News @ M-Media

Blog

  • ဩတေးလျအရှေ့ကမ်းရိုးတန်းတောမီး ထိန်းချုပ်မရသည့်အခြေအနေ ဖြစ်လာ

    ဩတေးလျအရှေ့ကမ်းရိုးတန်းတောမီး ထိန်းချုပ်မရသည့်အခြေအနေ ဖြစ်လာ

    ဇန်နဝါရီ ၄၊ ၂၀၁၉
    M-Media

    -အပူချိန်မြင့်တက်လာတာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဩစတေးလျနိုင်ငံ အရှေ့ကမ်းရိုးတန်းမှာ တောမီးလောင်မှုဟာ ထိန်းချုပ်လို့မရဘဲ အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်ရှိလာတယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    စနေနေ့ညနေပိုင်းအထိ ဗစ်တိုးရီးယားပြည်နယ်က မီးလောင်မှု ၁၄ ခု၊ နယူးဆောက်သ်ဝေးလ်ပြည်နယ်က ၁၁ ခုတို့ကို အရေးပေါ်အခြေအနေ၊ ဘေးလွတ်ရာရွှေ့ပြောင်းရမယ့် အခြေအနေမအဖြစ် အသတ်မှတ်ထားရပါတယ်။ နိုင်ငံအရှေ့ပိုင်းက ပြည်နယ်တွေမှာ မီးလောင်မှု ၁၅၀ ကျော် ထပ်မံဖြစ်ပွားခဲ့ပါတယ်။

    ဩစတေးလျ နိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ‌တောမီး စတင်လောင်ကျွမ်းတာဖြစ်ပြီး သေဆုံးသူ ၂၃ ဦးရှိကာ သိန်းနဲ့ချီတဲ့လူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ သေဆုံးမှုနဲ့ ဘေးလွတ်ရာ ပြောင်းရွှေ့ရမှုရဲ့ ထက်ဝက်လောက်ဟာ အခုတ်တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တာပါ။

    တောမီးလောင်မှုဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကထက် ပိုမိုဆိုးဝါးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ အာဏာပိုင်တွေမှာ ရှိလာပါတယ်။

    နယူးဆောက်သ်ဝေးလ်ပြည်နယ် အာဏာပိုင်တွေက မီးလောင်နေတဲ့ တစ်ချို့ဒေသတွေမှာ ဘေးလွတ်ရာရွှေ့ပြောင်းရမယ့်အချိန်ဟာ နောက်ကျနေပြီလို့ ပြည်သူတွေကို သတိပေးခဲ့ပါတယ်။

    မီးသတ်သမားတွေကို ကူညီဖို့အတွက် ဗဟိုအစိုးရဟာ စစ်ဖက်အရန်တပ်တွေကို ဆင့်ခေါ်ခဲ့သလို၊ ‌ရေတပ်က ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး စစ်သင်္ဘော ‌၃ စီးအထိ အသုံးပြုလာပါတယ်။

    Ref: Reuters

  • ရေကြီးမှုကြောင့် အင်ဒိုနီးရှားက မိုးနည်းအောင် နည်းပညာသုံးဆောင်ရွက်

    ရေကြီးမှုကြောင့် အင်ဒိုနီးရှားက မိုးနည်းအောင် နည်းပညာသုံးဆောင်ရွက်

    ဇန်နဝါရီ ၄၊ ၂၀၂၀
    M-Media

    -မြို့တော် ဂျကာတာမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံနေတာကို တားမြစ်ဖို့အတွက် အင်ဒိုနီးရှားဟာ မိုးနည်းအောင် နည်းပညာအသုံးပြု ဆောင်ရွက်လာပါတယ်။

    နှစ်သစ်ကူးကစလို့ မုန်တိုင်းငယ်တစ်ခုကြောင့် ဂျကာတာနဲ့ ပတ်ဝန်းကျင်ဒေသမှာ မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတာပါ။ ရေကြီးမှုကြောင့် အနည်းဆုံး ၄၃ ဦးသေဆုံးကာ ၁၉၂၀၀၀ ဦး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။

