News @ M-Media

Blog

  • ဆေးရုံအတွင်းမှ လူများကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ အစ္စရေး

    ဆေးရုံအတွင်းမှ လူများကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ အစ္စရေး

    ဖေဖော်၀ါရီ ၉၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အစ္စရေးက အကြမ်းဖက်သတ်ဖြတ်ထားသည့် ပါလက်စတိုင်းတို့၏ အလောင်းများ) 

    -ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်ယူနစ်မြို့က Nasser ဆေးရုံကို အစ္စရေးတပ်တွေက ၀န်းရံ တိုက်ခိုက်နေပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၇ ဦး အသတ်ခံထားရတယ်လို့ သိရပါတယ်။ 

    အစ္စရေးစနိုက်ပါတွေဟာ ဆေးရုံအတွင်း လှုပ်ရှားမှုမှန်သမျှကို ပစ်ခတ်သတ်ဖြတ်နေတာဖြစ်ပါတယ်။ 

    ဆက်သွယ်ရေး ဖြတ်တောက်ခံထားရတဲ့အတွက် ဆေးရုံ အမိုးပေါ်တက်ပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်း ရှာဖွေတဲ့ ပါလက်စတိုင်း ပြည်သူတွေကိုလည်း အစ္စရေးက ဒရုန်းတွေနဲ့ တိုက်ခိုက်သတ်ဖြတ်ပါတယ်။ 

    အစ္စရေးဟာ ဂါဇာက ဆေးရုံမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးနေပြီး နိုင်ငံတကာဥပဒေအရ စစ်ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ကတည်းက ဂါဇာမှာ စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၂၈၀၀၀ နီးပါး ရှိလာပါပြီ။ 

    Ref: Aljazeera

  • ပါလက်စတိုင်း စာနယ်ဇင်းကဏ္ဍ သင်းသတ်ခံလိုက်ရပြီ

    ပါလက်စတိုင်း စာနယ်ဇင်းကဏ္ဍ သင်းသတ်ခံလိုက်ရပြီ

    ဖေဖော်၀ါရီ ၈၊ ၂၀၂၄

    M-Media 

    (ဓာတ်ပုံ – ပါလက်စတိုင်း ဂျာနယ်လစ်တစ်ဦး၏ စျာပန)

    -အစ္စရေးက ဂါဇာမှာ ဂျာနယ်လစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေမှုဟာ စက်ဆုပ်ဖွယ်ရာကောင်းတယ်လို့ နယ်စည်းမခြား ဂျာနယ်လစ်များအဖွဲ့ RSF က ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့က ဂါဇာမှာ စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း ဂျာနယ်လစ် ၈၄ ယောက်ကျော် သတ်ဖြတ်ခံထားရပြီး အဲဒီအထဲက ၂၀ ဟာ တာ၀န်ထမ်းဆောင်နေတဲ့အချိန် အသတ်ခံလိုက်ရတာလို့ RSF က ပြောပါတယ်။ 

    အစ္စရေးဟာ ပါလက်စတိုင်း စာနယ်ဇင်းကဏ္ဍကို အမြစ်ဖြတ် သင်းသတ်နေတာလို့လည်း RSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ပါလက်စတိုင်း ကျန်းမာရေးဌာန သတင်းရင်းမြစ်တွေအရ ဂါဇာမှာ ပြီးခဲ့တဲ့ ၄ လအတွင်း အသတ်ခံရတဲ့ ဂျာနယ်လစ်ဟာ အရေအတွက်ဟာ အနည်းဆုံး ၁၂၃ ဦး ရှိပါပြီ။ 

    အစ္စရေးရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ကို ၂ ကြိမ်တိုင်တိုင် တိုင်ကြားထားပြီး၊ ကမ္ဘာ့နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီလုပ်ရပ်တွေ ရပ်တန့်ဖို့ တိုက်တွန်းနေတဲ့အချိန် မိမိတို့ကလည်း ဂျာနာလစ်တွေကို ကာကွယ်ရေး ၂၀၁၅ ခုနှစ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၂၂၂ ကို ချက်ခြင်း အကောင်အထည်ဖော်ဖို့ ကုလ လုံခြုံရေးကောင်စီကို တိုက်တွန်းကြောင်း RSF က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

     Ref: Aljazeera

  • ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန်လူသတ်ပွဲ သေဆုံးသူ ၂၈၀၀၀ နီးပါးရှိလာ

    ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန်လူသတ်ပွဲ သေဆုံးသူ ၂၈၀၀၀ နီးပါးရှိလာ

    ဖေဖော်၀ါရီ ၈၊ ၂၀၂၄

    M-Media 


    -အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲကြောင့် ဂါဇာမှာ သေဆုံးသူအရေအတွက်ဟာ ၂၇၈၄၀ ဦး ရှိလာပြီလို့ သိရပါတယ်။ 

