတ်တော်မှာ သူ့ကို ထိန်းကြောင်းဖို့အတွက် ထိရောက်တဲ့ အတိုက်အခံအင်အားစုမျိုး လိုလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    “ဒီမိုကရက်တစ် ကိစ္စတွေက သူ့ရဲ့ ဦးစားပေး မဟုတ်လောက်ဘူး။ တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ၀ေဖန်သူတွေကို အသံတိတ်အောင် လုပ်လာနိုင်ပါတယ်” လို့ ဂျာကာတာမှာရှိတဲ့ Atma Jaya တက္ကသိုလ်က တာ၀န်ရှိသူ မစ္စတာ ယို့စ် ကီနာ၀က်စ်က ပြောပါတယ်။ 

    လူ့အခွင့်အရေးအဖွဲ့ Amnesty International ရဲ့ အင်ဒိုနီးရှားဆိုင်ရာ အကြီးအကဲ မစ္စတာ အူစမန် ဟာမစ်မှာလည်း ဒီလို စိုးရိမ်မှုမျိုးတွေ ရှိပါတယ်။ 

    “ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို အားနည်းသွားစေနိုင်တဲ့ မူ၀ါဒမျိုးတွေ ရှိလာမယ်လို့ ကျွန်တော်ထင်ပါတယ်” 

    Ref: CNA

  • အတောမသတ်သေးတဲ့ အစ္စရေးရဲ့ စစ်ရာဇ၀တ်မှုများ

    အတောမသတ်သေးတဲ့ အစ္စရေးရဲ့ စစ်ရာဇ၀တ်မှုများ

    ဖေဖော်၀ါရီ ၁၆၊ ၂၀၂၄

    M-Media 


    -ဂါဇာကမ်းမြှောင် ခန်ယူနစ်မြို့က Nasser ဆေးရုံကို သီတင်းပတ်ချီ ပိတ်ဆို့တိုက်ခိုက်နေတဲ့ အစ္စရေးဟာ မနေ့စတင်ပြီး ဆေးရုံထဲအထိ ၀င်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါတယ်။ 

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ဟာ ဆေးရုံထဲမှာ အခြေစိုက်ထားတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး ဂါဇာမှာ ပြုလုပ်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရတဲ့ ပါလက်စတိုင်းပြည်သူ အရေအတွက်ဟာ ၂၈၆၆၃ ဦး ရှိလာပြီ ဖြစ်ပါတယ်။ 

    အစ္စရေးလက်ချက်ကြောင့် Nasser ဆေးရုံမှာ ဓာတ်အားနဲ့ အောက်ဆီဂျင်ပြတ်တောက်ပြီး သေဆုံးသွားသူ လူနာ ၃ ဦးအထိ ရှိလာပါပြီ။ 

    ပါလက်စတိုင်း ကျန်းမာရေးတာ၀န်ရှိသူတွေက အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ဂါဇာမှာကျူးလွန်တဲ့ နောက်ထပ် ရာဇ၀တ်မှုတစ်ခုလို့ ၀ေဖန်ပြစ်တင်ခဲ့ပါတယ်။ 

    ဂါဇာမှာရှိတဲ့ ဆေးရုံအများစုဟာ အစ္စရေးရဲ့လက်ချက်ကြောင့် ပျက်ဆီးသွားပြီး အသုံးပြုလို့ မရတော့ပါဘူး။ 

    ဟားမက်စ်က ၀ေဖန်

    ဆေးရုံတွေမှာ အခြေစိုက်ထားတယ်ဆိုတဲ့ အစ္စရေးရဲ့ ပြောကြားမှုကို ဟားမက်စ်က ငြင်းဆိုပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ လာရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ 

    “ကျွန်တော်တို့ရဲ့ ပါလက်စတိုင်းတော်လှန်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ လူထု၊ ကျန်းမာရေးကဏ္ဍ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ အကြိမ်ကြိမ် ပြောထားပြီးသား ဖြစ်ပါတယ်။ ဆေးရုံတွေကို လာရောက်စစ်ဆေးပြီး၊ အစ္စရေးရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ဖို့ ကုလသမဂ္ဂနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အရင်ကတည်းက ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ဟာ လစ်လျူရှုမှုသာ ခံရပါတယ်” လို့ ဟားမက်စ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Nasser ဆေးရုံမှာ ၀န်ထမ်း ၃၀၀၊ လူနာ ၄၅၀ နဲ့ စစ်ရှောင် တစ်သိန်းလောက် ရှိနေတာဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ၄၅ နှစ်ပြည့်ပြီဖြစ်သည့် အီရန်က အစ္စလာမ့်မစ်တော်လှန်ရေး

    ၄၅ နှစ်ပြည့်ပြီဖြစ်သည့် အီရန်က အစ္စလာမ့်မစ်တော်လှန်ရေး

    ဖေဖော်၀ါရီ ၁၂၊ ၂၀၂၄

    M-Media 


    -အမေရိကန်ကျောထောက်နောက်ခံပြု အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ အစ္စလာမ့်မစ်တော်လှန်ရေး ၄၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို အီရန်မှာ ဖေဖော်၀ါရီ ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ 

    နိုင်ငံတစ်၀ှမ်း ချီတက်လမ်းလျှောက်ပွဲတွေ လုပ်ခဲ့ပြီး မြို့တော် တီဟီရန်မှာ အီရန်စစ်တပ်က စစ်ရေးပြအခမ်းအနားတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ 

    ပြည်ထွင်းထုတ် တိုက်ချင်းပစ်ဒုံးကျည်တွေ၊ ဂြိုဟ်တုတွေ၊ ဒရုန်းတွေကိုလည်း ထုတ်ပြခဲ့ပါတယ်။ 

    သမ္မတ အီဘရာဟင် ရိုင်စီရဲ့ မိန့်ခွန်းမှာတော့ ဇိုင်ယွန်၀ါဒကို ဒေသတွင်းကနေ မောင်းထုတ်ပစ်ရမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    စစ်ရေးပြအခမ်းအနားမှာ လေထီးသမားတစ်ယောက်က ပါလက်စတိုင်းအလံကို လွှင့်ထူပြီး အလှပြခုန်ဆင်းတဲ့ ပြကွက်လည်း ပါ၀င်ပါတယ်။ 

    အမေရိကန်ကျောထောက်နောက်ခံပြု အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချတဲ့ အီရန်လူထုရဲ့ အစ္စလာမ့်မစ်တော်လှန်ရေးမှာ လူရာချီ သတ်ဖြတ်ခံခဲ့ရပါတယ်။ 

    ၁၉၇၈ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့ စတင်တဲ့ အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုဟာ၊ ရှားဘုရင် တိုင်းပြည်က ထွက်ပြေးသွားတဲ့ ၁၉၇၉ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်နေ့မှာ အဆုံးသတ်သွားခဲ့ပါတယ်။ 

    အီရန်စစ်တပ်ဟာ အစောပိုင်းမှာ ရှားဘုရင်ဘက်က ရပ်တည်ကာ ကြားဖြတ် အာဏာရယူခဲ့ပေမယ့် နောက်ပိုင်းမှာ ကြားနေဖြစ် ရှိခဲ့ပြီး၊ အစ္စလာမ့်မစ် တော်လှန်ရေးကို လက်ခံခဲ့ပါတယ်။  

    အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ ရူဟွလ္လာဟ် ခိုမေနီက ဒီတော်လှန်ရေးကို ဦးဆောင်ခဲ့ပါတယ်။ 

    Ref: Aljazeera