    လာမယ့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းဖို့ ရှိနေတာကြောင့် အာဏာပိုင်တွေဟာ မိုးသားတိမ်တိုက်တွေထဲ ဓာတုပစ္စည်းတွေသွင်းကာ မိုးရွာသွန်းမှုလျော့ကျအောင် လုပ်ဆောင်နေပါတယ်။

    မနေ့က လေယာဉ် ၂ စီးဟာ ဂျကာတာကိုရောက်မယ့် မိုးသားတွေကို ဓာတုပစ္စည်းထည့်သွင်း ဖြိုခွဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    နှစ်စဉ် ဒီလိုအချိန် ဂျာကာတာမှာ မိုးကြီးရေလျှံမှု ပုံမှန်ဖြစ်ပွားလေ့ရှိပြီး လက်ရှိ ကြုံတွေ့နေရတာဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အဆိုးဆုံးအခြေအနေ ဖြစ်ပါတယ်။

    လူပေါင်းသန်းချီနေထိုင်တဲ့ ဂျကာတာမြို့ဟာ ကမ္ဘာပေါ်မှာ အမြန်ဆန်ဆုံး ရေထဲနစ်ဝင်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး ၂၀၅၀ ခုနှစ်ရောက်ရင် လုံး၀ ရေမြုပ်သွားမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

    မြို့တော်ကို ဘောနီယိုကျွန်းအရှေ့ပိုင်းကို ရွှေ့မယ့် သမ္မတဝီဒိုဒို အစီအစဉ်ရဲ့ အကြောင်းအရင်းတွေထဲမှာ ဒီအချက်လည်း ပါဝင်ပါတယ်။

    Ref: BBC

  • တရုတ်တွင် ကူးစက်ရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ

    တရုတ်တွင် ကူးစက်ရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ

    ဇန်နဝါရီ ၄၊ ၂၀၁၉
    M-Media

    -တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ အဆုပ်ရောင်ရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေပြီး ဘာရောဂါဖြစ်တယ်၊ ဘာ့ကြောင့် ကူးစက်နေတယ်ဆိုတာကို စုံစမ်းနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    ရောဂါဖြစ်ပွားမှုအရေအတွက်ဟာ ရက်ပိုင်းအတွင်း ၄၄ ခုအထိ ရှိလာခဲ့ပြီး SARS ရောဂါဖြစ်တယ်လို့ ကောလဟာလတွေလည်း ထွက်ပေါ်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတရုတ်အစိုးရနဲ့ ဆက်သွယ်ကာ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

    WHO ပြောရေးဆိုခွင့်ရှိသူ တာရစ်ဂျာဆာရီဗစ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ရောဂါဖြစ်ပွားရတဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်း၊ SARS ရောဂါလို လက္ခဏာမျိုးတွေကိုလည်း တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    ဝူဟန်မြို့အာဏာပိုင်တွေ ကူးစက်နေတဲ့ရောဂါဟာ တုပ်ကွေးလို သာမန် ကူးစက်ရောဂါလိုမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ ကူးစက်သူ ၄၄ ဦးမှာ ၁၁ ဦးက စိုးရိမ်ရတဲ့ အနေအထား ရှိနေပြီး သူတို့နဲ့ ဆက်နွယ်ပတ်သက်တဲ့ ၁၂၁ ဦးကိုလည်း တရုတ်အာဏာပိုင်တွေက စောင့်ကြည့်နေပါတယ်။