    ဒဏ်ရာရသူအရေအတွက် ၆၇၃၁၇ ဦး ရှိနေပြီး၊ အပျက်အဆီးတွေအောက် ပိတ်မိပျောက်ဆုံးနေသူက ၁ သောင်းနီးပါး ရှိလာပါပြီ။ 

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာမှာ အစ္စရေးက လူပေါင်း ၁၃၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရသူ ၁၇၀ ဦး ရှိခဲ့ပါတယ်။ 

    ဂါဇာမှာ အသတ်ခံရသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံတွေအပါအ၀င် ဂါဇာက အဆောက်အဦး ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera 

  • ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရန် မလေး၀န်ကြီးချုပ်ဟောင်း ကြိုးပမ်းမည်

    ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရန် မလေး၀န်ကြီးချုပ်ဟောင်း ကြိုးပမ်းမည်

    ဖေဖော်၀ါရီ ၇၊ ၂၀၂၄

    M-Media


    -ခြစားမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ မလေးရှား၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရေး အယူခံထပ်တင်ဖို့ စီစဥ်နေပါတယ်။ 

    မလေးရှားဘုရင် ဦးဆောင်တဲ့ အယူခံဘုတ်အဖွဲ့က နာဂျစ်ရဲ့ ထောင်ဒဏ် ၁၂ နှစ်ကို ၆ နှစ်၊ ဒဏ်ငွေ ရင်းဂစ် သန်း ၂၁၀ ကို သန်း ၅၀ အထိ ပြီးခဲ့တဲ့တစ်ပတ်မှာ လျှော့ပေါ့ပေးခဲ့ပါတယ်။ 

    နာဂျစ်ရဲ့ ရှေ့နေ ရှာဖီ အဘ်ဒူလာက မျှတတဲ့ တရားစီရင်ရေး မရခဲ့ဘူးဆိုတဲ့ ထောက်ပြချက်နဲ့ ပြစ်ဒဏ်အားလုံး လျှော့ပေါ့ပေးရေး ဘုရင်ထံ အသနားခံစာ ထပ်တင်ဖို့ စဥ်းစားနေတယ်လို့ ဖေဖော်၀ါရီ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

    နာဂျစ်ဟာ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB က ငွေကြေး ဘီလီယံချီ အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အာဏာလက်လွတ်ချိန်မှာ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ 

    Ref : CNA 

  • မြန်မာစစ်ရှောင်များအတွက် ဘေးကင်းဇုန်တစ်ခုကို ထိုင်းနိုင်ငံက ဖန်တီးပေးမည်

    မြန်မာစစ်ရှောင်များအတွက် ဘေးကင်းဇုန်တစ်ခုကို ထိုင်းနိုင်ငံက ဖန်တီးပေးမည်

    ဖေဖော်၀ါရီ ၇၊ ၂၀၂၄
    M-Media 

    (ဓာတ်ပုံ – မြန်မာနိုင်ငံမှ ထွက်ပြေးလာရသည့် စစ်ရှောင်များ)

    -မြန်မာနိုင်ငံကနေ ထွက်ပြေးလာရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးကင်းဇုန်တစ်ခု ဖန်တီးပေးဖို့ ထိုင်းနိုင်ငံက စီစဥ်နေပါတယ်။ 

    မဲဆောက်-မြ၀တီ နယ်စပ်မှာ အခုလနှောင်းပိုင်းက စတင်ပြီး ဆောင်ရွက်သွားမှာပါ။ 

    နယ်စပ်မှာရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ စစ်ရှောင်ဦးရေ ၂ သောင်းလောက်ကို အစားအစာနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေပေးအပ်ဖို့လည်း ရည်ရွယ်ပါတယ်။ 

    အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် လူအန် ပရာဘန်တို့ရဲ့ အကြံပြုချက်နဲ့ အခု ဘေးကင်းဇုန်ကို ဖော်ဆောင်မှာဖြစ်ပါတယ်။ 

    အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီရဲ့ ဦးစီးမှုနဲ့အတူ ထိုင်း၊ မြန်မာ ကြက်ခြေနီအဖွဲ့တွေက အကူအညီတွေ ပေးအပ်မှာပါ။ 

    ဘေးကင်းဇုန်ရဲ့ ရည်ရွယ်ချက်ထဲမှာ အကူအညီတွေ ထောက်ပံ့ပေးမှုအပြင်၊ နောက်ပိုင်း ပဋိပက္ခအတွင်း ပါ၀င်ပတ်သက်သူတွေအကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့အထိ ပါ၀င်ပါတယ်။ 

     Ref : The Star