    ကူးစက်သူတစ်ချို့ဟာ ပင်လယ်စာစျေးက စျေးသည်တွေဖြစ်‌ပြီး အဲဒီစျေးကိုလည်း အာဏာပိုင်တွေက ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ လူလူချင်းကူးစက်မှုမျိုး မတွေ့ရသေးဘူးလို့လည်း ကျန်းမာရေး တာဝန်ရှိသူတွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဝူဟန်ကနေ တိုက်ရိုက်လာရောက်တဲ့‌ ခရီးသည်တွေကို လေဆိပ်မှာ စစ်ဆေးသွားမယ်လို့ စင်ကာပူက ထုတ်ပြန်ထားပြီး ဟောင်ကောင်မှာတော့ ဝူဟန်ကနေ မကြာသေးခင်က ပြန်လာတဲ့ လူ ၂ ဦးကို ဆေးရုံတင်ကာ သီးသန့်စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။

    ၂၀၀၃ ခုနှစ် SARS ရောဂါ ကူးစက်စဉ်က တရုတ်ဟာ အစပိုင်းမှာ ဖုံးထားခဲ့ပြီး သေဆုံးမှု၊ ကူးစက်မှု အလွန်အမင်းများလာတဲ့အချိန် နောက်ပိုင်းကျမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • တင်းမာမှုမြင့်လာသည့် အ‌ရှေ့အလယ်ပိုင်းသို့ အမေရိကန်က တပ်များ ထပ်မံစေလွှတ်မည်

    တင်းမာမှုမြင့်လာသည့် အ‌ရှေ့အလယ်ပိုင်းသို့ အမေရိကန်က တပ်များ ထပ်မံစေလွှတ်မည်

    ဇန်နဝါရီ ၄၊ ၂၀၂၀
    M-Media

    -အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်မှု မြင့်တက်လာတဲ့အတွက် အရှေ့အလယ်ပိုင်းဒသကို နောက်ထပ် တပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး စေလွှတ်သွားမယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    အီရတ်က အင်အားတောင့်တင်းတဲ့ ပြည်သူ့စစ်အဖွဲ့ PMF ရဲ့ အခြေစိုက်စခန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ် နှောင်းပိုင်းက အမေရိကန်က တိုက်ခိုက်ခဲ့တာ၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆူလိုင်မာနီကို မနေ့က အီရတ်မှာ လုပ်ကြံသတ်ဖြတ်တာတွေ ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေတာပါ။

    အခုတစ်ပတ်အစောပိုင်းက ဘဂ္ဂဒတ်က အမေရိကန်သံရုံးကို အီရတ်ပြည်သူတွေ စီးနင်းခဲ့တဲ့အတွက် အမေရိကန်ဟာ အခုသီတင်းပတ် အစောပိုင်းကလည်း ကူဝိတ်က အခြေစိုက်စခန်းကို တပ်ဖွဲ့ဝင် ၇၅၀ စေလွှတ်ခဲ့ကာ ထပ်တိုး ၃၀၀၀ နီးပါးကိုလည်း ကူဝိတ်မှာ ချထားမှာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုကြောင့် အီရန်ဖက်က တုန့်ပြန်လက်စားချေလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ရန်ကို တုန့်ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ် မေလကစလို့ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၄၀၀၀ လောက်ကို ထပ်မံစေလွှတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်က လုပ်ကြံခဲ့သည့် အီရန်ဗိုလ်ချုပ် ဆိုလိုင်မာနီဆိုတာ ဘယ်သူလဲ

    အမေရိကန်က လုပ်ကြံခဲ့သည့် အီရန်ဗိုလ်ချုပ် ဆိုလိုင်မာနီဆိုတာ ဘယ်သူလဲ

    ဇန်နဝါရီ ၃၊ ၂၀၂၀
    M-Media

    -အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ကာစင်ဆိုလိုင်မာနီဟာ သောကြာနေ့မနက်ပိုင်းက အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ နိုင်ငံတကာလေဆိပ်မှာ လုပ်ကြံခံလိုက်ရပါတယ်။

    အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က သမ္မတထရမ့်ရဲ့ ညွှန်ကြားမှုနဲ့ ဆိုလိုင်မာနီရဲ့ယာဉ်တန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ အီရန်ကတော့ ဒီတိုက်ခိုက်မှုအတွက် ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆိုလိုင်မာနီဟာ အီရန်နဲ့ အရှေ့အလယ်ပိုင်းတစ်ဝှမ်းမှာ ထင်ရှားတဲ့ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ဆီးရီးယားနဲ့ အီရတ်တို့မှာလည်း ဩဇာလွှမ်းမိုးမှုရှိသူတစ်ဦး ဖြစ်ပါတယ်။ ဒေသတွင်း အီရန်ရဲ့ဩဇာ ဖြန့်ကျက်မှုမှာ အဓိကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့သူပါ။ အမေရိကန်၊ အစ္စရေးနဲ့ ဆော်ဒီတို့လို ဒေသတွင်း ရန်ဘက်နိုင်ငံတွေရဲ့ စောင့်ကြည့်မှုကိုလည်း ခံခဲ့ရပါတယ်။

    လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ဆိုလိုင်မာနီကို လုပ်ကြံဖို့အတွက် အမေရိကန်၊ အစ္စရေးနဲ့ မဟာမိတ် အာရပ်နိုင်ငံတွေက အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်။

    ဆိုလိုင်မာနီဦးဆောင်တဲ့ Quds Force ဟာ အီရန်နိုင်ငံရဲ့ အပြင်ဘက်အထိ ဩဇာသက်ရောက်မှုရှိပြီး ၂၀၁၁ ခုနှစ်က စတင်တဲ့ ဆီးရီးယားပြည်တွင်းမှာ ရှုံးလုဆဲဆဲဖြစ်ခဲ့တဲ့ သမ္မတ ဘာရှာ အလ်-အာဆတ်ကို အရေးသာအောင် ပံ့ပိုးပေးခဲ့သလို၊ အီရတ်နဲ့ ဆီးရီးယားမှာ IS အကြမ်းဖက်အဖွဲ့ အမြတ်ပြတ်အောင်လည်း ကူညီပေးခဲ့ပါတယ်။

    အာဏာရရှိမှု

    Quds Force ကို ဆိုလိုင်မာနီက ၁၉၉၈ ခုနှစ်ကတည်းက ဦးဆောင်ခဲ့တာဖြစ်ပြီး အစပိုင်းက လူမသိ၊ သူမသိနေကာ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့၊ ဆီးရီးယားက အာဆတ်အစိုးရ၊ အီရန်က ရှီအာလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေးခိုင်မာအောင် ဆောင်ရွက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အဓိပတိ အလီခါမေနီ၊ အခြားရှီအာခေါင်းဆောင်တွေနဲ့အတူ ပွဲထွက်လာခဲ့တာကြောင့် ဆိုလိုင်မာနီကို လူသိများလာပါတယ်။ သူ့ရဲ့ Quds Force ကလည်း အင်အား ပိုတောင့်လာကာ ထောက်လှမ်းရေး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ အီရန်နိုင်ငံ အပြင်ဘက်အထိ ‌ဩဇာလွှမ်းမိုးလာနိုင်ပါတယ်။

    ဆိုလိုင်မာနီဟာ အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ကာရ်မန်ပြည်နယ်က ဆင်းရဲတဲ့မိသားစုကနေ ပေါက်ဖွားလာတာဖြစ်ပါတယ်။

    မိသားစုကို ထောက်ပံ့ဖို့အတွက် အသက် ၁၃ နှစ်သားအရွယ်ကတည်းက အလုပ်လုပ်ခဲ့ရပြီး အားလပ်ချိန်တွေမှာ ကိုယ်ကာယလေ့ကျင့်တာ၊ ခါမေနီရဲ့ တရားတွေကို နားထောင်တာတွေ လုပ်ဆောင်ပါတယ်။

    ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော်လှန်ရေးဖြစ်ပွားချိန်မှာ လူငယ်အရွယ် ဆိုလိုင်မာနီဟာ စစ်တပ်ထဲ ဝင်ရောက် အမှုထမ်းခဲ့ပါတယ်။

    အီရန်-အီရတ်စစ်ပွဲမှာ နယ်စပ်တစ်လျှောက် စစ်ဆင်ရေးတွေကို အောင်မြင်စွာ ဦးဆောင်တိုက်ခိုက်နိုင်ခဲ့တာကြောင့် အမျိုးသားသူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

    အီရတ်နှင့် ဆီးရီးယား

    အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ၂၀၀၅ ခုနှစ် အီရတ်အစိုးရသစ်ကို ဖွဲ့တဲ့အခါမှာ ဆိုလိုင်မာနီဟာ သူ့ရဲ့ဩဇာကို အီရတ်နိုင်ငံရေး အဝန်းအ၀ိုင်းထဲအထိ ဖြန့်ကျက်နိုင်ခဲ့ပါတယ်။

    အဲဒီအချိန်အတွင်း အီရတ်က အီရန်ကျောထောက်နောက်ခံပြု ရှီအာပါတီနဲ့ ပြည်သူ့စစ်အဖွဲ့ Badr ဟာ အီရတ်နိုင်ငံရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် စတင်တဲ့အချိန်မှာတော့ အီရတ်က ရှီအာလက်ကိုင်တပ်ဖွဲ့တစ်ချို့ကို ဆိုလိုင်မာနီက ဆီးရီးယားလွှတ်ကာ အာဆတ်အစိုးရကို ကာကွယ်‌ပေးခဲ့ပါတယ်။

    အီရတ်မှာ IS အကြမ်းဖက်အဖွဲ့ကို ချေမှုန်းရာမှာ အီရန်ကျောထောက်နောက်ခံပြု ရှီအာလက်နက်ကိုင်အဖွဲ့ Hashd al-Shaabi က အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ Hashd al-Shaabi လက်အောက်က တပ်ဖွဲ့အချို့ကို ဆိုလိုင်မာနီကိုယ်တိုင် ကွပ်ကဲတာ ဖြစ်ပါတယ်။

    ခြိမ်းခြောက်မှုများ

    ဆိုလိုင်မာနီ သေဆုံးပြီဆိုတဲ့ ကောလဟာလတွေ အရင်က အမြောက်အများ ထွက်ပေါ်ခဲ့ဖူးပါတယ်။

    ၂၀၀၆ ခုနှစ် အီရန်အနောက်မြောက်ပိုင်းမှာ လေယာဉ်တစ်စီးပျက်ကျမှုအတွင်း သူသေဆုံးတယ်လို့ သတင်းထွက်ခဲ့သလို၊ ၂၀၁၂ ခုနှစ် ဒမတ်စကတ်က ဗုံးခွဲမှုမှာလည်း ဆိုလိုင်မာနီတစ်ယောက် လက်မတင်လေး လွတ်မြောက်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က တိုက်ပွဲမှာ ဆိုလိုင်မာနီ အသတ်ခံရတယ်လို့ ကောလဟာလ ထွက်လာဖူးပါတယ်။

    ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ Quds Force အခြေစိုက်စခန်းတွေဟာလည်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ဆီးရီးယားမှာရှိတဲ့ အခြေစိုက်စခန်းကို အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ ဆိုလိုင်မာနီကို ပစ်မှတ်ထား လုပ်ကြံဖို့အတွက်ဖြစ်ပြီး မအောင်မြင်ခဲ့ပါဘူး။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အစ္စရေးနဲ့ အာရပ်အုပ်စုတွေရဲ့ ဆိုလိုင်မာနီကို လုပ်ကြံမယ့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အီရန်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    ဆိုလိုင်မာနီကို အာဇာနည်အဖြစ် အီရန်ခေါင်းဆောင်တွေက သမုတ်ခဲ့ပြီး နိုင်ငံတော် ဝမ်းနည်ဖွယ်နေ့ကိုလည်း ၃ ရက်တာ သတ်မှတ်ခဲ့ပါတယ်။ ဆိုလိုင်မာနီ လုပ်ကြံခံရမှုကြောင့် အီရန်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေး ပိုမိုဆိုးဝါးကာ အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref : Aljazeera